မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၉

ချစ်ရသူတစ်ဦး ယေဟောဝါဘုရားကို စွန့်သွားတဲ့အခါ

ချစ်ရသူတစ်ဦး ယေဟောဝါဘုရားကို စွန့်သွားတဲ့အခါ

“ဘုရား​ကို စိတ်​ထိခိုက်အောင်​ လုပ်ခဲ့တာ အကြိမ်ကြိမ်​ပဲ။”—ဆာ. ၇၈:၄၀

သီချင်း ၁၀၂ ‘အားနည်း​သူတွေကို ထောက်မ​ပေး​ပါ’

အကြို​သုံးသပ်ချက် *

၁။ ချစ်ရသူ​တစ်ဦး နှင်ထုတ်​ခံရတဲ့​အခါ တချို့ ဘယ်လို ခံစား​ရသလဲ။

သင် ချစ်ရသူ တစ်ယောက်ယောက် အသင်းတော်​ကနေ နှင်ထုတ်​ခံ​ထား​ရ​သလား။ တကယ့်ကို နာကျင်​ခံစားရ​မှာပဲ။ “အိမ်ထောင်သက် ၄၁ နှစ်မှာ ယော​က်ျား ဆုံးသွားတာ အနာကျင်​ဆုံး​လို့ ထင်​ခဲ့​တာ။ ဒါပေမဲ့ သား​ဖြစ်သူ အသင်းတော်​နဲ့ ချွေး​မ၊ မြေး​တွေ​ကို စွန့်​သွားတာ ပို​ဆိုးတယ်” လို့ ညီအစ်မ ဟီ​လ်​ဒါ ပြော​တယ်။ *

ချစ်ရသူ​တစ်ယောက် ယေဟောဝါ​ကို စွန့်​သွားတဲ့အခါ ဘယ်လောက် နာကျင်​ရ​ကြောင်း ဘုရား နားလည် (စာပိုဒ် ၂-၃ ကို ကြည့်​ပါ) *

၂-၃။ ဆာလံ ၇၈:၄၀၊ ၄၁ အရ မိမိကို ကျေးကျွန်​တွေ စွန့်​သွားတဲ့အခါ ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။

ကောင်းကင်တမန် မိသားစုဝင်​ထဲ​က တချို့ ယေဟောဝါ​ကို စွန့်​သွားတဲ့အခါ ဘုရား သိပ်​ခံစားရ​မှာပဲ။ (ယု. ၆) ချစ်​ရတဲ့ အစ္စရေး​လူမျိုး​တွေ အကြိမ်ကြိမ် ပုန်ကန်​တဲ့​အခါ ဘယ်လောက် ခံစား​ရမယ်ဆိုတာ စဉ်းစား​ကြည့်​ပါ။ (ဆာလံ ၇၈:၄၀၊ ၄၁ ကို ဖတ်ပါ။) ကျွန်တော်​တို့ ချစ်ရသူ တစ်ယောက်ယောက် ဘုရား​ကို စွန့်​သွားတဲ့အခါ​မှာလည်း ဘုရား နာကျင်​ခံစား​ရမှာ သေချာတယ်။ ကျွန်တော်​တို့​ရဲ့ ခံစားချက်​ကို ဘုရား နားလည်တယ်။ လိုအပ်​နေတဲ့ အားပေး​ထောက်မမှုကို ပေး​ပါ​လိမ့်မယ်။

ယေဟောဝါ​ရဲ့ အကူအညီ​ ရဖို့ ကျွန်တော်​တို့ ဘာလုပ်နိုင်​ကြောင်း၊ နှင်ထုတ်​ခံရ​သူရဲ့ ဆွေမျိုး​တွေ​ကို ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်ကြ​မယ်။ ဦးဆုံး၊ ကျွန်တော်​တို့ ရှောင်သင့်​တဲ့ သဘောထား​တချို့​ကို ဆွေးနွေး​ကြရအောင်။

