လေ့လာရန် ဆောင်းပါး ၃၈
ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြပါ
‘ယုံကြည်စိတ်ချထိုက်သူက လျှို့ဝှက်ထားတတ်တယ်။’—ပညာ. ၁၁:၁၃။
သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း
အကြိုသုံးသပ်ချက် *
၁။ ယုံကြည်စိတ်ချထိုက်သူဟာ ဘယ်လို လူစားမျိုးလဲ။
ယုံကြည်စိတ်ချထိုက်သူဟာ ကတိတည်တယ်။ အမှန် ပြောတယ်။ (ဆာ. ၁၅:၄) သူ့ကို အားကိုးလို့ ရမှန်း လူတွေ သိကြတယ်။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး ညီအစ်ကို/မတွေ အဲဒီလို ခံစားစေချင်တယ်။ သူတို့ရဲ့ ယုံကြည်စိတ်ချမှု ရဖို့ ဘာက ကူညီပေးနိုင်သလဲ။
၂။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၂ ကိုယ့်ကို ယုံကြည်စိတ်ချလာအောင် တခြားသူတွေကို အတင်းဖိအားပေးလို့ မရဘူး။ ယုံကြည်စိတ်ချအောင် နေရမယ်။ ယုံကြည်စိတ်ချမှုဟာ ငွေနဲ့ တူတယ်။ ရှာရ ခက်သလောက် ကုန်သွားဖို့ သိပ်လွယ်တယ်။ ယေဟောဝါဟာ တကယ် ယုံကြည်စိတ်ချထိုက်သူ ဖြစ်တယ်။ “ဘုရားလုပ်ဆောင်သမျှ ယုံကြည်စိတ်ချထိုက်” တဲ့အတွက် အမြဲ ယုံကြည်စိတ်ချနိုင်တယ်။ (ဆာ. ၃၃:၄) ဘုရားကို ကျွန်တော်တို့ တုပဖို့ ဘုရား မျှော်လင့်တယ်။ (ဧ. ၅:၁) အခု၊ ဘုရားကို တုပခဲ့တဲ့၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြခဲ့တဲ့ ရှေးခေတ်ကျေးကျွန်တချို့အကြောင်း သုံးသပ်ကြည့်ကြစို့။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်အောင် ကူညီပေးမယ့် အရည်အသွေး ငါးခုကိုလည်း လေ့လာကြပါမယ်။
ယေဟောဝါရဲ့ ယုံကြည်စိတ်ချထိုက်တဲ့ ကျေးကျွန်တွေဆီကနေ သင်ယူပါ
၃-၄။ ပရောဖက် ဒံယေလဟာ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ဘယ်လို သက်သေပြသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၃ ပရောဖက် ဒံယေလဟာ ယုံကြည်စိတ်ချထိုက်သူ ဖြစ်တယ်။ ဗာဗုလုန် သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခံရပေမဲ့ မကြာခင်မှာပဲ ယုံကြည်စိတ်ချထိုက်သူအဖြစ် နာမည်ကောင်း ရလာတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် နာမည်ကောင်း ပိုရလာပြီး ဗာဗုလုန် ဘုရင် နေဗုခဒ်နေဇာရဲ့ အိပ်မက်တွေကို အနက်ပြန်ပေးရတယ်။ တစ်ကြိမ်မှာ ဘုရင်ကို ယေဟောဝါ မနှစ်သက်တဲ့အကြောင်း ပြောရမယ်။ အဲဒီသတင်းကို ဘုရင် ကြိုက်မှာ မဟုတ်ဘူး။ နေဗုခဒ်နေဇာဟာ ဒေါသကြီးသူ ဖြစ်လို့ အဲဒီသတင်း ပြောဖို့ ဒံယေလ သတ္တိ လိုတယ်။ (ဒံ. ၂:၁၂။ ၄:၂၀-၂၂၊ ၂၅) နှစ်ပေါင်းများစွာ ကြာပြီးနောက် ဗာဗုလုန် နန်းတော်နံရံမှာ ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သတင်းစကားကို