လေ့လာရန် ဆောင်းပါး ၄၀
‘လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေခြင်း’
“လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေတဲ့သူတွေဟာ ကြယ်တွေလို အစဉ်ထာဝရ ထွန်းလင်းနေလိမ့်မယ်။”—ဒံ. ၁၂:၃။
သီချင်း ၁၅၁ ကိုယ်တော် ခေါ်မယ်
အကြိုသုံးသပ်ချက် *
၁။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း စိတ်လှုပ်ရှားစရာ ဘယ်ဖြစ်ရပ်တွေ ဖြစ်လာမလဲ။
ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း မြေကြီးပေါ် ထမြောက်ခြင်း အစီအစဉ် စတင်တဲ့နေ့ဟာ သိပ်ပျော်စရာကောင်းမှာပဲ။ ချစ်ရတဲ့ သေဆုံးသွားသူတွေကို ကျွန်တော်တို့အားလုံး ပြန်မြင်ချင်စိတ် ပြင်းပြနေကြတယ်။ ယေဟောဝါလည်း အဲဒီလိုပါပဲ။ (ယောဘ ၁၄:၁၅) ချစ်ရသူတွေ ထမြောက်လာတဲ့အခါ လူတိုင်း ဘယ်လောက် ပျော်နေကြမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ရှေ့ဆောင်းပါးမှာ သိရတဲ့အတိုင်း အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရတဲ့ ‘ဖြောင့်မတ်သူတွေ’ ဟာ “အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။” (တ. ၂၄:၁၅။ ယော. ၅:၂၉) ကျွန်တော်တို့ ချစ်ရသူများစွာဟာ အာမဂေဒုန်စစ်ပွဲပြီးနောက် မကြာခင် ထမြောက်လာမယ့်အုပ်စုမှာ ပါနိုင်တယ်။ * ဒါ့အပြင် မသေဆုံးခင်မှာ ယေဟောဝါကို သိကျွမ်းဖို့၊ သစ္စာရှိရှိ ဝတ်ပြုဖို့ အခွင့်အရေး အလုံအလောက် မရလိုက်တဲ့ “မဖြောင့်မတ်သူတွေ” လည်း “တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်။”
၂-၃။ (က) ဟေရှာယ ၁၁:၉၊ ၁၀ မှာ ဖော်ပြထားတဲ့ လူ့သမိုင်းမှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ်က ဘယ်လိုမျိုးလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ ထမြောက်လာသူအားလုံး သွန်သင်ခံရကြမယ်။ (ဟေရှာ. ၂၆:၉။ ၆၁:၁၁) လူ့သမိုင်းမှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ် ရှိမယ်။ (ဟေရှာယ ၁၁:၉၊ ၁၀ ကို ဖတ်ပါ။) ဘာကြောင့်လဲ။ ထမြောက်လာမယ့် မဖြောင့်မတ်သူတွေဟာ ယေရှုခရစ်၊ နိုင်ငံတော် အစီအစဉ်၊ ရွေးဖိုး၊ ယေဟောဝါနာမည်နဲ့ အချုပ်အခြာအာဏာ အရေးကိစ္စအကြောင်း သင်ယူဖို့ လိုအပ်မှာ ဖြစ်လို့ပဲ။ ဖြောင့်မတ်သူတွေတောင် ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ယေဟောဝါ ဘယ်လို အဆင့်ဆင့် ဖော်ပြကြောင်း နောက်ဆုံး အချက်အလက်တွေ သိဖို့ လိုတယ်။ သစ္စာရှိသူတချို့ဟာ ကျမ်းစာ ရေးသားမပြီးစီးခင် သေဆုံးသွားကြတာ။ မဖြောင့်မတ်သူတွေကော ဖြောင့်မတ်သူတွေပါ သင်ယူစရာ အများကြီး ရှိပါလိမ့်မယ်။
