မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”

“ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”

“ရဲစွမ်းသတ္တိ​ရှိရှိ​နဲ့ လုပ်ငန်း စ​ပေ​တော့။ . . . ယေဟောဝါက မင်း​နဲ့အတူ ရှိတဲ့​အတွက် မကြောက်​နဲ့။”—၁ ရာ. ၂၈:၂၀

သီချင်း– ၃၈၊ ၃၄

၁၊ ၂။ (က) ဘယ်​အရေးကြီး​တာဝန်ကို ရှောလမုန် ရရှိ​ခဲ့​သလဲ။ (ခ) ရှောလမုန်​ကို ဒါဝိဒ် ဘာကြောင့် စိတ်ပူ​သလဲ။

ရှောလမုန်​ဟာ အရေးကြီးဆုံး ဆောက်လုပ်ရေး စီမံကိန်း​ကို ကြီးကြပ်​ရမယ်။ ဂျေရုဆလင် ဗိမာန်တော် ဆောက်လုပ်ရေး​ပါပဲ။ ဗိမာန်တော်​ဟာ “သိပ်​ကို​ခမ်းနားထည်ဝါ​ပြီး လှပတင့်တယ်​ရမယ်။ ဒါမှ တိုင်းနိုင်ငံ​အသီးသီး​မှာ အိမ်တော်​ရဲ့ ဂုဏ်သတင်း ကျော်စော​လိမ့်မယ်။” ပို​အရေးကြီးတာက “စစ်မှန်တဲ့ ဘုရားသခင် ယေဟောဝါရဲ့ အိမ်တော်” ဖြစ်လာမယ်။ ဒီ​စီမံကိန်း​ကို ကြီးကြပ်​ဖို့ ရှောလမုန်​ကို ယေဟောဝါ ညွှန်ကြားခဲ့တယ်။—၁ ရာ. ၂၂:၁၊ ၅၊ ၉-၁၁

ဘုရားသခင် ထောက်မပေး​မယ်​ဆိုတာ ဘုရင် ဒါဝိဒ် ယုံကြည်စိတ်ချ​ပေ​မဲ့ ရှောလမုန်​ဟာ “အသက်​ကလည်း ငယ်၊ အတွေ့အကြုံ​လည်း မရှိ” ဘူး။ ဗိမာန်တော် ဆောက်လုပ်​ရမယ့်​တာဝန် ယူဖို့ သတ္တိရှိ​ပါ့​မလား။ ငယ်ရွယ်​တာ၊ အတွေ့အကြုံ မ​ရှိတာ​က အတားအဆီး ဖြစ်နေ​မလား။ အောင်မြင်​ဖို့ သတ္တိရှိရှိ​နဲ့ လုပ်ငန်း စ​ရ​တော့မယ်။

၃။ ဖခင်​ဆီကနေ ရဲစွမ်းသတ္တိ​အကြောင်း ရှောလမုန် ဘာသင်ယူနိုင်သလဲ။

ဖခင်​ဆီကနေ ရဲစွမ်းသတ္တိ​အကြောင်း ရှောလမုန် များစွာ သင်ယူ​ခဲ့မှာ​ပါ။ ဒါဝိဒ်ဟာ ငယ်ငယ်​တုန်းက ဖခင်​ရဲ့​သိုး​တွေ ထိန်း​ရင်း သားရဲ​တွေနဲ့ တိုက်ခိုက်​ခဲ့ဖူး​တ​ယ်။ (၁ ရှ. ၁၇:၃၄၊ ၃၅) စစ်​ရ​ည်ဝ​နေတဲ့ လူထွားကြီး​ကို သတ္တိရှိရှိ ရင်ဆိုင်​ခဲ့တယ်။ ဘုရားသခင့် အကူအညီ​ကြောင့် ဂေါလျတ်​ကို ကျောက်​တစ်လုံးတည်း​နဲ့ အနိုင်ယူ​ခဲ့တယ်။—၁ ရှ. ၁၇:၄၅၊ ၄၉၊ ၅၀

၄။ ရှောလမုန် ဘာကြောင့် သတ္တိရှိ​ဖို့ လို​သလဲ။

သတ္တိရှိရှိ ဗိမာန်တော် ဆောက်​ဖို့ ရှောလမုန်​ကို ဒါဝိဒ် တိုက်တွန်း​တာ သင့်လျော်ပါတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၂၀ ကိုဖတ်ပါ။) ရှောလမုန် သတ္တိ​မရှိရင် ကြောက်စိတ် လွှမ်းမိုး​ပြီး ဘာမှ မလုပ်​နိုင် ဖြစ်သွား​မယ်။

