မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၅

‘အချင်းချင်း ဆက်ပြီး အားပေးနေကြပါ’

‘အချင်းချင်း ဆက်ပြီး အားပေးနေကြပါ’

“အချင်းချင်း ဆက်ပြီး နှစ်သိမ့်​အားပေး​နေကြပါ။”—၁ သက်. ၅:၁၁

သီချင်း ၉၀ အချင်းချင်း အားပေးကြ

အကြို​သုံးသပ်ချက် *

၁။ ၁ သက်သာလောနိတ် ၅:၁၁ အရ ဘယ်လုပ်ငန်းမှာ ကျွန်တော်တို့​အားလုံး ပါဝင်​နေ​ကြသလဲ။

 ကိုယ့်​အသင်းတော် နိုင်ငံတော် ခန်းမ ဆောက်လုပ်ရေး​အပြီး ဒါမှမဟုတ် ပြုပြင်​မွမ်းမံမှု​အပြီး ခန်းမ​အသစ်လေးမှာ ဦးဆုံး အစည်းအဝေး တက်တဲ့အချိန်ကို မှတ်မိသလား။ ယေဟောဝါကို သိပ်ကျေးဇူးတင်မှာပဲ။ ဝမ်းသာလုံးဆို့ပြီး အဖွင့်သီချင်းကိုတောင် မနည်း ဆိုခဲ့ရမယ်။ ကောင်းစွာ ဆောက်လုပ်​ထားတဲ့ နိုင်ငံတော် ခန်းမတွေဟာ ယေဟောဝါကို ဂုဏ်တင်စရာ ဖြစ်စေတယ်။ တည်ဆောက်ရေး လုပ်ငန်း နောက်တစ်မျိုးမှာ ကျွန်တော်တို့ ပါဝင်ရင် ပိုလို့တောင် ဂုဏ်တင်စရာ ဖြစ်စေတယ်။ အဲဒါ ပကတိ အဆောက်အအုံတွေ တည်ဆောက်တာထက် ပိုတန်ဖိုးရှိတယ်။ ဝတ်ပြုရာ​နေရာတွေဆီ ရောက်လာ​သူ​တွေ​ကို တည်ဆောက်​ပေးခြင်း​ပါ။ အဓိက ကျမ်းချက် ၁ သက်သာလောနိတ် ၅:၁၁ မှာ တမန်တော် ပေါလု သုံးထားတဲ့ “အားပေး” ဆိုတဲ့ စကားလုံးဟာ “တည်ဆောက်” လို့လည်း အဓိပ္ပာယ်​ရတယ်။—ဖတ်ပါ။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

တမန်တော် ပေါလု​ဟာ ယုံကြည်သူချင်းတွေ​ကို ဘယ်လို အားပေး​တည်ဆောက်​ရမယ်ဆိုတာ သိတယ်။ ကိုယ်ချင်းစာ​တယ်။ ဒီဆောင်းပါးမှာ ညီအစ်ကို/မတွေ (၁) စမ်းသပ်မှုတွေ ခံရပ်ဖို့၊ (၂) အချင်းချင်း သင့်မြတ်ဖို့၊ (၃) ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်ခံ့​ဖို့ ပေါလု ကူညီပေးခဲ့ပုံကို ဆွေးနွေးပါမယ်။ ပေါလု​ကို အတုယူပြီး ညီအစ်ကို/မတွေကို ဘယ်လို အားပေး​တည်ဆောက်နိုင်ကြောင်း ကြည့်ကြစို့။—၁ ကော. ၁၁:၁

