မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄

ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ

ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ

‘ဒါဟာ ကျွန်တော့်​ကိုယ်ခန္ဓာ​ကို ကိုယ်စားပြု​တ​ယ်။ ဒါဟာ “ပဋိညာဉ်​နဲ့​ဆိုင်တဲ့​သွေး” ကို ကိုယ်စားပြု​တ​ယ်။’—မ. ၂၆:၂၆-၂၈

သီချင်း ၁၆ ဘိသိက်ခံ သားတော်​အတွက် ယေဟောဝါကို ချီးမွမ်းကြ

အကြို​သုံးသပ်ချက် *

၁-၂။ (က) မိမိရဲ့ သေခြင်း​အောက်မေ့ရာပွဲ​ကို ရိုးရှင်းတဲ့​နည်းနဲ့ ကျင်းပ​ဖို့ ယေရှု စီစဉ်​ပေးမယ်လို့ ဘာကြောင့် မျှော်လင့်​နိုင်သလဲ။ (ခ) ယေရှုရဲ့ ဘယ်အရည်အသွေးတွေ​အကြောင်း သုံးသပ်ကြ​မလဲ။

နှစ်စဉ် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ​မှာ ဘာတွေ လုပ်တယ်​ဆိုတာ ပြောပြ​နိုင်မလား။ အသေးစိတ်​အချက်တွေကို သင် မှတ်မိ​မှာ သေချာတယ်။ ဘာကြောင့်လဲ​ဆိုတော့ ရိုးရှင်း​လွန်း​လို့​ပဲ။ ‘ဘာကြောင့် ရိုးရှင်း​တာလဲ’ လို့ သင် တွေးမိ​နိုင်တယ်။

ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်​အတွင်း အရေးကြီး​အမှန်တရားတွေကို ရိုးရှင်း​ပြီး နားလည်​လွယ်​တဲ့​နည်းနဲ့ သင်ပေးခဲ့တယ်။ (မ. ၇:၂၈၊ ၂၉) မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲ *ကိုလည်း ရိုးရှင်း​ပြီး အဓိပ္ပာယ်​ရှိတဲ့​နည်းနဲ့ ကျင်းပ​ဖို့ စီစဉ်​ပေးခဲ့တယ်။ အောက်မေ့ရာပွဲ​မှာ သုံးတဲ့ အစားအသောက်​အကြောင်း၊ ယေရှု ပြောခဲ့၊ လုပ်ခဲ့တာ​တွေ​အကြောင်း သုံးသပ်​ကြည့်ကြစို့။ ယေရှုရဲ့ နှိမ့်ချမှု၊ သတ္တိ၊ မေတ္တာကို ပို​နားလည်​လာပြီး ပို​တုပ​နိုင်​ပါလိမ့်မယ်။

ယေရှုဟာ နှိမ့်​ချတယ်

အောက်မေ့ရာပွဲ​မှာ​သုံးတဲ့ မုန့်​နဲ့ ဝိုင်ဟာ ကျွန်တော်တို့​အတွက် ယေရှု အသက်ပေး​ခဲ့​ကြောင်း၊ ကောင်းကင်ဘုရင်​အဖြစ် အခု နန်းထိုင်​နေ​ကြောင်း အမှတ်ရ​စေ (အပိုဒ် ၃-၅ ကို​ကြည့်ပါ)

၃။ မဿဲ ၂၆:၂၆-၂၈ မှာ ပါတဲ့​အတိုင်း ယေရှု အစ​ပြုတဲ့ အောက်မေ့ရာပွဲ​ဟာ ဘယ်လောက် ရိုးရှင်း​သလဲ။ အထိမ်းအမှတ် နှစ်ခု​က ဘာကို ကိုယ်စားပြု​သလဲ။

