မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . အစွမ်းထက်တယ်”

“ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . အစွမ်းထက်တယ်”

“ဘုရားသခင်ရဲ့ နှုတ်ထွက်စကား​ဟာ ရှင်သန်​နေတယ်၊ အစွမ်းထက်​တ​ယ်။”—ဟီ. ၄:၁၂

သီချင်း– ၉၆၊ ၉၄

၁။ ဘုရားသခင့် နှုတ်ထွက်စကား အစွမ်းထက်​ကြောင်း ဘာကြောင့် ယုံကြည်စိတ်ချ​နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ယေဟောဝါရဲ့ နှုတ်ထွက်စကား “ရှင်သန်​နေတယ်၊ အစွမ်းထက်​တ​ယ်” ဆိုတာ ဘုရား​လူမျိုး​တွေ ယုံကြည်စိတ်ချ​တ​ယ်။ (ဟီ. ၄:၁၂) ကျမ်းစာက လူများစွာ​ရဲ့ အသက်တာ​ကို ပြောင်းလဲ​ပေးခဲ့​ပြီ။ ညီအစ်ကို/မတ​ချို့​ဟာ သူခိုး၊ မူးယစ်​ဆေးသမား၊ လိင်​အကျင့်ပျက်သူ​တွေ ဖြစ်ခဲ့​ဖူး​ကြ​တ​ယ်။ တချို့ကျတော့ ဒီ​စနစ်​မှာ အတော်အတန် အောင်မြင်​ပေ​မဲ့ ဘဝ​မှာ တစ်ခုခု လို​နေတယ်​လို့ ခံစား​ခဲ့ကြတယ်။ (ဒေ. ၂:၃-၁၁) မျှော်လင့်ချက် မဲ့​သူတွေဟာ ကျမ်းစာ​ရဲ့ ပြောင်းလဲ​ပေးနိုင်စွမ်း​ကြောင့် အသက်​လမ်း​ကို ရှာတွေ့​ခဲ့ကြတယ်။ “သမ္မာကျမ်းစာ​က ဘဝပုံစံ​တွေကို ပြောင်းလဲ​ပေးနိုင်” ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးတွဲ​တွေမှာပါတဲ့ တွေ့ကြုံမှုတွေ​ကို ဖတ်​ရတာ သင်​နှစ်သက်​မှာပါ။ အမှန်တရားကို လက်ခံပြီး​နောက်မှာ​တောင် ခရစ်ယာန်​တွေဟာ ကျမ်းစာ​ရဲ့ အကူအညီ​နဲ့ ဆက်တိုးတက်​နေကြတယ်။

၂။ ပထမရာစု​မှာ ဘုရားသခင့် နှုတ်ထွက်စကား ဘယ်လို အစွမ်းထက်​ခဲ့​သလဲ။

ကျမ်းစာ လေ့လာမှု​ကြောင့် ကြီးမားတဲ့ ပြောင်းလဲမှု​တွေ လုပ်ခဲ့တဲ့ ခေတ်သစ် ပုံနမူနာ​များစွာကို အံ့ဩ​သင့်​သလား။ မအံ့ဩ​သင့်​ပါဘူး။ အဲဒီ​ပုံနမူနာ​တွေ​က ကောင်းကင် မျှော်လင့်ချက်​ရှိတဲ့ ပထမရာစု ညီအစ်ကို/မတွေကို သတိရ​စေတယ်။ (၁ ကောရိန္သု ၆:၉-၁၁ ကိုဖတ်ပါ။) ဘုရားသခင့် နိုင်ငံ​တော် အမွေမခံ​ရမယ့်​သူတွေ​အကြောင်း တမန်တော်ပေါလု ဖော်ပြပြီး​နောက် “ခင်ဗျား​တို့​ထဲက တချို့ဟာ အရင်က အဲဒီလို​လုပ်ခဲ့ကြ​တ​ယ်” လို့ပြောတယ်။ ကျမ်းစာနဲ့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီ​ကြောင့် သူတို့ ပြောင်းလဲ​ခဲ့ကြတယ်။ အမှန်တရားကို လက်ခံပြီး​နောက်မှာ​တောင် တချို့ဟာ ကြီးလေး​တဲ့ ယုံကြည်ခြင်း​ဆိုင်ရာ ပြဿနာတွေ​ကို ကျော်လွှား​ကြရတယ်။ ပထမရာစု ဘိသိက်ခံ ခရစ်ယာန်​တစ်ယောက် နှင်ထုတ်​ခံရတဲ့​အကြောင်း၊ နောက်ပိုင်း ပြန်လက်ခံ​တဲ့​အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကော. ၅:၁-၅။ ၂ ကော. ၂:၅-၈) ယုံကြည်သူချင်းတွေ ရင်ဆိုင်​ရတဲ့ ပြဿနာတွေ၊ ဘုရားသခင့် နှုတ်ထွက်စကား​အားဖြင့် ကျော်လွှား​ခဲ့တာ​တွေကို သုံးသပ်​ရတာ အားရှိစရာ​ပဲ မဟုတ်လား။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မလဲ။