စမ်းသပ်မှုတွေ ခံရပ်ဖို့ ညီအစ်ကို/မတွေကို ပေါလု ကူညီ

၃။ ပေါလု​မှာ ဘယ်မျှတတဲ့ အမြင် ရှိသလဲ။

ညီအစ်ကို/မတွေကို ပေါလု သိပ်ချစ်တယ်။ အခက်အခဲတွေကို ကိုယ်တိုင် ကြုံဖူး​လို့ ယုံကြည်သူချင်းတွေ အခက်အခဲ ကြုံရတဲ့အခါ ကိုယ်ချင်းစာ​ပေးနိုင်တယ်။ တစ်ခါတုန်းက လက်ထဲ ငွေပြတ်သွားလို့ ကိုယ်တိုင်နဲ့ အပေါင်းအဖော်တွေကို ထောက်ပံ့ဖို့ အလုပ်ရှာခဲ့ရတယ်။ (တ. ၂၀:၃၄) ပေါလု​ဟာ တဲရှင်ချုပ်သူ ဖြစ်တယ်။ ကောရိန္သု​မြို့ကို ရောက်တော့ အစပိုင်းမှာ အာကုလ၊ ပြစ်ကိလ​တို့နဲ့​အတူ တဲရှင်ချုပ်တယ်။ ဒါပေမဲ့ “ဥပုသ်​နေ့တိုင်း” ဂျူးတွေ၊ ဂရိတွေကို ဟောပြောတယ်။ သိလ​နဲ့ တိမောသေ ရောက်လာတဲ့အခါမှာတော့ “တရားစကား ဟောပြောတဲ့​အလုပ်ကိုပဲ အာရုံစိုက်တော့တယ်။” (တ. ၁၈:၂-၅) ဘုရား​အမှုဆောင်ခြင်း​ဆိုတဲ့ အဓိက ပန်းတိုင်ကို ပေါလု ဘယ်တော့မှ မျက်ခြည်မပြတ်ဘူး။ ကိုယ်တိုင်​က အလုပ်ကြိုးစားသူ ဖြစ်လို့ ညီအစ်ကို/မတွေကို အကြံဉာဏ်ကောင်း ပေးနိုင်တယ်။ ဘဝဖိအားတွေ၊ မိသားစု​တာဝန်တွေကြောင့် “ပိုအရေးကြီးတဲ့အရာတွေ” ဖြစ်တဲ့ ဝတ်ပြုရေး ကဏ္ဍတွေကို လျစ်လျူမရှုဖို့ သတိပေးတယ်။—ဖိ. ၁:၁၀

၄။ နှိပ်စက်​ညှဉ်းပန်းမှု​ကို ခံရပ်ဖို့ ယုံကြည်သူချင်းတွေ​ကို ပေါလု​နဲ့ တိမောသေ ဘယ်လို ကူညီပေးသလဲ။

သက်သာလောနိတ် အသင်းတော် တည်ထောင်ပြီး မကြာခင် ယုံကြည်သူ​အသစ်တွေ​ဟာ ပြင်းထန်တဲ့ ဆန့်ကျင်မှု ကြုံရတယ်။ သွေးဆူနေတဲ့ လူအုပ်​က ပေါလု​နဲ့ သိလ​ကို ရှာမတွေ့တော့ “ညီအစ်ကိုတချို့ကို မြို့အရာရှိတွေဆီ ဆွဲခေါ်​သွားပြီး” ‘ဒီ​လူတွေ ဆီဇာ​ရဲ့ အမိန့်ကို အာခံ​နေ​တယ်’ လို့ အော်ကြတယ်။ (တ. ၁၇:၆၊ ၇) တစ်မြို့တည်းသားချင်းတွေ ရန်မူနေတာကို ခရစ်ယာန် ဖြစ်ခါစသူတွေ တွေ့လိုက်ရတဲ့အခါ ဘယ်လောက် တုန်လှုပ်​သွားမလဲ မြင်ယောင်​ကြည့်ပါ။ ယေဟောဝါရဲ့ အမှုတော်မှာ ဇွဲလျော့​သွားနိုင်တယ်။ သူတို့ကို ပေါလု အဲဒီလို မဖြစ်စေချင်ဘူး။ ပေါလု​ဟာ သိလ​နဲ့​အတူ ထွက်သွား​ရပေမဲ့ အသင်းတော်​အသစ်​ကို ဂရုစိုက်​ဖို့ စီစဉ်ပေးခဲ့တယ်။ “ညီအစ်ကို တိမောသေ​ကို ခင်ဗျားတို့ဆီ လွှတ်လိုက်တယ်။ . . . ခင်ဗျားတို့ကို ယုံကြည်ခြင်း ခိုင်ခံ့စေပြီး နှစ်သိမ့်ပေးဖို့၊ ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် ခင်ဗျားတို့ ယိမ်းယိုင်မသွားစေဖို့ သူ့ကို လွှတ်လိုက်တယ်” လို့ သက်သာလောနိတ် အသင်းသားတွေကို ပေါလု ပြောတယ်။ (၁ သက်. ၃:၂၊ ၃) တိမောသေ​ဟာ ဇာတိမြို့ လုတ္တရ​မှာ နှိပ်စက်​ညှဉ်းပန်းမှု ကြုံဖူးပုံ ရတယ်။ အဲဒီက ညီအစ်ကိုတွေကို ပေါလု ဘယ်လို ခိုင်ခံ့စေ​တယ်ဆိုတာ တွေ့ခဲ့​တယ်။ ရလဒ်ကောင်းတွေ မြင်ခဲ့တယ်။ ဒါကြောင့် ညီအစ်ကို/မသစ်တွေကိုလည်း အစစ အရာရာ အဆင်ပြေ​သွားမှာပါ​လို့ နှစ်သိမ့်​ပေးနိုင်ခဲ့တယ်။—တ. ၁၄:၈၊ ၁၉-၂၂။ ဟီ. ၁၂:၂

