ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါအကြောင်း သင်ယူ၊ သွန်သင်ရတာ ကျွန်တော် နှစ်ခြိုက်
အမေရိကန်နိုင်ငံ၊ ပင်စီဗေးနီးယားပြည်နယ်၊ အီစတန်မြို့မှာ ကျွန်တော် ကြီးပြင်းလာတယ်။ တက္ကသိုလ် တက်ဖို့၊ ဘဝမှာ တစ်ခုခု ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖို့ စိတ်ကူးထားတာ။ သင်္ချာနဲ့ သိပ္ပံ သင်ရတာ ကြိုက်တယ်။ အဲဒီဘာသာရပ်နှစ်ခုကို ပိုင်တယ်။ ၁၉၅၆ မှာ လူမည်းကျောင်းသားတွေထဲ အမှတ်အများဆုံး ရလို့ လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဆီက ၂၅ဒေါ်လာ ရဖူးတယ်။ နောက်ပိုင်းမှာတော့ ပန်းတိုင် ပြောင်းသွားတယ်။ ဘာကြောင့်လဲ။
ယေဟောဝါအကြောင်း သိလာပုံ
၁၉၄၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ မိဘတွေ ကျမ်းစာ စလေ့လာတယ်။ နောက်ပိုင်း ဆက်မလေ့လာတော့ပေမဲ့ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေ အမေ ဆက်ယူတယ်။ ၁၉၅၀၊ နယူးယောက်မြို့မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ကျင်းပတယ်။ ကျွန်တော်တို့ မိသားစုကို ဖိတ်လို့ သွားတက်ကြတယ်။
အဲဒီနောက် မကြာခင်မှာပဲ ကျွန်တော်တို့ဆီ ညီအစ်ကို လောရင့် ဂျက်ဖရီ လာလည်ပတ်တယ်။ ကျွန်တော့်ကို အမှန်တရား သင်ပေးဖို့ ကြိုးစားတယ်။ အစမှာတော့ ယေဟောဝါသက်သေတွေ နိုင်ငံရေး၊ စစ်ရေးမှာ မပါတာကို သဘောမကျဘူး။ အမေရိကန်မှာ ရှိတဲ့ ယောက်တိုင်း စစ်မတိုက်တော့ရင် တစ်တိုင်းပြည်လုံးကို ရန်သူတွေ လာသိမ်းမှာပေါ့လို့ ပြောလိုက်တယ်။ ညီအစ်ကို ဂျက်ဖရီက “အမေရိကန်မှာ ရှိတဲ့ လူအားလုံး ယေဟောဝါဘုရားကို ကိုးကွယ်တယ် ဆိုပါတော့။ ရန်သူတွေ လာတိုက်တဲ့အခါ ဘုရား ဘာလုပ်မယ် ထင်သလဲ” လို့ မေးတယ်။ အဲဒီကိစ္စ၊ တခြားကိစ္စတွေနဲ့ပတ်သက်တဲ့ သူ့စကားတွေက ကျွန်တော့်အတွေးအခေါ် မှားနေတာ နားလည်ဖို့ ကူညီပေးတယ်။ ဒီလိုနဲ့ ကျမ်းစာကို ပိုစိတ်ဝင်စားလာတယ်။
မြေအောက်ခန်းထဲ အမေ ထည့်ထားတဲ့ ကင်းမျှော်စင်၊ နိုးလော့! အဟောင်းတွေကို နာရီနဲ့ချီ ဖတ်ဖြစ်တယ်။ ဒါ အမှန်တရားပဲဆိုတာ တဖြည်းဖြည်း နားလည်လာပြီး ကျမ်းစာသင်အံမှု လက်ခံလိုက်တယ်။ အစည်းအဝေးတွေ ပုံမှန် စတက်လာတယ်။ အမှန်တရားကို မြတ်နိုးလာပြီး သတင်းကောင်း ကြေညာသူ ဖြစ်လာတယ်။ “ယေဟောဝါရဲ့နေ့ကြီး နီးနေပြီ” ဆိုတာ သိလို့ ပန်းတိုင် ပြောင်းသွားတယ်။ (ဇေ. ၁:၁၄) တက္ကသိုလ် မတက်ချင်တော့ဘူး။ တခြားသူတွေကို ကျမ်းစာ အမှန်တရား သိလာအောင် ကူညီပေးချင်လာတယ်။
