လေ့လာရန် ဆောင်းပါး ၃၂
လူငယ်တို့၊ နှစ်ခြင်းခံပြီးနောက် ဆက်တိုးတက်နေပါ
‘မေတ္တာပြရမယ်။ ဒါမှ အရာရာမှာ ရင့်ကျက်တဲ့သူတွေ ဖြစ်လာမယ်။’—ဧ. ၄:၁၅။
သီချင်း ၅၆ အမှန်တရားကို ကိုယ်ပိုင် ဖြစ်စေပါ
အကြိုသုံးသပ်ချက် *
၁။ လူငယ်များစွာ ဘာတွေ ပြီးမြောက်ခဲ့ပြီလဲ။
နှစ်တိုင်း လူငယ် ခရစ်ယာန် ထောင်ပေါင်းများစွာ နှစ်ခြင်းခံနေကြတယ်။ သင်ကော နှစ်ခြင်းခံပြီးပြီလား။ ဒါဆိုရင် ညီအစ်ကို/မတွေ သိပ်ဝမ်းသာကြတယ်။ အထူးသဖြင့် ယေဟောဝါ ဝမ်းသာတယ်။ (ပညာ. ၂၇:၁၁) သင် ဘာတွေ ပြီးမြောက်ခဲ့ပြီလဲဆိုတာ စဉ်းစားကြည့်ပါ။ နှစ်အတော်များများ ဝီရိယရှိရှိ ကျမ်းစာ လေ့လာခဲ့လို့ ကျမ်းစာဟာ ဘုရားသခင့် တရားစကား ဖြစ်ကြောင်း ယုံကြည်စိတ်ချလာတယ်။ ကျမ်းစာရဲ့ အာဘော်ရှင်ကို သိကျွမ်းချစ်ခင်လာတယ်။ အဲဒီလိုချစ်လို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့တယ်။ သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ နှစ်ခြင်းမခံခင် ယုံကြည်ခြင်း စမ်းသပ်မှု မျိုးစုံ ကြုံခဲ့ရမှာပဲ။ အသက်ကြီးလာတာနဲ့အမျှ စမ်းသပ်မှု အသစ်တွေ ကြုံလာရမယ်။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ လျော့သွားအောင်၊ ဘုရားကို ဆက်ဝတ်မပြုတော့အောင် စာတန် သွေးဆောင်လိမ့်မယ်။ (ဧ. ၄:၁၄) ဒါပေမဲ့ အဲဒီလို ဖြစ်ခွင့်မပေးပါနဲ့။ ယေဟောဝါကို ဆက်သစ္စာရှိဖို့၊ ဆက်ကပ်အပ်နှံခြင်း ကတိသစ္စာကို စောင့်ထိန်းနိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဆက်တိုးတက်နေရမယ်၊ ခရစ်ယာန် ရင့်ကျက်တဲ့အဖြစ်ကို “တက်လှမ်း” နေရမယ်။ (ဟီ. ၆:၁) ဘယ်လို တက်လှမ်းနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
ခရစ်ယာန်တစ်ယောက်အဖြစ် ဘယ်လို ဆက်တိုးတက်နိုင်သလဲ
၃။ နှစ်ခြင်းခံပြီးနောက် ခရစ်ယာန်အားလုံး ဘာဆက်လုပ်သင့်သလဲ။
၃ နှစ်ခြင်းခံပြီးနောက် ကျွန်တော်တို့အားလုံး ဧဖက်မြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလု ပေးတဲ့ အကြံဉာဏ်အတိုင်း လိုက်လျှောက်ဖို့ လိုတယ်။ “ရင့်ကျက်သူတွေ” ဖြစ်ဖို့ ပေါလု အားပေးတယ်။ (ဧ. ၄:၁၃) တစ်နည်းအားဖြင့်၊ ‘ဆက်တိုးတက်နေ’ ရမယ်။ ခရစ်ယာန်တစ်ယောက်ရဲ့ တိုးတက်မှုကို ကလေးတစ်ယောက် ကြီးထွားတာနဲ့ ပေါလု နှိုင်းယှဉ်နေတာ။ ကလေးတစ်ယောက် မွေးလာတဲ့အခါ မိဘတွေ သိပ်ပျော်ကြတယ်။ ဒါပေမဲ့ တစ်သက်လုံး ကလေးအဖြစ်ပဲ နေသွားလို့ မရဘူး။ အသက်ကြီးလာတာနဲ့အမျှ “ကလေးရဲ့ စရိုက်တွေကို” ဖျောက်ပစ်ရတယ်။ (၁ ကော. ၁၃:၁၁) ခရစ်ယာန်တွေလည်း အဲဒီလိုပဲ။ နှစ်ခြင်းခံပြီးနောက် ဆက်တိုးတက်နေရမယ်။ အကြံပြုချက်တချို့ကို သုံးသပ်ကြည့်ရအောင်။
