မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅

အစည်းအဝေးတက်ခြင်းက ကျွန်တော်တို့အကြောင်း ဘာဖော်ပြသလဲ

အစည်းအဝေးတက်ခြင်းက ကျွန်တော်တို့အကြောင်း ဘာဖော်ပြသလဲ

‘သခင်​အသေခံ​ခဲ့​တဲ့​အကြောင်းကို သခင်​ရောက်လာ​ချိန်​အထိ ကြွေးကြော်​နေပါ။’—၁ ကော. ၁၁:၂၆

သီချင်း ၁၈ ရွေးနုတ်ဖိုး​အတွက် ကျေးဇူးတင်​ပါ

အကြို​သုံးသပ်ချက် *

၁-၂။ (က) သခင့် ညစာ​စားပွဲ​ကို လူ​သန်းပေါင်း​များစွာ လာ​တက်တဲ့အခါ ယေဟောဝါ ဘာကို မြင်သလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။) (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ကမ္ဘာ​တစ်ဝန်း​က လူ​သန်းပေါင်း​များစွာ သခင့် ညစာ​စားပွဲ​ကို ကျင်းပတဲ့​အခါ ယေဟောဝါ ဘာ​မြင်သလဲ​ဆိုတာ စဉ်းစား​ကြည့်ပါ။ လူအုပ်စုကြီး​ကို​သာမက တစ်ယောက်စီ​ကိုလည်း မြင်တယ်။ ဥပမာ၊ နှစ်​တိုင်း သစ္စာရှိ​ရှိ တက်ရောက်သူ​တွေကို မြင်တယ်။ သူတို့​ထဲမှာ တချို့က အပြင်းအထန် နှိပ်စက်​ညှဉ်းပန်း​ခံရသူတွေ ဖြစ်နိုင်တယ်။ တချို့က ပုံမှန် အစည်းအဝေး​တက်​သူတွေ မဟုတ်ပေမဲ့ အောက်မေ့ရာပွဲ​ကို​တော့ မပျက်​မ​ကွက် လာ​တက်​ကြတယ်။ စိတ်ဝင်စား​လို့ ဦးဆုံး​အကြိမ် လာ​တက်​သူတွေကိုလည်း ယေဟောဝါ သတိထား​မိ​ပါတယ်။

အောက်မေ့ရာပွဲ တက်ရောက်သူ​များစွာကို မြင်တဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ (လု. ၂၂:၁၉) ဒါပေမဲ့ ယေဟောဝါ​အတွက် အရေအတွက်​က အဓိက​မဟုတ်ဘူး။ လာ​တက်​ရတဲ့ အကြောင်းရင်း​က ပို​အရေးကြီးတယ်။ နှစ်စဉ် အောက်မေ့ရာပွဲ​ကို​သာမက ယေဟောဝါ ပြင်ဆင်​ပေးတဲ့ ပတ်စဉ် အစည်းအဝေးတွေကို​ပါ ဘာကြောင့် တက်ရောက်​ကြသလဲ ဆိုတဲ့ မေးခွန်း​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

ကမ္ဘာတစ်ဝန်းမှာ သခင့်ညစာစားပွဲ တက်ရောက်လာသူ သန်းပေါင်းများစွာကို ကြိုဆိုကြ (အပိုဒ် ၁–၂ ကိုကြည့်ပါ)

နှိမ့်ချမှု​က တက်ရောက်​ဖို့ လှုံ့ဆော်

၃၊ ၄။ (က) ဘာကြောင့် အစည်းအဝေး တက်​ကြသလဲ။ (ခ) အစည်းအဝေး တက်​ခြင်းက ကျွန်တော်တို့​အကြောင်း ဘာ​ပြောသလဲ။ (ဂ) ၁ ကောရိန္သု ၁၁:၂၃-၂၆ အရ အောက်မေ့ရာပွဲ​ကို ဘာကြောင့် မပျက်ကွက်​သင့်သလဲ။

