မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချုပ်တည်းခြင်းကို မွေးမြူပါ

ချုပ်တည်းခြင်းကို မွေးမြူပါ

‘စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး​က​တော့ ချုပ်တည်းခြင်း​ပါပဲ။’—ဂ​လ. ၅:၂၂၊ ၂၃

သီချင်း– ၁၂၁၊ ၃၆

၁၊ ၂။ (က) ချုပ်တည်းမှု မရှိခြင်း​ကြောင့် ဘာတွေ ဖြစ်ပေါ်နိုင်သလဲ။ (ခ) ဘာကြောင့် ချုပ်တည်းခြင်း​အကြောင်း ဆွေးနွေး​သင့်သလဲ။

ချုပ်တည်းခြင်း​ဆိုတာ ဘုရားပေး အရည်အသွေး​ပါ။ (ဂ​လ. ၅:၂၂၊ ၂၃) ယေဟောဝါ​မှာ ချုပ်တည်းမှု အပြည့်အဝ ရှိတယ်။ လူသားတွေ​က​တော့ မစုံလင်​တဲ့​အတွက် ချုပ်တည်း​နိုင်​ဖို့ ကြိုးစား​နေရတယ်။ လူတွေ ကြုံနေ​ရတဲ့ ပြဿနာများ​စွာ​ဟာ ချုပ်တည်းမှု မ​ရှိလို့​ပဲ။ ချုပ်တည်းမှု မရှိတဲ့အတွက် ကျောင်းမှာ၊ အလုပ်ခွင်​မှာ အချိန်ဆွဲ​ခြင်း၊ အလုပ်​မ​တွင်​ခြင်းတို့ ဖြစ်ပေါ်​နိုင်တယ်။ ဆဲဆို​ခြင်း၊ မူးယစ်​ခြင်း၊ အကြမ်းဖက်​ခြင်း၊ ကွာရှင်းခြင်း၊ အကြွေးတင်​ခြင်း၊ တစ်ခုခုကို စွဲလမ်းခြင်း၊ ထောင်ကျ​ခြင်း၊ မလို​ချင်တဲ့ ကိုယ်ဝန်ရ​ခြင်း၊ စိတ်ဒဏ်ရာ၊ လိင်ဆိုင်ရာ ကူးစက်ရောဂါ​စတာတွေလည်း ဖြစ်စေ​နိုင်တယ်။—ဆာ. ၃၄:၁၁-၁၄

ချုပ်တည်းမှု မရှိ​သူတွေက ကိုယ်တိုင်​နဲ့ တခြားသူတွေ​အတွက် ပြဿနာတွေ ဖြစ်စေတယ်။ ချုပ်တည်းမှု မရှိတဲ့ ပြဿနာ​ဟာ ပို​ပိုဆိုး​လာ​နေတယ်။ ၁၉၄​၀ ပြည့်လွန်နှစ်​တွေမှာ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခြင်း​အကြောင်း လေ့လာ​ခဲ့ကြ​ပေ​မဲ့ မကြာသေးခင်က လေ့လာမှု​တွေ​အရ ပိုဆိုး​လာတယ်။ “မချုပ်တည်း​နိုင်​သူ” များ​လာ​ခြင်းက “နောက်ဆုံးကာလ” ရဲ့ လက္ခဏာ​တစ်ခု​ပဲလို့ ကျမ်းစာမှာ ကြိုပြော​ထားတဲ့အတွက် ကျမ်းစာ​လေ့လာသူတွေ မအံ့ဩ​ကြဘူး။—၂ တိ. ၃:၁-၃

