လေ့လာရန် ဆောင်းပါး ၃၉
“အသက်စာစောင်” မှာ သင့်နာမည် ပါသလား
‘ယေဟောဝါကို ကြောက်ရွံ့ရိုသေသူတွေနဲ့ပတ်သက်ပြီး ရှေ့တော်မှာ ရှိတဲ့ အောက်မေ့ရာစာစောင်ထဲ ရေးမှတ်ထားတယ်။’—မာလ. ၃:၁၆။
သီချင်း ၆၁ သက်သေများ ရှေ့သို့ ချီပါ
အကြိုသုံးသပ်ချက် *
၁။ မာလခိ ၃:၁၆ အရ ဘယ်စာစောင်ကို ယေဟောဝါ ရေးသားနေသလဲ။ ဘာတွေ ပါသလဲ။
အထူးစာစောင်တစ်ခု ယေဟောဝါ ရေးသားနေတာ နှစ်ထောင်ချီပြီ။ အဲဒီစာစောင်မှာ နာမည်တွေ ပါတယ်။ ဦးဆုံး သစ္စာရှိ သက်သေ အာဗေလရဲ့ နာမည်ကနေ စတယ်။ * (လု. ၁၁:၅၀၊ ၅၁) နှစ်တွေတစ်လျှောက် အဲဒီစာစောင်မှာ နာမည်တွေ ယေဟောဝါ ထပ်ထပ် ဖြည့်နေတယ်။ အခုဆိုရင် နာမည်သန်းချီ ရှိနေပြီ။ ကျမ်းစာမှာ အဲဒီစာစောင်ကို “အောက်မေ့ရာစာစောင်၊” “အသက်စာစောင်၊” “အသက်စာလိပ်” လို့ ခေါ်ထားတယ်။ ဒီဆောင်းပါးမှာတော့ “အသက်စာစောင်” လို့ သုံးသွားပါမယ်။—မာလခိ ၃:၁၆ ကို ဖတ်ပါ။ ဗျာ. ၃:၅။ ၁၇:၈။
၂။ အသက်စာစောင်မှာ ဘယ်သူတွေရဲ့ နာမည် ပါသလဲ။ ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ရဲ့ နာမည် ပါနိုင်သလဲ။
၂ ယေဟောဝါကို ကြောက်ရွံ့ရိုသေစိတ်နဲ့ ဝတ်ပြုသူ၊ နာမတော်ကို တန်ဖိုးထားလေးမြတ်သူအားလုံးရဲ့ နာမည် ဒီအထူးစာစောင်မှာ ပါတယ်။ သူတို့ ထာဝရအသက် ရကြမယ်။ ကျွန်တော်တို့လည်း သားတော် ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ ကြိုးစားမယ်ဆိုရင် နာမည် ရေးမှတ်ခံရနိုင်တယ်။ (ယော. ၃:၁၆၊ ၃၆) ကောင်းကင် မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသည်ဖြစ်စေ ကျွန်တော်တို့အားလုံး အဲဒီစာစောင်မှာ နာမည် ပါချင်ကြမှာ သေချာတယ်။
၃-၄။ (က) အသက်စာစောင်မှာ လောလောဆယ် နာမည် ရေးမှတ်ခံရတာနဲ့ ထာဝရအသက် ရမလား။ ရှင်းပြပါ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ အဲဒီစာစောင်မှာ နာမည် ရေးမှတ်ခံရသူတိုင်း ထာဝရ အသက် ရမယ်ဆိုတဲ့ အဓိပ္ပာယ်လား။ ထွက်မြောက်ရာ ၃၂:၃၃ မှာ မောရှေကို ပြောတဲ့ ယေဟောဝါရဲ့ စကားတွေမှာ အဖြေပါတယ်။ ‘ငါ့ကို ပြစ်မှားသူရဲ့ နာမည်ကို ငါ့စာစောင်ကနေ ပယ်ဖျက်မယ်’ လို့ ယေဟောဝါ ပြောတယ်။ ဒါကြောင့် စာစောင်မှာ လောလောဆယ် ရေးမှတ်ထားတဲ့ နာမည်တွေကို ပယ်ဖျက်ပစ်လို့ ရတယ်။ ခဲတံနဲ့ ရေးထားနှင့်သလိုမျိုးပဲ။ (ဗျာ. ၃:၅) မင်နဲ့ အပြီး ရေးမှတ်မယ့်အချိန်ထိ စာစောင်မှာ ကိုယ့်နာမည် ရှိနေဖို့ ကြိုးစားကြရမယ်။
