မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတွေရဲ့ခြားနားမှုကိုကြည့်ပါ

လူတွေရဲ့ခြားနားမှုကိုကြည့်ပါ

“ဖြောင့်မတ်သူ​နဲ့ ဆိုးညစ်သူ . . . ရဲ့ ကွာခြားချက်​ကို မင်း​တို့ မြင်ရ​ဦး​မယ်။” —မာ​လ. ၃:၁၈

သီချင်း– ၁၂၇၊ ၁၀၁

၁၊ ၂။ ယနေ့ ဘုရား​လူမျိုး ဘာ​အခက်အခဲ ကြုံတွေ့​ရသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ကျန်းမာရေး​ဝန်ထမ်းများ​စွာ​ဟာ ကူးစက်ရောဂါ​ရှိ​သူတွေ​ကြားမှာ အလုပ်လုပ်​ကြ​တယ်။ လူနာ​တွေကို ကူညီပေး​ချင်​လို့ ပြုစု​ကြ​တယ်။ ဒါပေမဲ့ ကိုယ်​ကုသ​ပေး​နေတဲ့​ရောဂါ​ ကိုယ့်ကို မကူးစက်အောင် ကာကွယ်​ဖို့ လိုတယ်။ အလားတူ​ပဲ ကျွန်တော်တို့​အများစုဟာ ဘုရားရေးရာ အရည်အသွေး​တွေနဲ့ ဆန့်ကျင်​တဲ့ သဘောထား​တွေ၊ စရိုက်​တွေ ကူးစက်​ခံရ​သူတွေ​ကြားမှာ နေထိုင်​လုပ်ကိုင်​ကြရတယ်။ ဒါဟာ ကျွန်တော်တို့​အတွက် စိန်ခေါ်ချက်​ပါပဲ။

ဒီ​နောက်ဆုံး​ကာလမှာ ကိုယ်ကျင့်တရား​တွေ ပရမ်းပတာ​ဖြစ်နေ​တယ်။ တိမောသေ​ဆီ ရေးတဲ့ တမန်တော်​ပေါလု​ရဲ့ ဒုတိယ​စာစောင်မှာ ဘုရား​သခင်​နဲ့ ကင်းကွာ​နေ​သူတွေ​ရဲ့ စရိုက်​တွေအကြောင်း ဖော်ပြထားတယ်။ အဲဒီ​စရိုက်​တွေ ပိုများ​လာတယ်။ (၂ တိမောသေ ၃:၁-၅၊ ၁၃ ကိုဖတ်ပါ။) အဲဒီ​အကျင့်စရိုက်​တွေ ပျံ့နှံ့မှု​ကြောင့် ထိတ်လန့်​မိ​နိုင်​ပေ​မဲ့ အဲဒီလိုလူ​တွေရဲ့ အပြုအမူတွေ၊ သဘောထား​တွေ ကျွန်တော်တို့ကို လွှမ်းမိုး​လာနိုင်တယ်။ (ပညာ. ၁၃:၂၀) နောက်ဆုံး​ကာလမှာ လူတွေ တင်ပြ​တဲ့ အရည်အသွေး​တွေနဲ့ ဘုရား​လူမျိုး​တွေ တင်ပြ​တဲ့ အရည်အသွေး​တွေ ကွာခြား​ပုံကို ဒီဆောင်းပါးမှာ သုံးသပ်​သွား​ပါမယ်။ တခြား​သူတွေကို ဘုရားရေးရာ​ပိုင်း ကူညီပေး​ရင်း မကောင်းတဲ့​စရိုက်​တွေ ကူးစက်​မ​ခံရ​အောင် ကိုယ့်ကိုယ်ကို​ယ် ဘယ်လို ကာကွယ်​နိုင်မလဲ​ဆိုတာကိုလည်း ဆွေးနွေး​သွား​ပါမယ်။

၃။ တိမောသေ ဒုတိယစောင် ၃:၂-၅ မှာ​ပါတဲ့​ အကျင့်စရိုက်​တွေ​က ဘယ်သူ​တွေနဲ့ သက်ဆိုင်​သလဲ။

