မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်”

“သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်”

“ကျွန်တော့်ကို စေလွှတ်​တဲ့​အရှင်ရဲ့ အလိုတော်ကို ဆောင်​တာ၊ သူ​ခိုင်း​ထားတဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်တာဟာ ကျွန်တော့်​အတွက်​ စားစရာ​ပဲ။”—ယော. ၄:၃၄

သီချင်း– ၈၀၊ ၃၅

၁။ လောကရဲ့ တစ်ကိုယ်ကောင်းစိတ်​က ကျွန်တော်​တို့ရဲ့ နှိမ့်ချမှုကို ဘယ်လို ထိခိုက်​နိုင်သလဲ။

ကျမ်းစာက​နေ သိလာ​တာတွေကို လိုက်နာ​ဖို့ ဘာကြောင့် ခက်​သလဲ။ မှန်ရာကို​လုပ်ဖို့ နှိမ့်ချမှု လို​တဲ့​အပြင် နှိမ့်ချဖို့ ခက်​လို့​ပဲ။ ဒီ “နောက်ဆုံး​ကာလ” မှာ ‘ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်တဲ့​သူ၊ ငွေကို​တပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာ​သူ၊ မချုပ်တည်း​နိုင်​သူတွေ’ ပြည့်နေတယ်။ (၂ တိ. ၃:၁-၃) ဘုရား​သခင့်​ကျေးကျွန်တွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေကို ရွံမုန်း​ပေ​မဲ့ တစ်ကိုယ်ကောင်းဆန်​သူတွေ ကောင်းစား​တာ​ကို​တော့ မနာလို​ဖြစ်မိ​နိုင်တယ်။ (ဆာ. ၃၇:၁။ ၇၃:၃) ‘ကိုယ်ကျိုးထက် သူတစ်ပါး​အကျိုး ဦးစား​ပေးတာ အကျိုးရှိ​ရဲ့​လား။ “နှိမ့်ချ” နေရင် လူတွေ လေးစား​ပါ့မလား’ လို့​တောင် တွေးမိ​နိုင်တယ်။ (လု. ၉:၄၈) လောကရဲ့ တစ်ကိုယ်ကောင်းစိတ်​ဝင်​လာ​ရင် အသင်း​တော်မှာ မေတ္တာ​စိတ် ပျောက်​ပြီး ခရစ်ယာန်​မပီသ​သူတွေ ဖြစ်သွား​နိုင်တယ်။ ဒါပေမဲ့​ ကျမ်းစာမှာ​ပါတဲ့ ပုံနမူနာ​ကောင်း​တွေကို လေ့လာပြီး တုပ​မယ်​ဆိုရင် အကျိုး​ရနိုင်ပါတယ်။

၂။ ဘုရား​သခင်​ရဲ့ သစ္စာရှိ​ကျေးကျွန်တွေ​က ကျွန်တော်​တို့ကို ဘယ်လို အကျိုးပြု​နိုင်သလဲ။

သစ္စာ​ရှိသူတွေကို တုပ​ချင်​ရင် သူတို့ရဲ့ လုပ်ရပ်တွေကို ရှာဖွေ​လေ့လာ​ရမယ်။ သူတို့ ဘယ်လိုနည်းနဲ့ ဘုရား​ရဲ့​မိတ်ဆွေ ဖြစ်ပြီး မျက်နှာသာ​ရခဲ့​သလဲ။ အလိုတော်​ဆောင်ဖို့ အစွမ်း​ခွန်အား ဘယ်လို​ရခဲ့​သလဲ။ အဲဒါ​တွေကို လေ့လာတာ​က ဘုရား​ရေးရာ တိုးတက်မှု​အတွက်​ မရှိ​မဖြစ် လိုအပ်​တယ်။

