လေ့လာရန် ဆောင်းပါး ၃၇
ညီအစ်ကိုတွေကို ယုံကြည်စိတ်ချပါ
‘မေတ္တာဟာ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။’—၁ ကော. ၁၃:၇။
သီချင်း ၁၂၄ သစ္စာမြဲပါ
အကြိုသုံးသပ်ချက် *
၁။ ဒီလောကမှာ ယုံကြည်စိတ်ချရသူ ရှားလာတာ ဘာကြောင့် မအံ့ဩသင့်သလဲ။
စာတန့်လောကမှာ လူတွေ ဘယ်သူ့ကို ယုံကြည်စိတ်ချရမှန်း မသိ ဖြစ်နေကြတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေကြောင့် စိတ်ပျက်ကြရတယ်။ မိတ်ဆွေ၊ အိမ်နီးချင်း၊ မိသားစုဝင်တွေကိုလည်း မယုံကြတော့ဘူး။ ဒါကို မအံ့ဩသင့်ပါဘူး။ ‘နောက်ဆုံးကာလမှာ လူတွေဟာ သစ္စာမရှိသူ၊ သွားပုပ်လေလွင့်ပြောသူ၊ သစ္စာဖောက်သူတွေ ဖြစ်ကြလိမ့်မယ်’ လို့ ကျမ်းစာမှာ ကြိုဟောထားလို့ပဲ။ တကယ်တော့ ယုံကြည်စိတ်ချလို့ မရတဲ့ ဒီလောကစနစ်ရဲ့ ဘုရား စာတန့် စရိုက်ကို သူတို့ တုပနေကြတာ။—၂ တိ. ၃:၁-၅။ ၂ ကော. ၄:၄။
၂။ (က) ဘယ်သူတွေနဲ့ ဘာကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်သလဲ။ (ခ) တချို့ ဘယ်လို တွေးမိနိုင်သလဲ။
၂ ခရစ်ယာန်တွေအနေနဲ့ ယေဟောဝါကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။ (ယေ. ၁၇:၇၊ ၈) ကျွန်တော်တို့ကို ဘုရား ချစ်ကြောင်း၊ မိမိ မိတ်ဆွေတွေကို “ဘယ်တော့မှ မစွန့်ပစ်” ကြောင်း ကျွန်တော်တို့ စိတ်ချကြတယ်။ (ဆာ. ၉:၁၀) ကျွန်တော်တို့အတွက် အသက်ပေးခဲ့တဲ့ ခရစ်တော် ယေရှုကိုလည်း ယုံကြည်စိတ်ချနိုင်တယ်။ (၁ ပေ. ၃:၁၈) ကျမ်းစာ လမ်းညွှန်ချက်တွေ စိတ်ချထိုက်ကြောင်းလည်း ကိုယ်တွေ့ သိခဲ့ကြပြီ။ (၂ တိ. ၃:၁၆၊ ၁၇) ယေဟောဝါ၊ ယေရှုနဲ့ ကျမ်းစာကို ယုံကြည်စိတ်ချနိုင်တာ သေချာတယ်။ ဒါပေမဲ့ အသင်းတော်က ညီအစ်ကို/မတွေကိုကော စိတ်ချရရဲ့လားလို့ တချို့ တွေးမိနိုင်တယ်။ စိတ်ချရပါတယ်။ ဘာကြောင့်လဲ။
ညီအစ်ကို/မတွေကို ကျွန်တော်တို့ လိုအပ်
၃။ ကျွန်တော်တို့ ဘယ်အခွင့်ထူး ရထားသလဲ။ (မာကု ၁၀:၂၉၊ ၃၀)
၃ မိမိကို ဝတ်ပြုဖို့ ကမ္ဘာချီ မိသားစုဝင်အဖြစ် ကျွန်တော်တို့ကို ယေဟောဝါ ရွေးချယ်ထားတယ်။ ကောင်းကျိုး များစွာ ရရှိစေတဲ့ အခွင့်ထူးပါပဲ။ (မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။) ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကို ချစ်တဲ့၊ ဘုရားစံနှုန်းတွေအတိုင်း နေထိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ ညီအစ်ကို/မတွေ ကျွန်တော်တို့ ရထားတယ်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဝတ်စားပုံတွေ မတူကြပေမဲ့ တွေ့တွေ့ချင်းမှာပဲ ရင်းနှီးသွားကြတယ်။ ကောင်းကင်ဘုံစံ မေတ္တာရှင် ဖခင်ကို သူတို့နဲ့အတူ ချီးမွမ်း၊ ဝတ်ပြုခွင့် ရထားလို့ ကျေးဇူးတင်ကြတယ်။—ဆာ. ၁၃၃:၁။
၄။ ညီအစ်ကို/မတွေကို ဘာကြောင့် လိုအပ်သလဲ။
၄ ညီအစ်ကို/မတွေနဲ့ စည်းစည်းလုံးလုံး ရှိနေဖို့ အခုအချိန်မှာ ပိုလိုအပ်တယ်။ ကျွန်တော်တို့ရဲ့ ဝန်တွေကို သူတို့ တစ်ခါတလေ ကူထမ်းပေးကြတယ်။ (ရော. ၁၅:၁။ ဂလ. ၆:၂) ယေဟောဝါရဲ့ အမှုတော်မှာ ထက်သန်နေဖို့၊ ဘုရားနဲ့ မိတ်ဆွေ ဆက်ဖြစ်နေဖို့ အားပေးကြတယ်။ (၁ သက်. ၅:၁၁။ ဟီ. ၁၀:၂၃-၂၅) အသင်းတော်ရဲ့ အကာအကွယ်သာ မရှိဘဲ ရန်သူ စာတန်မာရ်နတ်နဲ့ ဆိုးညစ်တဲ့ လောကကို ကျွန်တော်တို့ ကြံ့ကြံ့ခံနေရရင် ဘယ်လို ဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်ပါ။ စာတန်နဲ့ စာတန့်ထိန်းချုပ်မှုအောက်က လူတွေ မကြာခင် ဘုရားကျေးကျွန်တွေကို တိုက်ခိုက်ကြတော့မယ်။ ကျွန်တော်တို့ ဘေးနားမှာ ညီအစ်ကို/မတွေ ရှိနေလို့ ကျေးဇူးတင်စရာပါပဲ။
၅။ ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချဖို့ တချို့အတွက် ဘာကြောင့် ခက်နိုင်သလဲ။
၅ ညီအစ်ကို/မတစ်ယောက်ယောက် နှုတ်မလုံလို့၊ ကတိ မတည်လို့၊ ကိုယ့်ကို အကြီးအကျယ် ထိခိုက်အောင် ပြောမိ၊ လုပ်မိလို့ ယုံကြည်စိတ်ချဖို့ တချို့အတွက် ခက်နိုင်တယ်။ ယုံကြည်စိတ်ချမှု တည်ဆောက်ဖို့ ဘာက ကူညီပေးနိုင်သလဲ။
မေတ္တာက ယုံကြည်စိတ်ချမှု တည်ဆောက်ဖို့ ကူညီပေး
၆။ မေတ္တာက ယုံကြည်စိတ်ချမှု တည်ဆောက်ရာမှာ ဘယ်လို ကူညီပေးနိုင်သလဲ။ (၁ ကောရိန္သု ၁၃:၄-၈)
၆ ယုံကြည်စိတ်ချမှုအတွက် မေတ္တာ အဓိကကျတယ်။ ကောရိန္သု ပထမစောင် အခန်းကြီး ၁၃ မှာ ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ဖို့၊ ပြန်တည်ဆောက်နိုင်ဖို့ ကူညီပေးတဲ့ မေတ္တာအသွင်အပြင်တွေကို ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၃:၄-၈ ကို ဖတ်ပါ။) ဥပမာ၊ အခန်းငယ် ၄ မှာ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်” လို့ ပြောထားတယ်။ ယေဟောဝါဘုရားကို ပြစ်မှားမိချိန်မှာတောင် ကျွန်တော်တို့ကို ဘုရား စိတ်ရှည်တယ်။ ဒါကြောင့် ညီအစ်ကို/မတွေ ကျွန်တော်တို့ကို စိတ်ဆိုးအောင်၊ ထိခိုက်အောင် ပြောမိ၊ လုပ်မိတဲ့အခါ စိတ်ရှည်ရမယ်။ အခန်းငယ် ၅ မှာ “[မေတ္တာဟာ] ဒေါသ မထွက်တတ်ဘူး။ နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး” လို့ ပြောထားတယ်။ ဒါကြောင့် ညီအစ်ကိုတွေ ပြောမိ၊ လုပ်မိတာကို စိတ်ထဲ တေးမှတ်ထားမှာ မဟုတ်ဘူး။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့” လို့ ဒေသနာ ၇:၉ မှာ ပြောတယ်။ “စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့” ဆိုတဲ့ ဧဖက် ၄:၂၆ ပါ စကားတွေကို လိုက်နာတာ သိပ်ကောင်းတယ်။
၇။ မဿဲ ၇:၁-၅ မှာ ပါတဲ့ မူတွေက ယုံကြည်စိတ်ချမှု တည်ဆောက်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၇ ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ဖို့ နောက်ထပ် ကူညီပေးတာကတော့ ညီအစ်ကို/မတွေကို ယေဟောဝါ မြင်သလို မြင်ခြင်းပါပဲ။ သူတို့ကို ဘုရား ချစ်တယ်။ အပြစ်တွေ မှတ်မထားဘူး။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ဖြစ်သင့်တယ်။ (ဆာ. ၁၃၀:၃) သူတို့ရဲ့ အမှားတွေအစား အရည်အသွေးကောင်းတွေ၊ အလားအလာကောင်းတွေကို အာရုံစိုက်သင့်တယ်။ (မဿဲ ၇:၁-၅ ကို ဖတ်ပါ။) ‘မေတ္တာဟာ အရာရာကို ယုံတတ်’ တဲ့အတွက် သူတို့ကို သံသယ မဝင်သင့်ဘူး။ (၁ ကော. ၁၃:၇) အဲဒီလို ပြောလို့ တခြားသူတွေကို မျက်စိမှိတ် ယုံလိုက်ဖို့ ယေဟောဝါ မမျှော်လင့်ဘူး။ ယုံကြည်စိတ်ချထိုက်ကြောင်း ပြနေလို့သာ စိတ်ချစေချင်တာ။ *
၈။ ညီအစ်ကိုတွေကို ယုံကြည်စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။
၈ ညီအစ်ကိုတွေကို ယုံကြည်စိတ်ချဖို့ အချိန် လိုတယ်။ ဘယ်လိုနည်းနဲ့ သူတို့ကို ယုံကြည်စိတ်ချလာနိုင်သလဲ။ သူတို့အကြောင်း ကောင်းကောင်း သိအောင် လုပ်ပါ။ အသင်းတော် အစည်းအဝေးတွေမှာ စကားပြောပါ။ အမှုဆောင်မှာ အတူပါဝင်ပါ။ သူတို့ကို စိတ်ရှည်ပါ။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြဖို့ အခွင့်အရေး ပေးပါ။ ကိုယ်နဲ့ သိကျွမ်းခါစ တစ်ယောက်ယောက်ကို ချက်ချင်း အတွင်းရေးတွေ အကုန် မပြောဘဲ ပိုခင်လာတဲ့အခါကျမှ ပြောပြနိုင်တယ်။ (လု. ၁၆:၁၀) ဒါပေမဲ့ သူ နှုတ်မလုံတဲ့အခါ ဘာလုပ်မလဲ။ ချက်ချင်း အဆက်မဖြတ်လိုက်ပါနဲ့။ အချိန်ပေးပါ။ တစ်ယောက်ကြောင့် စိတ်ထိခိုက်ရတာနဲ့ပဲ ကျန်တဲ့ညီအစ်ကိုတွေကိုပါ မယုံတော့တာမျိုး မဖြစ်ပါစေနဲ့။ တချို့ကြောင့် စိတ်ပျက်ရပေမဲ့ တခြားသူတွေကို ဆက်ယုံကြည်နေတဲ့ ရှေးသစ္စာရှိ ကျေးကျွန်တွေအကြောင်း သုံးသပ်ကြည့်ရအောင်။