“နောက်ဆုံး​ကာလ​ဟာ အလွန်ခက်​ခဲ​ကျပ်တည်း​မယ်​ဆိုတာ သိထား​ပါ” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ ပြီးတော့ ဒီ​ကာလမှာ လူတွေ တင်ပြ​မယ့် မကောင်းတဲ့​စရိုက်၊ အရည်အသွေး ၁၉ မျိုး​ကို စာရင်းပြု​ဖော်ပြခဲ့တယ်။ ဒီ​စာရင်း​ဟာ ရောမ ၁:၂၉-၃၁ မှာ တွေ့ရတဲ့​စာရင်း​နဲ့ အတူတူ​ပဲ။ ဒါပေမဲ့ တိမောသေ​ဆီ ရေးတဲ့ ပေါလု​ရဲ့ စာ​ထဲက စာရင်း​မှာ တခြား​ခရစ်ယာန်​ဂရိကျမ်းစောင်​တွေမှာ မ​တွေ့ရတဲ့ အသုံးအနှုန်းတွေ ပါဝင်တယ်။ “လူတွေဟာ . . . ” လို့​ အစချီ​ပြီး ဘုရားမဲ့​တဲ့ အကျင့်စရိုက်​တွေကို ပေါလု ဖော်ပြတယ်။ “လူတွေ” ဆိုတဲ့​စကားလုံး​ဟာ ဒီလို​အကျင့်စရိုက်​တွေ တင်ပြ​တဲ့ အမျိုးသား/သမီး​တွေကို ဆိုလိုတယ်​လို့ နားလည်​နိုင်တယ်။ ဒါပေမဲ့ ဒီ​အကျင့်စရိုက်​တွေကို လူအားလုံး​ တင်ပြ​တာ​တော့ မဟုတ်ဘူး။ ခရစ်ယာန်​တွေမှာ ခြားနား​တဲ့​စရိုက်​တွေ ရှိ​ကြ​တယ်။မာလခိ ၃:၁၈ ကိုဖတ်ပါ။

ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ

၄။ မာနကြီးတဲ့​သူတွေကို ဘယ်လို ဖော်ပြ​မ​လဲ။

ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်တဲ့​သူတွေ၊ ငွေ​ကို တပ်မက်​သူတွေ ဖြစ်ကြ​မယ်လို့ ဖော်ပြပြီး​တဲ့​နောက် ဝါကြွားသူ၊ မောက်မာ​သူ၊ မာနထောင်လွှား​သူ ဖြစ်ကြ​မယ်​လို့လည်း ပေါလု ရေးသားခဲ့တယ်။ ဒီ​အရည်အသွေး​တွေဟာ ကိုယ့်​အစွမ်းအစ၊ ရုပ်ရည်အသွင်အပြင်၊ စည်းစိမ်ချမ်းသာ၊ အဆင့်အတန်း​တွေကြောင့် သူတစ်ပါး​ထက် သာလွန်​တယ်လို့ ယူမှတ်​စေတယ်။ ဒီလို​စရိုက်​မျိုး ရှိတဲ့​သူတွေဟာ လေးစား​အထင်ကြီး​မှု ရ​ချင်​ကြ​တယ်။ မာနကြီး​သူ​ဟာ “ငါ​သာ​လျှင် ငါ့ကိုး​ကွယ်ရာ” ဆိုပြီး ထင်နေ​တတ်တယ်​လို့ ပညာရှင်​တစ်ယောက် ရေး​တယ်။ မာနကြီး​လွန်း​ခြင်း​ဟာ မနှစ်မြို့ဖွယ်​ကောင်း​လို့ မာနကြီး​သူက​တောင် တခြား​သူတွေ မာနကြီး​တာကို မကြိုက်​ဘူးလို့ တချို့ ဆို​ကြ​တယ်။

၅။ သစ္စာရှိကျေးကျွန်​တွေတောင် ဘယ်လို မာနစိတ် ဝင်သွားကြ​ သလဲ။

မာနကြီး​တာကို ယေဟော​ဝါ စက်ဆုပ်​တယ်။ “မောက်​မာ​တဲ့​မျက်လုံး” ကို မုန်း​တယ်။ (ပညာ. ၆:၁၆၊ ၁၇) မာန​က ဘုရား​သခင်​ထံ​ချဉ်းကပ်​ဖို့ အတားအဆီး​ ဖြစ်စေတယ်။​ (ဆာ. ၁၀:၄) အဲဒါက မာရ်နတ်​ရဲ့ စရိုက်​ပဲ။ (၁ တိ. ၃:၆) ဝမ်းနည်း​စရာ​က ယေဟော​ဝါရဲ့ သစ္စာရှိကျေးကျွန်​တချို့​တောင် မာနစိတ် ဝင်​ခဲ့ကြတယ်။ ယုဒဘုရင် ဩဇိ​ဟာ နှစ်များ​စွာ သစ္စာရှိ​ခဲ့တယ်။ “ဒါပေမဲ့ ဩဇိ​ဟာ အင်အား​ကြီးလာ​တာနဲ့​အမျှ မောက်မာ​လာတဲ့အတွက် ပျက်စီး​ဖို့ အကြောင်း​ဖန်​လာတယ်။ သူက ယေဟော​ဝါ​ဘုရား​ကို သစ္စာဖောက်​ပြီး နံ့သာ​ပေါင်း​ပလ္လင်​မှာ နံ့သာပေါင်း​မီးရှို့​ဖို့ ယေဟော​ဝါရဲ့ ဗိမာန်တော်​ထဲ ဝင်​သွားတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ရာ. ၂၆:၁၆။ ၃၂:၂၅၊ ၂၆

