လေ့လာရန် ဆောင်းပါး ၃၃
လူမျိုးတော်ကို ယေဟောဝါ ကြည့်ရှုနေ
‘ယေဟောဝါက မိမိကို ကြောက်ရွံ့သူတွေကို ကြည့်ရှုနေတယ်။’—ဆာ. ၃၃:၁၈။
သီချင်း ၄ “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”
အကြိုသုံးသပ်ချက် *
၁။ နောက်လိုက်တွေကို ကြည့်ရှုပေးဖို့ ယေဟောဝါဆီ ယေရှု ဘာကြောင့် ဆုတောင်းသလဲ။
နောက်လိုက်တွေကို ကြည့်ရှုပေးဖို့ ယေရှု မသေဆုံးခင် ညမှာ ကောင်းကင်ဖခင်ဆီ အထူးဆုတောင်းတယ်။ (ယော. ၁၇:၁၅၊ ၂၀) လူမျိုးတော်ကို ယေဟောဝါ အမြဲ ကြည့်ရှုစောင့်ရှောက်၊ ကာကွယ်ပေးတယ်။ ဒါပေမဲ့ နောက်လိုက်တွေ စာတန်ရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှု ကြုံရမယ်၊ အဲဒါကို တိုက်လှန်နိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုအပ်မယ်ဆိုတာ ယေရှု သိတယ်။
၂။ ဆာလံ ၃၃:၁၈-၂၀ အရ အခက်အခဲတွေ ကြုံရတဲ့အခါ ဘာကြောင့် ကြောက်ဖို့ မလိုသလဲ။
၂ ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေဟာ စာတန့်စနစ်ကြောင့် အခက်အခဲများစွာ ကြုံနေရတယ်။ စိတ်ဓာတ်ကျစေနိုင်တဲ့၊ ယေဟောဝါအပေါ် သစ္စာစောင့်သိမှုကို စမ်းသပ်တဲ့ အခက်အခဲတွေ ကြုံနေရတယ်။ ဒါပေမဲ့ ဘာမှ ကြောက်ဖို့ မလိုကြောင်း ဒီဆောင်းပါးကနေ သိရပါမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ကြည့်ရှုနေတယ်။ ကြုံနေရတဲ့ အခက်အခဲတွေကို မြင်တယ်။ ကူညီဖို့ အမြဲ အသင့်ရှိနေတယ်။ “မိမိကို ကြောက်ရွံ့သူတွေကို” ယေဟောဝါ ဘယ်လို “ကြည့်ရှု” ကြောင်း ဖော်ပြတဲ့ ကျမ်းစာ ပုံနမူနာနှစ်ခုကို သုံးသပ်ကြည့်ရအောင်။—ဆာလံ ၃၃:၁၈-၂၀ ကို ဖတ်ပါ။
တစ်ယောက်တည်း အထီးကျန်တဲ့အခါ
၃။ ဘယ်အချိန်တွေမှာ အထီးကျန်စိတ် ဝင်နိုင်သလဲ။
၃ အသင်းတော်မှာ ညီအစ်ကို/မ အများကြီး ရှိပေမဲ့ တစ်ခါတလေ ကျွန်တော်တို့ အထီးကျန်နိုင်တယ်။ ဥပမာ၊ လူငယ်တွေ ကျောင်းမှာ ယုံကြည်ချက်အကြောင်း ရှင်းပြရတဲ့အခါ၊ အသင်းတော်သစ်ကို ပြောင်းရွှေ့ရတဲ့အခါ အထီးကျန်နိုင်တယ်။ ကိုယ်တစ်ယောက်တည်းပဲဆိုတဲ့ ခံစားချက်နဲ့ ဝမ်းနည်း၊ စိတ်ဓာတ်ကျနိုင်တယ်။ တခြားသူတွေ နားလည်မှာ မဟုတ်ပါဘူးလို့ စိုးရိမ်ပြီး ခံစားချက်တွေ ထုတ်ပြောဖို့ စိုးရွံ့မိနိုင်တယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ခံစားမိနိုင်တယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ပါစေ အထီးကျန်စိတ်ဟာ စိုးရိမ်ပူပန်စေနိုင်တယ်။ ကူကယ်ရာမဲ့နေပြီလို့ ခံစားရစေနိုင်တယ်။ ယေဟောဝါ အဲဒီလို မခံစားစေချင်ဘူး။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။
