မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ

ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ

‘ယေဟောဝါဟာ ကရုဏာ​ရှိပြီး သနား​စာနာ​တတ်တဲ့​ဘုရား​ပဲ။’ —ထွ. ၃၄:၆

သီချင်း– ၅၇၊ ၁၄၇

၁။ ယေဟောဝါက မိမိ​အကြောင်း မောရှေ​ကို အထူး​နည်းနဲ့ ဘယ်လို ဖော်ပြ​ခဲ့​သလဲ။ အဲဒါ ဘာကြောင့် ထူးခြား​သလဲ။

တစ်ကြိမ်​မှာ ဘုရား​သခင်က မိမိရဲ့ နာမည်​နဲ့ အရည်အသွေး​အကြောင်း မောရှေ​ကို ဖော်ပြ​ခဲ့တယ်။ ကရုဏာ​နဲ့ သနားစာနာမှု​ကို ဦးဆုံး​ဖော်ပြတယ်။ (ထွက်မြောက်ရာ ၃၄:၅-၇ ကိုဖတ်ပါ။) တန်ခိုး၊ ဉာဏ်​ပညာ​အကြောင်း ယေဟောဝါ ဖော်ပြ​လို့​ရတယ်။ ဒါပေမဲ့ မောရှေ​က ဘုရားသခင့် ကျောထောက်နောက်ခံ​မှု ရှိ​မရှိ သိချင်​နေတယ်။ ဒါကြောင့် မိမိ​ကျေးကျွန်​တွေကို ကူညီပေး​ချင်​မှန်း ဖော်ပြ​တဲ့ အရည်အသွေး​တွေကို ယေဟောဝါ အလေးပေး​ခဲ့တယ်။ (ထွ. ၃၃:၁၃) တခြား​အရည်အသွေး​တွေ​ထက် ဒီ​နှစ်​လို့​ဖွယ် အရည်အသွေး​တွေကို ဦးစားပေး​ဖော်ပြ​တဲ့​အတွက် သင် စိတ်ထိမိ​တ​ယ် မဟုတ်လား။ တခြားသူ​ရဲ့ အခက်အခဲ​ဒုက္ခ​ကို စာနာ​နားလည်​ပေး​နိုင်တဲ့​အစွမ်း သနားစာနာမှု​အကြောင်း ဒီဆောင်းပါးမှာ အဓိက ဆွေးနွေး​သွား​ပါမယ်။

၂၊ ၃။ (က) သနား​စာနာစိတ်​ဟာ လူ့​ပင်ကိုစိတ်​ဖြစ်ကြောင်း ဘာက ဖော်ပြသလဲ။ (ခ) သနားစာနာမှု​နဲ့ပတ်သက်ပြီး ကျမ်းစာအဆို​ကို ဘာကြောင့် စိတ်ဝင်စား​သင့်သလဲ။

လူသား​တွေဟာ ဘုရားသခင့် ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်းခံ​ထား​ရတယ်။ ယေဟောဝါ သနား​စာနာ​တတ်တဲ့​အတွက် လူ့​ပင်ကိုစိတ်​မှာ အဲဒီ​အရည်အသွေး ပါ​လာတယ်။ ဘုရားသခင်ကို မသိ​တဲ့​လူတွေ​တောင် သနားစာနာမှု တင်ပြ​လေ့​ရှိ​ကြ​တ​ယ်။ (က. ၁:၂၇) ကျမ်းစာမှတ်တမ်း​များစွာ​က သနား​စာနာစိတ်​အကြောင်း ပေါ်လွင်​စေတယ်။ ဘယ်သူက မိခင်​ရင်း ဖြစ်ကြောင်း ရှောလမုန်​ရှေ့မှာ ငြင်းခုံ​တဲ့ ပြည့်တန်ဆာ နှစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ စမ်း​တဲ့​သဘော​နဲ့ ကလေးကို နှစ်​ပိုင်း​ပိုင်း​ဖို့ အမိန့်ပေး​တဲ့အခါ မိခင်​ရင်း​ရဲ့ သနားစာနာမှု ထင်ရှား​လာတယ်။ ဒါနဲ့ ကလေးကို အသေ​မခံ​ဘဲ တခြား​အမျိုးသမီး​ဆီ ပေးဖို့ ဆုံးဖြတ်​လိုက်တယ်။ (၁ ဘု. ၃:၂၃-၂၇) သူငယ်​မောရှေ​ကို ကယ်တင်​ခဲ့တဲ့ ဖာရော​ရဲ့ သမီး​အကြောင်း​လည်း စဉ်းစားကြည့်ပါ။ ဟီဘရူး​ကလေး​ဖြစ်မှန်း၊ မက​ယ်​သင့်​မှန်း သိလျ​က်​နဲ့ “ကလေးကို သနား​သွား” ပြီး မွေးစား​ဖို့ ဆုံးဖြတ်​ခဲ့တယ်။—ထွ. ၂:၅၊ ၆