၅။ ကျွန်တော်တို့ ဘာကြောင့် ရဲစွမ်းသတ္တိ​ရှိ​ဖို့ လို​သလဲ။

ရှောလမုန်​လိုပဲ ကျွန်တော်တို့​လည်း သတ္တိရှိ​ဖို့၊ လုပ်ငန်း ပြီးစီး​နိုင်​ဖို့ ယေဟောဝါရဲ့ အကူအညီ လိုအပ်​ကြ​တယ်။ ဒါကြောင့် ရှေးခေတ် ရဲစွမ်းသတ္တိ​ဆိုင်ရာ ပုံနမူနာ​တချို့ကို သုံးသပ်ကြည့်​ကြစို့။ သတ္တိရှိ​ကြောင်း တင်ပြနိုင်ပုံ၊ အလုပ်​ပြီးစီး​နိုင်​ပုံကို​လည်း စဉ်းစား​သုံးသပ်​သွား​ပါမယ်။

ရဲစွမ်းသတ္တိ​ဆိုင်ရာ ပုံနမူနာ​များ

၆။ ယောသပ်​ရဲ့ သတ္တိ​နဲ့ပတ်သက်ပြီး ဘယ်​အချက်ကို သဘောကျ​သလဲ။

လိင်​အကျင့်ပျက်​ဖို့ ပေါတိဖာ​ရဲ့ ဇနီး သွေးဆောင်​ချိန်မှာ ယောသပ် တင်ပြ​ခဲ့တဲ့ သတ္တိ​အကြောင်း သုံးသပ်ကြည့်ပါ။ ငြင်း​လိုက်ရင် ဆိုးရွား​တဲ့​အကျိုးဆက်​တွေ ခံစားရမယ်​ဆိုတာ ယောသပ် သိခဲ့​မှာပဲ။ ဒါပေမဲ့ အလျှော့မပေး​ဘဲ သတ္တိရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ဆောင်​ခဲ့တယ်။—က. ၃၉:၁၀၊ ၁၂

၇။ ရာခပ် တင်ပြ​ခဲ့တဲ့ သတ္တိ​အကြောင်း ဖော်​ပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ရဲစွမ်းသတ္တိ​ဆိုင်ရာ နောက်ထပ်​ပုံနမူနာ​က​တော့ ရာခပ်​ပါပဲ။ ယေရိခေါ​မြို့​က အိမ်​ကို အစ္စရေး​သူလျှို​တွေ ရောက်လာတဲ့​အခါ ကြောက်​ကြောက်​နဲ့ မောင်းထုတ်​လိုက်​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်စိတ်ချမှု​အပြည့်​နဲ့ သူလျှို​နှစ်ယောက်​ကို ဝှက်ထား​ပြီး ဘေးကင်း​စွာ ပြန်​နိုင်အောင် ကူညီ​ပေးခဲ့တယ်။ (ယောရှု ၂:၄၊ ၅၊ ၉၊ ၁၂-၁၆) ယေဟောဝါကို စစ်မှန်တဲ့​ဘုရား​အဖြစ် လက်ခံ​ခဲ့တယ်။ ပြည်​ကို အစ္စရေးတွေ​လက်ထဲ တစ်နည်းနည်း​နဲ့ အပ်​မှာဖြစ်​ကြောင်း ယုံကြည်​ခဲ့တယ်။ ယေရိခေါ​ဘုရင်​နဲ့ သူ့​လူတွေ​အပါအဝင် တခြားသူတွေကို မကြောက်​ခဲ့ဘူး။ ကိုယ်တိုင်​နဲ့ မိသားစု ကယ်တင်​ခံရဖို့ လုပ်ဆောင်​ခဲ့တယ်။—ယောရှု ၆:၂၂၊ ၂၃

၈။ ယေရှုရဲ့ သတ္တိ​က တမန်တော်​တွေ​အပေါ် ဘယ်လို သက်ရောက်​ခဲ့​သလဲ။

ယေရှုရဲ့ သစ္စာရှိ တမန်တော်​တွေလည်း ရဲစွမ်းသတ္တိ​နဲ့ပတ်သက်ပြီး ပုံနမူနာကောင်း ချမှတ်​ခဲ့ကြတယ်။ ယေရှုရဲ့ သတ္တိ​ကို သူတို့​မြင်တွေ့​ခဲ့ကြတယ်။ (မ. ၈:၂၈-၃၂။ ယော. ၂:၁၃-၁၇။ ၁၈:၃-၅) အဲဒါက သတ္တိရှိ​အောင် ကူညီပေးတယ်။ ဇဒ္ဒုကဲ​တွေ ဆန့်ကျင်​ပေ​မဲ့ တမန်တော်​တွေ​က ယေရှုရဲ့ နာမည်ကို အမှီပြု​ပြီး ဆက်​သွန်သင်​ခဲ့ကြတယ်။—တ. ၅:၁၇၊ ၁၈၊ ၂၇-၂၉

