မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၃

ကိုယ်ရထားတဲ့ အခွင့်ထူးတွေနဲ့ ပျော်ရွှင်နေပါ

ကိုယ်ရထားတဲ့ အခွင့်ထူးတွေနဲ့ ပျော်ရွှင်နေပါ

“မရ​နိုင်​တဲ့​အရာ​ကို လိုချင်​နေတာ​ထက်​စာ​ရင် မြင်​နေရ​တဲ့​အရာ​ကို ခံစား​ကျေနပ်​နေတာ ပို​ကောင်းတယ်။”—ဒေ. ၆:၉

သီချင်း ၁၁၁ တို့​ဝမ်းမြောက်​ရတဲ့ အကြောင်း​များ

အကြို​သုံးသပ်ချက် *

၁။ ညီအစ်ကို/မများ​စွာ​ဟာ ယေဟောဝါ​ရဲ့ အမှုတော်မှာ ဘယ်လို တိုးချဲ့​ပါဝင်​နေကြ​သလဲ။

 ဒီ​လောက​စနစ် အဆုံးနီးလာ​လေ ကျွန်တော်​တို့​မှာ လုပ်စရာတွေ ပို​များ​လာ​လေ​ပဲ။ (မ. ၂၄:၁၄။ လု. ၁၀:၂။ ၁ ပေ. ၅:၂) ကျွန်တော်​တို့အားလုံး အမှုတော်မှာ အပြည့်အဝ ပါဝင်​ချင်​ကြတယ်။ အတော်များများ​က အမှုဆောင်​လုပ်ငန်း တိုးချဲ့​နေကြ​တယ်။ တချို့က ရှေ့ဆောင်​လုပ်ချင်ကြတယ်။ တချို့က ဗေသလမှာ၊ ဆောက်လုပ်ရေး လုပ်ငန်းမှာ အမှုဆောင်​ချင်​ကြတယ်။ ညီအစ်ကို​တွေ​က အသင်းတော်​အမှုထမ်း၊ အကြီးအကဲ​တွေ​အဖြစ် အရည်အချင်း ပြည့်မီ​ဖို့ ပန်းတိုင်​ထား​ကြတယ်။ (၁ တိ. ၃:၁၊ ၈) အမှုဆောင်ဖို့ တလိုတလား​စိတ် တင်ပြ​တာ​ကို မြင်တဲ့အခါ ယေဟောဝါ သိပ်​နှစ်သက်မှာ​ပဲ။—ဆာ. ၁၁၀:၃။ ဟေရှာ. ၆:၈

၂။ ဘုရား​အမှုတော်မှာ ကျွန်တော်​တို့ မျှော်မှန်း​ထား​တဲ့ ပန်းတိုင်​တချို့ မပြည့်မီ​နိုင်​တဲ့​အခါ ဘယ်လို ခံစား​မိ​နိုင်​သလဲ။

အချိန်​ကြာ​လာပေမဲ့ ဘုရား​အမှုတော်မှာ ကျွန်တော်​တို့ မျှော်မှန်း​ထား​တဲ့ ပန်းတိုင်​တချို့​ကို မပြည့်မီ​နိုင်​လို့ ဒါမှ​မဟုတ် အသက်အရွယ်၊ အခြေအနေ​ကြောင့် တချို့​အခွင့်ထူး​တွေ မရလို့ စိတ်ဓာတ်ကျ​နိုင်တယ်။ (ပညာ. ၁၃:၁၂) ညီအစ်မ မ​လစ်​ဆာ * အဲဒီလို ကြုံ​ခဲ့တယ်။ ဗေသလမှာ အမှုဆောင်ဖို့၊ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်​ဖို့ ဆန္ဒရှိ​ပေမဲ့ “ကျွန်မ အသက်ကြီး​သွားပြီ။ အဲဒီ​အခွင့်ထူး​တွေ​က အခုတော့ အိပ်မက်​ပါ​ပဲ။ တစ်ခါ​တ​လေ​တော့ စိတ်ဓာတ်ကျ​မိတယ်” လို့ ပြော​တယ်။