ယေရှုဟာ သစ္စာရှိ တမန်တော် ၁၁ ယောက်​နဲ့ အတူ​ရှိနေ​ချိန်မှာ မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲ​ကို ကျင်းပခဲ့​တ​ယ်။ ပသခါပွဲ​ရဲ့ လက်ကျန် တဆေးမဲ့မုန့်နဲ့ ဝိုင်ကို သုံးပြီး အဲဒီ​ပွဲကို အစ​ပြုခဲ့တယ်။ (မဿဲ ၂၆:၂၆-၂၈ ကိုဖတ်ပါ။) အဲဒီ​မုန့်​နဲ့ ဝိုင်​ဟာ မကြာခင် ပေးဆက်​တော့​မ​ယ့် မိမိရဲ့ စုံလင်တဲ့ ကိုယ်ခန္ဓာ​နဲ့ သွေး​ကို ကိုယ်စားပြု​ကြောင်း ယေရှု ရှင်းပြတယ်။ အရေးကြီးတဲ့ ဒီ​ပွဲကို ရိုးရိုးလေး ကျင်းပ​လို့ တမန်တော်တွေ မ​အံ့ဩ​ကြဘူး။ ဘာကြောင့်လဲ။

၄။ မာ​သ​ကို ပေးတဲ့ အကြံပေး​ချက်​က အောက်မေ့ရာပွဲ​ကို ရိုးရိုးလေး ကျင်းပ​ရခြင်း​အကြောင်း နားလည်အောင် ဘယ်လို ကူညီပေး​သလဲ။

ယေရှုဟာ အမှုဆောင်ချိန် တတိယ​နှစ်​အတွင်း၊ ပသခါပွဲ မတိုင်ခင် လ​အနည်းငယ်​တုန်း​က မိတ်ဆွေ​တွေ​ဖြစ်တဲ့ လာဇရု၊ မာ​သ၊ မာရိ​တို့​ဆီ သွားလည်​ခဲ့​တယ်။ အဲဒီမှာ အေးအေးဆေးဆေး သွန်သင်​ပေးတယ်။ မာ​သ​ကတော့ အထူး​ဧည့်သည်​ကို ကောင်းကောင်း ဧည့်ဝတ်​ပြု​ဖို့ ဗျာများ​နေတယ်။ ဒါနဲ့ ယေရှု​က မာသ​ကို အကြီးအကျယ် ပြင်ဆင်​နေဖို့ မလို​ကြောင်း နားလည်အောင် ကြင်နာစွာ တည့်မတ်​ပေးတယ်။ (လု. ၁၀:၄၀-၄၂) ယေရှုဟာ မသေဆုံးခင် နာရီ​ပိုင်း​အလိုမှာ ကိုယ်​သင်​တဲ့​အတိုင်း လက်တွေ့​ကျင့်​သုံးခဲ့တယ်။ အောက်မေ့ရာပွဲ​ကို ရိုးရိုးလေး ကျင်းပခဲ့​တ​ယ်။ ဒါက ယေရှု​အကြောင်း ဘာသင်ပေးသလဲ။

၅။ ရိုးရှင်းတဲ့ မုန့်​နဲ့ ဝိုင်​က ယေရှု​အကြောင်း ဘာ​ဖော်ပြသလဲ။ အဲဒါက ဖိလိပ္ပိ ၂:၅-၈ နဲ့ ဘယ်လို ကိုက်ညီ​သလဲ။

ယေရှု ပြောသမျှ၊ လုပ်​သမျှမှာ နှိမ့်ချမှုကို တွေ့ရတယ်။ ဒါကြောင့် မြေကြီးပေါ် နောက်ဆုံး​ညမှာ နှိမ့်ချမှု တင်ပြခဲ့​တာ မဆန်းပါဘူး။ (မ. ၁၁:၂၉) လူ့​သမိုင်း​မှာ အကြီးမားဆုံး ပူဇော်သက္ကာ ဆက်သ​ရတော့​မှာ​ဖြစ်ကြောင်း၊ ဘုရင်အဖြစ် ကောင်းကင်ကို ယေဟောဝါ ပြန်ထ​မြောက်​စေမှာ​ဖြစ်ကြောင်း ယေရှု သိတယ်။ ဒါတောင် မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲ​ကို တခမ်းတနား ကျင်းပ​ဖို့ တောင်းဆိုခြင်း​အားဖြင့် အာရုံစိုက်​ခံရ​အောင် မ​လုပ်ခဲ့ဘူး။ မိမိကို အောက်မေ့​ဖို့ ရိုးရှင်း​လှတဲ့ ဒီ​ပွဲကို တစ်နှစ်​တစ်ကြိမ် ကျင်းပ​ပါလို့ တပည့်​တွေကို မှာခဲ့တယ်။ (ယော. ၁၃:၁၅။ ၁ ကော. ၁၁:၂၃-၂၅) ရိုးရှင်းတဲ့ မုန့်​နဲ့ ဝိုင်​က ယေရှုဟာ မာန​ကြီးသူ မဟုတ်​ကြောင်း ဖော်ပြတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုရင်​မှာ နှိမ့်ချမှု အရည်အသွေး ရှိလို့ ဝမ်းသာစရာ​ပါပဲ။ဖိလိပ္ပိ ၂:၅-၈ ကိုဖတ်ပါ။