၉။ သတ္တိ​ရဲ့ ရင်းမြစ်​ကို ၂ တိမောသေ ၁:၇ မှာ ဘယ်လို ဖော်ပြထားသလဲ။

ယောသပ်၊ ရာခပ်၊ ယေရှု၊ တမန်တော်​တွေရဲ့ ရဲစွမ်းသတ္တိ​က ကောင်းမွန်​ရာတွေ လုပ်ဆောင်​ဖို့ လှုံ့ဆော်ပေး​ခဲ့တယ်။ သူတို့ရဲ့ သတ္တိ​က ယုံကြည်စိတ်ချ​လွန်း​ခြင်း မဟုတ်ပါဘူး။ ယေဟောဝါကို အားကိုးခြင်း​က​နေ ရရှိ​လာ​တာပါ။ ကျွန်တော်တို့​လည်း သတ္တိရှိ​ဖို့ လိုအပ်တဲ့ အခြေအနေ​တွေ ကြုံနေ​ရတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုး​မယ့်အစား ယေဟောဝါကို အားကိုးကြ​ရမယ်။ (၂ တိမောသေ ၁:၇ ကိုဖတ်ပါ။) ဘဝကဏ္ဍ​နှစ်ခု​ဖြစ်တဲ့ မိသားစုနဲ့ အသင်းတော်​မှာ သတ္တိရှိ​ဖို့ လိုအပ်​ကြောင်း သုံးသပ်ကြည့်​ကြစို့။

သတ္တိရှိ​ဖို့ လိုအပ်တဲ့ အခြေအနေ​များ

၁၀။ ခရစ်ယာန်​လူငယ်တွေ သတ္တိရှိ​ဖို့ ဘာကြောင့် လိုအပ်​သလဲ။

၁၀ ယေဟောဝါကို ဝတ်ပြု​ဖို့ ရဲစွမ်းသတ္တိ လိုအပ်တဲ့ အခြေအနေ​များစွာကို ခရစ်ယာန်​လူငယ်တွေ ကြုံနေ​ရတယ်။ ဗိမာန်တော် ဆောက်လုပ်ရေး ပြီးစီး​ဖို့ သတ္တိရှိရှိ၊ ပညာရှိရှိ ဆုံးဖြတ်​လုပ်ဆောင်​ခဲ့တဲ့ ရှောလမုန်​ရဲ့ ပုံသက်သေ​ကို ခရစ်ယာန်​လူငယ်တွေ သင်ယူ​လိုက်လျှောက်​နိုင်ပါတယ်။ မိဘတွေဆီက​နေ လမ်းညွှန်ချက် ရနိုင်​ပေ​မဲ့၊ ရ​သင့်​ပေ​မဲ့ ကိုယ်တိုင် ဆုံးဖြတ်​ကြ​ရမယ်။ (ပညာ. ၂၇:၁၁) အပေါင်းအသင်း​ကောင်း၊ ဖျော်ဖြေမှု​ကောင်း၊ သန့်ရှင်း​တဲ့ စာရိတ္တ၊ နှစ်ခြင်း​နဲ့ပတ်သက်ပြီး ပညာရှိရှိ ဆုံးဖြတ်​နိုင်အောင် သတ္တိ​လိုတယ်။ ဘုရားသခင်ကို ကဲ့ရဲ့​နေတဲ့ စာတန့်​ဆန္ဒ​ကို ဆန့်ကျင်​နေရ​လို့​ပါပဲ။

၁၁၊ ၁၂။ (က) မောရှေ​ဟာ ရဲစွမ်းသတ္တိ​နဲ့ပတ်သက်ပြီး ဘယ်လို ပုံသက်သေကောင်း ချမှတ်​ခဲ့​သလဲ။ (ခ) မောရှေ​ရဲ့ ပုံသက်သေ​ကို လူငယ်တွေ ဘယ်လို တုပ​နိုင်သလဲ။