၁၉၅၆၊ ဇွန် ၁၃ မှာ အထက်တန်းကျောင်း ပြီးသွားတယ်။ သုံးရက်ကြာပြီးနောက် တိုက်နယ် အစည်းအဝေးတစ်ခုမှာ နှစ်ခြင်းခံလိုက်တယ်။ ယေဟောဝါအကြောင်း သင်ယူ၊ သွန်သင်ပေးလို့ ကောင်းချီးတွေ အများကြီး ရမယ်ဆိုတာ အဲဒီတုန်းက မသိသေးဘူး။
ရှေ့ဆောင်အဖြစ် သင်ယူ၊ သွန်သင်ခြင်း
နှစ်ခြင်းခံပြီးနောက် ခြောက်လမှာ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ၁၉၅၆၊ ဒီဇင်ဘာ နိုင်ငံတော်ဓမ္မအမှု မှာ “ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်နိုင်မလား” ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ဆောင်နိုင်တာပေါ့။ သတင်းကောင်း ဟောပြောသူ သိပ်မရှိတဲ့ နေရာမှာ သွားကူညီပေးချင်တာ။—မ. ၂၄:၁၄။
ဒါနဲ့ ကယ်ရိုလိုင်းနား တောင်ပိုင်း၊ အက်ဂ်ျဖီးကို ပြောင်းသွားတယ်။ အဲဒီက အသင်းတော်မှာ ကြေညာသူ လေးယောက်ပဲ ရှိတယ်။ ကျွန်တော်နဲ့ ပေါင်းမှ ငါးယောက်။ ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်ရှေ့ခန်းမှာ အစည်းအဝေးတွေ ကျင်းပတယ်။ လတိုင်း အမှုဆောင်လုပ်ငန်းမှာ ကျွန်တော် နာရီ ၁၀၀ ပါဝင်တယ်။ အမှုဆောင်လုပ်ငန်း ဦးဆောင်တာ၊ အစည်းအဝေးတွေ ကိုင်တာနဲ့ပဲ အလုပ်များနေတယ်။ ဒါပေမဲ့ များများ အမှုဆောင်လေ ယေဟောဝါအကြောင်း ပိုသိလာလေပါပဲ။
ကျွန်တော်နဲ့ ကျမ်းစာ လေ့လာနေတဲ့ မုဆိုးမ အမျိုးသမီးတစ်ယောက်က မလှမ်းမကမ်းက ဂျွန်စတန်မြို့မှာ ဈာပနခန်းမတစ်လုံး ပိုင်တယ်။ ကျွန်တော် သိပ်လိုနေတဲ့ အချိန်ပိုင်းအလုပ်တစ်ခု ပေးတယ်။ သူပိုင်တဲ့ အိမ်သေးသေးလေးကိုလည်း နိုင်ငံတော်ခန်းမအဖြစ် သုံးဖို့ ပေးတယ်။
ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ ညီအစ်ကိုရဲ့ သား၊ ဂျော်လီ ဂျက်ဖရီက နယူးယောက်၊ ဘရွတ်ကလင်ကနေ ပြောင်းလာတယ်။ ကျွန်တော့် ရှေ့ဆောင်အဖော် ဖြစ်လာတယ်။ ညီအစ်ကိုတစ်ယောက် ပေးသုံးတဲ့ နောက်တွဲယာဉ် သေးသေးလေးမှာ ကျွန်တော်တို့ နေကြတယ်။
တောင်ပိုင်းမှာ လုပ်ခ နည်းနည်းပဲ ရတယ်။ တစ်နေ့လုပ်မှ နှစ်ဒေါ်လာ သုံးဒေါ်လာလောက်ပဲ ရတယ်။ တစ်ခေါက်၊ လက်ကျန် ငွေလေးနဲ့ စားစရာ ဝယ်ပြီး ဆိုင်ထဲက ထွက်လာတုန်း အမျိုးသားတစ်ယောက် အနားလာပြီး “အလုပ် လိုချင်လား။ တစ်နာရီ တစ်ဒေါ်လာ ပေးမယ်” တဲ့။ ဆောက်လုပ်ရေး ဆိုက်တစ်ခုမှာ သုံးရက် သန့်ရှင်းရေး လုပ်ပေးရတယ်။ အက်ဂျ်ဖီးမှာ ဆက်နေဖို့ ယေဟောဝါ ကူညီပေးတာ သေချာတယ်။ ၁၉၅၈ ရောက်တော့ နယူးယောက်မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး သွားတက်တယ်။
