မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၀

ယေဟောဝါဘုရားရဲ့ မိသားစုမှာ ကိုယ့်နေရာကို တန်ဖိုးထားပါ

ယေဟောဝါဘုရားရဲ့ မိသားစုမှာ ကိုယ့်နေရာကို တန်ဖိုးထားပါ

“ကိုယ်တော်​က သူ့ကို ကောင်းကင်တမန်​တွေ​ထက် အနည်းငယ် နိမ့်ကျ​စေတယ်။ သူ့ကို ဘုန်း​အသရေ၊ ခမ်းနား​မြင့်မြတ်မှု​နဲ့ ချီးမြှောက်​တယ်။”—ဆာ. ၈:၅

သီချင်း ၁၂၃ ဘုရား​အစီအစဉ်ကို လက်အောက်ခံခြင်း

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ ဖန်ဆင်း​ထား​ရာတွေကို တွေးတော​တဲ့​အခါ စိတ်ထဲ ဘာ​ပေါ်လာ​သလဲ။

ယေဟောဝါ ဖန်ဆင်း​ထား​တဲ့ စကြဝဠာ​အကြောင်း စဉ်းစား​တဲ့​အခါ ဆာလံဆရာ ဒါဝိဒ်လို ပြော​မိ​နိုင်တယ်– “လက်ရာတော်​ ဖြစ်​တဲ့ ကောင်းကင်​ကို၊ ဖန်ဆင်း​ထား​တဲ့ လ​မင်းနဲ့ ကြယ်စင်​တွေ​ကို မြင်တဲ့အခါ သေမျိုး​ ဖြစ်​တဲ့​လူဟာ ဘာမို့လို့ ကိုယ်တော် အောက်မေ့​နေရ​တာလဲ၊ လူသားဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်​နေရ​တာလဲ​ဆိုပြီး ကျွန်တော် တွေး​မိတယ်။” (ဆာ. ၈:၃၊ ၄) စကြဝဠာ​နဲ့ နှိုင်းယှဉ်​ရင် ကျွန်တော်​တို့​ဟာ အသေးအမွှား​လေး ဖြစ်​ပေမဲ့ ကျွန်တော်​တို့ကို ယေဟောဝါ ဂရုစိုက်​လို့ အံ့ဩ​မိ​နိုင်တယ်။ ဒါပေမဲ့ ပထမ​လူသား အာဒံနဲ့ ဧဝ​ကို ယေဟောဝါ ဂရုစိုက်​ရုံ​သာမက မိသားစုဝင် ဖြစ်ခွင့်​ပါ ပေး​ခဲ့​ကြောင်း သိလာ​ရပါမယ်။

၂။ အာဒံနဲ့ ဧဝ​အတွက် ယေဟောဝါ​ရဲ့ ရည်ရွယ်ချက်​က ဘာလဲ။

အာဒံနဲ့ ဧဝ​ဟာ ယေဟောဝါ​ရဲ့ ဦးဆုံး လူသား သားသမီးတွေ ဖြစ်တယ်။ ယေဟောဝါ​ဟာ သူတို့ရဲ့ မေတ္တာရှင် ဖခင် ဖြစ်တယ်။ သူတို့ကို လုပ်စရာ အလုပ် ပေး​ထား​တယ်။ “သားသမီးတွေ အများကြီး မွေး​ကြ။ ကမ္ဘာ​မြေ​ကို ပြည့်စေ​ပြီး အုပ်ထိန်း​ကြ” လို့ ဘုရား ပြော​တယ်။ (က. ၁:၂၈) သားသမီးတွေ မွေး​ပြီး ကမ္ဘာ့​စံအိမ်ကို သူတို့ ထိန်းသိမ်း​စောင့်ရှောက်​ကြရမယ်။ ယေဟောဝါ​ရဲ့ ရည်ရွယ်ချက်​အတိုင်း နာခံမှု ရှိ​ရှိ ပူးပေါင်း​လုပ်ဆောင်မယ်​ဆိုရင် အာဒံ၊ ဧဝ​နဲ့ သားစဉ်မြေးဆက်​အားလုံး ဘုရား​မိသားစုဝင် ထာဝစဉ် ဖြစ်နေ​ကြ​ပါ​မယ်။

၃။ ယေဟောဝါ​ရဲ့ မိသားစုမှာ အာဒံနဲ့ ဧဝ ဂုဏ်​ရှိတဲ့ နေရာ ရထားတယ်လို့ ဘာကြောင့် ပြော​နိုင်​သလဲ။