၄။ “ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်” လို့ ယေဟောဝါကို ဧလိယ ဘာကြောင့် ပြောသလဲ။
၄ သစ္စာရှိ အမျိုးသား ဧလိယအကြောင်း စဉ်းစားကြည့်ပါ။ ယေဇဗေလ သတ်မှာ ကြောက်လို့ ရက် ၄၀ ကျော် ပြေးခဲ့ရတယ်။ (၁ ဘု. ၁၉:၁-၉) နောက်ဆုံး၊ လိုဏ်ဂူတစ်ခုထဲ ပုန်းနေရင်း “[ပရောဖက်ဆိုလို့] ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်” လို့ ယေဟောဝါကို ပြောတယ်။ (၁ ဘု. ၁၉:၁၀) တကယ်တော့ တိုင်းပြည်မှာ တခြားပရောဖက်တွေ ရှိပါသေးတယ်။ ယေဇဗေလ လက်ကနေ လွတ်အောင် ပရောဖက် ၁၀၀ ကို ဩဗဒိ ဝှက်ထားပေးတာ။ (၁ ဘု. ၁၈:၇၊ ၁၃) ဒါဆိုရင် ဧလိယ ဘာကြောင့် အထီးကျန်နေတာလဲ။ ဩဗဒိ ကယ်ခဲ့တဲ့ ပရောဖက်အားလုံး သေကုန်ပြီလို့ ထင်နေလို့လား။ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရား ဖြစ်ကြောင်း ကရမေလတောင်မှာ သက်သေပြပြီးတာတောင် ယေဟောဝါဘက် ဘယ်သူမှ လှည့်မလာလို့လား။ မိမိဘယ်လောက် အန္တရာယ် ကြုံနေရတယ်ဆိုတာ ဘယ်သူမှ မသိဘူး၊ ဂရုစိုက်မယ့်သူ တစ်ယောက်မှ မရှိဘူးလို့ ခံစားနေရလို့လား။ ဧလိယရဲ့ ခံစားချက်ကို ကျမ်းစာမှာ အသေးစိတ် ဖော်ပြမထားဘူး။ ဒါပေမဲ့ ဧလိယ ဘာကြောင့် အထီးကျန်နေတယ်၊ သူ့ကို ဘယ်လို ကူညီရမယ်ဆိုတာ ယေဟောဝါ သိတာတော့ သေချာတယ်။
၅။ ဧလိယ တစ်ယောက်တည်း မဟုတ်ကြောင်း ယေဟောဝါ ဘယ်လို စိတ်ချစေသလဲ။
၅ ဧလိယကို ယေဟောဝါ နည်းများစွာနဲ့ ကူညီပေးတယ်။ “မင်း ဒီမှာ ဘာလုပ်နေတာလဲ” လို့ နှစ်ကြိမ်တောင် မေးပြီး စကားပြောလာအောင် ကူညီပေးတယ်။ (၁ ဘု. ၁၉:၉၊ ၁၃) အကြိမ်တိုင်းမှာ ဧလိယ ရင်ဖွင့်ပြောတာကို နားထောင်ပေးတယ်။ အနားမှာ မိမိရောက်နေကြောင်း၊ တန်ခိုး အလွန်ကြီးကြောင်း ဖော်ပြခြင်းအားဖြင့် ဧလိယကို အဖြေပေးတယ်။ မိမိကို ဝတ်ပြုသူ များစွာ ကျန်နေသေးကြောင်းလည်း စိတ်ချစေတယ်။ (၁ ဘု. ၁၉:၁၁၊ ၁၂၊ ၁၈) ယေဟောဝါဆီ ရင်ဖွင့်ပြောပြပြီးနောက်၊ ဘုရား အဖြေပေးတာကို သိရပြီးနောက် ဧလိယ စိတ်သက်သာသွားတယ်။ အရေးကြီးတဲ့ တာဝန်တွေလည်း ဧလိယကို ယေဟောဝါ ပေးတယ်။ ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ်၊ ယေဟုကို အစ္စရေးဘုရင်အဖြစ်၊ ဧလိရှဲကို ပရောဖက်အဖြစ် ဘိသိက်ပေးဖို့ တာဝန်ပေးတယ်။ (၁ ဘု. ၁၉:၁၅၊ ၁၆) ဒီနည်းအားဖြင့် ကောင်းတာတွေကို အာရုံစိုက်နိုင်အောင် ကူညီပေးတယ်။ ဧလိရှဲလို အပေါင်းအသင်းကောင်း ရအောင်လည်း စီစဉ်ပေးတယ်။ သင်ကော။ အထီးကျန်နေတဲ့အခါ ယေဟောဝါရဲ့ အကူအညီ ဘယ်လို ရနိုင်သလဲ။
