မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ကြီးခရစ်ယာန်တွေရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထား

အသက်ကြီးခရစ်ယာန်တွေရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထား

ကမ္ဘာ​တစ်ဝန်း​က အကြီးအကဲ​တွေဟာ လုပ်ငန်းတော် အခွင့်​ထူး​တွေကို လေးမြတ်​ကြတယ်။ သူတို့ဟာ ကျွန်တော်​တို့​ အားလုံး​အတွက်​ ကောင်းချီးပါပဲ။ ဒါပေမဲ့​ မကြာသေးခင်က ပြုပြင်​ပြောင်းလဲမှု​တစ်ခု လုပ်ခဲ့တယ်။ အသက်ကြီးတဲ့ အကြီးအကဲ​တွေဟာ လူငယ်​အကြီးအကဲ​တွေ​ဆီ တာဝန်ကြီးတွေ လွှဲအပ်​ဖို့ တောင်းဆို​ခံရတယ်။

တိုက်နယ်ကြီးကြပ်မှူး​တွေ၊ သင်တန်းပို့ချ​သူတွေဟာ အသက် ၇၀ ပြည့်​ရင် တာဝန်​ရပ်စဲ​ပြီ။ အသက် ၈၀ ပြည့်တဲ့ အကြီးအကဲ​တွေ​လည်း ဌာနခွဲ ညှိနှိုင်း​ရေး​မှူး၊ ဒေသခံ အကြီးအကဲအဖွဲ့ ညှိနှိုင်း​ရေး​မှူး​စတဲ့ တာဝန်​အသီးသီး​ကို လူငယ်​အကြီးအကဲ​တွေ​ဆီ လွှဲအပ်​ရမယ်။ ဒီ​ပြုပြင်​ပြောင်းလဲမှု​ကို သူတို့ ဘယ်လို တုံ့ပြန်​ကြသလဲ။ ယေဟော​ဝါနဲ့ အဖွဲ့အစည်း​ကို သစ္စာ​စောင့်သိကြောင်း သူတို့ ပြကြတယ်။

ဌာနခွဲ​ကော်မတီ ညှိနှိုင်း​ရေး​မှူး​အဖြစ်​ ၄၉ နှစ်​နီးပါး အမှု​ဆောင်ခဲ့တဲ့ ကန်​က “ဒီ​ဆုံးဖြတ်ချက်ကို လုံးဝ သဘောတူတယ်။ ညှိနှိုင်း​ရေး​မှူး​အဖြစ်​ အမှု​ဆောင်​နိုင်မယ့် လူငယ်​ညီအစ်ကို လို​နေတယ်လို့ အဲဒီ​မနက်​ပဲ ယေဟော​ဝါ​ဆီ ဆုတောင်း​ခဲ့​တာ” လို့​ပြောတယ်။ ကမ္ဘာ​တစ်ဝန်း​က သစ္စာရှိ အသက်ကြီး​သူတွေလည်း ကန်​လို​ပဲ တုံ့ပြန်​ကြတယ်။ ဒါပေမဲ့​ ညီအစ်ကို​တွေ​အတွက်​ အမှု​ဆောင်​ရတာကို မြတ်နိုး​တော့ အစပိုင်းမှာ စိတ်ဓာတ်ကျ​တာ​မျိုး ရှိခဲ့ကြတယ်။

အသင်း​တော် အကြီးအကဲအဖွဲ့ ညှိနှိုင်း​ရေး​မှူး ဖြစ်ခဲ့တဲ့ အက်စ်​ပါရန်​ဒို​က “နည်းနည်း​တော့ ဝမ်း​နည်းတယ်။ ဒါပေမဲ့​ ကိုယ့်​ကျန်းမာရေး​ကို ပို​ဂရုစိုက်​ဖို့ လို​နေတာ” လို့​ပြောတယ်။ အက်​စ်​ပါရန်​ဒို​ဟာ ယေဟော​ဝါကို သစ္စာရှိ​ရှိ ဆက်​အမှု​ဆောင်​နေပြီး အသင်း​တော်​အတွက်​ ကောင်းချီး​ဖြစ်နေ​ဆဲ​ပဲ။