၄ မေးခွန်းတချို့ ပေါ်လာတယ်။ ဥပမာ၊ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရသူတွေ၊ မခံရသူတွေအကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ။ အဲဒီစာစောင်မှာ နာမည် ဆက်ရှိနေသူတွေ ဘယ်အချိန် ထာဝရအသက် ရမလဲ။ ယေဟောဝါအကြောင်း သိခွင့် မရဘဲ သေဆုံးသွားသူတွေကော။ အဲဒီစာစောင်မှာ နာမည် ရေးမှတ်ခံရဖို့ ဖြစ်နိုင်မလား။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
စာစောင်မှာ ဘယ်သူတွေ နာမည် ရေးမှတ်ခံရသလဲ
၅-၆။ (က) ဖိလိပ္ပိ ၄:၃ အရ အသက်စာစောင်မှာ ဘယ်သူတွေ နာမည် ရေးမှတ်ခံရသလဲ။ (ခ) ဘယ်အချိန်မှာ အသက်စာစောင်ထဲ နာမည် အပြီး ရေးမှတ်ခံရမလဲ။
၅ အသက်စာစောင်မှာ ဘယ်သူတွေ နာမည် ရေးမှတ်ခံရသလဲ။ အဖြေ သိဖို့ အုပ်စု ငါးစုအကြောင်း လေ့လာပါမယ်။ တချို့က နာမည် ရေးမှတ်ခံရတဲ့ အုပ်စု၊ တချို့က ရေးမှတ်မခံရတဲ့ အုပ်စု ဖြစ်တယ်။
၆ ပထမအုပ်စုက ကောင်းကင်မှာ ယေရှုနဲ့အတူ တွဲဖက် အုပ်ချုပ်ဖို့ ရွေးချယ်ခံရသူတွေ။ အသက်စာစောင်မှာ သူတို့နာမည် ရှိနေပြီလား။ ရှိနေပါပြီ။ ဖိလိပ္ပိမြို့က “လုပ်ဖော်ဆောင်ဖက်တွေ” ဆီ တမန်တော် ပေါလု ရေးတဲ့ စာအရ ယေရှုနဲ့အတူ တွဲဖက်အုပ်ချုပ်ဖို့ ဖိတ်ခေါ်ခံရတဲ့ ဘိသိက်ခံတွေဟာ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရတယ်။ (ဖိလိပ္ပိ ၄:၃ ကို ဖတ်ပါ။) ဒါပေမဲ့ နာမည် ဆက်ရှိနေဖို့ဆိုရင် ဆက်သစ္စာရှိရမယ်။ သူတို့ မသေဆုံးခင် ဒါမှမဟုတ် ကြီးစွာသောဒုက္ခ မစခင် နောက်ဆုံး တံဆိပ်ခတ်ခံရချိန်မှာ အသက်စာစောင်ထဲ နာမည် အပြီး ရေးမှတ်ခံရမယ်။—ဗျာ. ၇:၃။
၇။ ဗျာဒိတ် ၇:၁၆၊ ၁၇ အရ တခြားသိုးအဝင် လူအုပ်ကြီး ဘယ်အချိန်မှာ အသက်စာစောင်ထဲ နာမည် အပြီး ရေးမှတ်ခံရမလဲ။
၇ ဒုတိယအုပ်စုက တခြားသိုးအဝင် လူအုပ်ကြီး။ အသက်စာစောင်မှာ သူတို့နာမည် ရှိနေပြီလား။ ရှိနေပါပြီ။ အာမဂေဒုန်ကနေ လွတ်မြောက်ပြီးနောက်မှာကော နာမည် ဆက်ရှိနေမလား။ ရှိနေပါမယ်။ (ဗျာ. ၇:၁၄) အဲဒီသိုးလိုလူတွေ “ထာဝရအသက် ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၅:၄၆) ဒါပေမဲ့ အာမဂေဒုန်ကနေ လွတ်မြောက်လာသူတွေ ထာဝရအသက် ချက်ချင်း မရဘူး။ အသက်စာစောင်မှာ သူတို့နာမည်ဟာ ခဲတံနဲ့ ရေးမှတ်ထားတဲ့အတိုင်း ဆက်ရှိနေမယ်။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း ယေရှုက “သူတို့ကို ထိန်းကျောင်းပြီး အသက်စမ်းရေဆီ ပို့ဆောင်ပေး” မယ်။ ခရစ်တော်ရဲ့ လမ်းပြမှုနောက် လိုက်သူတွေ၊ ယေဟောဝါအပေါ် သစ္စာရှိသူတွေအဖြစ် နောက်ဆုံး တရားစီရင်ခံရသူတွေဟာ အသက်စာစောင်မှာ နာမည် အပြီး ရေးမှတ်ခံရမယ်။—ဗျာဒိတ် ၇:၁၆၊ ၁၇ ကို ဖတ်ပါ။
