မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရ ကာလပတ်လုံး နာမတော် ချီးမွမ်းဂုဏ်တင်ခံရအောင် ယေဟောဝါ လုပ်မယ်

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

၂၀၂၀၊ ဇွန်လ ကင်းမျှော်စင် မှာ ပါတဲ့ “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” ဆောင်းပါးက ယေဟောဝါရဲ့ နာမည်၊ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး ဘယ်လို ပိုနားလည်စေသလဲ

ကောင်းကင်တမန်တွေ၊ လူတွေ အားလုံးအတွက် သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိကြောင်း အဲဒီဆောင်းပါးကနေ သိရတယ်။ အဲဒါကတော့ ယေဟောဝါရဲ့ နာမည် သန့်ရှင်းမြင့်မြတ်ခြင်း အရေးကိစ္စပါ။ အဲဒီထဲမှာ ဘုရားရဲ့ အချုပ်အခြာအာဏာ အရေးကိစ္စ၊ a လူသားတွေ သမာဓိ စောင့်သိမသိ အရေးကိစ္စ ပါဝင်တယ်။

ယေဟောဝါရဲ့ နာမည် သန့်ရှင်းမြင့်မြတ်ခြင်းနဲ့ နာမည်ကိုယ်နှိုက်ဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ ဘာကြောင့် ပြောရသလဲ။ အကြောင်းရင်း သုံးခု လေ့လာကြည့်ကြစို့။

ဧဒင် ဥယျာဉ်မှာ ပုန်ကန်မှု ဖြစ်တဲ့အချိန်ကနေ အခုအချိန်အထိ ဘုရားကို စာတန် နာမည်ဖျက်နေ

ပထမ၊ ဧဒင်ဥယျာဉ်မှာ ယေဟောဝါကို စာတန် နာမည်ဖျက်တယ်။ တွန့်တိုတဲ့ ဘုရား၊ တရားလွန် စည်းမျဉ်းတွေ ထုတ်တဲ့ ဘုရားလို့ အဓိပ္ပာယ် ရောက်သွားစေတဲ့ မလိမ့်တပတ် မေးခွန်း ဧဝကို မေးတယ်။ အဲဒီနောက် ယေဟောဝါ ပြောတာကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြောတယ်။ ယေဟောဝါ လိမ်တယ်လို့ ပြောလိုက်တာပဲ။ နာမည်ဖျက်လိုက်တာပဲ။ ဒီလိုနဲ့ စာတန်ဟာ “ရှုတ်ချဂုဏ်ဖျက်သူ” လို့ အဓိပ္ပာယ် ရတဲ့ “မာရ်နတ်” ဖြစ်လာတယ်။ (ယော. ၈:၄၄) စာတန့်အလိမ်အညာတွေကို ဧဝ ယုံသွားပြီး ဘုရားစကား နားမထောင်တော့ဘူး။ ဘုရားအုပ်ချုပ်မှုအောက် မနေချင်ကြောင်း ပြလိုက်တာပဲ။ (က. ၃:၁-၆) ဒီနေ့အချိန်အထိ ဘုရားအကြောင်း စာတန် အလိမ်အညာတွေ ဖြန့်၊ နာမည်ဖျက်နေတယ်။ ဒီအလိမ်အညာမှိုင်း မိသွားပြီဆိုရင် ဘုရားစကား နားမထောင်ကြတော့တာ များတယ်။ ကိုယ့်ဘုရား နာမည် ဖျက်ခံရတာ ဘုရားလူမျိုးအတွက်တော့ အဆိုးရွားဆုံး မတရားမှုကြီးပါပဲ။ တစ်လောကလုံး ဗြောင်းဆန်နေရတဲ့ အဓိက အကြောင်းရင်းကလည်း အဲဒါပဲ။