၆။ အထီးကျန်နေရင် ဘာဆုတောင်းနိုင်သလဲ။ (ဆာလံ ၆၂:၈)
၆ မိမိဆီ ဆုတောင်းဖို့ ယေဟောဝါ ဖိတ်ခေါ်ထားတယ်။ သင် ဘာတွေ ကြုံနေရကြောင်း ဘုရား သိတယ်။ ဘယ်အချိန်မဆို ဆုတောင်းချက်တွေကို နားထောင်ပေးမယ်လို့ အာမခံထားတယ်။ (၁ သက်. ၅:၁၇) မိမိကျေးကျွန်တွေရဲ့ ဆုတောင်းစကား နားထောင်ရတာကို နှစ်သက်တယ်။ (ပညာ. ၁၅:၈) အထီးကျန်တဲ့အခါ ဘာတွေ ဆုတောင်းနိုင်သလဲ။ ဧလိယလိုပဲ ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ (ဆာလံ ၆၂:၈ ကို ဖတ်ပါ။) ကိုယ့်စိုးရိမ်ပူပန်မှုတွေအကြောင်း၊ ဘယ်လို ခံစားနေရကြောင်း ပြောပြပါ။ ဖြေရှင်းနည်း သိအောင် ကူညီပေးဖို့ ဆုတောင်းပါ။ ဥပမာ၊ ကျောင်းမှာ သက်သေခံဖို့ ကြောက်နေတယ်၊ တစ်ယောက်တည်းပဲလို့ ခံစားနေရတယ်ဆိုရင် သတ္တိပေးဖို့၊ ယုံကြည်ချက်အကြောင်း လိမ္မာပါးနပ်စွာ ရှင်းပြနိုင်အောင် ဉာဏ်ပညာ ပေးဖို့ ဆုတောင်းပါ။ (လု. ၂၁:၁၄၊ ၁၅) စိတ်ဓာတ်ကျနေတယ်ဆိုရင် ရင့်ကျက်တဲ့ ညီအစ်ကို/မ တစ်ယောက်ယောက်နဲ့ စကားပြောနိုင်အောင် ကူညီပေးဖို့၊ ကိုယ့်ခံစားချက်ကို နားလည်နိုင်အောင် အဲဒီညီအစ်ကို/မကို ကူညီပေးဖို့ ဆုတောင်းပါ။ ပြီးနောက် ဘုရား ဘယ်လို အဖြေပေးကြောင်း သတိပြုပါ။ တခြားသူတွေရဲ့ အကူအညီကို လက်ခံပါ။ ဒါဆိုရင် အထီးကျန်စိတ် လျော့နည်းလာပါလိမ့်မယ်။
၇။ မော်ရစ်စီယိုရဲ့ အဖြစ်ကနေ ဘာသိရသလဲ။
၇ ကျွန်တော်တို့အားလုံးကို အဓိပ္ပာယ် ရှိတဲ့ အလုပ် ယေဟောဝါ ပေးထားတယ်။ အသင်းတော်နဲ့ အမှုဆောင်မှာ တာဝန်ကျေဖို့ သင့်ကြိုးစားမှုအားလုံးကို ဘုရား သိပြီး တန်ဖိုးထားကြောင်း စိတ်ချပါ။ (ဆာ. ၁၁၀:၃) ဒီလုပ်ငန်းမှာ အလုပ်များနေတာက အထီးကျန်စိတ်ကို တိုက်လှန်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ ညီအစ်ကိုငယ် မော်ရစ်စီယို *အကြောင်း စဉ်းစားကြည့်ပါ။ သူ နှစ်ခြင်းခံပြီးနောက် မကြာခင်မှာပဲ အခင်ဆုံး သူငယ်ချင်းတစ်ယောက် အမှန်တရားကို တဖြည်းဖြည်း စွန့်သွားတယ်။ “သူ့ကို ကြည့်ပြီး ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မယုံတော့ဘူး။ ကိုယ့်ဆက်ကပ်အပ်နှံမှု ကတိသစ္စာကို စောင့်ထိန်းနိုင်ပါ့မလား၊ ယေဟောဝါရဲ့ မိသားစုဝင်အဖြစ် ဆက်နေနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ အထီးကျန်ပြီး ကျွန်တော့်ခံစားချက်ကို ဘယ်သူမှ နားမလည်ဘူးလို့ ခံစားလာရတယ်” လို့ ပြောတယ်။ မော်ရစ်စီယိုကို ဘာက ကူညီပေးသလဲ။ “အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ်နဲ့ အပျက်သဘော ခံစားချက်တွေကို အာရုံမစိုက်ဖို့ ကူညီပေးတယ်။ တခြားသူတွေနဲ့အတူ အမှုဆောင်ရင်း ပိုပျော်လာတယ်။ အထီးကျန်စိတ် လျော့နည်းလာတယ်” လို့ ပြောတယ်။ အမှုဆောင်မှာ ညီအစ်ကို/မတွေနဲ့အတူ လူကိုယ်တိုင် မပါဝင်နိုင်ရင်တောင် စာရေး၊ ဖုန်းဆက် သက်သေခံတာတွေမှာ အတူပါဝင်တာက ကျွန်တော်တို့ကို အားရှိစေနိုင်တယ်။ မော်ရစ်စီယိုကို ဘာက ကူညီပေးသေးသလဲ။ “အသင်းတော်မှာ ပိုပါဝင်တယ်။ ကျောင်းသားတာဝန်တွေကို သေသေချာချာ ပြင်ဆင်၊ တင်ဆက်တယ်။ ယေဟောဝါနဲ့ တခြားသူတွေ တန်ဖိုးထားတယ်လို့ ခံစားရအောင် အဲဒီတာဝန်တွေက ကူညီပေးတယ်” လို့ ပြောတယ်။
ပြင်းထန်တဲ့ အခက်အခဲတွေကြောင့် ကြံရာမရ ဖြစ်တဲ့အခါ
၈။ ပြင်းထန်တဲ့ အခက်အခဲတွေကြောင့် ဘယ်လို ခံစားရနိုင်သလဲ။
၈ ဒီနောက်ဆုံးကာလမှာ အခက်အခဲတွေ ကြုံရမှာကို ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ (၂ တိ. ၃:၁) ဒါပေမဲ့ လုံးဝ မျှော်လင့်မထားတဲ့ အချိန်မှာ ရုတ်တရက် ကြုံလာရနိုင်တယ်။ ရုတ်တရက် ငွေကြေး ခက်ခဲတာ၊ ရောဂါဆိုး ရသွားတာ၊ ချစ်ရသူ သေဆုံးတာတွေ ကြုံရနိုင်တယ်။ အထူးသဖြင့် အခက်အခဲ တစ်ခုပြီးတစ်ခု ဒါမှမဟုတ် တစ်ပြိုင်တည်း ကြုံရတဲ့အခါ စိတ်ဓာတ်ကျပြီး ကြံရာမရ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ ကြည့်ရှုနေကြောင်း၊ ဘုရားအကူအညီနဲ့ ဘာမဆို ရင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း သတိရပါ။
၉။ ယောဘ ကြုံရတဲ့ အဖြစ်ဆိုးတချို့ကို ဖော်ပြပါ။
၉ သစ္စာရှိသူ ယောဘအကြောင်း စဉ်းစားကြည့်ပါ။ အချိန်တစ်ခဏအတွင်း အဖြစ်ဆိုးတွေ ကြုံလိုက်ရတယ်။ တစ်ရက်တည်းမှာပဲ တိရစ္ဆာန်အုပ်တွေ ဆုံးရှုံးသွားတယ်။ ကျွန်တွေ၊ ချစ်ရတဲ့ သားသမီးတွေ သေဆုံးသွားတယ်။ (ယောဘ ၁:၁၃-၁၉) ဝမ်းနည်းပူဆွေးနေတုန်းမှာပဲ ကိုယ်တိုင် ရောဂါဆိုး ခံလိုက်ရတယ်။ (ယောဘ ၂:၇) အခြေအနေ ဆိုးလွန်းလို့ “အသက်ရှင်ရတာကို ရွံမုန်းလှပြီ။ ဆက်အသက် မရှင်ချင်တော့ဘူး” လို့ ညည်းတွားတဲ့အထိပဲ။—ယောဘ ၇:၁၆။