အချိန်​တန်​အစာ​ဆိုတာ အချက်အလက်​တွေ​သာ မဟုတ်

၃၊ ၄။ (က) အချိန်​တန်​အစာကို ဘယ်နည်းတွေနဲ့ ရ​နေသလဲ။ (ခ) အချိန်​တန်​အစာ​မှာ အသိပညာ ဆည်းပူး​ရုံ​ထက်မက ပါဝင်တယ်​လို့ ဘာကြောင့် ပြောနိုင်သလဲ။

ကျမ်းစာ၊ ကျမ်းစာစာပေ​၊ jw.org၊ JW ရုပ်သံ၊ အစည်းအဝေး​၊ အစည်းအဝေး​ပွဲ​တွေ​ကနေ အကြံဉာဏ်​ကောင်း​နဲ့ လေ့ကျင့်မှု​တွေ ရ​ကြတယ်။ ဒါပေမဲ့​ ယောဟန်​ ၄:၃၄ မှာပါတဲ့ ယေရှု​ရဲ့​စကား​အရ အချိန်​တန်​အစာ​မှာ အသိပညာ ဆည်းပူး​ရုံ​ထက်မက ပါဝင်တယ်။ “ကျွန်တော့်ကို စေလွှတ်​တဲ့​အရှင်ရဲ့ အလိုတော်ကို ဆောင်​တာ၊ သူ​ခိုင်း​ထားတဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်တာဟာ ကျွန်တော့်​အတွက်​ စားစရာ​ပဲ” လို့ ယေရှု​ပြောတယ်။

ယေရှု​ပြောတဲ့ စားစရာ​ထဲမှာ ဘုရား​ညွှန်ကြားချက်​အတိုင်း လိုက်လျှောက်ခြင်း ပါဝင်တယ်။ ဘာကြောင့် စားစရာ​နဲ့ ခိုင်းနှိုင်း​ထားတာ​လဲ။ အာဟာရ​ရှိတဲ့ အစာ​က ခန္ဓာကိုယ်ကို အားရှိစေ​သလို ဘုရား​အလိုတော်​ဆောင်ခြင်း​က စိတ်နှလုံး​နဲ့ ယုံကြည်ခြင်းကို အားရှိစေတယ်။ လယ်ကွင်း​စုဆုံမှု​ကို စိတ်​မ​ပါ့​တ​ပါ ရောက်​သွားပေ​မဲ့ အမှု​ဆောင်​ပြီးတဲ့အခါ​ အားတက်​လန်းဆန်း​လာတာ အကြိမ်ကြိမ်​ပဲ မဟုတ်​လား။

၅။ ဉာဏ်ပညာ​ရှိ​ရှိ လုပ်ဆောင်​ရင် ဘာအကျိုး​ရမလဲ။

ဘုရား​သခင့် ညွှန်ကြားချက်​အတိုင်း လိုက်လျှောက်ခြင်း​က ဉာဏ်ပညာ​ရှိတယ်။ (ဆာ. ၁၀၇:၄၃) ဉာဏ်ပညာ​ရှိ​ရှိ လုပ်ဆောင်​ရ​ကျိုး နပ်​ပါတယ်။ “လိုချင်​သ​မျှ​ထဲမှာ ဉာဏ်ပညာနဲ့​ယှဉ်​နိုင်တာ တစ်ခု​မှ မရှိ​ဘူး။ . . . ဉာဏ်ပညာဟာ ဆုပ်ကိုင်​ထားသူ​အတွက်​ အသက်​ပင်​ပဲ။ မလွှတ်​တမ်း ကိုင်စွဲ​ထားသူတွေ​ကို ပျော်ရွှင်​ချမ်းမြေ့​သူတွေ​လို့ သတ်မှတ်​ကြ​လိမ့်မယ်။” (ပညာ. ၃:၁၃-၁၈) “ဒါတွေကို ခင်ဗျား​တို့ သိထားပြီ​ဆိုတော့ သိတဲ့​အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ ယေရှု​ပြောတယ်။ (ယော. ၁၃:၁၇) ယေရှု​ ညွှန်ကြား​တဲ့​အတိုင်း လိုက်နာမယ်​ဆိုရင် တပည့်​တွေ ထာဝစဉ် ပျော်ရွှင်​ပါလိမ့်မယ်။ တပည့်တွေဟာ တစ်ကြိမ်​လောက်​သာ မဟုတ်​ဘဲ ဘဝတစ်လျှောက်လုံး လိုက်နာ​ခဲ့ကြတယ်။