တခြားသူတွေကို ဆက်ယုံကြည်စိတ်ချနေသူတွေဆီကနေ သင်ယူပါ
၉။ (က) တာဝန်ရှိသူတချို့ အမှားတွေ လုပ်တာတောင် ယေဟောဝါရဲ့ အစီအစဉ်ကို ဟန္န ဘယ်လို ဆက်ယုံကြည်စိတ်ချသလဲ။ (ခ) ယေဟောဝါရဲ့ အစီအစဉ်ကို ယုံကြည်စိတ်ချတာနဲ့ပတ်သက်ပြီး ဟန္နရဲ့ အဖြစ်က ဘာသင်ပေးသလဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၉ တာဝန်ရှိ ညီအစ်ကိုတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် စိတ်ထိခိုက်ဖူးသလား။ ဒါဆိုရင် ဟန္နအကြောင်း စဉ်းစားခြင်းကနေ အကျိုးရနိုင်တယ်။ အဲဒီတုန်းက အစ္စရေးမှာ ဝတ်ပြုရေးကို ပုရောဟိတ်မင်း ဧလိ ဦးဆောင်နေတယ်။ သူ့မိသားစုကတော့ ပုံသက်သေ မကောင်းဘူး။ ပုရောဟိတ်တွေအဖြစ် အမှုဆောင်နေတဲ့ သားတွေ အကျင့်ပျက်နေကြတယ်။ သူတို့ကို ဧလိ ကောင်းကောင်း မဆုံးမဘူး။ ဧလိကို ပုရောဟိတ်မင်းအဖြစ်ကနေ ယေဟောဝါ ချက်ချင်း မဖယ်ရှားခဲ့ဘူး။ ဒါပေမဲ့ ဘုရားအစီအစဉ်ကို ဟန္န ကလန်ကဆန် လုပ်ပြီး ပုရောဟိတ်မင်းအဖြစ် ဧလိ အမှုဆောင်နေသရွေ့ တဲတော်မှာ လာဝတ်မပြုတာမျိုး မလုပ်ဘူး။ တစ်ခေါက်၊ ဟန္န အကြီးအကျယ် စိတ်ဆင်းရဲပြီး ဆုတောင်းနေတာကို ဧလိ မြင်တဲ့အခါ ဝိုင်မူးနေတယ်လို့ အထင်လွဲသွားတယ်။ စိတ်ဖိစီးနေတဲ့ ဟန္နကို မမေးမစမ်းဘဲ ပြစ်တင်ဝေဖန်လိုက်တယ်။ (၁ ရှ. ၁:၁၂-၁၆) ဒါတောင် သားလေး မွေးရင် ဧလိ လက်အောက်က တဲတော်မှာ အမှုဆောင်ဖို့ ခေါ်လာပါ့မယ်လို့ ယေဟောဝါဆီ ဟန္န သစ္စာကတိပြုတယ်။ (၁ ရှ. ၁:၁၁) အချိန်တန်တဲ့အခါ ဧလိရဲ့ သားတွေကို ယေဟောဝါ ဆုံးမပြီး ပြစ်ဒဏ်ပေးတယ်။ (၁ ရှ. ၄:၁၇) ဟန္နကိုတော့ ရှမွေလဆိုတဲ့ သားတစ်ယောက် ပေးပြီး ဆုချတယ်။—၁ ရှ. ၁:၁၇-၂၀။
၁၀။ သစ္စာဖောက် ခံရတာတောင် တခြားသူတွေကို ဘုရင် ဒါဝိဒ် ဘယ်လို ဆက်ယုံကြည်စိတ်ချသလဲ။