အသင်းတော် အစည်းအဝေးတွေ တက်​ရတဲ့ အဓိက အကြောင်းရင်း​က ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း​ဖြစ်လို့ပဲ။ ယေဟောဝါရဲ့ သွန်သင်မှု​ကိုလည်း ရရှိ​ကြလို့ပဲ။ မာနကြီးတဲ့​သူတွေဟာ သွန်သင်ခံ​ရဖို့ လို​မှန်း လက်မခံကြဘူး။ (၃ ယော. ) ကျွန်တော်တို့​ကတော့ ယေဟောဝါနဲ့ အဖွဲ့အစည်းရဲ့ သွန်သင်မှု​ကို ခံယူ​ချင်ကြတယ်။—ဟေရှာ. ၃၀:၂၀။ ယော. ၆:၄၅

အစည်းအဝေး တက်ရောက်ခြင်းက နှိမ့်ချမှု ရှိကြောင်း၊ သွန်သင်မှု ခံယူဖို့ အသင့်​ရှိကြောင်း ဖော်ပြတယ်။ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲ​က သိပ်​အရေးကြီး​လို့ ကျွန်တော်တို့ တက်ရောက်​ကြ​တာ​ဖြစ်သလို “ကျွန်တော့်ကို အောက်မေ့​တဲ့​အနေနဲ့ ဒီလို အမြဲ​လုပ်ပါ” ဆိုတဲ့ ယေရှုရဲ့ အမိန့်​ကို နှိမ့်ချ​စွာ နာခံ​ချင်​လို့​ပါ။ (၁ ကောရိန္သု ၁၁:၂၃-၂၆ ကိုဖတ်ပါ။) အောက်မေ့ရာပွဲ​က အနာဂတ် မျှော်လင့်ချက် ခိုင်မာ​စေပြီး ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်း အမှတ်ရ​စေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တစ်နှစ်မှာ တစ်ကြိမ်​ထက်မက အားပေးမှု လိုအပ်​ကြောင်း ယေဟောဝါ သိတဲ့​အတွက် ပတ်စဉ် အစည်းအဝေးတွေကို ပြင်ဆင်​ပေးပြီး တက်ရောက်​ဖို့ တိုက်တွန်း​တ​ယ်။ နှိမ့်ချမှု​က နာခံဖို့ လှုံ့ဆော်​ပေးတယ်။ ဒါကြောင့် ပတ်စဉ် အစည်းအဝေးတွေ​အတွက် အချိန်​ယူ ပြင်ဆင်​ပြီး တက်ရောက်​ကြတယ်။

၅။ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်ကို နှိမ့်ချ​သူတွေ ဘာကြောင့် တုံ့ပြန်​ကြသလဲ။

နှစ်​တိုင်း နှိမ့်ချ​သူ​များစွာဟာ ယေဟောဝါရဲ့ သွန်သင်မှု​ကို ခံယူပါ​ဆိုတဲ့ ဖိတ်ခေါ်ချက်ကို လက်ခံကြတယ်။ (ဟေရှာ. ၅၀:၄) အောက်မေ့ရာပွဲ တက်​ရတာကို ကြိုက်​သွားပြီး တခြား​အစည်းအဝေးတွေ​ကိုလည်း လာ​တက်​ကြတယ်။ (ဇာ. ၈:၂၀-၂၃) “ကူညီမစရှင်၊ ကယ်တင်ရှင်” ယေဟောဝါရဲ့ သွန်သင်​လမ်းပြမှု​ကို ကျွန်တော်တို့ အတူတကွ ခံယူ​ကြတယ်။ (ဆာ. ၄၀:၁၇) ယေဟောဝါနဲ့ သားတော် ယေရှုရဲ့ သွန်သင်မှု​ကို ခံယူပါ​ဆိုတဲ့ ဖိတ်ခေါ်ချက်ကို လက်ခံ​တာ​ထက် ပို​အရေးကြီး​တာ၊ ပို​နှစ်သက်စရာ​ကောင်းတာ ဘာ​ရှိဦးမှာ​လဲ။—မ. ၁၇:၅။ ၁၈:၂၀။ ၂၈:၂၀

