မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာနာစိတ်ရှိတဲ့ အနန္တတန်ခိုးရှင်

စာနာစိတ်ရှိတဲ့ အနန္တတန်ခိုးရှင်

[ယေဟော​ဝါ]က ငါ​တို့ရဲ့ ဖွဲ့စည်း​တည်ဆောက်ပုံ​ကို ကောင်းကောင်း သိတယ်။ ငါ​တို့ဟာ မြေမှုန့်​ပဲ​ဆိုတာကို မမေ့ဘူး။”—ဆာ. ၁၀၃:၁၄

သီချင်း– ၃၀၊ ၁၀

၁၊ ၂။ (က) လူတွေနဲ့ ဆက်ဆံ​ရာ​မှာ ယေဟော​ဝါဟာ အာဏာ​ရှိသူတွေနဲ့ ဘယ်လို ကွာခြား​သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း​ သုံးသပ်ကြ​မလဲ။

သြဇာ​အာဏာ​ကြီးသူတွေ​ဟာ သူတစ်ပါး​ကို “နိုင်ထက်စီးနင်း လုပ်တတ်” ကြတယ်။ (မ. ၂၀:၂၅။ ဒေ. ၈:၉) ယေဟော​ဝါနဲ့ ကွာ​လိုက်တာ။ ယေဟော​ဝါ​ကတော့ အနန္တ​တန်ခိုးရှင်​ဖြစ်ပေမဲ့ မစုံလင်သူ လူသားတွေကို ထောက်ထား​စာနာ​ပြီး ကြင်နာ​တယ်။ ကျွန်တော်​တို့ရဲ့ ခံစား​ချက်၊ လိုအပ်ချက်တွေကို ထည့်​စဉ်းစား​ပေးပြီး ကျွန်တော်​တို့ဟာ “မြေမှုန့်​ပဲ​ဆိုတာကို မမေ့ဘူး။” တတ်နိုင်​တာ​ထက် ပို​မတောင်းဆို​ဘူး။—ဆာ. ၁၀၃:၁၃၊ ၁၄

ယေဟော​ဝါ စာနာ​မှု​ပြခဲ့တဲ့ ကျမ်းစာ ပုံနမူနာ​များစွာ ရှိတယ်။ သုံးခုကို ကြည့်ကြစို့။ ပထမ​၊ ပုရောဟိတ်မင်း ဧလိ​ကို တရားစီရင်ချက်​သတင်း ပြောဖို့ လူငယ် ရှမွေလ​ကို ယေဟော​ဝါ ကူညီ​ပေး​ပုံ။ ဒုတိယ၊ အစ္စရေး​ခေါင်းဆောင်​လုပ်ဖို့ ငြင်းပယ်​တဲ့ မောရှေ​ကို စိတ်ရှည်​စွာ ကူညီ​ပေး​ပုံ။ တတိယ၊ အီဂျစ်​ကနေ ထွက်လာတဲ့ အစ္စရေးတွေကို စာနာ​မှု​ပြ​ပုံ။ ဒီ​ပုံနမူနာ​တွေ​ကို သုံးသပ်​ရင်း ယေဟော​ဝါ​အကြောင်း​၊ သင်ယူနိုင်တဲ့ သင်ခန်းစာ​တွေ​အကြောင်း​ သတိ​ပြုကြစို့။

