မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၇

“လူမျိုးအားလုံးကို ငါ လှုပ်ခါမယ်”

“လူမျိုးအားလုံးကို ငါ လှုပ်ခါမယ်”

“လူမျိုး​အားလုံး​ကို ငါ လှုပ်ခါ​မယ်။ လူမျိုး​အားလုံး​ထဲ​က တန်ဖိုး​ရှိတဲ့​အရာ​တွေ ဒီ​အိမ်တော်ကို ရောက်လာ​မယ်။”—ဟဂ္ဂဲ ၂:၇

သီချင်း ၂၄ ယေဟောဝါ​ရဲ့ တောင်တော်​ဆီ လာ​ကြ

အကြို​သုံးသပ်ချက် *

၁-၂။ ဒီနေ့​ခေတ်​နဲ့​ပတ်သက်ပြီး ဘယ်​ပုံဆောင် လှုပ်ခါမှု​အကြောင်း ကြို​ဟောထား​သလဲ။

“မိနစ်ပိုင်း​အတွင်းမှာပဲ ဆိုင်​တွေ၊ အဆောက်အအုံ​တွေ ပြိုကျ​သွားတယ်။” “လူတိုင်း ကြောက်လန့်​တကြား ဖြစ်နေ​ကြတယ်။ . . . နှစ်​မိနစ်​လေး​ပဲ ကြာ​တာ​ပါ။ ကျွန်မ​အတွက်​တော့ တစ်ကမ္ဘာ​လောက် ကြာ​တယ်။” ၂၀၁၅၊ နီပေါ​မှာ လှုပ်​ခဲ့​တဲ့ ငလျင်​ကနေ လွတ်မြောက်​လာ​သူတွေ ပြော​တဲ့ စကား​တချို့​ပါ။ အဲဒီလို အဖြစ်အပျက်​မျိုး​သာ ကိုယ်တိုင်​ ကြုံဖူး​ရင် လွယ်လွယ်နဲ့ မေ့​မှာ မဟုတ်ဘူး။

အခု​အချိန်​မှာ လူတွေဟာ လှုပ်ခါမှု နောက်​တစ်မျိုး​ကို ကြုံနေ​ရတယ်။ မြို့​တစ်မြို့၊ နိုင်ငံ​တစ်နိုင်ငံ​လောက်​မှာ မဟုတ်ဘဲ နိုင်ငံ​အားလုံး​မှာ လှုပ်​နေတာ ဆယ်စုနှစ်ချီ​ပြီ။ အဲဒီ​အကြောင်း ပရောဖက် ဟဂ္ဂဲ ကြို​ဟောခဲ့တယ်။ “‘မကြာခင် ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နဲ့ ကုန်းမြေ​ကို နောက်​တစ်ကြိမ် ငါ​ လှုပ်ခါ​ဦး​မယ်’ လို့ ဗိုလ်ခြေ​တို့​ရဲ့​ အရှင် ယေဟောဝါ ပြော​တယ်” ဆိုပြီး ဟဂ္ဂဲ ရေးတယ်။—ဟဂ္ဂဲ ၂:၆

၃။ ပုံဆောင် လှုပ်ခါ​ခြင်း​နဲ့ ပကတိ မြေငလျင် ဘယ်လို ကွာခြား​သလဲ။

ဟဂ္ဂဲ ကြိုဟော​တဲ့ လှုပ်ခါ​ခြင်း​ဟာ ပျက်စီးခြင်း​ပဲ ဖြစ်စေ​တဲ့ ပကတိ မြေငလျင်​လို မဟုတ်ဘဲ ရလဒ်ကောင်းတွေ ရစေတယ်။ “လူမျိုး​အားလုံး​ကို ငါ​ လှုပ်ခါ​မယ်။ လူမျိုး​အားလုံး​ထဲ​က တန်ဖိုး​ရှိတဲ့​အရာ​တွေ ဒီ​အိမ်တော်ကို ရောက်လာ​မယ်။ ဒီ​အိမ်တော်ကို ဘုန်း​အသရေ​နဲ့ ငါ​ ပြည့်စုံ​စေမယ်” လို့ ယေဟောဝါ ပြော​တယ်။ (ဟဂ္ဂဲ ၂:၇) ဟဂ္ဂဲ​ခေတ်​မှာ အသက်ရှင်ခဲ့သူတွေ​အတွက် အဲဒီ​ကြို​ဟောချက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ ဒီနေ့​ခေတ် ကျွန်တော်​တို့အတွက်​ကော ဘာ​အဓိပ္ပာယ် ရှိသလဲ။ အဲဒီ​မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ ဒီနေ့​ခေတ် လူမျိုးတွေကို လှုပ်ခါ​ခြင်း​မှာ ကျွန်တော်​တို့ ဘယ်လို ပါဝင်​နေကြောင်း​လည်း သိရ​ပါ​မယ်။