၄။ ဘုရားရေးရာဘက် တိုးတက်ဖို့ ဘယ်အရည်အသွေးက ကူညီပေးမလဲ။ ရှင်းပြပါ။ (ဖိလိပ္ပိ ၁:၉)
၄ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများအောင် လုပ်ပါ။ ယေဟောဝါကို သင် သိပ်ချစ်တယ်။ ဒါပေမဲ့ အဲဒီမေတ္တာ ဆက်တိုးများနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ တစ်နည်းကို ဖိလိပ္ပိ ၁:၉ မှာ တမန်တော် ပေါလု ဖော်ပြတယ်။ (ဖတ်ပါ။) ဖိလိပ္ပိ ခရစ်ယာန်တွေရဲ့ မေတ္တာ “တိုးသည်ထက် တိုးလာဖို့” ပေါလု ဆုတောင်းပေးတယ်။ ဒါကြောင့် မေတ္တာ တိုးများအောင် လုပ်လို့ရတယ်။ အဲဒီလို တိုးနိုင်ဖို့ ဘုရားအလိုတော်ကို “တိကျမှန်ကန်စွာ သိကျွမ်းလာပြီး ကောင်းကောင်း ပိုင်းခြားသိမြင်” ရမယ်။ ယေဟောဝါအကြောင်း ပိုသိလေ ဘုရားကို ပိုချစ်လေ၊ ဘုရားရဲ့ အရည်အသွေးတွေနဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေကို ပိုတန်ဖိုးထားလေ ဖြစ်လာမယ်။ ဘုရား စိတ်တော် ရွှင်လန်းအောင် ထားချင်စိတ်၊ ဘုရား စိတ်ပျက်မယ့် ဘယ်အရာကိုမှ မလုပ်ချင်တဲ့စိတ် တိုးများလာမယ်။ ဘုရားအလိုတော်က ဘာလဲ၊ အဲဒီအတိုင်း ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာ သိဖို့ အတတ်နိုင်ဆုံး ကြိုးစားလာမယ်။
၅-၆။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ ဘယ်လို တိုးများနိုင်သလဲ။ ရှင်းပြပါ။
၅ ဖခင် ယေဟောဝါရဲ့ အရည်အသွေးတွေကို အပြည့်အဝ တင်ပြတဲ့ သားတော်အကြောင်း ပိုသိကျွမ်းအောင် လုပ်ခြင်းအားဖြင့်လည်း ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာနိုင်တယ်။ (ဟီ. ၁:၃) ယေရှုအကြောင်း သိကျွမ်းနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ခရစ်ဝင်ကျမ်း လေးစောင်ကို လေ့လာခြင်းပါပဲ။ သင့်မှာ ကျမ်းစာ နေ့တိုင်း ဖတ်တဲ့ အကျင့် မရှိသေးဘူးဆိုရင် အခုပဲ စဖတ်ကြည့်ပါ။ ယေရှုရဲ့ ဘဝမှတ်တမ်းကို ဖတ်တဲ့အခါ ယေရှုရဲ့ အရည်အသွေးတွေကို အထူးမှတ်သားပါ။ ယေရှုဟာ ချဉ်းကပ်ရ လွယ်တယ်။ ကလေးတွေကို ပွေ့ဖက်တယ်။ (မာ. ၁၀:၁၃-၁၆) တပည့်တွေ ရှိန်အောင် မနေဘူး။ ဘာမဆို ပြောရဲဆိုရဲ ရှိအောင် ခင်ခင်မင်မင် နေတယ်။ (မ. ၁၆:၂၂) တကယ်တော့ ကောင်းကင်ဖခင်ကို ယေရှု တုပတာ။ ယေဟောဝါဘုရားဟာ ချဉ်းကပ်ရလွယ်သူ ဖြစ်တယ်။ ဘုရားဆီ ရင်ဖွင့်ဆုတောင်းနိုင်တယ်။ ကျွန်တော်တို့ကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း၊ ဘယ်တော့မှ ပြစ်တင်ဝေဖန်မှာ မဟုတ်ကြောင်း စိတ်ချနိုင်တယ်။—၁ ပေ. ၅:၇။