သနား​စာနာစိတ်​အကြောင်း ဘာကြောင့် စိတ်ဝင်စား​သင့်သလဲ။ ယေဟောဝါကို တုပ​ဖို့ ကျမ်းစာမှာ တိုက်တွန်း​ထားလို့ပါ​ပဲ။ (ဧ. ၅:၁) လူသား​တွေဟာ သနား​စာနာစိတ်​နဲ့ ဖန်ဆင်းခံ​ရပေမဲ့ အာဒံရဲ့ မစုံလင်မှု​အမွေ ရထား​လို့ အတ္တ​စိတ် ရှိ​ကြ​တ​ယ်။ တခြားသူ​ကို ကူညီ​ရ​မလား၊ ကိုယ့်​အတွက်​ပဲ ကြည့်ရ​မလား​ဆိုတာ ဆုံးဖြတ်​ဖို့ တစ်ခါတလေ ခက်ခဲ​နိုင်တယ်။ တချို့​က​တော့ အမြဲ​ဝေခွဲမရ ဖြစ်နေ​တတ်တယ်။ တခြားသူတွေကို စိတ်ဝင်စားမှု ပြ​နေဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ ပထမ၊ သနားစာနာမှု​ကို ယေဟောဝါ ဘယ်လို​ပြခဲ့​ကြောင်း၊ တခြားသူတွေ ဘယ်လို တင်ပြ​ခဲ့ကြ​ကြောင်း အချိန်ယူ ဆန်းစစ်​ပါ။ ဒုတိယ၊ ဘုရားသခင့် ပုံသက်သေ​ကို ဘယ်လို တုပ​နိုင်​ကြောင်း၊ တုပ​လို့ ဘယ်လို အကျိုးရ​ကြောင်း စဉ်းစားပါ။

အကောင်းဆုံး သနားစာနာမှု ပုံနမူနာ​ရှင် ယေဟောဝါ

၄။ (က) သောဒုံ​မြို့​ဆီ ယေဟောဝါ ဘာကြောင့် ကောင်းကင်တမန်​တွေ စေလွှတ်​ခဲ့​သလဲ။ (ခ) လောတ​နဲ့ သမီး​တွေရဲ့ အဖြစ်​က ဘာသင်ပေးသလဲ။

ယေဟောဝါရဲ့ သနားစာနာမှု​ကို ဖြစ်ရပ်များ​စွာ​မှာ တွေ့ရတယ်။ ဖြောင့်မတ်သူ လောတ​အတွက် ဘာ​လုပ်ဆောင်​ခဲ့​ကြောင်း စဉ်းစားကြည့်ပါ။ လောတ​ဟာ သောဒုံ​နဲ့ ဂေါမောရ​မြို့သား​တွေရဲ့ အရှက်မဲ့တဲ့​အကျင့်​ကြောင့် “အကြီးအကျယ် စိတ်ဆင်းရဲ​ခဲ့” တ​ယ်။ အဲဒီ​အကျင့်ပျက်သူ​တွေကို ဖျက်ဆီး​ဖို့ ဘုရားသခင် ဆုံးဖြတ်​ခဲ့တယ်။ (၂ ပေ. ၂:၇၊ ၈) လောတ​ကို ကယ်​ဖို့ ကောင်းကင်တမန်​တွေကို ဘုရားသခင် စေလွှတ်​တ​ယ်။ မြို့ထဲ​နေ ထွက်ပြေး​ဖို့ လောတ​နဲ့ မိသားစု​ကို ကောင်းကင်တမန်​တွေ တိုက်တွန်း​တ​ယ်။ “လောတ အချိန်ဆွဲ​နေ​တော့ ယေဟောဝါရဲ့ သနားညှာတာမှု​ကြောင့် ကောင်းကင်တမန်​တွေ​က လောတ၊ သူ့​ဇနီး​နဲ့ သမီး​နှစ်ယောက်​ကို လက်ဆွဲ​ပြီး မြို့ပြင် ခေါ်ထုတ်​သွားတယ်။” (က. ၁၉:၁၆) သစ္စာရှိ ကျေးကျွန်​တွေ ကြုံရတဲ့ အခက်အခဲတွေကို ယေဟောဝါ အပြည့်အဝ နားလည်​ကြောင်း အဲဒီ​ဖြစ်ရပ်​က ဖော်ပြတယ် မဟုတ်လား။—ဟေရှာ. ၆၃:၇-၉။ ယာ. ၅:၁၁။ ၂ ပေ. ၂:၉