၆။ မှန်ရာကို ဘာကြောင့် စွဲစွဲမြဲမြဲ လုပ်ဆောင်​ရမလဲ။

ဒီနေ့​အချိန်​မှာလည်း မှန်ရာကို စွဲစွဲမြဲမြဲ လုပ်ဆောင်ဖို့ အရေး​ကြီးတယ်။ ဥပမာ၊ စက်​ပြင်​သ​မား​တစ်ယောက်မှာ ပစ္စည်း​ကိရိယာတွေ ရှိပြီး ပြင်​တဲ့​နည်းတွေကို သိ​ထားပေမဲ့ အသုံးချ​မှ အကျိုး​ရနိုင်မယ်။ ဘယ်လောက်​ပဲ အတွေ့အကြုံ ရှိ​ထားပါ​စေ ဆက်လုပ်​နေ​မှ ပို​ကျွမ်းကျင်​အောင်မြင်​နိုင်မယ်။ အလားတူပဲ ကျမ်းစာ​က​နေ သိလာ​တာတွေကို ကျင့်သုံး​ရင် ပျော်ရွှင်​မယ်။ ဒါပေမဲ့​ အမြဲ​ပျော်ရွှင်​နိုင်ဖို့ ယေဟော​ဝါရဲ့ ညွှန်ကြားချက်တွေကို နေ့တိုင်း နှိမ့်ချ​စွာ လိုက်နာ​ရမယ်။

၇။ ဉာဏ်ပညာ​ရှိဖို့ ကျမ်းစာ ပုံနမူနာ​တွေ​ကို ဘာလုပ်ရမလဲ။

နှိမ့်ချမှု စမ်းသပ်​ခံရနိုင်တဲ့ အခြေအနေ​တချို့​နဲ့ ရှေးခေတ် သစ္စာ​ရှိသူတွေ ဘယ်လို အောင်မြင်​ကျော်လွှား​ခဲ့​ကြောင်း သုံးသပ်ကြည့်​ကြစို့။ အချက်အလက်​တွေကို သုံးသပ်​ရုံ​နဲ့ ယုံကြည်ခြင်း ခိုင်ခံ့​လာ​မှာ မဟုတ်​ဘူး။ ဒါကြောင့်​ ကိုယ်တိုင်ကျင့်သုံး​နိုင်ပုံ​ကို စဉ်းစား​ပြီး ချက်ချင်း​ ကျင့်သုံးပါ။

တန်းတူ ရှုမြင်​ပါ

၈၊ ၉။ တမန်တော် ၁၄:၈-၁၅ ကနေ တမန်တော်​ပေါလု​ရဲ့ နှိမ့်ချမှု​အကြောင်း​ ဘာသိရသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

‘လူအမျိုးမျိုး ကယ်တင်ခြင်း ရဖို့၊ အမှန်တရား​အကြောင်း​ တိကျ​မှန်ကန်စွာ သိဖို့’ ဘုရား​ အလိုရှိတယ်။ (၁ တိ. ၂:၄) အမှန်တရား မသိ​သေး​သူတွေကို သင် ဘယ်လို ရှုမြင်​သလဲ။ တမန်တော်​ပေါလု​ဟာ ဘုရား​သခင်​အကြောင်း​ အနည်း​အကျဉ်း သိထားတဲ့ ဂျူးတွေကို​သာမက နတ်ဘုရား​ကိုးကွယ်သူတွေကို​ပါ ဟောခဲ့တယ်။ ဒါက ပေါလု​ရဲ့ နှိမ့်ချမှုကို စမ်းသပ်​ခဲ့​တယ်။