၃။ ချုပ်တည်းခြင်း​ကို ခရစ်ယာန်တွေ ဘာကြောင့် မွေးမြူ​သင့်သလဲ။

ချုပ်တည်းခြင်း မွေးမြူဖို့ ဘာကြောင့် စိတ်ဝင်စား​သင့်သလဲ။ အကြောင်းရင်း​နှစ်ခု​ကို သုံးသပ်ကြည့်ပါ။ ပထမ၊ ချုပ်တည်း​နိုင်​သူတွေ​မှာ ကြီးမားတဲ့ ပြဿနာတွေ အဖြစ်​နည်း​တ​ယ်။ သူတို့ဟာ ပိုပြီး​စိတ်တည်ငြိမ်​ကြ​တ​ယ်။ မိတ်ဆွေကောင်း​တွေ ဖွဲ့​နိုင်တယ်။ မချုပ်တည်း​နိုင်​သူတွေ​လောက် ဒေါသ၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျ​မှု မရှိကြ​ဘူး။ ဒုတိယ၊ ဘုရားသခင့် မျက်နှာသာရ​ဖို့ သွေးဆောင်မှု​ကို တွန်းလှန်နိုင်​ခြင်း၊ မသင့်​လျော်​တဲ့​ဆန္ဒ​တွေကို ထိန်းချုပ်​နိုင်​ခြင်း မရှိမဖြစ်​လိုတယ်။ ဒါကို အာဒံနဲ့ ဧဝတို့ရဲ့​အမှား​က ဖော်ပြတယ်။ (က. ၃:၆) ချုပ်တည်းမှု မရှိတဲ့ တခြားသူတွေ ကြုံရတဲ့ ဆိုးကျိုး​တွေအကြောင်း စဉ်းစားကြည့်ပါ။

၄။ ချုပ်တည်း​ဖို့ ခက်​နေ​သူတွေကို ဘာက အားရှိ​စေ​သလဲ။

မစုံလင်​တဲ့ ဘယ်​လူသား​မှ အပြည့်အဝ မချုပ်တည်း​နိုင်​ဘူး။ ချုပ်တည်းမှု​ရှိ​ဖို့ မိမိ​ကျေးကျွန်​တွေ ကြိုးစား​နေရမှန်း ယေဟောဝါ သိတယ်။ အပြစ်​ရှိတဲ့​ဆန္ဒ​တွေကို ချိုးနှိမ်​နိုင်အောင် ကူညီပေး​ချင်​တ​ယ်။ (၁ ဘု. ၈:၄၆-၅၀) မိမိ​ကို ဝတ်ပြု​ချင်တဲ့၊ ဘဝကဏ္ဍ​တချို့​မှာ ချုပ်တည်း​ဖို့ ခက်​နေတဲ့ စိတ်ရင်းမှန်​သူတွေကို မေတ္တာ​ရှိတဲ့ မိတ်ဆွေ​အနေနဲ့ အားပေးထားတယ်။ ယေဟောဝါရဲ့ ပြည့်ဝစုံလင်​တဲ့ ပုံနမူနာ​ကို သုံးသပ်ကြည့်​ကြစို့။ ကျမ်းစာထဲက ပုံနမူနာကောင်း​တွေ၊ ပုံနမူနာဆိုး​တွေကနေ​လည်း သင်ယူ​ကြပါ​မယ်။ ချုပ်တည်းမှု တိုးများ​စေ​နိုင်တဲ့ လက်တွေ့ကျ အကြံပြုချက်​တွေကိုလည်း လေ့လာ​ကြပါ​မယ်။

ယေဟောဝါ ပုံသက်သေ​ပြ

၅၊ ၆။ ချုပ်တည်းမှု​နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်​ပုံသက်သေ ချမှတ်​သလဲ။

ယေဟောဝါ “လုပ်ဆောင်​သမျှ ပြီးပြည့်စုံ” တဲ့​အတွက် အပြည့်အဝ ချုပ်တည်း​နိုင်တယ်။ (တရား. ၃၂:၄) ကျွန်တော်တို့​က​တော့ မစုံလင်​ကြဘူး။ ဒါပေမဲ့ ချုပ်တည်းခြင်း​အကြောင်း နားလည်ဖို့ ယေဟောဝါရဲ့ ပုံသက်သေ​ကို ဆန်းစစ်​ရမယ်။ ဒါမှ ဘုရားသခင်ကို ပို​တုပ​နိုင်မယ်။ ယေဟောဝါ ချုပ်တည်းမှု တင်ပြ​ခဲ့တဲ့ အခြေအနေ​တချို့​က ဘာ​တွေလဲ။