၆။ ဘာက ဒါဝိဒ်​ကို မာနကြီး​စေနိုင်​သလဲ။ ဒါပေမဲ့ ဘာကြောင့် မာန​မကြီး​သလဲ။

လူတချို့​ဟာ ကိုယ့်​ရုပ်ရည်၊ ကျော်ကြား​မှု၊ ဂီတ​စွမ်းရည်၊ ခွန်အား၊ အစွမ်းအစ၊ အဆင့်အတန်း​တို့​ကြောင့် မာနကြီး​လာကြတယ်။ ဒါတွေ​အားလုံးကို ဒါဝိဒ် ပိုင်ဆိုင်​ထား​ပေ​မဲ့ ဘဝတစ်လျှောက်လုံး နှိမ့်ချ​နေ​ခဲ့တယ်။ ဂေါလျတ်​ကို သတ်​ပြီး ဘုရင်​ရှောလု​ရဲ့ သမီးတော်​နဲ့ ထိမ်းမြား​ဖို့ ကမ်းလှမ်း​ခံရ​တဲ့အခါ “ကျွန်တော့်​ဆွေမျိုး​တွေ၊ အဖေ့​အိမ်သား​တွေ​က အစ္စရေး​လူမျိုး​မှာ ဘယ်သူ​တွေ​မို့​လို့လဲ။ ကျွန်တော့်​လို​လူစား​မျိုး​ဟာ ဘုရင့်​သမက် မဖြစ်ထိုက်​ပါဘူး” လို့ ပြောခဲ့တယ်။ (၁ ရှ.​ ၁၈:၁၈) ဘာက ဒါဝိဒ်​ကို နှိမ့်ချ​စေခဲ့​တာလဲ။ ဘုရား​သခင်​က ကိုယ့်ကိုယ်ကိုယ် “ကိုင်း​ညွတ်” နှိမ့်ချ​ပြီး ဂရုစိုက်​ပေးတဲ့​အတွက် ဒီ​အရည်အသွေး​တွေ၊ စွမ်းရည်တွေ၊ အခွင့်ထူးတွေ ဒါဝိဒ် ရရှိ​ထားတယ်။ (ဆာ. ၁၁၃:၅-၈) ယေဟော​ဝါ​ဆီက မရဘဲ ကောင်းတဲ့အရာ​တစ်ခု​မှ မပိုင်ဆိုင်​နိုင်​ကြောင်း ဒါဝိဒ် သိထား​တယ်။—၁ ကောရိန္သု ၄:၇ နဲ့ နှိုင်းယှဉ်​ပါ။

၇။ နှိမ့်ချ​ဖို့ ဘာက ကူညီပေး​မ​လဲ။

ဒါဝိဒ်လို​ပဲ ဒီနေ့ ယေဟော​ဝါရဲ့ လူတွေ​လည်း နှိမ့်ချ​ဖို့ ကြိုးစား​ကြ​တယ်။ စကြဝဠာ​မှာ အကြီးမြတ်ဆုံး​ပုဂ္ဂိုလ် ယေဟော​ဝါ​က ဒီ​နှစ်​လို့​ဖွယ် နှိမ့်ချမှု အရည်အသွေး​ကို တင်ပြ​ကြောင်း သိရ​တဲ့အတွက် ကျွန်တော်တို့ အံ့ဩ​ကြ​တယ်။ (ဆာ. ၁၈:၃၅) “ချစ်ခင်​စာနာ​ခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​တို့​ကို ဝတ်ဆင်​ကြပါ” ဆိုတဲ့ ကျမ်း​စကားကို ကျွန်တော်တို့ ကြိုးစား​ကျင့်သုံး​ကြ​တယ်။ (ကော. ၃:၁၂) မေတ္တာ​ဟာ “မ​ဝါကြွား​တတ်​ဘူး၊ မာန်မာန မရှိဘူး” ဆိုတာကိုလည်း သိထားကြတယ်။ (၁ ကော. ၁၃:၄) ကျွန်တော်တို့ နှိမ့်ချမှု တင်ပြ​တဲ့အခါ ယေဟော​ဝါ​ဆီ လူတွေ ချဉ်းကပ်​ချင်​လာကြတယ်။ ဇနီးရဲ့ အမူအကျင့်​ကြောင့် စကားတစ်ခွန်း​မှ ပြော​စရာ​မလို​ဘဲ ခင်ပွန်း​ ယုံကြည်သူ ဖြစ်လာ​နိုင်သလို​ပဲ ဘုရား​လူမျိုး တင်ပြ​တဲ့ နှိမ့်ချမှု​ကြောင့် တခြား​သူတွေကို ဘုရား​သခင်​ဆီ ဆွဲဆောင်​နိုင်တယ်။—၁ ပေ. ၃:၁