အစည်းအဝေး ဒုတိယနေ့မှာ ထူးခြားတာလေးတစ်ခု ဖြစ်သွားတယ်။ တန်နက်စီးပြည်နယ်၊ ဂယ်လတန်မှာ မှန်မှန်ရှေ့ဆောင် လုပ်နေတဲ့ ညီအစ်မ ရူဘီ ဝက်လင်တန်နဲ့ ဆုံတယ်။ နှစ်ယောက်စလုံး သာသနာပြုလုပ်ငန်းကို စိတ်ဝင်စားလို့ ဂိလဒ် တက်ချင်သူတွေအတွက် အစည်းအဝေး သွားတက်ကြတယ်။ နောက်ပိုင်း၊ စာအဆက်အသွယ် ရှိလာတယ်။ တစ်ရက်၊ ဂယ်လတန်မှာ လူထုဟောပြောချက် ပေးဖို့ ဖိတ်ခေါ်ခံရတယ်။ ဒီအခွင့်ကောင်းကို အသုံးချပြီး တစ်ခါတည်း လက်ထပ်ခွင့် တောင်းလိုက်တယ်။ ရူဘီရဲ့ အသင်းတော်ကို ပြောင်းသွားပြီး ၁၉၅၉ မှာ လက်ထပ်လိုက်ကြတယ်။
အသင်းတော်မှာ သင်ယူ၊ သွန်သင်ခြင်း
အသက် ၂၃ နှစ်၊ ဂယ်လတန်မှာ အသင်းတော် အမှုထမ်း (အခုအခေါ် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး) အဖြစ် ခန့်အပ်ခံရတယ်။ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ချား သော်မစန် ဦးဆုံးလည်ပတ်တဲ့ အသင်းတော်က ကျွန်တော်တို့ အသင်းတော်ပဲ။ သူ့မှာ အတွေ့အကြုံ အများကြီး ရှိပေမဲ့ ညီအစ်ကိုတွေ ဘာလိုအပ်နေသလဲ၊ တခြား တိုက်နယ်ကြီးကြပ်မှူးတွေ ဘယ်လို ကိုင်တွယ်သွားသလဲဆိုပြီး ကျွန်တော့်အမြင်ကို မေးတယ်။ ကိစ္စတစ်ခုကို မကိုင်တွယ်ခင် မေးခွန်းတွေ မေးပြီး အကြောင်းစုံ သိအောင် လုပ်သင့်မှန်း ကျွန်တော် သိလာတယ်။
၁၉၆၄၊ မေလ၊ နယူးယောက်၊ တောင်လန်ဆင်းမှာ တစ်လကြာ နိုင်ငံတော်ဓမ္မအမှု သင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ သင်ယူချင်စိတ် ပိုရှိလာဖို့၊ ပိုရင့်ကျက်လာဖို့ သင်တန်းမှူး ညီအစ်ကိုတွေ ကူညီပေးကြတယ်။
တိုက်နယ်နဲ့ ခရိုင်လုပ်ငန်းမှာ သင်ယူ၊ သွန်သင်ခြင်း
၁၉၆၅၊ ဇန်နဝါရီမှာ ရူဘီနဲ့ ကျွန်တော် တိုက်နယ်လုပ်ငန်းမှာ ပါဝင်ဖို့ ကမ်းလှမ်းခံရတယ်။ ကျွန်တော်တို့ တာဝန်ကျတဲ့ တိုက်နယ်က တန်နက်စီးပြည်နယ်၊ နော့ဗီးမြို့ကနေ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့တစ်လျှောက် ကျယ်ပြန့်တယ်။ ကယ်ရိုလိုင်းနား မြောက်ပိုင်း၊ ကန်တက်ကီ၊ ဗာဂျီးနီးယား အနောက်ပိုင်းက အသင်းတော်တွေ ပါဝင်တယ်။ အမေရိကန် တောင်ပိုင်းမှာ လူဖြူလူမည်း ခွဲခြားတဲ့ ဥပဒေ ရှိလို့ လူမည်း အသင်းတော်တွေမှာပဲ ကျွန်တော် အမှုဆောင်ရတယ်။ ညီအစ်ကိုတွေ ဆင်းရဲကြလို့ လိုအပ်နေသူတွေကို ကိုယ့်မှာ ရှိတာတွေ ဝေမျှတတ်လာတယ်။ သက်တမ်းကြာ တိုက်နယ်ညီအစ်ကိုတစ်ယောက်က “အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ အလုပ်ရှင်လို မဟုတ်ဘဲ ညီအစ်ကိုလို လည်ပတ်ပါ။ ခင်ဗျားကို ညီအစ်ကိုလို့ မြင်မှ သူတို့ကို ကူညီပေးနိုင်မယ်” လို့ သင်ပေးတယ်။