အမှု​ဆောင်​လုပ်ငန်း နောက်​တစ်မျိုး​ကို ပြောင်း​လိုက်ရ​တဲ့ သက်တမ်းကြာ နယ်လှည့်​ကြီးကြပ်မှူးတွေ​ကော ဘယ်လို​လဲ။ “ကြားကြားချင်း ကျွန်တော်​ လန့်​သွားတယ်” ဆိုပြီး နယ်လှည့်​ကြီးကြပ်မှူး​အဖြစ်​ ၃၈ နှစ် အမှု​ဆောင်ခဲ့တဲ့ အယ်​လန် ပြောတယ်။ ဒါပေမဲ့​ လူငယ်တွေကို လေ့ကျင့်ပေး​ခြင်း​ရဲ့ အကျိုးကျေးဇူးတွေကို အသိအမှတ်ပြု​ပြီး သစ္စာရှိ​ရှိ ဆက်​အမှု​ဆောင်​နေတယ်။

နယ်လှည့်​ကြီးကြပ်မှူး​နဲ့ သင်တန်းပို့ချ​သူ​အဖြစ်​ နှစ်ပေါင်း ၄၀ အမှု​ဆောင်ခဲ့တဲ့ ရပ်​စယ်​ဟာ အစပိုင်းမှာ စိတ်ဓာတ်ကျ​မိတယ်။ “ဒီ​အခွင့်ထူး​ကို ကျွန်တော်​တို့ ဇနီးမောင်နှံ သိပ်​မြတ်နိုး​တာ။ ဆက်လုပ်​ဖို့​လည်း ခွန်အား​ရှိသေးတယ်” လို့​ပြောတယ်။ ရပ်​စယ်​နဲ့ ဇနီးဟာ ရထားတဲ့ လေ့ကျင့်မှု​နဲ့ အတွေ့အကြုံ​ကို အသင်း​တော်မှာ အသုံးပြု​နေလို့ ကြေညာသူတွေ သိပ်​ပျော်ကြတယ်။

သင်ဟာ အဲဒီ​အပြောင်းအလဲ​ကို ကိုယ်တိုင် မ​ကြုံရ​ရင်တောင် ၂ ရှမွေလ​မှာပါတဲ့ မှတ်တမ်း​က သူတို့ကို နားလည်ဖို့ ကူညီ​ပေးနိုင်တယ်။

ကျိုးနွံမှုရှိ​ပြီး လက်တွေ့ကျ​သူ

ဘုရင်​ဒါဝိဒ်ဟာ သား​ဖြစ်​သူ အဗရှလုံ ပုန်ကန်တဲ့​အခါ​ ဂျေရု​ဆလင်​မြို့ကနေ ဂျော်ဒန်​မြစ်​အရှေ့ဘက် မဟာ​နိမ်​မြို့ကို ထွက်ပြေး​ရတယ်။ ဒါဝိဒ်​နဲ့ သူ့​လူတွေ နေစရာ၊ စားစရာ လိုအပ်​နေပြီ။ ဘာဆက်​ဖြစ်ခဲ့တယ်​ဆိုတာ မှတ်မိသလား။