၆။ နှိမ့်ချမှု​က အောက်မေ့ရာပွဲ​တက်ဖို့ လူတစ်ယောက်ကို ဘယ်လို ကူညီပေး​သလဲ။

နှစ်​တိုင်း ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲ​ကို လာတက်ဖို့ လူများ​နိုင်သမျှ များများ​ကို ကျွန်တော်တို့ ဖိတ်ခေါ်​ ကြတယ်။ နှိမ့်ချ​သူ​များစွာဟာ ဖိတ်ခေါ်ချက်ကို လက်ခံ​ပြီး အကျိုး​ရ​နေ​ကြတယ်။ ဥပမာ၊ လွန်ခဲ့တဲ့ နှစ်​များစွာက လူ​တစ်ယောက်ဟာ အောက်မေ့ရာပွဲ​ဖိတ်စာ ရပေမဲ့ မ​တက်​နိုင်ဘူး​လို့ ညီအစ်ကို​ကို ပြောတယ်။ ဒါပေမဲ့ အောက်မေ့ရာပွဲ​ညမှာ အဲဒီ​လူ နိုင်ငံတော်​ခန်းမ​ထဲ ရောက်လာ​လို့ ညီအစ်ကို အံ့ဩ​သွားတယ်။ ညီအစ်ကို/မ​တွေရဲ့ ကြိုဆိုမှု​ကို သဘောကျ​လို့ အဲဒီ​လူဟာ ပတ်စဉ် အစည်းအဝေးတွေ စ​တက်တယ်။ တစ်​နှစ်လုံး​မှာ အစည်းအဝေး သုံးခါ​ပဲ ပျက်​တ​ယ်။ ဒီလို ဖြစ်လာဖို့ သူ့ကို ဘာက လှုံ့ဆော်ပေး​သလဲ။ သူ့​စိတ်​ကို နှိမ့်ချစွာ ပြောင်းလဲ​ခဲ့လို့​ပဲ။ ဖိတ်စာ​ပေးတဲ့ ညီအစ်ကို​က “ဒီ​လူဟာ အင်မတန် နှိမ့်ချတဲ့​သူ​ပဲ” လို့ ပြောတယ်။ သူ့ကို ယေဟောဝါ ဆွဲဆောင်​ခဲ့လို့ အခု​ဆို နှစ်ခြင်းခံ​ပြီးသား ညီအစ်ကို ဖြစ်နေပြီ။—၂ ရှ. ၂၂:၂၈။ ယော. ၆:၄၄

၇။ အစည်းအဝေးတွေနဲ့ ကျမ်းစာ​ဖတ်ရှုခြင်းကနေ သိလာ​တာ​တွေ​က နှိမ့်ချဖို့ ဘယ်လို ကူညီပေး​သလဲ။

အစည်းအဝေး​မှာ ကြားရတဲ့​အရာ၊ ကျမ်းစာမှာ ဖတ်ရတဲ့​အရာတွေ​က နှိမ့်ချဖို့ ကူညီပေး​နိုင်တယ်။ အောက်မေ့ရာပွဲ မတိုင်ခင် အစည်းအဝေးတွေမှာ ယေရှုရဲ့ ပုံသက်သေ​အကြောင်း၊ ရွေးဖိုး​အဖြစ် အသက်​စွန့်ခဲ့​တဲ့ နှိမ့်ချမှု​အကြောင်း အဓိက​ထား ဆွေးနွေး​ကြတယ်။ အောက်မေ့ရာပွဲ မတိုင်ခင် ရက်​တွေ​မှာ ယေရှုရဲ့ သေခြင်းနဲ့ ထမြောက်ခြင်း​အကြောင်း ကျမ်းစာ​မှတ်တမ်းတွေကို ဖတ်ရှု​သင့်တယ်။ အဲဒီ​အစည်းအဝေးတွေနဲ့ ကျမ်းစာ​မှတ်တမ်းတွေက ယေရှုရဲ့ ပူဇော်သက္ကာ​အတွက် ကျေးဇူးတင်​လေးမြတ်စိတ် တိုးများ​စေတယ်။ ခက်ခဲ​ရင်တောင် ယေရှုရဲ့ နှိမ့်ချမှုကို တုပ​ဖို့၊ ယေဟောဝါရဲ့ အလိုတော်ကို ထမ်းဆောင်ဖို့ လှုံ့ဆော်​ခံရတယ်။—လု. ၂၂:၄၁၊ ၄၂