၃။ အခွင့်ထူး​တွေ​အတွက် အရည်အချင်း ပြည့်မီ​ဖို့ တချို့ ဘာလုပ်ဖို့ လိုသလဲ။

ကျန်းမာ​ရေး ကောင်း​တဲ့ လူငယ်​တချို့ဟာ ထပ်ဆင့် အခွင့်ထူး​တွေ​အတွက် အရည်အချင်း ပြည့်မီ​အောင် ရင့်ကျက်မှု ရှိဖို့၊ သတ်သတ်မှတ်မှတ် အရည်အသွေး​တချို့ ရှိဖို့ လို​နိုင်တယ်။ ဥပမာ၊ တော်တယ်၊ မြန်​တယ်၊ စိတ်​ထက်သန်​တယ်။ ဒါပေမဲ့ စိတ်ရှည်​ဖို့၊ စေ့စပ်​သေချာ​ဖို့၊ တခြား​သူတွေကို လေးစား​တတ်​ဖို့ လို​နေ​နိုင်တယ်။ ကိုယ်​လိုအပ်​နေတဲ့ အရည်အသွေးတွေ ပြည့်မီ​ဖို့ ကြိုးစား​မယ်​ဆိုရင် မျှော်လင့်​ထား​တဲ့ အခွင့်ထူး​တွေ ရ​လာမယ်။ နစ်​ခ်​အကြောင်း သုံးသပ်ကြည့်​ပါ။ အသက် ၂၀ အရွယ်မှာ အသင်းတော် အမှုထမ်း​အဖြစ် ခန့်အပ်မခံရ​လို့ စိတ်ဓာတ်ကျ​မိတယ်။ “တစ်ခုခု မှား​နေတယ်လို့ ခံစား​မိတယ်” ဆိုပြီး ပြော​တယ်။ ဒါပေမဲ့ လက်မလျှော့​ဘူး။ လုပ်နိုင်တာ​ကို အတတ်နိုင်ဆုံး ဆက်​လုပ်တယ်။ အခု ဌာနခွဲ ကော်မတီဝင် ဖြစ်​နေပြီ။

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ယေဟောဝါ​ရဲ့ အမှုတော်မှာ မျှော်မှန်း​ထား​တဲ့ ပန်းတိုင်​တစ်ခု​ကို မပြည့်မီ​နိုင်​လို့ သင် စိတ်ဓာတ်ကျ​နေ​သလား။ အဲဒီလို ဖြစ်နေရင် ကိုယ့်​ခံစားချက်​တွေ​ကို ယေဟောဝါ​ဆီ ဖွင့်ပြော​ပြ​ပါ။ (ဆာ. ၃၇:၅-၇) တိုးတက်​ရမယ့် ကဏ္ဍ​တွေ​ကို သိဖို့ ရင့်ကျက်တဲ့ ညီအစ်ကို​တွေ​ဆီ အကြံဉာဏ်​ တောင်း​ပြီး ကြိုးစားလိုက်လျှောက်ပါ။ ဒါဆိုရင် ပန်းတိုင် ရောက်​နိုင်​ပါ​လိမ့်မယ်။ ဒါပေမဲ့ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ မ​လစ်ဆာ​လို​ပဲ ကိုယ့်ရဲ့ ဆန္ဒ​က ဒီ​စနစ်​မှာ မပြည့်​နိုင်​တော့​ဘူး ဆိုရင်ကော။ ပျော်ရွှင်မှု​ကို ဘယ်လို ဆက်​ထိန်း​မလဲ။ ဒီ​ဆောင်းပါး​မှာ (၁) ပျော်ရွှင်မှု ဘယ်​ကနေ ရမလဲ၊ (၂) ပျော်ရွှင်မှု တိုးများ​အောင် ဘယ်လို လုပ်မလဲ၊ (၃) ပျော်ရွှင်မှု တိုးများ​အောင် ဘယ်လို ပန်းတိုင်​တွေ ချမှတ်​နိုင်​သလဲ ဆိုတာ ဆွေးနွေးပါ​မယ်။

ပျော်ရွှင်မှု ဘယ်​ကနေ ရမလဲ

၅။ ပျော်ရွှင်မှု ရဖို့ ဘာကို အာရုံစိုက်​သင့်သလဲ။ (ဒေသနာ ၆:၉)

ပျော်ရွှင်​နိုင်​ဖို့ ဘာက ကူညီ​ပေး​ကြောင်း ဒေသနာ ၆:၉ မှာ ဖော်ပြ​တယ်။ (ဖတ်ပါ။) “မြင်​နေရ​တဲ့​အရာ​ကို” ခံစား​ကျေနပ်​နေ​သူဟာ ကိုယ့်​လက်ရှိ အခြေအနေ​လို​မျိုး ကိုယ့်​မှာ ရှိ​ထား​တာ​ကို တန်ဖိုး​ထား​တယ်။ ဒါပေမဲ့ “မရ​နိုင်​တဲ့​အရာ​ကို လိုချင်” နေ​သူကတော့ ဘယ်တော့​မှ ကျေနပ်မှု ရမှာ မဟုတ်ဘူး။ သင်ခန်းစာ​က ပျော်ရွှင်မှု ရနိုင်ဖို့ ကိုယ့်​မှာ ရှိ​ထား​တာ၊ ဖြစ်​နိုင်​ခြေ ရှိတာတွေကို​ပဲ အာရုံစိုက်​သင့်တယ်။