၁၁ လူငယ်တွေ ချ​ရတဲ့ အရေးကြီး ဆုံးဖြတ်ချက်​တစ်ခုက​တော့ ပန်းတိုင်တွေ​နဲ့​ပတ်သက်​တ​ယ်။ နိုင်ငံ​တချို့​မှာ အဆင့်မြင့် ပညာရေး၊ လခ​ကောင်းတဲ့ အလုပ်ကို အခြေခံ​တဲ့​ပန်းတိုင်တွေ ချဖို့ လူငယ်တွေ ဖိအားပေး​ခံ​နေရတယ်။ နိုင်ငံ​တချို့​မှာတော့ စီးပွားရေး​အခြေအနေ​ကြောင့် မိသားစု​ကို ငွေကြေး ထောက်ပံ့​ရမယ်လို့ ခံစား​နေကြတယ်။ အလားတူ အခြေအနေ​မျိုး ကြုံနေ​ရတယ်​ဆိုရင် မောရှေ​ရဲ့ ပုံသက်သေ​ကို စဉ်းစားကြည့်ပါ။ ဖာရော​သမီးတော် မွေးစား​တဲ့​အတွက် မောရှေ​ဟာ ထင်ပေါ်ကျော်ကြား​ဖို့၊ စီးပွားရေး တောင့်တင်း​ဖို့ ပန်းတိုင်​ထား​နိုင်တယ်။ အီဂျစ်​မိသားစု၊ ဆရာ​တွေ၊ အကြံပေးပုဂ္ဂိုလ်​တွေရဲ့ ဖိအားပေးမှု​လည်း ခံ​ခဲ့ရ​မှာပဲ။ ဒါပေမဲ့ မောရှေ အလျှော့မပေး​ဘဲ စစ်မှန်တဲ့ ဝတ်ပြုရေး​ဘက် သတ္တိရှိရှိ ရပ်တည်ခဲ့​တ​ယ်။ အီဂျစ်ပြည်​ရဲ့ စည်းစိမ်​ကို စွန့်ပြီး​နောက် ယေဟောဝါကို မောရှေ ယုံကြည်ကိုးစား​ခဲ့တယ်။ (ဟီ. ၁၁:၂၄-၂၆) ဒါကြောင့် အဲဒီတုန်းက ယေဟောဝါရဲ့ ကောင်းချီးတွေ ရရှိ​ခဲ့​သလို အနာဂတ်မှာ​လည်း ပို​များတဲ့​ကောင်းချီးတွေ စောင့်ကြို​နေပါတယ်။

၁၂ အလားတူ​ပဲ သတ္တိရှိရှိ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်​နေတဲ့၊ ဘုရား​နိုင်ငံတော်ကို ဘဝ​မှာ ဦးစားပေး​နေတဲ့ လူငယ်တွေ​ကို ယေဟောဝါ ကောင်းချီးပေး​ပါလိမ့်မယ်။ မိသားစု​တွေရဲ့ လိုအပ်ရာတွေကို ထောက်ပံ့​ပေးပါ​လိမ့်မယ်။ ပထမရာစု​တုန်းက လူငယ် တိမောသေ​လိုပဲ သင်လည်း ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်​နိုင်ပါတယ်။ *ဖိလိပ္ပိ ၂:၁၉-၂၂ ကိုဖတ်ပါ။

ဘဝကဏ္ဍတိုင်းမှာ သတ္တိရှိဖို့ စိတ်ပိုင်းဖြတ်ထားသလား (အပိုဒ် ၁၃-၁၇ ကိုကြည့်ပါ)

၁၃။ ညီအစ်မ​ငယ်​တစ်ယောက် ပန်းတိုင်​ရောက်​ဖို့ ရဲစွမ်းသတ္တိ​က ဘယ်လို ကူညီပေးသလဲ။

၁၃ အမေရိကန်​နိုင်ငံ၊ အဲ​လ​ဘာ​မာ​က ညီအစ်မ​တစ်ယောက်​ဟာ ဘုရားရေးရာ​ပန်းတိုင်တွေ ချမှတ်​ဖို့ သတ္တိမွေး​ခဲ့ရတယ်။ “ကျွန်မက အရှက်အကြောက် ကြီး​တ​ယ်။ နိုင်ငံ​တော် ခန်းမ​မှာ လူတွေကို စကား​မပြော​ရဲဘူး။ သူစိမ်း​တွေကို တံခါးဝ​မှာ စကားပြော​ဖို့ဆိုရင် ပိုဆိုး​တာပေါ့” လို့ပြောတယ်။ ဒါပေမဲ့ မိဘတွေ​နဲ့ အသင်းတော်​က တခြားသူတွေရဲ့ အကူအညီ​ကြောင့် မှန်မှန်ရှေ့ဆောင် ပန်းတိုင်​ကို တက်လှမ်းနိုင်​ခဲ့တယ်။ “စာတန့်​လောက,က အဆင့်မြင့် ပညာရေး၊ ကျော်ကြား​မှု၊ ငွေ၊ ပစ္စည်းဥစ္စာ​တွေကို အဓိကထား​တ​ယ်။ အများ​အားဖြင့် အဲဒီ​ပန်းတိုင်တွေကို မ​မီနိုင်​လို့ ဖိစီးမှုတွေ၊ ရင်​နာ​စရာ​တွေပဲ ကြုံရ​ကြ​တ​ယ်။ ကျွန်မက​တော့ ယေဟောဝါကို ဝတ်ပြု​လို့ အကြီးမားဆုံး ပျော်ရွှင်မှုနဲ့ အောင်မြင်ပြီးမြောက်​မှု ခံစား​နေရတယ်။”