လူငယ်လေး​ကို စာနာ​မှု​ပြ

၃။ တစ်ညမှာ ဘယ်​ထူးဆန်းတဲ့ ဖြစ်ရပ်ကို ရှမွေလ ကြုံရသလဲ။ ဘယ်​မေးခွန်း ပေါ်လာ​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ရှမွေလ​ဟာ တဲတော်မှာ ငယ်ငယ်​လေး​ကတည်းက “ယေဟော​ဝါ​အတွက်​ အမှု​ဆောင်​နေတယ်။” (၁ ရှ. ၃:၁) တစ်ည၊ ရှမွေလ​အိပ်​နေတုန်း ထူးဆန်းတာ​တစ်ခု​ ဖြစ်ခဲ့တယ်။ * (၁ ရှမွေလ ၃:၂-၁၀ ကိုဖတ်ပါ။) သူ့​နာမည်​ ခေါ်သံ ကြားလိုက်​ရတယ်။ အသက်ကြီး ပုရောဟိတ်မင်း ဧလိ ခေါ်တယ်​ထင်​လို့ ပြေး​သွားပြီး “ကျွန်တော့်​နာမည်​ ခေါ်သံ​ကြား​လို့ လာတာပါ” လို့​ပြောတယ်။ ဧလိက မ​ခေါ်​ဘူးလို့ ငြင်း​တယ်။ အဲဒီ​လို နှစ်ကြိမ်​ထပ်​ဖြစ်​တော့ ရှမွေလ​ကို ယေဟော​ဝါ ခေါ်​နေမှန်း ဧလိ ရိပ်မိ​ပြီး ဘယ်လို​ပြန်ထူး​ရမယ်ဆိုတာ သင်ပေးတယ်။ ရှမွေလလည်း နာခံတယ်။ ဒါပေမဲ့​ အစ​ကတည်းက ရှမွေလ​ကို ခေါ်တာ မိမိ​ဖြစ်ကြောင်း ယေဟော​ဝါ ဘာကြောင့် မပြော​တာလဲ။ ကျမ်းစာမှာ မဖော်​ပြ​ထားပေမဲ့ ရှမွေလ​ကို စာနာ​မှု​ပြလို့ ဖြစ်တယ်။ ဘယ်​နည်းနဲ့လဲ။

၄၊ ၅။ (က) တရားစီရင်ချက် သတင်း ပြောဖို့ ယေဟော​ဝါ စေခိုင်း​တဲ့အခါ​ ရှမွေလ ဘယ်လို တုံ့ပြန်​သလဲ။ (ခ) ဒီ​မှတ်တမ်း​က ယေဟော​ဝါ​အကြောင်း​ ဘာသင်ပေးသလဲ။

၁ ရှမွေလ ၃:၁၁-၁၈ ကိုဖတ်ပါ။ အသက်ကြီး​သူတွေ၊ အထူးသဖြင့် ခေါင်းဆောင်တွေ​ကို လေးစား​ပါလို့ ယေဟော​ဝါ မိန့်မှာတယ်။ (ထွ. ၂၂:၂၈။ ဝတ်. ၁၉:၃၂) ဒါကြောင့်​ မနက်​ရောက်တဲ့အခါ​ ဘုရား​ရဲ့ ပြင်းထန်တဲ့ စီရင်ချက်​အကြောင်း​ ဧလိ​ကို ရှမွေလ သွား​ပြောရဲ​ပါ့မလား။ “မြင်ရတဲ့ စိတ်အာရုံ​အကြောင်း​ ဧလိ​ကို မပြော​ပြရဲ​ဘူး” လို့ ကျမ်းစာ​ပြောတယ်။ ဒါပေမဲ့​ ရှမွေလ​ကို ခေါ်​သူဟာ ယေဟော​ဝါ​ဖြစ်ကြောင်း ဧလိ​ကို အသိပေး​ပြီးသား​ဖြစ်လို့ “ဘုရား​သခင်​ ဘာတွေ ပြောခဲ့​သလဲ။ တစ်ခွန်း​မကျန် ပြန်​ပြောပြပါ” ဆိုပြီး ဧလိ အတင်း​ပြော​ခိုင်း​မှ ရှမွေလ အကုန်​ပြောပြ​လိုက်တယ်။

အစောပိုင်းက “ဘုရား​သခင်​ စေလွှတ်​လိုက်​သူ” ပြောတဲ့ သတင်း​အတိုင်း ဖြစ်နေလို့ ဧလိ မအံ့သြ​ဘူး။ (၁ ရှ. ၂:၂၇-၃၆) ယေဟော​ဝါဟာ စာနာ​ပြီး ဉာဏ်ပညာ​ရှိ​မှန်း ဒီ​မှတ်တမ်း​က ဖော်ပြတယ်။

၆။ လူငယ် ရှမွေလ​ကို ဘုရား​ ကူညီ​ခဲ့​ပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

