လေ့လာရန် ဆောင်းပါး ၃၈
ယေဟောဝါဘုရားရဲ့ မိသားစုနဲ့ ရင်းရင်းနှီးနှီး နေပါ
‘ခင်ဗျားတို့ရဲ့ အဖ၊ ကျွန်တော့်ဘုရားသခင်ဆီ ကျွန်တော် သွားရတော့မယ်။’—ယော. ၂၀:၁၇။
သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ
အကြိုသုံးသပ်ချက် *
၁။ သစ္စာရှိ လူသားတွေဟာ ယေဟောဝါနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရရှိနိုင်သလဲ။
ယေဟောဝါရဲ့ မိသားစုမှာ ‘ဖန်ဆင်းရာအားလုံးထဲက သားဦး’ ဖြစ်တဲ့ ယေရှုနဲ့ ကောင်းကင်တမန်တွေ ပါဝင်တယ်။ (ကော. ၁:၁၅။ ဆာ. ၁၀၃:၂၀) ယေဟောဝါကို ဖခင်အဖြစ် သစ္စာရှိ လူသားတွေ သဘောထားနိုင်ကြောင်း ယေရှု မြေကြီးပေါ် ရှိတုန်း သွန်သင်ပေးတယ်။ တပည့်တွေနဲ့ စကားပြောချိန်မှာ ယေဟောဝါကို “ကျွန်တော့်အဖ ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ အဖ” လို့ ခေါ်ခဲ့တယ်။ (ယော. ၂၀:၁၇) ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံချိန်မှာ ကျွန်တော်တို့ဟာ မေတ္တာရှိတဲ့ ညီအစ်ကို/မ မိသားစုဝင် ဖြစ်လာတယ်။—မာ. ၁၀:၂၉၊ ၃၀။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ တချို့က ယေဟောဝါကို မေတ္တာရှင် ဖခင်အဖြစ် ရှုမြင်ဖို့ ခက်တယ်။ တချို့ကလည်း ညီအစ်ကို/မတွေကို ဘယ်လို မေတ္တာပြရမလဲဆိုတာ မသိကြဘူး။ ယေဟောဝါကို မေတ္တာရှင် ဖခင်အဖြစ် ရှုမြင်နိုင်အောင် ယေရှု ဘယ်လို ကူညီပေးကြောင်း၊ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါကို ဘယ်လို တုပနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
ယေဟောဝါက ကျွန်တော်တို့ကို မိမိနဲ့ ရင်းနှီးစေချင်
၃။ စံပြဆုတောင်းချက်က ကျွန်တော်တို့ကို ယေဟောဝါနဲ့ ဘယ်လို ရင်းနှီးစေသလဲ။
၃ ယေဟောဝါဟာ မေတ္တာရှင် ဖခင် ဖြစ်တယ်။ မာကျောခက်ထန်သူ မဟုတ်ဘဲ အချိန်မရွေး ချဉ်းကပ်နိုင်တဲ့ မိဘ၊ နွေးထွေးလှိုက်လှဲပြီး မေတ္တာရှိတဲ့ မိဘအဖြစ် ယေဟောဝါကို ယေရှု ရှုမြင်တယ်။ ကျွန်တော်တို့ကိုလည်း အဲဒီလိုပဲ ရှုမြင်စေချင်တယ်။ တပည့်တွေကို သင်ပေးတဲ့ ဆုတောင်းချက်မှာ အဲဒီအချက် ပေါ်လွင်တယ်။ “ကျွန်တော်တို့ရဲ့ အဖ” လို့ ဆုတောင်းချက်ကို အစပြုထားတယ်။ (မ. ၆:၉) “အနန္တ တန်ခိုးရှင်၊” ‘ဖန်ဆင်းရှင်၊’ “ထာဝရ ဘုရင်” စတဲ့ ဘွဲ့ထူးတွေနဲ့ ယေဟောဝါ ကို ခေါ်ဖို့ ယေရှု သင်ပေးနိုင်တယ်။ (က. ၄၉:၂၅။ ဟေရှာ. ၄၀:၂၈။ ၁ တိ. ၁:၁၇) ဒါပေမဲ့ “အဖ” လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ဖို့ သင်ပေးတယ်။