၁၀ မိတ်ဆွေတစ်ယောက် သစ္စာဖောက်တာ ခံရဖူးသလား။ ခံရဖူးတယ်ဆိုရင် ဘုရင် ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ ဒါဝိဒ်မှာ အဟိသောဖေလဆိုတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ ဒါဝိဒ်ရဲ့ သား အဗရှလုံ နန်းလုချိန်မှာ အဗရှလုံဘက် အဟိသောဖေလ ပါသွားတယ်။ မိတ်ဆွေအဖြစ် ကိုယ်သတ်မှတ်ထားသူနဲ့ သားဖြစ်သူ ပုန်ကန်လို့ ဒါဝိဒ် တော်တော် စိတ်ထိခိုက်မှာပဲ။ ဒါပေမဲ့ ဒီသစ္စာဖောက်မှုကြောင့် တခြားသူတွေကို မယုံတော့တာမျိုး အဖြစ်မခံဘူး။ ပုန်ကန်မှုမှာ မပါတဲ့ သစ္စာရှိ မိတ်ဆွေ ဟုရှဲကို ဆက်ယုံကြည်စိတ်ချတယ်။ ဒါဝိဒ်ရဲ့ ယုံကြည်စိတ်ချမှု အလကား မဖြစ်ပါဘူး။ ဒါဝိဒ်ကို ကူညီဖို့ အသက်ကိုတောင် စွန့်ပြီး မိတ်ဆွေကောင်း ဖြစ်ကြောင်း ဟုရှဲ သက်သေပြလို့ပဲ။—၂ ရှ. ၁၇:၁-၁၆။
၁၁။ နာဗလရဲ့ ကျွန်တစ်ယောက် အဘိဂဲလကို ယုံကြည်စိတ်ချကြောင်း ဘယ်လို ပြသလဲ။
၁၁ နာဗလရဲ့ ကျွန်တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ဒါဝိဒ်နဲ့ သူ့လူတွေက အစ္စရေးအမျိုးသား သူဌေးကြီး နာဗလရဲ့ ကျွန်တွေကို ကာကွယ်ပေးတယ်။ နောက်ပိုင်း၊ ပိုလျှံတဲ့ စားစရာလေး ပေးဖို့ ဒါဝိဒ်ရဲ့ လူတွေ တောင်းဆိုတဲ့အခါ နာဗလ ငြင်းလွှတ်လိုက်တယ်။ ဒါဝိဒ် စိတ်ဆိုးပြီး နာဗလရဲ့ အိမ်သား ယောကျ်ားအားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအကြောင်း နာဗလရဲ့ ဇနီး အဘိဂဲလကို ကျွန်တစ်ယောက် လာပြောပြတယ်။ သူလည်း အိမ်သားတစ်ယောက်ပဲမို့ သူ့အသက်ကို အဘိဂဲလ ကယ်နိုင်မယ်ဆိုတာ သိတယ်။ ရှောင်ပြေးမယ့်အစား အဘိဂဲလကို စိတ်ချပြီး အကူအညီ လာတောင်းတယ်။ ဉာဏ်ပညာရှိတဲ့ အမျိုးသမီး ဖြစ်မှန်း သိထားလို့ အခုလို ယုံကြည်စိတ်ချတာ။ သူ ယုံကြည်စိတ်ချတာ မှန်သွားတယ်။ ဒါဝိဒ် ကို အဘိဂဲလ သတ္တိရှိရှိ ဖျောင်းဖျလိုက်တယ်။ (၁ ရှ. ၂၅:၂-၃၅) ဒါဝိဒ် ချင့်ချင့်ချိန်ချိန် လုပ်ဆောင်မယ်ဆိုတာ အဘိဂဲလ ယုံကြည်တယ်။
၁၂။ တပည့်တွေမှာ အားနည်းချက်တွေ ရှိပေမဲ့ သူတို့ကို ယုံကြည်စိတ်ချကြောင်း ယေရှု ဘယ်လို ပြသလဲ။
၁၂ တပည့်တွေမှာ အားနည်းချက်တွေ ရှိပေမဲ့ သူတို့ကို ယေရှု ယုံကြည်စိတ်ချတယ်။ (ယော. ၁၅:၁၅၊ ၁၆) နိုင်ငံတော်မှာ နေရာကောင်း ရဖို့ ယေရှုဆီ ယာကုပ်နဲ့ ယောဟန် တောင်းဆိုချိန်မှာ ဘုရားအမှုဆောင်ရတဲ့ သူတို့ရဲ့ စိတ်ရင်းကို ယေရှု သံသယ မဝင်ဘူး။ တမန်တော်တွေအဖြစ်ကနေ မဖယ်ရှားလိုက်ဘူး။ (မာ. ၁၀:၃၅-၄၀) နောက်ပိုင်း၊ ယေရှု အဖမ်းခံရတဲ့ ညမှာ တပည့်အားလုံး ယေရှုကို ထားခဲ့ပြီး ထွက်ပြေးကြတယ်။ (မ. ၂၆:၅၆) ဒါပေမဲ့ သူတို့ကို အယုံအကြည် မပျက်ဘူး။ သူတို့ရဲ့ အားနည်းချက်တွေကို