သင်ဟာ လူငယ်​လား။ ဒါဆို သင့်ရဲ့ အခက်အခဲ​နဲ့ ခံစား​ချက်ကို ယေဟော​ဝါ နားလည်​ကြောင်း လူငယ်​ရှမွေလ​ရဲ့ မှတ်တမ်း​က ဖော်ပြတယ်။ လူကြီးတွေ​ကို သတင်းကောင်း​ဟော​ဖို့ ရှက်​နေတာ၊ ရွယ်တူတွေ​နဲ့ မတူ​မှာ စိုးရိမ်​နေတာ ဖြစ်နိုင်တယ်။ သင့်ကို ယေဟော​ဝါ ကူညီ​လို​ကြောင်း စိတ်ချပါ။ ဘုရား​ဆီ ရင်ဖွင့်​ဆုတောင်း​ပါ။ (ဆာ. ၆၂:၈) ကျမ်းစာမှာ​ပါတဲ့ ရှမွေလ​လို ပုံနမူနာ​တွေ​ကို တွေးတော​ဆင်ခြင်ပါ။ သင်​ကြုံနေ​ရတဲ့ အခက်အခဲတွေကို အောင်မြင်​ခဲ့​တဲ့ ခရစ်ယာန် လူကြီး​လူငယ်တွေ​နဲ့ စကား​ပြောပါ။ မမျှော်လင့်​ထားတဲ့​နည်းတွေနဲ့ သူတို့ကို ဘုရား​ ကူညီ​ပေးခဲ့​ကြောင်း ပြောပြ​ကြပါလိမ့်မယ်။

မောရှေ​ကို စာနာ​မှု​ပြ

၇၊ ၈။ မောရှေ​ကို ယေဟော​ဝါ ဘယ်လို အထူး​စာနာ​မှု ပြခဲ့သလဲ။

မောရှေ အသက် ၈၀ မှာ ခက်ခဲတဲ့​တာဝန်​တစ်ခု​ ယေဟော​ဝါ ပေးခဲ့တယ်။ အစ္စရေးတွေကို ကျွန်ခံ​ရာ အီဂျစ်​ပြည်​ကနေ ခေါ်ထုတ်​ဖို့​ပဲ။ (ထွ. ၃:၁၀) မိဒျန်​ပြည်မှာ အနှစ် ၄၀ ကြာ သိုးထိန်း​ခဲ့​ရလို့ ဒီ​တာဝန် ရတဲ့​အခါ​ မောရှေ အတော်​လန့်​သွားမှာပဲ။ “ဖာရော​မင်း​ဆီ သွားပြီး အစ္စရေးတွေကို အီဂျစ်​ပြည်​ကနေ ခေါ်ထုတ်​လာဖို့ ကျွန်တော့်​မှာ အစွမ်းအစ မရှိ​ပါဘူး” လို့ မောရှေ ပြောတဲ့အခါ​ ယေဟော​ဝါ​က “မင်းနဲ့​အတူ​ ငါ​ရှိတယ်” လို့ ကတိ​ပေးတယ်။ (ထွ. ၃:၁၁၊ ၁၂)​ ‘မင်းပြော​တာကို အစ္စရေး​အကြီးအကဲ​တွေ နားထောင်​မှာပါ’ လို့​လည်း ပြောတယ်။ ‘သူတို့ ကျွန်တော့်​စကား​ကို နားမထောင်​ရင်​ကော’ ဆိုပြီး မောရှေ ထပ်​မေးတယ်။ (ထွ. ၃:၁၈။ ၄:၁) ဘုရား​ မှားနေပြီ​လို့ ပြော​နေ​ပုံ​ပေါက်​တာ​တောင် ယေဟော​ဝါ စိတ်ရှည်တယ်။ အံ့ဖွယ်အမှု​ လုပ်နိုင်တဲ့ တန်ခိုးကို​တောင် ပေးလိုက်​သေးတယ်။ မောရှေဟာ အဲဒီ​လို တန်ခိုး​ရခဲ့တဲ့ ဦးဆုံး​လူသား​ပါပဲ။—ထွ. ၄:၂-၉၊ ၂၁