ရဲစွမ်းသတ္တိ​က တက်ရောက်​ဖို့ ကူညီပေး

၈။ သတ္တိ​ရှိကြောင်း ယေရှု ဘယ်လို​ပြခဲ့သလဲ။

ယေရှုရဲ့ သတ္တိ​ကိုလည်း ကျွန်တော်တို့ တုပ​ကြတယ်။ ယေရှု မသေဆုံးခင် နေ့တွေမှာ ပြခဲ့တဲ့ သတ္တိ​အကြောင်း စဉ်းစား​ကြည့်ပါ။ မကြာခင် ရန်သူတွေက အရှက်ခွဲ​မ​ယ်၊ ရိုက်နှက်​မ​ယ်၊ သတ်​မ​ယ်​ဆိုတာ ယေရှု သိတယ်။ (မ. ၂၀:၁၇-၁၉) ဒါတောင် အသေခံဖို့ အသင့်​ရှိတယ်။ ဂေသရှေမန်​ဥယျာဉ်မှာ “ထ​ကြ၊ သွား​ကြစို့။ ကျွန်တော့်ကို သစ္စာဖောက်​တဲ့​သူ ရောက်လာတော့မယ်” လို့ သစ္စာရှိ တမန်တော်တွေကို ပြောတယ်။ (မ. ၂၆:၃၆၊ ၄၆) လက်နက်ကိုင်​လူအုပ် ရောက်လာတဲ့​အခါ ယေရှု ရှေ့ကို ထွက်​လာတယ်။ မိမိ ဘယ်သူ​ဖြစ်ကြောင်း ပြောပြီး တမန်တော်တွေ သွားပါ​စေ​လို့ စစ်သားတွေကို ပြော​လိုက်တယ်။ (ယော. ၁၈:၃-၈) ထူးခြားတဲ့ သတ္တိ​ပါပဲ။ ဒီနေ့လည်း ဘိသိက်ခံ​တွေ​နဲ့ တခြား​သိုး​တွေဟာ ယေရှုရဲ့ သတ္တိ​ကို ကြိုးစား​တုပ​နေ​ကြတယ်။

အစည်းအဝေးတွေ သတ္တိရှိရှိ တက်တာ​က တခြား​သူတွေကို အားရှိစေ (အပိုဒ် ၉ ကို​ကြည့်ပါ) *

၉။ (က) အစည်းအဝေး ပုံမှန် တက်ဖို့ ဘာကြောင့် သတ္တိ​လို​နိုင်သလဲ။ (ခ) ကျွန်တော်တို့ရဲ့ ပုံသက်သေ​က ယုံကြည်ချက်​ကြောင့် ထောင်ချ​ခံ​နေရတဲ့ ညီအစ်ကို​တွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်သလဲ။

ခက်ခဲတဲ့ အခြေအနေတွေမှာ အစည်းအဝေး ပုံမှန် တက်ဖို့ သတ္တိ​လိုတယ်။ ညီအစ်ကို/မ​တချို့ဟာ စိတ်ဓာတ်ကျ​မှု၊ ကျန်းမာရေး ပြဿနာ​တွေ​ကြား အစည်းအဝေး တက်​နေ​ကြတယ်။ တချို့က မိသားစုဝင်​တွေ​နဲ့ အစိုးရ​အရာရှိ​တွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ​ကြား သတ္တိရှိရှိ အစည်းအဝေး တက်​နေ​ကြတယ်။ ကျွန်တော်တို့ရဲ့ ပုံသက်သေ​က ယုံကြည်ချက်​ကြောင့် ထောင်ချ​ခံ​နေရတဲ့ ညီအစ်ကို​တွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​ကြောင်း သုံးသပ်​ကြည့်ပါ။ (ဟီ. ၁၃:၃) အခက်အခဲ​တွေ​ကြား ယေဟောဝါကို ကျွန်တော်တို့ ဆ​က်​အမှုဆောင်​နေ​ကြောင်း သူတို့​ကြားတဲ့​အခါ ယုံကြည်ခြင်း၊ သတ္တိ၊ သမာဓိ ပို​ခိုင်မာ​လာတယ်။ တမန်တော် ပေါလု အလားတူ ကြုံတွေ့​ခဲ့​ရတယ်။ ရောမ​မြို့မှာ ထောင်ကျ​နေတုန်း ညီအစ်ကို​တွေ ဘုရားကို သစ္စာရှိ​ရှိ အမှုဆောင်​နေ​ကြောင်း ကြားရ​လို့ ဝမ်းသာ​ခဲ့​တ​ယ်။ (ဖိ. ၁:၃-၅၊ ၁၂-၁၄) ထောင်​က မလွတ်​ခင်​လေး ဒါမှမဟုတ် လွတ်​ပြီး မကြာခင်မှာ ဟီဘရူးကျမ်း​ကို သူ​ရေးခဲ့တယ်။ စာထဲမှာ “ညီရင်း​အစ်ကို​မေတ္တာ” ဆက်ပြ​ဖို့၊ အတူတကွ စည်းဝေး​တာ​ကို လျစ်လျူ​မ​ရှု​ဖို့ သစ္စာရှိ ခရစ်ယာန်တွေကို တိုက်တွန်းခဲ့တယ်။—ဟီ. ၁၀:၂၄၊ ၂၅။ ၁၃:၁