ဟဂ္ဂဲ​ခေတ်​က အားတက်စရာ သတင်း​စကား

၄။ လူမျိုးတော်​ဆီ ပရောဖက် ဟဂ္ဂဲ​ကို ယေဟောဝါ ဘာကြောင့် စေလွှတ်​သလဲ။

ယေဟောဝါ​ဆီက အထူး​တာဝန်​တစ်ခု ပရောဖက် ဟဂ္ဂဲ ရတယ်။ အဲဒီ​မတိုင်ခင်​မှာ ဘာတွေ ဖြစ်​ခဲ့​သလဲ။ ဘီစီ ၅၃၇၊ ဗာဗုလုန်​ကနေ ဂျေရုဆလင်​ကို ပြန်​လာတဲ့ ဂျူးတွေ​ထဲမှာ ဟဂ္ဂဲ​လည်း ပါဝင်​ပုံ ရတယ်။ ဂျေရုဆလင်​ကို ပြန်ရောက်​ပြီး မကြာခင် ယေဟောဝါ​ရဲ့ ဗိမာန်တော်ကို စဆောက်​ကြတယ်။ (ဧဇ. ၃:၈၊ ၁၀) ဒါပေမဲ့ သိပ်​မကြာခင်​မှာပဲ စိတ်ဓာတ်ကျ​လာတယ်။ ကြုံ​ရတဲ့ ဆန့်ကျင်မှု​တွေ​ကြောင့် ဆက်​မ​ဆောက်​ကြ​တော့​ဘူး။ (ဧဇ. ၄:၄။ ဟဂ္ဂဲ ၁:၁၊ ၂) ဗိမာန်တော် အပြီး​ဆောက်​နိုင်အောင် လှုံ့ဆော်​အားပေးဖို့ ဘီစီ ၅၂၀ မှာ ဟဂ္ဂဲ​ကို ယေဟောဝါ တာဝန်​ပေးတယ်။ *ဧဇ. ၆:၁၄၊ ၁၅

၅။ ဟဂ္ဂဲ​ရဲ့ သတင်း​စကား​က ဘုရား​လူမျိုးကို ဘာကြောင့် အားရှိစေ​မလဲ။

ဟဂ္ဂဲ ပြော​တဲ့ သတင်း​စကား​ရဲ့ ရည်ရွယ်ချက်​က ယေဟောဝါ​အပေါ် ဂျူး​တွေ​ရဲ့ ယုံကြည်ခြင်း ခိုင်မာ​လာစေဖို့ပါ။ “ငါ​ယေဟောဝါ ပြော​မယ်– ‘ပြည်သူ​ပြည်သား​အပေါင်း​တို့၊ ရဲရင့်​ကြ။ လုပ်စရာ​ ရှိတာ လုပ်ကြ။ မင်းတို့နဲ့​အတူ ငါ​ ရှိနေတယ်။’ ဒါဟာ ဗိုလ်ခြေ​တို့​ရဲ့​ အရှင် ယေဟောဝါ ပြော​တဲ့​ စကား​ပဲ” ဆိုပြီး ဟဂ္ဂဲ သတ္တိရှိရှိ ပြော​တယ်။ (ဟဂ္ဂဲ ၂:၄) “ဗိုလ်ခြေ​တို့​ရဲ့​ အရှင် ယေဟောဝါ” ဆို​တဲ့ အသုံးအနှုန်းဟာ အားရှိစရာ​ပဲ။ ယေဟောဝါ​ဆီ​မှာ ကောင်းကင်တမန် စစ်တပ် အမြောက်အမြား ရှိလို့ ဂျူး​တွေ အောင်မြင်​ချင်​ရင် ဘုရား​ကို အားကိုး​ဖို့ လိုတယ်။

၆။ ဟဂ္ဂဲ ကြိုဟော​တဲ့ လှုပ်ခါ​ခြင်း​ကြောင့် ဘာ​ရလဒ် ရမလဲ။

လူမျိုး​အားလုံး​ကို ပုံဆောင်​သဘော​အရ လှုပ်ခါ​မယ့်​အကြောင်း ပြော​ဖို့ ဟဂ္ဂဲ​ကို ယေဟောဝါ စေလွှတ်တယ်။ ဒီ​သတင်း​စကား​က စိတ်ဓာတ်​ကျနေ​တဲ့ ဂျူး​တွေ​ကို အားရှိစေတယ်။ အဲဒီတုန်းက ကမ္ဘာ့​အင်အား​အကြီးဆုံး နိုင်ငံ ဖြစ်​တဲ့ ပါးရှား​ကို ယေဟောဝါ လှုပ်ခါ​တော့​မယ်​ဆိုတာ ဖော်ပြ​လို့​ပဲ။ လှုပ်ခါမှု​ကြောင့် ဘာ​ရလဒ် ရမလဲ။ ပထမ၊ ဗိမာန်တော် ဆောက်လုပ်ရေး ပြီးစီး​မယ်။ ပြီး​နောက် ပြန်​တည်ဆောက်​တဲ့ ဗိမာန်တော် ဝတ်ပြုရေးမှာ ဂျူး​မဟုတ်​သူတွေပါ ပူးပေါင်း​လာမယ်။ ဘုရား​လူမျိုး​အတွက် တကယ့်​ အားရှိစရာ သတင်း​ပါ​ပဲ။—ဇာ. ၈:၉

ဒီနေ့​ခေတ် ကမ္ဘာချီ လှုပ်ခါ​ခြင်း လုပ်ငန်း

ဒီနေ့​ခေတ် လုပ်ဆောင်​နေတဲ့ ကမ္ဘာချီ လှုပ်ခါ​ခြင်း​ လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​နေ​သလား (စာပိုဒ် ၇-၈ ကို ကြည့်​ပါ) *

၇။ ဒီနေ့​ခေတ် ဘယ်​လှုပ်ခါ​ခြင်း လုပ်ငန်းမှာ ကျွန်တော်​တို့ ပါဝင်​နေသလဲ။ ရှင်းပြပါ။