တိတိကျကျ အဓိပ္ပာယ် ပြန်ပေးချိန်မှာလည်း ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ဒံယေလ သက်သေပြတယ်။ (ဒံ. ၅:၅၊ ၂၅-၂၉) နောက်ပိုင်း၊ မီးဒီးယား ဘုရင် ဒါရိနဲ့ အရာရှိတွေက ဒံယေလရဲ့ “ထူးခြားတဲ့ စိတ်သဘော” ကို သတိထားမိတယ်။ “သူ့ဆီမှာ လစ်ဟင်းပျက်ကွက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ တစ်ခုမှ မတွေ့ရဘူး” လို့ ပြောကြတယ်။ (ဒံ. ၆:၃၊ ၄) ယေဟောဝါကို ဝတ်ပြုတဲ့ ဒံယေလကို ယုံကြည်စိတ်ချနိုင်ကြောင်း အယူမှား အုပ်စိုးရှင်တွေတောင် အသိအမှတ်ပြုကြတယ်။
၄ ဒံယေလအကြောင်း စဉ်းစားရင်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အသင်းတော် အပြင်မှာ ငါ ဘယ်လို နာမည်မျိုး ရထားသလဲ။ တာဝန် ကျေတဲ့သူ၊ ယုံကြည်စိတ်ချနိုင်သူလို့ ငါ့ကို သိကြသလား။’ အဲဒီလို မေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကျွန်တော်တို့ ယုံကြည်စိတ်ချထိုက်သူ ဖြစ်မယ်ဆိုရင် ယေဟောဝါ ဘုန်းထင်ရှားလို့ပဲ။
၅။ ယုံကြည်စိတ်ချထိုက်သူ အဖြစ် ယူမှတ်ခံရဖို့ ဟာနနိကို ဘာက ကူညီပေးသလဲ။
၅ ဘီစီ ၄၅၅ မှာ ဂျေရုဆလင် မြို့ရိုး ပြန်တည်ဆောက်ပြီးနောက် ဘုရင်ခံ နေဟမိဟာ မြို့ကို ကြီးကြပ်ကွပ်ကဲဖို့ စိတ်ချရသူတွေ လိုက်ရှာတယ်။ နေဟမိ ရွေးတဲ့သူတွေထဲမှာ ရဲတိုက်မှူး ဟာနနိလည်း ပါတယ်။ ကျမ်းစာမှာ ဟာနနိကို “တကယ် ယုံကြည်စိတ်ချထိုက်သူ၊ စစ်မှန်တဲ့ ဘုရားသခင်ကို အလွန်ကြောက်ရွံ့ရိုသေသူ” လို့ ဖော်ပြထားတယ်။ (နေ. ၇:၂) ယေဟောဝါကို ချစ်တဲ့စိတ်၊ ဘုရား မနှစ်သက်မှာ ကြောက်တဲ့စိတ်က ဘယ်တာဝန်ကိုမဆို အလေးအနက် သဘောထားဖို့ ဟာနနိကို လှုံ့ဆော်ပေးတယ်။ အဲဒီအရည်အသွေးတွေက ဘုရားအမှုတော်မှာ စိတ်ချရသူ ဖြစ်ဖို့ ကျွန်တော်တို့ကိုလည်း ကူညီပေးပါလိမ့်မယ်။
၆။ တုခိတ်ဟာ တမန်တော် ပေါလု ယုံကြည်စိတ်ချထိုက်တဲ့ မိတ်ဆွေ ဖြစ်ကြောင်း ဘယ်လို သက်သေပြသလဲ။
၆ တမန်တော် ပေါလု ယုံကြည်ရတဲ့ တုခိတ်အကြောင်းလည်း စဉ်းစားကြည့်ပါ။ ပေါလု အကျယ်ချုပ် ကျတုန်းက တုခိတ်ကိုပဲ အားကိုးခဲ့ရတာ။ “သစ္စာရှိရှိ အမှုဆောင်သူ” လို့ ခေါ်တယ်။ (ဧ. ၆:၂၁၊ ၂၂) ဧဖက်မြို့၊ ကောလောသဲမြို့က ညီအစ်ကိုတွေဆီ စာပို့ပေးဖို့၊ သူတို့ကို အားပေးနှစ်သိမ့်ဖို့ တုခိတ်ကို ပေါလု စိတ်ချလက်ချ စေလွှတ်တယ်။ ဒီနေ့ခေတ်၊ ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကို ဂရုစိုက်ပေးနေတဲ့ အားထားရတဲ့ သစ္စာရှိ အမျိုးသားတွေလည်း တုခိတ်ကို တုပနေကြတယ်။—ကော. ၄:၇-၉။
၇။ အသင်းတော် အကြီးအကဲ၊ အမှုထမ်းတွေဆီကနေ ယုံကြည်စိတ်ချမှုအကြောင်း ဘာသင်ယူနိုင်သလဲ။