ဒါတောင် စကား​ပြော​သွက်လက်​သူ မဟုတ်​ဘူးလို့ မောရှေ ထပ်​ဆင်ခြေ​ပေးတယ်။ “မင်း​စကား​ပြောတဲ့အခါ​ မင်းနဲ့​အတူ​ ငါရှိ​နေမယ်။ ဘာ​ပြောရမယ်​ဆိုတာ သင်​ပေးမယ်” လို့ ဘုရား​ပြောတယ်။ မောရှေ လက်ခံ​လိုက်​ပြီလား။ လက်မခံ​သေး​ဘူး။ သူနဲ့အတူ​ တစ်ယောက်ယောက်ကို ထည့်ပေး​ဖို့ တောင်းဆို​ပြန်တယ်။ ဒီ​အခါ​မှာ​တော့ ယေဟော​ဝါ စိတ်ဆိုး​သွားတယ်။ ဒါပေမဲ့​ မောရှေ​ရဲ့ ခံစား​ချက်ကို ထည့်တွက်​ပြီး အာရုန်​ကို ပြောရေးဆိုခွင့်​ရှိသူ​အဖြစ်​ ခန့်အပ်​ပေးခဲ့တယ်။—ထွ. ၄:၁၀-၁၆

၉။ ယေဟော​ဝါရဲ့ စိတ်ရှည်မှု​နဲ့ စာနာ​မှုက မောရှေ​ကို ဘယ်လို ကူညီ​ပေး​သလဲ။

ဒီ​မှတ်တမ်း​က ယေဟော​ဝါ​အကြောင်း​ ဘာသင်ပေးသလဲ။ အနန္တ​တန်ခိုးရှင်​ဖြစ်တဲ့အတွက်​ မောရှေ ကြောက်လန့်​ပြီး ချက်ချင်း နာခံ​အောင် လုပ်​နိုင်တယ်။ ဒါပေမဲ့​ ယေဟော​ဝါဟာ စိတ်ရှည်​ပြီး ကြင်နာတယ်။ နှိမ့်ချ​ကျိုးနွံ​တဲ့ မောရှေ​ကို ကူညီ​မယ်လို့ ကတိ​ပေးတယ်။ ဒီလို​စာနာ​မှု​ပြတာ အကျိုးရှိ​ရဲ့​လား။ ရှိပါတယ်။ မောရှေဟာ တခြား​သူ​တွေ​နဲ့ ဆက်ဆံ​တဲ့အခါ​ ယေဟော​ဝါ​လို​ပဲ နူးညံ့သိမ်မွေ့ပြီး စာနာ​တတ်လာတယ်။—တော. ၁၂:၃

တခြား​သူ​တွေ​နဲ့ ဆက်ဆံ​ရာ​မှာ ယေဟော​ဝါကို တုပ​နေ​သလား (အပိုဒ် ၁၀ ကို​ကြည့်ပါ)

၁၀။ ယေဟော​ဝါရဲ့ စာနာ​မှု​ကို တုပ​ရင် ဘာအကျိုး​ကျေးဇူး ရမလဲ။

၁၀ ဘာသင်ခန်းစာ​တွေ ရနိုင်သလဲ။ သင်ဟာ လင်​ယော​က်ျား​လား။ မိဘ​လား။ အသင်း​တော် အကြီးအကဲ​လား။ ဒါဆို အခွင့်အာဏာ အတော်အတန်​ရှိတယ်။ ကိုယ့်​လက်အောက်​က လူတွေနဲ့ ဆက်ဆံ​ရာ​မှာ စာနာ​မှု၊ ကြင်နာမှု၊ စိတ်ရှည်မှု တင်ပြခြင်း​အားဖြင့် ယေဟော​ဝါကို တုပ​ဖို့ သိပ်​အရေး​ကြီးတယ်။ (ကော. ၃:၁၉-၂၁။ ၁ ပေ. ၅:၁-၃) ယေဟော​ဝါ၊ မောရှေ​ထက် ပို​ကြီးမြတ်တဲ့ ယေရှု​ခရစ်ကို တုပ​မယ်​ဆိုရင် ချဉ်းကပ်​ရလွယ်​သူ၊ တခြား​သူတွေကို လန်းဆန်း​စေ​သူ ဖြစ်လာမယ်။ (မ. ၁၁:၂၈၊ ၂၉) ပုံသက်သေ​ကောင်း​သူလည်း ဖြစ်လာမယ်။—ဟီ. ၁၃:၇

တန်ခိုးကြီး​ပေ​မဲ့ စာနာ​မှု​ရှိတဲ့ ကယ်တင်ရှင်

၁၁၊ ၁၂။ အီဂျစ်​ပြည်​ကနေ အစ္စရေးတွေကို ယေဟော​ဝါ ခေါ်ထုတ်​ချိန်မှာ ဘယ်လို ဘေးကင်းလုံခြုံ​စေခဲ့သလဲ။