၆။ ဘယ်​ပုံ​ဥပမာ​ကို သုံးသပ်ကြ​မလဲ။ ဘယ်​အချက်​ကို အာရုံစိုက်​ကြ​မလဲ။

ကိုယ့်​မှာ ရှိတာ​တွေ​နဲ့ တကယ် ပျော်ရွှင်​ကျေနပ်​နေဖို့ ဖြစ်​နိုင်​ပါ့​မလား။ လူအများစုက မဖြစ်​နိုင်ဘူး​လို့ ထင်​ကြတယ်။ ဘာကြောင့်လဲ​ဆိုတော့ လူတွေက အသစ်အဆန်း​တွေ​ကို ကြိုက်​တတ်ကြ​လို့​ပဲ။ ဒါပေမဲ့ ကိုယ့်​မှာ ရှိ​ထား​တာ​နဲ့ တကယ် ပျော်ရွှင်​ဖို့ ဖြစ်​နိုင်​ပါ​တယ်။ ဘယ်လို​နည်းနဲ့လဲ။ အဖြေ​သိနိုင်ဖို့ မဿဲ ၂၅:၁၄-၃၀ မှာ ပါတဲ့ ယေရှုရဲ့ တဲလင့် ပုံ​ဥပမာ​ကို သုံးသပ်ကြည့်​ရအောင်။ ပျော်ရွှင်မှု ဘယ်​ကနေ ရမလဲ၊ လောလောဆယ် ရှိ​ထား​တဲ့ အခြေအနေ​မှာ ပျော်ရွှင်မှု တိုးများ​အောင် ဘယ်လို လုပ်မလဲ​ဆိုတာ အာရုံစိုက်ပါမယ်။

ပျော်ရွှင်မှု တိုးများ​အောင် ဘယ်လို လုပ်မလဲ

၇။ ယေရှုရဲ့ တဲ​လင့် ပုံ​ဥပမာ​ကို အကျဉ်းချုပ် ပြောပြ​ပါ။

ပုံ​ဥပမာ​မှာ လူတစ်ယောက်ဟာ ခရီး​ဝေး သွားရမယ်။ မသွား​ခင် သူ့​ကျွန်​တွေ​ကို လုပ်ငန်း လုပ်ဖို့ တဲ​လင့်​တွေ ပေးတယ်။ * သူတို့​တစ်ယောက်စီ​ရဲ့ အရည်အချင်းကို ကြည့်​ပြီး ပထမ တစ်ယောက်ကို ငါး​တဲ​လင့်၊ ဒုတိယ တစ်ယောက်ကို နှစ်​တဲ​လင့်၊ တတိယ တစ်ယောက်ကို တစ်​တဲ​လင့် ပေးတယ်။ ပထမ​ကျွန်​နှစ်ယောက်​က အဲဒီ​ငွေ​ကို ပညာရှိရှိ အသုံးပြုတယ်။ တတိယ​ကျွန်​က​တော့ ရထားတဲ့ ငွေနဲ့ ဘာမှ မ​လုပ်​ဘူး။ ဒါ​ကြောင့် သခင်​က သူ့ကို နှင်ထုတ်​လိုက်တယ်။

၈။ ပုံ​ဥပမာ​ထဲ​က ပထမ​ကျွန် ဘာကြောင့် သိပ်​ဝမ်းသာ​သလဲ။

ပထမ​ကျွန်​ဟာ သခင့်​ဆီက ငါး​တဲ​လင့် ရတဲ့​အတွက် သိပ်​ဝမ်းသာ​မှာပဲ။ ဒီလောက်​များတဲ့ ငွေ​ကို ပေး​တာ သခင် သူ့ကို ယုံကြည်လို့​ပဲ။ ဒုတိယ​ကျွန်​ကော။ ပထမ​ကျွန်​လောက် မရလို့ စိတ်ဓာတ်ကျ​နိုင်တယ်။ ဒါပေမဲ့ သူ ဘယ်လို တုံ့ပြန်​သလဲ။

ယေရှုရဲ့ ပုံ​ဥပမာ​မှာ ပါ​တဲ့ ဒုတိယ​ကျွန်​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ (၁) သခင်​ဆီက နှစ်​တဲ​လင့် ရ။ (၂) သခင့်​ငွေ တိုးပွား​အောင် အလုပ်​ကြိုးစား။ (၃) သခင့်​ငွေ နှစ်ဆ တိုးပွား​လာ (စာပိုဒ် ၉-၁၁ ကို ကြည့်ပါ)