၈။ အသက်စာစောင်မှာ နာမည် မပါတဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ ဘာဖြစ်မလဲ။
၈ တတိယအုပ်စုက အာမဂေဒုန်မှာ ဖျက်ဆီးခံရမယ့် ဆိတ်လိုလူတွေ။ အသက်စာစောင်မှာ သူတို့နာမည် မပါဘူး။ ‘သူတို့ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (မ. ၂၅:၄၆) ‘သူတို့ဟာ ထာဝရ ပျက်စီးခြင်း ပြစ်ဒဏ်စီရင်ချက်ကို ခံရမယ်’ လို့ ပေါလုလည်း ပြောတယ်။ (၂ သက်. ၁:၉။ ၂ ပေ. ၂:၉) သမိုင်းတစ်လျှောက် သန့်ရှင်းသော စွမ်းအားတော်ကို တမင်တကာ ပြစ်မှားခဲ့သူအားလုံးလည်း ထာဝရ ဖျက်ဆီးခံရမယ်။ ထာဝရအသက် မရဘူး။ မထမြောက်ဘူး။ (မ. ၁၂:၃၂။ မာ. ၃:၂၈၊ ၂၉။ ဟီ. ၆:၄-၆) မြေကြီးပေါ် ထမြောက်လာမယ့် အုပ်စုနှစ်စုအကြောင်း ဆက်လေ့လာကြစို့။
ထမြောက်လာမယ့်သူတွေ
၉။ တမန်တော် ၂၄:၁၅ အရ ဘယ်အုပ်စုနှစ်စု မြေကြီးပေါ် ထမြောက်လာမလဲ။ ဘာကွာသလဲ။
၉ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ ထမြောက်လာမယ့် အုပ်စုနှစ်စုအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ‘ဖြောင့်မတ်သူတွေ’ နဲ့ “မဖြောင့်မတ်သူတွေ။” (တမန်တော် ၂၄:၁၅ ကို ဖတ်ပါ။) “ဖြောင့်မတ်သူ” ဆိုတာ အသက်ရှင်စဉ် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့သူတွေ ဖြစ်တယ်။ “မဖြောင့်မတ်သူ” ဆိုတာ ယေဟောဝါကို ဝတ်မပြုခဲ့သူတွေ ဖြစ်တယ်။ သူတို့အများစုရဲ့ အကျင့်အကြံတွေဟာ မဖြောင့်မတ်ဘူး။ နှစ်အုပ်စုစလုံး ထမြောက်လာမယ်ဆိုတော့ အသက်စာစောင်မှာ သူတို့နာမည် ရှိနေလို့လား။ အဖြေ သိဖို့ တစ်အုပ်စုချင်းစီအကြောင်း သုံးသပ်ကြရအောင်။
၁၀။ ‘ဖြောင့်မတ်သူတွေ’ ဘာကြောင့် ထမြောက်လာမလဲ။ တချို့ ဘာအခွင့်အရေး ရမလဲ။ (မြေကြီးပေါ် ထမြောက်ခြင်းနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုလည်း ကြည့်ပါ။)