၅။ ၁ ယောဟန် ၃:၁၇ က သနားစာနာမှု ပြ​တတ်အောင် ဘယ်လို ကူညီပေးသလဲ။

ယေဟောဝါ သနားစာနာမှု ပြ​ရုံ​သာမက မိမိလူ​မျိုး​ကိုလည်း သနားစာနာမှု​ပြဖို့ သင်ပေးတယ်။ လူတစ်ယောက်ရဲ့ အဝတ်​ကို အ​ပေါင်​ပစ္စည်း​အဖြစ် ယူ​တာနဲ့​ပတ်သက်တဲ့ ပညတ်​ကို သုံးသပ်ကြည့်ပါ။ (ထွက်မြောက်ရာ ၂၂:၂၆၊ ၂၇ ကိုဖတ်ပါ။) စာနာမှု​မဲ့​တဲ့​ကြွေးရှင်​က ကြွေးတင်​သူရဲ့​အဝတ်​ကို သိမ်း​လိုက်လို့ ကြွေးတင်​သူ​ခမျာ ခြုံ​စရာ​မရှိဘဲ အိပ်​ရမယ်။ ဒါပေမဲ့ အဲဒီလို စာနာမှု​မဲ့​တဲ့ သဘောထား​နဲ့ လုပ်ရပ်​ကို ရှောင်​ဖို့ မိမိလူ​မျိုး​ကို ယေဟောဝါ သင်ပေးတယ်။ သူတို့​တစ်​တွေ သနား​စာနာ​တတ်​ရမယ်။ အဲဒီ​ပညတ်​မှာပါတဲ့ အခြေခံမူ​က လက်တွေ့​လုပ်ဆောင်​ဖို့ လှုံ့ဆော်ပေး​တ​ယ် မဟုတ်လား။ ညီအစ်ကို​တွေရဲ့ ဆင်းရဲဒုက္ခ သက်သာ​အောင် တစ်ခုခု လုပ်ပေး​နိုင်​လျက်​နဲ့ စောင်မ​ပါ​ဘဲ အိပ်​ရ​အောင် ပစ်ထား​မလား။—ကော. ၃:၁၂။ ယာ. ၂:၁၅၊ ၁၆။ ၁ ယောဟန် ၃:၁၇ ကို ဖတ်ပါ။

၆။ အပြစ်​ရှိတဲ့ အစ္စရေး​တွေကို ယေဟောဝါ ဆက်ဆံပုံ​က​နေ ဘာသင်ယူနိုင်သလဲ။

အစ္စရေးလူမျိုး အပြစ်လုပ်​တာတောင် ယေဟောဝါ သနား​စာနာ​ခဲ့တယ်။ “ဘိုးဘေး​တို့ရဲ့​ဘုရား ယေဟောဝါဟာ မိမိ​နေထိုင်​ရာ​အရပ်​နဲ့ လူမျိုးတော်​ကို သနားညှာတာ​တဲ့​အတွက် တမန်တွေ လွှတ်​ပြီး သူတို့ကို အမြဲ​သတိပေး​တ​ယ်။ ထပ်တလဲလဲ သတိပေး​တယ်။” (၂ ရာ. ၃၆:၁၅) အပြစ်​ရှိတဲ့ လမ်းစဉ်​အတွက် နောင်တယူ​ပြီး ဘုရားသခင့် မျက်နှာသာ ပြန်​ရနိုင်​ချေ ရှိသူ​တွေ​အပေါ် အလားတူ စာနာ​သင့်တယ် မဟုတ်လား။ လာမယ့် တရားစီရင်ခြင်း​မှာ ဘယ်သူ့​ကိုမှ ယေဟောဝါ မပျက်စီး​စေချင်ဘူး။ (၂ ပေ. ၃:၉) ဒါကြောင့် လူဆိုး​တွေကို ဘုရားသခင် ဖျက်ဆီး​တဲ့​အချိန်​အထိ သနားစာနာမှု သတိပေး​သတင်း ဆက်​ကြေညာ​ကြစို့။