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်​ပါ​နဲ့

၄။ သားသမီး​တစ်ယောက် ယေဟောဝါ​ကို စွန့်​သွားတဲ့အခါ မိဘတွေ ဘယ်လို ခံစား​ရသလဲ။

ချစ်​ရတဲ့ သားသမီး​တစ်ယောက် ယေဟောဝါ​ကို စွန့်​သွားတဲ့အခါ မိဘတွေ​အနေ​နဲ့ ကောင်းကောင်း မသွန်သင်​ပေး​ခဲ့​မိ​လို့ သူတို့ အမှန်တရား​ထဲမှာ ဆက်​မရှိတော့​တာ​လို့ ခံစား​မိ​နိုင်တယ်။ သား​ဖြစ်သူ နှင်ထုတ်​ခံရတဲ့​အခါ “ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​မိတယ်။ အဲဒီ​အကြောင်း အိပ်မက်​တောင် မက်​တယ်။ တစ်ခါ​တလေ ခံစားရ​လွန်းလို့ ငို​မိ​တဲ့​အထိ​ပဲ” လို့ ညီအစ်ကို လု​ခ် ဝန်ခံတယ်။ ညီအစ်မ အဲလီ​ဇ​ဘက်​ရဲ့ သားလည်း အသင်းတော်​ကနေ နှင်ထုတ်​ခံ​လိုက်ရတယ်။ “ငါ ဘာ​အမှားတွေ​များ လုပ်ခဲ့​မိ​ပါ​လိမ့်။ ယေဟောဝါ​ကို ချစ်​လာအောင် ကောင်းကောင်း မသင်​ပေး​မိ​လို့​ပဲ​နေမှာ” လို့ မကြာခဏ စဉ်းစား​မိတယ်။

၅။ ယေဟောဝါ​ကို စွန့်​သွားတာ ဘယ်သူ့မှာ တာဝန်​ရှိသလဲ။

ယေဟောဝါ​ဘုရား​က ယောက်​တိုင်း​ကို လွတ်လပ်​စွာ ရွေးချယ်ခွင့် ပေး​ထား​ကြောင်း သတိရပါ။ ယေဟောဝါ​ကို နာခံ၊ မနာခံ ရွေးချယ်​နိုင်တယ်။ ယေဟောဝါ​ကို ဝတ်​မပြုတဲ့ မိဘတွေ ရှိတာတောင် လူငယ်​တချို့က သစ္စာရှိ​ရှိ ဆက်​ဝတ်ပြုဖို့ ရွေးချယ်​ကြတယ်။ လူငယ်​တချို့​ကျ​တော့ ကျမ်းစာ​မူတွေ​နဲ့​အညီ မိဘတွေ အတတ်နိုင်ဆုံး သွန်သင်​ပေး​တာ​တောင် နောက်ပိုင်း ယေဟောဝါ​ကို စွန့်​သွား​ကြတယ်။ ဘာပဲ​ဖြစ်ဖြစ် ယေဟောဝါ​ကို ဝတ်ပြု​မလား​ဆိုတာ ကိုယ်တိုင်​ပဲ ဆုံးဖြတ်​ရမှာ ဖြစ်တယ်။ (ယောရှု ၂၄:၁၅) ဒါ​ကြောင့် သားသမီးတွေ ယေဟောဝါ​ကို စွန့်​သွားတဲ့အခါ မိဘတွေ​အနေ​နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်​သင့်ဘူး။

၆။ မိဘတွေ ဘုရား​ကို စွန့်​သွားတဲ့အခါ လူငယ်တွေ ဘယ်လို ခံစား​ရနိုင်သလဲ။

တစ်ခါ​တလေ မိဘ​ဖြစ်သူ​တွေ မိသားစုနဲ့ အမှန်တရားကို စွန့်​သွားတာ ရှိတယ်။ (ဆာ. ၂၇:၁၀) မိဘကို စံနမူနာ​အဖြစ် အတုယူ​တဲ့ သားသမီးတွေ​အတွက်​တော့ အဖြစ်ဆိုး​ကြီး​ပါ​ပဲ။ အဖေ​ဖြစ်သူ အသင်းတော်​ကနေ နှင်ထုတ်​ခံရတဲ့​အခါ အက်စတာ ဒီလို ပြော​တယ်– “ကျွန်မ ခဏ​ခဏ ငို​မိတယ်။ အဖေဟာ အမှန်တရား​ကနေ ဝေး​သွားတာ မဟုတ်ဘဲ ယေဟောဝါ​ကို တမင် ကျောခိုင်း​သွားတာ။ အဖေ့ကို ကျွန်မ ချစ်တယ်။ အဖေ နှင်ထုတ်​ခံ​လိုက်ရ​တော့ သူ့​ကျန်းမာ​ရေး​အတွက် စိုးရိမ်​မိတယ်။ တအား​ ထိတ်လန့်​မိတယ်။”

၇။ နှင်ထုတ်​ခံ​ထား​ရတဲ့ မိဘ ရှိတဲ့ လူငယ်တွေ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။

