မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁

“မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ”

“မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ”

“မကြောက်​နဲ့။ မင်းနဲ့​အတူ ငါ​ရှိတယ်။ မစိုးရိမ်​နဲ့။ ငါဟာ မင်းရဲ့​ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့​စေမယ်၊ ကူညီ​ပေးမယ်။”—ဟေရှာ. ၄၁:၁၀

သီချင်း ၇ ယေဟောဝါ၊ တို့​ခွန်အား

အကြို​သုံးသပ်ချက် *

၁-၂။ (က) ဟေရှာယ ၄၁:၁၀ မှာ ပါတဲ့ ကျမ်း​စကားက ယို​ရှီ​ကို​အပေါ် ဘယ်လို အကျိုး​သက်ရောက်​ခဲ့သလဲ။ (ခ) ဒီ​ကျမ်းစကား​ကနေ ဘယ်သူတွေ အကျိုး​ရဖို့ ယေဟောဝါ ရည်ရွယ်​သလဲ။

သစ္စာရှိ ညီအစ်မ ယို​ရှီ​ကို​ဟာ သတင်းဆိုး​တစ်ခု ကြားလိုက်​ရတယ်။ လ​အနည်းငယ်​ပဲ နေ​ရတော့မယ်​လို့ ဆရာဝန် ပြောတယ်။ ယို​ရှီ​ကို ဘယ်လို တုံ့ပြန်​သလဲ။ သူ​အကြိုက်ဆုံး ကျမ်းချက်​ဖြစ်တဲ့ ဟေရှာယ ၄၁:၁၀ ကို ပြန်​သတိရ​မိတယ်။ (ဖတ်ပါ။) သူနဲ့အတူ ယေဟောဝါ ရှိနေလို့ မစိုးရိမ်​တဲ့​အကြောင်း ဆရာဝန်​ကို တည်တည်ငြိမ်ငြိမ် ပြန်​ပြော​လိုက်တယ်။ * အဲဒီ​ကျမ်းချက်​က ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်​ကိုးစား​ဖို့ သူ့ကို ကူညီ​ပေးတယ်။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံရ​ချိန်မှာ တည်တည်ငြိမ်ငြိမ် ရှိနိုင်ဖို့ ကျွန်တော်တို့ကိုလည်း ကူညီပေး​နိုင်တယ်။ အဲဒီ​ကျမ်း​စကားကို ရေး​ဖို့ ဟေရှာယ​ကို ဘုရား ဘာကြောင့် လမ်းညွှန်​ခဲ့​ကြောင်း ဦးဆုံး သုံးသပ်​ကြည့်ကြစို့။

ဗာဗုလုန် သုံ့ပန်း​ဘဝ ရောက်တော့​မ​ယ့် ဂျူးတွေကို နှစ်သိမ့်​ပေးဖို့ အဲဒီ​ကျမ်းစကား​တွေကို ယေဟောဝါ ရေး​ခိုင်း​တာ​ဖြစ်တယ်။ ဒါပေမဲ့ ဂျူး​သုံ့ပန်း​တွေ​သာမက ဘုရား​လူမျိုး​အားလုံးရဲ့ အကျိုးအတွက် ရည်ရွယ်​ပါတယ်။ (ဟေရှာ. ၄၀:၈။ ရော. ၁၅:၄) ဒီနေ့ “အလွန် ခက်ခဲ​ကျပ်တည်း” တဲ့ အချိန်မှာ ကျွန်တော်တို့ အသက်ရှင်​နေရလို့ ဟေရှာယ​ကျမ်းမှာ​ပါတဲ့ အားပေးမှုကို လိုအပ်တယ်။—၂ တိ. ၃:၁

၃။ (က) ၂၀၁၉ နှစ်ချုပ်​ကျမ်းချက် ဖြစ်တဲ့ ဟေရှာယ ၄၁:၁၀ မှာ ဘယ်က​တိ​တွေ ပါသလဲ။ (ခ) အဲဒီ​ကတိ​တွေကို ဘာကြောင့် လိုအပ်​သလဲ။

ဟေရှာယ ၄၁:၁၀ မှာပါတဲ့ ယေဟောဝါရဲ့ ကတိ​သုံးခုကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ (၁) ယေဟောဝါဟာ ကျွန်တော်တို့နဲ့​အတူ ရှိတယ်။ (၂) ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်​ဖြစ်တယ်။ (၃) ယေဟောဝါဟာ ကျွန်တော်တို့ကို ကူညီ​ပေးမယ်။ ယိုရှီ​ကို​လို​ပဲ ကျွန်တော်တို့လည်း စမ်းသပ်မှုတွေ ရင်ဆိုင်​နေရလို့ ဒီလို ကတိ​တွေ * လိုအပ်တယ်။ ကမ္ဘာ့​အခြေအနေတွေကြောင့်​လ​ည်း အခက်အခဲ​တွေ ရင်ဆိုင်​နေ​ရတယ်။ တချို့​ဆိုရင် အစိုးရ​တွေရဲ့ နှိပ်စက်​ညှဉ်းပန်းမှု​ကိုတောင် ခံ​နေကြ​ရတယ်။ ဒါကြောင့် အဲဒီ​ကတိ တစ်ခုစီ​ကို သုံးသပ်​ကြည့်ရအောင်။