၃ ဒီပညာပေး အစီအစဉ်က ဘယ်လိုမျိုးလဲ။ အသက်စာစောင်မှာ နာမည် အပြီး ရေးမှတ်ခံရ၊ မခံရဆိုတာအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အဖြေကို သိဖို့ သိပ်အရေးကြီးတယ်။ ဒံယေလကျမ်းနဲ့ ဗျာဒိတ်ကျမ်းမှာ ပါတဲ့ စိတ်ဝင်စားစရာ ပရောဖက်ပြုချက်တချို့က လူသေတွေ ထမြောက်လာတဲ့အခါ ဘာဖြစ်မလဲဆိုတာကို နားလည်စေပါလိမ့်မယ်။ ဒံယေလ ၁၂:၁၊ ၂ မှာ ပါတဲ့ ပရောဖက်ပြုချက်ထဲက စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေကို အရင်ဆုံး သုံးသပ်ကြစို့။
‘မြေကြီးထဲမှာ အိပ်ပျော်နေသူတွေ နိုးထလာမယ်’
၄-၅။ အဆုံးပိုင်းကာလအကြောင်း ဒံယေလ ၁၂:၁ မှာ ဘာဖော်ပြထားသလဲ။
၄ ဒံယေလ ၁၂:၁ ကို ဖတ်ပါ။ အဆုံးပိုင်းကာလအတွင်း အစဉ်လိုက် ဖြစ်ပျက်မယ့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေကို ဒံယေလကျမ်းမှာ ဖော်ပြထားတယ်။ ဥပမာ၊ မိက္ခေလ ယေရှုခရစ်ဟာ “[ဘုရား] ရဲ့ လူမျိုးအတွက် ရပ်တည်ပေးနေ” တယ်လို့ ဒံယေလ ၁၂:၁ မှာ ဖော်ပြတယ်။ ဘုရားသခင့် ကောင်းကင် နိုင်ငံတော်မှာ ဘုရင်အဖြစ် ယေရှု ခန့်အပ်ခံရတဲ့ ၁၉၁၄ မှာ ပရောဖက်ပြုချက် အဲဒီအပိုင်း စပြည့်စုံလာတယ်။
၅ ဒါပေမဲ့ “လူမျိုးတစ်မျိုး စတင်ဖြစ်လာချိန်ကနေ အဲဒီအချိန်အထိ တစ်ခါမှ မဖြစ်ဖူးတဲ့ ဒုက္ခကာလ” အတွင်းမှာလည်း ယေရှု “ပေါ်လာ” ဦးမယ်၊ တစ်နည်းအားဖြင့် ရပ်တည်ပေးဦးမယ်လို့ ပြောထားတယ်။ အဲဒီ “ဒုက္ခကာလ” ဟာ မဿဲ ၂၄:၂၁ မှာ ပါတဲ့ “ကြီးစွာသောဒုက္ခ” နဲ့ အတူတူပဲ။ ဒုက္ခကာလအဆုံး၊ အာမဂေဒုန်မှာ ဘုရားလူမျိုးအတွက် ယေရှု ရပ်တည်ကာကွယ်မယ်။ ကာကွယ်ခံရမယ့် အဲဒီအုပ်စုကို ဗျာဒိတ်ကျမ်းမှာ “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူ” “လူအုပ်ကြီး” လို့ ခေါ်ထားတယ်။—ဗျာ. ၇:၉၊ ၁၄။
၆။ ကြီးစွာသောဒုက္ခကနေ လူအုပ်ကြီး လွတ်မြောက်လာပြီးရင် ဘာဖြစ်မလဲ။ ရှင်းပြပါ။ (မြေကြီး ထမြောက်ခြင်းနဲ့ပတ်သက်ပြီး ဒီစာစောင်မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုလည်း ကြည့်ပါ။)