၇ ဒီနေ့ခေတ်၊ ယုံကြည်စိတ်ချရတဲ့ အကြီးအကဲ၊ အမှုထမ်းတွေကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်လေးမြတ်ကြတယ်။ ဒံယေလ၊ ဟာနနိ၊ တုခိတ်တို့လိုပဲ သူတို့ဟာ တာဝန်ကို အလေးအနက် ထားကြတယ်။ ဥပမာ၊ ကြားရက် အစည်းအဝေး အစီအစဉ် အပိုင်းအားလုံးအတွက် တာဝန် ချထားပြီးသားဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ တာဝန်ကျသူတွေ ကိုယ့်အပိုင်းကို ကောင်းကောင်း ပြင်ဆင်၊ တင်ဆက်တဲ့အခါ အကြီးအကဲတွေ ကျေးဇူးတင်ကြတယ်။ ကျမ်းစာသင်အံမှုတွေကို ကျွန်တော်တို့ အစည်းအဝေး ဖိတ်တဲ့အခါ လူထုဟောပြောချက် ဟောမယ့် ညီအစ်ကို မေ့နေမှာ မစိုးရိမ်ကြဘူး။ အမှုဆောင်အတွက် လိုအပ်တဲ့ စာပေတွေ ရမှာ စိတ်ချတယ်။ သစ္စာရှိ ညီအစ်ကိုတွေ ကောင်းကောင်း ဂရုစိုက်ပေးကြလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ဒါပေမဲ့ ဘယ်လိုနည်းတွေနဲ့ ကိုယ်တိုင် ယုံကြည်စိတ်ချထိုက်သူ ဖြစ်နိုင်သလဲ။
လျှို့ဝှက်ချက်တွေကို မပေါက်ကြားစေခြင်းအားဖြင့် ယုံကြည်စိတ်ချထိုက်သူ ဖြစ်ပါ
၈။ တခြားသူတွေကို စိတ်ဝင်စားမှု ပြရာမှာ ဘယ်လို မျှတမှု ရှိရမလဲ။ (ပညာအလိမ္မာ ၁၁:၁၃)
၈ ညီအစ်ကို/မတွေကို ချစ်လို့ သူတို့အရေး ကျွန်တော်တို့ စိတ်ဝင်စားပေမဲ့ မျှတမှု ရှိရမယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားရမယ်။ ပထမရာစု ခရစ်ယာန် အသင်းတော်မှာ တချို့က “အတင်းအဖျင်းပြောတဲ့သူတွေ၊ သူတစ်ပါးကိစ္စမှာ ဝင်စွက်ပြီး မပြောသင့်တာကို ပြောတဲ့သူတွေ” ဖြစ်နေကြတယ်။ (၁ တိ. ၅:၁၃) သူတို့လို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။ တခြားသူတွေကို ပြန်ပြောမှာ မဟုတ်မှန်း ယုံကြည်ပြီး တစ်ယောက်ယောက်က ကျွန်တော်တို့ကို အတွင်းရေး ပြောပြတယ် ဆိုပါစို့။ ဥပမာ၊ ညီအစ်မတစ်ယောက်က သူဖြစ်နေတဲ့ ရောဂါအကြောင်း၊ တခြား အခက်အခဲအကြောင်း ပြောပြီး ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့လို့ မှာတယ်။ သူ့ဆန္ဒကို လေးစားသင့်တယ်။ * (ပညာအလိမ္မာ ၁၁:၁၃ ကို ဖတ်ပါ။) အခု၊ လျှို့ဝှက်ချက် မပေါက်ကြားစေဖို့ အရေးကြီးတဲ့ အခြေအနေတချို့အကြောင်း သုံးသပ်ကြည့်ကြစို့။
၉။ မိမိတို့ကို ယုံကြည်စိတ်ချလို့ ရကြောင်း မိသားစုဝင်တွေ ဘယ်လို ဖော်ပြနိုင်သလဲ။