ဟဂ္ဂဲ​ရဲ့ ကြို​ဟောချက်​က ဒီနေ့​ခေတ်​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ လူမျိုး​အားလုံး​ကို ယေဟောဝါ နောက်​တစ်ကြိမ် လှုပ်ခါ​နေပြီ။ ဒီ​တစ်ကြိမ်​မှာ​တော့ ကျွန်တော်​တို့​လည်း လှုပ်ခါ​ခြင်း​ လုပ်ငန်းမှာ ပါဝင်တယ်။ ဒီ​အချက်​ကို စဉ်းစား​ကြည့်​ပါ– ၁၉၁၄ မှာ ကောင်းကင်​နိုင်ငံတော် ဘုရင်​အဖြစ် ယေရှု​ခရစ်​ကို ယေဟောဝါ နန်းတင်​တယ်။ (ဆာ. ၂:၆) နိုင်ငံတော် တည်ထောင်​ပြီ​ဆိုတာ ကမ္ဘာ့​ခေါင်းဆောင်​တွေ​အတွက်​တော့ သတင်းဆိုး​ပဲ။ ယေဟောဝါ​ကို တိုက်ရိုက် ကိုယ်စား​ပြု​တဲ့ အုပ်စိုးရှင် မရှိတဲ့ ကာလ ဖြစ်​တဲ့ “လူမျိုးခြား​တွေ​အတွက် သတ်မှတ်​ထားချိန်” ပြီးဆုံး​သွားပြီ​ဆိုတဲ့ အဓိပ္ပာယ်​ပဲ။ (လု. ၂၁:၂၄) ဒါ​ကြောင့် ဘုရား​နိုင်ငံတော်​သာ လူသားတွေရဲ့ တစ်ခု​တည်း​သော မျှော်လင့်ချက်​ ဖြစ်​ကြောင်း အထူးသဖြင့် ၁၉၁၉ က​စပြီး ယေဟောဝါ​ရဲ့ လူမျိုး ကြေညာ​နေတယ်။ အဲဒီ “နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းက တစ်ကမ္ဘာလုံး​ကို တုန်လှုပ်​စေတယ်။—မ. ၂၄:၁၄

၈။ ဆာလံ ၂:၁-၃ အရ သတင်းတရားကို လူမျိုး​အများစု ဘယ်လို တုံ့ပြန်​ကြသလဲ။

အဲဒီ​သတင်းစကားကို လူတွေ ဘယ်လို တုံ့ပြန်​ကြသလဲ။ လူအများစု ငြင်းပယ်​ကြတယ်။ (ဆာလံ ၂:၁-၃ ကို ဖတ်ပါ။) လူမျိုး​တွေ ဒေါသ​ထွက်ကြ​တယ်။ ယေဟောဝါ ခန့်အပ်​တဲ့ အုပ်စိုးရှင်​ကို လက်မခံကြဘူး။ ကျွန်တော်​တို့ ဟောတဲ့ နိုင်ငံတော်​သတင်းကို “သတင်းကောင်း” လို့ မမြင်​ကြဘူး။ အစိုးရ​တချို့​ဆိုရင် ဟောပြောခြင်း​လုပ်ငန်း​ကို ပိတ်ပင်​ကြတယ်။ အုပ်စိုးရှင် များစွာ​က ဘုရား​ကို ဝတ်ပြုတယ်လို့ ပြော​ပေမဲ့ ကိုယ့်​အာဏာကို​တော့ မစွန့်​ချင်​ကြဘူး။ ယေရှု​ခေတ်​က အုပ်စိုးရှင်​တွေ​လို​ပဲ ဒီနေ့​ခေတ် အုပ်စိုးရှင်​တွေ​ဟာ သစ္စာရှိ တပည့်​တွေ​ကို တိုက်ခိုက်​ခြင်း​အားဖြင့် ယေဟောဝါ ဘိသိက်ပေး​ထား​သူကို ဆန့်ကျင်​ကြတယ်။—တ. ၄:၂၅-၂၈

၉။ လူမျိုး​တွေ ငြင်းပယ်​တာ​ကို ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။

လူမျိုး​တွေ လက်မခံတာ​ကို ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။ “ဒါ​ကြောင့် ဘုရင်​တို့၊ ထိုးထွင်း​ဉာဏ် ရှိကြောင်း ပြ​ကြ။ ကမ္ဘာ​ပေါ်​က တရားသူကြီး​တို့၊ တည့်မတ်​ပေး​တာ​ကို လက်ခံ​ကြ။ ယေဟောဝါ​ကို ကြောက်ရွံ့​ရိုသေ​တဲ့​ စိတ်​နဲ့ အမှုဆောင်​ကြ။ ကြည်ညို​လေးမြတ်​တဲ့​ စိတ်​နဲ့ ဝမ်းမြောက်​ကြ။ သားတော်ကို ဂုဏ်တင်​ကြ။ ဂုဏ်​မတင်​ရင် ဘုရားသခင် အမျက်ထွက်​လိမ့်မယ်။ ချက်ချင်း အမျက်ထွက်​ပြီး ဖြောင့်မတ်​တဲ့​ လမ်းစဉ်​ကနေ မင်းတို့ကို ပယ်ရှင်း​လိမ့်မယ်။ ဘုရားဆီ​မှာ ခိုလှုံ​သူတွေကတော့ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ ဆာလံ ၂:၁၀-၁၂ မှာ ပြော​တယ်။ ဆန့်ကျင်သူတွေ​ကို ယေဟောဝါ ကြင်နာ​စွာ အခွင့်အရေး တံခါး ဖွင့်ပေး​ထား​တယ်။ သူတို့ စိတ်ပြောင်း​ပြီး ယေဟောဝါ​ရဲ့ နိုင်ငံ​ကို လက်ခံ​လို့ ရတယ်။ ဒါပေမဲ့ အချိန် သိပ်​မရှိတော့ဘူး။ ဒီ​စနစ်​ရဲ့ “နောက်ဆုံး​ကာလ” မှာ ကျွန်တော်​တို့ အသက်​ရှင်​နေကြ​တယ်။ (၂ တိ. ၃:၁။ ဟေရှာ. ၆၁:၂) ဒါ​ကြောင့် အချက်အလက် အမှန်​ကို သိအောင် လုပ်ပြီး မှန်မှန်ကန်ကန် ရွေးချယ်​ဖို့ အရေးကြီး​နေပြီ။