တခြား​သူတွေနဲ့ ဆက်ဆံပုံ

၈။ (က) မိဘစကား နားမထောင်​တာကို တချို့​သူတွေ ဘယ်လို ရှုမြင်ကြ​သလဲ။ (ခ) ဘာ​လုပ်ဖို့ သားသမီးတွေကို ကျမ်းစာ သတိပေး​သလဲ။

နောက်ဆုံး​ကာလမှာ လူတွေ အချင်းချင်း ဘယ်လို ဆက်ဆံ​ကြ​မယ်ဆို​တာကို ပေါလု ဖော်ပြခဲ့တယ်။ နောက်ဆုံး​ကာလမှာ သားသမီး​တွေဟာ မိဘစကား နားမထောင်​သူတွေ​ဖြစ်မယ်​လို့ ရေးခဲ့တယ်။ တစ်ခါတလေ အဲဒီ​အမူ​အကျင့်​ကို လက်သင့်ခံ​တဲ့အပြင် ဒီနေ့ စာအုပ်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်​တွေမှာ အားပေးအားမြှောက်​ပြု​လာကြတယ်။ ဒါပေမဲ့ မနာခံမှု​က လူ့ဘောင်​မှာ အရေးကြီးဆုံး အဖွဲ့အစည်း​ဖြစ်တဲ့ မိသားစု တည်ငြိမ်မှု​ကို လှိုက်စား​စေတယ်။ ဒီ​သဘောတရား​ကို သ​ဘာ​ပေါက်​ထားတာ ကြာ​လှပါ​ပြီ။ စိတ်ဝင်စားစရာ​က ရှေး​ဂရိ​နိုင်ငံမှာ မိဘကို ရိုက်ပုတ်​ရင် နိုင်ငံသား​အခွင့်အရေး​တွေ ဆုံးၡုံးသွား​မယ်။ ရောမ​ဥပဒေ​မှာ ဖခင်​ကို ရိုက်ပုတ်​တာ​က လူသတ်မှု​လောက် အပြစ်ကြီး​တယ်။ ဟီဘရူး​ကျမ်းစောင်တွေ​နဲ့ ခရစ်ယာန်​ဂရိကျမ်းစောင်​တွေမှာ သားသမီး​တွေ မိဘကို ရိုသေ​ဖို့ သတိပေး​ထားတယ်။—ထွ. ၂၀:၁၂။ ဧ. ၆:၁-၃

၉။ မိဘစကား နားထောင်​ဖို့ လူငယ်တွေ​ကို ဘာက ကူညီပေး​မ​လဲ။

မိဘတွေ လုပ်ပေး​ခဲ့တာ​တွေကို စဉ်းစားခြင်း​အားဖြင့် မနာခံ​တဲ့​သဘောထား ကူးစက်​မ​ခံရ​အောင် သားသမီး​တွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​နိုင်ပါတယ်။ ကျွန်တော်တို့​အားလုံး​ရဲ့ အဖ​ဘုရား​သခင်​က နာခံဖို့ တောင်းဆို​ထားကြောင်း နားလည်​ထားခြင်း​အားဖြင့် ကျေးဇူးတင်​တတ်တဲ့​သဘောထား မွေးမြူ​နိုင်တယ်။ လူငယ်တွေအနေနဲ့ မိဘတွေ​အကြောင်း​ အကောင်း​ပြောဆိုခြင်း​အားဖြင့် မိဘတွေ​အပေါ်​ အကောင်းမြင်​တတ်အောင် တခြား​လူငယ်တွေ​ကိုလည်း ကူညီ​ပေး​နိုင်တယ်။ မိဘတွေက သားသမီးတွေကို ချစ်ခင်တွယ်တာ​စိတ် မရှိရင် သားသမီး​တွေ နာခံဖို့ ခက်​နိုင်တယ်။ မိဘတွေရဲ့ စစ်မှန်တဲ့​မေတ္တာကို လူငယ်တွေ ခံစား​မိရင် နာခံ​ဖို့ ခက်​တဲ့အခါ​တောင်မှ မိဘတွေ​အကြိုက် လုပ်ဆောင်​ချင်စိတ် ရှိမယ်။ “အိမ်​က​နေ ထွက်သွား​ချင်​တဲ့အခါ​တွေ ရှိပေ​မဲ့ မိဘတွေက အကျိုးသင့်အကြောင်းသင့်​ရှိတဲ့ လမ်းညွှန်ချက်တွေ ချ​ပေးတယ်၊ စည်းကမ်း ထုတ်ရ​တဲ့​အကြောင်းရင်း​တွေ ရှင်းပြ​တယ်၊ လွတ်လွတ်လပ်လပ် ပြောဆိုဆက်သွယ်​တယ်။ အဲဒါက နာခံ​တတ်ဖို့ ကူညီပေးတယ်။ ကျွန်တော့်ကို ဂရုစိုက်​ကြ​မှန်း၊ သူတို့နဲ့ အဆင်ပြေ​စေချင်​မှန်း သိနိုင်တယ်” လို့ ဩစတင်​ ပြောတယ်။

