လေ့လာရန် ဆောင်းပါး ၃
စိတ်နှလုံးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်သလဲ
“အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ။” —ပညာ. ၄:၂၃။
သီချင်း ၃၆ နှလုံးကို စောင့်ကြပ်စို့
အကြိုသုံးသပ်ချက် *
၁-၃။ (က) ရှောလမုန်ကို ယေဟောဝါ ဘာကြောင့် ချစ်သလဲ။ ရှောလမုန် ဘယ်ကောင်းချီးတွေ ရခဲ့သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေ ဆွေးနွေးကြမလဲ။
ရှောလမုန်ဟာ လူငယ်ဘဝမှာ အစ္စရေးဘုရင် ဖြစ်လာတယ်။ နန်းတက်စအချိန်မှာ အိပ်မက်ထဲ ယေဟောဝါ ရောက်လာပြီး “မင်း လိုချင်တာ တောင်းပါ။ ငါပေးမယ်” လို့ ပြောတယ်။ ရှောလမုန်က “ကျွန်တော်ဟာ အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ပါ။ . . . လူမျိုးတော်ကို တရားစီရင်နိုင်ဖို့ . . . နာခံတတ်တဲ့စိတ်နှလုံး ပေးသနားပါ” ဆိုပြီး ပြန်ဖြေတယ်။ (၁ ဘု. ၃:၅-၁၀) “နာခံတတ်တဲ့စိတ်နှလုံး” တဲ့။ နှိမ့်ချတဲ့ တောင်းဆိုမှုပါပဲ။ ဒါကြောင့်လည်း ရှောလမုန်ကို ယေဟောဝါ ချစ်တာ။ (၂ ရှ. ၁၂:၂၄) ရှောလမုန်ရဲ့ တောင်းဆိုမှုကို သဘောကျလို့ “ဉာဏ်ပညာရှိပြီး သိနားလည်နိုင်စွမ်းရှိတဲ့ စိတ်နှလုံး” ကို ပေးခဲ့တယ်။—၁ ဘု. ၃:၁၂။
၂ ရှောလမုန်ဟာ သစ္စာရှိနေသရွေ့ ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက်” ဗိမာန်တော် ဆောက်ခွင့် ရခဲ့တယ်။ (၁ ဘု. ၈:၂၀) ဘုရားပေး ဉာဏ်ပညာကြောင့် နာမည်ကြီးလာတယ်။ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ပြောခဲ့တဲ့ သူ့စကားတွေကို ကျမ်းသုံးစောင်မှာ မှတ်တမ်းတင်ထားတယ်။ တစ်ကျမ်းကတော့ ပညာအလိမ္မာကျမ်း ဖြစ်တယ်။
၃ ပညာအလိမ္မာကျမ်းမှာ စိတ်နှလုံးအကြောင်း အကြိမ် တစ်ရာလောက် ဖော်ပြထားတယ်။ ဥပမာ၊ ပညာအလိမ္မာ ၄:၂၃ မှာ “အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” လို့ ပြောထားတယ်။ အဲဒီမှာပါတဲ့ “စိတ်နှလုံး” ဆိုတာ ဘာကို ဆိုလိုသလဲ။ ဒီဆောင်းပါးမှာ အဖြေပေးသွားပါမယ်။ စိတ်နှလုံး ယိုယွင်းအောင် စာတန် ဘယ်လို ကြိုးစားနေသလဲ။ စိတ်နှလုံးကို ဘယ်လို ကာကွယ် စောင့်ရှောက်နိုင်သလဲ။ အဲဒီမေးခွန်း နှစ်ခုကိုလည်း ဆွေးနွေးပါမယ်။ ဒီမေးခွန်းတွေရဲ့ အဖြေကို နားလည်မှသာ ဘုရားကို ဆက်သစ္စာရှိနေနိုင်မယ်။
“စိတ်နှလုံး” ဆိုတာ ဘာလဲ
၄-၅။ (က) “စိတ်နှလုံး” ဆိုတဲ့ စကားလုံးကို နားလည်ဖို့ ဆာလံ ၅၁:၆ က ဘယ်လို ကူညီပေးသလဲ။ (ခ) ကိုယ်ခန္ဓာ ကျန်းမာအောင် ဂရုစိုက်ခြင်းက စိတ်နှလုံးကိုလည်း ဂရုစိုက်ဖို့ လိုကြောင်း ဘယ်လို ဖော်ပြသလဲ။