ပေါလု​ရဲ့ ပထမ​သာသနာပြု​ခရီး​မှာ လု​ကော​နိ​လူတွေက ပေါလု​နဲ့ ဗာနဗ​ကို ဇု​သ​နဲ့ ဟေ​ရ​မေ နတ်ဘုရား​ ဝင်စား​တဲ့ လူစွမ်းကောင်း​တွေ​လို့ အထင်မှား​ကြတယ်။ ဒီ​ထင်ပေါ်မှု​ကို ပေါလု​နဲ့ ဗာနဗ သာယာ​နေ​သလား။ ဒီ့မတိုင်ခင်​ မြို့​နှစ်မြို့​မှာ နှိပ်စက်​ညှဉ်းပန်း​ခံခဲ့ရ​လို့ အခုတော့ အေးဆေး​သွား​ပြီလို့ သဘောထား​သလား။ ဒီလို​ထင်ပေါ်​တာ​က သတင်းကောင်းကို ပို​ပျံ့နှံ့​စေမယ်လို့ စဉ်းစား​သလား။ မစဉ်းစား​ခဲ့​ဘူး။ ချက်ချင်း အဝတ်ကို ဆွဲဆုတ်၊ လူအုပ်​ကြားထဲ ပြေးဝင်​ပြီး “ဘာလို့ ဒီလိုလုပ်​တာလဲ။ ကျွန်တော်​တို့လည်း အမှား​မကင်း​တဲ့ လူသားတွေ​ပါပဲ” လို့​ပြောတယ်။—တ. ၁၄:၈-၁၅

၁၀။ ပေါလု​နဲ့ ဗာနဗ​ဟာ လု​ကော​နိ​လူတွေကို တန်းတူ​ရှုမြင်​ကြောင်း ဘယ်နည်းနဲ့ ဖော်ပြသလဲ။

၁၀ အမှား​မကင်း​သူတွေ​ဖြစ်တယ်လို့ ပေါလု​နဲ့ ဗာနဗ​ ပြောတာက အယူမှား​သူတွေနဲ့ ဝတ်ပြု​ကိုးကွယ်ပုံ​ချင်း အတူ​တူပဲလို့ ဆိုလို​နေတာ မဟုတ်​ဘူး။ ပေါလု​နဲ့ ဗာနဗ​ဟာ အထူး​တာဝန်ရ​ထားတဲ့ သာသနာပြုတွေ​ပါ။ (တ. ၁၃:၂) သန့်ရှင်းသော​စွမ်းအား​တော်​နဲ့ ဘိသိက်​ပေး​ခံရပြီး ကောင်းကင်​မျှော်လင့်ချက် ရှိသူတွေ​ပါ။ ဒါပေမဲ့​ တခြား​သူတွေ​ထက် သာ​တယ်​ဆိုတဲ့​သဘောထား မရှိ​ဘူး။ လု​ကော​နိ​လူတွေ သတင်းကောင်းကို လက်ခံ​ရင် အလားတူ​အကျိုး​တွေ ရနိုင်​မှန်း ပေါလု​နဲ့ ဗာနဗ သိတယ်။