“မင်းနဲ့​အတူ ငါ​ရှိတယ်”

၄။ (က) ဘယ်က​တိ​အကြောင်း ဦးဆုံး သုံးသပ်ကြ​မလဲ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။) (ခ) ယေဟောဝါ​က ကျွန်တော်တို့နဲ့​ပတ်သက်ပြီး မိမိ​ခံစားချက်ကို ဘယ်လို ဖော်ပြသလဲ။ (ဂ) ဘုရားသခင့်​စကား​ကြောင့် သင် ဘယ်လို ခံစား​ရသလဲ။

“မကြောက်​နဲ့။ မင်းနဲ့​အတူ ငါ​ရှိတယ်” * ဆိုတာ ယေဟောဝါရဲ့ ဦးဆုံး​ကတိ ဖြစ်တယ်။ ယေဟောဝါ​က ကျွန်တော်တို့ကို အပြည့်အဝ အာရုံစိုက်​ခြင်း၊ မေတ္တာ​ပြခြင်းအားဖြင့် ကျွန်တော်တို့နဲ့ အတူ​ရှိနေတယ်။ “မင်းဟာ ငါ့​အတွက် တန်ဖိုး​ရှိတယ်။ ဒါကြောင့် မင်းကို ဂုဏ်​တင်ခဲ့တယ်၊ ချစ်ခဲ့တယ်” ဆိုပြီး ကျွန်တော်တို့​အပေါ်​ထားတဲ့ ခံစားချက်ကို ယေဟောဝါ ပြောတယ်။ (ဟေရှာ. ၄၃:၄) ဘယ်​အရာက​မှ ကျွန်တော်တို့​အပေါ်​ထားတဲ့ ယေဟောဝါရဲ့ ခိုင်မြဲ​တဲ့​မေတ္တာကို မတားဆီး​နိုင်ဘူး။ (ဟေရှာ. ၅၄:၁၀) ဘုရားရဲ့ မေတ္တာနဲ့ မိတ်ဆွေ​နှောင်ကြိုး​က ကျွန်တော်တို့ကို သတ္တိ​ရှိစေတယ်။ မိတ်ဆွေ အာဗြံ (အာဗြဟံ) ကို ဘုရား ကာကွယ်​ခဲ့​သလို ကျွန်တော်တို့ကိုလည်း ကာကွယ်​ပေးမယ်။ ယေဟောဝါ​က “အာဗြံ၊ မကြောက်​နဲ့။ ငါဟာ မင်း​အတွက် ဒိုင်းလွှား​ပဲ” လို့ ပြောခဲ့တယ်။—က. ၁၅:၁

ယေဟောဝါရဲ့ အကူအညီနဲ့ မြစ်ရေ​လို၊ မီး​လို ပြဿနာတွေကို ကျော်ဖြတ်​နိုင် (အပိုဒ် ၅-၆ ကို​ကြည့်ပါ) *

၅-၆။ (က) ကျွန်တော်တို့ ပြဿနာ​တွေ ကြုံရတဲ့​အခါ ယေဟောဝါ ကူညီ​ပေးချင်​ကြောင်း ဘယ်လို သိရသလဲ။ (ခ) ယို​ရှီ​ကို​ရဲ့ အတွေ့အကြုံ​ကနေ ဘာသင်ယူနိုင်သလဲ။

ကျွန်တော်တို့ တစ်ဦးစီ ပြဿနာ​တွေ ကြုံရတဲ့​အခါ ယေဟောဝါ ကူညီ​ပေးချင်တယ်။ ဒါကြောင့် “မင်း ရေထဲ ဖြတ်လျှောက်​တဲ့အခါ မင်းနဲ့​အတူ ငါ​ရှိမယ်။ မြစ်ကို ဖြတ်ကူး​တဲ့အခါ မင်းကို ရေ​လွှမ်း​မှာ မဟုတ်ဘူး။ မီး​ထဲ ဖြတ်လျှောက်​တဲ့အခါ မင်းကို မီးလောင်​မှာ မဟုတ်ဘူး။ မီးဟပ်​မှာ မဟုတ်ဘူး” လို့ ကတိ​ပေးတယ်။ (ဟေရှာ. ၄၃:၂) ဘာကို ဆိုလိုသလဲ။