၆။ စမ်းသပ်မှု ကြုံရ​ချိန်မှာ ယေရှုရဲ့ နှိမ့်ချမှုကို ဘယ်လို တုပ​နိုင်သလဲ။

ယေရှုရဲ့ နှိမ့်ချမှုကို ဘယ်လို တုပ​နိုင်သလဲ။ ကိုယ့်​အကျိုး​ထက် သူတစ်ပါး​အကျိုးကို ဦးစား​ထားခြင်း​အားဖြင့်​ပါပဲ။ (ဖိ. ၂:၃၊ ၄) ယေရှုရဲ့ မြေကြီး​အသက်တာ နောက်ဆုံး​ည​အကြောင်း စဉ်းစား​ကြည့်ပါ။ မကြာခင် နာကျင်​စွာ သေဆုံး​ရတော့မယ်​ဆိုတာ သိပေမဲ့ မိမိ​အတွက် ဝမ်းနည်းပူဆွေး​နေမယ့် သစ္စာရှိ တမန်တော်တွေကို စိုးရိမ်​ပေးခဲ့တယ်။ ဒါကြောင့် နောက်ဆုံး​ညမှာ သူတို့ကို သွန်သင်၊ အားပေး၊ စိတ်ချ​စေခဲ့တယ်။ (ယော. ၁၄:၂၅-၃၁) ကိုယ့်​အကျိုး​ထက် တခြား​သူတွေရဲ့ အကျိုးကို စိတ်ဝင်စားခြင်း​အားဖြင့် နှိမ့်ချမှု ပြခဲ့တယ်။ ကျွန်တော်တို့​အတွက် အကောင်းဆုံး ပုံသက်သေပါပဲ။

ယေရှုဟာ သတ္တိ​ရှိတယ်

၇။ သခင့် ညစာ​စားပွဲ ကျင်းပ​ပြီးနောက် သတ္တိ​ရှိကြောင်း ယေရှု ဘယ်လို ဖော်ပြခဲ့သလဲ။

သခင့် ညစာ​စားပွဲ ကျင်းပ​ပြီးနောက်မှာတောင် သတ္တိ​ရှိကြောင်း ယေရှု ပြခဲ့တယ်။ ဘယ်​နည်းနဲ့လဲ။ ဘုရားကို စော်ကား​ပြောဆိုသူ​အဖြစ် အရှက်တကွဲ အသတ်ခံရ​မ​ယ်​ဆိုတာ သိပေမဲ့ ဖခင်ရဲ့ အလိုတော်ကို လက်ခံခဲ့တယ်။ (မ. ၂၆:၆၅၊ ၆၆။ လု. ၂၂:၄၁၊ ၄၂) ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်ဖို့၊ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့၊ နောင်တ​ယူ​တဲ့ လူသားတွေ​အတွက် ထာဝရ​အသက်​လမ်း ဖွင့်​ပေးဖို့ သမာဓိ စောင့်​သိခဲ့တယ်။ တစ်ချိန်တည်းမှာ မကြာခင် ကြုံရမယ့်​အရာ​အတွက် နောက်လိုက်​တွေကို ပြင်ဆင်​ပေးခဲ့တယ်။

၈။ (က) သစ္စာရှိ တမန်တော်တွေကို ယေရှု ဘာတွေ ပြောခဲ့​သလဲ။ (ခ) ယေရှု သေဆုံး​ပြီး နောက်ပိုင်း​နှစ်တွေမှာ သူ့ရဲ့ သတ္တိ​ရှိတဲ့ ပုံသက်သေကို တပည့်​တွေ ဘယ်လို တုပ​ခဲ့ကြသလဲ။