၁၁။ ဟောပြောခြင်း​လုပ်ငန်းမှာ ပေါလု​ရဲ့ နှိမ့်ချမှုကို ဘယ်လို တုပ​နိုင်သလဲ။

၁၁ ပေါလု​ရဲ့ နှိမ့်ချမှုကို ဘယ်လို တုပ​နိုင်သလဲ။ ပထမ​၊ ယေဟော​ဝါရဲ့ အစွမ်း​ခွန်အား​ကြောင့် အောင်မြင်​တာ​ကို ကိုယ်​ချီးမွမ်း​ခံ​ရဖို့ မမျှော်လင့်သင့်ဘူး၊ လက်မခံ​သင့်​ဘူး။ ‘ငါ​ဟောပြောတဲ့​လူတွေကို ဘယ်လို ရှုမြင်​သလဲ။ လူတချို့​နဲ့ပတ်သက်ပြီး ဒေသရဲ့ ဘက်လိုက်မှု​တွေ ငါ့​မှာ ရှိနေ​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ချီးမွမ်း​စရာ​က ကမ္ဘာတစ်ဝန်းမှာ​ရှိတဲ့ ယေဟော​ဝါ​သက်သေတွေဟာ ကိုယ့်​ဒေသ​မှာ သတင်းကောင်း လက်ခံမယ့်​သူတွေကို ဆက်​ရှာဖွေ​နေကြတယ်။ တချို့​ဆိုရင် လူ့​အဖွဲ့အစည်း ဝိုင်း​ပယ်​ထားသူတွေ​ရဲ့ ဘာသာ​စကား​၊ ယဉ်ကျေးမှု​တွေကို လေ့လာ​သင်ယူ​ကြတယ်။ ဒါပေမဲ့​ ကိုယ့်ကိုယ်ကိုယ် သူတို့​ထက် ပို​သာတယ်လို့ မယူမှတ်​ကြဘူး။ အဲဒီ​အစား တစ်ယောက်စီကို နားလည်​ပေးပြီး သတင်းကောင်း​ဟော​နိုင်ဖို့ ကြိုးစား​ကြတယ်။

တခြား​သူတွေ​အတွက်​ နာမည်​နဲ့တကွ ဆုတောင်း​ပေးပါ

၁၂။ ဧ​ပ​ဖြ တစ်ကိုယ်​ကောင်း​မ​ဆန်​ကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။

၁၂ ဘုရား​သခင့် ညွှန်ကြားချက်ကို နှိမ့်ချ​စွာ လိုက်လျှောက်​ကြောင်း ပြ​နိုင်တဲ့ နောက်​တစ်နည်း​က “တန်ဖိုး​ကြီးတဲ့ ယုံကြည်ခြင်းကို ရထား” သူတွေ​အတွက်​ ဆုတောင်း​ပေးခြင်း​ပါပဲ။ (၂ ပေ. ၁:၁) ဧပဖြ​ အဲဒီ​လို လုပ်ဆောင်ခဲ့တယ်။ ပေါလု​ရေး​တဲ့​စာတွေ​မှာ သူ့​အကြောင်း​ သုံးကြိမ် ဖော်ပြ​ထားတယ်။ ရောမ​မြို့မှာ ပေါလု​ အကျဉ်း​ကျနေ​တုန်း ကောလောသဲ​မြို့​က ခရစ်ယာန်တွေဆီ “ခင်ဗျား​တို့​အတွက်​ [ဧ​ပ​ဖြ] ထက်ထက်သန်သန် ဆုတောင်း​ပေး​နေတယ်” လို့ ရေး​တယ်။ (ကော. ၄:၁၂) ညီအစ်ကိုတွေကို ဧ​ပ​ဖြ ကောင်းကောင်း သိ​ပြီး ဂရုစိုက်​တယ်။ ပေါလု​နဲ့ “အတူ​အကျဉ်း​ကျနေ” ပေ​မဲ့ တခြား​သူတွေရဲ့ ဘုရား​ရေးရာ​လိုအပ်ချက်တွေကို ဂရုစိုက်​ပေးတယ်။ (ဖိ​လေ. ၂၃) တစ်ကိုယ်​ကောင်း​မ​ဆန်​တဲ့ လုပ်ရပ်​ပါပဲ။ ညီအစ်ကို/မ​တွေ​အတွက်​ နာမည်​နဲ့တကွ ဆုတောင်း​ပေးတာဟာ အလွန်​ အစွမ်းထက်​ပါတယ်။—၂ ကော. ၁:၁၁။ ယာ. ၅:၁၆