၇၊ ၈။ ယေဟောဝါ သနား​စာနာ​တယ်လို့ မိသားစု​တစ်စု ဘာကြောင့် ယုံကြည်​ခဲ့​သလဲ။

ဘုရားသခင့် သနားစာနာမှု​ကို ဖော်ပြ​တဲ့​ဖြစ်ရပ် များစွာ​ရှိတယ်။ မီ​လ​န်​ဆိုတဲ့ ၁၂ နှစ်အရွယ် လူငယ်လေး​ရဲ့ မိသားစု​အကြောင်း စဉ်းစားကြည့်ပါ။ ၁၉၉​၀ ပြည့်လွန်နှစ်​အစောပိုင်း လူမျိုးရေး​ပဋိပက္ခ ဖြစ်နေ​ချိန်မှာ​ပေါ့။ မီ​လ​န်၊ ညီ၊ မိဘတွေဟာ သက်သေခံတ​ချို့​နဲ့အတူ အစည်းအဝေးကြီး တက်ဖို့ ဘော့စနီးယား​က​နေ ဆား​ဗီး​ယား​ကို ဘတ်စကား စီး​သွား​ကြ​တ​ယ်။ အဲဒီ​အစည်းအဝေးကြီး​မှာ မီ​လ​န်​ရဲ့ မိဘတွေ နှစ်ခြင်းခံ​မှာ။ ဒါပေမဲ့ နယ်စပ်​မှာ စစ်သားတွေ​က လူမျိုးရေး​ကြောင့် မီ​လ​န်​တို့​မိသားစု​ကို ကား​ပေါ်​က ဆင်း​ခိုင်း​ပြီး တခြား​ညီအစ်ကို​တွေကို ဆက်သွား​ခွင့်​ပေးတယ်။ နှစ်​ရက် ချုပ်​ထား​ပြီးတဲ့နောက်​မှာ တာဝန်ခံ​က အထက်အရာရှိ​ကို ဘာ​ဆက်လုပ်​ရ​မလဲ​လို့ လှမ်း​မေးတယ်။ “ခေါ်​သွားပြီး ပစ်သတ်​လိုက်” လို့​ပြန်​ပြောတာကို အားလုံး ကြား​ရတယ်။

တာဝန်ခံ​က သူ့​လူတွေနဲ့ စကားပြော​နေတုန်း အမျိုးသား​နှစ်ယောက် ရောက်လာပြီး သက်သေခံ​တွေပါ​လို့ မိသားစု​ကို တိတ်တိတ်လေး အသိပေး​လိုက်တယ်။ ဘတ်စကား​ပေါ်​က တခြားသူတွေ​ဆီကနေ ဒီ​အကြောင်း ကြား​ခဲ့ကြ​တာ​တဲ့။ ကလေးတွေရဲ့ စာရွက်စာတမ်း​ကို ရဲ​တွေ မစ​စ်​ဆေး​ဘူးဆို​တော့ မီ​လ​န်​နဲ့ ညီ​ကို သူတို့ကား​ပေါ် တက်​ခိုင်း​တ​ယ်။ မိဘတွေ​ကိုတော့ စစ်ဆေးရေး​ဂိတ်​ရဲ့ အနောက်ဘက်​က​နေ လျှောက်​သွား​ခိုင်း​ပြီး တစ်ဖက်​နယ်စပ်​မှာ တွေ့​ဖို့ ပြောတယ်။ မီ​လ​န် ရယ်​ရ​မလို၊ ငိုရ​မလို ဖြစ်သွား​တ​ယ်။ “လမ်းလျှောက်​ဖြတ်သွား​ခွင့် ပြု​မယ်လို့ ထင်နေ​သလား” ဆိုပြီး မိဘတွေ မေး​ပေ​မဲ့ သူတို့ ဖြတ်သွား​ချိန်မှာ စစ်​သား​တွေ​က ကြောင်​ပြီး ငေး​ကြည့်​နေ​သလိုပဲ။ တစ်ဖက်​နယ်စပ်​မှာ မိဘ​နဲ့ ကလေးတွေ ပြန်တွေ့​ပြီး အစည်းအဝေးကြီး ကျင်းပတဲ့​မြို့​ကို ဆက်သွား​ကြ​တ​ယ်။ သူတို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်​တယ်လို့ ယုံကြည်ကြတယ်။ ကျေးကျွန်​တွေကို ကာကွယ်​ဖို့ ယေဟောဝါ တိုက်ရိုက် ကြား​မဝင်​တဲ့ အချိန်တွေ​လည်း ရှိကြောင်း ကျမ်းစာက​နေ သိရတယ်။ (တ. ၇:၅၈-၆၀) ဒါပေမဲ့ “စစ်သားတွေ မမြင်​အောင် ကောင်းကင်တမန်​တွေ လုပ်လိုက်​သလိုပဲ။ ကျွန်တော်တို့ကို ယေဟောဝါ ကယ်တင်​ခဲ့တယ်” လို့ မီ​လ​န် ပြောပြတယ်။—ဆာ. ၉၇:၁၀