အခက်အခဲတွေကို ဖယ်ရှား​ပေးမယ်လို့ ယေဟောဝါ ကတိပေး​နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ “မြစ်” လို ပြဿနာ​တွေ​အောက် နစ်မြုပ်​သွား​စေမှာ မဟုတ်သလို “မီး” လို စမ်းသပ်မှုတွေ​ကြောင့်လည်း ထာဝစဉ် ပျက်စီး​သွား​စေမှာ မဟုတ်ဘူး။ ယေဟောဝါ​က ကျွန်တော်တို့နဲ့ အတူ​ရှိပြီး အဲဒီ​အခက်အခဲ​တွေ​ကြား “ဖြတ်လျှောက်” နိုင်အောင် ကူညီမယ်လို့ ကတိ​ပေးတယ်။ ဘယ်လို ကူညီပေး​မလဲ။ သေခြင်းနဲ့ ရင်ဆိုင်​ရချိန်မှာ​တောင် မကြောက်​ဘဲ တည်တည်ငြိမ်ငြိမ် သမာဓိ​စောင့်ထိန်း​နိုင်အောင် ကူညီ​ပေးမယ်။ (ဟေရှာ. ၄၁:၁၃) အစပိုင်းမှာ ဖော်ပြတဲ့ ယို​ရှီ​ကို အဲဒီလို​ကြုံခဲ့​ရတယ်။ သမီး​ဖြစ်သူ ဒီလို​ပြောတယ်– “အမေ​ရဲ့ တည်ငြိမ်မှု​ကို သိပ်​လေးစား​မိတယ်။ အမေ့ကို ယေဟောဝါ စိတ်​ငြိမ်သက်မှု ပေးခဲ့တယ်။ သေဆုံး​တဲ့​နေ့​အထိ သူနာပြု​တွေ၊ လူနာ​တွေကို ယေဟောဝါနဲ့ ကတိတော်​တွေ​အကြောင်း ပြော​ပြတယ်။” ယို​ရှီ​ကို​ရဲ့ အတွေ့အကြုံ​ကနေ ဘာသင်ယူနိုင်သလဲ။ “မင်းနဲ့​အတူ ငါ​ရှိမယ်” ဆိုတဲ့ ဘုရား​ကတိ​ကို ယုံကြည်​ကိုးစား​ရင် စမ်းသပ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်​နိုင်မှာ ဖြစ်တယ်။

“ငါဟာ မင်းရဲ့​ဘုရားသခင်ပါ”

၇-၈။ (က) ဒုတိယ ကတိ​က ဘာလဲ။ ဘာကို ဆိုလိုသလဲ။ (ခ) ဂျူး​သုံ့ပန်း​တွေကို “မစိုးရိမ်​နဲ့” လို့ ယေဟောဝါ ဘာကြောင့် ပြောသလဲ။ (ဂ) ဟေရှာယ ၄၆:၃၊ ၄ မှာ ပါတဲ့ ဘယ်​စကားတွေက ဘုရားလူမျိုးကို စိတ်​ငြိမ်သက်​စေ​သလဲ။

“မစိုးရိမ်​နဲ့။ ငါဟာ မင်းရဲ့​ဘုရားသခင်ပါ” ဆိုတာ ဟေရှာယ​က​တစ်ဆင့် ယေဟောဝါ ပေးတဲ့ ဒုတိယ​ကတိ ဖြစ်တယ်။ ဘာကို​ဆိုလိုသလဲ။ “စိုးရိမ်” လို့ ပြန်ဆို​ထားတဲ့ မူရင်း​စကားလုံးက “မဖြစ်​လာ​သေး​တဲ့ အန္တရာယ်ကို တွေး​ကြောက်​တာ၊ အန္တရာယ် ကြုံနေ​ရ​သလို တုန်လှုပ်​နေတာ” ကို ဆိုလိုတယ်။