၅။ အကြီးအကဲ​တစ်ယောက်ရဲ့ အကူအညီ​ကနေ ညီအစ်ကို ဘရိုင်ယန် ဘယ်လို အကျိုးရခဲ့သလဲ။

ယုံကြည်သူချင်းတွေ​ကို တခြား​ဘယ်နည်းတွေနဲ့ ပေါလု ခိုင်ခံ့စေသေးသလဲ။ လုတ္တရ​မြို့၊ အိကောနိ​မြို့၊ အန္တိအုတ်မြို့ဆီ ပြန်လည်ပတ်ချိန်မှာ ပေါလု​နဲ့ ဗာနဗ​က “အသင်းတော်တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်တယ်။” (တ. ၁၄:၂၁-၂၃) အဲဒီ​အကြီးအကဲတွေဟာ အသင်းတော်အတွက် နှစ်သိမ့်မှု ဖြစ်စေခဲ့မှာပဲ။ ဒီနေ့ခေတ်​လည်း အဲဒီလိုပဲ။ ဘရိုင်ယန်​လို့ ခေါ်တဲ့ ညီအစ်ကိုက “ကျွန်တော် အသက် ၁၅ နှစ်မှာ အဖေ အိမ်က ထွက်သွား​တယ်။ အမေ အသင်းတော်က နှင်ထုတ်​ခံရတယ်။ အစွန့်ပစ်ခံ​တစ်ယောက်လို ကျွန်တော် ခံစားရတယ်။ စိတ်ဓာတ်ကျတယ်” လို့ ပြောတယ်။ ဒီလို ခက်ခဲတဲ့ အချိန်မှာ ခံရပ်ဖို့ ဘရိုင်ယန်​ကို ဘာက ကူညီပေးသလဲ။ ဘရိုင်ယန် ဒီလိုပြောတယ်– “တိုနီလို့ ခေါ်တဲ့ အကြီးအကဲက အစည်းအဝေးတွေမှာ​ကော တခြား​အချိန်တွေမှာ​ပါ ကျွန်တော်နဲ့ စကားပြောတယ်။ စမ်းသပ်မှုတွေ​ကြား ပျော်ရွှင်​နေ​သူ​တွေ​အကြောင်း ပြောပြတယ်။ ဆာလံ ၂၇:၁၀ ကို ဖတ်ပြတယ်။ ဖခင်​ဖြစ်သူ စံနမူနာ မ​ကောင်းပေမဲ့ သစ္စာရှိခဲ့တဲ့ ဟေဇကိ​အကြောင်း ပြောပြတယ်။” ဒါက ဘရိုင်ယန်​ကို ဘယ်လို ကူညီပေးသလဲ။ “တိုနီ​ရဲ့ အားပေးမှုကြောင့် အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ကျွန်တော် စပါဝင်နိုင်ခဲ့တာ” လို့ ပြောတယ်။ အကြီးအကဲ​တို့၊ “ကောင်းတဲ့စကား၊” အားပေးစကား ကြားဖို့ လိုအပ်နေတဲ့ ဘရိုင်ယန်လို လူတွေကို ကူညီဖို့ အသင့်ရှိကြပါ။—ပညာ. ၁၂:၂၅

၆။ ဘဝအတ္ထုပ္ပတ္တိတွေ သုံးပြီး ညီအစ်ကို/မတွေကို ပေါလု ဘယ်လို အားပေးသလဲ။

အခက်အခဲတွေကို ဘုရားပေး ခွန်အား​နဲ့ ခံရပ်ခဲ့​တဲ့ ‘တိမ်ထုကြီးလို များတဲ့ သက်သေတွေ’ အကြောင်း ယုံကြည်သူချင်းတွေ​ကို ပေါလု သတိ​ရစေတယ်။ (ဟီ. ၁၂:၁) အခက်အခဲ အမျိုးမျိုးကို အောင်မြင်စွာ ခံရပ်ခဲ့​တဲ့ အတိတ်က ကျေးကျွန်တွေရဲ့ ဘဝအတ္ထုပ္ပတ္တိတွေက ညီအစ်ကို/မတွေ သတ္တိ​ရှိဖို့၊ “အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ မြို့တော်” ကို ဆက်အာရုံစိုက်ဖို့ ကူညီပေးနိုင်တယ်ဆိုတာ ပေါလု သိတယ်။ (ဟီ. ၁၂:၂၂) ဒီနေ့လည်း အလားတူပါပဲ။ ဂိဒေါင်၊ ဗာရက်၊ ဒါဝိဒ်၊ ရှမွေလ​နဲ့ တခြားသူတွေကို ယေဟောဝါ ကူညီပေးပုံ​အကြောင်း ဖတ်ရတဲ့အခါ ကျွန်တော်တို့ အားရှိကြတယ်။ (ဟီ. ၁၁:၃၂-၃၅) ခေတ်သစ် ယုံကြည်ခြင်း စံနမူနာရှင်တွေ​အကြောင်း ဖတ်ရတဲ့အခါ​မှာ​လည်း အားရှိ​ရတယ်။ သူတို့ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ ဖတ်​လိုက်ရ​ပြီးနောက် ယုံကြည်ခြင်း ခိုင်ခံ့​သွားတယ်​ဆိုပြီး ကမ္ဘာ့​ဌာနချုပ်​ကို ညီအစ်ကို/မတွေ မကြာခဏ စာ​ရေးလေ့ ရှိတယ်။