၉။ မိမိ​နောက် လိုက်​လာတဲ့ လူအုပ်​ကို ယေရှု ဘာ​လုပ်ပေး​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ယေရှုရဲ့ ပုံသက်သေ​က​နေ သင်ယူနိုင်​ပါတယ်။ “အရေခွံ ဆုတ်​ပြီး ပစ်ထား​ခံရတဲ့ သိုး​တွေ၊ ထိန်း​သူ​မရှိတဲ့ သိုးတွေလို ဖြစ်နေ” တဲ့ လူအုပ်​ကို တွေ့​တဲ့အခါ သနား​စာနာ​မိတယ်။ သနား​လို့ “အများကြီး သွန်သင်​ပေးတယ်။” (မ. ၉:၃၆။ မာကု ၆:၃၄ ကိုဖတ်ပါ။) သာမန်လူ​တွေကို ကူညီ​ချင်စိတ် မရှိတဲ့ ဖာရိရှဲ​တွေနဲ့ ကွာခြား​လှပါတယ်။ (မ. ၁၂:၉-၁၄။ ၂၃:၄။ ယော. ၇:၄၉) ဘုရားရေးရာ​မှာ ငတ်ပြတ်​နေ​သူတွေကို ကျွေးမွေး​ဖို့ ယေရှု​လို သင် စိတ်ပြင်းပြ​သလား။

၁၀၊ ၁၁။ သနားစာနာမှု​ပြ​တိုင်း သင့်လျော်​သလား။ ရှင်းပြပါ။

၁၀ အခြေအနေ​တိုင်းမှာ သနား​စာနာ​ရမယ်လို့​တော့ မဆိုလို​ပါဘူး။ အထက်​မှာ ဆွေးနွေး​ခဲ့တဲ့ ကျမ်းစာ ပုံနမူနာ​တွေမှာ ဘုရားသခင့် သနားစာနာမှု​က သင့်လျော်​တ​ယ်။ ဘုရင်​ရှောလု​ဟာ နာခံ​မှုမရှိဘဲ မ​သနား​သင့်တဲ့​သူတွေကို သနား​စာနာ​ခဲ့တယ်။ ဘုရားသခင့်​လူမျိုးရဲ့ ရန်သူ အာဂတ်​ကို အသက်ချမ်းသာ​ပေးပြီး အကောင်းဆုံး သိုး​နွား​တွေကို မ​သတ်​ခဲ့ဘူး။ ဒါကြောင့် အစ္စရေး​ဘုရင်အဖြစ်​က​နေ ရှောလု​ကို ယေဟောဝါ ဖယ်ရှား​ခဲ့တယ်။ (၁ ရှ. ၁၅:၃၊ ၉၊ ၁၅) ယေဟောဝါဟာ ဖြောင့်မတ်​တဲ့ တရားသူကြီး ဖြစ်တယ်။ လူ့​စိတ်​နှလုံးကို သိနိုင်တယ်။ သနားစာနာမှု မပြ​ရမယ့်​အချိန်ကို​လည်း သိတယ်။ (မြည်. ၂:၁၇။ ယေဇ. ၅:၁၁) မနာခံ​သူ​အားလုံးကို တရားစီရင်​မယ့်​အချိန် ရောက်​တော့မယ်။ (၂ သက်. ၁:၆-၁၀) အဲဒီအချိန်​ဟာ လူဆိုး​အဖြစ် ယေဟောဝါ သတ်မှတ်​သူတွေကို သနား​စာနာ​ရမယ့်​အချိန် မဟုတ်ဘူး။ သူတို့ကို ကွပ်မျက်​တာဟာ ဘုရားသခင် ကယ်တင်​မယ့် ဖြောင့်မတ်သူ​တွေကို သနားစာနာမှု ပြ​တာပါ​ပဲ။