ဘုရားသခင့် နှုတ်ထွက်စကား​ဟာ အစွမ်းထက်​တဲ့ ကိရိယာ​ဖြစ်ပြီး အလွယ်တကူ ရရှိ​နိုင်တဲ့​အတွက် အကောင်းဆုံး အသုံးပြုသင့်​တ​ယ်။ (၂ တိ. ၂:၁၅) ဒီဆောင်းပါးမှာ (၁) ကိုယ့်​အသက်တာ၊ (၂) အမှုဆောင်လုပ်ငန်း၊ (၃) စင်မြင့်​ပေါ်ကနေ သွန်သင်​တဲ့အခါ ဘုရားသခင့် နှုတ်ထွက်စကား​ရဲ့ အစွမ်းတန်ခိုး​ကို ဘယ်လို ပို​အပြည့်အဝ ထုတ်ဖော်​နိုင်​ကြောင်း သုံးသပ်​ကြပါ​မယ်။ ဒါတွေ​က ကျွန်တော်တို့ရဲ့ ကောင်းကျိုး​အတွက် သွန်သင်ပေးတဲ့ ကောင်းကင်ဘုံ​စံ ဖခင်​ကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း တင်ပြ​ဖို့ ကူညီ​ပေးပါ​လိမ့်မယ်။—ဟေရှာ. ၄၈:၁၇

ကိုယ့်​အသက်တာ

၄။ (က) ကျွန်တော်တို့​အပေါ် ဘုရားသခင့် နှုတ်ထွက်စကား အကျိုးသက်ရောက်​စေဖို့ ဘာ​လုပ်​ရ​မလဲ။ (ခ) ကျမ်းစာ ဖတ်ရှု​ဖို့ သင် ဘယ်လို အချိန်ယူ​သလဲ။

ကျွန်တော်တို့​အပေါ် ဘုရားသခင့် နှုတ်ထွက်စကား အကျိုးသက်ရောက်​စေဖို့ ပုံမှန်၊ ဖြစ်​နိုင်မယ်​ဆိုရင် နေ့စဉ် ဖတ်ရှု​ရမယ်။ (ယောရှု ၁:၈) အများစုက အလုပ်များ​ကြတာ မှန်ပါတယ်။ ဒါပေမဲ့ တာဝန်ဝတ္တရား​တွေ​အပါအဝင် ဘယ်​အရာက​မှ ကျမ်းစာ ဖတ်ရှု​တဲ့ လုပ်ရိုးလုပ်စဉ်​ကို အနှောင့်အယှက် မဖြစ်​စေ​သင့်​ဘူး။ (ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။) ယေဟောဝါရဲ့ ကျေးကျွန်​များစွာ​ဟာ နေ့​တစ်နေ့ အစမှာ​ဖြစ်စေ၊ အဆုံး​မှာဖြစ်​စေ၊ တခြားတစ်​ချိန်​ချိန်မှာ​ဖြစ်စေ နေ့စဉ် ကျမ်းစာဖတ်​ရှု​ဖို့ နည်းလမ်းတွေ ရှာတွေ့​ခဲ့ကြ​ပြီ။ “ပညတ်တော်​ကို အလွန်​နှစ်သက်​ပါတယ်။ တစ်နေ့​လုံး စဉ်းစား​ဆင်ခြင်​ပါတယ်” လို့ ရေး​ခဲ့တဲ့ ဆာလံဆရာ​လို ခံစား​ကြရတယ်။—ဆာ. ၁၁၉:၉၇