၁၀ စတုတ္ထအုပ်စုက ‘ဖြောင့်မတ်သူတွေ။’ သူတို့ မသေဆုံးခင် အသက်စာစောင်မှာ နာမည် ရေးမှတ်ခံထားရတယ်။ သေဆုံးချိန်မှာ အသက်စာစောင်ကနေ နာမည် အဖျက်ခံရသလား။ မခံရပါဘူး။ ယေဟောဝါရဲ့ မှတ်ဉာဏ်မှာ သူတို့ “အသက်ရှင်” နေတုန်းပဲ။ ယေဟောဝါဟာ “သေလွန်သူတွေရဲ့ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရားပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်။” (လု. ၂၀:၃၈) ဖြောင့်မတ်သူတွေ မြေကြီးပေါ် ထမြောက်လာတဲ့အခါ အသက်စာစောင်မှာ သူတို့နာမည်ဟာ “ခဲတံ” နဲ့ ရေးမှတ်ထားတဲ့အတိုင်း ရှိနေမယ်။ (လု. ၁၄:၁၄) သူတို့ထဲက တချို့ဟာ “ကမ္ဘာမြေတစ်ခွင်မှာ မင်းညီမင်းသားတွေအဖြစ်” အမှုဆောင်ခွင့် ရကြမယ်။—ဆာ. ၄၅:၁၆။
၁၁။ “မဖြောင့်မတ်သူတွေ” အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရဖို့ ဘာသင်ယူရမလဲ။
၁၁ ပဉ္စမအုပ်စုက “မဖြောင့်မတ်သူတွေ။” ယေဟောဝါရဲ့ တောင်းဆိုချက်တွေကို မသိလို့ ဖြောင့်ဖြောင့်မတ်မတ် မနေထိုင်ခဲ့သူတွေ ဖြစ်တယ်။ အသက်စာစောင်မှာ သူတို့နာမည် ရှိမနေဘူး။ ဒါပေမဲ့ သူတို့ကို ထမြောက်ပေးခြင်းအားဖြင့် အသက်စာစောင်မှာ စာရင်းဝင်ဖို့ ဘုရား အခွင့်အရေး ပေးမယ်။ ဒီ “မဖြောင့်မတ်သူတွေ” အကူအညီ အများကြီး လိုကြလိမ့်မယ်။ တချို့က မသေဆုံးခင် ဆိုးညစ်တဲ့ အကျင့်တွေ ကျင့်ခဲ့ကြတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်တတ်ဖို့ သင်ယူကြရမယ်။ သူတို့ကို သင်ပေးဖို့ လူ့သမိုင်းမှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ်ကို ဘုရားနိုင်ငံတော်က စီစဉ်ပေးမယ်။
၁၂။ (က) မဖြောင့်မတ်သူတွေကို ဘယ်သူတွေ သင်ပေးမလဲ။ (ခ) သင်ပေးတာကို လက်မခံတဲ့သူတွေ ဘာဖြစ်သွားမလဲ။
၁၂ မဖြောင့်မတ်သူတွေကို ဘယ်သူတွေ သင်ပေးမလဲ။ လူအုပ်ကြီးနဲ့ ပြန်ထမြောက်လာတဲ့ ဖြောင့်မတ်သူတွေပါ။ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရဖို့ မဖြောင့်မတ်သူတွေဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံရမယ်။ သင်ပေးတာကို မဖြောင့်မတ်သူတွေ ဘယ်လို တုံ့ပြန်သလဲဆိုတာ ယေရှုခရစ်နဲ့ ဘိသိက်ခံတွေ ဂရုတစိုက် စောင့်ကြည့်ပါလိမ့်မယ်။ (ဗျာ. ၂၀:၄) အကူအညီ လက်မခံသူတွေဟာ အသက် ၁၀၀ ရှိနေရင်တောင် ဖျက်ဆီးခံရမယ်။ (ဟေရှာ. ၆၅:၂၀) လူ့အတွင်းစိတ်ကို ယေဟောဝါနဲ့ ယေရှု မြင်နိုင်တယ်။ ကမ္ဘာသစ်မှာ အဖျက်အမှောင့် လုပ်မယ့် ဘယ်သူ့ကိုမှ ရှိခွင့် ပြုမှာ မဟုတ်ဘူး။—ဟေရှာ. ၁၁:၉။ ၆၀:၁၈။ ၆၅:၂၅။ ယော. ၂:၂၅။
အသက်ရှင်ဖို့ ထမြောက်ခြင်း၊ တရားစီရင်ခံရဖို့ ထမြောက်ခြင်း
၁၃-၁၄။ (က) ယောဟန် ၅:၂၉ မှာ ပါတဲ့ ယေရှုစကားတွေကို အရင်က ဘယ်လို နားလည်ခဲ့ကြသလဲ။ (ခ) ဒီစကားတွေနဲ့ပတ်သက်ပြီး ဘာကို သတိပြုဖို့ လိုသလဲ။