လှုပ်ခါ​ခြင်း​ လုပ်ငန်း​ကို လူတချို့ ကောင်းကောင်း​ တုံ့ပြန်

၁၀။ ဟဂ္ဂဲ ၂:၇-၉ မှာ ပြော​ထား​တဲ့ လှုပ်ခါ​ခြင်း​ လုပ်ငန်း​ကို လူတချို့ ဘယ်လို တုံ့ပြန်​ကြသလဲ။

၁၀ ဟဂ္ဂဲ ကြိုဟော​တဲ့ ပုံဆောင်​ လှုပ်ခါ​ခြင်း​ကို လူတချို့ ကောင်းကောင်း တုံ့ပြန်​ကြတယ်။ ဒီ​လှုပ်ခါမှု​ကြောင့် “လူမျိုး​အားလုံး​ထဲ​က တန်ဖိုး​ရှိတဲ့​အရာ​တွေ၊” တစ်နည်း​အားဖြင့် စိတ်​ရိုး​ဖြောင့်​သူတွေ ယေဟောဝါ​ကို ဝတ်ပြုဖို့ ရောက်လာ​မယ်လို့ ဟဂ္ဂဲ ပြော​တယ်။ * (ဟဂ္ဂဲ ၂:၇-၉ ကို ဖတ်ပါ။) ဟေရှာယ​နဲ့ မိက္ခာ​လည်း “အဆုံးပိုင်း​ကာလ” မှာ ဖြစ်​မယ့် အလားတူ ဖြစ်ရပ်​အကြောင်း ကြို​ဟောခဲ့တယ်။—ဟေရှာ. ၂:၂-၄။ မိ. ၄:၁၊ ၂

၁၁။ နိုင်ငံတော်​သတင်း စ​ကြား​ချိန်မှာ ညီအစ်ကို​တစ်ယောက် ဘယ်လို တုံ့ပြန်​သလဲ။

၁၁ လှုပ်ခါ​ခြင်း​ သတင်းက ကမ္ဘာ့​ဌာနချုပ်​မှာ အမှုဆောင်​နေတဲ့ ညီအစ်ကို ကန်​အပေါ် ဘယ်လို အကျိုး​သက်ရောက်​ကြောင်း စဉ်းစား​ကြည့်​ပါ။ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်​က နိုင်ငံတော်​သတင်း ဦးဆုံး​ စ​ကြား​ချိန်​ကို မှတ်မိ​နေတုန်းပဲ။ “ကျမ်းစာ​ထဲ​က အမှန်တရားကို စ​ကြား​တုန်း​က ဒီ​စနစ်​ရဲ့ နောက်ဆုံး​ကာလ​မှာ ကျွန်တော်​တို့ အသက်ရှင်နေ​မှန်း သိလိုက်​ရလို့ သိပ်​ပျော်​သွားတယ်။ ဘုရား မျက်နှာသာ ရဖို့၊ ထာဝရ​အသက် ရဖို့ မတည်မြဲ​တဲ့ ဒီ​လောက​နဲ့ ကင်း​ကင်း​နေ​ရမယ်၊ ယေဟောဝါ​ဘက် အခိုင်အမာ ရပ်တည်​ရမယ်ဆိုတာ သိလာတယ်။ အသေအချာ ဆုတောင်း​ပြီး အဲဒီအတိုင်း ချက်ချင်း လုပ်ဆောင်ခဲ့တယ်။ လောကကို ကျောခိုင်း​ပြီး တည်မြဲ​တဲ့ ဘုရား​နိုင်ငံ​ရဲ့ ကာကွယ်​မှု​အောက် ပြေးဝင်​ခိုလှုံ​ခဲ့တယ်” လို့ ပြော​တယ်။

၁၂။ ဒီ​နောက်ဆုံး​ကာလ​အတွင်း ယေဟောဝါ​ရဲ့ ပုံဆောင်​ ဗိမာန်တော်ဟာ ဘုန်း​အသရေ​နဲ့ ဘယ်လို ပြည့်​လာသလဲ။