၅၊ ၆။ (က) တွေးတောဆင်ခြင်ခြင်း ဘာကြောင့် အရေးကြီး​သလဲ။ (ခ) ဘယ်လို ထိထိရောက်ရောက် တွေးတောဆင်ခြင်​နိုင်သလဲ။ (ဂ) ဘုရားသခင့် နှုတ်ထွက်စကား​ကို ဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်း​က​နေ ကိုယ်တိုင် ဘယ်လို အကျိုးရ​ရှိခဲ့​ပြီ​လဲ။

ကျမ်းစာ ဖတ်ရှုခြင်း​အပြင် ဖတ်ရှု​တဲ့​အရာ​ကို တွေးတောဆင်ခြင်​ဖို့ အရေးကြီးတယ်။ (ဆာ. ၁:၁-၃) ဒါမှ အမြဲတမ်း မှန်ကန်တဲ့ ဉာဏ်​ပညာ​ကို လက်တွေ့ကျင့်သုံး​နိုင်ကြ​မယ်။ ပုံနှိပ်​ကျမ်းစာ​ဖြစ်စေ၊ အီလက်ထရွန်နစ်​ကျမ်းစာ​ဖြစ်စေ ဖတ်ရှု​တဲ့အခါ ပြီး​ရုံ​လောက်​သာ မဟုတ်ဘဲ နှလုံးသား​ထဲ စိမ့်ဝင်​စေဖို့ ပန်းတိုင်​ထားသင့်တယ်။

ဘယ်လို ထိထိရောက်ရောက် တွေးတောဆင်ခြင်​နိုင်သလဲ။ အပိုင်းတစ်ပိုင်း ဖတ်​ပြီးနောက် ခဏ ရပ်​ပြီး ‘ဒါက ယေဟောဝါ​အကြောင်း ဘာသင်ပေးသလဲ။ ဒီ​အပိုင်းမှာ​ပါတဲ့ အခြေခံမူ​ကို ဘဝ​မှာ ငါ ဘယ်လို ကျင့်သုံး​နေ​သလဲ။ ဘယ်​ကဏ္ဍ​တွေမှာ တိုးတက်​နိုင်သလဲ’ ဆိုတဲ့ မေးခွန်းတွေကို တွေးတောခြင်း​က အထောက်အကူ ပြုတယ်။ ဘုရားသခင့် နှုတ်ထွက်စကား​ကို ဆုတောင်းပြီး တွေးတောဆင်ခြင်​တဲ့အခါ ပို​အပြည့်အဝ ကျင့်သုံး​ဖို့ လှုံ့ဆော်​ခံရ​ပါလိမ့်မယ်။ ကိုယ့်​အသက်တာမှာ ကျမ်းစာ​ရဲ့ အစွမ်းတန်ခိုး​ကို ပို​ထုတ်ဖော်​နိုင်​ပါလိမ့်မယ်။—၂ ကော. ၁၀:၄၊ ၅

အမှုဆောင်လုပ်ငန်း

၇။ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကား​ကို ဘယ်လို အသုံးပြုသင့်​သလဲ။

အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကား​ကို ကောင်းစွာ အသုံးပြု​ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ တစ်နည်း​က​တော့ ဟောပြော​သွန်သင်​တဲ့အခါ ကျမ်းစာကို တွင်​တွင်ကျယ်​ကျယ် အသုံးပြုခြင်း​ပါပဲ။ ညီအစ်ကို​တစ်ယောက်က “ယေဟောဝါနဲ့​အတူ တစ်အိမ်တက်ဆင်း ဟောပြော​တဲ့အခါ တစ်ယောက်တည်း ဒိုင်ခံ​ပြော​မလား၊ ဘုရားသခင်ကို စကားပြော​ခွင့် ပြု​မလား” ဆိုပြီး ပြောတယ်။ ဆိုလို​တာ​က အမှုဆောင်လုပ်ငန်းမှာ ကျမ်းစာက​နေ တိုက်ရိုက်​ဖတ်ပြခြင်း​အားဖြင့် ယေဟောဝါကို စကားပြော​ခွင့်​ပေးဖို့​ပါပဲ။ သေသေချာချာ ရွေးချယ်​ထားတဲ့ ကျမ်းချက်​တစ်ချက်​က ကျွန်တော်တို့ ပြော​နိုင်တဲ့ ဘယ်​အရာ​ထက်​မဆို များစွာ အစွမ်းထက်​ပါလိမ့်မယ်။ (၁ သက်. ၂:၁၃) ‘ငါ​ဟော​တဲ့​သူတွေကို ကျမ်းချက်​တစ်ချက် ဖတ်ပြ​ဖို့ အခွင့်အရေး ရှာယူ​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၈။ ဟောပြော​တဲ့အခါ ကျမ်းချက်​တွေကို ဖတ်ပြ​ရုံ​လောက်​သာ ဘာကြောင့် မလုပ်​သင့်သလဲ။

ကျမ်းစာကို ဖတ်ပြ​ရုံ​ထက်​မက လိုအပ်တယ်။ ဘာကြောင့်လဲ။ လူများစွာ​က ကျမ်းစာကို အနည်းအကျ​ဉ်း​လောက်​သာ သိ​ကြ​လို့ပဲ။ ပထမရာစု​တုန်းက​လည်း အဲဒီလိုပဲ။ (ရော. ၁၀:၂) ဒါကြောင့် ကျမ်းချက်​တစ်ချက် ဖတ်ပြ​ရုံ​နဲ့ ဆိုလိုရင်း​ကို နားလည်​မယ်လို့ မယူဆ​သင့်​ဘူး။ အချိန်ယူပြီး အဓိက စကားလုံးတွေ ပြန်​ဖတ်ပြ​ရမယ်။ အဓိပ္ပာယ်​ကို ရှင်းပြ​ရမယ်။ ဒီနည်းအားဖြင့် နားထောင်သူ​တွေရဲ့ စိတ်နှလုံး​ထဲ ဘုရားသခင့် နှုတ်ထွက်စကား ရောက်ရှိ​အောင် ကူညီပေး​နိုင်မယ်။လုကာ ၂၄:၃၂ ကိုဖတ်ပါ။

၉။ ကျမ်းစာကို ပို​လေးမြတ်​စေတဲ့​နည်းနဲ့ ဘယ်လို မိတ်ဆက်​ပေးနိုင်သလဲ။ ဥပမာ​ပေးပါ။

ကျမ်းစာကို ပို​လေးမြတ်​လာ​စေတဲ့​နည်းနဲ့ ကျမ်းချက်​တွေကို မိတ်ဆက်​ပေးသင့်တယ်။ ဥပမာ၊ “ဒီ​အကြောင်း ဖန်ဆင်းရှင် ဘာ​ပြော​ထား​သလဲ ကြည့်ရ​အောင်” လို့ ပြောနိုင်​တ​ယ်။ ခရစ်ယာန် မဟုတ်​သူနဲ့ စကားပြော​တဲ့အခါ “ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ သတိပြု​ကြည့်ပါ” လို့ပြော​နိုင်တယ်။ ဘုရားတရား စိတ်မဝင်စား​တဲ့​သူ​ကို ဟော​တဲ့အခါ “ဒီ​ရှေးစကား​ပုံကို ကြားဖူး​သလား” လို့ မေးနိုင်တယ်။ လူတစ်ယောက်​စီ​ကို ခွဲခြားသိမြင်​ပြီး အလိုက်​အ​ထိုက် ချဉ်းကပ်​ရမယ်။—၁ ကော. ၉:၂၂၊ ၂၃