စာတန်ရဲ့ အတင့်ရဲ​တဲ့ ပုန်ကန်မှု​ကို ကိုင်တွယ်​ရာမှာ ယေဟောဝါ ဘယ်လို ချုပ်တည်းမှု တင်ပြ​ခဲ့​ကြောင်း စဉ်းစားကြည့်ပါ။ ဒီ​ပြဿနာ​ကို ဖြေရှင်း​ရမယ်။ မာရ်နတ်​ရဲ့ စိန်ခေါ်မှု​ကြောင့် ဘုရားသခင်​အပေါ် သစ္စာစောင့်သိ​တဲ့ ကောင်းကင်​သတ္တဝါ​တွေ ဒေါသထွက်၊ စက်ဆုပ်​ခဲ့မှာပဲ။ စာတန် ဖြစ်ပေါ်​စေတဲ့ ဆင်းရဲဒုက္ခ​အားလုံးကို စဉ်းစား​လိုက်တဲ့​အခါ သင်လည်း အလားတူ ခံစားရ​မှာပဲ။ ဒါပေမဲ့ ယေဟောဝါ အလျင်စလို မတုံ့ပြန်​ခဲ့ဘူး။ ချင့်ချင့်ချိန်ချိန်၊ သင့်​သင့်တော်​တော် တုံ့ပြန်​ခဲ့တယ်။ ဘုရား​ဟာ အမျက်ထွက်​နှေး​ပြီး စာတန့် ပုန်ကန်မှု​ကို တရားမျှတ​စွာ ကိုင်တွယ်​ခဲ့တယ်။ (ထွ. ၃၄:၆။ ယောဘ ၂:၂-၆) ဘာကြောင့်လဲ။ ဘယ်သူ့​ကိုမှ မပျက်စီး​စေချင်​လို့၊ “လူအားလုံး​ကို နောင်တရ​စေချင်​လို့” ယေဟောဝါ အချိန်ပေး​ထားတယ်။—၂ ပေ. ၃:၉

၇။ ယေဟောဝါရဲ့ ပုံသက်သေ​က​နေ ဘာသင်ယူနိုင်သလဲ။

ယေဟောဝါ ချုပ်တည်းမှု တင်ပြပုံ​က ကျွန်တော်တို့​လည်း အလျင်စလို မဟုတ်ဘဲ ချင့်ချင့်ချိန်ချိန် ပြုမူပြောဆို​ဖို့ သင်ပေးတယ်။ အရေးကြီးတဲ့​ကိစ္စ ကြုံ​တဲ့အခါ ပညာရှိရှိ ပြုမူ​နိုင်အောင် အချိန်ယူ​ပါ။ မှန်ကန်​ရာကို ပြောဆို​ပြုမူ​နိုင်အောင် ဉာဏ်​ပညာပေး​ဖို့ ဆုတောင်း​ပါ။ (ဆာ. ၁၄၁:၃) သွေး​ဆူ​နေတုန်း စိတ်လို​က်​မာန်​ပါ လုပ်မိ​နိုင်တယ်။ နောင်တရ​စေတဲ့ စကား​တွေ၊ လုပ်ရပ်တွေ ပြောဆို​ပြုမူ​မိ​နိုင်တယ်။—ပညာ. ၁၄:၂၉။ ၁၅:၂၈။ ၁၉:၂

ဘုရားသခင့် ကျေးကျွန်​တွေရဲ့ ပုံနမူနာကောင်း၊ ပုံနမူနာဆိုး​များ

၈။ (က) ဘုရားပေး အရည်အသွေး​ရှိသူ​တွေရဲ့ ပုံနမူနာ​တွေကို ဘယ်မှာ ရှာတွေ့နိုင်​သလဲ။ (ခ) ပေါတိဖာ​မိန်းမ ဖြားယောင်း​မှုကို ယောသပ် ဘာကြောင့် တွန်းလှန်နိုင်​ခဲ့​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခြင်း​ရဲ့ တန်ဖိုး​ကို ပေါ်လွင်​စေတဲ့ ဘယ်​ကျမ်းစာ ပုံနမူနာ​တွေ ရှိ​သလဲ။ စမ်းသပ်ခံရ​ချိန်မှာ သင့်လျော်​စွာ ချုပ်တည်း​ခဲ့တဲ့ ကျမ်းစာ ဇာတ်ကောင်​တွေကို သင် မှတ်မိ​မှာ သေချာ​ပါတယ်။ တစ်ယောက်က​တော့ ယာကုပ်​ရဲ့​သား ယောသပ်​ပါ။ ဖာရော​ရဲ့ ကိုယ်ရံတော်မှူး ပေါတိဖာ​ရဲ့ အိမ်​မှာ အလုပ်လုပ်​ခဲ့​တုန်းက ယောသပ် ချုပ်တည်း​ခဲ့ရတယ်။ “ကိုယ်လုံးကိုယ်ထည်​တော​င့်​တဲ့ လူချော” ယောသပ်​ကို ပေါတိဖာ​ရဲ့ မိန်းမ မျက်စိကျ​ပြီး ဖြားယောင်း​သွေးဆောင်​ခဲ့တယ်။ အကြိမ်ကြိမ် ဖြားယောင်း​မှုကို ယောသပ် ဘာကြောင့် အလျှော့မပေး​ခဲ့​သလဲ။ အလျှော့ပေး​လိုက်လို့ ဖြစ်ပေါ်​လာမယ့် ဆိုးကျိုး​တွေကို အချိန်ယူ စဉ်းစား​ခဲ့မှာ သေချာ​တ​ယ်။ အခြေအနေ ဆိုး​လွန်း​တဲ့အခါ ထွက်ပြေး​လိုက်ရတယ်။ ‘ဒီလို​ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ပြီး ဘုရားသခင်ကို ပြစ်မှား​တဲ့​အဖြစ်မျိုး အရောက်​မခံနိုင်​ဘူး’ လို့ ယောသပ် စဉ်းစား​ခဲ့တယ်။—က. ၃၉:၆၊ ၉။ ပညာအလိမ္မာ ၁:၁၀ ကိုဖတ်ပါ။