၆ ဒံယေလ ၁၂:၂ ကို ဖတ်ပါ။ ဒုက္ခကာလကနေ လူအုပ်ကြီး လွတ်မြောက်လာပြီးရင် ဘာဖြစ်မလဲ။ ဒီပရောဖက်ပြုချက်ဟာ ကောင်းကင် ထမြောက်ခြင်းအကြောင်း ဒါမှမဟုတ် ၁၉၁၈ မှာ ဆန့်ကျင်သူတွေကြောင့် ဟောပြောခြင်းလုပ်ငန်း ရပ်တန့်မလို ဖြစ်ရာကနေ ပြန်လှုပ်ရှားလာခြင်းအကြောင်း ပြောနေတာလို့ အရင်က နားလည်ခဲ့တယ်။ * တကယ်တော့ ကမ္ဘာသစ်မှာ လူသေတွေ ထမြောက်လာခြင်းအကြောင်း ပြောနေတာ။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဒံယေလ ၁၂:၂ မှာ သုံးထားတဲ့ “မြေကြီး” အတွက် မူရင်းစကားလုံးကို ယောဘ ၁၇:၁၆ မှာ “မြေမှုန့်” လို့ သုံးထားတယ်။ ယောဘ ၁၇:၁၆ မှာ သုံးထားတဲ့ “မြေမှုန့်” နဲ့ “သင်္ချိုင်း” ဟာ အသုံးအနှုန်း အတူတူပဲ ဖြစ်လို့ ဒံယေလ ၁၂:၂ မှာ သုံးထားတဲ့ “မြေကြီး” ဟာလည်း သင်္ချိုင်းကို ဆိုလိုတာ ဖြစ်ရမယ်။ ဒါကြောင့် ဒံယေလ ၁၂:၂ ဟာ နောက်ဆုံးကာလ အဆုံးတိုင်ပြီးနောက်၊ အာမဂေဒုန်စစ်ပွဲပြီးနောက် ဖြစ်မယ့် မြေကြီးပေါ်က ပကတိ ထမြောက်ခြင်းအကြောင်း ပြောနေတာ ဖြစ်တယ်။
၇။ (က) လူတချို့ ဘယ်လိုနည်းနဲ့ “ထာဝရ အသက်ရှင်ဖို့” ထမြောက်လာမလဲ။ (ခ) ဘာကြောင့် “ပိုမြတ်တဲ့ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်သလဲ။
၇ ဒါဆိုရင် လူတချို့ “ထာဝရ အသက်ရှင်ဖို့” ထမြောက်လာမယ် လို့ ဒံယေလ ၁၂:၂ မှာ ဖော်ပြထားတာ ဘာအဓိပ္ပာယ်လဲ။ အနှစ် ၁၀၀၀ အတွင်း ထမြောက်လာပြီး ယေဟောဝါနဲ့ ယေရှုကို သိကျွမ်းလာသူ၊ ဆက်သိကျွမ်းနေသူ၊ နာခံသူတွေ နောက်ဆုံးမှာ ထာဝရအသက် ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ (ယော. ၁၇:၃) ဒါဟာ အတိတ်က ထမြောက်ခြင်းတွေထက် “ပိုမြတ်တဲ့ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်တယ်။ (ဟီ. ၁၁:၃၅) ဘာကြောင့်လဲ။ အတိတ်က ထမြောက်ခဲ့သူတွေဟာ နောက်တစ်ကြိမ် သေသွားကြရလို့ပဲ။
၈။ လူတချို့ ဘယ်လိုနည်းနဲ့ “ကဲ့ရဲ့ရှုတ်ချခံရဖို့၊ ထာဝရ အထင်သေးရွံရှာခံရဖို့” ထမြောက်လာမလဲ။