ဗာဗုလုန်​သုံ့ပန်း​ဘဝ ရောက်တော့​မ​ယ့် ဂျူးတွေကို “မစိုးရိမ်” ဖို့ ယေဟောဝါ ဘာကြောင့် ပြောသလဲ။ ပြည်သား​တွေ ကြောက်ရွံ့တဲ့​အချိန် ရောက်လာမယ်​ဆိုတာ သိထားလို့ပဲ။ ဘာလို့ ကြောက်​ကြ​မှာ​လဲ။ ဂျူးတွေ သုံ့ပန်း​ဘဝ​ရောက်​ပြီး နှစ် ၇၀ ပြည့်​ခါနီး​မှာ ဗာဗုလုန်​ကို မီးဒီးယား-ပါးရှား စစ်တပ်​ကြီး လာ​တိုက်​လိမ့်မယ်။ အဲဒီ​စစ်တပ်​ကို သုံးပြီး မိမိ​လူမျိုးကို ဗာဗုလုန်​သုံ့ပန်း​ဘဝကနေ ယေဟောဝါ လွှတ်​ပေးလိမ့်မယ်။ (ဟေရှာ. ၄၁:၂-၄) အဲဒီ​ခေတ်မှာ​ရှိတဲ့ ဗာဗုလုန်​နဲ့ တခြား​လူမျိုး​တွေဟာ ရန်သူတွေ လာ​နေပြီ​ဆိုတာ သိတဲ့​အခါ “အားတင်း​စမ်း​ပါ​ကွာ” လို့ အချင်းချင်း အားပေးကြတယ်။ အကာအကွယ်​ရဖို့ ရုပ်တုတွေ လုပ်ကြတယ်။ (ဟေရှာ. ၄၁:၅-၇) အဲဒီအချိန်မှာ ယေဟောဝါ​ကတော့ ‘အစ္စရေး၊ မင်း​က ငါ့ရဲ့​ကျွန်​ပါ။ မစိုးရိမ်​နဲ့။ ငါဟာ မင်းရဲ့​ဘုရားသခင်ပါ’ လို့ ဂျူး​သုံ့ပန်း​တွေကို ပြောပြီး စိတ်​ငြိမ်သက်​စေတယ်။ (ဟေရှာ. ၄၁:၈-၁၀) “ငါဟာ မင်းရဲ့​ဘုရားသခင်ပါ” လို့ ယေဟောဝါ ပြောတာ သတိပြုပါ။ သစ္စာရှိရှိ ဝတ်ပြု​သူတွေကို ယေဟောဝါ မမေ့ဘူး၊ သူတို့ရဲ့​ဘုရား ဖြစ်နေ​ဆဲ​ပဲ၊ သူတို့လည်း ဘုရားရဲ့ လူမျိုး ဖြစ်နေ​ဆဲ​ပဲ ဆိုတာကို အဲဒီ​စကားတွေက​တစ်ဆင့် အာမခံ​နေတာ။ ‘မင်းတို့ကို ငါ​ချီပိုက်​ပြီး ကယ်တင်မယ်’ လို့ ဘုရား ပြောတယ်။ ဂျူး​သုံ့ပန်း​တွေ သိပ်​အားရှိသွား​မှာ​ပဲ။ဟေရှာယ ၄၆:၃၊ ၄ ကိုဖတ်ပါ။

၉-၁၀။ ကျွန်တော်တို့ ဘာကြောင့် ကြောက်ဖို့ မလို​တာလဲ။ ဥပမာ​ပေးပါ။

ကမ္ဘာ့​အခြေအနေ​တွေ ပို​ဆိုး​လာတဲ့​အတွက် လူတွေ ပို​စိုးရိမ်​လာကြတယ်။ ကျွန်တော်တို့လည်း အဲဒီ​ပြဿနာ​တွေ ကြုံနေ​ရတယ်။ ဒါပေမဲ့ ကြောက်ဖို့ မလိုဘူး။ “ငါဟာ မင်းရဲ့​ဘုရားသခင်ပါ” လို့ ယေဟောဝါ ပြောတယ်။ အဲဒီ​စကားက ဘာကြောင့် စိတ်တည်ငြိမ်​စေ​သလဲ။

၁၀ ဒီ​ဥပမာ​ကို စဉ်းစား​ကြည့်ပါ– ထွ​န်း​ထွ​န်း​နဲ့ ကျော်ကျော်​ဟာ လေယာဉ်​နဲ့ ခရီးသွား​နေတုန်း လေပြင်း​ဒဏ်​ကြောင့် လေယာဉ် တုန်ခါ​လာတယ်။ အဲဒီအချိန်မှာ “ရာသီဥတု မကောင်း​လို့ ခါးပတ် ပတ်​ထားကြပါ” ဆိုတဲ့​အသံ ကြားလိုက်​ရတယ်။ ထွ​န်း​ထွ​န်း တအား​စိုးရိမ်​သွားတယ်။ “ခင်ဗျားတို့ရဲ့ လေယာဉ်မှူး ပြော​နေ​ပါတယ်။ မစိုးရိမ်​ကြပါ​နဲ့။ အဆင်ပြေ​သွားမှာပါ” လို့ လေယာဉ်မှူး ထပ်​ပြောတယ်။ အဲဒီအခါ “သူက ဘာ​မို့​လို့ ဒီလို​ပြောတာလဲ” ဆိုပြီး ထွ​န်း​ထွ​န်း ခေါင်းခါ​လိုက်တယ်။ ကျော်ကျော်​ကတော့ လုံးဝ စိုးရိမ်​ပုံ​မရဘူး။ “မင်း​ကော မကြောက်​ဘူး​လား” လို့ မေးတော့ ကျော်ကျော်​က ပြုံး​ပြီး “လေယာဉ်မှူး​က ငါ့​အဖေ​လေ။ လေယာဉ်​မောင်း သိပ်​ကျွမ်း​တာ။ ငါ့​အဖေ​အကြောင်း သိ​ရင်​တော့ မင်းလည်း စိုးရိမ်​မှာ မဟုတ်ဘူး” လို့ ပြောတယ်။