၁၁ ဘီစီ ၁၅၁၃၊ အီဂျစ်​ပြည်​ကနေ အစ္စရေး​တွေ ထွက်လာ​ချိန်မှာ လူ​သုံး​သန်း​ကျော် ရှိ​နိုင်တယ်။ ကလေး၊ သက်ကြီးရွယ်အို၊ ဖျားနာသူ၊ မသန်စွမ်း​သူတွေ ပါ​နိုင်တယ်။ ဒီ​လူစု​ကြီး​ကို ဦးဆောင်ဖို့ စာနာ​နားလည်​တတ်တဲ့ ခေါင်းဆောင် လိုတယ်။ ယေဟော​ဝါ​က မောရှေ​ကို ခေါင်းဆောင်​အဖြစ်​ ခန့်​လိုက်တဲ့​အတွက်​ အစ္စရေး​တွေဟာ မိမိ​တို့ရဲ့ တစ်ခုတည်းသော နေရပ်​ကနေ ဘေးကင်းလုံခြုံ​စွာ ထွက်လာ​နိုင်ခဲ့တယ်။—ဆာ. ၇၈:၅၂၊ ၅၃

၁၂ မိမိ​လူမျိုးကို ယေဟော​ဝါ ဘယ်လို ဘေးကင်းလုံ​ခြုံ​စေ​သလဲ။ တစ်ချက်​အနေနဲ့ သူတို့ဟာ အီဂျစ်​ပြည်​ကနေ “တပ်ဖွဲ့​ပုံစံ​နဲ့ စနစ်တကျ ထွက်လာ​ကြတယ်။” (ထွ. ၁၃:၁၈) ဒါက ဘုရား​ ထိန်းချုပ်​ထားကြောင်း စိတ်ချ​စေတယ်။ “နေ့​အချိန်​မှာ မိုးတိမ်​နဲ့၊ ည​အချိန်​မှာ မီးရောင်​နဲ့ လမ်းပြ” ခြင်းအားဖြင့်​လည်း မိမိ​ရှိနေ​ကြောင်း သိသာ​စေတယ်။ (ဆာ. ၇၈:၁၄) တကယ်တော့ “မကြောက်ပါနဲ့။ ငါ လမ်းပြ​ကာကွယ်​ပေးမယ်” လို့ ယေဟော​ဝါ ပြော​နေတာ။ အဲဒီ​လို​ကတိ​ဟာ အချိန်​ကိုက်ပါပဲ။

ပင်လယ်နီ​မှာ အစ္စရေးတွေကို ယေဟော​ဝါ ဘယ်လို စာနာ​မှု​ပြခဲ့သလဲ (အပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃၊ ၁၄။ (က) ပင်လယ်နီ​မှာ အစ္စရေးတွေကို ယေဟော​ဝါ ဘယ်လို စာနာ​မှု​ပြသလဲ။ (ခ) အီဂျစ်​တွေကို ယေဟော​ဝါ ဘယ်လို တန်ခိုး​ပြခဲ့သလဲ။

၁၃ ထွက်မြောက်ရာ ၁၄:၁၉-၂၂ ကိုဖတ်ပါ။ ဖာရော​စစ်တပ်​နဲ့ ပင်လယ်နီ​ကြား ပိတ်မိ​နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်​ကြည့်ပါ။ အဲဒီ​အချိန်​မှာ ဘုရား​ ဝင်ကူ​တယ်။ မိုးတိမ်​ဟာ အနောက်ဘက်​ကို ရွေ့​သွားပြီး အီဂျစ်​စစ်တပ်​နဲ့ အစ္စရေး​တွေ​ကြား ရောက်​သွားတယ်။ အီဂျစ်​ဘက်​ခြမ်း​ကို မှောင်​မည်း​စေပြီး အစ္စရေး​ဘက်​ခြမ်း​ကို​တော့ လင်းထိန်​စေတယ်။ အဲဒီ​နောက် ပင်လယ်နီ​ပေါ် မောရှေ လက်​ဆန့်​လိုက်တဲ့အခါ​ အရှေ့လေ​ပြင်း တိုက်​ပြီး ပင်လယ်ရေ နှစ်ခြမ်း​ကွဲ​သွားတယ်။ သင်နဲ့ သင့်​မိသား​စု​ရော၊ တိရစ္ဆာန်​တွေ​ပါ တခြား​သူ​တွေ​နဲ့အတူ​ စနစ်တကျ ဖြတ်လျှောက်​သွားကြတယ်။ ပင်လယ်​ကြမ်းပြင်​ဟာ စိုစွတ်​တာ၊ ချော​နေတာမျိုး​မရှိ​ဘဲ ခြောက်သွေ့​နေလို့ လျှောက်​ရလွယ်​တာ​ကို သင် ချက်ချင်း သတိထား​လိုက်​မိတယ်။ လမ်းလျှောက်​နှေး​သူတွေတောင် တစ်ဖက်​ကမ်း​ကို ချောချောမောမော ရောက်​လာကြတယ်။