၁၀၊ ၁၁။ (က) လူတွေ​မှာ အချင်းချင်းချစ်​တဲ့ မေတ္တာ​မရှိ​ကြောင်း ဘယ်​စရိုက်​တွေ​က ဖော်ပြသလဲ။ (ခ) ခရစ်ယာန်စစ်​တွေဟာ လူ​လူ​ချင်း​ကို ဘယ်​အတိုင်းအတာ​ထိ ချစ်​ကြ​မ​လဲ။

၁၀ လူတွေ အချင်းချင်း မချစ်​ကြဘူး​ဆိုတာ​ကို ဖော်ပြ​တဲ့ တခြား​မကောင်းတဲ့​အရည်အသွေး​တွေကို ပေါလု ဖော်ပြတယ်။ “မိဘစကား နားမထောင်​သူ” နောက်မှာ ကျေးဇူးကန်းသူ​လို့ ဖော်ပြ​တာ​က သင့်လျော်ပါတယ်။ တခြား​သူတွေ ပြ​တဲ့​ကြင်နာမှု​ကို ကျေးဇူးတင်စိတ် မရှိ​သူတွေ​ရဲ့ သဘောထားကို ဖော်ပြ​လို့ပဲ။ လူတွေဟာ သစ္စာ​မရှိ​သူတွေ​လည်း ဖြစ်ကြ​မယ်။ ညှိ​နှိုင်း​လို့ မရ​သူတွေ ဖြစ်ကြ​မယ်။ တခြား​သူတွေနဲ့ သင့်မြတ်​လို​စိတ် ရှိ​ကြ​မှာ မဟုတ်ဘူး။ ဘုရား​ကို စော်ကားပြောဆို​သူ၊ သစ္စာဖောက်​သူ ဖြစ်ကြ​မယ်။ လူတွေကို​ရော ဘုရား​သခင်​ကိုပါ ရိုင်းရိုင်းစိုင်းစိုင်း ထိခိုက်​ပြောဆို​ကြ​မယ်။ သွား​ပုပ်​လေလွင့်​ပြော​သူ ဖြစ်ကြ​မယ်။ သူတစ်ပါး​ရဲ့ ဂုဏ်သိက္ခာ ကျဆင်း​စေဖို့ ရည်ရွယ်ချက်​နဲ့ ထိခိုက်​ပြောဆို​ကြ​မယ်။ *

၁၁ ယေဟော​ဝါ​ကို ကိုးကွယ်​တဲ့​သူတွေဟာ အချင်းချင်း စစ်မှန်တဲ့​မေတ္တာ အမြဲတမ်း တင်ပြ​နေကြ​တဲ့အတွက် ဒီနေ့ မေတ္တာကင်းမဲ့​နေတဲ့ လူတွေ​နဲ့ မတူ​ကြဘူး။ လူ​လူ​ချင်း​ကို ချစ်တဲ့​မေတ္တာ အ​ဂါး​ပေး​ဟာ ဘုရား​သခင်​ကို ချစ်တဲ့​မေတ္တာ​ပြီးရင် မောရှေ​ပညတ်​ရဲ့ ဒုတိယ အရေးကြီးဆုံး​ပညတ် ဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၂၂:၃၈၊ ၃၉) အချင်းချင်း ချစ်တဲ့​မေတ္တာ​က ခရစ်ယာန်စစ်​တွေကို ခွဲခြားဖော်ပြ​တဲ့ အရည်​အသွေး ဖြစ်မယ်​လို့လည်း ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) အဲဒီ​ခရစ်ယာန်​မေတ္တာကို ရန်သူ​တွေ​အပေါ်​လည်း ပြ​ရမယ်။—မ. ၅:၄၃၊ ၄၄