၁၁။ ခရီးသည်​နှစ်ယောက် ဥပမာ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၁ ဒီ​ဥပမာ​ကနေ ဘာသင်ယူနိုင်သလဲ။ ကျော်ကျော်​လို​ပဲ ကျွန်တော်တို့လည်း ကောင်းကင်ဖခင် ယေဟောဝါ​အကြောင်း ကောင်းကောင်း သိလို့ တည်ငြိမ်​နေ​ကြတယ်။ ဒီနောက်ဆုံး​ကာလရဲ့ ပြဿနာ​မုန်တိုင်း​တွေ​ကြား​ကနေ ကျွန်တော်တို့ကို ဘေးကင်းလုံခြုံ​စွာ ကယ်ထုတ်​မ​ယ်​ဆိုတာ သိထားကြတယ်။ (ဟေရှာ. ၃၅:၄) တစ်လောက​လုံး ကြောက်ရွံ့​တုန်လှုပ်​နေချိန်မှာ ကျွန်တော်တို့​ကတော့ ယေဟောဝါကို ယုံကြည်​ကိုးစား​တဲ့​အတွက် တည်တည်ငြိမ်ငြိမ်​ပါပဲ။ (ဟေရှာ. ၃၀:၁၅) ဘုရားကို ယုံကြည်​ရတဲ့ အကြောင်းရင်း​တွေကို ကျော်ကျော်​လို​ပဲ တခြား​သူတွေကို ပြောပြ​ကြတယ်။ အဲဒီအခါ သူတို့လည်း ယေဟောဝါ ကူညီ​ထောက်မမယ်​ဆိုတာ ယုံကြည်​လာ​ကြပါလိမ့်မယ်။

“မင်းကို ခိုင်ခံ့​စေမယ်၊ ကူညီ​ပေးမယ်”

၁၂။ (က) တတိယ ကတိ​က ဘာလဲ။ (ခ) ယေဟောဝါရဲ့ “လက်ရုံး” က ဘာကို သတိ​ရစေ​သလဲ။

၁၂ “မင်းကို ခိုင်ခံ့​စေမယ်၊ ကူညီ​ပေးမယ်” ဆိုတဲ့ တတိယ ကတိ​အကြောင်း စဉ်းစား​ကြည့်ပါ။ ယေဟောဝါ ဘယ်လို ခိုင်ခံ့​စေမယ်​ဆိုတာ ဟေရှာယ ပြောပြီး​သား​ပဲ။ “ယေဟောဝါ​က တန်ခိုး​နဲ့ ကြွလာ​လိမ့်မယ်။ လက်ရုံးတော်​က ဘုရားအတွက် အုပ်စိုး​လိမ့်မယ်” လို့ ပြောတယ်။ (ဟေရှာ. ၄၀:၁၀) ကျမ်းစာမှာ “လက်ရုံး” ဆိုတဲ့ စကားလုံးက တန်ခိုး​အာဏာကို ရည်ညွှန်း​လေ့​ရှိတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ‘လက်ရုံးတော် အုပ်စိုး​လိမ့်မယ်’ ဆိုတဲ့ အချက်​က ယေဟောဝါဟာ တန်ခိုးကြီး​ဘုရင်​ဖြစ်ကြောင်း သတိ​ရစေတယ်။ ရှေးခေတ်​ကျေးကျွန်တွေကို ကာကွယ်​ထောက်မ​ဖို့ မိမိ​အစွမ်း​ခွန်အားကို သုံးခဲ့​သလို ဒီနေ့​ခေတ်မှာလည်း မိမိ​အပေါ် ယုံကြည်​ကိုးစား​သူတွေကို ခိုင်ခံ့​စေပြီး ကာကွယ်​ပေးပါလိမ့်မယ်။—တရား. ၁:၃၀၊ ၃၁။ ဟေရှာ. ၄၃:၁၀