၉။ သွေးဆောင်မှု​တွေကို တွန်းလှန်​ဖို့ ဘယ်လို ပြင်ဆင်​နိုင်သလဲ။

ယောသပ်​ရဲ့ ပုံနမူနာ​က ဘာသင်ပေးသလဲ။ ဘုရားသခင့် ပညတ်​တွေကို ချိုးဖောက်​စေတဲ့ သွေးဆောင်မှု​ကို ရှောင်ပြေး​ရမယ်။ သက်သေခံ ဖြစ်လာ​သူ​တချို့​မှာ တစ်ချိန်က စားကြူး​ခြင်း၊ သောက်ကြူး​ခြင်း၊ ဆေးလိပ်သောက်​ခြင်း၊ မူးယစ်​ဆေး​သုံး​ခြင်း၊ လိင်​အကျင့်ပျက်​ခြင်း စတဲ့​အကျင့်​တွေ ရှိ​ခဲ့ကြတယ်။ နှစ်ခြင်းခံ​ပြီးနောက်​မှာတောင် အကျင့်​ဟောင်း​တွေ ပြန်​ကျင့်​ဖို့ သွေးဆောင်​ခံရတဲ့​အခါ​တွေ ရှိတယ်။ သင်လည်း ယေဟောဝါရဲ့ ပညတ် ချိုးဖောက်​ဖို့ သွေးဆောင်​ခံရတဲ့​အခါ အပြစ်​ရှိတဲ့​ဆန္ဒ​တွေကို မထိန်းချုပ်​လို့ ကြုံရ​နိုင်တဲ့ ဆိုးကျိုး​တွေအကြောင်း အချိန်ယူ​စဉ်းစား​ခြင်းအားဖြင့် ချုပ်တည်းမှု တိုးများ​စေ​ပါ။ သွေးဆောင်မှု ဖြစ်ပေါ်​နိုင်တဲ့ အခြေအနေ​တွေကို ကြို​စဉ်းစား​ထားပြီး ဘယ်လို ရှောင်​မယ်​ဆိုတာ ဆုံးဖြတ်​ထားပါ။ (ဆာ. ၂၆:၄၊ ၅။ ပညာ. ၂၂:၃) စမ်းသပ်မှု ကြုံရတဲ့​အခါ ဉာဏ်​ပညာ ပေးဖို့၊ တွန်းလှန်နိုင်​အောင် ချုပ်တည်းမှု ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။

၁၀၊ ၁၁။ (က) လူငယ်တွေ ကျောင်းမှာ ဘာ​ကြုံနေ​ရသလဲ။ (ခ) အကျင့်ပျက်​ဖို့ ဖိအားပေးမှု​တွေကို တွန်းလှန်နိုင်​အောင် ခရစ်ယာန်​လူငယ်တွေ​ကို ဘာက ကူညီ​ပေးနိုင်သလဲ။