၁၃။ ဆုတောင်း​တဲ့အခါ​ ဧ​ပ​ဖြ​ကို ဘယ်လို တုပ​နိုင်သလဲ။

၁၃ နာမည်​နဲ့တကွ သင် ဆုတောင်း​ပေးနိုင်​သူတွေကို စဉ်းစား​ကြည့်ပါ။ ဧ​ပ​ဖြ​လို​ပဲ ညီအစ်ကို/မ​များစွာဟာ တာဝန်ကြီးတွေ ထမ်းဆောင်​နေရတဲ့၊ သွေးဆောင်မှု ကြုံနေ​ရတဲ့ အသင်း​တော်​သားတွေ၊ မိသား​စုဝင်​တွေ​အတွက်​ ဆုတောင်း​ပေး​ကြတယ်။ jw.org ထဲ​က “ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေတဲ့ ယေဟော​ဝါ​သက်သေ​များ” ဆောင်းပါး​မှာ ဖော်ပြ​ထားသူတွေ​အတွက်​ နာမည်​နဲ့တကွ ဆုတောင်း​ပေး​ကြတယ်။ (သတင်း​ကဏ္ဍ > တရားရေး​ရာ​ဖြစ်​စဉ်​များ​မှာ​ကြည့်ပါ။) ချစ်ရသူ သေဆုံးသွားလို့ ပူဆွေး​နေ​သူတွေ၊ သဘာဝဘေး၊ စစ်​ဘေး​ကနေ လွတ်မြောက်​လာ​သူတွေ၊ စီးပွားရေး ခက်ခဲ​သူတွေကိုလည်း သတိ​ရသင့်တယ်။ ဆုတောင်း​ပေးဖို့ လိုအပ်​နေတဲ့ ညီအစ်ကို/မ​များစွာ​ ရှိတယ်။​ သူတို့​အတွက်​ ဆုတောင်း​ပေး​ခြင်းအားဖြင့် ကိုယ့်​အကျိုးကို​သာ အာရုံမစိုက်​ဘဲ သူတစ်ပါး​အကျိုး​ကိုလည်း ထည့်​စဉ်းစား​ပေး​ကြောင်း ဖော်ပြ​နိုင်တယ်။ (ဖိ. ၂:၄) အဲဒီ​လို​ဆုတောင်း​ချက်တွေကို ယေဟော​ဝါ နားထောင်​တယ်။

‘နားထောင်ဖို့ အမြဲ အသင့်​ဖြစ်​နေပါ’

၁၄။ နားထောင်ပေး​ရာ​မှာ ယေဟော​ဝါ ဘယ်လို အကောင်းဆုံး​ ပုံသက်သေ​ပြ​ခဲ့သလဲ။

၁၄ နှိမ့်ချမှု ပြ​နိုင်တဲ့ နောက်​တစ်နည်း​ကတော့ နားထောင်​ဖို့ လိုလိုလားလား​ရှိ​ခြင်း ဖြစ်တယ်။ “နားထောင်ဖို့ အမြဲ အသင့်​ဖြစ်နေ​ရမယ်” လို့ ယာကုပ် ၁:၁၉ မှာ ပြောတယ်။ ဒီ​ကဏ္ဍ​မှာ ယေဟော​ဝါ​ကိုယ်တိုင် အကောင်းဆုံး ပုံသက်သေ​ပြခဲ့တယ်။ (က. ၁၈:၃၂။ ယောရှု ၁၀:၁၄) ထွက်မြောက်ရာ ၃၂:၁၁-၁၄ (ဖတ်ပါ) မှာပါတဲ့ မှတ်တမ်းကနေ ဘာ​သင်ယူ​နိုင်ကြောင်း သုံးသပ်​ကြည့်ပါ။ မောရှေ​ရဲ့ အကြံ​ဉာဏ်​ကို ယေဟော​ဝါ မလို​ပေ​မဲ့ သူ့​ခံစား​ချက်ကို ထုတ်ပြော​ဖို့ အခွင့်အရေး​ပေးခဲ့တယ်။ အတွေးအခေါ် မှားနေ​သူ ပြောတာကို ဘယ်သူက အကြာကြီး နားထောင်ပြီး လိုက်လုပ်​ပေးချင်​မှာ​လဲ။ ယေဟော​ဝါ​ကတော့ ယုံကြည်ခြင်းနဲ့ ဆုတောင်း​သူတွေကို စိတ်ရှည်​စွာ နားထောင်​ပေးတယ်။