လူ​သုံးယောက်​က အိပ်ရာ၊ စားစရာ​နဲ့ လိုအပ်တာတွေ ယူလာ​ပေးတယ်။ တစ်ယောက်က​တော့ ဗာဇိလဲ​ပါပဲ။ (၂ ရှ. ၁၇:၂၇-၂၉) အဗရှလုံ​ရဲ့ ပုန်ကန်မှု​ပြီးနောက် ဂျေရု​ဆလင်​ကို ဒါဝိဒ် ပြန်တဲ့​အခါ​ ဂျော်ဒန်​မြစ်​အထိ ဗာဇိလဲ လိုက်​ပို့​တယ်။ ဗာဇိလဲ​ဟာ “သိပ်​ချမ်းသာ” ပြီး စားသောက်​ဖို့ ပူ​စ​ရာ မလို​ပေ​မဲ့ ဂျေရု​ဆလင်​ကို လိုက်ခဲ့​ဖို့ ဒါဝိဒ် ခေါ်တယ်။ (၂ ရှ. ၁၉:၃၁-၃၃) ဗာဇိလဲ​ရဲ့ အရည်အသွေးကောင်း​တွေ၊ သူ​ပေးနိုင်တဲ့ အကြံဉာဏ်​ကောင်းတွေကို ဒါဝိဒ် တန်ဖိုးထား​ပုံ​ရတယ်။ နန်းတော်မှာ နေရမှာ အခွင့်ထူးကြီးပါပဲ။

ဒါပေမဲ့​ ကျိုးနွံပြီး လက်တွေ့ကျတဲ့ ဗာဇိလဲ​က မိမိ​ဟာ အသက် ၈၀ ရှိပြီ၊ “ကောင်းမကောင်း​ကို မ​ပိုင်းခြား​နိုင်​တော့​ဘူး” လို့​ပြောတယ်။ ဘာကို ဆိုလို​တာလဲ။ ဗာဇိလဲ​ဟာ ဘဝတစ်လျှောက် အသိပညာ​အများကြီး ရခဲ့​မှာ​ပဲ။ နောက်ပိုင်း ဘုရင်​ရောဗောင်​ခေတ်​က “အသက်ကြီး​သူတွေ” လို အကြံဉာဏ်​ကောင်း​တွေ ပေးနိုင်​သေးတယ်။ (၁ ဘု. ၁၂:၆၊ ၇။ ဆာ. ၉၂:၁၂-၁၄။ ပညာ. ၁၆:၃၁) ဒါကြောင့်​ ကောင်းမကောင်း မ​ပိုင်းခြား​နိုင်​တော့​ဘူးဆို​တာ ကာယပိုင်း မတတ်​စွမ်း​နိုင်တာကို ဆိုလိုခြင်း ဖြစ်နိုင်တယ်။ အသက်ကြီးလို့ ရ​သာ​ရုံ၊ အကြားအာရုံ ထိခိုက်​နေ​ပြီလို့ သူ​ဝန်ခံတယ်။ (ဒေ. ၁၂:၄၊ ၅) ဒါကြောင့်​ သား​ဖြစ်ပုံရ​တဲ့ လူငယ် ခိမဟံ​ကိုပဲ ခေါ်သွားဖို့ ဒါဝိဒ်​ကို တိုက်တွန်း​တယ်။—၂ ရှ. ၁၉:၃၅-၄၀

အနာဂတ်​အတွက်​ ပြင်ဆင်ခြင်း

အစပိုင်းမှာ​ပါတဲ့ အသက်အရွယ်​ဆိုင်ရာ ပြုပြင်​ပြောင်းလဲမှု​ဟာ ဗာဇိလဲ​ရဲ့ အမြင်​နဲ့ ကိုက်ညီတယ်။ အခုခေတ်​မှာ​တော့ တစ်ဦး​တစ်ယောက်ရဲ့ အခြေအနေ၊ အရည်အသွေးတွေ​အပေါ် မူတည်ပြီး ဆုံးဖြတ်​တာ မဟုတ်​ပါဘူး။ ကမ္ဘာ​တစ်ဝန်း​က သစ္စာရှိ အကြီးအကဲ​တွေရဲ့ အကောင်းဆုံး​အကျိုး​အတွက်​ လက်တွေ့ကျကျ စဉ်းစား​သုံးသပ်​ဖို့ လိုအပ်​နေလို့ ဖြစ်တယ်။