ကောင်းကောင်း သိတယ်။ “သက်ဆုံးတိုင်အောင် ချစ်ခဲ့တယ်။” (ယော. ၁၃:၁) ရှင်ပြန်ထမြောက်ပြီးနောက် သစ္စာရှိ တမန်တော် ၁၁ ယောက်ကို တာဝန်ကြီးတွေ ပေးတယ်။ တပည့်ဖြစ်စေခြင်း လုပ်ငန်းကို ဦးဆောင်ဖို့၊ အဖိုးတန်သိုးတွေကို စောင့်ရှောက်ပေးဖို့ပါ။ (မ. ၂၈:၁၉၊ ၂၀။ ယော. ၂၁:၁၅-၁၇) မစုံလင်တဲ့ ဒီအမျိုးသားတွေကို ယေရှု ယုံကြည်တာ မမှားပါဘူး။ သူတို့အားလုံး မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိ သစ္စာရှိရှိ အမှုဆောင်ခဲ့ကြတယ်။ ဟန္န၊ ဒါဝိဒ်၊ နာဗလရဲ့ ကျွန်၊ အဘိဂဲလနဲ့ ယေရှုဟာ မစုံလင်သူ လူသားတွေကို ယုံကြည်စိတ်ချရာမှာ ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။
ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်ခြင်း
၁၃။ ယုံကြည်စိတ်ချဖို့ ခက်ရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။
၁၃ ကိုယ်ယုံကြည်စိတ်ချလို့ အတွင်းရေးတွေ ပြောပြထားတဲ့ ညီအစ်ကိုတစ်ယောက် နောက်ပိုင်း ကိုယ့်ကို သစ္စာဖောက်သွားတာ ကြုံဖူးသလား။ စိတ်ပျက်စရာပါပဲ။ တစ်ခါက ညီအစ်မတစ်ယောက် အကြီးအကဲတစ်ယောက်ကို ကိုယ်ရေးကိုယ်တာကိစ္စ ရင်ဖွင့်တယ်။ နောက်တစ်နေ့မှာ အကြီးအကဲရဲ့ ဇနီးက ညီအစ်မကို ဖုန်းဆက်ပြီး အားပေးတယ်။ အကြီးအကဲကိုပဲ သီးသန့်ပြောထားတဲ့ကိစ္စ ပေါက်ကြားသွားလို့ပေါ့။ အကြီးအကဲကို ညီအစ်မ ယုံဖို့ သိပ်ခက်သွားမှာပဲ။ ဒါပေမဲ့ အကြီးအကဲ နောက်တစ်ယောက်ကို ပြောပြပြီး ညီအစ်မ အကူအညီတောင်းတယ်။ အကြီးအကဲတွေကို ပြန်ယုံကြည်စိတ်ချလာအောင် အဲဒီအကြီးအကဲ ကူညီပေးတယ်။
၁၄။ ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်နိုင်အောင် ညီအစ်ကိုတစ်ယောက်ကို ဘာက ကူညီပေးသလဲ။
၁၄ ညီအစ်ကိုတစ်ယောက် အကြီးအကဲ နှစ်ယောက်ကို စိတ်ပျက်နေတာ တော်တော်ကြာပြီ။ သူတို့ကို ယုံလို့ မရဘူးလို့ ခံစားနေရတယ်။ ဒါပေမဲ့ “ကျွန်တော်တို့ရဲ့ ရန်သူဟာ စာတန်။ ညီအစ်ကို/မတွေ မဟုတ်ဘူး” လို့ သူ သိပ်လေးစားတဲ့ ညီအစ်ကိုတစ်ယောက် ပြောတာကို ပြန်တွေးမိတယ်။ အဲဒီစကားကို ညီအစ်ကို သေသေချာချာ ဆုတောင်းစဉ်းစားတယ်။ နောက်ဆုံး၊ အကြီးအကဲနှစ်ယောက်နဲ့ ပြေလည်အောင် လုပ်နိုင်ခဲ့တယ်။
၁၅။ ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်ဖို့ ဘာကြောင့် အချိန် လိုသလဲ။ ဥပမာ ပေးပါ။