၆ လူတွေကို ယေရှု ထောက်ထားစာနာတယ်။ “လူတွေဟာ အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူ မရှိတဲ့ သိုးတွေလို ဖြစ်နေလို့ သူတို့ကို မြင်တဲ့အခါ ယေရှု သနားတယ်” လို့ တမန်တော် မဿဲ ပြောတယ်။ (မ. ၉:၃၆) ယေဟောဝါမှာကော ဘယ်လို ခံစားချက် ရှိသလဲ။ “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့ တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး” လို့ ယေရှု ပြောတယ်။ (မ. ၁၈:၁၄) တကယ့်ကို အားရှိစရာပါပဲ။ ယေရှုအကြောင်း ကောင်းကောင်း သိလာတာနဲ့အမျှ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများလာတယ်။
၇။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေနဲ့ ပေါင်းသင်းခြင်းက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။
၇ အသင်းတော်ထဲက ရင့်ကျက်တဲ့ ညီအစ်ကို/မတွေနဲ့ သိကျွမ်းအောင် လုပ်ခြင်းအားဖြင့်လည်း ယေဟောဝါကို ပိုချစ်လာမယ်။ ကျွန်တော်တို့ ပိုရင့်ကျက်လာမယ်။ သူတို့ ဘယ်လောက် ပျော်နေကြောင်း သတိပြုကြည့်ပါ။ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာကို လုံးဝ နောင်တ မရကြဘူး။ ယေဟောဝါရဲ့ အမှုတော်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေ မေးကြည့်ပါ။ အရေးကြီး ဆုံးဖြတ်ချက် ချဖို့ လိုလာတဲ့အခါ သူတို့ဆီ အကြံတောင်းပါ။ ‘အကြံပေးသူ များရင် အောင်မြင်တတ်တယ်။’—ပညာ. ၁၁:၁၄။
၈။ ကျမ်းစာအဆိုကို သံသယဝင်နေရင် ဘာလုပ်နိုင်သလဲ။
၈ သံသယတွေကို ကျော်လွှားပါ။ စာပိုဒ် ၂ မှာ ဖော်ပြတဲ့အတိုင်း ဘုရားရေးရာဘက် ဆက်မတိုးတက်အောင် စာတန် တားဆီးလိမ့်မယ်။ တားဆီးတဲ့ တစ်နည်းကတော့ ကျမ်းစာသွန်သင်ချက်တချို့ကို သံသယဝင်စေခြင်းအားဖြင့်ပါပဲ။ ဥပမာ၊ ဘုရားကို ရှုတ်ချတဲ့ ဆင့်ကဲအယူအကြောင်း သွန်သင်ခံလာရနိုင်တယ်။ ငယ်ငယ်တုန်းက အဲဒီအကြောင်း မတွေးဖူးသလောက်ပဲ။ အသက်ကြီးလာတော့ ကျောင်းမှာ ထိပ်တိုက်ကြုံလာရနိုင်တယ်။ ဆင့်ကဲအယူနဲ့ပတ်သက်ပြီး ဆရာတွေ ပြောတာ ယုတ္တိ ရှိသလိုလို၊ လက်တွေ့ကျသလိုလိုပဲ။ ဒါပေမဲ့ ဖန်ဆင်းရှင် ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို သူတို့ တစ်ခါမှ သေသေချာချာ စဉ်းစားဖူးမှာ မဟုတ်ဘူး။ “အမှုကို ဦးဆုံးထွက်ဆိုသူက မှန်တယ်လို့ ထင်ရပေမဲ့ တစ်ဖက်လူ ရောက်လာပြီး ပြန်လှန်စစ်မေးချိန်မှာတော့ အဖြစ်မှန် ပေါ်လာတတ်တယ်” လို့ ပညာအလိမ္မာ ၁၈:၁၇ မှာ ပြောတယ်။ ကျောင်းမှာ သင်ပေးတာကို မျက်စိမှိတ် လက်ခံလိုက်မယ့်အစား ကျမ်းစာ အမှန်တရားတွေကို အသေအချာ လေ့လာပါ။ အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာပါ။ ဆင့်ကဲအယူကို အရင်က ယုံခဲ့တဲ့ ညီအစ်ကို/မတွေနဲ့ စကားပြောကြည့်ပါ။ ကျွန်တော်တို့ကို ချစ်မြတ်နိုးတဲ့ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ သူတို့ ဘာကြောင့် ယုံလာကြောင်း မေးကြည့်ပါ။ အဲဒီလို တည်ဆောက်မှု ဖြစ်စေတဲ့ ဆွေးနွေးခန်းတွေက သက်သေအထောက်အထားတွေကို အာရုံစိုက်ဖို့ ကူညီပေးနိုင်တယ်။