အာဒံနဲ့ ဧဝ​ဟာ ယေဟောဝါ​ရဲ့ မိသားစုမှာ ဂုဏ်​ရှိတဲ့ နေရာ ရခဲ့ကြတယ်။ ယေဟောဝါ ဖန်ဆင်း​ထား​တဲ့ လူသားနဲ့​ပတ်သက်ပြီး ဆာလံ ၈:၅ မှာ “ကိုယ်တော်​က သူ့ကို ကောင်းကင်တမန်​တွေ​ထက် အနည်းငယ် နိမ့်ကျ​စေတယ်။ သူ့ကို ဘုန်း​အသရေ၊ ခမ်းနား​မြင့်မြတ်မှု​နဲ့ ချီးမြှောက်​တယ်” လို့ ဒါဝိဒ် ပြော​တယ်။ လူသားတွေဟာ ကောင်းကင်တမန်​တွေ​လောက် တန်ခိုး၊ ဉာဏ်ပညာ၊ စွမ်းရည်​တွေ မရှိပါဘူး။ (ဆာ. ၁၀၃:၂၀) ဒါပေမဲ့ ကောင်းကင်တမန်​တွေ​ထက် “အနည်းငယ်” လောက်​ပဲ “နိမ့်ကျ” တာ​ပါ။ ပထမ​လူသား​မိဘတွေကို ယေဟောဝါ ပေး​ခဲ့​တာ အကောင်းဆုံး ဘဝပါပဲ။

၄။ အာဒံနဲ့ ဧဝ ဘာ​ဖြစ်သွား​သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

 ဝမ်းနည်းစရာကတော့ အာဒံနဲ့ ဧဝ​ဟာ မနာခံမှုကြောင့် ယေဟောဝါ​ရဲ့ မိသားစုဝင် ဖြစ်ခွင့် ဆုံးရှုံး​သွားတယ်။ အဲဒါ​က သားစဉ်မြေးဆက်​တွေ​အတွက် ဆိုးကျိုး​တွေ သက်ရောက်​စေ​ကြောင်း ဒီ​ဆောင်းပါး​မှာ သိလာ​ရပါမယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့ ရည်ရွယ်ချက်ကတော့ မပြောင်းလဲပါဘူး။ နာခံမှု ရှိတဲ့ လူသားတွေကို မိမိ​သားသမီး ထာဝစဉ် ဖြစ်စေချင်​တုန်း​ပဲ။ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို ဂုဏ်တင်​ကြောင်း၊ ဘုရား​ရဲ့ မိသားစုဝင် ဖြစ်ချင်တယ်​ဆိုတာ ကျွန်တော်​တို့ ဘယ်လို ပြ​နိုင်​ကြောင်း၊ ယေဟောဝါ​ရဲ့ မြေကြီး​မိသားစုဝင်​တွေ ထာဝစဉ် ခံစား​ရမယ့် ကောင်းချီး​တွေအကြောင်း ဆွေးနွေး​ကြ​ပါ​မယ်။

လူသားတွေကို ယေဟောဝါ ဂုဏ်တင်​ပုံ

ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်​နည်းတွေနဲ့ ဂုဏ်တင်​သလဲ (စာပိုဒ် ၅-၁၁ ကို ကြည့်ပါ) *

၅။ မိမိ​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ထား​လို့ ဘုရား​ကို ကျွန်တော်​တို့ ဘယ်လို ဂုဏ်တင်​နိုင်​သလဲ။

မိမိ​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ခြင်း​အားဖြင့် ကျွန်တော်​တို့ကို ယေဟောဝါ ဂုဏ်တင်​တယ်။ (က. ၁:၂၆၊ ၂၇) ဘုရား​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ခံရ​တဲ့​အတွက် မေတ္တာ၊ ထောက်ထား​စာနာမှု၊ သစ္စာစောင့်သိမှု၊ ဖြောင့်မတ်မှု စတဲ့ အရည်အသွေးကောင်း​တွေ ကျွန်တော်​တို့ မွေးမြူ​တင်ပြ​နိုင်တယ်။ (ဆာ. ၈၆:၁၅။ ၁၄၅:၁၇) အဲဒီ​အရည်အသွေးတွေ မွေးမြူတာ​က ယေဟောဝါ​ကို ဂုဏ်တင်ရာ၊ ကျေးဇူး​တင်​ကြောင်း ပြ​ရာ ရောက်တယ်။ (၁ ပေ. ၁:၁၄-၁၆) ဘုရား နှစ်သက်တဲ့​ နည်း​အတိုင်း အသက်ရှင်​မယ်​ဆိုရင် ကျွန်တော်​တို့ ပျော်ရွှင်​ကျေနပ်မှု ခံစား​ရမယ်။ ဘုရား​မိသားစုမှာ ဘုရား ​ဖြစ်စေချင်​တဲ့ လူစားမျိုး ဖြစ်လာ​နိုင်​မယ်။