ယေဟောဝါရဲ့ ကာကွယ်မှု လက်ရုံး​ကို ဘယ်​လက်နက်​မှ အောင်မြင်​မှာ မဟုတ် (အပိုဒ် ၁၂-၁၆ ကို​ကြည့်ပါ) *

၁၃။ (က) ကျွန်တော်တို့ကို ခိုင်ခံ့​စေမယ်​ဆိုတဲ့ ကတိအတိုင်း အထူးသဖြင့် ဘယ်​အချိန်မှာ လုပ်ပေးမှာ​လဲ။ (ခ) ဘယ်​အာမခံချက်​က ကျွန်တော်တို့ကို ခိုင်ခံ့​စေ​သလဲ။

၁၃ အထူးသဖြင့် ရန်သူတွေ နှိပ်စက်​တဲ့အခါ “မင်းကို ခိုင်ခံ့​စေမယ်” ဆိုတဲ့ ကတိအတိုင်း ယေဟောဝါ လုပ်ဆောင်​ပါလိမ့်မယ်။ ကမ္ဘာ့​ဒေသ​တချို့မှာ ရန်သူတွေက ဟောပြောခြင်း​လုပ်ငန်းကို တားဆီး​ဖို့၊ အဖွဲ့အစည်း​ကို ပိတ်ပင်​ဖို့ ကြိုးစား​နေ​ကြတယ်။ ဒါပေမဲ့ အလွန်အမင်း စိုးရိမ်​စ​ရာ မလိုပါဘူး။ ကျွန်တော်တို့ကို ခိုင်ခံ့​စေမယ်၊ ယုံကြည်​စိတ်ချမှု ရှိစေမယ်​လို့ ယေဟောဝါ အာမခံတယ်။ “မင်းကို တိုက်ခိုက်​ဖို့​လုပ်တဲ့ လက်နက်​တစ်ခု​မှ အောင်မြင်​မှာ မဟုတ်ဘူး” လို့ ကတိ​ပေးတယ်။ (ဟေရှာ. ၅၄:၁၇) အဲဒါက အရေးကြီးတဲ့ အချက်​သုံးချက်​ကို သတိ​ရစေတယ်။

၁၄။ ဘုရားရဲ့ ရန်သူတွေ ကျွန်တော်တို့ကို တိုက်ခိုက်​တဲ့အခါ ဘာကြောင့် မအံ့ဩ​ကြသလဲ။

၁၄ ပထမ၊ ခရစ်တော်ရဲ့ နောက်လိုက်​တွေ​အနေနဲ့ အမုန်းခံ​ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်​ထား​ကြတယ်။ (မ. ၁၀:၂၂) နောက်ဆုံး​ကာလမှာ တပည့်​တွေ အပြင်းအထန် နှိပ်စက်​ညှဉ်းပန်း​ခံရမယ်လို့ ယေရှု ကြို​ပြောတယ်။ (မ. ၂၄:၉။ ယော. ၁၅:၂၀) ဒုတိယ၊ ရန်သူတွေ​ဟာ မုန်း​ရုံ​သာမက လက်နက်​အမျိုးမျိုး သုံး​လိမ့်မယ်လို့ ဟေရှာယ ပရောဖက်ပြုချက်မှာ ကြို​သတိ​ပေးတယ်။ အဲဒီ​လက်နက်တွေ​ထဲမှာ လှည့်စားတာ၊ လိမ်လည်တာ၊ ရက်ရက်စက်စက် နှိပ်စက်တာ​တွေ ပါဝင်​တ​ယ်။ (မ. ၅:၁၁) အဲဒီ​လက်နက်တွေ မ​သုံးဖို့ ရန်သူတွေကို ယေဟောဝါ တားဆီး​မှာ မဟုတ်ဘူး။ (ဧ. ၆:၁၂။ ဗျာ. ၁၂:၁၇) ဒါပေမဲ့ ကျွန်တော်တို့ ကြောက်စရာ မလိုပါဘူး။ ဘာကြောင့်လဲ။

၁၅-၁၆။ (က) ဘယ်​တတိယ​အချက်ကို သတိ​ရဖို့ လိုသလဲ။ ဟေရှာယ ၂၅:၄၊ ၅ က ဒီ​အချက်ကို ဘယ်လို ထောက်ခံ​သလဲ။ (ခ) ကျွန်တော်တို့ကို တိုက်ခိုက်သူ​တွေရဲ့ ဇာတ်သိမ်း​အကြောင်း ဟေရှာယ ၄၁:၁၁၊ ၁၂ က ဘယ်လို ဖော်ပြသလဲ။