၁၂။ လူတွေကို ချစ်ကြောင်း ယေရှု ဘယ်လို ပြခဲ့​သလဲ။

၁၂ ယေရှုဟာ တခြား​သူတွေကို အလွန်​ချစ်ကြောင်း ပြခဲ့တယ်။ ဘုရား​နိုင်ငံ​တော် သတင်းကောင်းကို ဟော​ဖို့ တစ်မြို့​ပြီး​တစ်မြို့ သွားလာ​ခဲ့တယ်။ မျက်မမြင်​တွေ၊ ခြေဆွံ့သူ​တွေ၊ အနာ​ကြီး​ရောဂါသည်​တွေ၊ နားမကြားသူ​တွေကို ကောင်း​အောင် လုပ်ပေး​ခဲ့တယ်။ လူသေ​တွေကို အသက်ပြန်ရှင်​စေခဲ့တယ်။ (လု. ၇:၂၂) လူတွေ​ရဲ့ မုန်းတီး​မှု ခံရ​ပေ​မဲ့ လူသားထု​အတွက် အသက်​ကို ပေး​ခဲ့တယ်။ ယေရှုရဲ့ မေတ္တာ​ဟာ အဖ​ဘုရားရဲ့ မေတ္တာကို အပြည့်အဝ ထင်ဟပ်​တယ်။ ကမ္ဘာ​တစ်ဝန်းလုံး​မှာ ယေဟော​ဝါ​သက်သေ​တွေလည်း တခြား​သူတွေ​အပေါ် ဘုရားရေးရာ​မေတ္တာ တင်ပြ​နေကြ​ပါတယ်။

၁၃။ တခြား​သူတွေ​အပေါ်​ထားတဲ့ ကျွန်တော်တို့ရဲ့ မေတ္တာ​က တခြား​သူတွေကို ယေဟော​ဝါ​ဆီ ဘယ်လို ဆွဲဆောင်​နိုင်သလဲ။

၁၃ တခြား​သူတွေ​အပေါ်​ထားတဲ့ ကျွန်တော်တို့ရဲ့ မေတ္တာ​က လူတွေကို ကောင်းကင်ဘုံ​စံ အဖ​ဘုရားဆီ ဆွဲဆောင်​တယ်။ ဥပမာ၊ ထိုင်း​နိုင်ငံ​က လူတစ်ယောက်​ဟာ ခရိုင်​အစည်းအဝေး​မှာ တွေ့ရတဲ့ ညီ​ရင်း​အစ်ကို​မေတ္တာ​ကြောင့် ထိမိ​ခဲ့တယ်။ အိမ်ပြန်​တဲ့အခါ တစ်ပတ် နှစ်ကြိမ် ကျမ်းစာ​လေ့လာဖို့ တောင်းဆို​ခဲ့တယ်။ ဆွေမျိုးသားချင်း​အားလုံးကို ဟောပြောတယ်။ ခရိုင်​အစည်းအဝေး​ပြီး​လို့ ခြောက်လ​အကြာ နိုင်ငံ​တော်​ခန်းမ​မှာ ပထမဆုံးအကြိမ် ကျမ်းစာ​ဖတ်ရှုခြင်း​တာဝန်​ ထမ်းဆောင်​ခဲ့တယ်။ တခြား​သူတွေ​အပေါ် မေတ္တာပြ​ပုံကို ဆန်းစစ်​ဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးနိုင်တယ်– ‘မိသားစု​မှာ၊ အသင်းတော်​မှာ၊ အမှုဆောင်လုပ်ငန်းမှာ တခြား​သူတွေကို ကူညီပေးဖို့ ကြိုးစား​နေ​သလား။ တခြား​သူတွေကို ယေဟော​ဝါ ရှုမြင်​သလို ရှုမြင်​တတ်ဖို့ ကြိုးစား​နေ​သလား။’

ဝံပုလွေများ​နဲ့ သိုး​ငယ်​များ

၁၄၊ ၁၅။ လူ​များစွာ​မှာ ဘယ်​တိရစ္ဆာန်​စရိုက်​တွေ ရှိ​သလဲ။ တချို့ ဘယ်လို ပြောင်းလဲ​ခဲ့ကြသလဲ။

၁၄ နောက်ဆုံး​ကာလမှာ လူတွေ ပြ​နေတဲ့ တခြား​အကျင့်စရိုက်​တွေကြောင့်​လည်း ခရစ်ယာန်​တွေဟာ အဲဒီ​လူတွေ​နဲ့ ခပ်ခွာခွာ နေ​ရမယ်။ ဘုရားတရားမဲ့သူတွေ​ဟာ ကောင်းမြတ်​ရာကို မုန်းတီး​သူတွေ ဖြစ်ကြ​မယ်။ တခြား​ဘာသာပြန်ကျမ်းတွေ​မှာ “ကောင်းမှု​ကို မုန်း​သူများ၊” “ကောင်းမှု မှန်သမျှ​ရဲ့ ရန်သူများ” လို့ ပြန်ဆို​ထားတယ်။ သူတို့ဟာ မချုပ်တည်း​နိုင်​သူ၊ ကြမ်းကြုတ်သူ ဖြစ်ကြ​မယ်။ တချို့ကျတော့ တ​ဇော​က်​ကန်း​နိုင်​သူ၊ တ​ဇွတ်ထိုး​နိုင်​သူ၊ မဆင်မခြင်​ပြုသူတွေ ဖြစ်ကြ​မယ်။