၆။ ကမ္ဘာ​မြေ​ကို ပြင်ဆင်​ချိန်မှာ လူသားတွေကို ယေဟောဝါ ဘယ်လို ဂုဏ်တင်​သလဲ။

ကျွန်တော်​တို့အတွက် အထူး​စံအိမ် ယေဟောဝါ ပြင်ဆင်​ပေးတယ်။ ပထမ​လူသားကို မဖန်ဆင်း​ခင် ကြာမြင့်စွာ​ကတည်းက လူသားတွေ​အတွက် ကမ္ဘာ​မြေ​ကို ယေဟောဝါ ပြင်ဆင်​တယ်။ (ယောဘ ၃၈:၄-၆။ ယေ. ၁၀:၁၂) ကြင်နာ​ရက်ရောတဲ့ ဘုရား ဖြစ်လို့ ကျွန်တော်​တို့ ပျော်မွေ့​ဖို့ အလျှံပယ် ပြင်ဆင်​ပေးတယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅၊ ၂၄) ဖန်ဆင်း​ရာတွေကို ကြည့်​ပြီး “ကောင်းတယ်​ဆိုတာ​ကို ဘုရားသခင် မြင်တယ်။” (က. ၁:၁၀၊ ၁၂၊ ၃၁) ကမ္ဘာ​ပေါ်​က တခြား ဖန်ဆင်း​ရာ​အားလုံး​ကို “အုပ်စိုး” ဖို့ တာဝန်​ပေးခြင်း​အားဖြင့် လူသားတွေကို ဂုဏ်တင်​တယ်။ (ဆာ. ၈:၆) လှပတဲ့ ဖန်ဆင်း​ရာတွေကို စုံလင်​တဲ့ လူသားတွေ ထိန်းသိမ်း​စောင့်ရှောက်​ရင်း ထာဝစဉ် ပျော်ရွှင်​ဖို့ ဘုရား​ ရည်ရွယ်တယ်။ အဲဒီ​အံ့ဖွယ်​ကတိ​အတွက် ယေဟောဝါ​ကို သင် ကျေးဇူး​တင်​သလား။

၇။ လူတွေမှာ လွတ်လပ်​စွာ ရွေးချယ်ခွင့် ရှိကြောင်း ယောရှု ၂၄:၁၅ က ဘယ်လို ဖော်ပြ​သလဲ။

လွတ်လပ်​စွာ ရွေးချယ်ခွင့် ကျွန်တော်​တို့ကို ယေဟောဝါ ပေး​ထား​တယ်။ ဘဝမှာ ဘာလုပ်​မယ်​ဆိုတာ ကိုယ်ပိုင် ရွေးချယ်​နိုင်တယ်။ (ယောရှု ၂၄:၁၅ ကို ဖတ်ပါ။) အဲဒါ လွတ်လပ်​စွာ ရွေးချယ်ခွင့်​ပဲ။ မိမိကို ဝတ်ပြု​ကိုးကွယ်​ဖို့ ကျွန်တော်​တို့ ရွေးချယ်​မယ်​ဆိုရင် ဘုရား ပျော်​တယ်။ (ဆာ. ၈၄:၁၁။ ပညာ. ၂၇:၁၁) လွတ်လပ်​စွာ ရွေးချယ်ခွင့်​ကို သုံးပြီး ကျွန်တော်​တို့ ဆုံးဖြတ်ချက်​ကောင်း​တွေ ချ​နိုင်တယ်။ ယေရှုရဲ့ ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။

၈။ တစ်ကြိမ်​မှာ လွတ်လပ်​စွာ ရွေးချယ်ခွင့်​ကို ယေရှု ဘယ်လို သုံး​သလဲ။

ကိုယ့်​အကျိုး​ထက် တခြား​သူတွေရဲ့ အကျိုးကို ဦးစားထား​ခြင်း​အားဖြင့် ယေရှုရဲ့ ပုံ​နမူနာကို ကျွန်တော်​တို့ တုပ​နိုင်တယ်။ တစ်ကြိမ်​မှာ ယေရှုနဲ့ တမန်တော်​တွေ အလွန် မောပန်း​လို့ အနားယူဖို့ တိတ်ဆိတ်​တဲ့ နေရာကို သွား​ကြတယ်။ ဒါပေမဲ့ လူအုပ် တွေ့​သွား​လို့ မ​နား​လိုက်ရ​ဘူး။ ယေရှု စိတ်​မဆိုးပါဘူး။ သနားစိတ် ယိုဖိတ်​လာပြီး “အများကြီး သွန်သင်​ပေးတယ်။” (မာ. ၆:၃၀-၃၄) တခြား​သူတွေကို ကူညီ​ဖို့ ကိုယ့်​အချိန်နဲ့ ခွန်အား​ကို စွန့်လွှတ်​အနစ်နာခံ​မယ်​ဆိုရင် ကောင်းကင်​ဖခင်​ကို ဂုဏ်တင်ရာ​ရောက်တယ်။ (မ. ၅:၁၄-၁၆) ဘုရား​ရဲ့ မိသားစုဝင် ဖြစ်ချင်​ကြောင်း ဖော်ပြ​ရာ​လည်း ရောက်တယ်။