၁၅ အခွင့်ထူးတစ်ခု ဆုံးရှုံးဖူးသလား။ စိတ်ထိခိုက်စရာပါပဲ။ ညီအစ်မ ဂရေးတာနဲ့ မိခင်ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်း အဖွဲ့အစည်း လုပ်ငန်းကို ပိတ်ပင်ထားတဲ့ နာဇီဂျာမနီမှာ နေထိုင်တဲ့ သစ္စာရှိ သက်သေခံတွေ ဖြစ်တယ်။ ညီအစ်ကို/မတွေအတွက် ကင်းမျှော်စင် စာရိုက်ပေးရတဲ့ အခွင့်ထူးကို ဂရေးတာ သိပ်နှစ်သက်တယ်။ ဒါပေမဲ့ အမှန်တရားကို ဂရေးတာရဲ့ အဖေ ဆန့်ကျင်မှန်း ညီအစ်ကိုတွေ သိသွားတဲ့အခါ ဆန့်ကျင်သူတွေကို သတင်းပေးလိုက်မှာ စိုးပြီး ဂရေးတာကို အဲဒီအခွင့်ထူး ဆက်မပေးကြတော့ဘူး။ ဂရေးတာ ကြုံရတဲ့ စမ်းသပ်မှုက ဒီလောက်ပဲ မဟုတ်ဘူး။ ဒုတိယ ကမ္ဘာစစ် တစ်လျှောက်လုံး ဂရေးတာတို့ သားအမိကို ညီအစ်ကိုတွေ မဂ္ဂဇင်းတွေ မပေးကြဘူး။ လမ်းမှာ တွေ့ရင်တောင် စကား မပြောကြဘူး။ တကယ့်ကို စိတ်ထိခိုက်စရာပါပဲ။ ဂရေးတာ တော်တော် ခံစားရတယ်။ ညီအစ်ကိုတွေကို ခွင့်လွှတ်ပြီး ပြန်ယုံကြည်စိတ်ချဖို့ အချိန် အတော်ယူခဲ့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါတောင် ခွင့်လွှတ်မှတော့ ကိုယ်လည်း ခွင့်လွှတ်ရမယ်ဆိုတာ အသိအမှတ်ပြုတယ်။ *
“ကျွန်တော်တို့ရဲ့ ရန်သူဟာ စာတန်။ ညီအစ်ကို/မတွေ မဟုတ်ဘူး”
၁၆။ ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချဖို့ ဘာကြောင့် ကြိုးစားရမလဲ။
၁၆ အဲဒီလို စိတ်ပျက်စရာတွေ ကြုံဖူးရင် ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်ဖို့ ကြိုးစားပါ။ အချိန် လိုနိုင်ပေမဲ့ သင့်ကြိုးစားမှု အလကား မဖြစ်ပါဘူး။ ဥပမာ၊ တစ်ကြိမ် အစာ အဆိပ်သင့်ဖူးရင် နောက်ပိုင်း အစာစားတိုင်း ပိုဂရုစိုက်မှာပဲ။ ဒါပေမဲ့ မကောင်းတဲ့ အစာနဲ့ တစ်ကြိမ် တိုးမိလို့ လုံးဝ အစာ မစားတော့တာမျိုး လုပ်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ၊ မကောင်းတဲ့ အတွေ့အကြုံတစ်ခုကြောင့် ညီအစ်ကို/မ အားလုံးကို မယုံတော့တာမျိုး မဖြစ်သင့်ဘူး။ သူတို့ မစုံလင်မှန်း ကျွန်တော်တို့ သိထားတယ်။ ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်မယ်ဆိုရင် ပိုပျော်ရွှင်လာမယ်။ အသင်းတော်မှာ ယုံကြည်စိတ်ချမှု တိုးများလာအောင် ကိုယ်ဘာလုပ်ရမလဲဆိုတာ ပိုအာရုံစိုက်လာနိုင်မယ်။