၄ ပညာအလိမ္မာ ၄:၂၃ မှာ သုံးထားတဲ့ “စိတ်နှလုံး” ဆိုတာ “စိတ်ရင်း” ကို ရည်ညွှန်းတယ်။ (ဆာလံ ၅၁:၆ ကိုဖတ်ပါ။) တစ်နည်းအားဖြင့် အတွေး၊ ခံစားချက်၊ ရည်ရွယ်ချက်၊ ဆန္ဒတွေကို ဆိုလိုတယ်။ အပြင်ပန်းလောက်သာ မဟုတ်ဘဲ အတွင်းစိတ် ဖြစ်တယ်။
၅ ကိုယ်ခန္ဓာ ကျန်းမာအောင် ဂရုစိုက်ခြင်းက စိတ်နှလုံးကိုလည်း ဂရုစိုက်ဖို့ လိုကြောင်း ဘယ်လို ဖော်ပြသလဲဆိုတာ သုံးသပ်ကြည့်ပါ။ ပထမ၊ ကိုယ်ခန္ဓာ ကျန်းမာနေဖို့ အာဟာရရှိတဲ့အစာ စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ရမယ်။ အဲဒီလိုပဲ ဘုရားရေးရာဘက် ကျန်းမာနေဖို့ အာဟာရရှိတဲ့ အချိန်တန်အစာ စားရမယ်။ ဘုရားကို ယုံကြည်ကြောင်း ဖော်ပြရမယ်။ အဲဒီထဲမှာ သိလာတာကို လက်တွေ့ကျင့်သုံးခြင်း၊ တခြားသူတွေကို ပြန်ပြောပြခြင်း ပါဝင်တယ်။ (ရော. ၁၀:၈-၁၀။ ယာ. ၂:၂၆) ဒုတိယ၊ အပြင်ပန်းကို ကြည့်ပြီး ကျန်းမာတယ်လို့ ထင်ရပေမဲ့ အတွင်းမှာ ရောဂါဖြစ်နေတာလည်း ရှိနိုင်တယ်။ အဲဒီလိုပဲ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို ကြည့်ပြီး ယုံကြည်ခြင်း ခိုင်မာနေတယ်လို့ ထင်ရပေမဲ့ အတွင်းစိတ်မှာ မှားယွင်းတဲ့ဆန္ဒတွေ ကြီးထွားနေနိုင်တယ်။ (၁ ကော. ၁၀:၁၂။ ယာ. ၁:၁၄၊ ၁၅) စာတန်က သူ့အတွေးအခေါ်အားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ကို ယိုယွင်းစေချင်တယ်။ ဘယ်လို ယိုယွင်းစေသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်နိုင်မလဲ။
စိတ်နှလုံးကို စာတန် ဘယ်လို ယိုယွင်းစေသလဲ
၆။ စာတန်ရဲ့ ပန်းတိုင်က ဘာလဲ။ ဘယ်လို ကြိုးစားနေသလဲ။
၆ စာတန်က ကျွန်တော်တို့ကို သူ့လို ဖြစ်စေချင်တယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို လျစ်လျူရှုပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အတင်း ဖိအားပေးလို့တော့ မရဘူး။ ဒါကြောင့် တခြားနည်းတွေနဲ့ ကြိုးစားတယ်။ ဥပမာ၊ စာတန်က မိမိကြောင့် ပျက်စီးနေတဲ့သူတွေကို ကျွန်တော်တို့ ပတ်လည်မှာ ရှိနေစေတယ်။ ၁ ယော. ၅:၁၉) မကောင်းတဲ့ အပေါင်းအသင်းက အတွေးအခေါ်နဲ့ လုပ်ရပ်ကို “ပျက်စီးစေ” မှန်း သိလျက်နဲ့ ကျွန်တော်တို့ ပေါင်းသင်းမှာပဲလို့ စာတန် မျှော်လင့်တယ်။ (၁ ကော. ၁၅:၃၃) ဘုရင် ရှောလမုန်ကို အဲဒီနည်းနဲ့ စာတန် အောင်မြင်ခဲ့တယ်။ ရှောလမုန်ရဲ့ အယူမှား မိန်းမတွေက ယေဟောဝါဆီကနေ “စိတ်ယိုင်သွားအောင် လုပ်” ခဲ့ကြတယ်။—၁ ဘု. ၁၁:၃။