အချင်းချင်း သင့်မြတ်နိုင်ပုံကို ပေါလု သင်ပေး

၇။ ရောမ ၁၄:၁၉-၂၁ မှာ ပါတဲ့ ပေါလု​ရဲ့ အကြံဉာဏ်ကနေ ဘာသင်ယူရသလဲ။

အသင်းတော်မှာ ငြိမ်သက်မှု တိုးများစေခြင်းအားဖြင့် ညီအစ်ကို/မတွေကို ကျွန်တော်တို့ အားပေး​တည်ဆောက်​ကြတယ်။ အမြင်မတူမှုတွေကြောင့် သွေးမကွဲကြဘူး။ ကျမ်းစာမူနဲ့ မငြိတဲ့ ကိစ္စတွေမှာ လိုက်လျောညီထွေ ရှိကြတယ်။ ဥပမာ​တစ်ခု သုံးသပ်ကြည့်ပါ။ ရောမ အသင်းတော်မှာ ဂျူးတွေကော လူမျိုးခြား ခရစ်ယာန်တွေ​ပါ ရှိတယ်။ မောရှေ​ပညတ် ဖယ်ရှားခံရပြီးနောက် အစားအသောက်​နဲ့​ပတ်သက်တဲ့ ပညတ်တွေ လိုက်နာ​စ​ရာ မလိုတော့ဘူး။ (မာ. ၇:၁၉) အဲဒီအချိန်​က​စပြီး ဂျူး​ခရစ်ယာန်​တချို့က ဘာမဆို စိတ်သန့်သန့်နဲ့ စားကြတယ်။ တချို့ကျတော့ မစားနိုင်ကြဘူး။ ဒီကိစ္စကြောင့် အသင်းတော်မှာ သဘောထား ကွဲလွဲ​လာတယ်။ ငြိမ်သက်ခြင်း​ရဲ့ အရေးကြီးမှုကို ပေါလု အလေးပေးပြီး “ညီအစ်ကို​အတွက် တိုက်မိ​လဲစရာ ဖြစ်စေမယ်​ဆိုရင် အသားစားတာဖြစ်စေ၊ ဝိုင်သောက်တာဖြစ်စေ ဘာကိုမှ မ​လုပ်တာ အကောင်းဆုံးပါပဲ” လို့ ပြောတယ်။ (ရောမ ၁၄:၁၉-၂၁ ကို ဖတ်ပါ။) ဒီလို​သဘောထား ကွဲလွဲမှုတွေက တစ်ယောက်ချင်း​ကို​ကော အသင်းတော်လိုက်ကိုပါ ထိခိုက်​စေနိုင်​တယ်ဆိုတာ နားလည်ဖို့ ညီအစ်ကို/မတွေကို ပေါလု ကူညီပေးတယ်။ တခြားသူတွေ တိုက်မိမလဲစေဖို့ ကိုယ်တိုင်လည်း ပြောင်းလဲစရာ ရှိရင် လိုလိုလားလား ပြောင်းလဲတယ်။ (၁ ကော. ၉:၁၉-၂၂) ကျွန်တော်တို့လည်း တစ်ယောက်ချင်းစီရဲ့ အကြိုက်​အတိုင်း ဆုံးဖြတ်​ရမယ့် ကိစ္စတွေမှာ အငြင်းမပွားခြင်းအားဖြင့် ညီအစ်ကို/မတွေကို အားပေး​တည်ဆောက်​နိုင်တယ်။ ငြိမ်သက်မှု ထိန်းသိမ်း​နိုင်တယ်။

၈။ အသင်းတော် ငြိမ်သက်မှု ထိခိုက်စေတဲ့ အရေးကြီး ကိစ္စကို ပေါလု ဘယ်လို ကိုင်တွယ်သလဲ။

အရေးကြီး ကိစ္စတွေမှာ သဘောထား ကွဲလွဲကြတဲ့အခါ ငြိမ်သက်မှု ထိန်းသိမ်းခြင်းအားဖြင့် ပေါလု စံနမူနာကောင်း ပြတယ်။ ဥပမာ၊ ပထမ​ရာစု အသင်းသား​တချို့က ဘာသာပြောင်းဝင်လာတဲ့ လူမျိုးခြားတွေ အရေဖျား ဖြတ်ရမယ်လို့ ပြောကြတယ်။ ဂျူးတွေရဲ့ အပြော​လွတ်ဖို့ ဖြစ်နိုင်တယ်။ (ဂလ. ၆:၁၂) ပေါလု လုံးဝ သဘော​မတူဘူး။ ဒါပေမဲ့ ကိုယ့်​အယူအဆကို အတင်း မသွတ်သွင်းဘူး။ ဂျေရုဆလင်မြို့မှာ ရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေဆီ နှိမ့်ချမှုရှိရှိ မေးမြန်းတယ်။ (တ. ၁၅:၁၊ ၂) ပေါလု ပြဿနာ ကိုင်တွယ်ပုံကြောင့် အသင်းတော်မှာ ပျော်ရွှင်မှု၊ ငြိမ်သက်မှု ထိန်းသိမ်းနိုင်ခဲ့တယ်။—တ. ၁၅:၃၀၊ ၃၁

