မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ကိုယ့်ကိုယ်ကိုယ် “အချိန်မတန်ဘဲ မွေးလာ​တဲ့သူ” လို့ တမန်တော် ပေါလု ပြောတာ ဘာအဓိပ္ပာယ်လဲ (၁ ကောရိန္သု ၁၅:၈)

“နောက်ဆုံး​မှာ အချိန်မတန်ဘဲ မွေးလာတဲ့သူနဲ့ တူတဲ့ ကျွန်တော့်ကို​ပါ ကိုယ်ထင်ပြ​ခဲ့တယ်” လို့ ၁ ကောရိန္သု ၁၅:၈ မှာ ပေါလု ပြောတယ်။ ကောင်းကင်ကို ထမြောက်​သွားပြီ ဖြစ်တဲ့ ယေရှုကို စိတ်​အာရုံမှာ မြင်ရ​တုန်းက အတွေ့အကြုံ​အကြောင်း ပြောနေတာ​လို့ အရင်က ရှင်းပြခဲ့တယ်။ နာမ်ဝိညာဉ် အသက်တာနဲ့ ထမြောက်ခြင်း​ဟာ နောက်ရာစုနှစ် များစွာ​ကြာမှ စတင်​မှာ ဖြစ်ပေမဲ့ ဒီအဖြစ်အပျက်ကြောင့် ပေါလု​ဟာ အချိန်​စောပြီး မွေးဖွားခွင့် ဒါမှမဟုတ် ထမြောက်ခွင့် ရလိုက်သလိုပဲလို့ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ဒီကျမ်းပိုဒ်ကို ထပ်ဆင့် လေ့လာတဲ့အခါ နားလည်မှု ပြုပြင်​ပြောင်းလဲဖို့ လိုအပ်​လာတယ်။

မိမိ ဘာသာ​ပြောင်းလာတုန်းက အဖြစ်အပျက်​အကြောင်း ပေါလု ပြောနေတာ မှန်ပါတယ်။ ဒါပေမဲ့ “အချိန်မတန်ဘဲ မွေးလာ​တဲ့သူ” လို့ ပြောတာ ဘာအဓိပ္ပာယ်လဲ။ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။

ပေါလု​ရဲ့ ပြောင်းလဲမှု​ဟာ ရုတ်တရက် ဖြစ်တယ်။ နာကျင်စရာ​နဲ့ စတယ်။ အချိန်မတန်ဘဲ မွေးတာမျိုးက ရုတ်တရက် ဖြစ်လေ့​ရှိတယ်။ (နောက်ပိုင်းမှာ ပေါလု​လို့ သိလာကြတဲ့) ရှောလုဟာ ဒမတ်စကတ်​မြို့က ခရစ်ယာန်တွေကို ညှဉ်းပန်း​ဖို့ ခရီး​ထွက်လာတယ်။ ထမြောက်​သွားပြီ ဖြစ်တဲ့ ယေရှုကို စိတ်​အာရုံမှာ တွေ့ရ​မယ်​လို့ မျှော်လင့်မထားဘူး။ ပေါလု​ရဲ့ ပြောင်းလဲမှု​ဟာ ကိုယ်တိုင်​အတွက်​သာမက အဲဒီ​မြို့က သူ ညှဉ်းပန်း​မယ့် ခရစ်ယာန်တွေ​အတွက်ပါ မျှော်လင့်မထားတဲ့​ကိစ္စ ဖြစ်တယ်။ ဒါ့အပြင် ဒီအဖြစ်အပျက်ကြောင့် ပေါလု စိတ်ရော​ကိုယ်​ပါ ထိခိုက်​နာကျင်​ရတယ်။ အမြင်အာရုံ​တောင် ယာယီ ချို့တဲ့​သွားတယ်။—တ. ၉:၁-၉၊ ၁၇-၁၉

ပေါလု​ဟာ “အချိန်အခါ မဟုတ်” ပြောင်းလဲခဲ့တယ်။ “အချိန်မတန်ဘဲ မွေးလာ​တဲ့သူ” ဆိုတဲ့ မူရင်း ဂရိ​စကားလုံးကို “အချိန်အခါ မဟုတ် မွေးလာ​တဲ့သူ” လို့လည်း ပြန်ဆို​နိုင်တယ်။ “ဘယ်သူမှ မျှော်လင့်မထားတဲ့​အချိန်မှာ မွေးလာ​တဲ့သူ” လို့ ဂျေရုဆလင် ကျမ်းစာ မှာ ဆိုထားတယ်။ ပေါလု ပြောင်းလဲ​လာချိန်​မှာ ယေရှု ကောင်းကင် ပြန်ရောက်နေပြီ။ ရှေ့​အခန်းငယ်​တွေ​မှာ ပေါလု ဖော်ပြတဲ့သူတွေဟာ ထမြောက်​သွားပြီ ဖြစ်တဲ့ ယေရှုကို ကောင်းကင် တက်ကြွ​မသွားခင် မြင်လိုက်ကြရတယ်။ ပေါလုကျတော့ မမြင်လိုက်ရဘူး။ (၁ ကော. ၁၅:၄-၈) ဒါပေမဲ့ မမျှော်လင့်ဘဲ ယေရှု ကိုယ်ထင်ပြ​လို့ ပေါလု​ဟာ ထမြောက်​သွားပြီ ဖြစ်တဲ့ ယေရှုကို “အချိန်အခါ မဟုတ်” မြင်လိုက်ရတယ်။

ပေါလု​ဟာ မိမိ​အကြောင်း နှိမ့်နှိမ့်ချချ ပြောနေတာ ဖြစ်တယ်။ ကျမ်းပညာရှင်​တချို့ အဆို​အရ ပေါလု​ဟာ မိမိ​အကြောင်း ချိုးချိုးနှိမ်နှိမ် ပြောနေတာ၊ တမန်တော် ဖြစ်ခွင့်​နဲ့ မထိုက်တန်ဘူးလို့ အသိအမှတ်ပြု​နေတာ ဖြစ်တယ်။ “ကျွန်တော်ဟာ တမန်တော်တွေ​ထဲ​မှာ အရေးမပါဆုံး​သူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်​လို့​တောင် အခေါ်မခံထိုက်ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီ​တာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ” လို့ ပေါလု ဆက်ပြောလို့ပဲ။—၁ ကော. ၁၅:၉၊ ၁၀

ဒါကြောင့် မျှော်လင့်မထားတဲ့ ပုံစံနဲ့ ယေရှု ရုတ်တရက် ကိုယ်ထင်ပြတာ၊ မျှော်လင့်မထားတဲ့​အချိန်မှာ မိမိ ပြောင်းလဲ​လာတာ၊ ဒီလို​စိတ်အာရုံကို မြင်ခွင့်မရထိုက်ဘဲ ရ​လိုက်တာကို ရည်ညွှန်းပြီး ပေါလု ပြောတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီ​အတွေ့အကြုံကို ပေါလု တန်ဖိုးထားတယ်။ ယေရှု သေရာကနေ ထမြောက်ပြီဆိုတာ ခြွင်းချက်​မရှိ ယုံသွားတယ်။ ဒါကြောင့် ယေရှုရဲ့ ထမြောက်ခြင်း​အကြောင်း တခြားသူတွေကို ဟောပြောတဲ့အခါ ဒီ​အတွေ့အကြုံကို မကြာခဏ ထည့်ပြောတယ်။—တ. ၂၂:၆-၁၁။ ၂၆:၁၃-၁၈