၁၀။ (က) ညီအစ်ကို​တစ်ယောက်​ရဲ့ တွေ့ကြုံမှုကို ပြောပြပါ။ (ခ) အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကား​ရဲ့ အစွမ်းထက်​မှုကို ဘယ်လို ကြုံဖူး​သလဲ။

၁၀ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကား​ကို အသုံးပြုခြင်း​က နားထောင်သူ​တွေ​အပေါ် အကြီးအကျယ် သက်ရောက်​နိုင်​ကြောင်း လူများစွာ တွေ့ရှိ​ခဲ့ကြ​ပြီ။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းတွေကို ဖတ်ရှု​နေတာ နှစ်ပေါင်း​များစွာ ရှိပြီ​ဖြစ်တဲ့ သက်ကြီးရွယ်အို အမျိုးသား​တစ်ယောက်​ဆီ ညီအစ်ကို​တစ်ယောက် ပြန်လည်ပတ်​တ​ယ်။ နောက်ဆုံးထုတ် ကင်းမျှော်စင်​ကို ဒီအတိုင်း ပေးလိုက်​မယ့်အစား ဆောင်းပါးမှာ​ပါတဲ့ ကျမ်းချက်​တစ်ချက် ဖတ်ပြ​လိုက်တယ်။ ‘ကရုဏာ​ကြီးတဲ့​အဖ၊ နှစ်သိမ့်ခြင်း​အမျိုးမျိုး​ရဲ့ အရှင်​ဟာ ကျွန်တော်တို့ ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရတဲ့​အခါ နှစ်သိမ့်​ပေးတယ်’ ဆိုတဲ့ ၂ ကောရိန္သု ၁:၃၊ ၄ ကို ဖတ်ပြ​တယ်။ အိမ်ရှင် စိတ်ထိမိ​သွားပြီး နောက်​တစ်ခေါက် ဖတ်ပြ​ဖို့ ပြောတယ်။ သူနဲ့ သူ့​ဇနီး နှစ်သိမ့်မှု လိုအပ်​နေ​ကြောင်း ပြောပြီး ကျမ်းစာ သတင်းတရား​ကို စိတ်ဝင်စား​ကြောင်း ပြခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကား အစွမ်းထက်​ကြောင်း သဘောတူတ​ယ် မဟုတ်လား။—တ. ၁၉:၂၀

စင်မြင့်​ပေါ်ကနေ သွန်သင်​တဲ့အခါ

၁၁။ စင်မြင့်​ပေါ်ကနေ သွန်သင်​တဲ့ ညီအစ်ကို​တွေမှာ ဘာ​တာဝန် ရှိ​သလဲ။

၁၁ ခရစ်ယာန် ပတ်စဉ် အစည်းအဝေး​တွေ၊ အစည်းအဝေး​ပွဲ​တွေ၊ အစည်းအဝေးကြီး​တွေ တက်​ရတာ ကျွန်တော်တို့ နှစ်သက်​ကြ​တ​ယ်။ ယေဟောဝါကို ဝတ်ပြု​ဖို့ အဓိက တက်ရောက်​ကြတာပါ။ ကျမ်းစာ​လမ်းညွှန်ချက်​က​နေ​လည်း အကျိုးအများကြီး ရရှိ​ကြ​တ​ယ်။ ဒီလို​အချိန်အခါ​တွေဟာ စင်မြင့်​ပေါ်ကနေ သွန်သင်​ရတဲ့ ညီအစ်ကိုတွေ​အတွက် အခွင့်ထူး​ပါပဲ။ ကြီးမားတဲ့ တာဝန်​ဖြစ်မှန်း​လည်း အသိအမှတ် ပြုသင့်​တ​ယ်။ (ယာ. ၃:၁) ဘုရားသခင့် နှုတ်ထွက်စကား​ပေါ် အခြေခံပြီး အမြဲ​သွန်သင်​ရမယ်။ သင်ဟာ စင်မြင့်​ပေါ်ကနေ သွန်သင်​ဖို့ တာဝန်ရ​ထားတယ်​ဆိုရင် ကျမ်းစာ​ရဲ့ အစွမ်းတန်ခိုး​ကို ဘယ်လို ထုတ်ဖော်​နိုင်သလဲ။