၁၄။ ခရစ်ယာန်​မိဘတွေ ရဲစွမ်းသတ္တိ​ရှိ​ဖို့ လိုအပ်တဲ့ အခြေအနေ​တချို့​က ဘာ​တွေလဲ။

၁၄ ခရစ်ယာန်​မိဘတွေ​လည်း သတ္တိရှိ​ဖို့ လိုအပ်တယ်။ ဥပမာ၊ အလုပ်ရှင်​က ညနေပိုင်း​တွေ၊ စ​နေ၊ တနင်္ဂနွေ​နေ့​တွေမှာ အချိန်ပို​ဆင်း​ဖို့ အမြဲ​တောင်းဆို​နိုင်တယ်။ အဲဒီအချိန်​ဟာ မိသားစု ဝတ်ပြုမှု၊ အမှုဆောင်လုပ်ငန်း၊ ခရစ်ယာန် အစည်းအဝေးတွေမှာ ပါဝင်​ရမယ့်​အချိန် ဖြစ်တယ်။ အလုပ်ရှင်​ရဲ့ တောင်းဆိုမှုကို ငြင်း​ဖို့၊ သားသမီး​တွေအတွက် ပုံသက်သေကောင်း ပြဖို့ ရဲစွမ်းသတ္တိ လိုအပ်တယ်။ ကိုယ်​လုပ်​ခွင့်မပြု​တာတွေကို အသင်းတော်မှာရှိတဲ့ မိဘ​တချို့​က သူတို့​သားသမီးတွေကို လုပ်​ခွင့်​ပေး​နေတာ​မျိုး ရှိ​နိုင်တယ်။ ဘာကြောင့် ပေး​မလုပ်​တာလဲ​လို့ သူတို့ မေး​လာနိုင်တယ်။ အကြောင်းရင်းကို သတ္တိရှိရှိ ပါးနပ်​စွာ ရှင်းပြ​နိုင်မလား။

၁၅။ ဆာလံ ၃၇:၂၅ နဲ့ ဟီဘရူး ၁၃:၅ က မိဘတွေ​ကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၅ ဘုရားရေးရာ ပန်းတိုင်တွေကို သားသမီး​တွေ ချမှတ်​နိုင်အောင်၊ အရောက်​လှမ်း​နိုင်အောင် ကူညီပေးဖို့ သတ္တိ လိုအပ်တယ်။ ဥပမာ၊ မိဘ​တချို့ဟာ သားသမီးတွေကို ရှေ့ဆောင်​လုပ်​ခိုင်း​ဖို့၊ ပို​လိုအပ်တဲ့​ဒေသ​မှာဖြစ်​စေ၊ ဗေသလ​မှာဖြစ်​စေ၊ ဆောက်လုပ်ရေး​မှာဖြစ်​စေ အမှုဆောင်​ခိုင်း​ဖို့ တွန့်ဆုတ်​နိုင်တယ်။ ကိုယ်​အသက်ကြီးတဲ့အခါ သားသမီး​တွေ မထောက်ပံ့​နိုင်မှာ​ကို စိုးရိမ်​ကြ​တ​ယ်။ ပညာ​ရှိတဲ့ မိဘတွေက​တော့ ယေဟောဝါရဲ့ ကတိ​တွေကို သတ္တိရှိရှိ ယုံကြည်ကိုးစား​ကြ​တ​ယ်။ (ဆာလံ ၃၇:၂၅ နဲ့ ဟီဘရူး ၁၃:၅ တို့ကိုဖတ်ပါ။) အလားတူ ယုံကြည်ကိုးစား​ဖို့ သားသမီးတွေကို ကူညီပေးခြင်း​အားဖြင့် ယေဟောဝါကို အားကိုး​ကြောင်း၊ သတ္တိရှိ​ကြောင်း တင်ပြ​နိုင်ပါတယ်။—၁ ရှ. ၁:၂၇၊ ၂၈။ ၂ တိ. ၃:၁၄၊ ၁၅