၉။ ဒုတိယ​ကျွန်​နဲ့​ပတ်သက်ပြီး ယေရှု ဘာ​မပြောဘူး​လဲ။ (မဿဲ ၂၅:၂၂၊ ၂၃)

မဿဲ ၂၅:၂၂၊ ၂၃ ကို ဖတ်ပါ။ ဒုတိယ​ကျွန်​ဟာ နှစ်တဲ​လင့်​ပဲ ရလို့ စိတ်ဆိုး​တယ်၊ မကျေမနပ် ဖြစ်တယ်လို့ ယေရှု မပြောဘူး။ ‘ဒီလောက်ပဲ ငါ ရ​သလား၊ ငါး​တဲ​လင့် ရတဲ့​သူ​လောက် ငါလည်း အရည်အချင်း ရှိတာပဲ။ ငါ့ကို သခင် တန်ဖိုး​မထား​မှ​တော့ ဒီ​ငွေ​ကို မြှုပ်​ထားပြီး ကိုယ့်​အတွက်ပဲ အလုပ်​လုပ်မယ်’ ဆိုပြီး အ​တွန့်​တက်တယ်​လို့​လည်း ယေရှု မပြောဘူး။

၁၀။ ဒုတိယ​ကျွန်​က ရထားတဲ့ တဲလင့်​ကို ဘာ​လုပ်သလဲ။

၁၀ ဒုတိယ​ကျွန်​ဟာ ပထမ​ကျွန်​လို​ပဲ ရတဲ့ တာဝန်ကို အလေး​အနက် ထားပြီး သခင့်​အလုပ်ကို ကြိုးစားလုပ်တယ်။ ဒါ​ကြောင့် နှစ်​တဲ​လင့် အမြတ်​ရတယ်။ သူ့ရဲ့ ကြိုးစား​အားထုတ်မှု​အတွက် ဆုချ​ခံရ​တယ်။ သခင် ဝမ်းသာ​တဲ့​အပြင် ထပ်ဆင့် တာဝန်​တွေ ပေးတယ်။

၁၁။ ပျော်ရွှင်မှု တိုးများ​အောင် ဘယ်လို လုပ်နိုင်သလဲ။

၁၁ ကျွန်တော်​တို့​လည်း ယေဟောဝါ​ရဲ့ အမှုတော်မှာ ရထားတဲ့ ဘယ်​တာဝန်ကို​မဆို အတတ်နိုင်ဆုံး ကြိုးစား​လုပ်ဆောင်မယ်​ဆိုရင် ပျော်ရွှင်မှု တိုးများ​လာနိုင်​ပါ​တယ်။ ဟောပြောခြင်း လုပ်ငန်း​ကို “အာရုံစိုက်” ပါ။ အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်​ပါ။ (တ. ၁၈:၅။ ဟီ. ၁၀:၂၄၊ ၂၅) အစည်းအဝေးတွေ​အတွက် ကောင်းကောင်း ပြင်ဆင်​ပြီး အားပေးမှု ​ဖြစ်စေ​တဲ့ မှတ်ချက်​တွေ ပေး​ပါ။ ကြား​ရက်​ အစည်းအဝေး​မှာ ရတဲ့ ဘယ်​တာဝန်ကို​မဆို အလေးအနက် သဘောထား​ပါ။ အသင်းတော်မှာ တစ်ခုခု လုပ်ပေးဖို့ တောင်းဆို​ခံရတဲ့​အခါ အချိန် တိကျ​ပါ။ ယုံကြည်​စိတ်ချ​ထိုက်​သူ ဖြစ်ပါ။ ဘယ်​တာဝန်ကို​မဆို ပေါ့ပေါ့တန်တန် သဘော​မထားပါနဲ့။ ပို​ကျွမ်းကျင်​အောင် ကြိုးစား​နေပါ။ (ပညာ. ၂၂:၂၉) ယေဟောဝါ​ရဲ့ လုပ်ငန်းမှာ ဘယ်​တာဝန်​ပဲ​ရ​ရ ကြိုးစား​အားထုတ်​မယ်​ဆိုရင် ပို​တိုးတက်​လာမယ်။ ပျော်ရွှင်မှု တိုးများ​လာမယ်။ (ဂလ. ၆:၄) ကိုယ်​ရ​ချင်​တဲ့ တာဝန်ကို တခြား​သူတွေ ရတဲ့အခါ​မှာလည်း သူတို့​အတွက် ဝမ်းသာ​ပေး​နိုင်​မယ်။—ရော. ၁၂:၁၅။ ဂလ. ၅:၂၆