ယေရှုဟာ ကြုံရမယ့်​အရာတွေ​အတွက် စိုးရိမ်​ပူပန်​မ​ယ့်​အစား သစ္စာရှိ တမန်တော်​တွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်​ပေးခြင်း​အားဖြင့်​လ​ည်း သတ္တိ​ရှိကြောင်း ဖော်ပြတယ်။ ယုဒ​ကို ထွက်သွား​စေပြီး​နောက်မှာ ပြုလုပ်​တဲ့ ဒီ​ရိုးရှင်းတဲ့ ညစာ​ဟာ ဘိသိက်ခံ နောက်လိုက်​ဖြစ်​လာမယ့်​သူတွေကို ယေရှု​သွန်း​ခဲ့​တဲ့ အသွေး​နဲ့ ပဋိညာဉ်​သစ်​မှာ ပါဝင်ခြင်း​ရဲ့ အကျိုးကျေးဇူးတွေကို အမှတ်ရ​စေ​ပါတယ်။ (၁ ကော. ၁၀:၁၆၊ ၁၇) ကောင်းကင်​ဆုကျေးဇူး​နဲ့ ထိုက်တန်​သူတွေ​ဖြစ်အောင် ကူညီတဲ့​အနေနဲ့ နောက်လိုက်​တွေကို မိမိ​နဲ့ ဖခင် ဘာ​မျှော်လင့်​ကြောင်း ပြော​ပြတယ်။ (ယော. ၁၅:၁၂-၁၅) တမန်တော်တွေ ကြုံရ​နိုင်တဲ့ စမ်းသပ်မှုတွေ​ကိုလည်း ပြော​ပြတယ်။ မိမိရဲ့ ပုံသက်သေကို အတု​ယူပြီး “သတ္တိ​ရှိ​ကြပါ” လို့ တိုက်တွန်းခဲ့တယ်။ (ယော. ၁၆:၁-၄၊ ၃၃) နှစ်ပေါင်းများစွာ ကြာပြီးနောက် တပည့်​တွေ​က ယေရှုရဲ့ ကိုယ်ကျိုးစွန့် လမ်းစဉ်​ကို လိုက်ပြီး သတ္တိ​ရှိကြောင်း ပြခဲ့​ကြတယ်။ အနစ်နာခံ​ရ​ရင်တောင် စမ်းသပ်မှုတွေ​ကြား အချင်းချင်း ထောက်မ​ခဲ့​ကြတယ်။—ဟီ. ၁၀:၃၃၊ ၃၄

၉။ ယေရှုရဲ့ သတ္တိ​ကို ဘယ်လို တုပ​နိုင်သလဲ။

ဒီနေ့​ခေတ်မှာလည်း ယေရှုရဲ့ သတ္တိ​ရှိတဲ့ ပုံသက်သေကို ကျွန်တော်တို့ လိုက်လျှောက်​နေ​ကြတယ်။ ဥပမာ၊ ယုံကြည်ချက်​ကြောင့် နှိပ်စက်​ခံ​နေရတဲ့ ညီအစ်ကိုတွေကို ထောက်မ​ဖို့ သတ္တိ​လိုတယ်။ ညီအစ်ကို​တွေဟာ မတရား ထောင်ချ​ခံရ​နိုင်တယ်။ အဲဒီအခါ သူတို့​ဘက်က​နေ ကာကွယ်​ပြောဆိုခြင်း အပါအဝင် ကျွန်တော်တို့ တတ်နိုင်​တာ​မှန်သမျှ လုပ်ပေး​ရမယ်။ (ဖိ. ၁:၁၄။ ဟီ. ၁၃:၁၉) “ရဲရဲရင့်ရင့်” ဟောပြောခြင်း​အားဖြင့်​လ​ည်း သတ္တိ​ရှိကြောင်း ပြ​ကြတယ်။ (တ. ၁၄:၃) လူတွေ ဆန့်ကျင်​ပြီး နှိပ်စက်​ညှဉ်းပန်း​ရင်တောင် ယေရှု​လို​ပဲ နိုင်ငံတော်​သတင်း ဆ​က်​ဟောပြောဖို့ စိတ်ပိုင်းဖြတ်​ထား​ကြတယ်။ ဒါပေမဲ့ သတ္တိ​မရှိဘူးလို့ ခံစားရ​ရင် ဘာ​လုပ်နိုင်သလဲ။