၈ ဒါပေမဲ့ ထမြောက်လာသူတိုင်း ယေဟောဝါရဲ့ ပညာပေး အစီအစဉ်ကို လက်ခံမှာ မဟုတ်ဘူး။ “တချို့က ကဲ့ရဲ့ရှုတ်ချခံရဖို့၊ ထာဝရ အထင်သေးရွံရှာခံရဖို့ နိုးထလာမယ်” လို့ ဒံယေလ ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ ပုန်ကန်တဲ့ သဘောထား ရှိနေလို့ အသက်စာစောင်မှာ သူတို့နာမည် ရေးမှတ်ခံရမှာ မဟုတ်ဘူး။ ထာဝရအသက် ရမှာ မဟုတ်ဘူး။ “ထာဝရ အထင်သေးရွံရှာခံရ” မယ်။ ထာဝရ ဖျက်ဆီးခံရမယ်။ ဒါကြောင့် ဒံယေလ ၁၂:၂ ဟာ ထမြောက်လာပြီးနောက် ကျင့်တဲ့ အကျင့်တွေပေါ် မူတည်ပြီး ဘာဖြစ်ကြမလဲဆိုတာကို ပြောနေတာပါ။ * (ဗျာ. ၂၀:၁၂) တချို့ ထာဝရအသက် ရမယ်။ တချို့ မရဘူး။
“လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေတဲ့သူတွေ”
၉-၁၀။ ကြီးစွာသောဒုက္ခပြီးနောက် ဘာဖြစ်ဦးမလဲ။ ဘယ်သူတွေ “ကောင်းကင်ဟင်းလင်းပြင်လို ထွန်းလင်းတောက်ပနေ” မလဲ။
၉ ဒံယေလ ၁၂:၃ ကို ဖတ်ပါ။ “ဒုက္ခကာလ” ပြီးနောက် ဘာဖြစ်ဦးမလဲ။ ကြီးစွာသောဒုက္ခပြီးနောက် ဘာဖြစ်မယ်ဆိုတာကို ဒံယေလ ၁၂:၂ အပြင် အခန်းငယ် ၃ မှာလည်း ဖော်ပြထားတယ်။
၁၀ ဘယ်သူတွေ “ကောင်းကင်ဟင်းလင်းပြင်လို ထွန်းလင်းတောက်ပနေ” မလဲ။ မဿဲ ၁၃:၄၃ မှာ ပါတဲ့ ယေရှုရဲ့ စကားမှာ သဲလွန်စ တွေ့ရတယ်။ “အဲဒီအချိန်မှာ ဖြောင့်မတ်သူတွေဟာ အဖဘုရားရဲ့ နိုင်ငံမှာ နေလို ထွန်းလင်းကြလိမ့်မယ်။” ရှေ့နောက်စကားကို ကြည့်ရင် ကောင်းကင် နိုင်ငံတော်မှာ မိမိနဲ့အတူ တွဲဖက်အုပ်ချုပ်မယ့် ဘိသိက်ခံ ညီတွေ၊ “နိုင်ငံတော်သားတွေ” အကြောင်း ယေရှု ပြောနေတာ။ (မ. ၁၃:၃၈) ဒါကြောင့် ဒံယေလ ၁၂:၃ ကလည်း ဘိသိက်ခံတွေအကြောင်း၊ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း သူတို့ ဘာလုပ်မယ့်အကြောင်း ဖော်ပြနေတာ ဖြစ်ရမယ်။
၁၁-၁၂။ အနှစ် ၁၀၀၀ အတွင်း ၁၄၄,၀၀၀ ဘာလုပ်မလဲ။
၁၁ ဘိသိက်ခံတွေက ဘယ်လိုနည်းနဲ့ “လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေ” မလဲ။ ဘိသိက်ခံတွေက ယေရှုခရစ်နဲ့အတူ တွဲပြီး အနှစ် ၁၀၀၀ အတွင်း မြေကြီးပေါ်က ပညာပေး အစီအစဉ်ကို ညွှန်ကြားမယ်။ ၁၄၄,၀၀၀ ဟာ ဘုရင်တွေအဖြစ်သာမက ပုရောဟိတ်တွေအဖြစ်ပါ အမှုဆောင်ကြမယ်။ (ဗျာ. ၁:၆။ ၅:၁၀။ ၂၀:၆) “လူမျိုးတွေကို အနာရောဂါ ပျောက်ကင်းစေ” မယ်။ တဖြည်းဖြည်း ပြန်စုံလင်လာစေမယ်။ (ဗျာ. ၂၂:၁၊ ၂။ ယေဇ. ၄၇:၁၂) အဲဒီလို လုပ်ပေးရမှာကို ဘိသိက်ခံတွေ သိပ်ပျော်ကြမယ်။
၁၂ ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်မယ့် “လူများစွာ” ထဲမှာ ဘယ်သူတွေ ပါမလဲ။ ထမြောက်လာသူတွေ၊ အာမဂေဒုန်ကနေ လွတ်မြောက်လာသူတွေ၊ ကမ္ဘာသစ်မှာ မွေးလာမယ့် ကလေးတွေ ပါမယ်။ အနှစ် ၁၀၀၀ အကုန်မှာ ကမ္ဘာမြေပေါ် အသက်ရှင်သူတိုင်း စုံလင်နေကြမယ်။ ဘယ်အချိန်ကျရင် အသက်စာစောင်မှာ သူတို့နာမည်ကို ခဲတံနဲ့ မဟုတ်ဘဲ မင်နဲ့ အပြီး ရေးမှတ်မလဲ။