၁၆။ သားသမီး​တွေ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်​နိုင်အောင် မိဘ​တချို့ ဘယ်လို ကူညီပေး​ကြ​သလဲ။ အဲဒါက ဘယ်လို အကျိုးရှိ​သလဲ။

၁၆ အမေရိကန်​နိုင်ငံ​က မောင်နှံတစ်စုံ​ဟာ ဘုရားရေးရာ ပန်းတိုင်တွေ ချဖို့ သားသမီးတွေကို ကူညီ​ပေးကြတယ်။ “သားသမီး​တွေ လမ်းမ​လျှောက်​တတ်​ခင်၊ စကား​မပြော​တတ်​ခင်​ကတည်းက ရှေ့ဆောင်​လုပ်ခြင်း၊ အသင်းတော်​မှာ အမှုဆောင်ခြင်း​ကြောင့် ရရှိတဲ့ ပျော်ရွှင်မှု​အကြောင်း ပြောပြ​လေ့ရှိတယ်။ အခု အဲဒါတွေကို သူတို့ ပန်းတိုင်​ထား​လာ​ကြပြီ။ ဘုရားရေးရာ ပန်းတိုင်တွေ ထားရှိ​ခြင်း၊ အရောက်​လှမ်း​ခြင်းက စာတန့်​စနစ်​ရဲ့ ဖိအား​တွေကို တိုက်ဖျက်​နိုင်​စေပြီး တကယ်​ရှိတဲ့ ယေဟောဝါကို အာရုံစိုက်​စေနိုင်​တ​ယ်” လို့ ဖခင်​ဖြစ်သူ ပြောတယ်။ သားသမီး​နှစ်ယောက်​ရှိတဲ့ ညီအစ်ကို​လည်း အခုလို ရေး​တ​ယ်– “မိဘများ​စွာ​ဟာ အားကစား၊ အပန်းဖြေ​ခြင်း၊ ပညာရေး​စတဲ့ ကဏ္ဍ​တွေမှာ သားသမီး​တွေအတွက် ငွေကြေး၊ ခွန်အား​များစွာ စိုက်ထုတ်​နေကြတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိစေ​နိုင်မယ့် ပန်းတိုင်တွေ ချမှတ်​နိုင်​ဖို့ ငွေကြေး၊ ခွန်အား​တွေ သုံး​တာ​က ပို​အဓိပ္ပာယ် ရှိတယ်။ သားသမီး​တွေ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်​တာ​ကို မြင်ရ​တာ၊ သူတို့နဲ့အတူ လုပ်ဆောင်​ရတာ တကယ်​ကျေနပ်စရာ​ပါပဲ။” ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်​ပြီး အရောက်​လှမ်း​နိုင်အောင် သားသမီးတွေကို ကူညီပေး​နေတဲ့ မိဘတွေ​ကို ဘုရားသခင် ကောင်းချီးပေး​မယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။

အသင်းတော်​မှာ ရဲစွမ်းသတ္တိ​ရှိ​ခြင်း

၁၇။ ခရစ်ယာန် အသင်းတော်​မှာ ရဲစွမ်းသတ္တိ​ရှိ​ဖို့ လိုအပ်တဲ့ အခြေအနေ​တွေကို ဖော်​ပြပါ။

၁၇ အသင်းတော်​မှာလည်း ရဲစွမ်းသတ္တိ​ရှိ​ဖို့ လိုအပ်တယ်။ ဥပမာ၊ တရားရေး​ကိစ္စတွေ ကိုင်တွယ်​တဲ့အခါ၊ အရေးပေါ် ကျန်းမာရေး​ကိစ္စ ကြုံနေ​ရသူ​တွေကို ကူညီပေး​တဲ့အခါ အကြီးအကဲတွေ သတ္တိရှိ​ဖို့ လိုတယ်။ အကြီးအကဲ​တချို့ဟာ အကျဉ်းသား​တွေကို ဘုရားရေးရာ​ဘက်မှာ ကူညီပေးဖို့ အကျဉ်းထောင်​တွေကို သွား​ကြရတယ်။ တစ်ကိုယ်ရေ ညီအစ်မ​တွေ​ကော။ ရှေ့ဆောင်​လုပ်ခြင်း၊ ပို​လိုအပ်တဲ့​ဒေသ​ကို ပြောင်းရွှေ့ခြင်း၊ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေး​မှာ လုပ်ဆောင်ခြင်း၊ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်းတက်​ဖို့ လျှောက်ထား​ခြင်းအားဖြင့် အမှုဆောင်လုပ်ငန်း တိုးချဲ့​ဖို့ အခွင့်အရေး​များစွာ ရရှိ​ထားကြ​တ​ယ်။ တချို့​လည်း ဂိလဒ်သင်တန်း​တောင် တက်​ရ​နိုင်တယ်။