၁၅ ဒီလို​တိရစ္ဆာန်​စရိုက်​တွေ တင်ပြ​ခဲ့ဖူးတဲ့​သူ​များစွာ​ဟာ အကောင်း​ဘက်​ကို ပြောင်းလဲ​ခဲ့ကြ​ပြီ။ ဒီလို​ပြောင်းလဲမှု​ကို ကျမ်းစာမှာ လှလှ​ပ​ပ ကြိုတင်​ဖော်ကျူး​ထားတယ်။ (ဟေရှာယ​ ၁၁:၆၊ ၇ ကိုဖတ်ပါ။) အဲဒီမှာ သိုး​ငယ်၊ နွား​ကလေး​စတဲ့ အိမ်မွေးတိရစ္ဆာန်​တွေနဲ့ သင့်မြတ်​စွာ နေတဲ့ ဝံပုလွေ၊​ ခြင်္သေ့​စတဲ့ သား​ရိုင်း​တွေအကြောင်း ဖတ်​ရတယ်။ “ကမ္ဘာမြေဟာ ယေဟော​ဝါ​ကို သိကျွမ်းခြင်း​နဲ့ ပြည့်နေ​မှာ ဖြစ်လို့” သင့်မြတ်​ငြိမ်သက်မှု လွှမ်းမိုး​နေ​မှာ​ကို သတိပြု​ကြည့်ပါ။ (ဟေရှာ. ၁၁:၉) တိရစ္ဆာန်​တွေ​က ယေဟော​ဝါ​အကြောင်း​ မသင်ယူ​နိုင်ကြ​လို့ ဒီ​ပရောဖက်ပြုချက် ပြည့်စုံမှု​ဟာ လူတွေ​နဲ့ သက်ဆိုင်​တယ်။

ကျမ်းစာမူ​တွေကို လိုက်နာခြင်း​က ဘဝပုံစံ​တွေကို ပြောင်းလဲ​စေ (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ကိုယ်ရည်ကိုယ်သွေး​တွေ ပြောင်းလဲဖို့ လူတွေကို ကျမ်းစာ ဘယ်လို ကူညီ​ပေးခဲ့​ပြီ​လဲ။

၁၆ တစ်ချိန်က ဝံပုလွေ​တွေလို ကြမ်းကြုတ်​ခဲ့ကြ​ပေ​မဲ့ အခု တခြား​သူတွေနဲ့ သင့်မြတ်​စွာ နေထိုင်သူ​တွေ ရှိ​ပါတယ်။​ jw.org မှာ​ပါတဲ့ သမ္မာ​ကျမ်းစာက ဘဝပုံစံ​တွေကို ပြောင်းလဲ​ပေးနိုင် ဆောင်းပါး​တွဲ​တွေမှာ သူတို့​အကြောင်း ဖတ်နိုင်​တယ်။ ယေဟော​ဝါ​ကို သိကျွမ်း​ဝတ်ပြု​လာ​သူတွေဟာ ဘုရားတရား ကြည်ညိုဟန်​ရှိပေမဲ့ တရား​ကို လက်တွေ့​မ​ကျင့်​သူတွေနဲ့ မတူ​ကြဘူး။ ဘုရား​သခင်​ကို ကိုးကွယ်​ဟန်ဆောင်​ပေ​မဲ့ တလွဲ​လုပ်​နေတဲ့​သူတွေ မဟုတ်​ကြဘူး။ တစ်ချိန်က ကြမ်းကြုတ်​ခဲ့​သူတွေဟာ “စစ်မှန်​တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်း​နဲ့အညီ အလိုတော်အတိုင်း ဘုရား​သခင်​ဖန်ဆင်း​တဲ့ စရိုက်သစ်​ကိုလည်း ဝတ်ဆင်” ခဲ့ကြ​ပြီ။ (ဧ. ၄:၂၃၊ ၂၄) လူတွေဟာ ယေဟော​ဝါ​အကြောင်း သိလာ​တာနဲ့​အမျှ ဘုရား​စံနှုန်းတွေ​နဲ့အညီ နေထိုင်​ဖို့ လိုအပ်​ကြောင်း သိလာ​ကြ​တယ်။ ယုံကြည်ချက်​တွေ၊ သဘောထား​တွေ၊ အမူအကျင့်​တွေ ပြောင်းလဲ​လာကြတယ်။ ဒီလို​အပြောင်းအလဲ​တွေ လုပ်ဖို့ မလွယ်​ပေ​မဲ့ ဘုရားသခင့် အလိုတော်ကို စိတ်ရင်းမှန်​စွာ ဆောင်ရွက်​လို​သူတွေကို ဘုရားသခင့် စွမ်းအားတော်​က ကူညီပေးပါ​မယ်။

“အဲဒီ​လူတွေကို ရှောင်​ပါ”