၁၂။ ပျော်ရွှင်မှု တိုးများ​စေဖို့ မ​လစ်​ဆာ​နဲ့ နစ်​ခ်​ကို ဘာက ကူညီ​ပေး​သလဲ။

၁၂ ဗေသလ ဒါမှ​မဟုတ် သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်​ချင်​တဲ့ မ​လစ်​ဆာ​ကော။ သူ့​ဆန္ဒ​အတိုင်း မဖြစ်​နိုင်​ပေမဲ့ “ရှေ့ဆောင်​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​နိုင်အောင် ကြိုးစား​တယ်။ ဟောပြောခြင်း​လုပ်ငန်း အသွင်အမျိုးမျိုး​မှာလည်း ပါဝင်တယ်။ အဲဒါက ကျွန်မ​ကို ပျော်ရွှင်​စေတယ်” လို့ ပြော​တယ်။ အသင်းတော် အမှုထမ်း ခန့်အပ်​မခံရ​လို့ စိတ်ဓာတ်ကျ​ခဲ့​တဲ့ နစ်ခ်ကော။ “ရထားတဲ့ အခွင့်ထူး​တွေ​ကိုပဲ အာရုံစိုက်​တယ်။ အမှုဆောင်မှာ ပါဝင်တယ်။ အစည်းအဝေးတွေမှာ မှတ်ချက်ကောင်းတွေ ပေးတယ်။ ဗေသလ လျှောက်လွှာ​လည်း တင်​တယ်။ လျှောက်လွှာ​တင်ပြီး နောက်​နှစ်မှာ ဖိတ်ခေါ်​ခံရ​တယ်” လို့ ပြော​တယ်။

၁၃။ ရထားတဲ့ လက်ရှိ တာဝန်ကို အပြည့်အဝ အာရုံစိုက်​မယ်​ဆိုရင် ဘာ​အကျိုး ရမလဲ။ (ဒေသနာ ၂:၂၄)

၁၃ ကိုယ်​ရထားတဲ့ လက်ရှိ တာဝန်ကို အပြည့်အဝ အာရုံစိုက်​မယ်​ဆိုရင် အနာဂတ်​မှာ ကြီး​လေး​တဲ့ တာဝန်​တွေ ရလာ​မလား။ နစ်ခ်လို​ပဲ ရလာ​နိုင်​ပါ​တယ်။ မရ​ရင်တောင် မ​လစ်​ဆာ​လို​ပဲ ကျေနပ်​ပျော်ရွှင်မှု တိုးများ​လာနိုင်​မယ်။ (ဒေသနာ ၂:၂၄ ကို ဖတ်ပါ။) အဲဒီအပြင် ကျွန်တော်​တို့​ရဲ့ ကြိုးစား​အားထုတ်မှုကို သခင် ယေရှု​ခရစ် နှစ်သက်တယ်​ဆို​တဲ့ အသိစိတ်​က ပို​ပျော်ရွှင်​စေပါ​လိမ့်မယ်။

ပျော်ရွှင်မှု တိုးများ​စေ​တဲ့ ပန်းတိုင်​များ

၁၄။ ဘုရားရေးရာ ပန်းတိုင်​တွေ​နဲ့​ပတ်သက်ပြီး ဘယ်​အချက်​ကို သတိရ​သင့်သလဲ။

၁၄ ကိုယ့်​လက်ရှိ တာဝန်ကို​ပဲ အာရုံစိုက်​ရမယ်ဆို​လို့ ယေဟောဝါ​ရဲ့ လုပ်ငန်းမှာ တိုးချဲ့​ပါဝင်​စ​ရာ မလို​တော့​ဘူးလား။ မဟုတ်ပါဘူး။ အမှုဆောင်မှာ တိုးတက်​ဖို့၊ ညီအစ်ကို/မ​တွေ​ကို ကူညီ​ပေးဖို့ စတဲ့ ဘုရားရေးရာ ပန်းတိုင်​တွေ ချမှတ်​သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် အာရုံမစိုက်​ဘဲ တခြား​သူတွေကို ပညာရှိရှိ၊ ကျိုးနွံ​မှု​ရှိ​ရှိ ကူညီ​ပေးဖို့ အာရုံစိုက်​မယ်​ဆိုရင် အဲဒီ​ပန်းတိုင်​တွေ​ကို ပြည့်မီ​နိုင်​ပါ​တယ်။—ပညာ. ၁၁:၂။ တ. ၂၀:၃၅