၁၃ မြေကြီးပေါ် အသက်ရှင်ဖို့ ထမြောက်မယ့်သူတွေအကြောင်း ယေရှုလည်း ပြောတယ်။ “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။ ကောင်းတဲ့အကျင့်ကို ကျင့်သူတွေ အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။ ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေကတော့ တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်” လို့ ပြောတယ်။ (ယော. ၅:၂၈၊ ၂၉) ဘာအဓိပ္ပာယ်လဲ။
၁၄ ထမြောက်ပြီးနောက် ကျင့်တဲ့ အကျင့်တွေကို ယေရှု ဆိုလိုနေတယ်၊ ထမြောက်လာသူတချို့ ကောင်းတဲ့အကျင့် ကျင့်မယ်၊ တချို့ ဆိုးညစ်တဲ့အကျင့် ကျင့်မယ်လို့ အရင်က နားလည်ခဲ့ကြတယ်။ ဒါပေမဲ့ သင်္ချိုင်းဂူကနေ ထွက်လာသူတွေ ကောင်းတဲ့အကျင့် ကျင့်ကြလိမ့်မယ်၊ ဆိုးညစ်တဲ့အကျင့် ကျင့်ကြလိမ့်မယ်လို့ ယေရှု မပြောတာကို သတိပြုပါ။ မူရင်းကျမ်းအရ ‘ကောင်းတဲ့အကျင့်ကို ကျင့်ခဲ့သူတွေ၊’ ‘ဆိုးညစ်တဲ့အကျင့်ကို ကျင့်ခဲ့သူတွေ’ လို့ ပြောနေတာ။ ဒီတော့ ဒီအကျင့်တွေဟာ မသေဆုံးခင် ကျင့်ခဲ့တဲ့ အကျင့်တွေ ဖြစ်တယ်။ ဒီလို သဘောပေါက်တာ ယုတ္တိရှိတယ် မဟုတ်လား။ ကမ္ဘာသစ်မှာ ဘယ်သူမှ ဆိုးညစ်တဲ့အကျင့် ကျင့်လို့ ရတော့မှာမှ မဟုတ်တာ။ မဖြောင့်မတ်သူတွေဟာ ဆိုးညစ်တဲ့ အကျင့်တွေကို မသေဆုံးခင် ကျင့်ခဲ့တာပဲ ဖြစ်ရမယ်။ ဒါဆိုရင် ‘အသက်ရှင်ဖို့ ထမြောက်ခြင်း၊’ ‘တရားစီရင်ခံရဖို့ ထမြောက်ခြင်း’ ဆိုတဲ့ ယေရှုရဲ့ စကားတွေကို ဘယ်လို နားလည်ရမလဲ။
၁၅။ ဘယ်သူတွေ “အသက်ရှင်ဖို့ ထမြောက်လာ” မလဲ။ ဘာကြောင့်လဲ။
၁၅ မသေဆုံးခင် ကောင်းတဲ့အကျင့် ကျင့်ခဲ့တဲ့ ဖြောင့်မတ်သူတွေဟာ “အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။” အသက်စာစောင်မှာ သူတို့နာမည် ရှိနှင့်ပြီးသား ဖြစ်လို့ပဲ။ ယောဟန် ၅:၂၉ မှာ ပါတဲ့ “ကောင်းတဲ့အကျင့်ကို ကျင့်သူတွေ” ရဲ့ ထမြောက်ခြင်းဟာ တမန်တော် ၂၄:၁၅ မှာ ပါတဲ့ ‘ဖြောင့်မတ်သူတွေ’ ရဲ့ ထမြောက်ခြင်းနဲ့ အတူတူပဲ။ ဒီနားလည်မှုဟာ ရောမ ၆:၇ ပါ ဖော်ပြချက်နဲ့ ကိုက်ညီတယ်။ “လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပြီ။” ဖြောင့်မတ်သူတွေ သေဆုံးသွားတဲ့အခါ သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေ ဖြေလွှတ်ခံရတယ်။ သစ္စာရှိမှု မှတ်တမ်းကတော့ ဒီအတိုင်း ဆက်ရှိနေတယ်။ (ဟီ. ၆:၁၀) ဒါပေမဲ့ ထမြောက်ပြီးနောက် အသက်စာစောင်မှာ သူတို့နာမည် ဆက်ရှိနေဖို့ ဆက်သစ္စာရှိနေရမယ်။