၁၄ ထွက်မြောက်ရာ ၁၄:၂၃၊ ၂၆-၃၀ ကိုဖတ်ပါ။ ဒီ​အချိန်​မှာ မာန​ကြီး​ပြီး မိုက်မဲ​တဲ့ ဖာရော​ဟာ ပင်လယ်​ထဲ​အထိ ဒုန်း​စိုင်း​လိုက်​လာတယ်။ ပင်လယ်​ပေါ် မောရှေ လက်​ပြန်​ဆန့်​လိုက်တဲ့အခါ​ ရေ​နံရံ​ကြီး​နှစ်ဖက် ပြိုကျပြီး ဖာရော​နဲ့ သူ့​စစ်တပ်​ကို ဝါးမျို​လိုက်တယ်။—ထွ. ၁၅:၈-၁၀

၁၅။ ဒီ​မှတ်တမ်း​က ယေဟော​ဝါ​အကြောင်း​ ဘာသင်ပေးသလဲ။

၁၅ ယေဟော​ဝါဟာ စည်းစနစ်​ရှိတဲ့​ဘုရား​ဖြစ်ကြောင်း ဒီ​မှတ်တမ်း​က ဖော်ပြတယ်။ စည်းစနစ်​ရှိခြင်းဟာ ဘေးကင်း​လုံခြုံ​တယ်လို့ ခံစား​ရစေတယ်။ (၁ ကော. ၁၄:၃၃) ယေဟော​ဝါဟာ မေတ္တာ​ရှိတဲ့ သိုးထိန်း​လို မိမိ​လူမျိုးကို လက်တွေ့ကျကျ ဂရုစိုက်​ကြောင်း၊ ညင်ညင်သာသာ ပွေ့ပိုက်​ပြီး ရန်​သူ့​လက်​ကနေ ကာကွယ်ပေး​ကြောင်း​လည်း ဖော်ပြတယ်။ ဒီ​စနစ်ဆုံးခန်း​မှာ အသက်ရှင်နေ​ရတဲ့ ကျွန်တော်​တို့​အတွက်​ အလွန်​အားရှိစရာ​ပါပဲ။—ပညာ. ၁:၃၃

၁၆။ အစ္စရေးတွေကို ယေဟော​ဝါ ကယ်လွှတ်​ပုံကို ပြန်သုံးသပ်​ခြင်းကနေ ဘာအကျိုး ရနိုင်သလဲ။