၁၀၊ ၁၁။ (က) အောက်မေ့ရာပွဲ တက်ဖို့ ဘယ်သူတွေကို ဖိတ်ခေါ်​သင့်သလဲ။ (ခ) ဖိတ်ခေါ်​ရတဲ့ အကြောင်းရင်းကို ဧဖက် ၁:၇ မှာ ဘယ်လို ဖော်ပြ​ထားသလဲ။

၁၀ ဆွေမျိုး၊ အလုပ်ဖော်၊ အိမ်နီးချင်းတွေ​ကို အောက်မေ့ရာ​ပွဲ လာ​တက်ဖို့ ကျွန်တော်တို့ သတ္တိရှိရှိ ဖိတ်ခေါ်​ ကြတယ်။ ဘာကြောင့် ဖိတ်ခေါ်​တာလဲ။ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တာ​တွေ​အတွက် ကျေးဇူးတင်​လွန်း​လို့​ပါ။ ရွေးဖိုး​အားဖြင့် ယေဟောဝါ​ပြ​တဲ့ “မဟာ​ကရုဏာ” ကနေ ဘယ်လို အကျိုး​ရ​နိုင်ကြောင်း သူတို့ကိုလည်း သိစေချင်တယ်။ဧဖက် ၁:၇ ကိုဖတ်ပါ။ ဗျာ. ၂၂:၁၇

၁၁ သတ္တိရှိရှိ အတူတကွ အစည်းအဝေး​တက်​ခြင်းက နောက်​အရည်အသွေး​တစ်ခုကို တင်ပြ​ရာ​ရောက်တယ်။ အဲဒီ​အရည်အသွေးကို ဘုရားသခင်နဲ့ သားတော်​လ​ည်း တင်​ပြခဲ့တယ်။

မေတ္တာ​က တက်ရောက်​ဖို့ လှုံ့ဆော်

၁၂။ (က) အစည်းအဝေးတွေ​က ယေဟောဝါနဲ့ ယေရှုကို ချစ်တဲ့​မေတ္တာ ဘယ်လို တိုးများ​စေ​သလဲ။ (ခ) ၂ ကောရိန္သု ၅:၁၄၊ ၁၅ မှာ ယေရှုကို တုပ​တဲ့​အနေနဲ့ ဘာလုပ်ဖို့ အားပေးထား​သလဲ။

၁၂ ယေဟောဝါနဲ့ ယေရှုကို ချစ်တဲ့ မေတ္တာ​က အစည်းအဝေးတွေ တက်ဖို့ လှုံ့ဆော်​ပေးတယ်။ အစည်းအဝေးတွေမှာ သိရ​တဲ့​အရာတွေ​က ယေဟောဝါနဲ့ သားတော်ကို ချစ်တဲ့​မေတ္တာ တိုးများ​စေတယ်။ သူတို့​လုပ်ပေး​ခဲ့​ရာတွေကို အမြဲ​အမှတ်ရ​စေတယ်။ (ရော. ၅:၈) အထူးသဖြင့် အောက်မေ့ရာ​ပွဲ​က ရွေးဖိုး​အကြောင်း နားမလည်​သူတွေကိုလည်း ယေဟောဝါနဲ့ ယေရှု ဘယ်လောက် ချစ်ကြောင်း အမှတ်ရ​စေတယ်။ ကျေးဇူးတင်​စိတ်ကြောင့် နေ့စဉ် အသက်တာမှာ ယေရှုကို ကျွန်တော်တို့ တုပ​ကြတယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) ရွေးဖိုး ပြင်ဆင်​ပေးတဲ့ ယေဟောဝါကို ချီးမွမ်းဖို့​လ​ည်း လှုံ့ဆော်​ခံရတယ်။ အစည်းအဝေးတွေမှာ မှတ်ချက်​ပေးခြင်း​က ချီးမွမ်း​နိုင်တဲ့ နည်း​တစ်နည်း​ပါပဲ။