၉ မိသားစုမှာ။ မိသားစုဝင်တိုင်းဟာ မိသားစု အရေးကိစ္စတချို့ကို လျှို့ဝှက်ထားဖို့ တာဝန်ရှိတယ်။ ဥပမာ၊ ခရစ်ယာန် အမျိုးသမီးတစ်ယောက် ရွှတ်နောက်နောက် နေတတ်တဲ့ အကျင့်ရှိတယ် ဆိုပါစို့။ သူ့ကြောင့် ခင်ပွန်းဖြစ်သူ ပျော်ရတယ်။ ဒါကို တခြားသူတွေရှေ့ လျှောက်ပြောပြီး ကိုယ့်ဇနီး အနေရခက်အောင် လုပ်မလား။ လုပ်မှာ မဟုတ်ဘူး။ ဇနီးကို ချစ်တဲ့အတွက် သူ့ကို မထိခိုက်စေချင်ဘူး။ (ဧ. ၅:၃၃) ဆယ်ကျော်သက်တွေလည်း လေးလေးစားစား ဆက်ဆံခံချင်တယ်ဆိုတာ မိဘတွေ သိထားသင့်တယ်။ သူတို့ရဲ့ အားနည်းချက်တွေကို တခြားသူတွေရှေ့ ပြောပြီး အရှက်ရစေမှာ မဟုတ်ဘူး။ (ကော. ၃:၂၁) သားသမီးတွေလည်း မိသားစုဝင်တွေကို အရှက်ရစေမယ့်အကြောင်း အပြင်လူတွေရှေ့ ဖော်ကောင် မလုပ်ဖို့ သတိရှိရမယ်။ (တရား. ၅:၁၆) မိသားစုဝင်တိုင်း မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးကိစ္စတွေကို လျှို့ဝှက်ထားမယ်ဆိုရင် မိသားစုနှောင်ကြိုး ခိုင်မာလာပါလိမ့်မယ်။
၁၀။ မိတ်ဆွေစစ် ဖြစ်ခြင်းမှာ ဘာပါဝင်သလဲ။ (ပညာအလိမ္မာ ၁၇:၁၇)
၁၀ မိတ်ဆွေ ဆက်ဆံရေးမှာ။ မိတ်ဆွေဆီ ရင်ဖွင့်ဖို့ လိုတဲ့ အချိန်တွေ ရှိပေမဲ့ တစ်ခါတလေ ခက်နိုင်တယ်။ တခြားသူကို အတွင်းရေးတွေ မပြောပြဖူးလို့ ဖြစ်နိုင်သလို ပေါက်ကြားသွားရင် ကိုယ်ပဲ စိတ်ပျက်ရမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မိတ်ဆွေက ကိုယ့်အတွင်းရေးကို လျှို့ဝှက်ပေးထားတယ်ဆိုရင် သိပ်ကျေးဇူးတင်မှာပဲ။ သူဟာ “မိတ်ဆွေစစ်” ပါပဲ။—ပညာအလိမ္မာ ၁၇:၁၇ ကို ဖတ်ပါ။
၁၁။ (က) ယုံကြည်ရသူ ဖြစ်ကြောင်း အကြီးအကဲနဲ့ ဇနီး ဘယ်လို ပြသလဲ။ (ခ) အသင်းတော် အတွင်းရေးကိစ္စ မိသားစုကို မပြောပြတဲ့ အကြီးအကဲဆီကနေ ဘာသင်ယူနိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၁၁ အသင်းတော်မှာ။ နှုတ်လုံတဲ့ အကြီးအကဲတွေဟာ ညီအစ်ကိုတွေအတွက် ‘လေကွယ်ရာအရပ်လို၊ ပုန်းခိုရာအရပ်လို’ ပါပဲ။ (ဟေရှာ. ၃၂:၂) ကိုယ်ပြောတာတွေကို လျှို့ဝှက်ပေးထားမယ်ဆိုတဲ့ အသိစိတ်နဲ့ ဘာမဆို စိတ်ချလက်ချ ရင်ဖွင့်နိုင်တယ်။ သူ လျှို့ဝှက်ထားသင့်တာတွေကို ကျွန်တော်တို့ အတင်း နှိုက်မမေးသင့်ဘူး။ အကြီးအကဲတွေရဲ့ ဇနီးတွေဟာ ကိုယ့်ခင်ပွန်း လျှို့ဝှက်ထားတဲ့ အချက်အလက်တွေကို မရမက မမေးကြလို့၊ ညီအစ်ကို/မတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ သိမနေလို့ ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ အကြီးအကဲတစ်ယောက်ရဲ့ ဇနီး ဒီလိုပြောတယ်– “သိုးထိန်းလည်ပတ်မှုမှာ တွေ့ရသူ ဒါမှမဟုတ် ဘုရားရေးရာပိုင်း အကူအညီ လိုအပ်နေသူတွေရဲ့ အတွင်းရေးကို ကျွန်မခင်ပွန်း ဘာမှ မပြောပြလို့ ကျေးဇူးတင်တယ်။ သူတို့ရဲ့ နာမည်ကိုတောင် မပြောပြဘူး။ ကိုယ်သိလို့လည်း ဘာမှ မကူညီပေးနိုင်ဘဲ ပိုဝန်လေးရုံပဲ ရှိမှာမို့ အဲဒီလို မပြောပြတာကို