၉။ မာလစ်ဆာရဲ့ အဖြစ်ကနေ ဘာသိရသလဲ။
၉ ဖန်ဆင်းခြင်းအကြောင်း ရှာဖွေလေ့လာခြင်းကနေ ညီအစ်မ မာလစ်ဆာ အကျိုးရတယ်။ * “ကျောင်းမှာ ဆရာတွေက ဆင့်ကဲအယူကို ယုံလောက်အောင် သင်ပေးကြတယ်။ ဆင့်ကဲအယူ မှန်တယ်လို့များ ရှာတွေ့သွားမှာ စိုးလို့ အစပိုင်းမှာ ရှာဖွေလေ့လာဖို့ တွန့်ဆုတ်မိတယ်။ ဒါပေမဲ့ မျက်စိမှိတ် ယုံတာမျိုး ယေဟောဝါ မဖြစ်စေချင်မှန်း သိတဲ့အတွက် စပြီး ရှာဖွေလေ့လာတယ်။ သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ်၊ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော၊ သက်ရှိများရဲ့ မူလအစ—မေးသင့်မေးထိုက်တဲ့ မေးခွန်း ငါးခု စာစောင်တွေကို လေ့လာတယ်။ ကျွန်မ လိုနေတာ အဲဒါပဲ။ စောစောကတည်းကသာ လေ့လာခဲ့ရင် ကောင်းသား” လို့ မာလစ်ဆာ ပြောတယ်။
၁၀-၁၁။ ကိုယ်ကျင့်တရား သန့်ရှင်းနေဖို့ ဘာက ကူညီပေးနိုင်သလဲ။ (၁ သက်သာလောနိတ် ၄:၃၊ ၄)
၁၀ မကောင်းတဲ့ အကျင့်တွေကို ငြင်းပယ်ပါ။ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ လိင်ဆန္ဒ ပြင်းပြလာနိုင်တယ်။ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရနိုင်တယ်။ စာတန်က သင့်ကို စိတ်အလိုလိုက်စေချင်တယ်။ ကိုယ်ကျင့်တရား သန့်ရှင်းနေဖို့ ဘာက ကူညီပေးနိုင်သလဲ။ (၁ သက်သာလောနိတ် ၄:၃၊ ၄ ကို ဖတ်ပါ။) ဘုရားဆီ သီးသန့်ဆုတောင်းတဲ့အခါ ခံစားချက်တွေ ရင်ဖွင့်ပြောပြပြီး ခွန်အား တောင်းပါ။ (မ. ၆:၁၃) သင့်ကို ယေဟောဝါ ပြစ်တင်ဝေဖန်မှာ မဟုတ်ဘူး၊ ကူညီပေးချင်တယ်ဆိုတာ သတိရပါ။ (ဆာ. ၁၀၃:၁၃၊ ၁၄) ကျမ်းစာကနေလည်း အကူအညီ ရနိုင်တယ်။ အစောပိုင်းမှာ ဖော်ပြတဲ့ မာလစ်ဆာက မသန့်ရှင်းတဲ့ အတွေးတွေကို ကြိုးစားတွန်းလှန်ခဲ့ရတယ်။ “ကျမ်းစာ နေ့တိုင်း ဖတ်တာက မကောင်းတဲ့ ဆန္ဒတွေကို ဆက်တိုက်လှန်ဖို့ ကူညီပေးတယ်။ ကျွန်မကို ယေဟောဝါ ပိုင်မှန်း၊ ဘဝမှာ ဘုရားကို လိုအပ်မှန်း အသိဝင်စေတယ်” လို့ ပြောတယ်။—ဆာ. ၁၁၉:၉။
၁၁ ပြဿနာတွေကို တစ်ယောက်တည်း ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ မိဘတွေကို ပြောပြပါ။ အဲဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖွင့်ပြောဖို့ မလွယ်ပေမဲ့ ဖွင့်ပြောဖို့ အရေးကြီးတယ်။ “သတ္တိပေးဖို့ ဆုတောင်းပြီး အဖေ့ကို ပြဿနာတွေ ပြောပြတယ်။ တော်တော် စိတ်သက်သာသွားတယ်။ ကျွန်မအတွက် ယေဟောဝါ ဂုဏ်ယူနေမယ်ဆိုတာ သိတယ်” လို့ မာလစ်ဆာ ပြောတယ်။