၉။ ပေါလု​ရဲ့ စံနမူနာကို ဘယ်လို အတုယူနိုင်သလဲ။

အကြီးအကျယ် အငြင်းပွား​စ​ရာ ပေါ်လာတဲ့အခါ အသင်းတော်ကို ဂရုစိုက်​ဖို့ ယေဟောဝါ ခန့်အပ်ထားသူတွေဆီကနေ လမ်းညွှန်ချက် တောင်းခံခြင်းအားဖြင့် ကျွန်တော်တို့ ငြိမ်သက်မှု တိုးများစေကြတယ်။ အဖွဲ့အစည်းထုတ် စာပေတွေ​မှာ ကျမ်းစာ အခြေပြု လမ်းညွှန်ချက်တွေ တွေ့ရ​တတ်တယ်။ ကိုယ့်​အယူအဆကို အတင်း လိုက်နာစေမယ့်အစား အဖွဲ့အစည်း လမ်းညွှန်ချက်တွေကို လိုက်နာမယ်​ဆိုရင် အသင်းတော် ငြိမ်သက်မှု တိုးများ​လာမယ်။

၁၀။ အသင်းတော် ငြိမ်သက်မှု တိုးများ​ဖို့ ပေါလု ဘာလုပ်သေးသလဲ။

၁၀ ညီအစ်ကို/မတွေရဲ့ အားနည်းချက်ကို မဟုတ်ဘဲ အားသာချက်​ကို အလေးပေး ဖော်ပြခြင်းအားဖြင့် ပေါလု ငြိမ်သက်မှု တိုးများ​စေတယ်။ ဥပမာ၊ ရောမ အသင်းတော်ဆီ ရေးတဲ့ စာ​အဆုံးပိုင်းမှာ လူ​အများကြီးကို နာမည်နဲ့တကွ ဖော်ပြတယ်။ နာမည်​အများစုကို မှတ်ချက်တို၊ မှတ်ချက်ကောင်းလေးတွေနဲ့ တွဲဖော်ပြတယ်။ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ပြောခြင်းအားဖြင့် ပေါလု​ကို အတုယူ​နိုင်တယ်။ ဒီနည်းအားဖြင့် ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီး​လာမယ်။ အသင်းတော်မှာ မေတ္တာ တိုးလာ​မယ်။

၁၁။ သဘောထား ကွဲလွဲစရာတွေ ပေါ်လာတဲ့အခါ သင့်မြတ်ဖို့ ဘာလုပ်ရမလဲ။

၁၁ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ​တောင် အချင်းချင်း သဘောထား ကွဲလွဲ၊ အငြင်းပွား​တဲ့​အချိန်တွေ ရှိနိုင်တယ်။ ပေါလု​နဲ့ မိတ်ဆွေ ဗာနဗ အဲဒီလို ဖြစ်ခဲ့တယ်။ နောက်သာသနာပြု ခရီးစဉ်​မှာ မာကု​ကို ခေါ်မယ်၊ မခေါ်ဘူး​ဆိုတာနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲ​ကြတယ်။ “အကြီးအကျယ် အငြင်းပွားပြီး” လမ်းခွဲ​လိုက်ကြတယ်။ (တ. ၁၅:၃၇-၃၉) ဒါပေမဲ့ ပေါလု၊ ဗာနဗ၊ မာကု​တို့ ပြန်သင့်မြတ်​သွားကြတယ်။ အသင်းတော် ငြိမ်သက်မှု၊ စည်းလုံးမှု​ကို တန်ဖိုးထား​ကြောင်း ပြလိုက်တာပဲ။ နောက်ပိုင်း၊ ဗာနဗ​နဲ့ မာကု​အကြောင်း ပေါလု အကောင်း​ပြောတယ်။ (၁ ကော. ၉:၆။ ကော. ၄:၁၀) ကျွန်တော်တို့လည်း ညီအစ်ကို/မတွေနဲ့ သဘောထား ကွဲလွဲတဲ့အခါ သင့်မြတ်ဖို့ ကြိုးစားရမယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေကို ဆက်အာရုံစိုက်ရမယ်။ ဒါဆိုရင် ငြိမ်သက်မှု၊ စည်းလုံးမှု တိုးများ​လာမယ်။—ဧ. ၄:၃