၁၅။ တခြား​သူတွေကို ဂုဏ်တင်ရာမှာ ယေဟော​ဝါကို ဘယ်လို တုပ​နိုင်သလဲ။

၁၅ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးသင့်တယ်– ‘ယေဟော​ဝါဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​ပြီး အာဗြဟံ၊ ရာခေလ၊ မောရှေ၊ ယောရှု၊ မာနော်၊ ဧလိယ၊ ဟေဇကိ​တို့ကို နားထောင်​ပေးတယ်ဆိုရင် ငါလည်း အဲဒီ​လို လုပ်သင့်တယ် မဟုတ်​လား။ ညီအစ်ကိုတွေရဲ့ အကြံဉာဏ်​ကောင်းတွေကို နားထောင်ပြီး ဖြစ်နိုင်တဲ့​အခါ​ အဲဒီ​အတိုင်း လုပ်ခြင်း​အားဖြင့် ဂုဏ်တင်​သင့်တယ် မဟုတ်​လား။ အသင်း​တော်မှာ၊ မိသား​စုမှာ ဘယ်သူတွေ ဂရုစိုက်မှု လို​နေသလဲ။ ငါ ဘာလုပ်​ပေး​သင့်သလဲ။’—က. ၃၀:၆။ သူကြီး. ၁၃:၉။ ၁ ဘု. ၁၇:၂၂။ ၂ ရာ. ၃၀:၂၀

“ငါ့​ဒုက္ခ​ကို ယေဟော​ဝါ​ဘုရား​ မြင်​မှာပါ”

“ရှိပါစေ​တော့” လို့ ဒါဝိဒ် ပြောခဲ့တယ်။ သင်​ကော (အပိုဒ် ၁၆၊ ၁၇ ကို​ကြည့်ပါ)

၁၆။ ရှိ​မိ​ကြောင့် ဒေါသထွက်​တဲ့အခါ​ ဘုရင်​ဒါဝိဒ် ဘယ်လို တုံ့ပြန်​သလဲ။

၁၆ ဒေါသထွက်​တဲ့အခါ​ ချုပ်တည်း​နိုင်ဖို့ နှိမ့်ချမှု​က ကူညီ​ပေးတယ်။ (ဧ. ၄:၂) ထူးခြားတဲ့ ပုံနမူနာ​ကို ၂ ရှမွေလ ၁၆:၅-၁၃ (ဖတ်ပါ) မှာ တွေ့နိုင်တယ်။ ဒါဝိဒ်​နဲ့ သူ့​ကျွန်တွေဟာ ဘုရင်​ရှောလုရဲ့ ဆွေမျိုး ရှိ​မိ​ရဲ့ ကဲ့ရဲ့​ရှုတ်ချမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု​ကို ခံခဲ့ရတယ်။ ဒါဝိဒ်​မှာ အာဏာ​ရှိပေမဲ့ သည်းခံ​ခဲ့​တယ်။ ဘယ်​နည်းနဲ့လဲ။ ဆာလံ​အခန်းကြီး ၃ မှာ အဖြေ တွေ့နိုင်တယ်။

၁၇။ စိတ်​ချုပ်တည်း​ဖို့ ဒါဝိဒ်​ကို ဘာက ကူညီ​ပေး​သလဲ။ ဒါဝိဒ်​ကို ဘယ်လို တုပ​နိုင်သလဲ။