၁၈။ အသက်ကြီးတဲ့ ညီအစ်မ​တွေ ရဲစွမ်းသတ္တိ​ရှိကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၈ အသက်ကြီးတဲ့ ညီအစ်မ​တွေဟာ အသင်းတော်​အတွက် ကောင်းချီး​တစ်​ရပ်​ပါပဲ။ သူတို့ကို ကျွန်တော်တို့ အလွန်​ချစ်မြတ်နိုး​ကြ​တ​ယ်။ တချို့​က ဘုရား​အမှုတော်​မှာ အရင်က​လောက် မလုပ်ဆောင်​နိုင်​တော့ပေမဲ့ သတ္တိရှိရှိ လုပ်ဆောင်​နိုင်​တုန်း​ပါပဲ။ (တိတု ၂:၃-၅ ကိုဖတ်ပါ။) ဥပမာ၊ ဣန္ဒြေ​ရှိတဲ့ အဝတ်အစား​အကြောင်း ညီအစ်မ​ငယ်​တစ်ယောက်​ကို ပြောပြဖို့ တောင်းဆို​ခံရတဲ့​အခါ အသက်ကြီးတဲ့ ညီအစ်မ သတ္တိရှိ​ဖို့ လိုတယ်။ ညီအစ်မ​ငယ်​ရဲ့ အဝတ်အစား ရွေးချယ်မှု​ကို ဆူ​မှာ​မဟုတ်ဘဲ အဝတ်အစား​က တခြားသူတွေကို ဘယ်လို အကျိုးသက်ရောက်​နိုင်​ကြောင်း စဉ်းစား​တတ်အောင် အားပေးနိုင်တယ်။ (၁ တိ. ၂:၉၊ ၁၀) ဒီလို​မေတ္တာပါ စိုးရိမ်ပူပန်မှု​က ကောင်းကျိုး ဖြစ်စေ​နိုင်တယ်။

၁၉။ (က) နှစ်ခြင်းခံ​ပြီးသား ညီအစ်ကိုတွေ ဘယ်လို သတ္တိရှိ​နိုင်သလဲ။ (ခ) ဖိလိပ္ပိ ၂:၁၃ နဲ့ ၄:၁၃ က သတ္တိမွေး​ဖို့ ညီအစ်ကို​တွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၉ ရဲစွမ်းသတ္တိ​ရှိရှိ လုပ်ဆောင်​ရမယ့် တခြားသူတွေက​တော့ နှစ်ခြင်းခံ​ပြီးသား ညီအစ်ကိုတွေ​ပါပဲ။ ထပ်ဆင့်တာဝန်​တွေ လက်ခံ​ချင်တဲ့၊ ရဲစွမ်းသတ္တိ​ရှိတဲ့ အမျိုးသားတွေ​ဟာ အသင်းတော်​အတွက် ကောင်းချီး​တစ်​ရပ်​ပဲ။ (၁ တိ. ၃:၁) ဒါပေမဲ့ တချို့​က တက်လှမ်းဖို့ တွန့်ဆုတ်​နေနိုင်​တ​ယ်။ ညီအစ်ကို​တစ်ယောက်​ဟာ အရင်က အမှားတွေ ကျူးလွန်ခဲ့​မိ​လို့ အသင်းတော် အမှုထမ်း​အဖြစ်၊ အကြီးအကဲ​အဖြစ် ထမ်းဆောင်ဖို့ မထိုက်တန်ဘူး​လို့ ခံစားရ​နိုင်တယ်။ နောက်​ညီအစ်ကို​တစ်ယောက်က​တော့ တာဝန်ထမ်းဆောင်​နိုင်တဲ့ အရည်အချင်း မရှိဘူးလို့ ခံစားရ​နိုင်တယ်။ အဲဒီလို ခံစားနေရ​တယ်ဆိုရင် သတ္တိရှိ​လာအောင် ယေဟောဝါ ကူညီပေး​နိုင်တယ်။ (ဖိလိပ္ပိ ၂:၁၃၊ ၄:၁၃ တို့​ကို ဖတ်ပါ။) တစ်ချိန်​တုန်းက မောရှေ​လည်း အရည်အချင်း မပြည့်​မီ​ဘူးလို့ ခံစား​ခဲ့ရ​ကြောင်း သတိရပါ။ (ထွ. ၃:၁၁) ဒါပေမဲ့ ယေဟောဝါ ကူညီ​ပေးတဲ့​အတွက် အချိန်တန်​တဲ့အခါ တာဝန်ထမ်းဆောင်​ဖို့ သတ္တိရှိ​လာတယ်။ နှစ်ခြင်းခံ​ပြီးသား ညီအစ်ကို​ဟာ ဘုရားသခင့် အကူအညီ​ရဖို့ စိတ်ထက်သန်​စွာ ဆုတောင်းခြင်း၊ နေ့စဉ် ကျမ်းစာ ဖတ်ရှုခြင်း​အားဖြင့် အလားတူ​သတ္တိ​မျိုး မွေးမြူ​နိုင်ပါတယ်။ ရဲစွမ်းသတ္တိ​တင်ပြ​ခဲ့တဲ့ မှတ်တမ်းတွေ​ကို တွေးတောဆင်ခြင်ခြင်း​ကလည်း ကူညီပေး​နိုင်တယ်။ လေ့ကျင့်ပေးဖို့ အကြီးအကဲတွေ​ကို နှိမ့်ချ​စွာ တောင်းဆို​နိုင်တယ်။ လိုအပ်တဲ့ ဘယ်ကဏ္ဍမှာ​မဆို ကူညီပေးဖို့ အသင့်​ဖြစ်နေ​ရမယ်။ သတ္တိရှိရှိ လုပ်ငန်းစ​ဖို့ နှစ်ခြင်းခံ​ပြီးသား ညီအစ်ကို​အားလုံးကို တိုက်တွန်း​ပါတယ်။