၁၅ တတိယ​အချက်ကို သုံးသပ်​ကြည့်ပါ။ “လက်နက်​တစ်ခု​မှ အောင်မြင်​မှာ မဟုတ်ဘူး” လို့ ယေဟောဝါ ပြောတယ်။ ရဲတိုက်​နံရံ​က မုန်တိုင်း​ဒဏ်​ကနေ ကာကွယ်ပေး​သလို ယေဟောဝါ​က “ဖိနှိပ်​ညှဉ်းပန်း​သူတွေ ဒေါသူပုန်​ထတဲ့အခါ” ကျွန်တော်တို့ကို ကာကွယ်​ပေးတယ်။ (ဟေရှာယ ၂၅:၄၊ ၅ ကိုဖတ်ပါ။) ရန်သူတွေ ဘယ်တော့မှ အောင်မြင်​မှာ မဟုတ်ဘူး။—ဟေရှာ. ၆၅:၁၇

၁၆ ယေဟောဝါ​က “ဒေါသ​ထွက်​တဲ့​သူတွေ” ရဲ့ ဇာတ်သိမ်း​အကြောင်း အသေးစိတ် ဖော်ပြ​ပေးခြင်း​အားဖြင့်​လည်း ကျွန်တော်တို့ရဲ့ ယုံကြည်​ကိုးစားမှု​ကို ပို​ခိုင်ခံ့​စေတယ်။ (ဟေရှာယ ၄၁:၁၁၊ ၁၂ ကိုဖတ်ပါ။) ရန်သူတွေ ဘယ်လောက် တိုက်ခိုက်​ပါစေ၊ စစ်ပွဲ ဘယ်လောက် ပြင်းထန်​ပါစေ ဘုရား​လူမျိုးရဲ့ ရန်သူ​အားလုံး “အချည်းနှီး​ဖြစ်ပြီး ပျက်စီး​ရလိမ့်မယ်။”

ယေဟောဝါအပေါ် ယုံကြည်​ကိုးစားမှု ခိုင်မြဲ​စေနိုင်​ပုံ

ကျမ်းစာ ပုံမှန် ဖတ်ရှုခြင်း​အားဖြင့် ယေဟောဝါအပေါ် ယုံကြည်​ကိုးစားမှု ခိုင်မြဲ​စေနိုင် (အပိုဒ် ၁၇-၁၈ ကို​ကြည့်ပါ) *

၁၇-၁၈။ (က) ကျမ်းစာဖတ်​ရှုခြင်း​က ဘုရားကို ယုံကြည်​ကိုးစားမှု ဘယ်လို ခိုင်မြဲ​စေနိုင်သလဲ။ ဥပမာ​ပေးပါ။ (ခ) ၂၀၁၉ အတွက် ရွေး​ထားတဲ့ နှစ်ချုပ်​ကျမ်းချက်ကို တွေးတော​ဆင်ခြင်​တာ​က ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၇ ယေဟောဝါ​အကြောင်း ကောင်းကောင်း သိအောင် လုပ်ခြင်း​အားဖြင့် ကျွန်တော်တို့ရဲ့ ယုံကြည်​ကိုးစားမှု ခိုင်မြဲ​စေနိုင်တယ်။ ဘုရား​အကြောင်း ပို​သိလာ​နိုင်တဲ့ တစ်ခုတည်းသော​နည်း​ကတော့ ကျမ်းစာကို အသေအချာ ဖတ်ရှု​ပြီး တွေးတော​ဆင်ခြင်ခြင်း​ပါပဲ။ ရှေးခေတ်​လူမျိုးတော်ကို ယေဟောဝါ ကာကွယ်​ပေးတဲ့ ကျမ်းစာ​မှတ်တမ်းတွေ ရှိတယ်။ အဲဒါတွေက ဘုရား စောင့်ရှောက်​မ​ယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေတယ်။