အသင်းတော်ငယ်လေးတစ်ခုကို လည်ပတ်တုန်းက တစ်နှစ်အရွယ် သမီးရှိတဲ့ အမျိုးသမီးငယ်နဲ့ ရူဘီ ကျမ်းစာသင်အံမှု စတယ်။ အသင်းတော်မှာ သူ့ကို ကျမ်းစာသင်ပေးနိုင်မယ့်သူ တစ်ယောက်မှ မရှိလို့ ရူဘီ စာနဲ့ ဆက်သွယ်ပြီး သင်ပေးတယ်။ အဲဒီအသင်းတော်ကို နောက်တစ်ခေါက် လည်ပတ်တော့ အဲဒီအမျိုးသမီး အစည်းအဝေးတိုင်း လာတက်တယ်။ အထူးရှေ့ဆောင် ညီအစ်မနှစ်ယောက် ပြောင်းလာတော့ သူတို့နဲ့ ဆက်လေ့လာတယ်။ မကြာခင်မှာပဲ နှစ်ခြင်းခံလိုက်တယ်။ နှစ် ၃၀ လောက် ကြာပြီးနောက် ၁၉၉၅၊ ပက်တာစင် ဗေသလမှာ ညီအစ်မငယ်တစ်ယောက် ရူဘီကို လာနှုတ်ဆက်တယ်။ ရူဘီ ကျမ်းစာသင်ပေးခဲ့တဲ့ အမျိုးသမီးရဲ့ သမီး ဖြစ်နေတယ်။ အဲဒီသမီးနဲ့ ခင်ပွန်းက အကြိမ် ၁၀၀ မြောက် ဂိလဒ်ကျောင်း လာတက်ကြတာ။
ကျွန်တော်တို့ရဲ့ ဒုတိယ တိုက်နယ်ကတော့ ဖလော်ရီဒါ အလယ်ပိုင်း။ ကားတစ်စီး လိုနေလို့ ဈေးတန်တန်နဲ့ တစ်စီး ဝယ်လိုက်တယ်။ ပထမအပတ်မှာပဲ အင်ဂျင် ပျက်သွားတယ်။ ပြင်ဖို့ ပိုက်ဆံ မရှိတော့ ကူညီပေးနိုင်မယ်လို့ ထင်တဲ့ ညီအစ်ကိုဆီ ဖုန်းဆက်လိုက်တယ်။ သူ့အလုပ်သမားတစ်ယောက်ကို ကားပြင်ပေးခိုင်းပြီး ပိုက်ဆံတစ်ပြားမှ မယူဘူး။ “ပေးပြီးသွားပြီ” လို့ပဲ ပြောတယ်။ ကျွန်တော်တို့အတွက် ငွေနည်းနည်းတောင် ပေးလိုက်သေးတယ်။ ကျေးကျွန်တွေကို ယေဟောဝါ ထောက်မပေးတဲ့ အတွေ့အကြုံပါပဲ။ တခြားသူတွေကိုလည်း ရက်ရောဖို့ ဒီအတွေ့အကြုံက သင်ပေးတယ်။
အသင်းတော်တစ်ခုကို လည်ပတ်တိုင်း ညီအစ်ကိုတွေရဲ့ အိမ်မှာ တည်းရတယ်။ ဒါကြောင့် မိတ်ဆွေ တိုးလာတယ်။ တစ်နေ့၊ လက်နှိပ်စက်မှာ အသင်းတော်တစ်ခုနဲ့ပတ်သက်တဲ့ မှတ်တမ်း ရိုက်နေရင်း ထားခဲ့မိတယ်။ ညနေ ပြန်ရောက်လာတော့ အိမ်ရှင်ရဲ့ သုံးနှစ်သားလေးက ခလုတ်တွေ နှိပ်ထားတော့ အစကနေ ပြန်ရိုက်ပြီး “လက်စသတ်” လိုက်ရတယ်။ သူ့ကို တွေ့တိုင်း အဲဒီအကြောင်း စတယ်။
၁၉၇၁၊ နယူးယောက်မြို့ ခရိုင်လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်တော်တို့ စာရတယ်။ သိပ်အံ့ဩသွားတယ်။ အဲဒီကို ပြောင်းတုန်းက ကျွန်တော် ၃၄ နှစ် ပဲ ရှိသေးတယ်။ ဦးဆုံး လူမည်း ခရိုင်ကြီးကြပ်မှူးကို ညီအစ်ကိုတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။