၄။ ကျွန်တော်တို့နဲ့ ယေဟောဝါ ရင်းနှီးချင်ကြောင်း ဘယ်လို သိရသလဲ။
၄ ယေဟောဝါကို မေတ္တာရှင် ဖခင်အဖြစ် ရှုမြင်ဖို့ ခက်နေသလား။ ကြီးပြင်းလာပုံ နောက်ခံ မကောင်းလို့ မေတ္တာရှိတဲ့ မိဘဆိုတဲ့ အချက်ကို လက်ခံဖို့ တချို့အတွက် ခက်နိုင်တယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ယေဟောဝါ အပြည့်အဝ နားလည်ကြောင်း သိရတာ စိတ်ချမ်းသာစရာပဲ။ ကျွန်တော်တို့နဲ့ ဘုရား ရင်းနှီးချင်တယ်။ ဒါကြောင့် “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ ကျမ်းစာ တိုက်တွန်းတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်၊ အကောင်းဆုံး ဖခင် ဖြစ်ပေးမယ်လို့ ပြောတယ်။
၅။ လုကာ ၁၀:၂၂ အရ ယေဟောဝါနဲ့ ရင်းနှီးဖို့ ယေရှု ဘာကြောင့် ကူညီပေးနိုင်သလဲ။
၅ ယေဟောဝါနဲ့ ရင်းနှီးအောင် ယေရှု ကူညီပေးနိုင်တယ်။ ယေဟောဝါအကြောင်း ကောင်းကောင်း သိပြီး ဘုရားအရည်အသွေးတွေကို အပြည့်ဝဆုံး တင်ပြတဲ့အတွက် “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ ယေရှု ပြောတယ်။ (ယော. ၁၄:၉) ဖခင်ကို လေးစားနာခံကြောင်း ဘယ်လို ပြရမယ်၊ ဖခင် မနှစ်သက်တာကို ဘယ်လို ရှောင်ရမယ်၊ ဖခင် မျက်နှာသာ ရအောင် ဘယ်လို လုပ်ရမယ်ဆိုတာ အစ်ကိုကြီးတစ်ယောက်လိုပဲ ယေရှု သင်ပေးတယ်။ ယေဟောဝါ ဘယ်လောက် ကြင်နာကြောင်း၊ မေတ္တာ ရှိကြောင်းလည်း နားလည်အောင် ကူညီပေးတယ်။ (လုကာ ၁၀:၂၂ ကို ဖတ်ပါ။) ဥပမာတချို့ သုံးသပ်ကြည့်ရအောင်။
၆။ ယေရှုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်ကြောင်း ဥပမာပေးပါ။
၆ သားသမီးတွေရဲ့ စကားကို ယေဟောဝါ နားထောင်တယ်။ သားဦးရဲ့ စကားကို ဘယ်လို နားထောင်ကြောင်း စဉ်းစားကြည့်ပါ။ သားတော် မြေကြီးပေါ် ရှိတုန်း သူ့ဆုတောင်းချက် များစွာကို ယေဟောဝါ နားထောင်ပေးတယ်။ (လု. ၅:၁၆) တမန်တော် ၁၂ ယောက် ရွေးချယ်တာလိုမျိုး အရေးကြီး ဆုံးဖြတ်ချက်တွေအတွက် ယေရှု ဆုတောင်းတာကို ကြားတယ်။ (လု. ၆:၁၂၊ ၁၃) စိတ်ဒုက္ခရောက်ချိန်မှာ ဆုတောင်းတာကိုလည်း ကြားတယ်။ သစ္စာဖောက် မခံရခင်မှာလည်း ရှေ့မှာ ကြုံရမယ့် စမ်းသပ်မှု အတွက် ဖခင်ဆီ ယေရှု အကြီးအကျယ် ဆုတောင်းတယ်။ ယေဟောဝါဟာ ယေရှုရဲ့ ဆုတောင်းချက်ကို ကြားရုံသာမက ခွန်အားပေးဖို့ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ပေးတယ်။—လု. ၂၂:၄၁-၄၄။