၁၈ ဥပမာ၊ ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်​ပုံ​အကြောင်း ဟေရှာယရဲ့ သရုပ်ဖော်ချက်ကို စဉ်းစား​ကြည့်ပါ။ ယေဟောဝါကို သိုးထိန်း၊ ကျေးကျွန်တွေကို သိုး​တွေ​အဖြစ် ခိုင်းနှိုင်း​ခဲ့​တ​ယ်။ ယေဟောဝါ​က “သိုးကလေးတွေ​ကို ပွေ့ပိုက်​ပြီး ရင်ခွင်​ထဲ ချီပိုက်​ထား​လိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ (ဟေရှာ. ၄၀:၁၁) ယေဟောဝါရဲ့ ပွေ့ပိုက်​မှု​ကို ခံရတဲ့​အခါ လုံခြုံ​တ​ယ်​လို့ ခံစား​ရပြီး စိတ်တည်ငြိမ်​နေပါ​လိမ့်မယ်။ အခက်အခဲ​တွေ ကြုံရတဲ့​အခါ စိတ်တည်ငြိမ်မှု ဆက်ရှိ​အောင် ကူညီ​ပေးဖို့ သစ္စာနဲ့ သတိပညာ​ရှိ​ကျွန်​က “မစိုးရိမ်​နဲ့။ ငါဟာ မင်းရဲ့​ဘုရားသခင်ပါ” ဆိုတဲ့ ဟေရှာယ ၄၁:၁၀ ကို ၂၀၁၉ နှစ်ချုပ်​ကျမ်းချက်​အဖြစ် ရွေး​ထားတယ်။ အဲဒီ​စကားတွေကို တွေးတော​ဆင်ခြင်ပါ။ အခက်အခဲ​တွေ ကြုံရတဲ့​အခါ ခွန်အား​ရှိနေ​ပါလိမ့်မယ်။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား​ရှိစေမယ်

^ အပိုဒ်၊ 5 ၂၀၁၉ နှစ်ချုပ်​ကျမ်းချက်​က ကမ္ဘာပေါ်မှာ​ဖြစ်စေ၊ ကိုယ့်​ဘဝမှာ​ဖြစ်စေ အဖြစ်ဆိုး​တွေ ဖြစ်လာတဲ့​အခါမှာ​တောင် တည်တည်ငြိမ်ငြိမ် ရှိ​နိုင်တဲ့ အကြောင်းရင်း ၃ ခု​ကို ဖော်ပြပေးတယ်။ ဒီ​ဆောင်းပါး​မှာ အဲဒီ​အကြောင်းရင်း​တွေကို သုံးသပ်ပါမယ်။ ဒါက စိုးရိမ်​ပူပန်မှု လျော့နည်း​အောင်၊ ယေဟောဝါကို ယုံကြည်​ကိုးစား​လာ​အောင် ကူညီ​ပေးပါလိမ့်မယ်။ နှစ်ချုပ်​ကျမ်းချက်ကို တွေးတော​ဆင်ခြင်ပါ။ ဖြစ်နိုင်ရင် အလွတ်ကျက်​မှတ်ထားပါ။ အနာဂတ်မှာ ကြုံရ​နိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ခွန်အား​ရှိစေ​ပါလိမ့်မယ်။

^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– ကတိ​ဆိုတာ ပြောတဲ့​အတိုင်း လုပ်မယ်​ဆိုတဲ့ အာမခံချက်​ဖြစ်တယ်။ ယေဟောဝါရဲ့ ကတိ​တွေ​က ကျွန်တော်တို့ ကြုံရ​နိုင်တဲ့ ပြဿနာ​တွေ​အတွက် စိုးရိမ်စိတ်​ကို လျော့နည်းစေ​နိုင်တယ်။

^ အပိုဒ်၊ 4 ဟေရှာယ ၄၁:၁၀၊ ၁၃၊ ၁၄ မှာ “မကြောက်​နဲ့” ဆိုတဲ့​စကားကို သုံးကြိမ် ဖော်ပြ​ထားတယ်။ အဲဒီ​အခန်းငယ်​တွေ​မှာ “ငါ” ဆိုပြီး အကြိမ်ကြိမ် သုံး​ထားတယ်။ ယေဟောဝါ​က “ငါ” ဆိုတဲ့​စကားလုံးကို ဘာကြောင့် အကြိမ်ကြိမ် ရေး​ခိုင်း​တာလဲ။ ယေဟောဝါကို ယုံကြည်​ကိုးစား​မှ​သာ စိတ်တည်ငြိမ်​နိုင်မယ်​ဆိုတာ ပေါ်လွင်​စေဖို့​ပါပဲ။

^ အပိုဒ်၊ 52 ပုံ​အညွှန်း– မိသားစုဝင်​တွေ အလုပ်၊ ကျန်းမာရေး၊ အမှုဆောင်​လုပ်ငန်း၊ ကျောင်းမှာ အခက်အခဲ​တွေ ကြုံရ။

^ အပိုဒ်၊ 54 ပုံ​အညွှန်း– အိမ်မှာ အစည်းအဝေး​လုပ်​နေစဉ် ရဲတွေ ရောက်လာ​ပေမဲ့ ညီအစ်ကို/မ​တွေ ထိတ်​ထိတ်​ပျာ​ပျာ မဖြစ်။

^ အပိုဒ်၊ 56 ပုံ​အညွှန်း– မိသား​စု​ဝတ်ပြုမှု ပုံမှန် လုပ်ခြင်းက ခံရပ်​ဖို့ ကူညီ​ပေး။