၁၂ မိမိ​လူမျိုးကို ယေဟောဝါ ကောင်းချီး​ပေး​နေတာ ထင်ရှား​တယ်။ နောက်ဆုံး​ကာလ​အတွင်း ဝတ်ပြုသူ အရေအတွက် အကြီးအကျယ် တိုးများ​လာတယ်။ ၁၉၁၄ တုန်း​က ထောင်​ဂဏန်း​လောက်​ပဲ ရှိပေမဲ့ အခု ဘုရား​ကို ဝတ်ပြုသူ ရှစ်​သန်း​ကျော် ရှိနေပြီ။ နှစ်​တိုင်း သတိရအောက်မေ့ပွဲ တက်ရောက်သူ နောက်ထပ် သန်းပေါင်း​များစွာ ရှိနေတယ်။ ဒီ​နည်းနဲ့ ယေဟောဝါ​ရဲ့ ပုံဆောင်​ ဗိမာန်တော် မြေကြီး​ရင်ပြင်၊ စစ်မှန်တဲ့ ဝတ်ပြုရေး အစီအစဉ်မှာ “လူမျိုး​အားလုံး​ထဲ​က တန်ဖိုး​ရှိတဲ့​အရာ​တွေ” ပြည့်​လာတယ်။ စရိုက်သစ်​ကို သူတို့ ဝတ်ဆင်​လာတဲ့​အတွက် ယေဟောဝါ​ရဲ့ နာမည်​ကို ဘုန်း​ထင်ရှားစေ​ကြတယ်။—ဧ. ၄:၂၂-၂၄

ကမ္ဘာ​တစ်ဝန်း ဘုရား​နိုင်ငံတော်​အကြောင်း သက်သေခံခြင်း​မှာ ဘုရား​လူမျိုး ပျော်ရွှင်စွာ ပါဝင်​နေ (စာပိုဒ် ၁၃ ကို ကြည့်​ပါ)

၁၃။ စိတ်​လှုပ်ရှား​စ​ရာ ဖြစ်ရပ်​တွေ​က တခြား ဘယ်​ပရောဖက်ပြုချက်​တွေ​ကို ပြည့်စုံ​စေ​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

၁၃ စိတ်​လှုပ်ရှား​စ​ရာ အဲဒီ​ဖြစ်ရပ်​တွေ​က တခြား​ပရောဖက်ပြု​ချက်​တွေ​ကို ပြည့်စုံ​စေတယ်။ ဥပမာ၊ ဟေရှာယ အခန်းကြီး ၆၀၊ အခန်းငယ် ၂၂ မှာ “လူနည်းစု​လေး​ဟာ လူတစ်ထောင် ဖြစ်လာ​မယ်။ အရေး​မပါတဲ့​သူဟာ အားကြီးတဲ့​လူမျိုး ဖြစ်လာ​မယ်။ အချိန်တန်​တဲ့​အခါ ဒီလို​ဖြစ်​လာအောင် ငါ​ယေဟောဝါ​ကိုယ်တိုင် အရှိန်အဟုန် မြှင့်မယ်” လို့ ပြော​ထား​တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေး​ဘက် လူတွေ အစုလိုက် အပြုံလိုက် ရောက်လာ​လို့ အကျိုး​ရ​နေတယ်။ အဲဒီ “တန်ဖိုး​ရှိတဲ့​အရာ​တွေ၊” တစ်နည်း​အားဖြင့် တန်ဖိုး​ရှိသူတွေ​မှာ အရည်အချင်း​နဲ့ ကျွမ်းကျင်​မှု အမျိုးမျိုး ရှိပြီး “နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်း​လုပ်ငန်းမှာ လိုလိုလားလား ပေးဆက်​နေကြ​တယ်။ အကျိုးဆက်​အနေ​နဲ့ ယေဟောဝါ​ရဲ့ လူမျိုးဟာ ဟေရှာယ ပြော​သလို “လူမျိုးခြားတွေရဲ့ နို့​ကို” သောက်သုံး​နေကြ​တယ်။ (ဟေရှာ. ၆၀:၅၊ ၁၆) အဲဒီ​အဖိုးတန် အမျိုးသား/သမီးတွေ​ရဲ့ အကူအညီ​နဲ့ နိုင်ငံ​ပေါင်း ၂၄၀ မှာ ဟောပြောခြင်း​လုပ်ငန်း လုပ်ဆောင်နေ​ပြီး ဘာသာ​စကား ၁၀၀၀ ကျော်​နဲ့ စာပေ​တွေ ထုတ်ဝေ​နေတယ်။

ဆုံးဖြတ်​ရမယ့်​အချိန်

၁၄။ လူတွေ ဘယ်​ဆုံးဖြတ်ချက် ချ​ရမလဲ။

၁၄ ဒီ​အဆုံးပိုင်း​ကာလ​မှာ လှုပ်ခါ​ခြင်း​ လုပ်ငန်း​က လူတွေကို ဆုံးဖြတ်ချက် ချဖို့ တွန်းအား​ပေး​နေတယ်။ သူတို့ ဘုရား​နိုင်ငံတော်​ကို ထောက်ခံကြ​မလား၊ ဒါမှ​မဟုတ် လောက​ အစိုးရ​တွေ​ကို ယုံကြည်​ကိုးစား​ကြ​မလား။ ဒါဟာ လူတိုင်း ချ​ရမယ့် ဆုံးဖြတ်ချက်​ပါ။ ယေဟောဝါ​ရဲ့ လူမျိုးဟာ ကိုယ်​နေထိုင်တဲ့ နိုင်ငံ​မှာ ချမှတ်​ထား​တဲ့ ဥပဒေတွေကို လိုက်နာ​ပေမဲ့ လောက​ နိုင်ငံရေး​မှာ လုံးဝ ကြားနေ​ကြတယ်။ (ရော. ၁၃:၁-၇) ဘုရား​နိုင်ငံတော်​သာ လူ့​ပြဿနာ​တွေ​အတွက် တစ်ခု​တည်း​သော ဖြေရှင်း​နည်း ဖြစ်​မှန်း သိကြတယ်။ အဲဒီ​နိုင်ငံ​ဟာ ဒီ​လောက​နဲ့ မပတ်သက်​ဘူး။—ယော. ၁၈:၃၆၊ ၃၇