၁၀။ အောက်မေ့ရာပွဲ မတိုင်ခင် အပတ်​တွေ​မှာ ဘာ​လုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၀ ခရစ်တော်ရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​ကြောင့် ရရှိ​လာတဲ့ မျှော်လင့်ချက်​အကြောင်း စဉ်းစားခြင်း​အားဖြင့် သတ္တိမွေး​နိုင်တယ်။ (ယော. ၃:၁၆။ ဧ. ၁:၇) အောက်မေ့ရာပွဲ မတိုင်ခင် အပတ်​တွေ​မှာ ရွေးဖိုး​အတွက် ကျေးဇူးတင်​လေးမြတ်စိတ် တိုးများ​စေဖို့ အထူး​အခွင့်အရေး ရှိတယ်။ အောက်မေ့ရာပွဲ​အတွက် ကျမ်းစာ​ဖတ်ရှုခြင်း အစီအစဉ်​အတိုင်း အမီလိုက်​ဖတ်ပါ။ ယေရှု မသေဆုံးခင် ဖြစ်ရပ်တွေ​အကြောင်း ဆုတောင်းပြီး တွေးတော​ဆင်ခြင်ပါ။ သခင့် ညစာ​စားပွဲ တက်ရောက်​တဲ့အခါ အောက်မေ့ရာပွဲ အထိမ်းအမှတ်​တွေ​အကြောင်း၊ အထိမ်းအမှတ်တွေ ကိုယ်စားပြုတဲ့ ပူဇော်သက္ကာ​အကြောင်း ပို​နားလည်​လာပါလိမ့်မယ်။ ကျွန်တော်တို့​အတွက် ယေရှုနဲ့ ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ​အကြောင်း၊ အဲဒါက ကိုယ်တိုင်နဲ့ ချစ်ရ​သူတွေကို ဘယ်လို အကျိုးပြု​ကြောင်း နားလည်​လာတဲ့အခါ မျှော်လင့်ချက် ပို​ခိုင်မာ​လာပြီး သတ္တိရှိရှိ အဆုံးအထိ ခံရပ်​ဖို့ လှုံ့ဆော်​ခံရတယ်။—ဟီ. ၁၂:၃

၁၁-၁၂။ ဘာ​အကြောင်း လေ့လာ​ခဲ့​ကြ​ပြီလဲ။

၁၁ သခင့် ညစာ​စားပွဲ​က အဖိုးတန် ရွေးဖိုး​ကို​သာမက ယေရှု​ရဲ့ နှိမ့်ချမှုနဲ့ သတ္တိ​ကို အမှတ်ရ​စေ​ကြောင်း လေ့လာ​ခဲ့​ကြ​ပြီ။ ကျွန်တော်တို့​ကိုယ်စား အသနားခံ​ပေးတဲ့ ကောင်းကင် ပုရောဟိတ်မင်း ယေရှု အဲဒီ​အရည်အသွေးတွေ ဆ​က်​တင်ပြ​နေလို့ ကျေးဇူးတင်စရာ​ပါပဲ။ (ဟီ. ၇:၂၄၊ ၂၅) ကျေးဇူးတင်ကြောင်း ပြဖို့ ယေရှု မိန့်မှာ​ခဲ့​တဲ့​အတိုင်း အောက်မေ့ရာပွဲ​ကို သစ္စာရှိရှိ ကျင်းပ​ရမယ်။ (လု. ၂၂:၁၉၊ ၂၀) နိသန်​လ ၁၄ ရက်​နဲ့ ကိုက်ညီ​တဲ့​နေ့မှာ အဲဒီ​ပွဲကို ကျွန်တော်တို့ ကျင်းပ​ကြတယ်။ နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံး နေ့​ပါပဲ။