၁၀။ အခက်အခဲတွေကို ယောဘ ခံရပ်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၀ ယောဘကို ယေဟောဝါ ကြည့်ရှုနေတယ်။ ယောဘကို ချစ်လို့ အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ ယောဘကို စကားပြောတယ်။ မိမိမှာ အကန့်အသတ်မဲ့ ဉာဏ်ပညာ ရှိကြောင်း၊ ဖန်ဆင်းရာတွေကို ဂရုစိုက်စောင့်ရှောက်ကြောင်း ပြန်အမှတ်ရစေတယ်။ အံ့ဩစရာ တိရစ္ဆာန် များစွာအကြောင်း ပြောပြတယ်။ (ယောဘ ၃၈:၁၊ ၂။ ၃၉:၉၊ ၁၃၊ ၁၉၊ ၂၇။ ၄၀:၁၅။ ၄၁:၁၊ ၂) သစ္စာရှိ လူငယ် ဧလိဟုကို သုံးပြီးတော့လည်း အားပေးနှစ်သိမ့်တယ်။ ကျေးကျွန်တွေရဲ့ ခံနိုင်ရည်ကို ယေဟောဝါ အမြဲ ဆုချကြောင်း ယောဘကို ဧလိဟု စိတ်ချစေတယ်။ ယောဘကို မေတ္တာပါပါ ဆုံးမဖို့လည်း ဧလိဟုကို ယေဟောဝါ လှုံ့ဆော်ပေးတယ်။ စကြဝဠာ ဖန်ဆင်းရှင် ယေဟောဝါနဲ့ ယောဘရဲ့ အနေအထားကို နှိုင်းယှဉ်ပြခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံမစိုက်ဖို့ ဧလိဟု ကူညီပေးတယ်။ (ယောဘ ၃၇:၁၄) ပြစ်မှားတဲ့ အပေါင်းအဖော် သုံးယောက်အတွက် ဆုတောင်းပေးဖို့ ယောဘကို ဘုရား တာဝန်ပေးတယ်။ (ယောဘ ၄၂:၈-၁၀) ဒီနေ့ကော ကျွန်တော်တို့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။
၁၁။ အခက်အခဲတွေ ကြုံရချိန်မှာ ကျမ်းစာက ဘယ်လို နှစ်သိမ့်ပေးသလဲ။
၁၁ ယောဘတုန်းကလို ကျွန်တော်တို့ကို ယေဟောဝါ တိုက်ရိုက် စကားပြောမှာ မဟုတ်ပေမဲ့ နှုတ်မြွက်တော် ကျမ်းစာကတစ်ဆင့် စကားပြောနေတယ်။ (ရော. ၁၅:၄) အနာဂတ် မျှော်လင့်ချက် ပေးပြီး နှစ်သိမ့်ပေးတယ်။ အခက်အခဲ ကြုံရချိန်မှာ နှစ်သိမ့်ပေးနိုင်တဲ့ ကျမ်းချက်တချို့ကို စဉ်းစားကြည့်ပါ။ ပြင်းထန်တဲ့ အခက်အခဲတွေ အပါအဝင် ဘာကမှ ‘ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် မတားဆီးနိုင်ဘူး’ လို့ ကျမ်းစာမှာ ယေဟောဝါ အာမခံတယ်။ (ရော. ၈:၃၈၊ ၃၉) “ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်” လို့ ကတိပေးထားတယ်။ (ဆာ. ၁၄၅:၁၈) မိမိကို အားကိုးရင် ဘယ်အခက်အခဲကိုမဆို ဝမ်းမြောက်စွာ ခံရပ်နိုင်မယ်လို့ ပြောတယ်။ (၁ ကော. ၁၀:၁၃။ ယာ. ၁:၂၊ ၁၂) အခက်အခဲတွေဟာ ဘုရား ပေးမယ့် ထာဝရအသက်နဲ့ ယှဉ်ရင် ခဏယာယီသာ ဖြစ်ကြောင်း ကျမ်းစာက အမှတ်ရစေတယ်။ (၂ ကော. ၄:၁၆-၁၈) အခက်အခဲတွေ ဖြစ်ပေါ်စေတဲ့ စာတန်မာရ်နတ်နဲ့ ဘက်တော်သား အားလုံးကို ဖယ်ရှားတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ဘုရား ပေးထားတယ်။ (ဆာ. ၃၇:၁၀) အနာဂတ်မှာ အခက်အခဲတွေကို ခံရပ်နိုင်အောင် ကူညီပေးမယ့် ကျမ်းချက်တချို့ အလွတ်မှတ်ထားသလား။