၁၆ ဒီနေ့​ခေတ်မှာလည်း ယေဟော​ဝါဟာ မိမိ​လူ​မျိုး​တစ်မျိုးလုံးကို ဘုရား​ရေးရာပိုင်းရော ကာယပိုင်း​ပါ ဂရုစိုက်​စောင့်ရှောက်​နေတယ်။ လာမယ့် ကြီးစွာသောဒုက္ခ​အတွင်း​မှာလည်း ဆက်​စောင့်ရှောက်​ပေးပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၀) ဒါကြောင့်​ ကြီးစွာသောဒုက္ခ​​အတွင်း​ လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ ကျန်းမာသန်စွမ်း​သူ​ဖြစ်စေ၊ မသန်စွမ်း​သူ​ဖြစ်စေ ဘုရား​ရဲ့​လူမျိုး​အားလုံး ထိတ်​ထိတ်​ပျာ​ပျာ​ဖြစ်မှာ မဟုတ်​ဘူး။ * အဲဒီ​အစား “ခင်ဗျား​တို့ကို ကယ်တင်မယ့်​အချိန်​ ရောက်​ခါ​နီးပြီ​ဖြစ်လို့ မတ်မတ်​ရပ်​ပြီး ခေါင်းမော့​ထားကြပါ” ဆိုတဲ့ ယေရှု​ခရစ်​ရဲ့​စကား​ကို အမှတ်ရနေ​ကြပါလိမ့်မယ်။ (လု. ၂၁:၂၈) ရှေးခေတ် ဖာရော​ထက် ပို​တန်ခိုးကြီး​ပြီး နိုင်ငံ​ပေါင်း​စုံ ဖွဲ့စည်းထားတဲ့ ဂေါဂ​မင်းနဲ့ ရင်ဆိုင်​ရချိန်မှာ​တောင် ယုံကြည်​စိတ်ချမှု ရှိနေကြပါ​လိမ့်မယ်။ (ယေဇ. ၃၈:၂၊ ၁၄-၁၆) ယေဟော​ဝါ မပြောင်းလဲ​ဘူးဆို​တာ သိထားကြလို့ပဲ။ ဘုရား​သခင်​ဟာ ဂရုစိုက်​ပြီး စာနာ​တတ်တဲ့ ကယ်တင်ရှင်​ဖြစ်ကြောင်း သက်သေထူ​ပါ​ဦး​မယ်။—ဟေရှာ. ၂၆:၃၊ ၂၀

၁၇။ (က) မိမိ​လူမျိုးကို ယေဟော​ဝါ ဂရုစိုက်​တဲ့ ကျမ်းစာ​မှတ်တမ်းတွေက​နေ ဘာအကျိုး ရနိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း​ ဆွေးနွေးကြမလဲ။

၁၇ ဒီ​ဆောင်းပါး​မှာပါတဲ့ ပုံနမူနာ​တွေဟာ မိမိ​လူမျိုးကို ယေဟော​ဝါ စာနာ​စွာ ဂရုစိုက်၊ လမ်းညွှန်၊ ကယ်လွှတ်​ကြောင်း ဖော်ပြတဲ့ နမူနာ​တချို့​သာ ဖြစ်တယ်။ ဒီလို​မှတ်တမ်းတွေကို ဖတ်ရှု​ဆင်ခြင်တဲ့​အခါ​ ယေဟော​ဝါရဲ့ အရည်အသွေးတွေ​နဲ့ပတ်သက်တဲ့ အသေးစိတ်​အချက်တွေကို ဂရုပြုပါ။ ယေဟော​ဝါရဲ့ အရည်အသွေးကောင်း​တွေကို ပို​သိလာတဲ့​အခါ​ ဘုရား​ကို ပို​ချစ်​လာပြီး ယုံကြည်ခြင်း ပို​ခိုင်မာ​လာပါလိမ့်မယ်။ မိသား​စု၊ အသင်း​တော်၊ အမှု​ဆောင်​လုပ်ငန်းမှာ ယေဟော​ဝါရဲ့ စာနာ​မှု​ကို တုပ​နိုင်တဲ့​နည်း​တွေအကြောင်း​ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 3 အဲဒီ​အချိန်​မှာ ရှမွေလ အသက် ၁၂ နှစ် ရှိ​ပြီလို့ ဂျူး​သမိုင်း​ပညာရှင် ဂျို​စီ​ဖတ် ပြောတယ်။

^ အပိုဒ်၊ 16 အာမဂေဒုန်​ကနေ လွတ်မြောက်​သူတွေထဲမှာ မကျန်းမာ​သူ၊ မသန်စွမ်း​သူတွေ ပါ​မယ်လို့ ကောက်ချက်ချ​နိုင်ပါတယ်။ ယေရှု​ မြေကြီးပေါ် ရှိ​တုန်း “ရောဂါ​ဝေဒနာ အမျိုးမျိုးကို ကုသ​ပေး” တာ​ဟာ ထမြောက်လာ​သူတွေ​အတွက်​ မဟုတ်​ဘဲ အာမဂေဒုန်​ကနေ လွတ်မြောက်​လာ​သူတွေ​အတွက်​ လုပ်ပေးမယ့်​အရာကို ဖော်ပြတယ်။ (မ. ၉:၃၅) ထမြောက်လာ​သူတွေဟာ ကျန်းမာသန်စွမ်း​တဲ့ ကိုယ်ခန္ဓာ​နဲ့ ထမြောက်လာ​ကြပါလိမ့်မယ်။