၁၂ သခင့် ညစာ​စားပွဲ​ရဲ့ ရိုးရှင်းမှု​ကနေ ယေရှုရဲ့ နောက်​အရည်အသွေး​အကြောင်း သိနိုင်တယ်။ ကျွန်တော်တို့​အတွက် အသက်ပေး​ဖို့ ယေရှုကို လှုံ့ဆော်​ပေးတဲ့ အဲဒီ​အရည်အသွေး​ကြောင့် ယေရှုဟာ ကမ္ဘာပေါ်​ရှိတုန်း လူသိ​များ​ခဲ့​တယ်။ ဘာ​အရည်အသွေး​လဲ။

ယေရှုဟာ မေတ္တာ​ရှိတယ်

၁၃။ ယောဟန် ၁၅:၉ နဲ့ ၁ ယောဟန် ၄:၈-၁၀ က ယေဟောဝါနဲ့ ယေရှုရဲ့ မေတ္တာကို ဘယ်လို ဖော်ပြသလဲ။ ဘယ်သူတွေ အကျိုး​ရ​နေသလဲ။

၁၃ ယေရှုဟာ လုပ်ဆောင်လေသမျှမှာ ယေဟောဝါရဲ့ မေတ္တာကို အပြည့်အဝ တင်​ပြခဲ့တယ်။ (ယောဟန် ၁၅:၉။ ၁ ယောဟန် ၄:၈-၁၀ ကိုဖတ်ပါ။) ကျွန်တော်တို့​အတွက် လိုလိုလားလား အသက်​ပေးခဲ့တယ်။ ဘိသိက်ခံ​ဖြစ်စေ၊ “တခြား​သိုး” ဖြစ်စေ ရွေးဖိုး​အားဖြင့် ယေဟောဝါနဲ့ သားတော် ပြခဲ့တဲ့ မေတ္တာ​ကနေ အကျိုး​ရ​နေ​ကြတယ်။ (ယော. ၁၀:၁၆။ ၁ ယော. ၂:၂) အောက်မေ့ရာပွဲ​မှာ သုံးတဲ့ အထိမ်းအမှတ်​တွေ​က တပည့်​တွေ​အပေါ်​ထားတဲ့ ယေရှု​ရဲ့ မေတ္တာနဲ့ ထောက်ထား​စာနာမှု​ကို ဖော်ပြ​နေတယ်။ ဘယ်လို​နည်းနဲ့လဲ။

နှစ်တွေ​တစ်လျှောက် ခက်ခဲတဲ့ အခြေအနေ​တွေ​အောက်မှာ​တောင် အောက်မေ့ရာပွဲ ကျင်းပ​နိုင်ဖို့ ရိုးရှင်းတဲ့​အစီအစဉ်ကို ယေရှု မေတ္တာပါ​စွာ အစပြု​ခဲ့ (အပိုဒ် ၁၄-၁၆ ကို​ကြည့်ပါ) *

၁၄။ တပည့်​တွေကို ယေရှု ဘယ်နည်းနဲ့ မေတ္တာပြ​ခဲ့သလဲ။

၁၄ ရှုပ်ထွေး​တဲ့ ဓလေ့​ထုံးစံတွေ မပါဘဲ ရိုးရှင်းတဲ့ ပွဲကို အစပြု​ကျင်းပခြင်း​အားဖြင့် ဘိသိက်ခံ​နောက်လိုက်​တွေကို ယေရှု မေတ္တာ​ပြခဲ့တယ်။ နောက်ပိုင်း ဘိသိက်ခံ​တပည့်တွေဟာ ထောင်ကျ​နေချိန် အပါအဝင် အခြေအနေ အမျိုးမျိုး​ကြားမှာ အောက်မေ့ရာပွဲ​ကို နှစ်စဉ် ကျင်းပ​ရတော့မယ်။ (ဗျာ. ၂:၁၀) ယေရှုကို သူတို့ နာခံ​ခဲ့​ကြသလား။ နာခံ​ခဲ့​ကြပါတယ်။

၁၅-၁၆။ ခက်ခဲတဲ့ အခြေအနေ​တွေ​အောက်မှာ သခင့် ညစာ​စားပွဲ​ကို ဘယ်လို ကျင်းပခဲ့​ကြသလဲ။