လူငယ်တို့၊ သင်တို့ရဲ့ မိဘ​တစ်ယောက်ယောက် နှင်ထုတ်​ခံ​ထား​ရတယ်​ဆိုရင် ကျွန်တော်​တို့ ထပ်တူ ဝမ်းနည်း​ပါ​တယ်။ သင်တို့ရဲ့ ဝေဒနာ​ကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချ​ပါ။ သင်တို့ကို ယေဟောဝါ​ကော ညီအစ်ကို/မ​တွေ​ပါ ချစ်တယ်။ သစ္စာရှိ​မှု​ကို တန်ဖိုး​ထား​တယ်။ မိဘတွေရဲ့ ဆုံးဖြတ်ချက်​အတွက် သင်တို့မှာ တာဝန်​မရှိဘူး​ဆိုတာ သတိရပါ။ အစောပိုင်းမှာ ဖော်ပြ​သလို ယေဟောဝါ​က ယောက်တိုင်း​ကို လွတ်လပ်​စွာ ရွေးချယ်ခွင့် ပေး​ထား​တယ်။ ဒါ​ကြောင့် ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ပြီး​သား ခရစ်ယာန် ယောက်​တိုင်း​ဟာ ‘ကိုယ့်​တာဝန်​ကိုယ် ထမ်း’ ရမယ်။—ဂလ. ၆:၅

၈။ ကိုယ်​ချစ်​ရတဲ့​သူ ယေဟောဝါ​ဆီ ပြန်လှည့်​လာမယ့်​အချိန်ကို စောင့်နေ​ချိန်​အတွင်း သစ္စာရှိ မိသားစုဝင်​တွေ ဘာလုပ်​နိုင်​သလဲ။ (“ ယေဟောဝါ​ဘုရားဆီ ပြန်လာ​ပါ” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

ကိုယ်​ချစ်ရသူ​တစ်ဦး ယေဟောဝါ​ကို စွန့်​သွားပေ​မဲ့ တစ်နေ့ ပြန်လှည့်​လာမယ်လို့ သင် မျှော်လင့်​နေမှာ​ပဲ။ ဒီ​အတောအတွင်း ဘာလုပ်​နိုင်​သလဲ။ ကိုယ့်​ယုံကြည်ခြင်း ပို​ခိုင်မာ​နေ​အောင် လုပ်ရမယ်။ ဒီ​နည်း​အားဖြင့် သင်ဟာ တခြား​မိသားစုဝင်​တွေ​အတွက် သာ​မ​က နှင်ထုတ်​ခံ​ထား​ရသူ​အတွက်​ပါ ပုံသက်သေ​ကောင်း ဖြစ်ပါ​လိမ့်မယ်။ ဝမ်းနည်းမှုကို ခံရပ်​နိုင်​ဖို့ လိုအပ်​တဲ့ ခွန်အား​လည်း ရပါလိမ့်မယ်။ ယုံကြည်ခြင်း ပို​ခိုင်မာ​အောင် လုပ်နိုင်တဲ့ နည်း​တချို့​ကို သုံးသပ်ကြည့်​ရအောင်။

ယုံကြည်ခြင်း ခိုင်မာ​အောင် လုပ်နိုင်​ပုံ

၉။ ယေဟောဝါ​ဆီက ဘယ်​နည်းတွေနဲ့ ခွန်အား ရနိုင်သလဲ။ (“ ချစ်ရသူ​တစ်ဦး ယေဟောဝါ​ကို စွန့်​သွားတဲ့အခါ နှစ်သိမ့်မှု ဖြစ်စေ​တဲ့ ကျမ်းချက်​များ” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