၁၇။ ယုံကြည်စိတ်ချမှု ရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၇ စာတန့်လောကမှာ အချင်းချင်း ယုံကြည်စိတ်ချမှု မရှိတော့သလောက်ပဲ။ ဒါပေမဲ့ ကမ္ဘာချီ ညီအစ်ကို/မတွေကြားမှာတော့ မေတ္တာကို အခြေခံတဲ့ ယုံကြည်စိတ်ချမှု အပြည့်ပါပဲ။ အဲဒီယုံကြည်စိတ်ချမှုက လောလောဆယ် ပျော်ရွှင်၊ စည်းလုံးစေတယ်။ ရှေ့မှာ အခက်အခဲတွေ ကြုံရတဲ့အခါ အကာအကွယ် ဖြစ်စေပါလိမ့်မယ်။ ယုံကြည်မှု ဖောက်ဖျက်ခံရတယ်ဆိုရင်ကော။ ကိစ္စရပ်တွေကို ယေဟောဝါ မြင်သလို မြင်တတ်ဖို့ ကြိုးစားပါ။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးပါ။ ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ပါ။ ကျမ်းစာပုံနမူနာတွေကနေ သင်ယူပါ။ စိတ်ထိခိုက်စရာ ခံစားချက်တွေကို ကျော်လွှားနိုင်ပြီး ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်နိုင်ပါတယ်။ အဲဒီလို လုပ်မယ်ဆိုရင် “ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေ” များစွာ ရပါလိမ့်မယ်။ (ပညာ. ၁၈:၂၄) ဒါပေမဲ့ ယုံကြည်စိတ်ချမှုဆိုတာ နှစ်လမ်းသွား ဖြစ်တယ်။ ကိုယ်တိုင်လည်း ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ဘယ်လို ပြနိုင်မလဲဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သီချင်း ၉၉ မြောက်မြားလှတဲ့ ညီအစ်ကိုများ
^ ညီအစ်ကိုတွေကို ကျွန်တော်တို့ ယုံကြည်စိတ်ချဖို့ လိုတယ်။ တစ်ခါတလေ ကျွန်တော်တို့ စိတ်ပျက်အောင် သူတို့ လုပ်တဲ့အတွက် အဲဒီလို စိတ်ချဖို့ အမြဲတော့ မလွယ်ဘူး။ ကျမ်းစာမူတွေကို ကျင့်သုံးခြင်း၊ ရှေးခေတ် ပုံနမူနာတွေကို တွေးတောခြင်းက ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချဖို့၊ ကိုယ်စိတ်ပျက်အောင် သူတို့ လုပ်တဲ့အခါမှာတောင် ဆက်ယုံကြည်စိတ်ချနေဖို့ ကူညီပေးကြောင်း ဒီဆောင်းပါးကနေ သိလာပါမယ်။
^ အသင်းတော်မှာ တချို့ ယုံကြည်စိတ်ချထိုက်သူတွေ ဖြစ်မှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ယု. ၄) တခြားသူတွေကို လှည့်စားဖို့ ညီအစ်ကို အတုအယောင်တွေဟာ “မှားယွင်းတဲ့ အကြောင်းအရာတွေ” သွန်သင်ပေးတာမျိုး ရှိနိုင်တယ်။ (တ. ၂၀:၃၀) အဲဒီလိုလူတွေကို ကျွန်တော်တို့ မယုံကြည်သင့်ဘူး။ သူတို့စကား နားမထောင်သင့်ဘူး။
^ ဂရေးတာအကြောင်း ထပ်သိချင်ရင် ၁၉၇၄၊ ယေဟောဝါသက်သေများရဲ့ နှစ်ချုပ်စာအုပ် (အင်္ဂလိပ်) စာ. ၁၂၉-၁၃၁ ကို ကြည့်ပါ။