ခရိုင်ကြီးကြပ်မှူးအဖြစ် အပတ်တိုင်း တိုက်နယ်အစည်းအဝေးတွေမှာ ယေဟောဝါအကြောင်း သွန်သင်ရတာကို နှစ်ခြိုက်တယ်။ တိုက်နယ်ကြီးကြပ်မှူး အများစုက ကျွန်တော့်ထက် ဝါရင့်တွေ။ သူတို့ထဲက တစ်ယောက်က ကျွန်တော် နှစ်ခြင်းခံတုန်းက ဟောပြောချက် ပေးခဲ့တဲ့သူ။ နောက်တစ်ယောက်က နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတဲ့ သီအိုဒေါ ဂျဲရက်။ ဘရွတ်ကလင် ဗေသလမှာ အမှုဆောင်နေတဲ့ ဝါရင့် ညီအစ်ကိုတွေလည်း အများကြီးပဲ။ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဗေသလအိမ်သားတွေ ကျွန်တော့်ကို အနေရခက်အောင် မလုပ်လို့ ကျေးဇူးတင်လိုက်တာ။
အဲဒီ မေတ္တာရှိ သိုးထိန်းတွေ ကျမ်းစာကို အဓိက အားထားတာ၊ အဖွဲ့အစည်းကို သစ္စာရှိရှိ ထောက်မတာ ကိုယ်တွေ့ မြင်ခဲ့ရတယ်။ သူတို့ရဲ့ နှိမ့်ချမှုကြောင့် ကျွန်တော် ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ဖို့ ပိုလွယ်တာ။တိုက်နယ်လုပ်ငန်းမှာ ပြန်အမှုဆောင်
၁၉၇၄ မှာ အုပ်ချုပ်ရေးအဖွဲ့က တိုက်နယ်ကြီးကြပ်မှူး အုပ်စု တစ်စုကို ခရိုင်လုပ်ငန်းအတွက် တာဝန်ပေးတယ်။ ကျွန်တော်ကတော့ ကယ်ရိုလိုင်းနား တောင်ပိုင်းမှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပြန်အမှုဆောင်ရတယ်။ ဒီအချိန်မှာတော့ လူဖြူလူမည်း ခွဲခြားတဲ့ ဥပဒေ မရှိတော့လို့ ညီအစ်ကိုတွေ ဝမ်းသာကြတယ်။
၁၉၇၆ အကုန်ပိုင်းလောက်မှာ အတ္တလန်တာနဲ့ ကိုလံဘတ်စ်မြို့ ကြားက ဂျော်ဂျီယာ တိုက်နယ်မှာ တာဝန်ကျတယ်။ အိမ် မီးရှို့ခံရလို့ သေဆုံးသွားတဲ့ လူမည်းကလေး ငါးယောက်အတွက် ဈာပန ဟောပြောချက် ပေးခဲ့တာ ကောင်းကောင်း မှတ်မိနေတုန်းပဲ။ ထိခိုက်ဒဏ်ရာကြောင့် အမေက ဆေးရုံမှာ။ ဆေးရုံအထိ လာနှစ်သိမ့်ပေးတဲ့ လူဖြူလူမည်း ညီအစ်ကို/မတွေ တဖွဲဖွဲပဲ။ ညီအစ်ကိုတွေရဲ့ မေတ္တာကို ကိုယ်တွေ့ မြင်လိုက်ရတယ်။ အဲဒီမေတ္တာကြောင့် ဘုရားကျေးကျွန်တွေ အခက်ခဲဆုံး အခြေအနေတွေကို ခံရပ်နိုင်ကြတာ။
ဗေသလမှာ သင်ယူ၊ သွန်သင်ခြင်း
၁၉၇၇ မှာ စီမံကိန်းတစ်ခုကို လအနည်းငယ် ကူညီပေးဖို့ ဘရွတ်ကလင် ဗေသလကို ဖိတ်ခေါ်ခံရတယ်။ စီမံကိန်း ပြီးခါနီးမှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကိုနှစ်ယောက် ကျွန်တော်နဲ့ တွေ့ပြီး ဗေသလမှာ အမှုဆောင်ချင်သလားလို့ မေးတယ်။ ဖိတ်ခေါ်ချက်ကို ကျွန်တော်တို့ လက်ခံလိုက်တယ်။