ဘုရားရေးရာ လုပ်ဆောင်မှုတွေ ပုံမှန် ဆက်လုပ်​နေပါ။ ကိုယ်တိုင်​နဲ့ မိသားစုဝင်​တွေ​ရဲ့ ယုံကြည်ခြင်း ဆက်​ခိုင်မာ​အောင် လုပ်​နေဖို့ အရေးကြီးတယ်။ ဘယ်လို လုပ်နိုင်မလဲ။ ပုံမှန် ကျမ်းစာ​ဖတ်ခြင်း၊ တွေးတော​ဆင်ခြင်ခြင်း၊ အစည်းအဝေးတွေ တက်​ခြင်း​အားဖြင့် ယေဟောဝါ​ဆီက ခွန်အား ရယူ​နိုင်တယ်။ ညီအစ်မ ဂျို​အန်​နာ​ရဲ့ ဖခင်​နဲ့ အစ်မ အမှန်တရားကို စွန့်​သွားတယ်။ “ကျမ်းစာ​မှာ ပါ​တဲ့ အဘိဂဲလ၊ ဧသတာ၊ ယောဘ၊ ယာကုပ်နဲ့ ယေရှု​တို့​အကြောင်း ဖတ်​ရတဲ့အခါ စိတ်​ငြိမ်သက်မှု ခံစား​ရတယ်။ သူတို့ရဲ့ ပုံသက်သေ​က အပြုသဘောထား ဆက်​ရှိစေပြီး စိတ်​နာကျင်မှုကို သက်သာ​စေတယ်။ မူရင်း​သီချင်းတွေ​က​လည်း အားရှိစေတယ်” လို့ ဂျိုအန်နာ ပြော​တယ်။

၁၀။ စိတ်ပျက်​စ​ရာ ခံစားချက်​တွေ​ကို ခံရပ်​နိုင်​ဖို့ ဆာလံ ၃၂:၆-၈ က ဘယ်လို ကူညီ​ပေး​သလဲ။

၁၀ သင့်​စိုးရိမ်​ပူပန်မှု​တွေ​ကို ယေဟောဝါ​ဆီ ရင်ဖွင့်​ပြောပြ​ပါ။ စိတ်ပျက်လက်ပျက် ဖြစ်နေ​ချိန်မှာ ဆုတောင်း​တာ​ကို မရပ်​လိုက်ပါ​နဲ့။ အခြေအနေ​တွေ​ကို ဘုရား မြင်​သလို မြင်တတ်​အောင် ကူညီ​ပေးဖို့၊ ‘ထိုးထွင်း​ဉာဏ် ရှိစေဖို့၊ သွား​သင့်တဲ့​ လမ်းကို ညွှန်ပြ​ပေးဖို့’ မေတ္တာရှင် ဘုရားသခင်​ဆီ အသနားခံ​ပါ။ (ဆာလံ ၃၂:၆-၈ ကို ဖတ်ပါ။) ကိုယ့်​ခံစားချက်​ကို ယေဟောဝါ​ဆီ ရင်ဖွင့်​ပြောပြဖို့ သိပ်​ခက်​နိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့ နာကျင်မှုကို ယေဟောဝါ အပြည့်အဝ နားလည်တယ်။ သင့်ကို သိပ်​ချစ်တဲ့​အတွက် ခံစားချက်​အားလုံး ရင်ဖွင့်​ပြောပြဖို့ အားပေးထား​တယ်။—ထွ. ၃၄:၆။ ဆာ. ၆၂:၇၊ ၈

၁၁။ ဟီဘရူး ၁၂:၁၁ အရ ယေဟောဝါ​ရဲ့ မေတ္တာပါ ဆုံးမမှု​ကို ဘာကြောင့် စိတ်ချ​နိုင်​သလဲ။ (“ နှင်ထုတ်ခြင်း​ဟာ ယေဟောဝါ​ရဲ့ မေတ္တာပါ ဆုံးမမှု ဖြစ်” လေးထောင့်ကွက်​ကိုလည်း ကြည့်​ပါ။)

၁၁ အကြီးအကဲ​တွေ​ရဲ့ ဆုံးဖြတ်ချက်​ကို ထောက်ခံပါ။ နှင်ထုတ်ခြင်း​ဟာ ယေဟောဝါ​ရဲ့ အစီအစဉ် ဖြစ်တယ်။ ဘုရား​ရဲ့ မေတ္တာပါ ဆုံးမမှု​ဟာ အမှား​လုပ်​သူ အပါအဝင် အားလုံး​ရဲ့ အကောင်းဆုံး​ အကျိုးအတွက် ဖြစ်တယ်။ (ဟီဘရူး ၁၂:၁၁ ကို ဖတ်ပါ။) အကြီးအကဲ​တွေ​ရဲ့ ဆုံးမမှု​နဲ့​ပတ်သက်ပြီး မကောင်း​ပြောသူ​တချို့ဟာ အမှား​ကျူးလွန်​သူရဲ့ အပြစ်တွေ​ကို​တော့ ပြော​လေ့​မရှိဘူး။ ကျွန်တော်​တို့ အချက်အလက်​အားလုံး မသိ​ဘူး။ ဒါ​ကြောင့် တရားရေး​ ကိုင်တွယ်​တဲ့ အကြီးအကဲ​တွေ​ဟာ ကျမ်းစာ​မူတွေကို လိုက်နာ​ပြီး “ယေဟောဝါ​ဘုရား​အတွက်” တရား​စီရင်​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​ခဲ့​ကြောင်း ကျွန်တော်​တို့ ယုံကြည်​စိတ်ချ​တာ ပညာရှိရာ ရောက်တယ်။—၂ ရာ. ၁၉:၆