၉။ မိဘတွေကို ယေဟောဝါ ဘယ်​အထူး​လက်ဆောင် ပေး​ထား​သလဲ။

ယေဟောဝါ​က လူသားတွေကို သားသမီး မွေးဖွား​နိုင်စွမ်း ပေး​ထား​တယ်။ ဘုရား​ကို ချစ်​ပြီး ဝတ်ပြု​လာအောင် သွန်သင်​ပေးဖို့​လည်း တာဝန်​ပေး​ထား​တယ်။ သင်ဟာ မိဘ ဖြစ်​မယ်​ဆိုရင် ဒီ​အထူး​လက်ဆောင်​ကို ကျေးဇူး​တင်​လေးမြတ်​သလား။ ကောင်းကင်တမန်​တွေ​ဟာ ယေဟောဝါ​ရဲ့ ကောင်းချီး များစွာ ရထား​ပေမဲ့ ဒီ​အခွင့်ထူး​တော့ မရဘူး။ ဒါ​ကြောင့် မိဘတွေဟာ ဒီ​အခွင့်ထူး​ကို တန်ဖိုး​ထား​သင့်တယ်။ သားသမီးတွေကို ‘ယေဟောဝါ မိန့်မှာ​တဲ့​အတိုင်း ဆုံးမ​သွန်သင်’ ဖို့ အထူး​တာဝန် ရှိတယ်။ (ဧ. ၆:၄။ တရား. ၆:၅-၇။ ဆာ. ၁၂၇:၃) မိဘတွေကို ကူညီ​ဖို့ ဘုရား​အဖွဲ့အစည်း​က စာပေ၊ ဗီဒီယို၊ တေးဂီတ၊ ဝက်ဘ် ဆောင်းပါး​တွေ စတဲ့ ကျမ်းစာ အခြေပြု ကိရိယာ​များစွာ ပြင်ဆင်​ပေး​ထား​တယ်။ ကောင်းကင်​ဖခင်​ရော သားတော်​ပါ လူငယ်တွေကို ချစ်​မြတ်နိုး​တာ ထင်ရှား​တယ်။ (လု. ၁၈:၁၅-၁၇) ယေဟောဝါ​ကို အားကိုး​ပြီး အဖိုးတန် သားသမီးတွေကို အကောင်းဆုံး ထိန်းကျောင်း​တဲ့ မိဘတွေကို ဘုရား နှစ်သက်တယ်။ အဲဒီလို မိဘတွေဟာ သားသမီးတွေကို ယေဟောဝါ​ရဲ့ မိသားစုဝင် ထာဝစဉ် ဖြစ်ခွင့် ရဖို့ ကူညီ​ပေး​နေကြ​တယ်။

၁၀-၁၁။ ရွေးဖိုး​က​တစ်ဆင့် ယေဟောဝါ ဘာ​စီစဉ်​ပေး​သလဲ။

၁၀ ကျွန်တော်​တို့ ဘုရား​ရဲ့ မိသားစုဝင် ပြန်​ဖြစ်​နိုင်​ဖို့ အဖိုးတန်​ သားတော်ကို ယေဟောဝါ ပေးဆက်​ခဲ့တယ်။  စာပိုဒ် ၄ မှာ သိခဲ့ရတဲ့​အတိုင်း အာဒံနဲ့ ဧဝ​ရဲ့ မနာခံမှုကြောင့် သူတို့​ကိုယ်တိုင် သာမက သားသမီးတွေပါ ယေဟောဝါ​ရဲ့ မိသားစုဝင် ဖြစ်ခွင့် ဆုံးရှုံး​ခဲ့တယ်။ (ရော. ၅:၁၂) အာဒံနဲ့ ဧဝ တကယ် ဆုံးရှုံး​ထိုက်​ပါ​တယ်။ ဒါပေမဲ့ သားစဉ်မြေးဆက်​တွေ​ကော။ သူတို့​ထဲ​က နာခံမှု ရှိသူတွေကို မိသားစုဝင်​အဖြစ် မွေးစား​နိုင်​ဖို့ တစ်ဦးတည်း​သော​သား ယေရှုခရစ်ရဲ့ ရွေးဖိုး​ ပူဇော်သက္ကာ​ကို ယေဟောဝါ မေတ္တာပါပါ စီစဉ်​ပေးတယ်။ (ယော. ၃:၁၆။ ရော. ၅:၁၉) သစ္စာရှိ လူသား ၁၄၄,၀၀၀ ဟာ ယေရှုရဲ့ ပူဇော်သက္ကာ​ကြောင့် ဘုရားသခင့် သားတွေ​အဖြစ် မွေးစား​ခံရ​တယ်။—ရော. ၈:၁၅-၁၇။ ဗျာ. ၁၄:၁