၁၂။ ဟောပြောချက်​ကို ကျမ်းချက်တွေ​အပေါ် ဘယ်လို အခြေခံ​နိုင်သလဲ။

၁၂ ဟောပြောချက်​ကို ကျမ်းချက်တွေ​အပေါ် အခြေခံ​ပါ။ (ယော. ၇:၁၆) ဘာတွေ ပါဝင်​သလဲ။ တွေ့ကြုံမှု၊ ဥပမာ၊ တင်ဆက်ပုံ တစ်ခု​မှ အသုံးပြု​တဲ့​ကျမ်းချက်​ကို မလွှမ်းမိုး​စေဖို့၊ ကျမ်းချက်​က​နေ အာရုံမလွဲ​သွား​စေဖို့ သတိ​ပြုပါ။ ကျမ်းချက်များ​များ ဖတ်ပြ​ရုံ​နဲ့ ကျမ်းစာက​နေ သွန်သင်​နေတယ်​လို့ မယူဆ​ပါနဲ့။ ကျမ်းချက် များ​လွန်း​သွား​ရင်​လည်း နားထောင်သူ​တွေရဲ့ စိတ်ထဲ ဘာ​တစ်ခု​မှ မကျန်​ခဲ့​ဘဲ ဖြစ်သွား​နိုင်တယ်။ ဒါကြောင့် အဓိက​ကျမ်းချက်​တွေကို ဂရုတစိုက် ရွေးချယ်​ပါ။ ဖတ်ဖို့၊ ရှင်းပြ​ဖို့၊ ဥပမာ​ပေးဖို့၊ သက်ဆိုင်ပုံ​ကို တင်ပြ​ဖို့ အချိန်ယူ​ပါ။ (နေ. ၈:၈) ဟောပြောချက်​ဟာ အဖွဲ့အစည်း ပြင်ဆင်​ပေးတဲ့ အောက်လိုင်း​ကို အခြေခံ​မယ်ဆိုရင် အောက်လိုင်း​နဲ့ ပါဝင်တဲ့ ကျမ်းချက်​တွေကို လေ့လာ​ပါ။ အောက်လိုင်း​မှာပါတဲ့ အချက်​နဲ့ ရည်ညွှန်း​ကျမ်းချက်တွေ ဆက်စပ်ပုံ​ကို နားလည်ဖို့ ကြိုးစားပါ။ အောက်လိုင်း​ရဲ့ ဆိုလိုရင်း​တွေကို ပေါ်လွင်​စေမယ့် အကောင်းဆုံး ကျမ်းချက်​တွေကို အသုံးပြုပါ။ (သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေး​မှ အကျိုးရယူ စာအုပ် သင်ခန်းစာ ၂၁ က​နေ ၂၃ မှာ လက်တွေ့ကျ အကြံပြုချက်​တွေ တွေ့ရှိ​နိုင်တယ်။) အရေးကြီးဆုံး​က​တော့ ဘုရားသခင့် နှုတ်ထွက်စကား​မှာပါတဲ့ အဖိုးတန် အယူအဆ​တွေကို ဖော်ပြ​နိုင်​ဖို့ ယေဟောဝါရဲ့ အကူအညီ တောင်းခံ​ပါ။ဧဇရ ၇:၁၀ နဲ့ ပညာအလိမ္မာ ၃:၁၃၊ ၁၄ တို့ကိုဖတ်ပါ။