(၇။ မိမိအတွေးအခေါ်ကို ဘယ်နည်းတွေနဲ့ စာတန် ပျံ့နှံ့စေသလဲ။ ကျွန်တော်တို့ ဘာကြောင့် သတိရှိရမလဲ။
၇ စာတန်ဟာ ရုပ်ရှင်၊ တီဗီအစီအစဉ်တွေကတစ်ဆင့် မိမိအတွေးအခေါ်ကို ပျံ့နှံ့စေတယ်။ ပုံပြင်ဇာတ်လမ်းတွေက အပန်းပြေစေရုံသာမက အတွေးအခေါ်၊ ခံစားချက်၊ လုပ်ရပ်တို့ကို ပုံသွင်းပေးကြောင်း စာတန် သိတယ်။ အဲဒီသွန်သင်နည်းကို ယေရှု ကောင်းစွာ အသုံးပြုခဲ့တယ်။ ဥပမာ၊ ရှမာရိလူ၊ ဖြုန်းတီးတဲ့သား ပုံဥပမာတွေ ဖြစ်တယ်။ (မ. ၁၃:၃၄။ လု. ၁၀:၂၉-၃၇။ ၁၅:၁၁-၃၂) စာတန့်အတွေးအခေါ် လွှမ်းမိုးခံရသူတွေက ပုံပြင်ဇာတ်လမ်းတွေကတစ်ဆင့် ကျွန်တော်တို့ကို ပျက်စီးစေတယ်။ ကျွန်တော်တို့ မျှတမှုရှိဖို့ လိုတယ်။ ရုပ်ရှင်၊ တီဗီအစီအစဉ်တွေက အတွေးအခေါ်ကို မပျက်စီးစေဘဲ အပန်းပြေစေနိုင်၊ ပညာပေးနိုင်တယ်။ ဒါပေမဲ့ သတိရှိရမယ်။ ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ ‘ဒီရုပ်ရှင်၊ တီဗီအစီအစဉ်က သွေးသားဆန္ဒကို လိုက်လျောတာ မှန်တယ်လို့ သင်ပေးနေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဂလ. ၅:၁၉-၂၁။ ဧ. ၂:၁-၃) စာတန့်အတွေးအခေါ်ကို အားပေးတဲ့ အစီအစဉ်ဖြစ်မှန်း သိလိုက်ရင် ဘာလုပ်မလဲ။ ကူးစက်ရောဂါလို ဝေးဝေးရှောင်ပါ။
၈။ သားသမီးတွေရဲ့ စိတ်နှလုံးကို မိဘတွေ ဘယ်လို ကာကွယ်ပေးနိုင်သလဲ။
၈ မိဘတို့၊ သားသမီးတွေရဲ့ စိတ်ကို စာတန် မယိုယွင်းစေအောင် ကာကွယ်ဖို့ အထူးတာဝန်ရှိတယ်။ သားသမီးတွေကို ရောဂါ မကူးစက်အောင် အတတ်နိုင်ဆုံး ကာကွယ်ပေးမှာပဲ။ အိမ်ကို သန့်သန့်ရှင်းရှင်းထားပြီး ရောဂါဖြစ်စေမယ့် အရာတွေကို လွှင့်ပစ်မှာပဲ။ အဲဒီလိုပဲ စာတန့်အတွေးအခေါ် ကူးစက်စေနိုင်တဲ့ ရုပ်ရှင်၊ တီဗီအစီအစဉ်၊ အီလက်ထရောနစ်ဂိမ်း၊ ဝက်ဘ်ဆိုက်တွေကို မကြည့်မိအောင် သားသမီးတွေကို ပညာ. ၁:၈။ ဧ. ၆:၁၊ ၄) ဒါကြောင့် ကျမ်းစာစံနှုန်းတွေကို အခြေခံတဲ့ စည်းမျဉ်းတွေ ထုတ်ဖို့ မစိုးရိမ်ပါနဲ့။ ဘာကို ကြည့်လို့ ရတယ်၊ ဘာကို ကြည့်လို့ မရဘူးဆိုတာ ပြောပြပြီး အကြောင်းရင်းကို နားလည်အောင် ရှင်းပြပါ။ (မ. ၅:၃၇) သားသမီးတွေ ကြီးလာတာနဲ့အမျှ ယေဟောဝါရဲ့ စံနှုန်းအတိုင်း အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ပေးပါ။ (ဟီ. ၅:၁၄) သင့်အပြောထက် ပုံသက်သေကို ကြည့်ပြီး သူတို့ အများကြီး သင်ယူပါလိမ့်မယ်။—တရား. ၆:၆၊ ၇။ ရော. ၂:၂၁။