၁၃။ ယေဟောဝါနဲ့ သားတော်ကို ချစ်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။ ရှင်းပြပါ။

၁၃ လိုလိုလားလား စွန့်လွှတ်​အနစ်နာခံ​ခြင်းအားဖြင့် ယေဟောဝါနဲ့ သားတော်ကို ကျွန်တော်တို့ ဘယ်လောက် ချစ်ကြောင်း ပြ​နိုင်တယ်။ တစ်ခါတလေ အစည်းအဝေး​တက်ဖို့ အမျိုးမျိုး အနစ်နာခံ​ကြရတယ်။ အသင်းတော်များစွာဟာ အစည်းအဝေး​တစ်ခုကို ကြားရက်​တစ်ရက်​ရဲ့ အဆုံးပိုင်း၊ ကျွန်တော်တို့ ပင်ပန်း​လေ့​ရှိတဲ့​အချိန်မှာ ကျင်းပတယ်။ နောက်​အစည်းအဝေး​ကို​တော့ လူတွေ အနားယူတဲ့ စနေ၊ တနင်္ဂနွေ​နေ့တွေမှာ ကျင်းပတယ်။ ပင်ပန်း​နေတဲ့​ကြားက ကျွန်တော်တို့ အစည်းအဝေး​တက်တာ​ကို ယေဟောဝါ သိသလား။ သိပါတယ်။ အစည်းအဝေး​တက်ဖို့ ပို​အားထုတ်​ရလေ ယေဟောဝါ ပို​တန်ဖိုးထား​လေ​ပါပဲ။—မာ. ၁၂:၄၁-၄၄

၁၄။ ကိုယ်ကျိုးစွန့်​မေတ္တာ ပြရာ​မှာ ယေရှု ဘယ်လို ပုံသက်သေ​ပြခဲ့သလဲ။

၁၄ ကိုယ်ကျိုးစွန့်​မေတ္တာ ပြရာ​မှာ ယေရှု ပုံသက်သေ​ပြခဲ့တယ်။ တပည့်​တွေ​အတွက် အသေခံ​ရုံ​သာမက ကိုယ့်​အကျိုး​ထက် တပည့်​တွေရဲ့ အကျိုးကို ရှေ့တန်း​တင်ခဲ့တယ်။ ဥပမာ၊ စိတ်ပန်းလူပန်း ဖြစ်နေတာ​တောင် တပည့်​တွေ​နဲ့​အတူ ရှိခဲ့တယ်။ (လု. ၂၂:၃၉-၄၆) တခြား​သူတွေဆီ​က ဘာ​ရနိုင်မလဲ​ဆိုတာ​ထက် ဘာ​ပေးနိုင်​မလဲ​ဆိုတာကို အာရုံစိုက်ခဲ့​တ​ယ်။ (မ. ၂၀:၂၈) ယေဟောဝါနဲ့ ညီအစ်ကိုတွေကို ကျွန်တော်တို့ အဲဒီလောက် ချစ်​မ​ယ်​ဆိုရင် သခင့်​ညစာ​စားပွဲ​နဲ့ အသင်းတော် အစည်းအဝေး အားလုံးကို တက်ဖို့ အတတ်နိုင်ဆုံး ကြိုးစား​ကြပါလိမ့်မယ်။

၁၅။ ဘယ်သူတွေကို အထူးသဖြင့် ကူညီ​ပေးချင်​သလဲ။

၁၅ စစ်မှန်တဲ့ တစ်ခုတည်းသော ခရစ်ယာန် ညီအစ်ကို​အသင်းအပင်း​အဝင် ဖြစ်တဲ့ ကျွန်တော်တို့ဟာ လူသစ်တွေကို လာ​ပူးပေါင်း​ဖို့ အတတ်နိုင်ဆုံး ဖိတ်ခေါ်​ချင်ကြတယ်။ အထူးသဖြင့် “ယုံကြည်ခြင်း​တူ” တဲ့ မ​လှုပ်​မ​ရှား​ဖြစ်နေသူတွေကို ကူညီပေး​ချင်ကြတယ်။ (ဂ​လ. ၆:၁၀) အစည်းအဝေးတွေ၊ အထူးသဖြင့် အောက်မေ့ရာပွဲ တက်ဖို့ အားပေးခြင်း​အားဖြင့် မေတ္တာပြ​ကြတယ်။ မေတ္တာရှင်​ဖခင် သိုးထိန်း ယေဟောဝါ​ဆီ မ​လှုပ်​မ​ရှား​ဖြစ်နေ​သူ​တစ်ယောက် ပြန်လှည့်​လာတဲ့အခါ ယေဟောဝါနဲ့ ယေရှု​လို​ပဲ ကျွန်တော်တို့ အလွန်​ပျော်​ကြတယ်။—မ. ၁၈:၁၄