၁၅။ ဗျာဒိတ်​ကျမ်း​မှာ သစ္စာစောင့်သိမှု​ဆိုင်ရာ ဘယ်​စမ်းသပ်မှု​ကြီး​အကြောင်း ပြော​ထား​သလဲ။

၁၅ နောက်ဆုံး​ကာလ​မှာ ဘုရား​လူမျိုး​ရဲ့ သစ္စာစောင့်သိမှု စမ်းသပ်ခံ​ရမယ်​လို့ ဗျာဒိတ်​ကျမ်း​မှာ ပြော​တယ်။ အဲဒီ​စမ်းသပ်မှု​ကြောင့် ပြင်းထန်​တဲ့ ဖိအား​တွေ ကျွန်တော်​တို့ ကြုံ​ရမယ်။ အစိုးရ​တွေ​က မိမိတို့ကို ကိုးကွယ်​ဖို့၊ ထောက်ခံဖို့ ဖိအားပေး​မယ်။ ငြင်းပယ်​သူတွေကို နှိပ်စက်​ညှဉ်းပန်း​မယ်။ (ဗျာ. ၁၃:၁၂၊ ၁၅) “လူကြီးလူငယ်၊ ဆင်းရဲ​ချမ်းသာ၊ ကျွန်နဲ့ လွတ်လပ်​သူ ရှိရှိသမျှ​အားလုံး​ကို ညာလက်​ပေါ်မှာ​ ဖြစ်စေ၊ နဖူး​ပေါ်မှာ​ ဖြစ်စေ အတင်းအကျပ် အမှတ်​တံဆိပ် ရိုက်နှိပ်​ခိုင်း” လိမ့်မယ်။ (ဗျာ. ၁၃:၁၆) ရှေးခေတ်​က ကျွန်​တွေ​ကို ဘယ်သူ ပိုင်ဆိုင်​ကြောင်း သိအောင် အမှတ်အသား ထိုး​လေ့​ရှိတယ်။ ဒီနေ့​ခေတ်​မှာလည်း လူအားလုံး​မှာ ပုံဆောင် အမှတ်​တံဆိပ် ရှိဖို့၊ တစ်နည်း​အားဖြင့် ဘယ်​နိုင်ငံရေး​ အဖွဲ့ဝင် ဖြစ်တယ်၊ ဘယ်သူ့ကို ထောက်ခံတယ်​ဆိုတာ အတွေး​နဲ့​ရော လုပ်ရပ်​နဲ့​ပါ ပြဖို့ လူတွေ မျှော်လင့်​ကြ​မယ်။

၁၆။ အခု​အချိန်​ဟာ ဘာကြောင့် ယေဟောဝါ​အပေါ် ထား​တဲ့ ကျွန်တော်​တို့​ရဲ့ သစ္စာစောင့်သိမှု ခိုင်မာ​နေရ​မယ့်​အချိန် ဖြစ်​သလဲ။

၁၆ ပုံဆောင် အမှတ်​တံဆိပ် ရိုက်နှိပ်​တာ​ကို ကျွန်တော်​တို့ လက်ခံ​ပြီး နိုင်ငံရေး​ အစိုးရ​တွေ​ကို ထောက်ခံကြ​မလား။ အမှတ်​တံဆိပ် မ​ရိုက်နှိပ်​သူတွေဟာ အခက်အခဲ​တွေ၊ အန္တရာယ်​တွေ ကြုံ​ရမယ်။ “အမှတ်​တံဆိပ် ရိုက်နှိပ်​ထား​သူက​လွဲလို့ တခြား​လူတွေ ရောင်းဝယ်​ခွင့် မရဘူး” လို့ ဗျာဒိတ်​ကျမ်း​မှာ ဆက်​ပြော​တယ်။ (ဗျာ. ၁၃:၁၇) ဒါပေမဲ့ အမှတ်​တံဆိပ် ရိုက်နှိပ်​ထား​သူတွေကို ဘုရား ဘာလုပ်​မယ်​ဆိုတာ ဘုရား​လူမျိုး သိတယ်။ (ဗျာ. ၁၄:၉၊ ၁၀) ဒါ​ကြောင့် အဲဒီ​အမှတ်​တံဆိပ် ရိုက်နှိပ်​ခံ​မယ့်​အစား “ယေဟောဝါ​ဘုရား ပိုင်ဆိုင်​တဲ့​သူ” ဆို​တဲ့ အမှတ်​တံဆိပ်​ကိုပဲ လက်​မှာ ရေးထိုး​ကြ​ပါ​လိမ့်မယ်။ (ဟေရှာ. ၄၄:၅) အခု​အချိန်​ဟာ ယေဟောဝါ​အပေါ် ထား​တဲ့ ကျွန်တော်​တို့​ရဲ့ သစ္စာစောင့်သိမှု ခိုင်မာ​နေရ​မယ့်​အချိန် ဖြစ်တယ်။ ဒါဆိုရင် မိမိ​ပိုင်ဆိုင်ရာ ဖြစ်​ကြောင်း ယေဟောဝါ ဝမ်းမြောက်​စွာ ကြေညာ​ပါ​လိမ့်မယ်။