၁၀ ယောသပ်​ကြုံရတဲ့ စမ်းသပ်မှု​မျိုး​ကို ခရစ်ယာန်​လူငယ်များ​စွာ ကြုံ​နေကြတယ်။ ကီ​မ်​အကြောင်း သုံးသပ်ကြည့်ပါ။ အတန်းဖော်​အများစုဟာ လင်​စိတ်​သားစိတ် ပြင်းထန်​ကြ​တ​ယ်။ စနေ၊ တနင်္ဂနွေပြီးလို့ ကျောင်း​ပြန်​တက်​တဲ့အခါ ကိုယ်တွေ့​လိင်မှုကိစ္စ​တွေအကြောင်း ကြွား​ပြော​ကြ​တ​ယ်။ ကီ​မ်​မှာတော့ ပြော​စရာ မရှိဘူး။ တခြားသူတွေ​လို လိုက်​မလုပ်​လို့ တစ်ခါတလေ “ဝိုင်း​ပယ်​ခံ​ရတယ်၊ အထီးကျန်​တ​ယ်” လို့ ဝန်ခံ​ခဲ့တယ်။ ရည်းစား မရှိတော့ ရိုး​အ​သူ​လို့ သူငယ်ချင်း​တွေ ထင်ကြ​တ​ယ်။ လူငယ်တွေ​ကြားမှာ လိင်မှုကိစ္စ​ပြု​ဖို့ သွေးဆောင်မှု ပြင်းထန်​တယ်ဆိုတာ​ကိုတော့ ကီ​မ် သိထား​ပါတယ်။ (၂ တိ. ၂:၂၂) ကျောင်းနေဖက်​တွေ​က အပျိုစင် ဖြစ်နေ​တုန်း​လား​လို့ မေးတတ်​ကြ​တ​ယ်။ ဒါနဲ့ လိင်မှု မပြု​ရတဲ့ အကြောင်းရင်းကို ရှင်းပြ​ခွင့် ရခဲ့တယ်။ အကျင့်ပျက်​ဖို့ ဖိအားပေးမှု​တွေကို တွန်းလှန်​နေတဲ့ ခရစ်ယာန်​လူငယ်တွေ​အတွက် ကျွန်တော်တို့ ဂုဏ်ယူ​ပါတယ်။ ယေဟောဝါ​လည်း ဂုဏ်ယူ​ပါတယ်။

၁၁ လိင်​ကိစ္စ​မှာ ချုပ်တည်းမှု မရှိ​သူတွေ​ရဲ့ သတိပေး​ပုံနမူနာ​တွေလည်း ကျမ်းစာမှာ ပါတယ်။ မချုပ်တည်း​လို့ ရ​နိုင်တဲ့ ဝမ်းနည်းဖွယ် ဆိုးကျိုး​တွေကိုလည်း ဖော်ပြထားတယ်။ ကီ​မ်​လို အခြေအနေ​မျိုး ကြုံရသူ​တွေဟာ ပညာအလိမ္မာ အခန်းကြီး ၇ မှာ ဖော်ပြထားတဲ့၊ အတွေ့အကြုံ​မရှိတဲ့ လူငယ်​အကြောင်း စဉ်းစား​သုံးသပ်​သင့်တယ်။ အာမနုန်​ရဲ့ လုပ်ရပ်​နဲ့ ဆိုးကျိုး​တွေကိုလည်း စဉ်းစားကြည့်ပါ။ (၂ ရှ. ၁၃:၁၊ ၂၊ ၁၀-၁၅၊ ၂၈-၃၂) အထက်ပါ ကျမ်းချက်​တွေကို သုံးပြီး မိသားစု ဝတ်ပြုမှုမှာ ရည်းစားထားခြင်း​အကြောင်း ဆွေးနွေးခြင်း​အားဖြင့် ချုပ်တည်းမှု​နဲ့ ဉာဏ်​ပညာ ရှိလာ​အောင် သားသမီးတွေကို မိဘတွေ ကူညီပေး​နိုင်တယ်။

၁၂။ (က) အစ်ကို​တွေနဲ့ ဆက်ဆံ​တဲ့အခါ ယောသပ် ဘယ်လို ချုပ်တည်း​ခဲ့​သလဲ။ (ခ) ဘယ်​အခြေအနေ​တွေမှာ စိတ်ခံစားချက်​ကို ထိန်းချုပ်​ရ​မလဲ။

၁၂ နောက်​တစ်ကြိမ်​မှာလည်း ယောသပ် ချုပ်တည်း​ခဲ့တယ်။ စားနပ်ရိက္ခာ ဝယ်ယူ​ဖို့ အီဂျစ်ပြည် ရောက်​လာတဲ့ အစ်ကို​တွေရဲ့ စိတ်ရင်းကို သိအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါ​မှန်း ထုတ်​မပြော​ခဲ့ဘူး။ စိတ်​မထိန်းနိုင်​တော့​တဲ့အခါ ဘယ်သူမှ မရှိတဲ့​အခန်း​ထဲ ပြေးဝင်​ပြီး ငို​ခဲ့တယ်။ (က. ၄၃:၃၀၊ ၃၁။ ၄၅:၁) ခရစ်ယာန်ချင်း ဒါမှမဟုတ် ချစ်ရသူ​တစ်ယောက် ချင့်ချိန်မှု နည်း​သွားတဲ့​အခါ ယောသပ်​လို ချုပ်တည်းမှု တင်ပြခြင်း​က အလျင်စလို မပြု​မူ​မိအောင် ကူညီပေး​နိုင်တယ်။ (ပညာ. ၁၆:၃၂။ ၁၇:၂၇) ဆွေမျိုး​တွေ နှင်ထုတ်​ခံ​ထားရတဲ့​အခါ မလို​အပ်ဘဲ မ​ဆက်သွယ်​ဖို့ ချုပ်တည်း​ရမယ်။ အဲဒီလို အခြေအနေ​တွေမှာ အလိုလို ချုပ်တည်း​တတ်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ​ဟာ ဘုရားသခင့် ပုံသက်သေ၊ အကြံဉာဏ်​နဲ့ ကိုက်ညီ​မှန်း သိထား​ရင် ချုပ်တည်း​ဖို့ ပိုလွယ်ကူ​ပါမယ်။