၁၁ ဘယ်သူ့​ကို ကွပ်မျက်​ရမယ်၊ ကယ်တင်​ရမယ်လို့ ဆုံးဖြတ်​တာ ကျွန်တော်တို့ရဲ့ တာဝန် မဟုတ်ဘူး။ လူတွေကို အတတ်နိုင်ဆုံး ကူညီပေး​ရမယ်။ လူတွေကို လက်တွေ့ကျ​နည်းတွေနဲ့ သင့်လျော်​တဲ့ သနားစာနာမှု ဘယ်လို တင်ပြ​နိုင်သလဲ။ အကြံပြုချက်​တချို့ကို သုံးသပ်ကြည့်ပါ။

သင့်လျော်​တဲ့ သနား​စာနာစိတ်​ကို မွေးမြူ​ပြသခြင်း

၁၂။ တခြားသူတွေနဲ့ ဆက်ဆံ​ရာမှာ သနားစာနာမှု ဘယ်လို တင်ပြ​နိုင်သလဲ။

၁၂ နေ့စဉ် အသက်တာမှာ ကူညီပေး​ပါ။ လူ​လူ​ချင်း​နဲ့ ခရစ်ယာန်​ညီအစ်ကို​တွေကို သနားစာနာမှု​ပြ​ခြင်း​ဟာ ယေရှုကို တုပ​သူတွေ​အတွက် အခြေခံ​လိုအပ်ချက်​ပါပဲ။ (ယော. ၁၃:၃၄၊ ၃၅။ ၁ ပေ. ၃:၈) သနားစာနာမှု​ရဲ့ အဓိပ္ပာယ်​တစ်ခုက “မျှဝေခံစား​ပေးခြင်း” ပါပဲ။ သနား​စာနာတတ်သူ​ဟာ တခြားသူ​ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်း​ပေးခြင်း​အားဖြင့် သက်သာရာ ရစေတယ်။ အဲဒီလို​လုပ်ဖို့ အခွင့်အရေး ရှာ​ပါ။ ဥပမာ၊ ဝေ​ယျာ​ဝိစ္စ​တွေ လုပ်ပေး​ခြင်းအားဖြင့် တစ်ယောက်ယောက်​ကို ကူညီ​ပေးနိုင်​သလား။—မ. ၇:၁၂

တခြားသူတွေကို လက်တွေ့ကျကျ ကူညီပေးခြင်းအားဖြင့် သနားစာနာမှု တင်ပြပါ (အပိုဒ် ၁၂ ကိုကြည့်ပါ)

၁၃။ သဘာဝဘေး​တွေ ဖြစ်ပြီး​နောက် ဘုရားသခင့် လူမျိုးရဲ့ ဘယ်အရည်အသွေးတွေ အထူး​ပေါ်လွင်​သလဲ။

၁၃ ကယ်ဆယ်ရေး​လုပ်ငန်းမှာ ပါဝင်​ပါ။ သဘာဝဘေး ကြုံရသူ​တွေကို လူများစွာ သနား​စာနာ​ကြ​တယ်။ ယေဟောဝါရဲ့ လူမျိုး​လည်း အဲဒီလို​အချိန်​တွေမှာ ကူညီ​ပေးကြတယ်။ (၁ ပေ. ၂:၁၇) ၂၀၁​၁၊ မြေငလျင်​နဲ့ ဆူနာမီ​ဘေးသင့်​ဒေသ​မှာ နေထိုင်တဲ့ ဂျပန်​ညီအစ်မ​တစ်ယောက်က ဂျပန်​နဲ့ နိုင်ငံ​ရပ်​ခြား စေ​တ​နာ့ ဝန်ထမ်းများစွာ​ကြောင့် “သိပ်​အားရှိ​ပြီး နှစ်သိမ့်မှု ရခဲ့တယ်” လို့ပြောတယ်။ “ဒီ​အတွေ့အကြုံ​က ယေဟောဝါ ဂရုစိုက်​နေ​ကြောင်း သိ​စေတယ်။ သက်သေခံ​တွေလည်း အချင်းချင်း​ကို ဂရုစိုက်​ကြ​တ​ယ်။ ကမ္ဘာ​တစ်ဝန်း​က ညီအစ်ကို/မများစွာ ကျွန်မတို့​အတွက် ဆုတောင်း​ပေးနေတယ်” လို့ရေးခဲ့တယ်။