၁၆။ ‘တရားစီရင်ခံရဖို့ ထမြောက်ခြင်း’ ဆိုတာ ဘာလဲ။
၁၆ မသေဆုံးခင် ဆိုးညစ်တဲ့အကျင့် ကျင့်ခဲ့သူတွေကော။ သေဆုံးချိန်မှာ အပြစ် ဖြေလွှတ်ခံရပြီ ဆိုပေမဲ့ သူတို့မှာ သစ္စာရှိမှု မှတ်တမ်းဆိုတာ မရှိခဲ့ဘူး။ အသက်စာစောင်မှာ သူတို့နာမည် ရှိမနေဘူး။ ဒါကြောင့် “ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေ” ရဲ့ ထမြောက်ခြင်းဟာ တမန်တော် ၂၄:၁၅ မှာ ပါတဲ့ “မဖြောင့်မတ်သူတွေ” ရဲ့ ထမြောက်ခြင်းနဲ့ အတူတူပဲ။ ‘တရားစီရင်ခံရဖို့ ထမြောက်ခြင်း’ ဖြစ်တယ်။ * သူတို့ကို ယေရှု စောင့်ကြည့်မယ့် သဘောပါ။ (လု. ၂၂:၃၀) အသက်စာစောင်မှာ နာမည် ရေးမှတ်ခံထိုက်သူ ဟုတ်မဟုတ် စီရင်ဖို့ အချိန်လိုတယ်။ ဆိုးညစ်တဲ့ ဘဝလမ်းစဉ်ဟောင်းကို စွန့်လွှတ်ပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံမှ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရမယ်။
၁၇-၁၈။ မြေကြီးပေါ် အသက်ရှင်ဖို့ ထမြောက်လာသူအားလုံး ဘာလုပ်ရမလဲ။ ဗျာဒိတ် ၂၀:၁၂၊ ၁၃ မှာ ပါတဲ့ “အကျင့်တွေ” က ဘာလဲ။
၁၇ အရင်က ဖြောင့်မတ်သူ ဖြစ်ခဲ့သည်ဖြစ်စေ၊ မဖြောင့်မတ်သူ ဖြစ်ခဲ့သည်ဖြစ်စေ ထမြောက်လာသူတွေဟာ အနှစ် ၁၀၀၀ အတွင်း ဖွင့်ထားမယ့် စာလိပ်အသစ်တွေထဲက ပညတ်တွေကို လိုက်နာရမယ်။ “ရာဇပလ္လင်ရှေ့မှာ သေလွန်သူ လူကြီးလူငယ်တွေ ရပ်နေတာကို ကျွန်တော် မြင်တယ်။ စာလိပ်တွေကို ဖွင့်ထားတယ်။ တခြားစာလိပ်တစ်ခုကိုလည်း ဖွင့်ထားသေးတယ်။ အဲဒါ အသက်စာလိပ်ပဲ။ သေလွန်သူတွေဟာ စာလိပ်တွေမှာ ရေးထားတဲ့ စကားတွေနဲ့အညီ သူတို့ရဲ့ အကျင့်တွေအတိုင်း တရားစီရင်ခံရတယ်” ဆိုပြီး စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်ရတယ်။—ဗျာ. ၂၀:၁၂၊ ၁၃။
၁၈ ဘယ် “အကျင့်တွေ” အတိုင်း ထမြောက်လာသူတွေ တရားစီရင်ခံရမလဲ။ မသေဆုံးခင် ကျင့်ခဲ့တဲ့ အကျင့်တွေအတိုင်းလား။ မဟုတ်ပါဘူး။ သေဆုံးချိန်မှာ အရင်က အပြစ်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပြီဆိုတာ သတိရပါ။ ဒါကြောင့် မသေဆုံးခင် ကျင့်တဲ့ အကျင့်တွေကို ပြောနေတာ မဖြစ်နိုင်ဘူး။ ကမ္ဘာသစ်မှာ လေ့ကျင့်သွန်သင်ပေးတာကို သူတို့ ဘယ်လို တုံ့ပြန်၊ ကျင့်ကြံမလဲဆိုတာကို ဆိုလိုတာပါ။ ကမ္ဘာသစ်မှာ နောဧ၊ ရှမွေလ၊ ဒါဝိဒ်၊ ဒံယေလတို့လို သစ္စာရှိသူတွေတောင် ယေရှုခရစ်အကြောင်း သင်ယူပြီး ရွေးဖိုးကို ယုံကြည်သက်ဝင်ကြောင်း ပြဖို့ လိုရင် မဖြောင့်မတ်သူတွေဆိုရင် ပိုလို့တောင် လိုတာပေါ့။