၁၇ ဆာလံ​အခန်းကြီး ၃ ရဲ့ ထိပ်​စီး​မှာ “သား​အဗရှလုံ​ကြောင့် ထွက်ပြေး​ရချိန်မှာ ဒါဝိဒ်​စပ်ဆို​တဲ့ သီချင်း”​ လို့ ဖော်ပြ​ထားတယ်။ အခန်းငယ် ၁ နဲ့ ၂ က ရှမွေလ​ဒုတိယစောင် အခန်းကြီး ၁၆ ပါ ဖြစ်ရပ်တွေ​နဲ့ ဆက်စပ်​တယ်။ ဆာလံ ၃:၄ မှာ “ယေဟော​ဝါကို ငါ​အော်ခေါ်​မယ်။ သန့်ရှင်းတဲ့​တောင်ပေါ်​ကနေ ဘုရား​ပြန်ထူး​မှာ​ပဲ” လို့ ဒါဝိဒ်​ပြောတယ်။ ကျွန်တော်​တို့လည်း ကဲ့ရဲ့​စော်ကား​ခံရတဲ့အခါ​ ဆုတောင်း​နိုင်တယ်။ ခံရပ်​နိုင်ဖို့ သန့်ရှင်းသော​စွမ်းအား​တော်ကို ယေဟော​ဝါ ပေးမယ်။ ချုပ်တည်း​ဖို့၊ အကြွင်းမဲ့ ခွင့်လွှတ်ဖို့ လိုအပ်တဲ့ အခြေအနေ ရှိနေ​သလား။ သင့်​ဒုက္ခ​ကို ယေဟော​ဝါ မြင်ပြီး ကောင်းချီး​ပေးမယ်ဆိုတာ စိတ်ချ​သလား။

“ဉာဏ်ပညာဟာ အရေး​ကြီးဆုံး​ပဲ”

၁၈။ ဘုရား​သခင့် ညွှန်ကြားချက်​အတိုင်း လိုက်လျှောက်​ရင် ဘာအကျိုး ရမလဲ။

၁၈ မှန်ရာကို လုပ်ဆောင်ခြင်းက ကောင်းချီး​များစွာ ရရှိ​စေတယ်။ “ဉာဏ်ပညာဟာ အရေး​ကြီးဆုံး​ပဲ” လို့ ပညာအလိမ္မာ ၄:၇ မှာ ပြောတယ်။ ဉာဏ်ပညာဟာ အသိပညာကို အခြေခံ​ပေ​မဲ့ အချက်အလက်​တွေကို သိ​ရုံ​သာမက သိတဲ့​အတိုင်း ဆုံးဖြတ်​လုပ်ဆောင်ခြင်း ပါဝင်တယ်။ ပုရွက်ဆိတ်​တွေ​မှာ​တောင် ဉာဏ်ပညာ​ရှိတယ်။ နွေရာသီ​မှာ​ အစားအစာ စုဆောင်း​တာ​ကို ကြည့်ရင် ပင်ကို​ဉာဏ်​ရှိကြောင်း သိနိုင်တယ်။ (ပညာ. ၃၀:၂၄၊ ၂၅) “ဘုရား​သခင့် ဉာဏ်ပညာ” ဖြစ်တဲ့ ခရစ်တော်ဟာ ဘုရား​နှစ်သက်ရာကို အမြဲ လုပ်ဆောင်တယ်။ (၁ ကော. ၁:၂၄။ ယော. ၈:၂၉) မှန်မှန်ကန်ကန် ရွေးချယ်ခြင်း​နဲ့ ရွေးချယ်​တဲ့​အတိုင်း လုပ်ဆောင်ခြင်း ကွာခြား​မှန်း ဘုရား​ သိတယ်။ ခံနိုင်ရည်ရှိရှိ နှိမ့်ချမှု ပြ​သူတွေ၊ မှန်ရာ​လုပ်ဆောင်​သူတွေကို ဆု​ချတယ်။ (မဿဲ ၇:၂၁-၂၃ ကိုဖတ်ပါ။) ဒါကြောင့်​ အသင်း​တော်မှာ စစ်မှန်တဲ့ နှိမ့်ချမှု တိုးပွားစေပါ။ မှန်ရာကို ကျင့်သုံးဖို့ အချိန်​နဲ့ စိတ်ရှည်မှု လို​ပေ​မဲ့ အခု​နဲ့ ထာဝစဉ်​ ပျော်ရွှင်​ရပါလိမ့်မယ်။