၁၃။ (က) အစည်းအဝေး​မှာ သုံး​တဲ့ ကျမ်းချက်​ကြောင့် ညီအစ်မ​တစ်ယောက် ဘယ်လို စိတ်ထိမိ​သွား​သလဲ။ (ခ) အစည်းအဝေးတွေမှာ တင်ဆက်​တဲ့ ကျမ်းစာ​သွန်သင်ချက်​က​နေ ဘယ်လို အကျိုးရ​ရှိခဲ့​ပြီ​လဲ။

၁၃ ဩစတြေးလျ​နိုင်ငံ​က ညီအစ်မ​တစ်ယောက်​ဟာ အစည်းအဝေး​မှာ သုံး​တဲ့​ကျမ်းချက်တွေ​ကြောင့် စိတ်ထိမိ​ခဲ့တယ်။ ကလေးဘဝ​နောက်ခံ ဆိုးရွား​ပေ​မဲ့ ကျမ်းစာ​သတင်းတရား​ကို လက်ခံပြီး ဆက်ကပ်အပ်နှံ နှစ်ခြင်းခံ​ခဲ့တယ်။ ဒါတောင် ယေဟောဝါရဲ့ မေတ္တာကို လက်ခံဖို့ အခက်တွေ့​နေတုန်းပဲ။ နောက်ပိုင်း​ကျ​မှ ဘုရားသခင်ရဲ့ မေတ္တာကို ယုံကြည်စိတ်ချ​သွားတယ်။ အဲဒီလို​ဖြစ်ဖို့ ဘာက ကူညီပေးခဲ့သလဲ။ အစည်းအဝေး​တစ်ခုမှာ သုံး​တဲ့ ကျမ်းချက်​ကို တွေးတောဆင်ခြင်​ပြီး တခြား​ကျမ်းချက်တွေ​နဲ့ ဆက်စပ်​ကြည့်ခြင်း​ပါပဲ။ * ပတ်စဉ် အစည်းအဝေး​တွေ၊ အစည်းအဝေး​ပွဲ​တွေ၊ အစည်းအဝေးကြီး​တွေမှာ​သုံး​တဲ့ ကျမ်းချက်တွေ​ကြောင့် အလားတူ စိတ်ထိမိ​ဖူးသလား။—နေ. ၈:၁၂

၁၄။ ယေဟောဝါရဲ့ နှုတ်ထွက်စကား​ကို တန်ဖိုးထားလေးမြတ်​ကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။

၁၄ နှုတ်တော်ထွက် ကျမ်းစာကို ယေဟောဝါ ပေးထား​လို့ ကျေးဇူးတင်စရာ​ပါပဲ။ ဘုရား​သခင်က လူ့မိသားစု​အတွက် ကျမ်းစာ ပေးထား​ရုံ​သာမက ကျမ်းစာ​တည်မြဲ​မယ်​ဆိုတဲ့ ကတိ​ကိုလည်း ပြည့်စုံ​စေတယ်။ (၁ ပေ. ၁:၂၄၊ ၂၅) ဒါကြောင့် ကျမ်းစာကို ပုံမှန် ဖတ်ရှု​သင့်တယ်။ အသက်တာမှာ ကျင့်သုံး​သင့်တယ်။ တခြားသူတွေကို ကူညီ​တဲ့အခါ အသုံးပြုသင့်​တ​ယ်။ ဒီနည်းအားဖြင့် ဘုရားသခင် ပေး​ထားတဲ့ ဒီ​ဘဏ္ဍာ​ကိုသာမက အာဘော်ရှင် ယေဟောဝါဘုရား​ကိုလည်း ချစ်ကြောင်း၊ လေးမြတ်​ကြောင်း တင်ပြ​နေကြ​ပါတယ်။

^ စာပိုဒ်၊ 13 အလှည့်အပြောင်း” လေးထောင့်ကွက်​ကို ကြည့်ပါ။