၁၉။ အခွင့်ထူးကို ငြင်းပယ်သူတွေ ဘာဖြစ်သွားမလဲ။
၁၉ ဒီအခွင့်ထူးကို ငြင်းပယ်သူတွေ ဘာဖြစ်သွားမလဲ။ ‘အသက်စာစောင်မှာ စာရင်းမဝင်သူအားလုံး မီးအိုင်ထဲ ပစ်ချခံရတယ်’ လို့ ဗျာဒိတ် ၂၀:၁၅ မှာ ဖော်ပြထားတယ်။ ဒါကြောင့် သူတို့ ထာဝရ ဖျက်ဆီးခံရမယ်။ အသက်စာစောင်မှာ ကိုယ့်နာမည် ရှိနေဖို့၊ ဆက်ရှိနေဖို့ သိပ်ကို အရေးကြီးပါတယ်။
၂၀။ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း စိတ်လှုပ်ရှားစရာ ဘယ်အစီအစဉ် ရှိမလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၂၀ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်ဟာ တကယ့်ကို စိတ်လှုပ်ရှားစရာအချိန် ဖြစ်ပါလိမ့်မယ်။ လူ့သမိုင်းတစ်လျှောက် မြေကြီးပေါ် အကြီးကျယ်ဆုံး ပညာပေး အစီအစဉ် ရှိမယ်။ ဖြောင့်မတ်သူတွေရော မဖြောင့်မတ်သူတွေပါ စောင့်ကြည့်ခံရမယ့်အချိန်လည်း ဖြစ်တယ်။ (ဟေရှာ. ၂၆:၉။ တ. ၁၇:၃၁) ဒီပညာပေး အစီအစဉ်ဟာ ဘယ်လိုမျိုးလဲ။ ဒီအစီအစဉ်ကို နားလည်ဖို့၊ တန်ဖိုးထားတတ်ဖို့ နောက်ဆောင်းပါးက ကူညီပေးပါမယ်။
သီချင်း ၁၄၇ ထာဝရအသက် ကတိတော်
^ ယောဟန် ၅:၂၈၊ ၂၉ မှာ ပါတဲ့ ‘အသက်ရှင်ဖို့ ထမြောက်ခြင်း၊’ ‘တရားစီရင်ခံရဖို့ ထမြောက်ခြင်း’ အကြောင်း ယေရှုစကားတွေနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ နားလည်မှု ပြုပြင်ပြောင်းလဲထားပါတယ်။ အဲဒီထမြောက်ခြင်း နှစ်မျိုးက ဘာလဲ၊ ဘယ်သူတွေ ထမြောက်မလဲဆိုတာ သိရပါမယ်။
^ “လူ့လောက အစပြုချိန်” ကစပြီး ဒီစာစောင်ကို ရေးသားနေတာ။ လူ့လောကဆိုတာ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကနေ အကျိုးခံစားခွင့် ရှိသူတွေကို ဆိုလိုတယ်။ (မ. ၂၅:၃၄။ ဗျာ. ၁၇:၈) ဒါကြောင့် ဖြောင့်မတ်သူ အာဗေလဟာ အသက်စာစောင်မှာ ဦးဆုံး နာမည် ရေးမှတ်ခံရသူ ဖြစ်နိုင်တယ်။
^ “တရားစီရင်” ဆိုတဲ့ အသုံးအနှုန်းဟာ အပြစ်ရှိကြောင်း စီရင်ချက် ချတာကို ဆိုလိုတယ်လို့ အရင်က ရှင်းပြခဲ့တယ်။ အဲဒီအဓိပ္ပာယ် ရှိတဲ့နေရာလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ အကဲဖြတ်ကာလ၊ စောင့်ကြည့်ကာလကို ဆိုလိုတယ်။ “လူတစ်ယောက်ရဲ့ အကျင့်အကြံကို ဆန်းစစ်ခြင်း” လို့ ဂရိ ကျမ်းစာအဘိဓာန်တစ်အုပ်က ဆိုတယ်။