၇။ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ကြောင်း သိရလို့ ဘယ်လို ခံစားရသလဲ။
၇ ဒီနေ့ခေတ်မှာလည်း ကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဆက်နားထောင်နေတယ်။ အသင့်တော်ဆုံး အချိန်မှာ အကောင်းဆုံးနည်းနဲ့ အဖြေပေးတယ်။ (ဆာ. ၁၁၆:၁၊ ၂) အိန္ဒိယက ညီအစ်မ တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ကြုံနေရတဲ့ စိတ်ဖိစီးစရာ ပြဿနာတွေအကြောင်း ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းတယ်။ “စိုးရိမ်ပူပန်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ ၂၀၁၉၊ မေလ JW ရုပ်သံ အစီအစဉ်က ကျွန်မ လိုနေတာနဲ့ ကွက်တိပဲ။ ဆုတောင်းချက်တွေရဲ့ အဖြေပဲ” လို့ ညီအစ်မ ပြောတယ်။
၈။ ယေရှုကို ယေဟောဝါ ဘယ်နည်းတွေနဲ့ မေတ္တာပြသလဲ။
၈ မြေကြီးပေါ် ယေရှု အသက်ရှင်ချိန်တစ်လျှောက် ယေဟောဝါ မေတ္တာပြပြီး ဂရုစိုက်ခဲ့သလို ကျွန်တော်တို့ကိုလည်း မေတ္တာပြပြီး ဂရုစိုက်နေတယ်။ (ယော. ၅:၂၀) ယေရှုရဲ့ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ရာ အားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်။ ချစ်မြတ်နိုးကြောင်း၊ နှစ်သက်ကြောင်း ထုတ်ပြောတယ်။ (မ. ၃:၁၆၊ ၁၇) မေတ္တာရှိတဲ့ ကောင်းကင်ဖခင်ကို အမြဲ အားကိုးလို့ ရမှန်း သိတဲ့အတွက် တစ်ကိုယ်တည်း ဖြစ်တယ်လို့ ယေရှု တစ်ခါမှ မခံစားခဲ့ရဘူး။—ယော. ၈:၁၆။
၉။ ကျွန်တော်တို့ကို ယေဟောဝါ ချစ်ကြောင်း ဘယ်အထောက်အထား ရှိသလဲ။
၉ ယေရှုလိုပဲ ကျွန်တော်တို့အားလုံး ယေဟောဝါရဲ့ မေတ္တာကို နည်းမျိုးစုံနဲ့ ခံစားနေရတယ်။ ကျွန်တော်တို့ကို ဆွဲဆောင်ထားတယ်။ စိတ်ဓာတ်ကျချိန်မှာ ပျော်ရွှင်အားတက်စေဖို့ ကမ္ဘာချီ ညီအစ်ကို/မ မိသားစုကို ပေးထားတယ်။ (ယော. ၆:၄၄) ယုံကြည်ခြင်း ခိုင်မာစေတဲ့ ကျမ်းစာအကြောင်းအရာတွေ ပုံမှန် ပြင်ဆင်ပေးတယ်။ နေ့စဉ် ရုပ်ပိုင်း လိုအပ်ရာတွေကိုလည်း ဖြည့်ဆည်းပေးတယ်။ (မ. ၆:၃၁၊ ၃၂) ယေဟောဝါရဲ့ မေတ္တာအကြောင်း စဉ်းစားမယ်ဆိုရင် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာပါလိမ့်မယ်။
ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်ဆံသလို ဆက်ဆံပါ
၁၀။ ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။