ကာကွယ်ပေးရမယ်။ သားသမီးတွေ ဘုရားရေးရာဘက် ကျန်းမာအောင် စောင့်ရှောက်ပေးဖို့ သင်တို့ကို ယေဟောဝါ အခွင့်အာဏာပေးထားတယ်။ (၉။ စာတန့်အတွေးအခေါ် တစ်ခုက ဘာလဲ။ ဘာကြောင့် အန္တရာယ် ရှိသလဲ။
၉ ယေဟောဝါရဲ့ အတွေးအခေါ်ထက် လူ့ဉာဏ်ပညာကို အားထားစေခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံး ယိုယွင်းအောင် စာတန် ကြိုးစားနေတယ်။ (ကော. ၂:၈) ဘဝမှာ ချမ်းသာဖို့ အဓိကပဲဆိုတဲ့ စာတန့်အတွေးအခေါ်ကို သုံးသပ်ကြည့်ပါ။ အဲဒီလို အတွေးအခေါ်မျိုး ရှိသူတွေဟာ ချမ်းသာလာနိုင်သလို မချမ်းသာတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အန္တရာယ် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ငွေရဖို့ပဲ အဓိကထားပြီး ကျန်းမာရေး၊ မိသားစု၊ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုတောင် စတေးလိုက်တဲ့အထိ ဖြစ်လာနိုင်လို့ပဲ။ (၁ တိ. ၆:၁၀) ကောင်းကင်ဖခင်က ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင် ရှိအောင် ကူညီပေးလို့ ကျေးဇူးတင်စရာပါပဲ။—ဒေ. ၇:၁၂။ လု. ၁၂:၁၅။
စိတ်နှလုံးကို ဘယ်လို ကာကွယ်နိုင်သလဲ
၁၀-၁၁။ (က) ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာလုပ်ရမလဲ။ (ခ) ရှေးခေတ် ကင်းစောင့်တွေ ဘာလုပ်သလဲ။ ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်က ကင်းစောင့်လို ဘယ်လို လုပ်ဆောင်သလဲ။
၁၀ စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ရာမှာ အောင်မြင်ဖို့ဆိုရင် အန္တရာယ်ကို သိပြီး ချက်ချင်း ကာကွယ်တတ်ရမယ်။ ပညာအလိမ္မာ ၄:၂၃ မှာ “ကာကွယ်စောင့်ရှောက်” လို့ ပြန်ဆိုထားတဲ့ မူရင်းစကားလုံးက ကင်းစောင့်ရဲ့ တာဝန်ကို သတိရစေတယ်။ ဘုရင် ရှောလမုန်ခေတ်မှာ ကင်းစောင့်တွေက မြို့ရိုးပေါ် ရပ်ပြီး အန္တရာယ်တွေ့ရင် သတိပေးကြတယ်။ ဒါက စာတန်ကြောင့် ကိုယ့်အတွေးအခေါ် မပျက်စီးအောင် ဘာလုပ်ဖို့ လိုကြောင်း နားလည်စေတယ်။
၁၁ ရှေးခေတ် ကင်းစောင့်တွေဟာ မြို့တံခါးစောင့်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ (၂ ရှ. ၁၈:၂၄-၂၆) ရန်သူတွေ ချဉ်းကပ်လာတဲ့အခါ မြို့တံခါး ပိတ်ခြင်းအားဖြင့် မြို့ကို ကာကွယ်ပေးကြတယ်။ (နေ. ၇:၁-၃) စိတ်နှလုံးထဲ စာတန် ဝင်ဖို့၊ တစ်နည်းအားဖြင့် အတွေးအခေါ်၊ ခံစားချက်၊ ရည်ရွယ်ချက်၊ ဆန္ဒတွေကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့အခါ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်က * ကင်းစောင့်လိုပဲ သတိပေးတယ်။ အမှားအမှန်သိစိတ် သတိပေးတဲ့အခါ နားထောင်ပြီး စိတ်တံခါးကို ပိတ်လိုက်ရမယ်။