၁၂။ ကျမ်းစာကနေ အကျိုး အပြည့်အဝ ရဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဘာလုပ်စေချင်သလဲ။
၁၂ ယေဟောဝါက ကျွန်တော်တို့ကို ကျမ်းစာ မှန်မှန် လေ့လာဖို့၊ ဖတ်ထားတာကို သေသေချာချာ တွေးတောဖို့ အချိန် ဖယ်ထားစေချင်တယ်။ သိလာတာကို လက်တွေ့ကျင့်ရင် ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်မာလာမယ်။ ကောင်းကင်ဖခင်နဲ့ ပိုရင်းနှီးလာမယ်။ အခက်အခဲတွေကို ပိုခံရပ်နိုင်လာမယ်။ ကျမ်းစာ ဖတ်ရှုလေ့လာသူတွေကို ဘုရား သန့်ရှင်းသော စွမ်းအားတော်လည်း ပေးတယ်။ စွမ်းအားတော်က ဘယ်အခက်အခဲကိုမဆို ခံရပ်ဖို့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ပေးနိုင်တယ်။—၂ ကော. ၄:၇-၁၀။
၁၃။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ပြင်ဆင်ပေးတဲ့ ကျမ်းစာ အကြောင်းအရာတွေက အခက်အခဲတွေကို ခံရပ်ဖို့ ဘယ်လို ကူညီပေးသလဲ။
၁၃ ယေဟောဝါရဲ့ အကူအညီကြောင့် “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” က ယုံကြည်ခြင်း ခိုင်မာစေတဲ့၊ ယေဟောဝါနဲ့ ပိုရင်းနှီးစေတဲ့ ဆောင်းပါး၊ ဗီဒီယို၊ သီချင်းတွေ အလျှံပယ် ထုတ်လုပ်ပေးနေတယ်။ (မ. ၂၄:၄၅) အဲဒီလို အချိန်တန် ပြင်ဆင်ပေးချက်တွေကနေ အကျိုး အပြည့်အဝ ရယူပါ။ အမေရိကန်မှာ နေထိုင်တဲ့ ညီအစ်မတစ်ယောက် အဲဒီလို ပြင်ဆင်ပေးချက်တွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြတယ်။ ပြင်းထန်တဲ့ အခက်အခဲတွေ ညီအစ်မ ရင်ဆိုင်ရတယ်။ အရက်မူးနေတဲ့ ကားသမားကြောင့် အဖိုး ကားတိုက်သေဆုံးသွားတယ်။ မိဘတွေ ရောဂါရပြီး သေဆုံးသွားတယ်။ ကိုယ်တိုင်လည်း ကင်ဆာ နှစ်ခါ ဖြစ်ထားတယ်။ ခံရပ်ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။ “ယေဟောဝါကို ဝတ်ပြုလာတဲ့ နှစ် ၄၀ အတွင်း ခဏခဏ သမာဓိ စမ်းသပ်ခံရတယ်။ ဒါပေမဲ့ ကျွန်မကို ယေဟောဝါ အမြဲ ဂရုစိုက်စောင့်ရှောက်တယ်။ သစ္စာနဲ့ သတိပညာရှိ ကျွန်ကတစ်ဆင့် ပြင်ဆင်ပေးတဲ့ ကျမ်းစာ အကြောင်းအရာတွေက ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ ‘သေတဲ့အထိ ကျုပ်ရဲ့သမာဓိကို မစွန့်ဘူး’ လို့ ပြောခဲ့တဲ့ ယောဘလိုပဲ ကျွန်မ ခံစားနေရတယ်” လို့ ပြောတယ်။—ယောဘ ၂၇:၅။
၁၄။ ခက်ခဲချိန်တွေအတွင်း ယုံကြည်သူချင်းတွေကို သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ထောက်မပေးသလဲ။ (၁ သက်သာလောနိတ် ၄:၉)