၁၀ ညီအစ်ကို/မတွေကို ယေဟောဝါ ချစ်တယ်။ ဒါပေမဲ့ သူတို့ကို ချစ်ဖို့၊ ချစ်ကြောင်း ပြဖို့ ကျွန်တော်တို့အတွက် အမြဲတော့ လွယ်မှာ မဟုတ်ဘူး။ ယဉ်ကျေးမှု၊ နောက်ခံတွေ မတူကြဘူး။ တခြားသူတွေကို စိတ်ထိခိုက်၊ စိတ်ပျက်စေနိုင်တဲ့ အမှားတွေ ကျွန်တော်တို့အားလုံး လုပ်တတ်ကြတယ်။ ဒါပေမဲ့ မေတ္တာ တိုးများအောင် လုပ်ဆောင်နိုင်ပါတယ်။ ဘယ်နည်းနဲ့လဲ။ ညီအစ်ကို/မတွေအပေါ် ဘုရား ပြတဲ့ မေတ္တာကို တုပခြင်းအားဖြင့်ပါပဲ။ (ဧ. ၅:၁၊ ၂။ ၁ ယော. ၄:၁၉) ယေဟောဝါရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။
၁၁။ ယေဟောဝါရဲ့ “ကရုဏာ” ကို ယေရှု ဘယ်လို တုပသလဲ။
၁၁ ယေဟောဝါဟာ “ကရုဏာ” ရှိတယ်။ (လု. ၁:၇၈) ကရုဏာ ရှိသူဟာ တခြားသူတွေ ဒုက္ခရောက်တာကို မြင်တဲ့အခါ စိတ်ဒုက္ခရောက်ပြီး ကူညီပေးဖို့၊ နှစ်သိမ့်ပေးဖို့ ကြိုးစားတယ်။ လူတွေကို ဆက်ဆံတဲ့အခါ ယေဟောဝါရဲ့ ကရုဏာကို ယေရှု တုပတယ်။ (ယော. ၅:၁၉) တစ်ကြိမ်မှာ လူအုပ်ကို မြင်တဲ့အခါ ‘အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူ မရှိတဲ့ သိုးတွေလို ဖြစ်နေလို့ သနား’ သွားတယ်။ (မ. ၉:၃၆) ယေရှုရဲ့ ကရုဏာဟာ ခံစားချက်လောက်ပဲ မဟုတ်ဘူး။ လူနာတွေကို ကုသပေးတယ်။ “ဝန်ပိလို့ ပင်ပန်းနေသူ” တွေကို လန်းဆန်းစေတယ်။—မ. ၁၁:၂၈-၃၀။ ၁၄:၁၄။
၁၂။ ထောက်ထားစာနာမှု ဘယ်လို ပြနိုင်ကြောင်း ဥပမာပေးပါ။
၁၂ ညီအစ်ကို/မတွေကို ထောက်ထားစာနာမှု မပြခင်
သူတို့ ဘယ်အခက်အခဲတွေ ကြုံနေရကြောင်း ထည့်စဉ်းစားဖို့ လိုတယ်။ ဥပမာ၊ ညီအစ်မတစ်ယောက် ကျန်းမာရေး ပြဿနာ ကြုံနေရတယ် ဆိုပါစို့။ တစ်ခါမှ မညည်းညူပေမဲ့ တစ်ယောက်ယောက် ကူညီပေးရင်တော့ ကျေးဇူးတင်မှာ။ မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေ သူ ဘယ်လို ဖြည့်ဆည်းပေးနေသလဲ။ ချက်ပြုတ်တာ၊ အိမ်သန့်ရှင်းရေး လုပ်တာတွေ ကျွန်တော်တို့ ဝိုင်းလုပ်ပေးနိုင်မလား။ ညီအစ်ကိုတစ်ယောက် အလုပ်ပြုတ်သွားတယ် ဆိုပါစို့။ သူ မသိအောင် ဖြစ်စေ ငွေကြေးနည်းနည်း ကူညီပေးတာက အလုပ်ရတဲ့အချိန်အထိ ကာမိစေမလား။၁၃-၁၄။ ယေဟောဝါလိုပဲ ရက်ရောမှု ဘယ်လို ပြနိုင်သလဲ။
၁၃ ယေဟောဝါဟာ ရက်ရောတယ်။ (မ. ၅:၄၅) ယေဟောဝါလိုပဲ ကျွန်တော်တို့လည်း ကိုယ့်ဘက်က အစပြုပြီး ရက်ရောမှု ပြရမယ်။ ညီအစ်ကို/မတွေ အကူအညီ တောင်းတဲ့အထိ မစောင့်သင့်ဘူး။ ဘုရားက ကျွန်တော်တို့ တောင်းဆိုစရာ မလိုဘဲ နေ့တိုင်း နေထွက်စေတယ်။ ကျေးဇူးသိတတ်သူတွေသာ မဟုတ်ဘဲ လူတိုင်း နေရောင်ကနေ အကျိုးရတယ်။ ကျွန်တော်တို့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတာဟာ ယေဟောဝါ မေတ္တာ ပြနေတာပဲ မဟုတ်လား။ ဒီလောက် ကြင်နာရက်ရောတဲ့အတွက် ယေဟောဝါကို သိပ်ချစ်ကြတယ်။