၁၆။ (က) အချင်းချင်း​ကို ဘယ်လို အားပေး​နိုင်သလဲ။ အစည်းအဝေးတွေ​က ဘာလုပ်ဖို့ ကူညီပေး​သလဲ။ (ခ) အခု​အချိန်ဟာ ယောဟန် ၃:၁၆ မှာပါတဲ့ ယေရှုရဲ့ စကားကို ပြန်​အမှတ်ရဖို့ ဘာကြောင့် အကောင်းဆုံး​အချိန် ဖြစ်သလဲ။

၁၆ ၂၀၁၉၊ ဧပြီ ၁၉၊ သောကြာ​နေ့ ညနေမှာ ကျင်းပမယ့် အောက်မေ့ရာပွဲ​ကို တက်ရောက်​ဖို့ လူများ​နိုင်သမျှ များများ​ကို ဖိတ်ခေါ်ပါ။ (“ သင် ဖိတ်ခေါ်​မလား” လေးထောင့်ကွက်​ကို ကြည့်ပါ။) ယေဟောဝါ ပြင်ဆင်​ပေးတဲ့ အစည်းအဝေး​အားလုံးကို ပုံမှန် တက်ရောက်ခြင်း​အားဖြင့် လာမယ့်​နှစ်​တစ်လျှောက် အချင်းချင်း အားပေးနိုင်​ကြပါစေ။ ဒီ​စနစ်ရဲ့ အဆုံးနီးလာ​တာ​နဲ့​အမျှ နှိမ့်ချမှု၊ သတ္တိ၊ မေတ္တာ​ရှိဖို့ အစည်းအဝေးတွေ​က ကူညီ​ပေးပါလိမ့်မယ်။ (၁ သက်. ၅:၈-၁၁) ကျွန်တော်တို့ကို ယေဟောဝါနဲ့ သားတော် သိပ်​ချစ်လို့ ဘယ်လို ခံစားရ​ကြောင်း စိတ်နှလုံး အကြွင်းမဲ့ ဖော်ပြ​ကြပါစို့။ယောဟန် ၃:၁၆ ကိုဖတ်ပါ။

သီချင်း ၁၂၆ မြဲမြံ​နိုးကြား၊ ခွန်အား​ကြီးပွား

^ အပိုဒ်၊ 5 ၂၀၁၉၊ ဧပြီ ၁၉ သောကြာ​နေ့ ညနေမှာ ကျင်းပမယ့် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ​ဟာ တစ်​နှစ်လုံး​မှာ အရေးကြီးဆုံး အစည်းအဝေး​ဖြစ်တယ်။ အဲဒီ​အစည်းအဝေး​ကို တက်ဖို့ ဘာက လှုံ့ဆော်ပေး​မလဲ။ ယေဟောဝါကို ပျော်ရွှင်​စေချင်လို့ပါ​ပဲ။ အောက်မေ့ရာပွဲ​နဲ့ ပတ်စဉ် အစည်းအဝေးတွေ တက်ရောက်ခြင်းက ကျွန်တော်တို့​အကြောင်း ဘာ​ဖော်ပြသလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 52 ပုံ​အညွှန်း– ယုံကြည်ချက်​ကြောင့် ထောင်ချ​ခံ​နေရတဲ့ ညီအစ်ကို​ဟာ အိမ်က​လာတဲ့ စာ​ကြောင့် အားရှိသွား။ ပြည်တွင်း​ရေး မငြိမ်မသက်​ဖြစ်နေပေမဲ့ မိသားစုက ယေဟောဝါကို ဆက်သစ္စာ​ရှိကြောင်း၊ သူ့ကို မေ့မထား​ကြောင်း သိရလို့ ဝမ်းသာ။