၁၂။ ယေဟောဝါ​ရဲ့ ဆုံးမမှု အစီအစဉ်ကို ထောက်ခံ​လို့ တချို့ ဘယ်လို ကောင်းကျိုး​တွေ ခံစား​ရသလဲ။

၁၂ ကိုယ်​ချစ်ရသူ​တစ်ဦး​ကို နှင်ထုတ်​တဲ့ အကြီးအကဲ​တွေ​ရဲ့ ဆုံးဖြတ်ချက်​ကို ထောက်ခံ​တာ​က သူ့ကို ယေဟောဝါ​ဆီ ပြန်လာ​အောင် ကူညီ​ပေး​ရာရောက်တယ်။ “သားနဲ့ အဆက်အသွယ် မ​လုပ်​ရတာ တကယ်​ ခက်တယ်။ သူ့ကို နှင်ထုတ်​တာ မှန်တယ်၊ သင်ခန်းစာ​တွေ အများကြီး ရ​လိုက်တယ်လို့ ယေဟောဝါ​ဆီ ပြန်လှည့်​လာပြီး​နောက်​မှ သား ပြော​တယ်။ ယေဟောဝါ​ရဲ့ ဆုံးမမှု အမြဲ မှန်တယ်​ဆိုတာ ကျွန်မ နားလည်​လာတယ်” လို့ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ အဲလီ​ဇ​ဘက် ပြော​တယ်။ အဲလီ​ဇ​ဘက်​ရဲ့ ခင်ပွန်း မာ့ခ်​လည်း “ကျွန်တော်​တို့ သားကို လုံးဝ အဆက်အသွယ် မ​လုပ်​ဘူး။ အချိန်​အတော်ကြာ​တော့ သား ပြန်လာ​ချင်​တယ်လို့ ပြော​လာတယ်။ ကျွန်တော်​တို့ နာခံမှု ရှိအောင် ယေဟောဝါ ကူညီ​ပေး​ခဲ့လို့ သိပ်​ဝမ်းသာတယ်” ဆိုပြီး ပြော​တယ်။

၁၃။ စိတ်​နာကျင်မှုကို ရင်ဆိုင်​ဖြေရှင်း​ဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

၁၃ နားလည်​ပေး​နိုင်​တဲ့ မိတ်ဆွေ​တွေ​ဆီ ရင်ဖွင့်ပါ။ အပြုသဘော ဆက်​ထိန်းထား​ဖို့ ကူညီ​ပေး​နိုင်​တဲ့ ရင့်ကျက်တဲ့ ခရစ်ယာန်​တွေ​နဲ့ ပေါင်းသင်း​ပါ။ (ပညာ. ၁၂:၂၅။ ၁၇:၁၇) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ဂျို​အန်​နာ​က “အထီးကျန်​တယ်လို့ ခံစား​ရတဲ့အခါ ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ​တွေ​ဆီ ရင်ဖွင့်​လို့ စိတ်သက်သာရာ ရတယ်” ဆိုပြီး ပြော​တယ်။ ဒါပေမဲ့ အသင်းတော်မှာ​ ရှိသူ တချို့​ရဲ့ စကား​ကြောင့် ပို​နာကျင်​ခံစား​ရတယ် ဆိုရင်ကော။

၁၄။ ‘အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်​ပြီး သည်းခံ​ဖို့၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ဖို့’ ဘာကြောင့် လိုသလဲ။