၁၄ ကောင်းကင်ဖခင်ကို တုပတဲ့အနေနဲ့ ညီအစ်ကို/မများစွာဟာ ကိုယ့်ဘက်က အစပြုပြီး ရက်ရောမှု ပြနေကြတယ်။ ဥပမာ၊ ၂၀၁၃၊ စူပါ တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ကြောင့် ဖိလစ်ပိုင်မှာ တော်တော် ထိခိုက်ပျက်စီးသွားတယ်။ ညီအစ်ကို/မများစွာ အိမ်တွေ၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ ချက်ချင်း ကူညီပေးကြတယ်။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်ကြတယ်။ ဆောက်လုပ်ရေး လုပ်ငန်းမှာ ပါဝင်ကြတယ်။ ဒါကြောင့် တစ်နှစ် မပြည့်ခင်မှာပဲ အိမ်အလုံးပေါင်း ၇၅၀ နီးပါး ပြန်ပြင်၊ ပြန်ဆောက်ပေးနိုင်ခဲ့တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းမှာလည်း ညီအစ်ကို/မတွေ အချင်းချင်း ကူညီထောက်မကြတယ်။ ချက်ချင်း ကူညီထောက်မပေးတာဟာ မေတ္တာပြနေတာပါပဲ။
၁၅-၁၆။ လုကာ ၆:၃၆ အရ ကောင်းကင်ဖခင်ကို တုပနိုင်တဲ့ အရေးကြီး နည်းတစ်နည်းက ဘာလဲ။
၁၅ ယေဟောဝါဟာ သနားစာနာ၊ ခွင့်လွှတ်တယ်။ (လုကာ ၆:၃၆ ကို ဖတ်ပါ။) ကောင်းကင်ဖခင်ရဲ့ သနား စာနာမှုကို ကျွန်တော်တို့ နေ့တိုင်း ခံစားနေရတယ်။ (ဆာ. ၁၀၃:၁၀-၁၄) ယေရှုလည်း နောက်လိုက်တွေ မစုံလင်ပေမဲ့ သနားစာနာ၊ ခွင့်လွှတ်ပေးတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ အသက်ကိုတောင် လိုလိုလားလား ပေးဆက်ခဲ့တယ်။ (၁ ယော. ၂:၁၊ ၂) ယေဟောဝါနဲ့ ယေရှုရဲ့ သနားစာနာမှု၊ ခွင့်လွှတ်မှုကြောင့် သူတို့နဲ့ ပိုရင်းနှီးလာတယ် မဟုတ်လား။
၁၆ ကျွန်တော်တို့လည်း “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” မယ်ဆိုရင် ညီအစ်ကို/မတွေနဲ့ မေတ္တာနှောင်ကြိုး ပိုခိုင်မာလာမယ်။ (ဧ. ၄:၃၂) တခြားသူတွေကို ခွင့်လွှတ်ဖို့ တစ်ခါတလေ သိပ်ခက်နိုင်လို့ ကြိုးစားအားထုတ်ရမယ်။ “အကြွင်းမဲ့ ခွင့်လွှတ်ကြပါ” ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးက ညီအစ်မ တစ်ယောက်ကို အကူအညီ ဖြစ်စေတယ်။ * “ဒီဆောင်းပါးက အပြုသဘော ပိုရှိဖို့ ကျွန်မကို ကူညီပေးတယ်။ တခြားသူတွေကို တလိုတလား ခွင့်လွှတ်တယ်ဆိုတာ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကို လက်ခံတာ ဒါမှမဟုတ် သူတို့ရဲ့ အမှားက ကိုယ့်ကို ထိခိုက်နစ်နာမှု မရှိစေဘူးလို့ ယူဆတာကို မဆိုလိုဘဲ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကြောင့် ဆက်ပြီး ဒေါသ မထွက်တာ၊ ကိုယ့်စိတ်ထဲမှာ ငြိမ်သက်မှု ရှိဖို့ ကြိုးစားတာကို ဆိုလိုတယ်လို့ ဆောင်းပါးမှာ ရှင်းပြထားတယ်” ဆိုပြီး ညီအစ်မ ရေးတယ်။ ညီအစ်ကို/မတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တာဟာ သူတို့ကို မေတ္တာပြနေတာ၊ ဖခင် ယေဟောဝါကို တုပနေတာပါပဲ။