ဒုတိယ၊ နာမည် ဖျက်ခံထားရတဲ့ ကိစ္စ ယေဟောဝါ ဖြေရှင်းမယ်။ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမယ်။ အသိဉာဏ်ရှိ သတ္တဝါအားလုံးရဲ့ အကျိုးအတွက်ပါ။ ဒါ့အပြင် ဒါ ယေဟောဝါအတွက် အရေးကြီးဆုံးပဲ။ ဒါကြောင့်လည်း “ငါ့ရဲ့ ကြီးမြတ်တဲ့ နာမည်ကို ငါ သန့်ရှင်းမြင့်မြတ်စေမယ်” လို့ ပြောထားတာ။ (ယေဇ. ၃၆:၂၃) သစ္စာရှိ ကျေးကျွန်တွေ ဆုတောင်းတဲ့အခါ “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” လို့ ဦးစားပေး တောင်းဖို့ ယေရှု ပြောတယ်။ (မ. ၆:၉) ဒါ့အပြင် ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်ဖို့ အရေးကြီးကြောင်း ကျမ်းစာမှာ ထပ်ခါထပ်ခါ ဖော်ပြတယ်။ ဥပမာ၊ ၁ ရာဇဝင်ချုပ် ၁၆:၂၉ နဲ့ ဆာလံ ၉၆:၈ မှာ “ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင်ချီးမွမ်းကြ၊” ဆာလံ ၆၆:၂ မှာ “ဂုဏ်ကျက်သရေ ရှိတဲ့ နာမတော်ကို ချီးမွမ်းသီချင်းဆိုကြပါ၊” ဆာလံ ၈၆:၁၂ မှာ “နာမတော်ကို ထာဝစဉ် ဂုဏ်တင်ပါ့မယ်” လို့ ဖော်ပြထားတယ်။ ဂျေရုဆလင် ဗိမာန်တော်မှာ “အဖ၊ အဖရဲ့ နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ ယေရှု ပြောတုန်းက “ငါ ဘုန်း ထင်ရှားစေခဲ့ပြီ။ နောက်တစ်ကြိမ် ဘုန်းထင်ရှားစေဦးမယ်” လို့ ကောင်းကင်ကနေ ယေဟောဝါ ဖြေတယ်။—ယော. ၁၂:၂၈ b

တတိယ၊ နာမည် ထာဝစဉ် ချီးမွမ်းဂုဏ်တင်ခံရဖို့ဟာ ယေဟောဝါရဲ့ ရည်ရွယ်ချက် ဖြစ်တယ်။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန် နောက်ဆုံး စမ်းသပ်မှုအပြီး ဘာဆက်ဖြစ်မလဲ။ အဖြေ သိဖို့ လူသားတွေရဲ့ သမာဓိ စောင့်သိမှုနဲ့ စကြဝဠာ အချုပ်အခြာအာဏာဆိုတဲ့ အရေးကိစ္စ နှစ်ခုအကြောင်း သုံးသပ်ကြည့်ရအောင်။ အဲဒီအချိန်ကျရင် လူတွေ သမာဓိ စောင့်သိကြောင်း သက်သေပြစရာ လိုဦးမလား။ မလိုတော့ဘူး။ စုံလင်နေကြပြီ။ အပြည့်အဝ စမ်းသပ်ခံပြီးကြပြီ။ ထာဝရအသက် ရကြတော့မယ်။ ဘုရားအုပ်ချုပ်ပုံ နည်းလမ်း အကောင်းဆုံး ဖြစ်ကြောင်း သက်သေပြဖို့ကော လိုဦးမလား။ မလိုတော့ဘူး။ အကောင်းဆုံး ဖြစ်မှန်း သိလို့ ဘုရားအုပ်ချုပ်မှုကို ကောင်းကင်တမန်တွေကော လူတွေပါ စည်းစည်းလုံးလုံး လက်အောက်ခံနေကြပြီ။ ဒါဆိုရင် ဘုရားနာမည်ကော။