၁၂-၁၃။ ဘာလုပ်ဖို့ သွေးဆောင်ခံရနိုင်သလဲ။ ဘယ်လို တုံ့ပြန်သင့်သလဲ။
၁၂ စာတန့်အတွေးအခေါ် လွှမ်းမိုးမခံရအောင် ကာကွယ်နိုင်ပုံအကြောင်း ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ‘လိင်အကျင့်ယိုယွင်းခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်းအကြောင်းတွေကို စကားနဲ့တောင် မပြော’ ဖို့ ယေဟောဝါ သင်ပေးတယ်။ (ဧ. ၅:၃) ဒါပေမဲ့ အလုပ်မှာ၊ ကျောင်းမှာ ရွယ်တူချင်းတွေက လိင်အကျင့်ယိုယွင်းခြင်းအကြောင်း ပြောလာရင် ဘယ်လို လုပ်မလဲ။ “ဘုရားတရားမဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်” ရမယ် ဆိုတာ သိတယ်။ (တိ. ၂:၁၂) ကင်းစောင့်လိုပဲ သိစိတ်က သတိပေးလာနိုင်တယ်။ (ရော. ၂:၁၅) ကျွန်တော်တို့ နားထောင်ကြမလား။ ရွယ်တူချင်းတွေ ပြောနေတာကို နားထောင်ဖို့၊ သူတို့ဖြန့်တဲ့ပုံတွေ ကြည့်ဖို့ သွေးဆောင်ခံရနိုင်တယ်။ ဒါပေမဲ့ ဒီအချိန်ဟာ စကားလမ်းကြောင်း ပြောင်းခြင်း၊ ရှောင်ထွက်သွားခြင်းအားဖြင့် စိတ်တံခါး ပိတ်ရမယ့်အချိန် ဖြစ်တယ်။
၁၃ ရွယ်တူချင်းဖိအားကို တွန်းလှန်ဖို့ သတ္တိလိုတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ယေဟောဝါ မြင်ပြီး စာတန့်အတွေးအခေါ်ကို တွန်းလှန်ဖို့ ခွန်အားနဲ့ ဉာဏ်ပညာ ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (၂ ရာ. ၁၆:၉။ ဟေရှာ. ၄၀:၂၉။ ယာ. ၁:၅) ဒါပေမဲ့ စိတ်နှလုံးကို ကာကွယ်ဖို့ ကိုယ့်ဘက်က ဘာလုပ်ရမလဲ။
အမြဲ စောင့်ရှောက်နေပါ
၁၄-၁၅။ (က) ဘာအတွက် စိတ်နှလုံးကို ဖွင့်ရမလဲ။ ဘယ်လို ဖွင့်နိုင်သလဲ။ (ခ) ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုးအများဆုံး ရဖို့ ပညာအလိမ္မာ ၄:၂၀-၂၂ က ဘယ်လို ကူညီပေးနိုင်သလဲ။ (“ တွေးတောဆင်ခြင်နိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၄ စိတ်နှလုံးကို ကာကွယ်ဖို့ မကောင်းတဲ့အရာတွေ မဝင်အောင် ပိတ်ထားပေမဲ့ ကောင်းတဲ့အရာတွေအတွက်တော့ ဖွင့်ထားရမယ်။ မြို့ရိုး ဥပမာကို ပြန်စဉ်းစားကြည့်ပါ။ တံခါးစောင့်တွေက ရန်သူတွေ မဝင်နိုင်အောင် မြို့တံခါးကို ပိတ်ထားပေမဲ့ တခြားအချိန်တွေမှာတော့ စားနပ်ရိက္ခာတွေ သွင်းဖို့ ဖွင့်ပေးရတယ်။ လုံးဝ မဖွင့်ရင် မြို့သားတွေ အစာရေစာ ပြတ်သွားနိုင်တယ်။ ကျွန်တော်တို့လည်း ဘုရားအတွေးအခေါ်ကို ခံယူဖို့ စိတ်နှလုံးကို ပုံမှန် ဖွင့်ပေးရမယ်။