၁၇။ ဘုရားတရားမဲ့​တဲ့​အကျင့်စရိုက် တင်ပြ​သူတွေ​ရဲ့ လွှမ်းမိုးမှုကို ဘယ်လို ရှောင်နိုင်​ကြ​မ​လဲ။

၁၇ ဘုရားသခင့် အလိုတော် ဆောင်တဲ့​သူတွေနဲ့ မ​ဆောင်တဲ့​သူတွေ​ရဲ့ ကွာခြားချက်​က ပို​သိသာထင်ရှား​လာတယ်။ ဘုရား​သခင်​ကို ဝတ်ပြု​နေတဲ့ ကျွန်တော်တို့​တစ်​တွေဟာ တခြား​သူတွေ​ရဲ့ မကောင်းတဲ့ သဘောထား​တွေ လွှမ်းမိုး​မခံ​ရ​အောင် သတိပြု​ရမယ်။ ၂ တိမောသေ ၃:၂-၅ မှာ ဖော်ပြထား​သူတွေကို ရှောင်​ပါ​ဆိုတဲ့ ကျမ်း​စကားကို လိုက်နာကြတယ်။ ဘုရားတရားမဲ့​တဲ့ စရိုက်​ရှိသူ​တွေကို လုံးဝ ရှောင်​ဖို့ မဖြစ်နိုင်ဘူး။ သူတို့နဲ့အတူ အလုပ်လုပ်​တာ၊ ကျောင်းတက်​တာ၊ အတူ​နေထိုင်​တာ ရှိ​နိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ အကျင့်စရိုက်​တွေကိုတော့ ရှောင်​ရမယ်။ ကျမ်းစာ​လေ့လာခြင်း၊ ယေဟော​ဝါ​ကို ဝတ်ပြု​ဖို့ ဆုံးဖြတ်ထား​သူတွေနဲ့ အနီးကပ်​ပေါင်းသင်းခြင်း​အားဖြင့် ရှောင်နိုင်​ပါတယ်။

၁၈။ ကျွန်တော်တို့ရဲ့ ပြုမူပြောဆို​ပုံ​က တခြား​သူတွေကို ဘယ်လို အကျိုးပြု​နိုင်သလဲ။

၁၈ တခြား​သူတွေကို​လည်း ဘုရားရေးရာ​ပိုင်းမှာ ကူညီပေးဖို့ ကြိုးစား​ကြ​ရမယ်။ သက်သေခံဖို့ အခွင့်အရေး ရှာ​ပါ။ သင့်တော်​တဲ့​အချိန်​မှာ သင့်တော်​တဲ့​စကား ပြောဆို​တတ်ဖို့ ယေဟော​ဝါ​ဆီ ဆုတောင်း​ပါ။ ကျွန်တော်တို့ ယေဟော​ဝါ​သက်သေ​တွေ ဖြစ်တယ်​ဆိုတာ​ကို တခြား​သူတွေ သိစေ​ပါ။ ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်း​က ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ဘုရား​သခင်​ကို ဂုဏ်တင်​ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ‘ဘုရားတရားမဲ့​တာ​တွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒ​တွေကို ငြင်းပယ်​တတ်အောင် လေ့ကျင့်ပေးခြင်း ခံ​ရတယ်။ လက်ရှိ လောက​စနစ်​မှာ ချင့်ချိန်​တတ်အောင်၊ ဖြောင့်မတ်​တဲ့ လမ်းစဉ်​အတိုင်း နေထိုင်​တတ်အောင်၊ ဘုရားတရား ကိုင်းရှိုင်း​တတ်အောင်​လည်း လေ့ကျင့်ပေးခြင်း ခံ​ရတယ်။’ (တိ. ၂:၁၁-၁၄) ဘုရားအလိုတော်​နဲ့အညီ ကျင့်ကြံ​နေထိုင်​မယ်ဆိုရင် တခြား​သူတွေ သတိပြုမိ​ပြီး “ခင်ဗျား​တို့​နဲ့အတူ ဘုရား​သခင်​ရှိတယ်လို့ ကြားတဲ့​အတွက် ကျွန်တော်တို့​လည်း လိုက်​ချင်​ပါတယ်” လို့တောင် ပြော​ကြပါ​လိမ့်မယ်။—ဇာ. ၈:၂၃

^ စာပိုဒ်၊ 10 “သွား​ပုပ်​လေလွင့်​ပြော​သူ၊” “စွပ်စွဲသူ” ဆိုတဲ့ ဂရိ​စကားလုံး​ဟာ ဘုရား​သခင်​ကို ရှုတ်ချဂုဏ်​ဖျက်​သူ စာတန်​အတွက် သုံး​တဲ့​ဝေါဟာရ ဒိုင်အာ​ဘို​လို့​စ် ဖြစ်တယ်။