ယေဟောဝါရဲ့ မိသားစုမှာ ကိုယ့်နေရာကို တန်ဖိုးထားပါ
၁၇။ မဿဲ ၅:၁၆ အရ ကောင်းကင်ဖခင်ကို ဘယ်လို ဂုဏ်တင်နိုင်သလဲ။
၁၇ မေတ္တာရှိတဲ့ ကမ္ဘာချီ မိသားစုဝင် ဖြစ်ရတာ အခွင့်ထူးပါပဲ။ လူများနိုင်သမျှ များများ ဝတ်ပြုရေးမှာ ပူးပေါင်းလာဖို့ ကျွန်တော်တို့ ဆန္ဒရှိတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ဂုဏ်သိက္ခာ၊ ယေဟောဝါလူမျိုးရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ဘာမှ မလုပ်မိဖို့ သတိပြုကြပါစို့။ ကျွန်တော်တို့ရဲ့ အကျင့်ကောင်းကြောင့် သတင်းကောင်းကို လူတွေ စိတ်ဝင်စားလာအောင် အမြဲ ကြိုးစားကြပါစို့။—မဿဲ ၅:၁၆ ကို ဖတ်ပါ။
၁၈။ သတ္တိရှိရှိ သက်သေခံဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၈ ကောင်းကင်ဖခင်ကို နာခံလို့ ကျွန်တော်တို့ တစ်ခါတလေ ပြစ်တင်ဝေဖန်ခံရ၊ နှိပ်စက်ညှဉ်းပန်း ခံရနိုင်တယ်။ မ. ၁၀:၁၉၊ ၂၀။
တခြားသူတွေကို ယုံကြည်ချက်အကြောင်း ပြောဖို့ ကြောက်နေရင် ဘာလုပ်မလဲ။ ယေဟောဝါနဲ့ သားတော်ဆီ အကူအညီ တောင်းပါ။ ဘယ်လို ပြောရမယ်၊ ဘာပြောရမယ်ဆိုတာ မစိုးရိမ်ဖို့ တပည့်တွေကို ယေရှု မှာထားတယ်။ “ပြောရမယ့် စကားကို အဲဒီအချိန်ကျရင် သိလာလိမ့်မယ်။ ခင်ဗျားတို့ပဲ ပြောရမှာ မဟုတ်ဘူး၊ ကောင်းကင်အဖဆီက လာတဲ့ စွမ်းအားတော်က ကူပြောပေးလိမ့်မယ်” လို့ ယေရှု ပြောတယ်။—၁၉။ သတ္တိရှိရှိ သက်သေခံခဲ့သူ တစ်ယောက်အကြောင်း ပြောပြပါ။
၁၉ ရောဘတ်အကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာ အသိပညာ သိပ်မရှိသေးတဲ့ ကျမ်းစာသင်သား ဘဝတုန်းက တောင်အာဖရိက စစ်ခုံရုံးရှေ့ ဆင့်ခေါ်ခံရတယ်။ ခရစ်ယာန် ညီအစ်ကို/မတွေကို ချစ်လို့ ကြားနေချင်တဲ့အကြောင်း သတ္တိရှိရှိ ရှင်းပြတယ်။ ယေဟောဝါရဲ့ မိသားစုမှာ ကိုယ့်နေရာကို ရောဘတ် တန်ဖိုးထားတယ်။ “မင်းရဲ့ ညီအစ်ကို/မတွေဆိုတာ ဘယ်သူတွေလဲ” လို့ တရားသူကြီး မေးတယ်။ မမျှော်လင့်ဘဲ အဲဒီလို မေးခံရချိန်မှာ အဲဒီနေ့ရဲ့ နေ့စဉ်ကျမ်းချက် ချက်ချင်း ခေါင်းထဲ ဝင်လာတယ်။ “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ အလိုတော်ကို ဆောင်တဲ့သူတိုင်းဟာ ကျွန်တော့်အမေ၊ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေပဲ” ဆိုတဲ့ မဿဲ ၁၂:၅၀ ပါပဲ။ ရောဘတ် ကျမ်းစာအကြောင်း သင်ယူခါစပဲ ရှိသေးပေမဲ့ အဲဒီမေးခွန်းနဲ့ တခြား မေးခွန်းတွေ ဖြေဖို့ ယေဟောဝါရဲ့ စွမ်းအားတော်က ကူညီပေးတယ်။ ရောဘတ်အတွက် ယေဟောဝါ ဂုဏ်ယူနေမှာပဲ။ ခက်ခဲတဲ့ အခြေအနေတွေမှာ သတ္တိရှိရှိ သက်သေခံဖို့ ဘုရားကို အားကိုးမယ်ဆိုရင် ကျွန်တော်တို့အတွက်လည်း ယေဟောဝါ ဂုဏ်ယူနေပါလိမ့်မယ်။
၂၀။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။ (ယောဟန် ၁၇:၁၁၊ ၁၅)
၂၀ အကောင်းဆုံး ဖခင်နဲ့ မေတ္တာရှိတဲ့ ညီအစ်ကို/မ မိသားစုဝင်တွေကို ကျွန်တော်တို့ ရထားတယ်။ အဲဒီကောင်းချီးကို ဆက်တန်ဖိုးထားလေးမြတ်ပါ။ ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ စာတန်နဲ့ နောက်လိုက်တွေဟာ ကောင်းကင်ဖခင်ရဲ့ မေတ္တာကို ကျွန်တော်တို့ သံသယဝင်အောင်၊ စည်းလုံးမှု ပျက်အောင် ကြိုးစားနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စည်းလုံးနေအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ ယေရှု ဆုတောင်းပေးခဲ့တယ်။ (ယောဟန် ၁၇:၁၁၊ ၁၅ ကို ဖတ်ပါ။) အဲဒီဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးနေတယ်။ ယေရှုလိုပဲ ကောင်းကင်ဖခင်ရဲ့ မေတ္တာနဲ့ ထောက်မမှုကို ဘယ်တော့မှ သံသယ မဝင်ကြပါနဲ့။ ယေဟောဝါဘုရားရဲ့ မိသားစုနဲ့ ရင်းရင်းနှီးနှီး ဆက်နေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။
သီချင်း ၉၉ မြောက်မြားလှတဲ့ ညီအစ်ကိုများ
^ အပိုဒ်၊ 5 မေတ္တာရှိတဲ့ ညီအစ်ကို/မတွေနဲ့ မိသားစုဝင် ဖြစ်ရတာ တကယ့် အခွင့်ထူးပါပဲ။ မေတ္တာနှောင်ကြိုး ပိုခိုင်မြဲအောင် ကျွန်တော်တို့ လုပ်ချင်ကြတယ်။ ဘယ်လို လုပ်နိုင်သလဲ။ ယေဟောဝါရဲ့ မေတ္တာကို တုပခြင်း၊ ယေရှုနဲ့ ညီအစ်ကို/မတွေရဲ့ ပုံသက်သေကို လိုက်လျှောက်ခြင်းအားဖြင့်ပါပဲ။
^ အပိုဒ်၊ 57 ပုံအညွှန်း– ဂေသရှေမန်ဥယျာဉ်မှာ ယေရှုကို ခွန်အားပေးဖို့ ကောင်းကင်တမန်တစ်ပါး ယေဟောဝါ စေလွှတ်ပေး။
^ အပိုဒ်၊ 59 ပုံအညွှန်း– ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ညီအစ်ကို/မများစွာဟာ အစားအစာတွေ ပြင်ဆင်ပြီး ပို့ပေးကြ။
^ အပိုဒ်၊ 61 ပုံအညွှန်း– ထောင်ကျနေတဲ့ ညီအစ်ကိုဆီ အားပေးစာ ရေးနေတဲ့ သမီးကို မိခင်တစ်ယောက် ကူညီပေးနေ။