၁၁ ဘုရား​အလိုတော်ကို နာခံမှု​ရှိ​ရှိ ထမ်းဆောင်​နေတဲ့ တခြား​သစ္စာ​ရှိသူ သန်းပေါင်း​များစွာ​ဟာ အနှစ်​တစ်ထောင် အဆုံး နောက်ဆုံး​စမ်းသပ်မှု ပြီး​နောက်​မှာ အပြည့်ဝ​ဆုံး​သဘော​နဲ့ ဘုရား​ရဲ့ မိသားစုဝင် ဖြစ်ခွင့် ရပါမယ်။ (ဆာ. ၂၅:၁၄။ ရော. ၈:၂၀၊ ၂၁) ဒါ​ကြောင့် အခု​ကတည်းက ဖန်ဆင်း​ရှင် ယေဟောဝါ​ကို “အဖ” လို့ ခေါ်​ခွင့် ရထားတယ်။ (မ. ၆:၉) ရှင်ပြန်ထမြောက်​လာ​သူတွေလည်း ယေဟောဝါ​ရဲ့ တောင်းဆိုချက်​တွေ​ကို သင်ယူ​ခွင့် ရမယ်။ နာခံ​ဖို့ ရွေးချယ်​မယ်​ဆိုရင် ဘုရား​မိသားစုဝင် ဖြစ်ခွင့် ရမယ်။

၁၂။ ဘယ်​မေးခွန်း​ကို အခု ဆွေးနွေး​ကြ​မလဲ။

၁၂ လူသားတွေကို ယေဟောဝါ နည်းလမ်း​များစွာ​နဲ့ အစပြု ဂုဏ်တင်​မှန်း သိခဲ့ရပြီ။ ဘိသိက်ခံ​တွေ​ကို သားတွေ​အဖြစ် မွေးစား​ထားပြီ။ “လူအုပ်ကြီး” အဖွဲ့ဝင်​တွေ​ဟာ ကမ္ဘာသစ်​မှာ အပြည့်ဝ​ဆုံး​သဘော​နဲ့ ဘုရား​သားသမီး ဖြစ်ခွင့် ရမယ်။ (ဗျာ. ၇:၉) ဘုရား​မိသားစုဝင် ထာဝစဉ် ဖြစ်ချင်​ကြောင်း ပြဖို့ ကျွန်တော်​တို့ အခု ဘာလုပ်ရမလဲ။

ယေဟောဝါ​ရဲ့ မိသားစုဝင် ဖြစ်ချင်​ကြောင်း ပြ​ပါ

၁၃။ ဘုရား​မိသားစုဝင် ဖြစ်ဖို့ ဘာလုပ်ရမလဲ။ (မာကု ၁၂:၃၀)

၁၃ ယေဟောဝါ​ကို စိတ်စွမ်း ရှိသမျှနဲ့ ဝတ်ပြုခြင်း​အားဖြင့် ချစ်​ကြောင်း ပြ​ပါ။ (မာကု ၁၂:၃၀ ကို ဖတ်ပါ။) ဘုရား ပေး​ထား​တဲ့ အရာအားလုံး​ထဲမှာ ဘုရား​ကို ဝတ်ပြုခွင့်​က​တော့ အကြီးမားဆုံး လက်ဆောင်​ပဲ။ “ပညတ်ချက်​တွေ လိုက်နာ” ခြင်း​အားဖြင့် ဘုရား​ကို ချစ်​ကြောင်း ကျွန်တော်​တို့ ပြ​ကြတယ်။ (၁ ယော. ၅:၃) တခြား​သူတွေကို တပည့် ဖြစ်​လာအောင် သွန်သင်​ပြီး နှစ်ခြင်း​ပေး​ပါ​ဆို​တဲ့ ယေရှုရဲ့ ပညတ်​ကို ယေဟောဝါ လိုက်နာ​စေချင်တယ်။ (မ. ၂၈:၁၉) အချင်းချင်း ချစ်​ဖို့​လည်း ယေရှု မိန့်မှာ​ထား​တယ်။ (ယော. ၁၃:၃၅) နာခံမှု ရှိသူတွေကို ကမ္ဘာချီ မိသားစုဝင် ဖြစ်ခွင့် ယေဟောဝါ ပေး​မယ်။—ဆာ. ၁၅:၁၊ ၂