ညီအစ်ကို/မတွေကို ပေါလု ယုံကြည်ခြင်း ခိုင်ခံ့စေ

၁၂။ ညီအစ်ကို/မတွေရဲ့ အခက်အခဲ​တချို့က ဘာတွေလဲ။

၁၂ ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေခြင်းအားဖြင့် ညီအစ်ကို/မတွေကို ကျွန်တော်တို့ အားပေး​တည်ဆောက်​ကြတယ်။ ညီအစ်ကို/မတချို့ဟာ မယုံကြည်သူ မိသားစုဝင်၊ အလုပ်ဖော်၊ အတန်းဖော်တွေ လှောင်ပြောင်တာ ခံနေရတယ်။ တချို့ကျတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ ရှိနေတယ်။ စိတ်ဒဏ်ရာ​ကို ကုစား​နေ​ရတယ်။ တချို့က နှစ်ခြင်းခံပြီးတာ၊ ဒီ​စနစ် အဆုံးတိုင်မယ့်​အချိန် စောင့်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒီ​အခြေအနေတွေက ဒီနေ့ခေတ် ခရစ်ယာန်တွေ​အတွက် ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ ပထမ​ရာစု ခရစ်ယာန်တွေ​မှာ​လည်း ဒီလို အခက်အခဲတွေ ရှိတယ်။ သူတို့ကို ခိုင်ခံ့စေဖို့ ပေါလု ဘာလုပ်ခဲ့သလဲ။

တမန်တော် ပေါလုလို​ပဲ တခြားသူတွေကို ကျွန်တော်တို့ ဘယ်လို အားပေး​တည်ဆောက်နိုင်သလဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ) *

၁၃။ ယုံကြည်ချက်ကြောင့် လှောင်ပြောင်​ခံရတဲ့ ညီအစ်ကို/မတွေကို ပေါလု ဘယ်လို ကူညီပေးသလဲ။

၁၃ ညီအစ်ကို/မတွေ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ကျမ်းစာကို ပေါလု အသုံးပြုတယ်။ ဥပမာ၊ ခရစ်ယာန်​ဘာသာထက် ဂျူးဘာသာ ပိုသာ​တယ်​လို့ ဝေဖန်​လာတဲ့ မယုံကြည်သူ မိသားစုဝင်တွေကို ဘာပြန်ပြောရမယ်ဆိုတာ ဂျူး​ခရစ်ယာန်တွေ မသိဘဲ ဖြစ်နေနိုင်တယ်။ ဟီဘရူး အသင်းတော်ဆီ ရေးတဲ့ ပေါလု​ရဲ့ စာ​က အဲဒီခရစ်ယာန်တွေကို အားရှိစေခဲ့မှာပဲ။ (ဟီ. ၁:၅၊ ၆။ ၂:၂၊ ၃။ ၉:၂၄၊ ၂၅) ပေါလု​ရဲ့ အားပါ​တဲ့ ကျိုးကြောင်း​ဆင်ခြင်မှု​ကို သုံးပြီး ဆန့်ကျင်သူတွေကို ချေပ​နိုင်တယ်။ ဒီနေ့လည်း ကျမ်းစာ​အခြေပြု စာပေတွေ သုံးပြီး ကိုယ့်​ယုံကြည်ချက်​အကြောင်း ရှင်းပြတတ်အောင် ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကူညီပေးနိုင်တယ်။ ဖန်ဆင်းခြင်း​ကို ယုံလို့ လှောင်ပြောင်​ခံရတဲ့ လူငယ်တွေကို သက်ရှိ​များသည် ဖန်ဆင်းခံရခြင်းလော စာစောင်​ထဲက အချက်အလက်တွေ သုံးပြီး ဖန်ဆင်းခြင်း​ကို ယုံရတဲ့ အကြောင်းရင်း ရှင်းပြတတ်ဖို့ ကူညီပေးနိုင်တယ်။

တမန်တော် ပေါလုလို​ပဲ တခြားသူတွေကို ကျွန်တော်တို့ ဘယ်လို အားပေး​တည်ဆောက်နိုင်သလဲ (စာပိုဒ် ၁၄ ကို ကြည့်ပါ) *