ကျေးဇူးတင်တယ်။ ဘာမှ မသိထားလို့ အသင်းတော်က ညီအစ်ကို/မအားလုံးနဲ့ ပုံမှန်အတိုင်း ခင်ခင်မင်မင် ဆက်ဆံနိုင်တယ်။ ကိုယ့်ခံစားချက်၊ ပြဿနာတွေကိုလည်း ခင်ပွန်း လျှို့ဝှက်ပေးထားမယ်ဆိုတာ စိတ်ချတယ်။” ယုံကြည်စိတ်ချထိုက်သူ ဖြစ်တယ်ဆိုတဲ့ နာမည်ကောင်းကို ကျွန်တော်တို့အားလုံး လိုချင်ကြတယ်။ ဘယ်အရည်အသွေးတွေက ကူညီပေးမလဲ။ အရည်အသွေး ငါးခုကို ကြည့်ကြစို့။
ယုံကြည်စိတ်ချထိုက်သူ ဖြစ်အောင် ကူညီပေးမယ့် အရည်အသွေးတွေ မွေးမြူပါ
၁၂။ မေတ္တာဟာ ယုံကြည်စိတ်ချမှုရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ဥပမာ ပေးပါ။
၁၂ မေတ္တာဟာ ယုံကြည်စိတ်ချမှုရဲ့ အခြေခံအုတ်မြစ်ပဲ။ ယေဟောဝါကို ချစ်တာ၊ လူလူချင်း ချစ်တာဟာ အရေးကြီးဆုံး ပညတ်နှစ်ခု ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (မ. ၂၂:၃၇-၃၉) ယုံကြည်စိတ်ချမှုနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အကောင်းဆုံး ပုံသက်သေကို တုပဖို့ ဘုရားကို ချစ်တဲ့ မေတ္တာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ ဥပမာ၊ ညီအစ်ကို/မတွေကို ချစ်လို့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ပေးထားကြတယ်။ သူတို့ကို ထိခိုက်စေမယ့်၊ အရှက်ရစေမယ့်၊ နာကျင်စေမယ့် ဘယ်အရာကိုမှ တခြားသူတွေကို ထုတ်မပြောကြဘူး။—ယော. ၁၅:၁၂။
၁၃။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ နှိမ့်ချမှုက ဘယ်လို ကူညီပေးသလဲ။
၁၃ နှိမ့်ချမှုက ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ ကူညီပေးတယ်။ နှိမ့်ချတဲ့ ခရစ်ယာန်ဟာ တခြားသူတွေကို ဦးဦးဖျားဖျား သတင်းပေးပြီး အထင်ကြီးခံရအောင် လုပ်မှာ မဟုတ်ဘူး။ (ဖိ. ၂:၃) လျှို့ဝှက်ချက်ကို သိထားပေမဲ့ ပြောပြလို့ မရဘူးဆိုတဲ့ ပုံဖမ်းပြီး အရေးပါအရာရောက်သူလို့ အထင်ခံရအောင် လုပ်မှာ မဟုတ်ဘူး။ ကျမ်းစာနဲ့ အဖွဲ့အစည်း စာပေတွေမှာ ဖော်ပြမထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်ထင်မြင်ယူဆချက်ကို လျှောက်မပြောဖို့ နှိမ့်ချမှုက ကူညီပေးတယ်။
၁၄။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ ပိုင်းခြားသိမြင်မှုက ဘယ်လို ကူညီပေးသလဲ။