နှစ်ပေါင်းများစွာ ကိုယ်​ထမ်းဆောင်​ခဲ့​တဲ့ တာဝန်တွေကို လူငယ်​ညီအစ်ကို​တွေ​ဆီ လွှဲအပ်​တာ​ဟာ အဖွဲ့အစည်းရဲ့ အနာဂတ်​တိုးတက်မှု​အတွက်​ ဖြစ်ကြောင်း ကျိုးနွံမှုရှိ​တဲ့ အသက်ကြီး​ခရစ်ယာန်​တွေ နားလည်​ကြတယ်။ ဗာဇိလဲ​က သားကို၊ တမန်တော် ပေါလု​က တိမောသေကို လေ့ကျင့်ပေး​သလို အသက်ကြီးတဲ့ ညီအစ်ကို​တွေ​က လူငယ်တွေကို လေ့ကျင့်​ပေးကြတယ်။ (၁ ကော. ၄:၁၇။ ဖိ. ၂:၂၀-၂၂) အဲဒီ​လူငယ်တွေဟာ “ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်​ပေး” နိုင်တဲ့ “လက်ဆောင်” တွေ​ပါပဲ။—ဧ. ၄:၈-၁၂။ တောလည်ရာ ၁၁:၁၆၊ ၁၇၊ ၂၉ နဲ့ နှိုင်းယှဉ်ပါ။

ရနိုင်တဲ့ အခွင့်ထူး​များ

ကမ္ဘာတစ်ဝန်းမှာ တာဝန်တွေကို လွှဲအပ်​ခဲ့​သူ​များစွာဟာ ယေဟော​ဝါရဲ့ လုပ်ငန်းမှာ အခွင့်အရေး​သစ်​တွေ ရ​နေကြတယ်။

“အခြေအနေ​သစ်​ကြောင့် အသင်း​တော်​ထဲ​က ညီအစ်မ​တွေရဲ့ မယုံကြည်သူ​ခင်ပွန်း​တွေကို ကူညီ​ပေးနိုင်တယ်” လို့ ၁၉ နှစ်​ကြာ နယ်လှည့်​ကြီးကြပ်မှူး လုပ်ခဲ့တဲ့ မာ​ကို ပြောတယ်။

“ကျွန်တော်​တို့ရဲ့ ပန်းတိုင်​သစ်​ကတော့ မ​လှုပ်​မ​ရှား ဖြစ်နေ​သူတွေကို ကူညီ​ဖို့၊ ကျမ်းစာသင်အံမှု​အသစ်တွေ စ​ဖို့​ပဲ” ဆိုပြီး နယ်လှည့်​လုပ်ငန်းမှာ ၂၈ နှစ် ပါဝင်​ခဲ့​တဲ့ ဂျေ​ရ​ဒူ ပြောတယ်။ သူနဲ့ ဇနီးဟာ ကျမ်းစာသင်အံမှု ၁၅ ခု ရှိနေပြီ။ အခု​ဆို မ​လှုပ်​မ​ရှား​ဖြစ်နေ​သူ အတော်များများ အစည်းအဝေး​တွေ ပြန်​တက်​နေပြီ။

အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အယ်​လန်​က “အခု​ဆို ဟောပြောခြင်း​လုပ်ငန်းမှာ ပို​ပါဝင်​နိုင်ပြီ။ လူထုရှေ့၊ စီးပွားရေး​ရပ်ကွက်​နဲ့ အိမ်နီးချင်းတွေ​ကို သက်သေခံ​ရတာ သိပ်​ပျော်​တာ​ပဲ။ နှစ်ယောက်​ဆို အစည်းအဝေး​တွေ တက်​နေပြီ” လို့​ပြောတယ်။

