မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

၂ သက်သာလောနိတ် ၃:၁၄ မှာ လူတချို့ကို “မှတ်ထား” ဖို့ ဖော်ပြထားတယ်။ အဲဒီလိုမှတ်ထားဖို့ အကြီးအကဲတွေ ဆုံးဖြတ်ရမလား၊ ခရစ်ယာန်တစ်ယောက်စီ ဆုံးဖြတ်ရမလား

“ဒီစာမှာ ပါတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့သူ ရှိရင် သူ့ကို မှတ်ထား” ပါလို့ သက်သာလောနိတ်အသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ပြောတယ်။ (၂ သက်. ၃:၁၄) ဒါ အကြီးအကဲတွေကို ညွှန်ကြားနေတာလို့ အဖွဲ့အစည်း အရင်က ရှင်းပြခဲ့တယ်။ အထပ်ထပ် သတိပေးဆုံးမတဲ့ကြားက ကျမ်းစာမူတွေကို တစ်ယောက်ယောက် မလေးမစား ဆက်လုပ်နေရင် အသင်းတော်မှာ အကြီးအကဲတွေ သတိပေးဟောပြောချက် ပေးတယ်။ ဘယ်သူ့အကြောင်း ပြောနေသလဲဆိုတာ ရိပ်မိတဲ့ ညီအစ်ကို/မတွေက သူနဲ့ စုဆုံပေါင်းသင်းတာမျိုး၊ စားသောက်တာမျိုး မလုပ်တော့ဘူး။

ဒါပေမဲ့ နားလည်မှု ပြုပြင်ပြောင်းလဲဖို့ လိုလာတယ်။ တကယ်တော့ အခြေအနေတချို့မှာ ခရစ်ယာန်တစ်ယောက်စီ ဆုံးဖြတ်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး ပေါလု ညွှန်ကြားနေတာ။ ဒါကြောင့် အကြီးအကဲတွေ သတိပေးဟောပြောချက် ပေးဖို့ မလိုတော့ဘူး။ ဒီလိုနားလည်မှု ပြုပြင်ပြောင်းလဲလိုက်ရတဲ့ အကြောင်းရင်းကို သိဖို့ ပေါလုရဲ့ စကားအသွားအလာကို ဆန်းစစ်ကြည့်ပါ။

သက်သာလောနိတ်အသင်းတော်မှာ လူတချို့ “စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူ” နေတယ်လို့ ပေါလု ပြောတယ်။ ကျမ်းစာကို အခြေခံပြီး သတိပေးဆုံးမပေမဲ့ သူတို့ လက်မခံကြဘူး။ “အလုပ် မလုပ်ချင်တဲ့သူ အစာမစားစေနဲ့” လို့တောင် အရင်တစ်ခါ လည်ပတ်တုန်းက ပေါလု အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ တချို့က ကိုယ့်ဝမ်းစာကိုယ် ရှာနိုင်လျက်နဲ့ မရှာဘဲ နေနေတုန်းပဲ။ ဒါ့အပြင် ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေမှာ ဝင်စွက်နေကြတယ်။ ဒီလိုစည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူသူတွေကို ခရစ်ယာန်တွေ ဘယ်လို ဆက်ဆံခဲ့ကြရသလဲ။—၂ သက်. ၃:၆၊ ၁၀-၁၂

“သူ့ကို မှတ်ထား” ဖို့ ပေါလု ပြောတယ်။ “မှတ်ထား” ဆိုတဲ့ ဂရိစကားလုံးဟာ အဲဒီလိုလူကို ခွဲခြားသိပြီး အကျင့်မကူးဖို့ ရှောင်ပါဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဒါ အကြီးအကဲတွေကိုပဲ မဟုတ်ဘဲ အသင်းတော်တစ်ခုလုံးကို ပေါလု ညွှန်ကြားနေတာ။ (၂ သက်. ၁:၁။ ၃:၆) ဒါကြောင့် ကျမ်းစာမူတွေကို မလေးမစား ဆက်လုပ်နေတဲ့ ညီအစ်ကို/မကို သတိထားမိတဲ့အခါ သူ့ကို “အပေါင်းအသင်း မလုပ်” ဖို့ ခရစ်ယာန်တစ်ယောက်စီ ဆုံးဖြတ်ခဲ့ကြတယ်။