၁၄။ ဟောပြော​သွန်သင်ခြင်း​လုပ်ငန်းမှာ အလုပ်များပေမဲ့ ပေါလု ဘာလုပ်သလဲ။

၁၄ “အကျင့်ကောင်းတွေ ကျင့်” ခြင်းအားဖြင့် မေတ္တာပြကြဖို့ ညီအစ်ကို/မတွေကို ပေါလု အားပေးတယ်။ (ဟီ. ၁၀:၂၄) ညီအစ်ကို/မတွေကို အပြောနဲ့​သာမက လက်တွေ့ကျကျ ပေါလု ကူညီပေးတယ်။ ဥပမာ၊ ယုဒပြည်မှာ အငတ်ဘေး ဆိုက်တော့ ယုံကြည်သူချင်းတွေဆီ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေး​တယ်။ (တ. ၁၁:၂၇-၃၀) ဟောပြော​သွန်သင်ခြင်း​လုပ်ငန်းမှာ အလုပ်များပေမဲ့ နွမ်းပါး​သူ​တွေ​ကို ကူညီဖို့ အမြဲ နည်းလမ်း​ရှာတယ်။ (ဂလ. ၂:၁၀) ယေဟောဝါ စောင့်ရှောက်မယ်ဆိုတာ ညီအစ်ကို/မတွေကို ယုံကြည်​စိတ်ချစေတယ်။ ဒီနေ့လည်း သဘာဝ​ဘေး ကယ်ဆယ်ရေး​မှာ ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား၊ စွမ်းရည်တွေကို အသုံးပြုခြင်း၊ ကမ္ဘာချီ​လုပ်ငန်းအတွက် မှန်မှန် အလှူငွေ ထည့်ခြင်းအားဖြင့် ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို တည်ဆောက်​ပေးကြတယ်။ ယေဟောဝါ ဘယ်တော့မှ စွန့်မှာ မဟုတ်ကြောင်း ယုံကြည်​စိတ်ချဖို့ ဒီနည်းနဲ့ တခြား​နည်းတွေအားဖြင့် ညီအစ်ကို/မတွေကို ကူညီပေးကြတယ်။

တမန်တော် ပေါလုလို​ပဲ တခြားသူတွေကို ကျွန်တော်တို့ ဘယ်လို အားပေး​တည်ဆောက်နိုင်သလဲ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ) *

၁၅-၁၆။ ယုံကြည်ခြင်း အားနည်းသွားသူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။

၁၅ ယုံကြည်ခြင်း အားနည်းသွားသူတွေကို ပေါလု လက်မလျှော့ဘူး။ ကရုဏာ​ထားတယ်။ နွေးနွေးထွေးထွေး၊ အပြုသဘောပါပါ ပြောဆိုတယ်။ (ဟီ. ၆:၉။ ၁၀:၃၉) ဥပမာ၊ ဟီဘရူး အသင်းတော်ဆီ ရေးတဲ့ စာ​မှာ “ကျွန်တော်တို့” ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် သုံးထားတယ်။ အကြံဉာဏ်တွေ​ဟာ မိမိ​နဲ့​လည်း သက်ဆိုင်တယ်​ဆိုတာကို အသိအမှတ်ပြုကြောင်း ပြတယ်။ (ဟီ. ၂:၁၊ ၃) ပေါလုလို​ပဲ ကျွန်တော်တို့လည်း ယုံကြည်ခြင်း အားနည်းသွားသူတွေကို လက်မလျှော့ဘူး။ စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှု ပြခြင်းအားဖြင့် အားပေး​တည်ဆောက်​တယ်။ သူတို့ကို ချစ်တယ်ဆိုတာ စိတ်ချစေတယ်။ ပြောတဲ့ စကားအားဖြင့်​သာမက နွေးထွေး​ကြင်နာတဲ့ လေသံအားဖြင့်ပါ အားပေး​တည်ဆောက်​နိုင်တယ်။

၁၆ မိမိတို့ရဲ့ လုပ်ရပ်ကောင်းတွေကို ယေဟောဝါ သတိထား​မိ​ကြောင်း ညီအစ်ကို/မတွေကို ပေါလု စိတ်ချစေတယ်။ (ဟီ. ၁၀:၃၂-၃၄) ကျွန်တော်တို့လည်း ယုံကြည်ခြင်း အားနည်း​သွားတဲ့ ညီအစ်ကို/မ​ကို ဒီနည်းနဲ့ ကူညီနိုင်တယ်။ အမှန်တရားထဲ ရောက်လာပုံကို ပြောပြခိုင်းနိုင်တယ်။ ယေဟောဝါရဲ့ ထောက်မမှု ခံစားရတဲ့​အချိန်တွေကို ပြန်စဉ်းစားဖို့ အားပေးနိုင်တယ်။ မေတ္တာ​လုပ်ရပ်တွေ​ကို ယေဟောဝါ မမေ့​ကြောင်း၊ သူ့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ကြောင်း အခွင့်အရေးယူ အားပေးနိုင်တယ်။ (ဟီ. ၆:၁၀။ ၁၃:၅၊ ၆) ဒါတွေ​က အမှုတော်မှာ ဆက်ပါဝင်ဖို့ လှုံ့ဆော်မှု ဖြစ်နိုင်တယ်။

‘အချင်းချင်း ဆက်ပြီး အားပေး​နေကြပါ’