၁၄ ခက်ခဲချိန်တွေမှာ အချင်းချင်း ချစ်ပြီး နှစ်သိမ့်ပေးဖို့ လူမျိုးတော်ကို ယေဟောဝါ လေ့ကျင့်ပေးနေတယ်။ (၂ ကော. ၁:၃၊ ၄။ ၁ သက်သာလောနိတ် ၄:၉ ကို ဖတ်ပါ။) အခက်အခဲတွေ ကြုံရချိန်မှာ ဆက်သစ္စာရှိနိုင်အောင် ဧလိဟုလိုပဲ ညီအစ်ကို/မတွေ ကူညီပေးကြတယ်။ (တ. ၁၄:၂၂) ဥပမာ၊ ညီအစ်မ ဒိုင်ယန်းရဲ့ ခင်ပွန်း အသည်းအသန် ဖျားနာချိန်မှာ ဒိုင်ယန်းကို အသင်းတော်က ဘယ်လို ကူညီအားပေးကြောင်း စဉ်းစားကြည့်ပါ။ “သိပ်ခက်ပေမဲ့ ယေဟောဝါရဲ့ မေတ္တာပါလက်တော် ပွေ့ဖက်ထားသလို ခံစားရတယ်။ ညီအစ်ကို/မတွေကလည်း ထောက်မပေးတယ်။ လာလည်ကြတယ်။ ဖုန်းဆက်ကြတယ်။ ပွေ့ဖက်နှုတ်ဆက်ကြတယ်။ ကျွန်မ ကားမမောင်းတတ်လို့ အစည်းအဝေး၊ အမှုဆောင် အကြိုအပို့ လုပ်ပေးကြတယ်” လို့ ဒိုင်ယန်း ပြောတယ်။ ဒီလို မေတ္တာရှိတဲ့ မိသားစုဝင် ဖြစ်ရတာ ကောင်းချီးပါပဲ။
ယေဟောဝါရဲ့ မေတ္တာပါ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါ
၁၅။ အခက်အခဲတွေကို ခံရပ်နိုင်မယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။
၁၅ အခက်အခဲ တစ်မျိုးမဟုတ် တစ်မျိုးတော့ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ရမှာ မဟုတ်ဘူး။ မေတ္တာရှင် ဖခင် ယေဟောဝါ အမြဲ ကြည့်ရှုပေးနေတယ်။ ဘေးမှာ အမြဲ ရှိပြီး အသနားခံချက်တွေကို နားထောင်ပေးနေတယ်။ ကူညီချင်စိတ် ပြင်းပြနေတယ်။ (ဟေရှာ. ၄၃:၂) ခံရပ်နိုင်ဖို့ လိုအပ်သမျှ ရက်ရောစွာ ပြင်ဆင်ပေးထားလို့ ခံရပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ ဆုတောင်းခြင်း လက်ဆောင်၊ ကျမ်းစာ၊ ကျမ်းစာ အကြောင်းအရာ အလျှံပယ် ပေးထားတယ်။ လိုအပ်ချိန်မှာ ကူညီပေးမယ့် မေတ္တာရှိ ညီအစ်ကို အသင်းအပင်းကိုလည်း ပေးထားတယ်။
၁၆။ ယေဟောဝါရဲ့ မေတ္တာပါ စောင့်ရှောက်မှု ဆက်ခံစားရဖို့ ဘာလုပ်ရမလဲ။
၁၆ ကျွန်တော်တို့ကို ကောင်းကင်ဖခင် ကြည့်ရှုနေလို့ ကျေးဇူးတင်စရာပါပဲ။ “ဘုရားကြောင့် စိတ်ရွှင်လန်းရတယ်။” (ဆာ. ၃၃:၂၁) ဘုရား ပြင်ဆင်ပေးတာတွေကနေ အကျိုး အပြည့်အဝ ရယူခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်တယ်။ ဘုရားရဲ့စောင့်ရှောက်မှု ဆက်ခံစားရဖို့ ကိုယ့်ဘက်က လုပ်စရာရှိတာကိုလည်း လုပ်ရမယ်။ ယေဟောဝါကို အတတ်နိုင်ဆုံး ဆက်နာခံမယ်၊ ဘုရားရှေ့ မှန်ရာ ဆက်လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ကို ဘုရား ထာဝစဉ် ကြည့်ရှုစောင့်ရှောက်သွားပါလိမ့်မယ်။—၁ ပေ. ၃:၁၂။
သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