၁၃။ ဘုရင်ဒါဝိဒ်​ရဲ့ အဖြစ်​က​နေ ဘာတွေ သင်ယူ​နိုင်သလဲ။

၁၃ ကျမ်းစာမှာ ဘုရင်ဒါဝိဒ်​ရဲ့ ထင်ရှား​တဲ့ ပုံနမူနာ​လည်း ပါတယ်။ ဒါဝိဒ်ဟာ အင်အားကြီး​လာ​ပေ​မဲ့ ရှောလု​နဲ့ ရှိ​မိ​ကို ဒေါသတကြီး မတုံ့ပြန်​ခဲ့ဘူး။ (၁ ရှ. ၂၆:၉-၁၁။ ၂ ရှ. ၁၆:၅-၁၀) ဒါဝိဒ် အမြဲ​ချုပ်တည်း​ခဲ့တာတော့ မဟုတ်ဘူး။ ဗာသရှေဘ​နဲ့ ပြစ်မှား​ခဲ့တယ်။ နာဗလ​အပေါ် ဒေါသ​အကြီးအကျယ် ထွက်​ခဲ့တယ်။ (၁ ရှ. ၂၅:၁၀-၁၃။ ၂ ရှ. ၁၁:၂-၄) ဒါပေမဲ့ ဒါဝိဒ်​ဆီကနေ အဖိုးတန် သင်ခန်းစာ​တွေ သင်ယူနိုင်​ပါတယ်။ ပထမ၊ ဘုရားသခင့် လူမျိုးရဲ့ ကြီးကြပ်မှူး​တွေဟာ အခွင့်အာဏာ​ကို အလွဲသုံးစား မလုပ်မိအောင် ချုပ်တည်း​ဖို့ အထူး​ဂရုပြု​ရမယ်။ ဒုတိယ၊ သွေးဆောင်​မခံ​ရ​ပါဘူး​ဆိုပြီး ပေါ့ပေါ့ဆဆ မနေ​သင့်​ဘူး။—၁ ကော. ၁၀:၁၂

လက်တွေ့ကျကျ လုပ်ဆောင်နိုင်ရာ​များ

၁၄။ ညီအစ်ကို​တစ်ယောက် ဘာ​ကြုံ​ခဲ့ရ​သလဲ။ အလားတူ အခြေအနေ​မျိုးမှာ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှု​က ဘာကြောင့် အရေးကြီး​သလဲ။