နောက်ဆုံး စမ်းသပ်မှုအပြီးမှာ ဘုရားနာမည် အဖျက်ခံရတာ လွတ်သွားပြီ။ နာမတော် လုံးဝ သန့်ရှင်းမြင့်မြတ်သွားပြီ။ ဒါပေမဲ့ ဘုရားနာမည်အကြောင်း ပြောနေကြရဦးမှာ။ ဘာကြောင့်လဲ။ အံ့ဖွယ်အရာတွေ ဘုရား ဆက်လုပ်တာ မြင်ကြရဦးမှာ ဖြစ်လို့ပဲ။ စဉ်းစားကြည့်ပါ– အုပ်ချုပ်ခွင့် အာဏာကို ယေဟောဝါဆီ ယေရှု ပြန်ပေးတဲ့အခါ “ဘုရားသခင်ဟာ လူအားလုံးရဲ့ တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်လိမ့်မယ်။” (၁ ကော. ၁၅:၂၈) အဲဒီနောက် လူအားလုံး “ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်။” (ရော. ၈:၂၁) ကောင်းကင်နဲ့ မြေကြီးပေါ် က သားသမီး အားလုံးကို စည်းလုံးတဲ့ မိသားစုတစ်စု ဖြစ်စေခြင်းအားဖြင့် ရည်ရွယ်ချက်ကို ယေဟောဝါ အကောင်အထည် ဖော်မယ်။—ဧ. ၁:၁၀

ဒါတွေ မြင်တဲ့အခါ ကောင်းကင်နဲ့ မြေကြီးပေါ်က ဘုရားမိသားစုဝင်တွေ ဘယ်လို ခံစားကြရမလဲ။ ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းဂုဏ်တင်ချင်စိတ် သိပ်ပြင်းပြနေကြမှာ။ “ယေဟောဝါကို ချီးမွမ်းကြပါစေ။ . . . ဂုဏ်ကျက်သရေ ရှိတဲ့ နာမတော်ကို ထာဝစဉ် ချီးမွမ်းကြပါစေ” လို့ ဆာလံဆရာ ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၇၂:၁၈၊ ၁၉) ထာဝရ ကာလပတ်လုံး အဲဒီလို ချီးမွမ်းရတဲ့ အကြောင်းရင်းတွေ အသစ်အသစ် အမြဲ ရှိနေမှာ။

ယေဟောဝါရဲ့ နာမည် ကြားလိုက်တာနဲ့ ယေဟောဝါနဲ့ပတ်သက်သမျှ ကျွန်တော်တို့ စဉ်းစားမိကြတယ်။ အထူးသဖြင့်၊ ဘုရားမေတ္တာကို စဉ်းစားမိကြတယ်။ (၁ ယော. ၄:၈) ကျွန်တော်တို့ကို မေတ္တာ ရှိလို့ ဘုရား ဖန်ဆင်းခဲ့တယ်၊ ရွေးဖိုး ပြင်ဆင်ပေးတယ်၊ အုပ်ချုပ်ပုံ နည်းလမ်း ဖြောင့်မတ်မှန်ကန်တယ်ဆိုတာ သက်သေပြခဲ့တယ်။ ဒီမေတ္တာ လုပ်ရပ်တွေကို ကျွန်တော်တို့ အမြဲ အမှတ်ရနေကြမယ်။ ဘုရားမေတ္တာကိုတော့ ထာဝစဉ် ဆက်ခံစားသွားကြရမယ်။ ထာဝရ ကာလပတ်လုံး ကောင်းကင်ဘုံစံ အဖနဲ့ ပိုရင်းနှီးချင်လာမယ်။ အံ့ဖွယ်နာမကို ချီးမွမ်းချင်ကြမယ်။—ဆာ. ၇၃:၂၈

a အချုပ်အခြာအာဏာ အရေးကိစ္စဆိုတာ ဘုရားအုပ်ချုပ်မှု နည်းလမ်း အကောင်းဆုံး ဖြစ်ကြောင်း သက်သေပြရမယ့် ကိစ္စ ဖြစ်တယ်။

b “နာမတော်ကို ထောက်ပြီး” ယေဟောဝါ လုပ်တာတွေ ရှိတယ်လို့လည်း ကျမ်းစာမှာ ဖော်ပြတယ်။ ဥပမာ၊ နာမကို ထောက်ပြီး မိမိလူမျိုးကို ဦးဆောင်တယ်။ ကူညီတယ်။ ကယ်တင်တယ်။ ခွင့်လွှတ်တယ်။ အသက်ဆက်ရှင်စေတယ်။—ဆာ. ၂၃:၃။ ၃၁:၃။ ၇၉:၉။ ၁၀၆:၈။ ၁၄၃:၁၁