၁၄။ တခြား​သူတွေကို ဘယ်လို မေတ္တာ ပြ​နိုင်​သလဲ။ (မဿဲ ၉:၃၆-၃၈။ ရောမ ၁၂:၁၀)

၁၄ တခြား​သူတွေကို မေတ္တာပြ​ပါ။ မေတ္တာဟာ ယေဟောဝါ​ရဲ့ အဓိက အရည်အသွေး ဖြစ်တယ်။ (၁ ယော. ၄:၈) ယေဟောဝါ​အကြောင်း မသိ​ခင်​ကတည်းက ကျွန်တော်​တို့ကို ဘုရား မေတ္တာပြ​ခဲ့တယ်။ (၁ ယော. ၄:၉၊ ၁၀) တခြား​သူတွေကို မေတ္တာပြ​တာ​ဟာ ဘုရား​ကို တုပ​ရာ​ရောက်တယ်။ (ဧ. ၅:၁) သူတို့ကို မေတ္တာပြ​နိုင်​တဲ့ အကောင်းဆုံးနည်း​က​တော့ အချိန်​ရှိနေတုန်း ယေဟောဝါ​အကြောင်း သိလာအောင် ကူညီ​ပေးခြင်း​ပဲ။ (မဿဲ ၉:၃၆-၃၈ ကို ဖတ်ပါ။) ဒီ​နည်း​အားဖြင့် ဘုရား​မိသားစုဝင် ဖြစ်​လာအောင် သူတို့ကို ကူညီ​ပေး​နိုင်တယ်။ နှစ်ခြင်း​ခံ​ပြီး​နောက်​မှာလည်း သူတို့ကို မေတ္တာနဲ့ လေးစားမှု ဆက်​ပြ​ရမယ်။ (၁ ယော. ၄:၂၀၊ ၂၁) အဲဒီ​ထဲမှာ ဘာတွေ ပါဝင်​သလဲ။ တစ်ခု​က​တော့ သူတို့ရဲ့ စိတ်ရင်း​ကို ဘယ်တော့မှ သံသယ မဝင်​ခြင်း​ပါ​ပဲ။ ဥပမာ၊ သူတို့ တစ်ခုခု လုပ်တဲ့​အခါ မကောင်းတဲ့​စိတ်၊ တစ်ကိုယ်ကောင်း​စိတ်​နဲ့ လုပ်တာ​လို့ မစွပ်စွဲ​ပါ​နဲ့။ ကိုယ့်ထက်​ သာတယ်လို့ သဘော​ထားပြီး ဂုဏ်တင်​ပါ။ရောမ ၁၂:၁၀ ကို ဖတ်ပါ။ ဖိ. ၂:၃

၁၅။ ဘယ်သူတွေကို သနား​ကြင်နာ​ရမလဲ။

၁၅ လူအားလုံးကို သနား​ကြင်နာ​ပါ။ ယေဟောဝါ​ကို ဖခင်​လို့ ထာဝစဉ် ခေါ်​ခွင့် ရ​ချင်​ရင် ဘုရား​ရဲ့ တရား​စကား​ကို အသက်တာမှာ လက်တွေ့​ကျင့်​ရမယ်။ ဥပမာ၊ ရန်သူတွေ အပါအဝင် လူအားလုံးကို သနား​ကြင်နာ​ရမယ်​လို့ ယေရှု သင်ပေးတယ်။ (လု. ၆:၃၂-၃၆) အဲဒီလို လုပ်ဖို့ တစ်ခါ​တ​လေ ခက်​နေတယ်​ဆိုရင် ယေရှု​လို စဉ်းစား​ပြုမူ​ဖို့ သင်ယူ​ရမယ်။ ယေဟောဝါ​ကို နာခံ​ဖို့၊ ယေရှုကို တုပ​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​မယ်​ဆိုရင် ဘုရား​မိသားစုဝင် ထာဝစဉ် ဖြစ်ချင်​ကြောင်း ပြ​ရာ​ရောက်တယ်။