နောက်ဆုံး​အကြိမ် လှုပ်ခါ​ခြင်း

၁၇။ ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​နဲ့​ပတ်သက်ပြီး ဘာကို သတိ​ရဖို့ လိုသလဲ။

၁၇ ဒီ​နောက်ဆုံး​ကာလ​မှာ ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​ကို တွေ့ရ​တယ်။ ဘယ်သူ့ကိုမှ ဘုရား မပျက်စီး​စေ​ချင်ဘူး။ (၂ ပေ. ၃:၉) နောင်တ​ရဖို့၊ မှန်ကန်​တဲ့ ဆုံးဖြတ်ချက် ချဖို့ အားလုံး​ကို အခွင့်အရေး ပေး​ထား​တယ်။ ဒါပေမဲ့ ဘုရား​ရဲ့ စိတ်ရှည်မှု​ဟာ အတိုင်းအတာ ရှိတယ်။ ဒီ​အခွင့်အရေး​ကို ငြင်းပယ်​သူတွေဟာ မောရှေ​ခေတ်​က ဖာရော​မင်း​လို ဖြစ်​လိမ့်မယ်။ “အခု ငါ​က မင်းနဲ့ မင်းရဲ့​ လူတွေကို ဆိုးရွား​တဲ့​ ကပ်ရောဂါ​နဲ့​သာ ဒဏ်ခတ်​လိုက်ရင် မင်းတို့​အားလုံး မြေပေါ်​ကနေ ပျောက်ကွယ်​သွား​လိမ့်မယ်။ ဒါပေမဲ့ ငါ့​တန်ခိုး​ကို​ ပြဖို့၊ ငါ့​နာမည်​ကို မြေတစ်ပြင်လုံး သိစေဖို့ မင်းကို ငါ​အသက်ရှင်ခွင့်​ ပေး​နေတာ” လို့ ဖာရော​ကို ယေဟောဝါ ပြော​တယ်။ (ထွ. ၉:၁၅၊ ၁၆) ယေဟောဝါ​တစ်ပါး​တည်း​သာ ဘုရားစစ်​ ဘုရား​မှန် ဖြစ်​ကြောင်း လူမျိုး​အားလုံး သိ​ကြ​ရလိမ့်မယ်။ (ယေဇ. ၃၈:၂၃) ဘယ်လို ဖြစ်လာ​မလဲ။

၁၈။ (က) ဟဂ္ဂဲ ၂:၆၊ ၂၀-၂၂ မှာ ဘယ်​လှုပ်ခါ​ခြင်း နောက်​တစ်မျိုး​အကြောင်း ပြော​ထား​သလဲ။ (ခ) ဟဂ္ဂဲ​ရဲ့ စကား​တွေ အနာဂတ်​မှာ ပြည့်စုံ​မယ်​ဆိုတာ ဘယ်လို သိရသလဲ။

၁၈ ဟဂ္ဂဲ​ခေတ် နောက်ပိုင်း နှစ်ပေါင်း​များစွာ ကြာပြီး​နောက် တမန်တော် ပေါလု​က ဟဂ္ဂဲ ၂:၆၊ ၂၀-၂၂ မှာ ပါတဲ့ စကား​တွေ အနာဂတ်​မှာ ပြည့်စုံ​ဖို့ ရှိသေး​ကြောင်း ရေးခဲ့တယ်။ (ဖတ်ပါ။) “အခု​ကျ​တော့ ‘မြေကြီးကို​သာမက ကောင်းကင်​ကို​ပါ နောက်​တစ်ကြိမ် ငါ​ လှုပ်ခါ​ဦး​မယ်’ လို့ ဘုရား​ ကတိပေး​ထား​တယ်။ ‘နောက်​တစ်ကြိမ်’ ဆို​တဲ့​ စကား​က လှုပ်ခါ​နေတဲ့​အရာ​တွေ၊ တစ်နည်း​ပြော​ရ​ရင် ဘုရား မဖန်ဆင်း​ခဲ့​တဲ့​အရာ​တွေ ဖယ်ရှားခံ​ရမယ်ဆိုတာ​ကို ဖော်ပြ​တယ်။ ဒီ​နည်းနဲ့ မ​လှုပ်ခါ​နိုင်​တဲ့​အရာ​တွေ ကျန်ရစ်​လိမ့်မယ်” လို့ ပေါလု ရေးတယ်။ (ဟီ. ၁၂:၂၆၊ ၂၇) ဟဂ္ဂဲ ၂:၇ မှာ ပါ​တဲ့ လှုပ်ခါမှု​နဲ့ မတူဘဲ ဒီ​လှုပ်ခါမှု​ဟာ ယေဟောဝါ​ရဲ့ အုပ်ချုပ်ပိုင်ခွင့်​ကို ဖာရော​လို အသိအမှတ် မပြု​သူတွေ​အတွက် ထာဝရ ဖျက်ဆီးခြင်း​ကို ဆိုလိုတယ်။