၁၅ ကျမ်းစာမှာ ယေဟောဝါရဲ့ အတွေးအခေါ်တွေ ပါဝင်တဲ့အတွက် ကျမ်းစာဖတ်တိုင်း ကိုယ့်အတွေးအခေါ်၊ ခံစားချက်နဲ့ လုပ်ရပ်တွေအပေါ် ယေဟောဝါရဲ့ အတွေးအခေါ် လွှမ်းမိုးခွင့်ပြုတာဖြစ်တယ်။ ကျမ်းစာဖတ်ရှုခြင်းကနေ ဘယ်လို အကျိုးအများဆုံး ရနိုင်သလဲ။ ဆုတောင်းခြင်း မရှိမဖြစ် လိုအပ်တယ်။ “ကျမ်းစာမှာပါတဲ့ ‘အံ့ဖွယ်ရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်’ ကူညီပေးပါလို့ ကျမ်းစာ မဖတ်ခင် ယေဟောဝါဆီ ဆုတောင်းတယ်” ဆိုပြီး ညီအစ်မတစ်ယောက် ပြောတယ်။ (ဆာ. ၁၁၉:၁၈) ဖတ်တဲ့အရာကို တွေးတောဆင်ခြင်ဖို့လည်း လိုတယ်။ ဆုတောင်း၊ ဖတ်ရှု၊ တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင့် စကားတွေ “ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲ” ပြီး ယေဟောဝါရဲ့ အတွေးအခေါ်ကို ချစ်မြတ်နိုးလာတယ်။—ပညာအလိမ္မာ ၄:၂၀-၂၂ ကိုဖတ်ပါ။ ဆာ. ၁၁၉:၉၇။
၁၆။ JW ရုပ်သံ ကြည့်ရှုခြင်းကနေ ဘယ်လို အကျိုးခံစား နေရသလဲ။
၁၆ ဘုရားအတွေးအခေါ်ကို ခံယူနိုင်တဲ့ နည်းတစ်နည်းကတော့ JW ရုပ်သံ® ကြည့်ရှုခြင်းပါပဲ။ “လစဉ် ရုပ်သံအစီအစဉ်တွေက ကျွန်တော်တို့ ဆုတောင်းချက်တွေရဲ့ အဖြေပဲ။ စိတ်ဓာတ်ကျတဲ့အခါ၊ အထီးကျန်တဲ့အခါ အားရှိစေတယ်။ မူရင်းသီချင်းတွေကို အိမ်မှာ အမြဲနားထောင်တယ်။ ချက်ပြုတ်ချိန်၊ သန့်ရှင်းရေး လုပ်ချိန်၊ လက်ဖက်ရည် သောက်ချိန်တွေမှာ ဖွင့်ထားတယ်” လို့ မောင်နှံတစ်စုံ ပြောတယ်။ ဒီအစီအစဉ်တွေက ကျွန်တော်တို့ စိတ်နှလုံးကို ကာကွယ်ဖို့ ကူညီပေးတယ်။ ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်ဖို့၊ စာတန့် အတွေးအခေါ်ကို တွန်းလှန်ဖို့ သင်ပေးတယ်။
၁၇-၁၈။ (က) ၁ ဘုရင်များ ၈:၆၁ မှာ ပါတဲ့အတိုင်း ယေဟောဝါရဲ့ ပညတ်တွေကို လိုက်နာရင် ဘာအကျိုးရမလဲ။ (ခ) ဘုရင် ဟေဇကိရဲ့ နမူနာကနေ ဘာသင်ယူနိုင်သလဲ။ (ဂ) ဆာလံ ၁၃၉:၂၃၊ ၂၄ အရ ဒါဝိဒ်လို ကျွန်တော်တို့ ဘာတွေ ဆုတောင်းနိုင်သလဲ။
၁၇ မှန်ရာလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို မြင်ရလေ ယုံကြည်ခြင်း ပိုခိုင်မာလာလေပဲ။ (ယာ. ၁:၂၊ ၃) ဘုရားရဲ့ သားသမီးတွေအဖြစ် ယေဟောဝါ ဂုဏ်ယူနိုင်ပြီမို့ ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ ဘုရားနှစ်သက်မှု ရချင်တဲ့ဆန္ဒ ပိုပြင်းပြလာတယ်။ (ပညာ. ၂၇:၁၁) စမ်းသပ်မှုတိုင်းက မေတ္တာရှင်ဖခင်ကို အကြွင်းမဲ့ ဆက်ကပ်ထားကြောင်း ဖော်ပြခွင့် ရစေတယ်။ (ဆာ. ၁၁၉:၁၁၃) ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ချစ်ကြောင်း၊ ပညတ်တွေကို နာခံပြီး အလိုတော်ဆောင်ဖို့ ဆုံးဖြတ်ထားကြောင်း သက်သေပြကြတယ်။—၁ ဘုရင်များ ၈:၆၁ ကိုဖတ်ပါ။