၁၅။ ဘယ်​ပန်းတိုင်​တွေ​က ပျော်ရွှင်မှု တိုးများ​အောင် ကူညီ​ပေး​နိုင်​သလဲ။

၁၅ ဘယ်​ပန်းတိုင်​တွေ ချမှတ်​နိုင်​သလဲ။ လက်တွေ့ကျ ပန်းတိုင်​တွေ​ကို သိနိုင်ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ (ပညာ. ၁၆:၃။ ယာ. ၁:၅) အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင် လုပ်ဖို့၊ ဗေသလ ဒါမှ​မဟုတ် ဆောက်လုပ်ရေး လုပ်ငန်း​တွေ​မှာ ပါဝင်​ဖို့ စတဲ့ ဒီ​ဆောင်းပါး  ပထမ​အပိုဒ်​မှာ ပါ​တဲ့ ပန်းတိုင်​တွေ ချမှတ်​နိုင်​မလား။ ဒါမှ​မဟုတ် ဘာသာ​စကား​အသစ် သင်​တာ၊ တခြား​ဒေသမှာ သတင်းကောင်း သွား​ဟော​တာ​တွေ လုပ်​နိုင်တယ်။ ယေဟောဝါ​ရဲ့ အလိုတော်​ဆောင်​ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်၊ အခန်း ၁၀ မှာ ပါ​တဲ့ အချက်​တွေ​ကို ပြန်​သုံးသပ်​ပြီး အသင်းတော် အကြီးအကဲ​တွေ​နဲ့ တိုင်ပင်​နိုင်တယ်။ * အဲဒီ​ပန်းတိုင်​တွေ ပြည့်မီ​အောင် ကြိုးစား​မယ်​ဆိုရင် သင့်​တိုးတက်မှု ထင်ရှား​လာမယ်။ ကိုယ်တိုင်​လည်း ပို​ပျော်ရွှင်​လာမယ်။

၁၆။ ပန်းတိုင်​တစ်ခု​က သင့်အတွက် မဖြစ်​နိုင်ဘူး ဆိုရင် ဘာလုပ်​မလဲ။

၁၆ ဆွေးနွေး​ခဲ့​တဲ့ ပန်းတိုင်​တွေ​က သင့်အတွက် မဖြစ်​နိုင်ဘူး ဆိုရင်ကော။ ကိုယ်​လက်လှမ်းမီ​နိုင်​တဲ့ တခြား ပန်းတိုင်​တွေ ဆက်​ချ​နေပါ။ အောက်မှာ ဖော်ပြ​တဲ့ အချက်​တွေ​ကို စဉ်းစား​ကြည့်​ပါ။

သင် လက်လှမ်းမီ​နိုင်​တဲ့ ပန်းတိုင်​တစ်ခုက ဘာလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ) *

၁၇။ ၁ တိမောသေ ၄:၁၃၊ ၁၅ အရ သွန်သင်သူ​ကောင်း ဖြစ်လာ​ဖို့ ညီအစ်ကို​တစ်ယောက် ဘာလုပ်​နိုင်​သလဲ။

၁၇ ၁ တိမောသေ ၄:၁၃၊ ၁၅ ကို ဖတ်ပါ။ သင်ဟာ နှစ်ခြင်း​ခံ​ပြီး​သား ညီအစ်ကို​တစ်ယောက် ဖြစ်​မယ်​ဆိုရင် စကားပြော စွမ်းရည်၊ သွန်သင်ခြင်း စွမ်းရည် တိုးတက်အောင် ကြိုးစား​နိုင်တယ်။ ဘာကြောင့်လဲ။ ဖတ်ရှုခြင်း၊ စကားပြော​ခြင်း၊ သွန်သင်ခြင်း​မှာ တိုးတက်​ဖို့ “အာရုံ​နှစ်​ထား” ရင် နားထောင်​သူတွေကို များစွာ ကူညီ​ပေး​နိုင်တယ်။ ဖတ်ရှုခြင်း​နဲ့ သွန်သင်ခြင်း​မှာ ကြိုးစား​ပါ စာစောင်​မှာ ပါ​တဲ့ စကားပြော အရည်အသွေး တစ်ခုစီ​ကို လေ့လာ​ဖို့၊ ကျင့်သုံး​ဖို့ ပန်းတိုင်​ထား​ပါ။ တစ်ကြိမ်​မှာ အရည်အသွေး တစ်ခု​ကို လေ့လာ​ပါ။ အိမ်မှာ သေသေချာချာ လေ့ကျင့်​ထားပြီး ဟောပြောချက် တာဝန်ကျ​တဲ့​အခါ ကျင့်သုံး​ပါ။ အရန်​သွန်သင်ချက်ပေး​သူ ဒါမှ​မဟုတ် “တရား​စကား​အကြောင်း ပြောဆိုခြင်း၊ သွန်သင်ခြင်း​တွေ​မှာ ကြိုးစား​လုပ်ဆောင်နေ” တဲ့ တခြား​အကြီးအကဲ​တွေ​ဆီ အကြံဉာဏ် တောင်း​ပါ။ * (၁ တိ. ၅:၁၇) သွန်သင်နည်း​စနစ်​ကိုပဲ အာရုံ​မစိုက်ပါနဲ့။ နားထောင်​သူတွေရဲ့ ယုံကြည်ခြင်း တိုးပွား​အောင်၊ သိလာတာတွေကို လက်တွေ့​ကျင့်သုံး​နိုင်အောင် ဘယ်လို ကူညီ​ပေး​ရမလဲ​ ဆိုတာ​ကို​ပါ အာရုံစိုက်ပါ။ အဲဒီလို လုပ်မယ်ဆိုရင် သင်​ကော သူတို့​ပါ ပျော်ရွှင်​ရပါလိမ့်မယ်။