နောက်ဆုံး စမ်းသပ်မှု
၁၃-၁၄။ ထာဝရအသက် ရဖို့ မြေကြီးပေါ်က စုံလင်တဲ့ လူသားအားလုံး ဘာလုပ်ရမလဲ။
၁၃ စုံလင်တယ်ဆိုတာနဲ့ ထာဝရအသက် အလိုလို ရမှာ မဟုတ်ကြောင်း သတိရရမယ်။ အာဒံနဲ့ ဧဝအကြောင်း စဉ်းစားကြည့်ပါ။ စုံလင်ကြပေမဲ့ ထာဝရအသက် ရဖို့အတွက် ယေဟောဝါဘုရားကို နာခံကြောင်း ပြဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ မနာခံခဲ့ကြဘူး။—ရော. ၅:၁၂။
၁၄ အနှစ် ၁၀၀၀ အကုန်မှာ မြေကြီးပေါ်က လူတွေရဲ့ အခြေအနေ ဘယ်လို ဖြစ်နေမလဲ။ အားလုံး စုံလင်နေကြမယ်။ အဲဒီစုံလင်တဲ့ လူသားအားလုံး ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထာဝရ အကြွင်းမဲ့ ထောက်ခံကြမလား။ စုံလင်ပေမဲ့ သစ္စာမရှိခဲ့ကြတဲ့ အာဒံနဲ့ ဧဝလို ဖြစ်သွားမလား။ အဲဒီမေးခွန်းတွေကို ဖြေကြရမယ်။ ဘယ်လိုနည်းနဲ့လဲ။
၁၅-၁၆။ (က) ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း လူအားလုံး ဘယ်အချိန်မှာ သက်သေပြခွင့် ရမလဲ။ (ခ) ဒီနောက်ဆုံး စမ်းသပ်မှု ရလဒ်က ဘာဖြစ်မလဲ။
၁၅ စာတန် အနှစ် ၁၀၀၀ ချည်နှောင်ခံရမယ်။ အဲဒီအချိန်အတွင်း ဘယ်သူ့ကိုမှ လှည့်ဖြားလို့ မရဘူး။ ဒါပေမဲ့ အနှစ် ၁၀၀၀ အကုန်မှာ လွတ်လာမယ်။ စုံလင်တဲ့ လူတွေကို လှည့်ဖြားဖို့ ကြိုးစားမယ်။ အဲဒီစမ်းသပ်မှုအတွင်း မြေကြီးပေါ်က စုံလင်တဲ့ လူသားအားလုံးဟာ ဘုရားသခင့် နာမတော်၊ အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ အရေးကိစ္စမှာ ဘယ်ဘက် ရပ်တည်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သက်သေပြခွင့် ရကြမယ်။ (ဗျာ. ) အသက်စာစောင်မှာ နာမည် အပြီး ရေးမှတ်ခံရမလားဆိုတာ စာတန့်လှည့်ဖြားမှုကို တစ်ယောက်စီ ဘယ်လို တုံ့ပြန်သလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ၂၀:၇-၁၀
၁၆ အာဒံနဲ့ ဧဝလိုပဲ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်သူတချို့ ရှိလိမ့်မယ်။ သူတို့ ဘာဖြစ်သွားမလဲ။ ‘အသက်စာစောင်မှာ စာရင်းမဝင်သူအားလုံး မီးအိုင်ထဲ ပစ်ချခံရတယ်’ လို့ ဗျာဒိတ် ၂၀:၁၅ မှာ ဖော်ပြတယ်။ ပုန်ကန်သူတွေ ထာဝရ အပြီး ဖျက်ဆီးခံရမယ်။ ဒါပေမဲ့ စုံလင်တဲ့ လူသား အများစုကတော့ ဒီနောက်ဆုံး စမ်းသပ်မှုမှာ အောင်မြင်ကြမယ်။ အသက်စာစောင်မှာ နာမည် အပြီး ရေးမှတ်ခံရမယ်။