၁၂။ ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချနိုင်သလဲ။
၁၂ ကျမ်းစာမူတွေရဲ့ လမ်းပြမှု ခံယူပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချဖို့ သင့်ကို မိဘတွေ တဖြည်းဖြည်း ခွင့်ပြုလာမယ်။ ဒါပေမဲ့ ဘဝအတွေ့အကြုံ သိပ်မရှိသေးလို့ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စေနိုင်တဲ့ အမှားမျိုး လုပ်မိနိုင်တယ်။ မလုပ်မိအောင် ဘယ်လို ရှောင်နိုင်သလဲ။ (ပညာ. ၂၂:၃) ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ဘာက ကူညီပေးကြောင်း ညီအစ်မ ကာရီ ပြောပြတယ်။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေဟာ အခြေအနေတိုင်းအတွက် စည်းမျဉ်း မလိုအပ်ဘူးဆိုတာ ကာရီ နားလည်တယ်။ “စည်းမျဉ်းတွေထက် ကျမ်းစာမူတွေကို နားလည်ဖို့ ကြိုးစားတယ်” လို့ ပြောတယ်။ သင်လည်း ကျမ်းစာဖတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– “ဒီကျမ်းချက်က ယေဟောဝါရဲ့ စဉ်းစားပုံအကြောင်း ဘာသင်ပေးသလဲ။ မှန်ရာ လုပ်ဖို့ ကူညီပေးနိုင်တဲ့ မူတွေ ပါသလား။ အဲဒါကို လက်တွေ့ကျင့်သုံးရင် ဘယ်လို အကျိုးရမလဲ။” (ဆာ. ၁၉:၇။ ဟေရှာ. ၄၈:၁၇၊ ၁၈) ကျမ်းစာ လေ့လာခြင်း၊ ကျမ်းစာမူတွေကို တွေးတောဆင်ခြင်ခြင်းက ယေဟောဝါ နှစ်သက်မယ့် ဆုံးဖြတ်ချက်တွေ ချဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။ ပိုရင့်ကျက်လာတာနဲ့အမျှ ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့စဉ်းစားပုံကို နားလည်လာလို့ အခြေအနေတိုင်းအတွက် စည်းမျဉ်းတွေ မလိုဘူးဆိုတာ သိလာပါလိမ့်မယ်။
၁၃။ မိတ်ဆွေကောင်းတွေက သင့်အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ။ (ပညာအလိမ္မာ ၁၃:၂၀)
၁၃ ယေဟောဝါကို ချစ်တဲ့ မိတ်ဆွေတွေ ရွေးချယ်ပါ။ စာပိုဒ် ၇ မှာ ဖော်ပြခဲ့တဲ့အတိုင်း ကိုယ်ရွေးချယ်တဲ့ မိတ်ဆွေတွေက ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်အောင် ကူညီပေးနိုင်တယ်။ (ပညာအလိမ္မာ ၁၃:၂၀ ကို ဖတ်ပါ။) ညီအစ်မ စာရာ မပျော်မရွှင် ဖြစ်နေတဲ့အခါ ပြန်ပျော်ရွှင်လာအောင် ဘာက ကူညီပေးသလဲ။ “လိုအပ်ချိန် အတိအကျမှာ မိတ်ဆွေတွေ ရလာတယ်။ အပတ်တိုင်း ညီအစ်မငယ်တစ်ယောက်နဲ့ ချိန်းပြီး ကင်းမျှော်စင် အတူလေ့လာတယ်။ အစည်းအဝေးမှာ မှတ်ချက် စပေးဖို့ မိတ်ဆွေနောက်တစ်ယောက် ကူညီပေးတယ်။ မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ကိုယ်ပိုင်လေ့လာမှု လုပ်တတ်လာတယ်။ ပိုအဓိပ္ပာယ်ရှိရှိ ဆုတောင်းတတ်လာတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းလာတယ်။ ပြန်ပျော်ရွှင်လာတယ်” လို့ စာရာ ပြောတယ်။