သင်ဟာ တာဝန်သစ်​တွေ​ရထားတဲ့ သစ္စာရှိ​ညီအစ်ကို ဖြစ်မယ်ဆိုရင် လုပ်ဆောင်​နိုင်တာ ရှိသေးတယ်။ လူငယ်တွေကို သင့်ရဲ့ အတွေ့အကြုံ​ကောင်း​တွေ မျှဝေ​ပေးပါ။ “အရည်​အချင်း​ရှိတဲ့ လူငယ်တွေကို ယေဟော​ဝါ လေ့ကျင့်​ပြီး အသုံးပြု​နေတယ်။ သူတို့ရဲ့ အင်တိုက်အားတိုက် သွန်သင်​ထိန်းကျောင်း​မှု​ကနေ ညီအစ်ကို/မ​တွေ အကျိုး​ရ​နေကြတယ်” လို့ ရပ်​စယ်​ပြောတယ်။—“ လူငယ်တွေကို​ ပန်းတိုင်​ရောက်အောင် ကူညီ​ပေးပါ” လေးထောင့်ကွက်​ကို ကြည့်ပါ။

သင့်ရဲ့ သစ္စာစောင့်သိမှုကို ယေဟော​ဝါ တန်ဖိုးထား

သင်ဟာ အမှု​ဆောင်​လုပ်ငန်း နောက်​တစ်မျိုး​မှာ ပြောင်းရွှေ့​ပါဝင်​နေတယ်​ဆိုရင် အပြုသဘော ဆက်​ထိန်း​ထားပါ။ လူတွေကို အင်တိုက်အားတိုက် ကူညီ​ပေး​ခဲ့​ပြီး ဆက်​ကူညီ​ပေး​နိုင်ပါတယ်။ သင်ဟာ ချစ်မြတ်နိုး​ခံခဲ့ရ​ပြီး ဆက်​ချစ်မြတ်နိုး​ခံရ​ဦး​မှာပါ။

အရေး​ကြီးဆုံး​ကတော့ သင့်ကို ယေဟော​ဝါ အမြဲ​အမှတ်ရ​နေပါတယ်။ ‘သန့်ရှင်းသူ​တွေကို အလုပ်အကျွေးပြု​ခဲ့​တဲ့၊ အခုလည်း အလုပ်အကျွေးပြု​နေတဲ့ သင့်ရဲ့ လုပ်ရပ်​နဲ့ နာမတော်​အတွက်​ပြ​တဲ့ မေတ္တာကို ဘယ်တော့မှ မမေ့​ပါဘူး။’ (ဟီ. ၆:၁၀) ဒီ​ကျမ်းချက်​က အရင်က လုပ်ခဲ့တာ​တွေ​နဲ့​ပဲ မသက်ဆိုင်​ဘူး။ အရင်က လုပ်ခဲ့တာ​ရော အခု​လုပ်ဆောင်​နေတာတွေ​ပါ ယေဟော​ဝါ​အတွက်​ သိပ်​တန်ဖိုး​ရှိတယ်။

သင့်တာဝန် အပြောင်းအလဲ​မရှိ​ရင်​လည်း ဒီ​ကိစ္စက သင်နဲ့ တိုက်ရိုက် သက်ဆိုင်​နိုင်ပါတယ်။ ဘယ်​နည်းနဲ့လဲ။

သင်ဟာ တာဝန်​ပြောင်း​သွားတဲ့ သစ္စာရှိ အသက်ကြီး​ညီအစ်ကို​ရဲ့ ရင့်ကျက်မှု​နဲ့ အတွေ့အကြုံ​ကနေ အကျိုး​ရနိုင်တယ်။ သူ့​ဆီမှာ အကြံဉာဏ် တောင်းပါ။ လက်ရှိ​တာဝန်ကို သူ ဘယ်လို သစ္စာရှိ​ရှိ ထမ်းဆောင်​နေ​ကြောင်း မှတ်သား​ပါ။

သင်ဟာ တာဝန်သစ်​ရတဲ့ အသက်ကြီးသူ​ဖြစ်စေ၊ အကျိုး​ရမယ့်​သူ​ဖြစ်စေ နှစ်ပေါင်းများစွာ သစ္စာရှိ​ရှိ အမှု​ဆောင်ခဲ့​သူ၊ ဆက်​အမှု​ဆောင်​နေ​သူတွေကို ယေဟော​ဝါ တန်ဖိုး​ထားကြောင်း အမှတ်ရပါ။