အသင်းတော်ကနေ ဖယ်ရှားခံရသူကို ဆက်ဆံသလို သူ့ကို ဆက်ဆံခဲ့ကြတယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ “ညီအစ်ကိုတစ်ယောက်လို သဘောထားပြီး ဆက်သတိပေးဆုံးမကြပါ” လို့ ပေါလု ပြောတယ်။ ဒါကြောင့် မှတ်ထားခံရသူနဲ့ အစည်းအဝေး၊ အမှုဆောင်မှာ ခရစ်ယာန်တွေ ပေါင်းသင်းကြတယ်။ ဒါပေမဲ့ သူနဲ့ စုဆုံပေါင်းသင်းတာမျိုး၊ စားသောက်တာမျိုး မလုပ်ဖို့ တစ်ယောက်ချင်းစီ ဆုံးဖြတ်ကြတယ်။ ဘာကြောင့်လဲ။ ဒါမှ “သူ ရှက်စိတ်ဝင်သွားလိမ့်မယ်” လို့ ပေါလု ပြောတယ်။ ဆိုလိုတာက ညီအစ်ကို/မတွေ အပေါင်းအသင်း မလုပ်တော့တဲ့အခါ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူနေသူဟာ သူ့လုပ်ရပ်တွေအတွက် ရှက်စိတ်ဝင်ပြီး ပြောင်းလဲလာနိုင်တယ်။—၂ သက်. ၃:၁၄၊ ၁၅

ဒီနေ့ခေတ်မှာကော ဘယ်သူတွေကို ကျွန်တော်တို့ မှတ်ထားမလဲ။ ကိုယ်မှတ်ထားမယ့်သူဟာ “စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူ” သူ ဖြစ်တာ သေချာရမယ်။ သိစိတ်နဲ့ ဆိုင်တဲ့ကိစ္စတွေမှာ ကျွန်တော်တို့နဲ့ ဆုံးဖြတ်ပုံချင်း မတူသူတွေ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ အကြိုက်မတူသူတွေအကြောင်း ပေါလု ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို စိတ်ထိခိုက်အောင် လုပ်မိသူတွေအကြောင်း ပြောနေတာလည်း မဟုတ်ဘူး။ ရှင်းလင်းတဲ့ ကျမ်းစာမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သူတွေအကြောင်း ပြောနေတာပါ။

ကျမ်းစာမူတွေကို တမင်တကာ မလေးမစား ဆက်လုပ်နေတဲ့ ညီအစ်ကို/မကို a သတိထားမိရင် သူနဲ့ စုဆုံပေါင်းသင်းတာမျိုး၊ စားသောက်တာမျိုး မလုပ်ဖို့ ကျွန်တော်တို့ ကိုယ့်ဘာသာ ဆုံးဖြတ်မှာ ဖြစ်တယ်။ ဒါ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်လို့ တစ်အိမ်တည်းနေတဲ့ သက်သေခံ မိသားစုဝင် မဟုတ်သူတွေကို ကိုယ့်ဆုံးဖြတ်ချက် ပြောမပြကြဘူး။ အစည်းအဝေး၊ အမှုဆောင်မှာတော့ သူနဲ့ ဆက်ပေါင်းသင်းကြတယ်။ သူ သဘောထား၊ အပြုအမူ ပြောင်းလဲလာတဲ့အခါ အရင်လိုပဲ ပြန်ပေါင်းသင်းမှာ ဖြစ်တယ်။

a ဥပမာ၊ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ့်ဝမ်းစာကိုယ် ရှာနိုင်လျက်နဲ့ မရှာတာ၊ တားတဲ့ကြားက မယုံကြည်သူရည်းစား ဆက်ထားတာ၊ အသင်းတော်ညွှန်ကြားချက်၊ ကျမ်းစာသွန်သင်ချက်တွေကို အပြစ်ရှာတာ၊ အတင်းအဖျင်းပြောတာ ဖြစ်နိုင်တယ်။ (၁ ကော. ၇:၃၉။ ၂ ကော. ၆:၁၄။ ၂ သက်. ၃:၁၁၊ ၁၂။ ၁ တိ. ၅:၁၃) အဲဒီလိုဆက်ပြုမူကျင့်ကြံနေသူဟာ “စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူ” သူ ဖြစ်တယ်။