၁၆။ ယေဟောဝါ မိသားစုရဲ့ နာမည်​ကောင်း​ကို ဘယ်လို ထိန်းသိမ်း​ကာကွယ်​နိုင်​သလဲ။

၁၆ ယေဟောဝါ မိသားစုရဲ့ နာမည်​ကောင်း​ကို ထိန်းသိမ်း​ကာကွယ်​ပါ။ မိသားစုမှာ အငယ်​တွေ​က အကြီး​တွေ​ကို အတုခိုးလေ့​ရှိတယ်။ အစ်ကို​က ဘဝမှာ ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်​ရင် ညီလေး​အတွက် ပုံသက်သေ​ကောင်း​ပဲ။ အစ်ကို မကောင်းတာ လုပ်ရင်​တော့ ညီလေး​လည်း အဲဒီ​လမ်းစဉ် လိုက်​မိ​နိုင်တယ်။ ယေဟောဝါ​ရဲ့ မိသားစုမှာ​လည်း အဲဒီလိုပဲ။ သစ္စာရှိ​ ခရစ်ယာန်​တစ်ယောက် အယူဖောက်ပြန်​သွားမယ်၊ လိင်​အကျင့် ယိုယွင်း​မယ်​ဆိုရင် တခြား​သူတွေလည်း လိုက်လုပ်​မိ​နိုင်တယ်။ ဒါက ယေဟောဝါ မိသားစုရဲ့ နာမည်​ကောင်း​ကို ထိခိုက်​စေတယ်။ (၁ သက်. ၄:၃-၈) မကောင်းတဲ့ ပုံသက်သေ​ကို ရှောင်ပါ။ ဘာ​အတွက်​နဲ့​မှ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို မထိခိုက်​ပါစေ​နဲ့။

၁၇။ ဘယ်လို အတွေးမျိုးကို ရှောင်သင့်​သလဲ။ ဘာကြောင့်လဲ။

၁၇ ပစ္စည်းဥစ္စာ​ကို မဟုတ်ဘဲ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ။ နိုင်ငံတော်​ကို ဦးစားထား​ပြီး ဖြောင့်မတ်​တဲ့ စံနှုန်း​တွေ​အတိုင်း နေထိုင်မယ်​ဆိုရင် စား​ဝတ်​နေ​ရေး​ကို ထောက်မ​ပေး​မယ်လို့ ယေဟောဝါ ကတိပေး​ထား​တယ်။ (ဆာ. ၅၅:၂၂။ မ. ၆:၃၃) ဒါ​ကြောင့် ဒီ​လောက ကမ်း​လှမ်း​တဲ့ ပစ္စည်းဥစ္စာ​က လုံခြုံမှု၊ တည်မြဲ​တဲ့ ပျော်ရွှင်မှု ပေး​နိုင်တယ်​ဆို​တဲ့ အတွေးမျိုးကို ရှောင်ပါ။ ယေဟောဝါ​ရဲ့ အလိုတော်​ ဆောင်ခြင်း​အားဖြင့်​သာ စစ်မှန်တဲ့ စိတ်​ငြိမ်သက်မှု ရနိုင်မယ်။ (ဖိ. ၄:၆၊ ၇) ပစ္စည်းဥစ္စာ အများကြီး ဝယ်​ဖို့ ငွေကြေး တတ်နိုင်​ရင်တောင် သုံးဖို့၊ ထိန်းသိမ်းဖို့ အချိန်နဲ့ ခွန်အား ရှိပါ့မလား​ဆိုတာ စဉ်းစား​ရမယ်။ ပစ္စည်း​ဥစ္စာတွေကို အစွဲအလမ်း ကြီး​လွန်းနေ​သလား။ မိမိရဲ့ မိသားစုဝင်တွေကို ယေဟောဝါ လုပ်စရာ​ အလုပ်တွေ ပေး​ထား​ကြောင်း သတိရပါ။ ဒါ​ကြောင့် အာရုံ မ​ပျံ့လွင့်​ရ​ဘူး။ မြေကြီး​ဥစ္စာ အနည်းငယ်​ကို စွဲလမ်း​မိ​လို့ ယေဟောဝါ​ကို ဝတ်ပြုခွင့်၊ သား​အဖြစ် မွေးစား​ခံ​ခွင့် ဆုံးရှုံး​သွားတဲ့ လူငယ်​လို မဖြစ်ချင်​ကြ​ပါ​ဘူး။—မာ. ၁၀:၁၇-၂၂