၁၄။ ဂျူလီယန် မိတ်ဆွေကောင်းတွေ ဘယ်လို ရလာသလဲ။
၁၄ မိတ်ဆွေကောင်းတွေ ဘယ်လို ဖွဲ့နိုင်သလဲ။ အခု အကြီးအကဲအဖြစ် အမှုဆောင်နေတဲ့ ဂျူလီယန် ဒီလိုပြောတယ်– “ငယ်ငယ်တုန်းက အမှုဆောင်မှာ ပါဝင်ရင်း မိတ်ဆွေကောင်းတွေ ရလာတယ်။ စိတ်ထက်သန်တဲ့ အဲဒီမိတ်ဆွေတွေကြောင့် အမှုဆောင် သွားရတာ ပျော်စရာကောင်းတယ်လို့ မြင်တတ် လာတယ်။ အချိန်ပြည့် အမှုဆောင်ဖို့ ပန်းတိုင်ထားလာတယ်။ မိတ်ဆွေကောင်း များများစားစား မရှိတာ သက်တူရွယ်တူတွေနဲ့ပဲ ပေါင်းနေလို့ဆိုတာ သိလာတယ်။ နောက်ပိုင်း၊ ဗေသလမှာ မိတ်ဆွေကောင်းတွေ ထပ်ရလာတယ်။ သူတို့ရဲ့ ပုံသက်သေက ကောင်းတဲ့ ဖျော်ဖြေမှု ရွေးချယ်နိုင်ဖို့ ကူညီပေးတယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာစေတယ်။”
၁၅။ အပေါင်းအသင်းနဲ့ပတ်သက်ပြီး တိမောသေကို ပေါလု ဘာသတိပေးသလဲ။ (၂ တိမောသေ ၂:၂၀-၂၂)
၁၅ အသင်းတော်မှာ ကိုယ်ပေါင်းသင်းနေသူ တစ်ယောက်ယောက်ဟာ မိတ်ဆွေကောင်း မဟုတ်မှန်း သိလာရင် ဘာလုပ်သင့်သလဲ။ ပထမရာစု ခရစ်ယာန်တချို့မှာ ခရစ်ယာန် မဆန်တဲ့ အတွေးအခေါ်၊ အပြုအမူတွေ ရှိနေမှန်း ပေါလု သိလို့ သူတို့ကို ဝေးဝေးရှောင်ဖို့ တိမောသေကို သတိပေးတယ်။ (၂ တိမောသေ ၂:၂၀-၂၂ ကို ဖတ်ပါ။) ကောင်းကင်ဖခင် ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းဟာ သိပ်တန်ဖိုးရှိတယ်။ မနည်းကြိုးစားပြီးမှ ရထားတဲ့ အဲဒီဆက်ဆံရေးကို ဘယ်သူ့ကြောင့်မှ အပျက်စီး မခံသင့်ဘူး။—ဆာ. ၂၆:၄။
ပန်းတိုင် ချမှတ်ခြင်းက ဘုရားရေးရာဘက် တိုးတက်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ
၁၆။ ဘယ်လို ပန်းတိုင်တွေ ချမှတ်သင့်သလဲ။
၁၆ အကျိုးရှိတဲ့ ပန်းတိုင်တွေ ချမှတ်ပါ။ ယုံကြည်ခြင်း ခိုင်မာစေမယ့်၊ ပိုရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်အောင် ကူညီပေးမယ့် ပန်းတိုင်တွေ ချမှတ်ပါ။ (ဧ. ၃:၁၆) ဥပမာ၊ ကိုယ်ပိုင်လေ့လာမှု၊ ကျမ်းစာ ဖတ်တဲ့ အလေ့အထ တိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်နိုင်တယ်။ (ဆာ. ၁:၂၊ ၃) ခဏခဏ ဆုတောင်းဖို့၊ ပိုအဓိပ္ပာယ်ရှိရှိ ဆုတောင်းတတ်ဖို့၊ ဖျော်ဖြေမှု ရွေးချယ်ရာမှာ၊ အချိန် အသုံးပြုရာမှာ ပိုချုပ်တည်းဖို့ ကြိုးစားနိုင်တယ်။ (ဧ. ၅:၁၅၊ ၁၆) တိုးတက်ဖို့ ကြိုးစားနေတာကို ယေဟောဝါ မြင်ပြီး ကျေနပ်နှစ်သက်မှာ သေချာပါတယ်။
၁၇။ တခြားသူတွေကို ကူညီပေးရင် ဘာအကျိုးရမလဲ။