“အဆုံးပိုင်းကာလ”
၁၇။ ကျွန်တော်တို့ခေတ်မှာ ဘာဖြစ်မယ်လို့ ဒံယေလကို ကောင်းကင်တမန် ပြောသလဲ။ (ဒံယေလ ၁၂:၄၊ ၈-၁၀)
၁၇ ဒီအနာဂတ် ဖြစ်ရပ်တွေအကြောင်း စဉ်းစားရတာ စိတ်လှုပ်ရှားစရာပါပဲ။ “အဆုံးပိုင်းကာလ” ဖြစ်တဲ့ ကျွန်တော်တို့ခေတ်အကြောင်း အရေးကြီး အချက်အလက်တချို့လည်း ဒံယေလကို ကောင်းကင်တမန် ပြောပြတယ်။ (ဒံယေလ ၁၂:၄၊ ၈-၁၀ ကို ဖတ်ပါ။ ၂ တိ. ၃:၁-၅) “စစ်မှန်တဲ့ အသိပညာ တိုးများလာလိမ့်မယ်” လို့ ပြောတယ်။ တကယ်ပဲ ဘုရားလူမျိုးဟာ ဒံယေလကျမ်းထဲက ပရောဖက်ပြုချက်တွေကို ပိုနားလည်လာတယ်။ ဒါပေမဲ့ “လူဆိုးတွေက ဆိုးညစ်စွာ ပြုမူကြလိမ့်မယ်။ ဒီစကားတွေကို လူဆိုးတစ်ယောက်မှ နားလည်မှာ မဟုတ်ဘူး” လို့လည်း ကောင်းကင်တမန် ပြောတယ်။
၁၈။ ဆိုးညစ်သူတွေ မကြာခင် ဘာဖြစ်မလဲ။
၁၈ အခုအချိန်မှာ ဆိုးညစ်တဲ့ အကျင့်တွေအတွက် လူဆိုးတွေ ဘာပြစ်ဒဏ်မှ မခံရပုံပဲ။ (မာလ. ၃:၁၄၊ ၁၅) ဒါပေမဲ့ မကြာခင် ယေရှု သိုးနဲ့ ဆိတ် ခွဲမယ်။ ဆိတ်လို ဆိုးညစ်သူတွေကို တရားစီရင်မယ်။ (မ. ၂၅:၃၁-၃၃) သူတို့ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်မှာ မဟုတ်ဘူး။ ကမ္ဘာသစ်မှာ ထမြောက်လာမှာ မဟုတ်ဘူး။ မာလခိ ၃:၁၆ မှာ ဖော်ပြထားတဲ့ “အောက်မေ့ရာစာစောင်” မှာ သူတို့နာမည် ပါမှာ မဟုတ်ဘူး။
၁၉။ အခုအချိန်ဟာ ဘာလုပ်ရမယ့် အချိန်လဲ။ ဘာကြောင့်လဲ။ (မာလခိ ၃:၁၆-၁၈)
၁၉ အခုအချိန်ဟာ ဆိုးညစ်သူတွေ မဟုတ်ကြောင်း လုပ်ရပ်နဲ့ သက်သေပြရမယ့် အချိန်ပဲ။ (မာလခိ ၃:၁၆-၁၈ ကို ဖတ်ပါ။) “တန်ဖိုးအထားရဆုံးလူမျိုး” ကို ယေဟောဝါ စုသိမ်းနေတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ပါချင်ကြမှာ သေချာတယ်။
၂၀။ ဒံယေလကို ဘုရား ဘာကတိပေးသလဲ။ အဲဒီကတိ ပြည့်စုံလာမယ့်အချိန်ကို သင် ဘာကြောင့် စောင့်မျှော်နေသလဲ။