၁၄ ချုပ်တည်းမှု တိုးများ​အောင် ဘာ​လုပ်နိုင်​သလဲ။ ဒီ​ဖြစ်ရပ်မှန်​ကို သုံးသပ်ကြည့်ပါ။ ကားတစ်စီး​က လွီ​ဂျီ​ရဲ့ ကား​ကို အနောက်​က​နေ ဝင်​တိုက်​သွားတယ်။ တစ်ဖက်​ယာဉ်​မောင်း မှား​တာတောင် လွီ​ဂျီ​ကို ဆဲဆို​ရန်ရှာ​သေးတယ်။ စိတ်​ထိန်း​နိုင်အောင် ကူညီပေးဖို့ ယေဟောဝါ​ဆီ လွီ​ဂျီ ဆုတောင်း​ခဲ့တယ်။ ကျေအေး​ဖို့ ဆွေးနွေး​ပေ​မဲ့ မရဘူး။ ဒါနဲ့ အဲဒီ​ယာဉ်​မောင်း​ရဲ့ အာမခံ အချက်အလက်​တွေကို မှတ်ထား​ပြီး ထွက်သွား​လိုက်တယ်။ ယာဉ်​မောင်း​က​တော့ ဆဲဆို​ကျန်ရစ်​ခဲ့တယ်။ တစ်ပတ်​ကြာ​တော့ အမျိုးသမီး​တစ်ယောက်​ဆီ လွီ​ဂျီ ပြန်လည်ပတ်​တ​ယ်။ သူ့​ခင်ပွန်းက အဲဒီ​ယာဉ်​မောင်း ဖြစ်နေ​တ​ယ်။ သူ ရှက်​ရှက်​နဲ့ လွီ​ဂျီ​ကို တောင်းပန်​တ​ယ်။ လျော်ကြေး မြန်မြန်​ပေးဖို့ လွီ​ဂျီ​ရဲ့ အာမခံကုမ္ပဏီ​ကို ဆက်သွယ်​ပေးတယ်။ ကျမ်းစာဆွေးနွေး​မှုမှာ ပါဝင်လာ​ပြီး ဆွေးနွေး​ခဲ့တာ​တွေကို သဘောကျ​တ​ယ်။ ယာဉ်​တိုက်မှု​ပြီးနောက် စိတ်တည်ငြိမ်​အောင် ထိန်း​ဖို့ ဘယ်လောက် အရေးကြီး​မှန်း၊ စိတ်​မထိန်း​ခဲ့ရင် ဘယ်လောက် ထိခိုက်​နိုင်မှန်း လွီ​ဂျီ သိလိုက်​ရတယ်။၂ ကောရိန္သု ၆:၃၊ ၄ ကိုဖတ်ပါ။

စိတ်တည်ငြိမ်​ခြင်း၊ ဒေါသထွက်​ခြင်းက ခရစ်ယာန်​အမှုဆောင်လုပ်ငန်း​အပေါ် တိုက်ရိုက်​ဖြစ်စေ၊ သွယ်​ဝို​က်​ဖြစ်စေ အကျိုးသက်ရောက်​နိုင် (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၅၊ ၁၆။ ကျမ်းစာ​လေ့လာမှု​က သင်​နဲ့ သင့်​မိသားစု​ကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၅ ဝီရိယရှိရှိ၊ အသိ​ရှိရှိ ကျမ်းစာ​လေ့လာခြင်း​က ချုပ်တည်းမှု​ရှိအောင် ခရစ်ယာန်တွေကို ကူညီပေး​နိုင်တယ်။ “ဒီ​ပညတ်ကျမ်း​မှာပါတဲ့ အကြောင်း​တွေကို မပြော​ဘဲ​မနေ​နဲ့။ အဲဒီမှာ​ရေးထား​သမျှကို ဂရုတစိုက် လိုက်နာ​နိုင်​ဖို့ နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်​ပါ။ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်​ပြီး ဉာဏ်​ပညာရှိရှိ လုပ်ဆောင်​နိုင်မယ်” လို့ ယောရှု​ကို ဘုရားသခင် ပြောခဲ့​တာ အမှတ်ရပါ။ (ယောရှု ၁:၈) ကျမ်းစာ​လေ့လာမှု​က ချုပ်တည်းမှု မွေးမြူ​နိုင်အောင် ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၆ လေ့လာ​ခဲ့တဲ့​အတိုင်း ကိုယ့်အပြုအမူ​ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး​တွေကို ပေါ်လွင်​စေတဲ့ မှတ်တမ်းတွေ ကျမ်းစာမှာ ရှိတယ်။ ဒီ​မှတ်တမ်းတွေ​ကို ယေဟောဝါ မှတ်တမ်းတင်​ထားတာ ရည်ရွယ်ချက် ရှိတယ်။ (ရော. ၁၅:၄) အဲဒါတွေကို ဖတ်ရှု၊ လေ့လာ၊ တွေးတောဆင်ခြင်​တာ ပညာရှိ​တ​ယ်။ သင်၊ သင့်​မိသားစုနဲ့ သက်ဆိုင်ပုံ​ကို သဘောပေါက်​အောင် ကြိုးစားပါ။ ကျမ်းစာကို ကျင့်သုံး​နိုင်အောင် ကူညီပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ ကဏ္ဍ​တချို့​မှာ ချုပ်တည်းမှု လို​နေတာ သတိထား​မိရင် ဝန်ခံ​ပါ။ အဲဒီ​အကြောင်း ဆုတောင်းပြီး တိုးတက်​နိုင်​ဖို့ ကြိုးစားပါ။ (ယာ. ၁:၅) ကျမ်းစာစာပေ​တွေကို ရှာဖွေလေ့လာ​ခြင်းက သက်ဆိုင်တဲ့ အကြောင်းအရာ​တွေကို ရှာတွေ့နိုင်​အောင် ထပ်ဆင့် ကူညီ​ပေးပါ​လိမ့်မယ်။