‘ယေဟောဝါ မင်း​နဲ့အတူ ရှိတယ်’

၂၀၊ ၂၁။ (က) ရှောလမုန်​ကို ဒါဝိဒ် ဘယ်လို အာမခံ​ခဲ့​သလဲ။ (ခ) ဘာကို စိတ်ချ​နိုင်သလဲ။

၂၀ ဗိမာန်တော် ဆောက်လုပ်ရေး ပြီးစီး​တဲ့​အထိ ယေဟောဝါ အတူ​ရှိမယ်​လို့ ရှောလမုန်​ကို ဘုရင်ဒါဝိဒ် အာမခံ​ခဲ့တယ်။ (၁ ရာ. ၂၈:၂၀) ရှောလမုန်​ဟာ ဖခင်​ရဲ့ စကားကို မှတ်ထား​ပြီး ငယ်ရွယ်​တာ၊ အတွေ့အကြုံ မ​ရှိတာ​ကို အတားအဆီး မဖြစ်​စေခဲ့​ဘူး။ သတ္တိရှိရှိ လုပ်ငန်းစ​ခဲ့တယ်။ ကြီးကျယ်ခမ်းနား​တဲ့ ဗိမာန်တော်​ကို ယေဟောဝါရဲ့ အကူအညီ​နဲ့ ခုနစ်နှစ်​ခွဲ​အတွင်း ဆောက်လုပ်​ပြီးစီး​ခဲ့တယ်။

၂၁ ရှောလမုန်​ကို ယေဟောဝါ ကူညီပေး​ခဲ့​သလို ကျွန်တော်​တို့​ကိုလည်း မိသားစု​မှာ၊ အသင်းတော်​မှာ ရဲစွမ်းသတ္တိ​ရှိ​ဖို့၊ အလုပ်​ပြီးစီး​ဖို့ ကူညီပေး​နိုင်ပါတယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ယေဟောဝါကို သတ္တိရှိရှိ ဝတ်ပြု​မယ်ဆိုရင် အခု​ရော အနာဂတ်မှာ​ပါ ကောင်းချီးခံစား​ရမှာ စိတ်ချ​နိုင်ပါတယ်။ ဒါကြောင့် “ရဲစွမ်းသတ္တိ​ရှိရှိ​နဲ့ လုပ်ငန်း စ​ပေ​တော့။”

^ စာပိုဒ်၊ 12 ၂၀၀​၄၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် ပါ “သင့်​ဖန်ဆင်းရှင်​၏ ဘုန်းတော်​ကို ထင်ရှားစေ​ရန် ဝိညာဉ်​ရေး​ပန်းတိုင်များ အသုံးပြု​လော့” ဆောင်းပါးမှာ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်​ဖို့ လက်တွေ့ကျ အဆင့်​တွေကို ဖော်ပြထားတယ်။