၁၄။ မကျန်းမာ​သူ၊ အသက်ကြီးသူ​တွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၄ မကျန်းမာ​သူ၊ အသက်ကြီးသူ​တွေကို ကူညီ​ပါ။ အာဒံ့​အပြစ်​ရဲ့ ဆိုးကျိုး ခံစားနေရ​သူတွေကို တွေ့​တဲ့အခါ သနားစာနာမှု​ပြဖို့ လှုံ့ဆော်ခံ​ရကြ​တ​ယ်။ ဖျားနာမှု၊ အိုမင်း​မှု အဆုံးတိုင်​တာ​ကို ကျွန်တော်တို့ မြင်​ချင်​လှပါပြီ။ ဒါကြောင့် ဘုရားနိုင်ငံတော် လာဖို့ ဆုတောင်း​ကြ​တ​ယ်။ ဒီ​အတောအတွင်း လိုအပ်​နေ​သူတွေကို အတတ်နိုင်ဆုံး ကူညီ​ပေးကြတယ်။ အ​ယ်​ဇို​င်း​မား​ရောဂါ ခံစား​နေရတဲ့ သက်ကြီးရွယ်အို မိခင်​အကြောင်း စာရေးဆရာတစ်ယောက် ရေးခဲ့တယ်။ တစ်နေ့၊ အမေ့​အဝတ်​တွေ ပေ​ကုန်​တ​ယ်။ ဆေးကြော​ဖို့ လုပ်​နေတုန်း တံခါး​ခေါင်းလောင်း မြည်​လာတယ်။ ပုံမှန် လာလည်​နေ​ကျ သက်သေခံ​နှစ်ယောက် ဖြစ်နေ​တ​ယ်။ ကူညီပေး​ရ​မလား​လို့ သူတို့ မေး​တော့ “အား​နာ​ပေ​မဲ့ ကူညီပေး​ပါ” လို့ပြောတယ်။ ဒါနဲ့ ကူညီ​ဆေးကြော​ပေးကြတယ်။ ပြီးတော့ လက်ဖက်ရည် ဖျော်​ပေးပြီး စကား​ထိုင်​ပြော​ကြ​တ​ယ်။ သား​ဖြစ်သူ သိပ်​ကျေးဇူးတင်​မိတယ်။ “ဒီ​သက်သေခံ​တွေကို ဂုဏ်ပြု​ကြပါ။ သူတို့ဟာ ဟော​တဲ့​အတိုင်း ကျင့်ကြ​တ​ယ်” လို့ရေးခဲ့တယ်။ မကျန်းမာ​သူ၊ အသက်ကြီးသူ​တွေကို သနားစာနာခြင်း​က အတတ်နိုင်ဆုံး ကူညီဖို့ သင့်ကို လှုံ့ဆော်ပေး​သလား။—ဖိ. ၂:၃၊ ၄