ခက်ခဲတဲ့ ကိစ္စတွေကို ဖြေရှင်းရလေ့ ရှိတဲ့ လုပ်ငန်းတော်ဌာနမှာ ၂၄ နှစ် လုပ်ခဲ့တယ်။ နှစ်တွေတစ်လျှောက် ကျမ်းစာမူတွေနဲ့အညီ အုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်ပေးတယ်။ အဲဒီအကူအညီနဲ့ လုပ်ငန်းတော်ဌာနက ခက်ခဲတဲ့ ကိစ္စတွေကို ဖြေရှင်းပြီး တိုက်နယ်ကြီးကြပ်မှူး၊ အကြီးအကဲ၊ ရှေ့ဆောင်တွေကို လေ့ကျင့်ပေးတယ်။ အဲဒီလေ့ကျင့်မှုက ပိုရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာဖို့ ကူညီပေးတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းကို ပိုတိုးတက်စေတယ်။
၁၉၉၅ ကနေ ၂၀၁၈ အထိ ဌာနချုပ် ကိုယ်စားလှယ်အဖြစ် ဌာနခွဲရုံးတွေကို လည်ပတ်ခဲ့ရတယ်။ အရင်အခေါ်ကတော့ ဇုန်ကြီးကြပ်မှူးပေါ့။ ဌာနခွဲ ကော်မတီဝင်၊ ဗေသလအိမ်သား၊ သာသနာပြုတွေကို အားပေးပြီး အခက်အခဲတွေ ကူညီဖြေရှင်းပေးရတယ်။ ဒါပေမဲ့ သူတို့ဆီက ကြားရတဲ့ တွေ့ကြုံမှုတွေကြောင့်ပဲ ရူဘီနဲ့ ကျွန်တော် အမြဲ ပြန်အားရှိလာတာ။ ဥပမာ၊ ၂၀၀၀ ပြည့်နှစ်မှာ ရဝမ်ဒါကို လည်ပတ်တယ်။ ၁၉၉၄ မျိုးဖြုတ် သတ်ဖြတ်မှုအတွင်း ညီအစ်ကိုတွေနဲ့ ဗေသလ မိသားစု ဘယ်လို ကျော်ဖြတ်ခဲ့တယ်ဆိုတာ ကြားရပြီး သိပ်စိတ်ထိမိသွားတယ်။ အတော်များများက ချစ်ရသူ သေဆုံးတာတွေ ကြုံခဲ့ရတယ်။ ဘာပဲကြုံရပါစေ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်း ဆက်ရှိနေကြတယ်။
ကျွန်တော်တို့ နှစ်ယောက် အခု အသက် ၈၀ ကျော် နေပြီ။ အမေရိကန် ဌာနခွဲ ကော်မတီဝင်အဖြစ် ကျွန်တော် အမှုဆောင်တာ နှစ် ၂၀ လောက် ရှိပြီ။ တက္ကသိုလ်ပညာ မသင်ခဲ့ရပေမဲ့ ယေဟောဝါနဲ့ အဖွဲ့အစည်း သင်ပေးတဲ့ အဆင့်မြင့်ဆုံး ပညာရေး ရထားတယ်။ အဲဒါက လူတွေကို ထာဝစဉ် အကျိုးပြုမယ့် ကျမ်းစာ အမှန်တရား သင်ပေးဖို့ အရည်အချင်း ပြည့်မီလာစေတယ်။ (၂ ကော. ၃:၅။ ၂ တိ. ၂:၂) ကျမ်းစာ သတင်းစကားကြောင့် လူတွေရဲ့ အသက်တာ တိုးတက်ကောင်းမွန်လာတာ၊ ဖန်ဆင်းရှင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာတာ မြင်ခဲ့ရတယ်။ (ယာ. ၄:၈) ယေဟောဝါအကြောင်း သင်ယူရတဲ့၊ ကျမ်းစာ အမှန်တရား သင်ပေးရတဲ့ အခွင့်ထူးကို လေးမြတ်ဖို့ တခြားသူတွေကို ရူဘီနဲ့ ကျွန်တော် အမြဲ အားပေးတယ်။ အဲဒါဟာ ယေဟောဝါရဲ့ ကျေးကျွန်တစ်ယောက် ရနိုင်သမျှမှာ အကြီးမားဆုံး အခွင့်ထူး ဖြစ်လို့ပါပဲ။