၁၇။ ဘယ်စွမ်းရည်တွေ တိုးတက်အောင် ကြိုးစားနိုင်သလဲ။

၁၇ ဆောက်လုပ်ရေး လုပ်သားဟာ တဖြည်းဖြည်း စွမ်းရည် တိုးတက်လာသလို ကျွန်တော်တို့လည်း အချင်းချင်း အားပေး​တည်ဆောက်​ရာ​မှာ ပိုကျွမ်းကျင်​လာနိုင်တယ်။ ခံနိုင်ရည် ရှိခဲ့​သူ​တွေ​ရဲ့ စံနမူနာတွေ​အကြောင်း ညီအစ်ကို/မတွေကို ပြောပြခြင်းအားဖြင့် စမ်းသပ်မှုတွေ ခံရပ်ဖို့ ကူညီပေးနိုင်တယ်။ တခြားသူတွေရဲ့ ကောင်းကွက်​ကို ထုတ်ပြောခြင်းအားဖြင့် ငြိမ်သက်မှု တိုးများ​စေနိုင်​တယ်။ ငြိမ်သက်မှု ထိပါးလာတဲ့အခါ ထိန်းသိမ်း​နိုင်တယ်။ သဘောထား ကွဲလွဲတဲ့အခါ သင့်မြတ်အောင် လုပ်နိုင်တယ်။ အရေးကြီးတဲ့ ကျမ်းစာ​အမှန်တရားတွေ ဝေမျှခြင်း၊ လက်တွေ့ကျကျ ကူညီခြင်း၊ ယုံကြည်ခြင်း အားနည်းသွားသူတွေကို ထောက်မခြင်းအားဖြင့် ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို ဆက်တည်ဆောက်​ပေးနိုင်တယ်။

၁၈။ သင် ဘာစိတ်ပိုင်းဖြတ်ထားသလဲ။

၁၈ အဖွဲ့အစည်းရဲ့ ဆောက်လုပ်ရေး စီမံကိန်းမှာ ပါဝင်တဲ့အခါ ပျော်ရွှင်​ကျေနပ်မှု ခံစားရတယ်။ ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို တည်ဆောက်​ပေးတဲ့အခါလည်း ပျော်ရွှင်​ကျေနပ်​ရတယ်။ ပကတိ အဆောက်အအုံတွေ​ဟာ ယိုယွင်း​ပျက်စီးတတ်တယ်။ ညီအစ်ကို/မတွေကို အားပေး​တည်ဆောက်​လို့ ရလာတဲ့ ရလဒ်တွေကတော့ ထာဝစဉ် တည်နိုင်တယ်။ ဒါကြောင့် “အချင်းချင်း ဆက်ပြီး နှစ်သိမ့်​အားပေးနေ” ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—၁ သက်. ၅:၁၁

သီချင်း  ၁၀၀ ဧည့်ဝတ်​ကျေပွန်​ပါ

^ ဒီ​လောက​စနစ်​မှာ ဘဝက သိပ်ခက်ခဲတယ်။ ညီအစ်ကို/မတွေဟာ ဖိအား အများကြီး ရင်ဆိုင်​နေကြရတယ်။ သူတို့ကို နည်းလမ်း​ရှာ အားပေးတဲ့အခါ အကူအညီ သိပ်ဖြစ်တယ်။ ဒီ​ကဏ္ဍ​နဲ့ပတ်သက်ပြီး တမန်တော် ပေါလု​ရဲ့ စံနမူနာကို သုံးသပ်ကြရအောင်။

^ ပုံအညွှန်း– ခရစ်စမတ်ပွဲ ကျင်းပဖို့ ဖိအား​ပေးခံရတဲ့အခါ အဖွဲ့အစည်းထုတ် စာပေတွေ​မှာ ပါတဲ့ အကြံပြုချက်တွေကို ဘယ်လို သုံးနိုင်​ကြောင်း သမီးကို ဖခင် ပြနေ။

^ ပုံအညွှန်း– သဘာဝ​ဘေး ကယ်ဆယ်ရေး​မှာ ကူညီဖို့ နိုင်ငံ​အတွင်း​က တခြား​ဒေသတစ်ခုဆီ မောင်နှံ​တစ်စုံ သွား။

^ ပုံအညွှန်း– ယုံကြည်ခြင်း အားနည်း​သွားတဲ့ ညီအစ်ကိုဆီ အကြီးအကဲ လည်ပတ်​နေ။ သူတို့ အတူတူ တက်ခဲ့ကြတဲ့ ရှေ့ဆောင်​သင်တန်းက ဓာတ်ပုံ​တချို့ ပြနေ။ ပျော်စရာ​အချိန်တွေကို ညီအစ်ကို ပြန်သတိရလာ။ ယေဟောဝါရဲ့ အမှုဆောင်စဉ်က ခံစားရတဲ့ ပျော်ရွှင်မှုမျိုး ပြန်လိုချင်လာ။ နောက်ဆုံး​မှာ အသင်းတော်ဆီ ပြန်လှည့်လာ။