၁၄ ညီအစ်ကို/မ​တွေ​ကို စိတ်ရှည်​သည်းခံပါ။ အားလုံး​ကတော့ အကောင်း​ချည်း​ပဲ တုံ့ပြန်​ကြ​မှာ မဟုတ်ဘူး။ (ယာ. ၃:၂) ကျွန်တော်​တို့ အားလုံး မစုံလင်​တဲ့​အတွက် တချို့က ဘာ​ပြန်​ပြော​ရ​မှန်း မသိကြ​သလို မရည်ရွယ်​ဘဲ နာကျင်စေတဲ့ စကား​တွေ ပြော​မိ​နိုင်တယ်။ “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်​ပြီး သည်းခံ​ကြ​ပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြ​ပါ” ဆို​တဲ့ တမန်တော် ပေါလု​ရဲ့ စကား​ကို သတိရပါ။ (ကော. ၃:၁၃) ညီအစ်မ​တစ်ယောက်​ရဲ့ ဆွေမျိုး နှင်ထုတ်​ခံ​လိုက်ရတယ်။ “ညီအစ်ကို​တွေ​ရဲ့ အားပေး​စကား​က မရည်ရွယ်​ဘဲ ထိခိုက်​နာကျင်စေတဲ့ စကား ဖြစ်သွားတဲ့​အခါမျိုးမှာ သူတို့ကို ခွင့်လွှတ်​နိုင်​ဖို့ ယေဟောဝါ ကူညီ​ပေးတယ်” လို့ ပြော​တယ်။ သစ္စာရှိ မိသားစုဝင်တွေကို အသင်းတော်က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

အသင်းတော်က ကူညီ​ပေး​နိုင်

၁၅။ ချစ်ရသူ​တစ်ယောက် နှင်ထုတ်​ခံရတဲ့​အခါ မိသားစုဝင်တွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၅ သစ္စာရှိ မိသားစုဝင်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ မောင်လေး​ဖြစ်သူ နှင်ထုတ်​ခံရ​ပြီး​နောက် အစည်းအဝေး​ တက်​ဖို့ တွန့်ဆုတ်​မိတယ်​လို့ ညီအစ်မ မိ​ရီ​အံ ပြော​တယ်။ “လူတွေ ဘယ်လို ပြော​ကြ​မလဲ​ဆိုပြီး စိုးရိမ်​မိတယ်။ ဒါပေမဲ့ ညီအစ်ကို/မ​တွေ​က နှင်ထုတ်​ခံ​လိုက်ရ​တဲ့ မောင်လေး​အကြောင်း မကောင်း မပြောကြဘူး။ ကျွန်မ​နဲ့​အတူ စိတ်​မကောင်း​ဖြစ်​ပေး​ကြတယ်။ ကျွန်မ ဝမ်းနည်း​နေပေမဲ့ အထီးကျန်​တယ်လို့ မခံစား​ရတဲ့​အတွက် သူတို့ကို ကျေးဇူး​တင်​တယ်” လို့ ပြော​တယ်။ နောက်​ညီအစ်မ တစ်ယောက်က​လည်း “သားလေး နှင်ထုတ်​ခံရတဲ့​အခါ မိတ်ဆွေ​တွေ လာပြီး နှစ်သိမ့်​ပေး​ကြတယ်။ တချို့က ဘာ​ပြော​ရ​မှန်း​တောင် မသိ​ဘူးလို့ ဝန်ခံ​ကြတယ်။ တချို့​ဆို ကျွန်မ​နဲ့​အတူ ငို​ကြတယ်။ အားပေးစာ​တို​လေး​တွေ ပို့​ကြတယ်။ သူတို့ရဲ့ လုပ်ရပ်က ကျွန်မ​အတွက် သိပ်​အကူအညီ​ ဖြစ်​စေတယ်” လို့ ပြော​တယ်။

၁၆။ အသင်းတော်က ဘယ်လို ဆက်​ကူညီ​ပေး​နိုင်​သလဲ။

၁၆ နှင်ထုတ်​ခံရ​သူရဲ့ သစ္စာရှိ မိသားစုဝင်တွေကို ဆက်​ထောက်မ​ပေး​ပါ။ မေတ္တာနဲ့ အားပေးမှုကို အရင်ကထက် သူတို့ ပို​လိုအပ်​တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) တစ်ခါ​တ​လေ သူတို့ကိုလည်း အသင်းတော်က ဝိုင်း​ပယ်​ထား​တယ်လို့ ခံစားရ​တတ်တယ်။ အဲဒီလို မခံစား​ရ​ပါစေ​နဲ့။ မိဘတွေ အမှန်တရားကို စွန့်​သွား​လို့ ကျန်ရစ်​တဲ့ သားသမီးတွေဟာ အားပေးမှု​နဲ့ ချီးမွမ်းမှု ပို​လိုအပ်​တယ်။ မာ​ရီ​ယာ​ရဲ့ ခင်ပွန်း နှင်ထုတ်​ခံရ​ပြီး မိသားစုကို စွန့်​သွားတယ်။ “မိတ်ဆွေ​တချို့ အိမ်ကို လာပြီး ချက်ပြုတ်​ပေးတယ်။ မိသားစု ဝတ်ပြုမှု လုပ်ပေး​ကြတယ်။ ကျွန်မ​နဲ့ ထပ်တူ​ထပ်​မျှ နာကျင်​ခံစား​ပေး​ကြတယ်။ အတူ ငို​ပေး​ကြတယ်။ ကျွန်မ မကောင်း​ပြော​ခံရ​ချိန်မှာ ကျွန်မ​ဘက်က ရပ်တည်​ပေး​ကြတယ်။ သူတို့​ကြောင့် ကျွန်မ စိတ်အား​ပြန်​တက်​လာတယ်” လို့ ပြော​တယ်။—ရော. ၁၂:၁၃၊ ၁၅