၁၅။ ဟောပြောခြင်းလုပ်ငန်း​က ဘယ်​အခွင့်အရေး​တွေ ရရှိ​စေ​သလဲ။

၁၅ လူတွေကို ဘုရားရေးရာ​ဘက်မှာ ကူညီပေး​ပါ။ လူတွေရဲ့ ပြဿနာတွေ၊ စိုးရိမ်ပူပန်မှု​တွေကြောင့် သူတို့ကို ဘုရားရေးရာ​ဘက်မှာ ကူညီပေး​ချင်​ကြ​တ​ယ်။ ဘုရားသခင်​အကြောင်း၊ လူသားတွေ​အတွက် ဘုရားနိုင်ငံတော် ပြုလုပ်ပေး​မယ့် အရာတွေ​အကြောင်း သင်ပေး​ခြင်းအားဖြင့် အကောင်းဆုံး ကူညီပေး​နိုင်တယ်။ ဘုရားသခင့် စံနှုန်းတွေ​အတိုင်း နေထိုင်ခြင်း​ရဲ့ ပညာရှိ​မှုကို နားလည်​လာအောင် ကူညီပေး​နိုင်တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါကို ဂုဏ်တင်တဲ့၊ တခြားသူတွေကို သနား​စာနာ​ကြောင်း ဖော်ပြ​တဲ့ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့​ပါဝင်​နိုင်မလား။—၁ တိ. ၂:၃၊ ၄

သနားစာနာမှု​က သင့်ကို​လည်း အကျိုးပြု

၁၆။ သနား​စာနာတတ်သူ​ဟာ ကိုယ်တိုင် ဘယ်လို အကျိုးရ​ရှိ​သလဲ။

၁၆ သနား​စာနာ​တတ်အောင် လေ့ကျင့်ခြင်း​က ကျန်းမာရေး၊ လူမှုဆက်ဆံရေး​တွေကို တိုးတက်စေ​နိုင်တယ်​လို့ စိတ်​ကျန်းမာရေး ပညာရှင်တွေ ပြော​ကြ​တ​ယ်။ တခြားသူတွေရဲ့ ဆင်းရဲဒုက္ခ​ကို သက်သာ​စေတဲ့​အခါ ကိုယ်တိုင် ပိုပြီး ပျော်ရွှင်​လာမယ်။ အပြုသဘောထား ရှိလာ​မယ်။ အထီးကျန်​စိတ်နဲ့ အပျက်သဘောထား​တွေ လျော့နည်း​လာမယ်။ မှန်ပါတယ်၊ သနားစာနာမှု​က သင့်ကို​လည်း အကျိုးပြု​ပါလိမ့်မယ်။ (ဧ. ၄:၃၁၊ ၃၂) တခြားသူတွေကို မေတ္တာနဲ့ ကူညီ​ပေးတဲ့ ခရစ်ယာန်​တွေဟာ ကျမ်းစာမူ​တွေ​အတိုင်း နေထိုင်တယ်​ဆိုတဲ့ အသိစိတ်​ကြောင့် ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ရရှိ​ကြ​တ​ယ်။ အဲဒါက ပို​ဂရုစိုက်​တတ်တဲ့ မိဘ၊ ပိုကောင်းတဲ့ အိမ်ထောင်ဖက်၊ ပိုကောင်းတဲ့ မိတ်ဆွေ ဖြစ်စေတယ်။ သနား​စာနာတတ်သူ​တွေဟာ လိုအပ်ချိန်​မှာ ကူညီထောက်မ​မှု ပြန်​ရ​တတ်​ပါတယ်။မဿဲ ၅:၇ နဲ့ လုကာ ၆:၃၈ တို့ကိုဖတ်ပါ။

၁၇။ သနားစာနာမှု​ကို ဘာကြောင့် မွေးမြူ​ပြသ​ချင်​ရသလဲ။

၁၇ ကိုယ်တိုင် အကျိုးခံစား​ရလို့ပဲ သနား​စာနာစိတ် မွေးမြူ​သင့်​တာ မဟုတ်ဘူး။ အဓိကအကြောင်း​ရင်း​က မေတ္တာနဲ့ သနားစာနာမှု​ရဲ့ ပင်ရင်း ယေဟောဝါ​ဘုရားကို တုပ၊ ဂုဏ်တင်​ချင်စိတ်​ကြောင့် ဖြစ်​သင့်တယ်။ (ပညာ. ၁၄:၃၁) ဘုရားသခင် အကောင်းဆုံး ပုံနမူနာ ချမှတ်​ခဲ့တယ်။ သနားစာနာမှု တင်ပြခြင်း​အားဖြင့် ဘုရားသခင်ကို တုပ​ဖို့၊ ညီအစ်ကိုတွေကြားမှာ မေတ္တာ​တိုးများ​စေဖို့၊ လူတွေနဲ့ ဆက်ဆံရေးကောင်း​ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြ​ပါစို့။—ဂ​လ. ၆:၁၀။ ၁ ယော. ၄:၁၆