၁၉။ ဘယ်အရာ မြဲ​မြဲ​ တည်​မလဲ။ ကျွန်တော်​တို့ ဘယ်လို သိရသလဲ။

၁၉ ဘယ်အရာ​က​တော့ မ​လှုပ်ခါ​ဘဲ မြဲ​မြဲ​ တည်​မလဲ။ “မ​လှုပ်ခါ​နိုင်​တဲ့​ နိုင်ငံ​ကို ကျွန်တော်​တို့ ရမှာ​ ဖြစ်လို့ မဟာ​ကရုဏာ​ကို အမြဲ ခံယူ​နေကြ​စို့။ အဲဒီ​ကရုဏာ​ကို ခံယူ​ရင်း ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေ​တဲ့​စိတ်​နဲ့၊ ဘုရား​ နှစ်သက်တဲ့​နည်းနဲ့ အမှုဆောင်​ကြ​စို့” လို့ ပေါလု ဆက်​ပြော​တယ်။ (ဟီ. ၁၂:၂၈) ဒီ​နောက်ဆုံး​ လှုပ်ခါမှု ပြီး​နောက် ဘုရား​နိုင်ငံတော် တစ်ခု​ပဲ တည်ရှိ​မယ်။ နေရာ​ကနေ မ​ရွေ့​ဘဲ မြဲ​မြဲ​ တည်​နေမယ်။—ဆာ. ၁၁၀:၅၊ ၆။ ဒံ. ၂:၄၄

၂၀။ လူတွေ ဘယ်​ရွေးချယ်မှု လုပ်ကြ​ရမလဲ။ သူတို့ကို ကျွန်တော်​တို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၂၀ အချိန် မရှိတော့ဘူး။ လောက အားပေး​နေတဲ့ ဘဝ​လမ်းစဉ်​ကို ဆက်​ထောက်ခံ​ပြီး ဖျက်ဆီး​ခံ​မလား၊ ဒါမှ​မဟုတ် ဘုရား​အလိုတော်​နဲ့​အညီ အသက်ရှင်ပြီး ထာဝရ​အသက် ရယူ​မလား​ဆိုတာ လူတွေ ရွေးချယ်​ရတော့မယ်။ (ဟီ. ၁၂:၂၅) ဒီ​အရေးကြီး​ကိစ္စ​မှာ ဘယ်ဘက် ရပ်တည်​မလဲ​ဆိုတာ ဆုံးဖြတ်​နိုင်အောင် ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် လူတွေကို ကျွန်တော်​တို့ ကူညီ​ပေး​နိုင်တယ်။ ဘုရား​နိုင်ငံတော်​ဘက် ရပ်တည်​လာအောင် တန်ဖိုး​ရှိသူ နောက်ထပ်​များစွာ​ကို ကူညီ​ပေး​ကြပါစို့။ “လူမျိုး​အားလုံး​အတွက် သက်သေ​ ဖြစ်စေ​ဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြော​ရလိမ့်မယ်။ ပြီး​မှ အဆုံး ရောက်လာ​လိမ့်မယ်” ဆို​တဲ့ သခင် ယေရှုရဲ့ စကား​ကို အမြဲ အမှတ်ရ​ကြပါစို့။—မ. ၂၄:၁၄

သီချင်း ၄၀ သင့်ကို ဘယ်သူ ပိုင်​သလဲ

^ အပိုဒ်၊ 5 ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ထား​တာ​တွေ​ဟာ ဟဂ္ဂဲ ၂:၇ နဲ့​ပတ်သက်​တဲ့ နားလည်မှု​အသစ် ဖြစ်တယ်။ လူမျိုး​အားလုံး​ကို လှုပ်ခါ​တဲ့ စိတ်​လှုပ်ရှား​စ​ရာ လုပ်ငန်းမှာ ကျွန်တော်​တို့ ဘယ်လို ပါဝင်​နိုင်​ကြောင်း၊ ဒီ​လုပ်ငန်း​ကြောင့် ရလဒ် အကောင်း​ရော အဆိုး​ပါ ရ​ကြောင်း ဒီ​ဆောင်းပါး​မှာ သိလာ​ရပါမယ်။

^ အပိုဒ်၊ 4 ဘီစီ ၅၁၅ မှာ ဗိမာန်တော် ဆောက်လုပ်​ပြီးစီး​သွားတဲ့​အတွက် ဟဂ္ဂဲ​ရဲ့ တာဝန် အောင်မြင်​တယ်လို့ ပြော​နိုင်တယ်။

^ အပိုဒ်၊ 10 ဒါဟာ နားလည်မှု​အသစ် ဖြစ်တယ်။ လူမျိုး​အားလုံး​ကို လှုပ်ခါ​ခြင်း​ရဲ့ ရလဒ်​ကြောင့် စိတ်​ရိုး​ဖြောင့်​သူတွေ ယေဟောဝါ​ကို ဝတ်ပြု​လာတာ မဟုတ်ဘူးလို့ တစ်ချိန်က ရှင်းပြ​ခဲ့​ဖူး​တယ်။ ၂၀၀၆၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ” ကို ကြည့်​ပါ။

^ အပိုဒ်၊ 63 ပုံ​အညွှန်း– ဗိမာန်တော် ဆောက်လုပ်ရေး​မှာ စိတ်အား​ထက်သန်​နေဖို့ ဘုရား​လူမျိုးကို ဟဂ္ဂဲ တိုက်တွန်း​နေ။ ဒီနေ့​ခေတ် ဘုရား​လူမျိုး သတင်းကောင်း ထက်သန်​စွာ ကြေညာ​နေ။ နောက်ဆုံး​အကြိမ် လှုပ်ခါ​ခြင်း သတင်းကို မောင်နှံ​တစ်စုံ ကြေညာ​နေ။