သစ္စာရှိ မိသားစုဝင်တွေကို အသင်းတော်က မေတ္တာပါပါ ထောက်မ​ပေး​နိုင် (စာပိုဒ် ၁၇ ကို ကြည့်​ပါ) *

၁၇။ ပူဆွေး​သောကရောက်​နေသူတွေကို အကြီးအကဲ​တွေ ဘယ်လို နှစ်သိမ့်​ပေး​နိုင်​သလဲ။

၁၇ အကြီးအကဲ​တို့၊ သစ္စာရှိ မိသားစုဝင်တွေကို အားပေးဖို့ အခွင့်အရေး ရှာပါ။ နှင်ထုတ်​ခံရ​သူရဲ့ ယုံကြည်သူ မိသားစုဝင်တွေကို နှစ်သိမ့်​ပေးဖို့ သင်တို့မှာ အထူး​တာဝန် ရှိတယ်။ (၁ သက်. ၅:၁၄) အစည်းအဝေး မစ​ခင်​နဲ့ ပြီး​နောက်​မှာ ကိုယ့်​ဘက်က​ စပြီး အားပေး​စကား ပြောပါ။ သူတို့ အိမ်ကို သွားလည်​ပြီး ဆုတောင်းပေး​ပါ။ အမှုဆောင်မှာ အတူ​ပါဝင်​ပါ။ တစ်ခါ​တ​လေ မိသားစု ဝတ်ပြုမှု​မှာ ပါဝင်​ဖို့ ဖိတ်ခေါ်ပါ။ အကြီးအကဲ​တွေ​ဟာ ပူဆွေး​သောက​ရောက်နေတဲ့ သိုး​တွေ​ကို သနား​ကြင်နာ​ရမယ်။ မေတ္တာနဲ့ ဂရုစိုက်​မှု ပြ​ရမယ်။—၁ သက်. ၂:၇၊ ၈

မျှော်လင့်ချက်ကို မစွန့်​ပါ​နဲ့၊ ယေဟောဝါ​ကို ဆက်​ယုံကြည်​ကိုးစား​ပါ

၁၈။ ၂ ပေတရု ၃:၉ အရ အပြစ် ကျူးလွန်​သူတွေကို ဘုရား ဘယ်လို ဖြစ်စေချင်​သလဲ။

၁၈ ယေဟောဝါ​က ‘ဘယ်သူ့ကိုမှ မပျက်စီး​စေ​ချင်ဘူး။ လူအားလုံးကို နောင်တ​ရစေ​ချင်​တယ်။’ (၂ ပေတရု ၃:၉ ကို ဖတ်ပါ။) လူတစ်ယောက် ကြီး​လေး​တဲ့​ အပြစ် ကျူးလွန်​ခဲ့ရင်​တောင် သူ့​အသက်ဟာ ယေဟောဝါ​အတွက် တန်ဖိုး​ရှိနေတုန်းပဲ။ အပြစ်သားတွေ​အတွက် ရွေးဖိုး​အဖြစ် အချစ်ဆုံး​သား​ကို​တောင် ယေဟောဝါ ပေး​ခဲ့တယ်။ ယေရှုရဲ့ ပုံ​ဥပမာ​ထဲ​က သားမိုက်​လို အပြစ်သားတွေ မိမိ​ဆီ ပြန်လှည့်​လာမယ်လို့ မျှော်လင့်​ရင်း ကရုဏာ​နဲ့ ကူညီ​ပေး​နေတယ်။ (လု. ၁၅:၁၁-၃၂) အမှန်တရားကို စွန့်​သွား​သူများစွာ​ဟာ နောက်ပိုင်း မေတ္တာရှင် ကောင်းကင်​ဖခင်​ဆီ ပြန်လှည့်​လာကြတယ်။ အသင်းတော်က​လည်း ဝမ်းမြောက်​ဝမ်းသာ ကြိုဆို​ကြတယ်။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ အဲလီ​ဇ​ဘက်​ဟာ သား​ဖြစ်သူ အသင်းတော်​ထဲ ပြန်​ရောက်လာ​လို့ သိပ်​ပျော်​ခဲ့​ရတယ်။ “မျှော်လင့်ချက်ကို မစွန့်ဖို့ အားပေးခဲ့​သူတွေကို သိပ်​ကျေးဇူး​တင်​တယ်” လို့ ပြော​တယ်။