ယေဟောဝါ​ရဲ့ သားသမီးတွေ ထာဝစဉ် ခံစား​ရမယ့် ကောင်းချီး​များ

၁၈။ နာခံမှု ရှိတဲ့ လူသားတွေ ဘယ်​အခွင့်ထူးနဲ့ ကောင်းချီး​တွေ ထာဝစဉ် ခံစား​ရမလဲ။

၁၈ နာခံမှု ရှိတဲ့ လူသားတွေဟာ ယေဟောဝါ​ကို ထာဝစဉ် ချစ်​ပြီး ဝတ်ပြုခွင့် ရမယ်။ အကြီးမားဆုံး အခွင့်ထူးပါပဲ။ ယေဟောဝါ ပြည့်ဝ​စုံလင်စွာ ဖန်ဆင်း​ပေး​ထား​တဲ့ လှပတဲ့ ကမ္ဘာ့​စံအိမ်ကို ထိန်းသိမ်း​စောင့်ရှောက်ခွင့်​လည်း ရကြမယ်။ မကြာခင် နိုင်ငံတော် အုပ်ချုပ်မှု​အောက်မှာ ကမ္ဘာ​မြေ​နဲ့ သက်ရှိ​အားလုံး ပြန်​လှပ​သစ်လွင်​လာမယ်။ ဘုရား​မိသားစုကို အာဒံနဲ့ ဧဝ စွန့်​သွား​လို့ ဖြစ်လာတဲ့ ပြဿနာ​အားလုံး​ကို ယေရှု ဖြေရှင်း​ပေး​မယ်။ လူ​သန်းပေါင်း​များစွာ ရှင်ပြန်ထမြောက်​လာမယ်။ ကမ္ဘာ့​ပရဒိသု ဥယျာဉ်​မှာ ပြည့်ဝ​စုံလင်​တဲ့ ကျန်းမာ​ရေး​နဲ့ ထာဝစဉ် အသက်ရှင်ခွင့် ရကြမယ်။ (လု. ၂၃:၄၂၊ ၄၃) လူတိုင်း တဖြည်းဖြည်း ပြည့်ဝ​စုံလင်​လာတဲ့အခါ ဒါဝိဒ်​ ပြော​တဲ့ “ဘုန်း​အသရေ၊ ခမ်းနား​မြင့်မြတ်မှု” ကို ရကြမယ်။—ဆာ. ၈:၅

၁၉။ ဘယ်​အချက်​ကို အမြဲ အမှတ်ရနေ​သင့်သလဲ။

၁၉ သင်ဟာ “လူအုပ်ကြီး” အဝင် ဖြစ်တယ်​ဆိုရင် အံ့ဖွယ်​ အလားအလာ ရှိပါတယ်။ သင့်ကို ဘုရားသခင် ချစ်တယ်။ မိသားစုဝင် ဖြစ်စေ​ချင်​တယ်။ ဒါ​ကြောင့် ဘုရား​နှစ်သက်မှု ရဖို့ အတတ်နိုင်ဆုံး ကြိုးစား​ပါ။ နေ့တိုင်း ဘုရား​ကတိ​တွေ​ကို စိတ်​စွဲလမ်း​ပြီး အသက်ရှင်ပါ။ ကောင်းကင်​ဖခင်​ကို ဝတ်ပြုခွင့်၊ ထာဝစဉ် ချီးမွမ်း​ခွင့် အလားအလာကို တန်ဖိုး​ထား​မြတ်နိုးပါ။

သီချင်း ၁၀၇ မေတ္တာ​စံနမူနာ

^ အပိုဒ်၊ 5 ပျော်ရွှင်​တဲ့ မိသားစု ဖြစ်ဖို့ မိသားစုဝင်​တိုင်း ကိုယ့်​တာဝန်ကို သိ​ပြီး ပူးပေါင်း​လုပ်ဆောင်ဖို့ လိုတယ်။ ဖခင်​က အိမ်ထောင်​ကို မေတ္တာနဲ့ ဦးစီး​တယ်။ မိခင်​က ဦးစီးမှု​ကို ထောက်မ​ပေးတယ်။ သားသမီးတွေ​က မိဘကို နာခံ​ကြတယ်။ ယေဟောဝါ​ရဲ့ မိသားစု​လည်း အဲဒီလို​ပါ​ပဲ။ ဘုရားသခင်မှာ ကျွန်တော်​တို့အတွက် ရည်ရွယ်ချက် တစ်ခု ရှိတယ်။ ကျွန်တော်တို့​သာ ပူးပေါင်း​လုပ်ဆောင်မယ်​ဆိုရင် ယေဟောဝါ​ရဲ့ မိသားစုဝင် ထာဝစဉ် ဖြစ်​နိုင်​ပါ​တယ်။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– ဘုရား​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ခံရ​လို့ မောင်နှံ​တစ်စုံ​ဟာ အချင်းချင်း​ကို​ရော သားတွေကို​ပါ မေတ္တာ ပြ​နေ။ သူတို့ ယေဟောဝါ​ကို ချစ်​ကြ။ ယေဟောဝါ​ကို ချစ်​ပြီး ဝတ်ပြုဖို့ သားတွေကို သင်ပေးခြင်း​အားဖြင့် သားသမီး မွေးမြူ​ခွင့်​ကို တန်ဖိုး​ထား​ကြောင်း ပြကြ။ ယေရှုကို ရွေးဖိုး​အဖြစ် ယေဟောဝါ ဘာကြောင့် ပေးဆက်​ကြောင်း ဗီဒီယို ပြပြီး ရှင်းပြ​နေ။ လာမယ့် ပရဒိသု​မှာ ကမ္ဘာ​မြေ​နဲ့ တိရစ္ဆာန်​တွေ​ကို ထာဝစဉ် ထိန်းသိမ်း​စောင့်ရှောက်​ရမယ်ဆိုတာ​လည်း သင်ပေး​နေ။