၁၅ အခု​ချိန်​ထိ ခရစ်ယာန်စစ်တွေဟာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲ​ကို ကျင်းပ​နေ​ကြတယ်။ ခက်ခဲတဲ့ အခြေအနေ​အောက်မှာ​တောင် သခင့် ညစာ​စားပွဲ​ရဲ့ လုပ်ထုံး​လုပ်​နည်း​အတိုင်း အတတ်နိုင်ဆုံး လိုက်နာကြတယ်။ တရုတ်​ပြည် အကျဉ်းထောင်​မှာ တိုက်ပိတ်ခံရ​တုန်း ညီအစ်ကို ဟ​ယ်​ရယ်​ကင်း​ဟာ အောက်မေ့ရာပွဲ ကျင်းပ​ဖို့ နည်းလမ်း​ရှာတယ်။ အထိမ်းအမှတ်​တွေကို ရှိတာ​လေး​နဲ့ လျှို့ဝှက်​ပြင်ဆင်​တ​ယ်။ အောက်မေ့ရာပွဲ ရက်စွဲ​ကို အသေအချာ တွက်ချက်​တ​ယ်။ အဲဒီ​အချိန် ရောက်တဲ့အခါ တစ်ယောက်တည်း သီချင်းဆို၊ ဆုတောင်းပြီး ဟောပြောချက် ပေးတယ်။

၁၆ နောက်​ဥပမာ​ကတော့ ဒုတိယ​ကမ္ဘာစစ်​အတွင်း ချွေးတပ်စခန်း​မှာ ထောင်ကျ​နေတဲ့ ညီအစ်မ​တစ်စု​ဟာ အသက်​အန္တရာယ်​ကြား သခင့် ညစာ​စားပွဲ​ကို ကျင်းပခဲ့​ကြတယ်။ ရိုးရှင်းတဲ့​ပွဲ​ဖြစ်လို့ သိုသိုသိပ်သိပ် ကျင်းပ​နိုင်ခဲ့ကြ​တ​ယ်။ “အဝတ်ဖြူ ခင်း​ထားပြီး မုန့်​နဲ့ ဝိုင် တင်ထားတဲ့ ခွေးခြေခုံ ပတ်လည်မှာ ကျွန်မတို့​အားလုံး ဝိုင်း​ရပ်​လိုက်တယ်။ လျှပ်စစ်​မီးထွန်း​ရင် သိ​ကုန်​မှာ​စိုးလို့ ဖယောင်းတိုင်​ပဲ ထွ​န်း​တ​ယ်။ . . . နာမ​မြတ် သံသယ​ကင်းရှင်း​စေဖို့ အစွမ်း​ရှိ​သ​ရွေ့ ကြိုးစား​ပါ့​မ​ယ်​ဆိုပြီး သစ္စာ​ကတိ ထပ်​ပြု​ခဲ့​ကြတယ်” လို့ သူတို့ ပြော​ပြတယ်။ ထူးခြား​လှတဲ့ ယုံကြည်ခြင်း​ပါပဲ။ ခက်ခဲတဲ့ အခြေအနေ​တွေ​အောက်မှာ​တောင် အောက်မေ့ရာပွဲ ကျင်းပ​နိုင်ဖို့ စီစဉ်​ပေးခဲ့တဲ့ ယေရှုရဲ့ မေတ္တာ ကြီးမားလိုက်တာ။

၁၇။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​နိုင်သလဲ။

၁၇ အောက်မေ့ရာပွဲ နီး​လာတာ​နဲ့​အမျှ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးသင့်တယ်– ‘မေတ္တာပြ​ရာ​မှာ ယေရှုကို ဘယ်လို ပို​တုပ​နိုင်မလဲ။ ကိုယ့်​လိုအပ်ရာ​ထက် ညီအစ်ကို/မ​တွေရဲ့ လိုအပ်ရာကို စဉ်းစား​ပေးသလား။ ညီအစ်ကို/မ​တွေ တတ်နိုင်​တာ​ထက် ပို​မျှော်လင့်​သလား။ သူတို့ရဲ့ ကန့်သတ်ချက်​တွေကို ငါ​သိသလား။’ ယေရှုကို အမြဲ တုပပြီး “ကိုယ်ချင်းစာ” နိုင်ကြပါစေ။—၁ ပေ. ၃:၈