၁၉။ ယေဟောဝါ​ကို ဘာကြောင့် ဆက်​ယုံကြည်​ကိုးစား​နိုင်​သလဲ။

၁၉ ယေဟောဝါ​ကို အမြဲ ယုံကြည်​ကိုးစား​နိုင်တယ်။ ဘုရား​ရဲ့ လမ်းညွှန်မှု​တွေ​က ကျွန်တော်​တို့ကို ဘယ်တော့မှ ထိခိုက်​စေမှာ မဟုတ်ဘူး။ မိမိကို ချစ်​ပြီး ဝတ်ပြု​သူတွေကို ဘုရားသခင် ရက်ရော​တယ်။ သနား​ကြင်နာ​တယ်။ ချစ်​မြတ်နိုးတယ်။ သင် နာကျင်​ခံစား​ရချိန်မှာ ဘယ်တော့မှ မစွန့်​ဘူးဆိုတာ စိတ်ချ​ပါ။ (ဟီ. ၁၃:၅၊ ၆) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ မာ့ခ်​က “ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်တော့မှ မစွန့်​ဘူး။ ဒုက္ခ​ရောက်ချိန်​တစ်လျှောက် ကျွန်တော်​တို့ အနားမှာ ရှိနေတယ်” လို့ ပြော​တယ်။ သင့်ကို “သာမန်​ထက်​ ထူးကဲ​တဲ့ တန်ခိုး” ယေဟောဝါ ဆက်​ပေး​ပါ​လိမ့်မယ်။ (၂ ကော. ၄:၇) ဒါ​ကြောင့် ချစ်ရသူ​တစ်ယောက် ယေဟောဝါ​ကို စွန့်​သွား​ရင်တောင် သင် ဆက်​သစ္စာရှိ​နိုင်တယ်။ သူ ပြန်လှည့်​လာမယ်လို့ ဆက်​မျှော်လင့်​နိုင်​ပါ​တယ်။

သီချင်း ၄၄ နိမ့်ကျ​သူရဲ့ ဆုတောင်း​စကား

^ အပိုဒ်၊ 5 ချစ်ရသူ​တစ်ယောက် ယေဟောဝါ​ကို စွန့်​သွားတဲ့အခါ ကျွန်တော်​တို့ သိပ်​ဝမ်းနည်း​ကြတယ်။ အဲဒီလို​ဖြစ်လာ​ရင် ယေဟောဝါ ဘယ်လို ခံစား​ရတယ်ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ သစ္စာရှိ မိသားစုဝင်​တွေ နာကျင်မှုကို ခံရပ်​နိုင်​ဖို့၊ ယုံကြည်ခြင်း ဆက်​ခိုင်ခံ့​နေဖို့ ဘာလုပ်​နိုင်​ကြောင်း၊ အသင်းတော်မှာ ရှိသူ​အားလုံး​က နှစ်သိမ့်မှုနဲ့ ထောက်မမှု ဘယ်လို ပေး​နိုင်​ကြောင်း​လည်း ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 1 အမည်​လွှဲ​များ။

^ အပိုဒ်၊ 79 ပုံ​အညွှန်း– ညီအစ်ကို​တစ်ယောက် ယေဟောဝါ​နဲ့ မိသားစုကို စွန့်​သွားတဲ့အခါ ဇနီး​နဲ့ သားသမီးတွေ နာကျင်​ခံစားရ။

^ အပိုဒ်၊ 81 ပုံ​အညွှန်း– အသင်းတော်​ထဲ​က မိသားစု​တစ်စု​ကို အကြီးအကဲ နှစ်ယောက် လာ​အားပေးနေ။