၁၇။ ချုပ်တည်းမှု မွေးမြူဖို့ သားသမီးတွေကို မိဘတွေ ဘယ်နည်းတွေနဲ့ ကူညီ​ပေးနိုင်သလဲ။

၁၇ ချုပ်တည်းမှု မွေးမြူ​နိုင်အောင် သားသမီးတွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ ဒီအရ​ည်အသွေး​ကို လူငယ်တွေ အလိုလို မရ​မှန်း မိဘတွေ သိတယ်။ သားသမီး​တွေ​ရှေ့ ပုံသက်သေ​ပြပါ။ (ဧ. ၆:၄) ချုပ်တည်း​ဖို့ ခက်​နေတာ သတိထား​မိရင် သူတို့​ရှေ့ ပုံသက်သေကောင်း ပြ​နေရဲ့လား​လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အမှုဆောင်၊ အစည်းအဝေး​မှာ မှန်မှန်ပါဝင်​ခြင်း၊ မိသားစု​ဝတ်ပြုမှု မှန်မှန် ပြုလုပ်​ခြင်း​ရဲ့ အကျိုးသက်ရောက်မှု​ကို လျှော့မတွက်​ပါနဲ့။ လိုအပ်တဲ့​အခါ သားသမီး​တွေရဲ့ တောင်းဆိုမှု​တွေကို ငြင်း​ဖို့ မစိုးရိမ်​ပါနဲ့။ အာဒံနဲ့ ဧဝ​အတွက် ယေဟောဝါ ကန့်သတ်ချက်​တွေ ချ​ပေးခဲ့တယ်။ အဲဒါတွေက ဘုရားသခင့် အခွင့်အာဏာ​ကို လေးစားမှု ဖြစ်စေ​နိုင်တယ်။ အလားတူ​ပဲ မိဘ​ရဲ့ စည်းကမ်း​နဲ့ ပုံသက်သေ​က ချုပ်တည်း​တတ်အောင် သားသမီးတွေကို သင်ပေးနိုင်တယ်။ ဘုရားသခင့် အခွင့်အာဏာ​ကို မြတ်နိုး​တတ်အောင်၊ ဘုရား​စံနှုန်းတွေကို လေးစား​တတ်အောင် သားသမီးတွေကို သင်ပေး​တာ​က အဖိုးတန်​ဆုံး​ပါပဲ။ပညာအလိမ္မာ ၁:၅၊ ၇၊ ၈ ကိုဖတ်ပါ။

၁၈။ အပေါင်းအသင်း​ကောင်း​တွေဟာ ကောင်းချီး​ဖြစ်ကြောင်း ဘာကြောင့် စိတ်ချ​နိုင်သလဲ။

၁၈ မိဘ ဟုတ်​သည်​ဖြစ်စေ၊ မဟုတ်​သည်​ဖြစ်စေ အပေါင်းအသင်း​တွေကို ပညာရှိရှိ ရွေးချယ်​ဖို့ လိုအပ်မှု​ကို လျစ်လျူမရှု​ပါနဲ့။ တော်​သင့်တဲ့​ပန်းတိုင်တွေ လိုက်စား​ဖို့၊ ပြဿနာတွေ ရှောင်​ဖို့ အား​ပေးတဲ့ အပေါင်းအသင်း​မျိုး ရှာ​ပါ။ (ပညာ. ၁၃:၂၀) ဘုရားရေးရာ​စိတ်ဓာတ်​ရှိတဲ့ အပေါင်းအသင်း​တွေ​က ကောင်းတဲ့​ဩဇာ လွှမ်းမိုး​ပါလိမ့်မယ်။ ချုပ်တည်းမှု ရှိသူ​တွေကို တုပ​ဖို့ လှုံ့ဆော်ပေး​ပါလိမ့်မယ်။ ကိုယ့်​အမူအကျင့်ကောင်း​ကလည်း မိတ်ဆွေတွေ​အတွက် အားပေးမှု ဖြစ်စေ​မှာ သေချာ​တယ်။ ချုပ်တည်းခြင်း​က နေ့တိုင်း ဘုရားသခင့် မျက်နှာသာ ခံစားရ​စေတယ်။ ချစ်ရသူ​တွေနဲ့ ကောင်းတဲ့အရာ​တွေ မျှဝေခံစား​စေတယ်။