သင်ခန်းစာတွေကို စိတ်​စွဲမှတ်​ထားပါ

၁၈-၁၉။ (က) ဘာကို အမှတ်ရနေ​ကြ​မလဲ။ (ခ) ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားရမလဲ။

၁၈ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ​ကို သိပ်​ကြာကြာ ကျင်းပ​ရတော့​မှာ မဟုတ်ပါဘူး။ ကြီးစွာသောဒုက္ခ​အတွင်း ယေရှု “ရောက်လာ” တဲ့အခါ ကျန်​နေ​သေး​တဲ့ “ရွေးချယ်​ခံရသူတွေ” ကို ကောင်းကင်ပေါ် စုသိမ်း​ပါလိမ့်မယ်။ အဲဒီနောက် အောက်မေ့ရာပွဲ ကျင်းပ​စ​ရာ မလို​တော့​ပါဘူး။—၁ ကော. ၁၁:၂၆။ မ. ၂၄:၃၁

၁၉ အောက်မေ့ရာပွဲ မ​ကျင်းပ​တော့​ရင်တောင် ယေဟောဝါရဲ့ လူမျိုးဟာ ယေရှု​ပြခဲ့တဲ့ နှိမ့်ချမှု၊ သတ္တိ၊ မေတ္တာကို ကိုယ်စားပြုတဲ့ ရိုးရှင်းတဲ့ အထိမ်းအမှတ်​တွေကို အမှတ်ရနေ​ကြ​မှာပါ။ ဒီ​ထူးခြားတဲ့​ပွဲကို တက်ရောက်​ခဲ့​သူတွေက အဲဒီအချိန်မှာ အသက်ရှင်​လာမယ့်​သူတွေကို ပြန်​ပြောပြ​ကြပါလိမ့်မယ်။ လောလောဆယ် ဒီ​ပွဲ​ကနေ အကျိုး​ရနိုင်အောင် ယေရှုရဲ့ နှိမ့်ချမှု၊ သတ္တိ၊ မေတ္တာကို တုပ​ဖို့ စိတ်ပိုင်းဖြတ်​ထားရမယ်။ ဒါဆိုရင် ယေဟောဝါ​ဆီက ကောင်းချီး​ရမှာ စိတ်ချ​နိုင်ပါတယ်။—၂ ပေ. ၁:၁၀၊ ၁၁

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

^ အပိုဒ်၊ 5 ယေရှုခရစ်ရဲ့ သေခြင်းကို အောက်မေ့​တဲ့​အနေနဲ့ သခင့် ညစာ​စားပွဲ​ကို မကြာခင် ကျင်းပ​ကြ​တော့​မ​ယ်။ ရိုးရှင်းတဲ့ ဒီ​ပွဲ​က ယေရှုရဲ့ နှိမ့်ချမှု၊ ရဲစွမ်းသတ္တိ၊ မေတ္တာ​အကြောင်း များစွာ သင်ပေး​တယ်။ အဲဒီ​အရည်အသွေးတွေကို ဘယ်လို တုပ​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြပါမယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– အောက်မေ့ရာပွဲ ဆိုတာ အရေးကြီး ဖြစ်ရပ်၊ ပုဂ္ဂိုလ်​အတွက် အမှတ်တရ ဂုဏ်ပြု​တဲ့​အနေနဲ့ အထိမ်းအမှတ်ပွဲ ကျင်းပတာ​ဖြစ်တယ်။

^ အပိုဒ်၊ 56 ပုံ​အညွှန်း– ပထမရာစု အသင်းတော်မှာ၊ ၁၈၀​၀ ပြည့်လွန်​နှစ်တွေ နှောင်းပိုင်း​မှာ၊ နာ​ဇီ ချွေးတပ်စခန်း​မှာ၊ ဒီနေ့​ခေတ် ရာသီဥတု ပူနွေး​တဲ့ တောင်အမေရိက နိုင်ငံတော်​ခန်းမ​မှာ သစ္စာရှိ​ကျေးကျွန်တွေ အောက်မေ့ရာပွဲ ကျင်းပ​နေတဲ့ သရုပ်ဖော်ပုံ။