၁၇ တခြားသူတွေကို ကူညီပေးခြင်းကလည်း ပိုရင့်ကျက်လာစေနိုင်တယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ယေရှု ပြောတယ်။ (တ. ၂၀:၃၅) လူငယ့်ခွန်အားနဲ့ အချိန် သုံးပြီး တခြားသူတွေကို ကူညီပေးနေတယ်ဆိုရင် အကျိုးကျေးဇူး များစွာ ရမယ်။ ဥပမာ၊ အသင်းတော်မှာ ရှိတဲ့ အသက်ကြီးသူ၊ မသန်စွမ်းသူတွေကို ကူညီဖို့ ပန်းတိုင်ထားနိုင်တယ်။ သူတို့အတွက် ဝေယျာဝိစ္စတွေ လုပ်ပေးနိုင်တယ်။ အီလက်ထရောနစ် ကိရိယာတွေ သုံးတတ်ဖို့ ကူညီပေးနိုင်တယ်။ သင်ဟာ ညီအစ်ကို ဖြစ်မယ်ဆိုရင် အသင်းတော် အမှုထမ်းအဖြစ် ညီအစ်ကို/မတွေကို ပိုကူညီပေးဖို့ ပန်းတိုင် ထားနိုင်တယ်။ (ဖိ. ၂:၄) နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းအားဖြင့် အသင်းတော် ပြင်ပက လူတွေကိုလည်း မေတ္တာ ပြနိုင်တယ်။ (မ. ၉:၃၆၊ ၃၇) ဖြစ်နိုင်မယ်ဆိုရင် အချိန်ပြည့် အမှုဆောင်လုပ်ငန်း အသွင်တချို့မှာ ပါဝင်ဖို့ ပန်းတိုင်ထားပါ။
၁၈။ အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက ပိုတိုးတက်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၈ အချိန်ပြည့် အမှုဆောင်လုပ်ငန်းက ဘုရားရေးရာဘက် တိုးတက်ဖို့ အခွင့်အရေးများစွာ ရရှိစေနိုင်တယ်။ ရှေ့ဆောင်လုပ်ရင် သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းတက်ဖို့ လမ်းပွင့်လာမယ်။ ဗေသလ၊ ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်နိုင်မယ်။ ရှေ့ဆောင် ညီအစ်မငယ် ကိတ်လင်း ဒီလိုပြောတယ်– “အတွေ့အကြုံရှိ ညီအစ်ကို/မတွေနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက နှစ်ခြင်းခံပြီးနောက် ဆက်တိုးတက်ဖို့ အများကြီး ထောက်ကူပေးတယ်။ ကျမ်းစာ အသိပညာ တိုးများအောင်၊ သွန်သင်ခြင်းစွမ်းရည် တိုးတက်အောင် လုပ်ဖို့ သူတို့ရဲ့ ပုံသက်သေက ကူညီပေးတယ်။”
၁၉။ ဘုရားရေးရာဘက် တိုးတက်အောင် ဆက်ကြိုးစားနေရင် ဘာကောင်းချီးတွေ ရမလဲ။
၁၉ ဘုရားရေးရာဘက် တိုးတက်အောင် ဆက်ကြိုးစားနေမယ်ဆိုရင် ကောင်းချီးများစွာ ခံစားရမယ်။ လူငယ့်ခွန်အား အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူး။ (၁ ယော. ၂:၁၇) ဆုံးဖြတ်ချက် အမှားတွေကြောင့် စိတ်ထိခိုက်စရာ မကြုံရအောင် ကာကွယ်ခံရမယ်။ စစ်မှန်တဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှု ရမယ်။ (ပညာ. ၁၆:၃) သင့်ပုံသက်သေကောင်းက ညီအစ်ကို/မ ကြီးငယ်မရွေးကို အားပေးမှု ဖြစ်စေလိမ့်မယ်။ (၁ တိ. ၄:၁၂) အရေးကြီးဆုံးကတော့ ယေဟောဝါရဲ့ စိတ်တော် ရွှင်လန်းစေလို့၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလို့ စိတ်ငြိမ်သက်မှု၊ ကျေနပ်မှု ခံစားရပါလိမ့်မယ်။—ပညာ. ၂၃:၁၅၊ ၁၆။
သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