သင် လက်လှမ်းမီ​နိုင်​တဲ့ ပန်းတိုင်​တစ်ခုက ဘာလဲ (စာပိုဒ် ၁၈ ကို ကြည့်ပါ) *

၁၈။ အမှုဆောင်​လုပ်ငန်းမှာ ပန်းတိုင် ပြည့်မီ​ဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၈ ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်​ဖို့ ကျွန်တော်​တို့ အားလုံး တာဝန်​ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀။ ရော. ၁၀:၁၄) ဒီ​အရေးကြီး​လုပ်ငန်းမှာ အရည်အချင်း ပို​တိုးတက်​ချင်​သလား။ သွန်သင်ခြင်း စာစောင်​ကို လေ့လာ​ပါ။ သတ်သတ်မှတ်မှတ် ပန်းတိုင်​ချ​ပြီး လက်တွေ့​ကျင့်​ပါ။ ခရစ်ယာန်​ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင်၊ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ ဗီဒီယိုတွေ​ကနေ လက်တွေ့ကျ အကြံပြုချက်​တွေ ရနိုင်တယ်။ နည်း​အမျိုးမျိုး စမ်း​ကြည့်​ပါ။ ဒီ​အကြံပြုချက်တွေကို လိုက်လျှောက်​မယ်​ဆိုရင် အရည်အချင်း​ရှိတဲ့ ဟောပြော​သွန်သင်သူ ဖြစ်လာ​မယ်။ ပျော်ရွှင်မှု တိုးများ​လာမယ်။—၂ တိ. ၄:၅

သင် လက်လှမ်းမီ​နိုင်​တဲ့ ပန်းတိုင်​တစ်ခုက ဘာလဲ (စာပိုဒ် ၁၉ ကို ကြည့်ပါ) *

၁၉။ ခရစ်ယာန် အရည်အသွေးတွေ ဘယ်လို မွေးမြူ​နိုင်​သလဲ။

၁၉ ကိုယ်​ချမှတ်​နိုင်​တဲ့ အရေးကြီးဆုံး ပန်းတိုင်​က​တော့ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူဖို့​ဆိုတာ မမေ့ပါနဲ့။ (ဂလ. ၅:၂၂၊ ၂၃။ ကော. ၃:၁၂။ ၂ ပေ. ၁:၅-၈) အဲဒီ​ပန်းတိုင်​ကို ဘယ်လို ပြည့်မီ​နိုင်​မလဲ။ ဥပမာ၊ ယုံကြည်ခြင်း ပို​ခိုင်မာ​ချင်​တယ် ဆိုပါစို့။ ယုံကြည်ခြင်း ခိုင်မာ​စေဖို့ လက်တွေ့ကျ အကြံပြုချက်​တွေ​ ပါ​တဲ့ အဖွဲ့အစည်း​ထုတ် စာပေ​တွေ​ကို လေ့လာ​နိုင်တယ်။ အခက်အခဲ အမျိုးမျိုး​ကြား ယုံကြည်ခြင်း တင်ပြ​ခဲ့​တဲ့ ညီအစ်ကို/မ​တွေ​အကြောင်း JW ရုပ်သံ® အစီအစဉ် အပိုင်း​တွေ ကြည့်​နိုင်တယ်။ ပြီး​နောက် လက်တွေ့​ကျင့်သုံး​နိုင်​တဲ့ နည်းတွေကို စဉ်းစား​နိုင်တယ်။

၂၀။ ပျော်ရွှင်မှု တိုးများ​အောင်၊ စိတ်ဓာတ်ကျ​မှု လျော့နည်းအောင် ဘယ်လို လုပ်နိုင်မလဲ။