၁၈ ကျွန်တော်တို့ အမှားတွေ လုပ်မိကြဦးမလား။ မစုံလင်တဲ့အတွက် လုပ်မိကြဦးမှာပါ။ အမှားလုပ်မိတဲ့အခါ ဘုရင် ဟေဇကိရဲ့ ပုံနမူနာကို သတိရပါ။ သူ အမှားတွေ လုပ်ခဲ့ပေမဲ့ နောင်တယူပြီး ယေဟောဝါကို “စိတ်နှလုံးအကြွင်းမဲ့” ပြန်ဝတ်ပြုခဲ့တယ်။ (ဟေရှာ. ၃၈:၃-၆။ ၂ ရာ. ၂၉:၁၊ ၂။ ၃၂:၂၅၊ ၂၆) ဒါကြောင့် ကျွန်တော်တို့လည်း စာတန့်အတွေးအခေါ်ကို တွန်းလှန်ကြပါစို့။ “နာခံတတ်တဲ့ စိတ်နှလုံး” ရဖို့ ဆုတောင်းကြပါစို့။ (၁ ဘု. ၃:၉။ ဆာလံ ၁၃၉:၂၃၊ ၂၄ ကိုဖတ်ပါ။) ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်မယ်ဆိုရင် ယေဟောဝါကို ဆက်သစ္စာရှိနိုင်ပါလိမ့်မယ်။
သီချင်း ၅၄ ‘ဒီလမ်းပါပဲ’
^ အပိုဒ်၊ 5 ယေဟောဝါကို သင် ဆက်သစ္စာရှိမလား။ ဘုရားနဲ့ ဝေးအောင် စာတန် သွေးဆောင်တာကို ခွင့်ပြုလိုက်မလား။ အဖြေက ဘယ်လောက် အပြင်းအထန် စမ်းသပ်ခံရသလဲ ဆိုတဲ့အပေါ် မမူတည်ဘဲ သင့်စိတ်နှလုံးကို ဘယ်လောက် ကောင်းစွာ ကာကွယ်စောင့်ရှောက်သလဲ ဆိုတဲ့အပေါ် မူတည်တယ်။ “စိတ်နှလုံး” ဆိုတာ ဘာကို ဆိုလိုသလဲ။ သင့်စိတ်နှလုံး ယိုယွင်းအောင် စာတန် ဘယ်လို ကြိုးစားနေသလဲ။ ဘယ်လို ကာကွယ်စောင့်ရှောက် နိုင်သလဲ။ အဲဒီအရေးကြီးတဲ့ မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဖြေဆိုပါမယ်။
^ အပိုဒ်၊ 11 စကားလုံး ရှင်းလင်းချက်– ယေဟောဝါက ကိုယ့်အတွေးအခေါ်၊ ခံစားချက်၊ လုပ်ရပ်တွေကို ဆန်းစစ်နိုင်စွမ်း၊ ဝေဖန်အကဲဖြတ်နိုင်စွမ်း ကျွန်တော်တို့ကို ပေးထားတယ်။ အဲဒါကို အမှားအမှန်သိစိတ်လို့ ကျမ်းစာမှာ ခေါ်တယ်။ (ရော. ၂:၁၅။ ၉:၁) ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်က ကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကို သုံးပြီး ကိုယ့်အတွေးအခေါ်၊ လုပ်ရပ်၊ အပြောအဆို ကောင်းမကောင်း အကဲဖြတ်ပေးတယ်။
^ အပိုဒ်၊ 56 ပုံအညွှန်း– နှစ်ခြင်းခံပြီးသား ညီအစ်ကိုတစ်ယောက် တီဗီကြည့်နေတုန်း ညစ်ညမ်းတဲ့ ပြကွက် ပေါ်လာ။ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ရတော့မယ်။
^ အပိုဒ်၊ 58 ပုံအညွှန်း– ရှေးခေတ် ကင်းစောင့်တစ်ယောက် မြို့ပြင်က အန္တရာယ်ကို မြင်လို့ အောက်ဘက်မှာရှိတဲ့ တံခါးစောင့်တွေကို အော်ပြောနေ။ မြို့တံခါးကို သူတို့ ချက်ချင်း ပိတ်နေ။