၁၄ ပိုင်းခြားသိမြင်မှုက “နှုတ်ဆိတ်နေရတဲ့အချိန်နဲ့ စကားပြောရတဲ့အချိန်” ကို ပိုင်းခြားသိဖို့ ကူညီပေးတယ်။ (ဒေ. ၃:၇) “စကားပြောတာ ငွေ၊ နှုတ်ဆိတ်နေတာ ရွှေ” ဆိုတဲ့ စကားပုံ ယဉ်ကျေးမှုတချို့မှာ ရှိတယ်။ စကားပြောတာထက် နှုတ်ဆိတ်နေတာ ပိုကောင်းတဲ့ အချိန်တွေ ရှိမှန်း ဆိုလိုတယ်။ ‘စစ်မှန်တဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်တဲ့သူက နှုတ်ဆိတ်နေတတ်တယ်’ လို့ ပညာအလိမ္မာ ၁၁:၁၂ မှာ အကြံပေးတယ်။ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ အတွေ့အကြုံရှိ အကြီးအကဲတစ်ယောက်ဟာ တခြားအသင်းတော်တွေရဲ့ ဖြေရှင်းရ ခက်တဲ့ ကိစ္စတွေ ကိုင်တွယ်ဖို့ တာဝန်ပေးခံရလေ့ ရှိတယ်။ “တခြားအသင်းတော်ရဲ့ အတွင်းရေးကိစ္စတွေကို သူ ဘယ်တော့မှ မပေါက်ကြားစေဘူး” လို့ အတူအမှုဆောင်နေတဲ့ အကြီးအကဲတစ်ယောက် ပြောတယ်။ ပိုင်းခြားသိမြင်မှု ရှိခြင်းက အကြီးအကဲအဖွဲ့ရဲ့လေးစားမှု ရအောင် သူ့ကို ကူညီပေးတယ်။ အတွင်းရေးကိစ္စတွေကို အမြဲ လျှို့ဝှက်ပေးထားမယ်ဆိုတာ အကြီးအကဲအဖွဲ့ စိတ်ချတယ်။
၁၅။ တခြားသူတွေရဲ့ စိတ်ချမှု ရဖို့ ရိုးသားမှုက ကူညီပေးနိုင်ကြောင်း ဖော်ပြတဲ့ ဥပမာ ပေးပါ။
၁၅ ရိုးသားမှုကလည်း ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ ကူညီပေးတယ်။ ရိုးသားသူဟာ အမြဲ အမှန် ပြောမယ်ဆိုတာ သိထားလို့ သူ့ကို ကျွန်တော်တို့ စိတ်ချတယ်။ (ဧ. ၄:၂၅။ ဟီ. ၁၃:၁၈) ဥပမာ၊ သွန်သင်ခြင်း စွမ်းရည် တိုးတက်ချင်တယ် ဆိုပါစို့။ ဟောပြောချက် နားထောင်ပေးဖို့၊ အကြံပေးဖို့ တစ်ယောက်ယောက်ဆီ အကူအညီ တောင်းတယ်။ ဘယ်သူ ရိုးရိုးသားသား အကြံပေးမယ်လို့ ထင်သလဲ။ ကိုယ့်အကြိုက် ပြောမယ့်သူလား။ ကြင်နာစွာ အမှန်အတိုင်း ပြောမယ့်သူလား။ အဖြေကတော့ ရှင်းပါတယ်။ “ပွင့်ပွင့်လင်းလင်း ပဲ့ပြင်တာဟာ တိတ်တိတ်လေး ချစ်နေတာထက် ပိုကောင်းတယ်။ သစ္စာရှိတဲ့ မိတ်ဆွေဟာ ခက်ခဲပုံပေါက်နေရင်တောင် ပဲ့ပြင်တတ်တယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၂၇:၅၊ ၆) မိတ်ဆွေ ရိုးရိုးသားသား ပေးတဲ့ အကြံဉာဏ်ဟာ လောလောဆယ် ခံယူရ ခက်ပေမဲ့ ရေရှည်အတွက် အကျိုးရှိတယ်။
၁၆။ ပညာအလိမ္မာ ၁၀:၁၉ က ချုပ်တည်းမှုအကြောင်း ဘယ်လို အလေးပေးဖော်ပြသလဲ။
၁၆ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ရဖို့ ချုပ်တည်းမှု မရှိမဖြစ် လိုတယ်။ လျှို့ဝှက်ထားရမယ့် ကိစ္စကို ပြောဖို့ သွေးဆောင်ခံရချိန်မှာ နှုတ်ကို ထိန်းဖို့ ချုပ်တည်းမှုက ကူညီပေးတယ်။ (ပညာအလိမ္မာ ၁၀:၁၉ ကို ဖတ်ပါ။) လူမှုမီဒီယာ အသုံးပြုချိန်မှာ ချုပ်တည်းမှု ရှိဖို့ ခက်နိုင်တယ်။ သတိမထားဘူးဆိုရင် လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို လူအများကြီး သိအောင် မရည်ရွယ်ဘဲ ဖွင့်ချမိနိုင်တယ်။ လိုင်းပေါ် တင်လိုက်ပြီဆိုတာနဲ့ အဲဒီအချက်အလက်ကို တခြားသူတွေ ဘာဆက်လုပ်မလဲ၊ ဘယ်လောက် ထိခိုက်မှု ဖြစ်စေမလဲဆိုတာ ကိုယ် ထိန်းချုပ်လို့ မရတော့ဘူး။ ညီအစ်ကို/မတွေကို အန္တရာယ် ဖြစ်စေမယ့် အချက်အလက်တွေ ထုတ်ပြောဖို့ ဆန့်ကျင်သူတွေ လှည့်စားချိန်မှာ နှုတ်ဆိတ်နေဖို့လည်း ချုပ်တည်းမှုက ကူညီပေးတယ်။ လုပ်ငန်း ပိတ်ပင်၊ ကန့်သတ်ထားတဲ့ နိုင်ငံမှာ ရဲတွေ ကျွန်တော်တို့ကို စစ်မေးတဲ့အခါမျိုးမှာ ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေနဲ့ တခြား အခြေအနေတွေမှာ “ပါးချုပ်တပ်ပြီး နှုတ်ကို စောင့်စည်းမယ်” ဆိုတဲ့ ကျမ်းစာမူကို ကျင့်သုံးနိုင်တယ်။ (ဆာ. ၃၉:၁) မိသားစု၊ မိတ်ဆွေ၊ ညီအစ်ကို/မ၊ ဘယ်သူနဲ့မဆို ဆက်ဆံချိန်မှာ ကျွန်တော်တို့ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ လိုတယ်။ အဲဒီလို ဖြစ်ဖို့ ချုပ်တည်းရမယ်။
၁၇။ အသင်းတော်မှာ ယုံကြည်စိတ်ချတဲ့ သဘောထား တိုးများအောင် ဘာလုပ်နိုင်သလဲ။
၁၇ မေတ္တာရှိတဲ့၊ ယုံကြည်စိတ်ချရတဲ့ ညီအစ်ကို အသင်းအပင်းဝင် ဖြစ်ခွင့်ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ညီအစ်ကို/မတွေရဲ့ ယုံကြည်စိတ်ချမှု ရအောင် ကြိုးစားဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန် ရှိတယ်။ မေတ္တာ၊ နှိမ့်ချမှု၊ ပိုင်းခြားသိမြင်မှု၊ ရိုးသားမှု၊ ချုပ်တည်းမှု ရှိဖို့ ကြိုးစားတဲ့အခါ အသင်းတော်မှာ ယုံကြည်စိတ်ချတဲ့ သဘောထား တိုးများလာမယ်။ ယုံကြည်စိတ်ချမှု တည်ဆောက်တာဟာ အမြဲ လုပ်နေရမယ့် ကိစ္စ ဖြစ်တယ်။ ယေဟောဝါဘုရားကို တုပပြီး ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြကြပါစို့။
သီချင်း ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း
^ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ရချင်ရင် ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း အရင် သက်သေပြရမယ်။ အချင်းချင်း ယုံကြည်စိတ်ချဖို့ ဘာကြောင့် အရေးကြီးကြောင်း၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ ဘယ်အရည်အသွေးတွေက ကူညီပေးကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။
^ အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့ အပြစ် ကျူးလွန်ထားမှန်း ကျွန်တော်တို့ သိတယ်ဆိုရင် အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့ အားပေးသင့်တယ်။ အကြီးအကဲတွေကို သူ မပြောပြဘူးဆိုရင် ကိုယ်တိုင် သွားပြောပြပါ။ ယေဟောဝါနဲ့ အသင်းတော်အပေါ် သစ္စာစောင့်သိမှုက အဲဒီလို ပြောဖို့ လှုံ့ဆော်ပေးသင့်တယ်။
^ ပုံအညွှန်း– အကြီးအကဲတစ်ယောက်ဟာ မိမိကိုင်တွယ်ခဲ့တဲ့ အတွင်းရေးကိစ္စအကြောင်း မိသားစုကို ထုတ်မပြော။