၂၀ ကျွန်တော်​တို့အားလုံး ယေဟောဝါ​ရဲ့ အမှုတော်မှာ ပို​ပါဝင်​ချင်​ကြ​ပါ​တယ်။ ကမ္ဘာသစ်​ရောက်​မှ အပြည့်အဝ အမှုဆောင်​နိုင်​မယ်။ ဒီ​အတောအတွင်းမှာတော့ ရ​သမျှ အခွင့်အရေး​ကို သုံးပြီး အတတ်နိုင်ဆုံး အမှုဆောင်​နေမယ်​ဆိုရင် ပျော်ရွှင်မှု တိုးများ​လာမယ်။ စိတ်ဓာတ်ကျ​မှု လျော့နည်း​လာမယ်။ အရေးကြီးဆုံး​က​တော့ “ပျော်ရွှင်​တဲ့​ဘုရား” ယေဟောဝါ​ကို ဂုဏ်တင်​ချီးမွမ်း​နိုင်​ပါ​လိမ့်မယ်။ (၁ တိ. ၁:၁၁) ဒါ​ကြောင့် ကိုယ်​ရထားတဲ့ အခွင့်ထူး​တွေ​နဲ့ ပျော်ရွှင်​နေကြပါ​စို့။

သီချင်း ၈၂ ‘အလင်း​ကို လင်း​စေ​ကြ’

^ အပိုဒ်၊ 5 ယေဟောဝါ​ကို ကျွန်တော်​တို့ သိပ်​ချစ်​လို့ အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်​ချင်​ကြတယ်။ ဒါ​ကြောင့် အမှုဆောင် လုပ်ငန်း တိုးချဲ့​ဖို့၊ ထပ်ဆင့်​အခွင့်ထူး​တွေ​အတွက် အရည်အချင်း ပြည့်မီ​ဖို့ ကြိုးစား​ကြတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစား​တဲ့​ကြား ပန်းတိုင်​တချို့ မပြည့်မီ​နိုင်ဘူး ဆိုရင်ကော။ ဘယ်လိုနည်းနဲ့ အမှုတော်မှာ ဆက်အလုပ်များ​ပြီး ရွှင်လန်း​နေနိုင်​မလဲ။ အဖြေကို ယေရှုရဲ့ တဲ​လင့် ပုံ​ဥပမာ​မှာ တွေ့ရ​တယ်။

^ အပိုဒ်၊ 2 အမည်​လွှဲ​များ။

^ အပိုဒ်၊ 7 စကားလုံး ရှင်းလင်းချက်– တစ်​တဲ​လင့်​ဟာ လူတစ်ယောက်ရဲ့ အနှစ် ၂၀ လုပ်အားခ​နဲ့ ညီတယ်။

^ အပိုဒ်၊ 15 အသင်းတော် အမှုထမ်း၊ အကြီးအကဲ​တွေ​အဖြစ် အရည်အချင်း ပြည့်မီ​အောင် ကြိုးစားဖို့ နှစ်ခြင်း​ခံ​ပြီး​သား ညီအစ်ကို​တွေ​ကို အားပေးပါ​တယ်။ သူတို့ ပြည့်မီ​ရမယ့် အရည်အချင်းတွေ​အကြောင်း ယေဟောဝါ​ရဲ့ အလိုတော်​ဆောင်​ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်၊ အခန်း ၅ နဲ့ မှာ ကြည့်​ပါ။

^ အပိုဒ်၊ 17 စကားလုံး ရှင်းလင်းချက်– အရန်​သွန်သင်ချက်ပေး​သူ​ဆိုတာ ဟောပြောချက်​တာဝန် ရတဲ့ ဘယ်​အကြီးအကဲ၊ အမှုထမ်း​ကို​မဆို လိုအပ်​မယ်​ဆိုရင် သီးသန့်​သွန်သင်ချက်​ ပေးဖို့ တာဝန်ရ​ထား​တဲ့ အကြီးအကဲ ဖြစ်တယ်။

^ အပိုဒ်၊ 64 ပုံ​အညွှန်း– သွန်သင်သူ​ကောင်း ဖြစ်ဖို့​ဆို​တဲ့ ပန်းတိုင် ပြည့်မီ​အောင် ညီအစ်ကို​တစ်ယောက် ရှာဖွေ​လေ့လာ​နေ။

^ အပိုဒ်၊ 66 ပုံ​အညွှန်း– အလွတ်သဘော သက်သေခံခြင်း​မှာ ပါဝင်​ဖို့ ပန်းတိုင် ချမှတ်​ပြီး​နောက် ညီအစ်မ​တစ်ယောက် စားပွဲထိုး​ကို လိပ်စာကတ် ပေး​နေ။

^ အပိုဒ်၊ 68 ပုံ​အညွှန်း– ခရစ်ယာန် အရည်အသွေးတွေ ပို​တင်ပြ​ဖို့ ပန်းတိုင် ထား​တဲ့ ညီအစ်မ​တစ်ယောက် နောက်​ညီအစ်မ​ကို လက်ဆောင် ပေး​နေ။