၂၀ စိတ်လှုပ်ရှားစရာ ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ဒီ့ထက် စိတ်လှုပ်ရှားစရာ ကောင်းတာတွေ ဖြစ်လာဦးမယ်။ မကြာခင် ဆိုးသွမ်းမှုအားလုံး ဖျက်ဆီးခံရတာ မြင်ရမယ်။ ပြီးနောက် “နေ့ရက်တွေရဲ့အဆုံးမှာ ဝေစုကို ရယူဖို့ ခင်ဗျား မတ်တတ်ရပ်ရလိမ့်မယ်” ဆိုပြီး ဒံယေလကို ပေးတဲ့ ယေဟောဝါရဲ့ ကတိ ပြည့်စုံလာတာ မြင်ရမယ်။ (ဒံ. ၁၂:၁၃) ဒံယေလကော ကိုယ်ချစ်ရသူတွေပါ “မတ်တပ်ရပ်” မယ့်နေ့၊ ထမြောက်လာမယ့်နေ့ကို ကျွန်တော်တို့ မြင်ချင်စိတ် ပြင်းပြနေကြမှာပါ။ ဒါဆိုရင် သစ္စာရှိနေဖို့ အခုအစွမ်းကုန် ကြိုးစားပါ။ သစ္စာရှိနေမယ်ဆိုရင် အသက်စာစောင်မှာ သင့်နာမည် ဆက်ရှိနေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။
သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’
^ ဒံယေလ ၁၂:၂၊ ၃ မှာ ပါတဲ့ လူ့သမိုင်းမှာ ကြီးကျယ်တဲ့ ပညာပေး အစီအစဉ်နဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ နားလည်မှု ပြုပြင်ပြောင်းလဲထားပါတယ်။ ဒီအစီအစဉ် ဘယ်အချိန်မှာ ဖြစ်မလဲ၊ ဘယ်သူတွေ ပါဝင်မလဲ၊ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအဆုံး နောက်ဆုံးစမ်းသပ်မှုအတွက် မြေကြီးပေါ်က လူတွေကို ဒီအစီအစဉ်က ဘယ်လို အသင့်ပြင်ပေးမလဲဆိုတာ ဆွေးနွေးသွားပါမယ်။
^ နောက်ဆုံးကာလအတွင်း သစ္စာရှိရှိ သေဆုံးသွားသူတွေ အရင်ဆုံး ထမြောက်လာနိုင်တယ်။ အဲဒီနောက် သူတို့ရှေ့က မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် ထမြောက်လာနိုင်တယ်။ ဒီလိုသာဆိုရင် မျိုးဆက်တိုင်းက ကိုယ်တိုင်ကိုယ်ကျ မီလိုက်တဲ့ မျိုးဆက်ကို ကြိုဆိုခွင့် ရမယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ကောင်းကင် ထမြောက်ခြင်းဟာ “အစဉ်လိုက်” ဖြစ်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ မြေကြီး ထမြောက်ခြင်းလည်း စနစ်တကျ ဖြစ်မယ်ဆိုတာ စိတ်ချနိုင်တယ်။—၁ ကော. ၁၄:၃၃။ ၁၅:၂၃။
^ ဒီရှင်းပြချက်ဟာ ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့! အခန်း ၁၇၊ ၁၉၈၇၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်)၊ စာမျက်နှာ ၂၁-၂၅ မှာ ပါတဲ့ နားလည်မှုကို ပြုပြင်ပြောင်းလဲထားတာ ဖြစ်တယ်။
^ တမန်တော် ၂၄:၁၅ မှာ ပါတဲ့ “ဖြောင့်မတ်သူ၊” “မဖြောင့်မတ်သူ၊” ယောဟန် ၅:၂၉ မှာ ပါတဲ့ “ကောင်းတဲ့အကျင့်ကို ကျင့်သူ၊” “ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူ” ဆိုတဲ့ စကားလုံးတွေကတော့ ထမြောက်လာသူတွေရဲ့ မသေဆုံးခင်က အကျင့်တွေအကြောင်း ဖော်ပြတာ ဖြစ်တယ်။