မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂

ယေရှုရဲ့ ညီဆီကနေ သင်ယူပါ

ယေရှုရဲ့ ညီဆီကနေ သင်ယူပါ

‘ဘုရားသခင်​နဲ့ သခင်​ယေရှုခရစ်ရဲ့ ကျွန် ယာကုပ် နှုတ်​ခွန်း​ဆက်သ​လိုက်ပါ​တယ်။’—ယာ. ၁:၁

သီချင်း ၈၈ ကိုယ်တော့်​လမ်းစဉ်​တွေ​အကြောင်း သိ​နားလည်​စေပါ

အကြို​သုံးသပ်ချက် *

၁။ ယာကုပ်ရဲ့ မိသားစု​အကြောင်း ပြောပြ​ပါ။

ယေရှုရဲ့ ညီ ယာကုပ်ဟာ ယေဟောဝါ​ကို သစ္စာ​ရှိတဲ့ မိသားစုက​နေ ကြီးပြင်း​လာ​သူ ဖြစ်တယ်။ မိဘတွေ​ ဖြစ်​တဲ့ ယောသပ်နဲ့ မာရိဟာ ယေဟောဝါ​ကို အလွန် ချစ်​ပြီး အတတ်နိုင်ဆုံး အမှုဆောင်ခဲ့ကြတယ်။ ယာကုပ် ကောင်းချီး​တစ်ခု ထပ်​ရ​သေး​တယ်။ အစ်ကို ဖြစ်သူ မေရှိယ ဖြစ်လာ​တာ​ပဲ။ အဲဒီလို မိသားစုမှာ ကြီးပြင်း​လာ​ရတာ တကယ့်​ အခွင့်ထူးပါပဲ။

အစ်ကို​ယေရှုနဲ့အတူ ကြီးပြင်း​လာချိန်​အတွင်း ယေရှု​အကြောင်း ယာကုပ် ကောင်းကောင်း​ သိလာ (စာပိုဒ် ၂ ကို ကြည့်​ပါ)

၂။ ယာကုပ်​မှာ အစ်ကို​ဖြစ်သူ​ကို အထင်ကြီး​စ​ရာ ဘယ်​အကြောင်းရင်း​တွေ ရှိသလဲ။

ယာကုပ်​မှာ အစ်ကို​ကို အထင်ကြီး​စရာ အကြောင်းရင်း များစွာ ရှိတယ်။ (မ. ၁၃:၅၅) ဥပမာ၊ ယေရှုဟာ အသက် ၁၂ နှစ်မှာ ကျမ်းစာ​ကို ကောင်းကောင်း ကျွမ်းကျင်​နေပြီ။ ဂျေရုဆလင်​က ဆရာ​တွေ​တောင် တ​အံ့​တ​ဩ ဖြစ်​ကြ​တဲ့​အထိ​ပဲ။ (လု. ၂:၄၆၊ ၄၇) ယာကုပ်​သာ ယေရှုနဲ့အတူ လက်သမား​အလုပ်တွေ ဝိုင်းလုပ်​ပေး​ခဲ့ရင် တော်​တော် ရင်းနှီး​ကြ​မှာပဲ။ “လူတစ်ယောက်နဲ့ အလုပ် အတူ​လုပ်ရင် သူ့​အကြောင်း အများကြီး သိလာတယ်” လို့ ညီအစ်ကို နေသန် နောရ် မကြာခဏ ပြော​လေ့​ရှိတယ်။ * “ယေရှုဟာ ကာယ​ဉာဏ နှစ်တန်စလုံး ကြီးထွား ဖွံ့ဖြိုး​လာတယ်။ ဘုရားသခင်​ရှေ့၊ လူ​ရှေ့ မျက်နှာသာ​ ရတဲ့​သူ ဖြစ်​လာတယ်” ဆိုတာ​ကိုလည်း ယာကုပ် သတိထားမိမှာ​ပဲ။ (လု. ၂:၅၂) ဒါ​ကြောင့် ယေရှုရဲ့ ဦးဆုံး​ တပည့်​တွေ​ထဲမှာ ယာကုပ် ပါ​မှာပဲ​လို့ ကျွန်တော်​တို့ တွေးမိ​နိုင်တယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ဘူး။

၃။ ယေရှု အမှုဆောင်​လုပ်ငန်း စတင်​ချိန်မှာ ယာကုပ် ဘယ်လို တုံ့ပြန်​သလဲ။

မြေကြီးပေါ် ယေရှု အမှုဆောင်ချိန်​အတွင်း ယာကုပ် တပည့် ဖြစ်​မလာ​ဘူး။ (ယော. ၇:၃-၅) တကယ်တော့ ယေရှု “စိတ်​ဖောက်ပြန်​သွားပြီ” လို့ ထင်ကြ​တဲ့ ဆွေမျိုး​တွေ​ထဲမှာ ယာကုပ်​လည်း ပါဝင်​ပုံ​ရတယ်။ (မာ. ၃:၂၁) သစ်တိုင်ပေါ် ယေရှု အသတ်ခံရ​ချိန်မှာ မိခင်​ မာရိနဲ့​အတူ ယာကုပ် ရှိ​နေတယ်လို့ မဖော်ပြထားဘူး။—ယော. ၁၉:၂၅-၂၇

၄။ ဘယ်​သင်ခန်းစာ​တွေ ဆွေးနွေး​ကြ​မလဲ။

နောက်ပိုင်း၊ ယေရှုကို ယာကုပ် ယုံကြည်​လာပြီး လေးစား​ခံရ​တဲ့ ခရစ်ယာန် တစ်ယောက် ဖြစ်​လာတယ်။ ယာကုပ်​ဆီက သင်ယူနိုင်တဲ့ သင်ခန်းစာ နှစ်ခု​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်– (၁) ဘာကြောင့် နှိမ့်ချ​ရမလဲ၊ (၂) ထိရောက်တဲ့ သွန်သင်​သူတွေ ဘယ်လို ဖြစ်​နိုင်​မလဲ။

ယာကုပ်​လို နှိမ့်ချ​နေပါ

ယေရှု ကိုယ်ထင်ပြ​ချိန်မှာ ယာကုပ် နှိမ့်ချမှု​ပြ။ အဲဒီ​အချိန်​က​စပြီး ခရစ်တော်​ရဲ့ တပည့်​အဖြစ် သစ္စာရှိ​ရှိ အမှုဆောင် (စာပိုဒ် ၅-၇ ကို ကြည့်​ပါ)

၅။ ယေရှု ထမြောက်​ပြီး​နောက် ကိုယ်ထင်ပြ​ချိန်မှာ ယာကုပ် ဘယ်လို တုံ့ပြန်​သလဲ။

ယာကုပ်ဟာ ဘယ်​အချိန်မှာ ယေရှုရဲ့ သစ္စာရှိ​ နောက်လိုက် ဖြစ်လာ​သလဲ။ ယေရှု ထမြောက်​ပြီး​နောက် ‘ယာကုပ်​ကို ကိုယ်ထင်ပြ​ခဲ့တယ်။’ (၁ ကော. ၁၅:၇) အဲဒီ​တစ်ကြိမ် ယေရှုနဲ့ ဆုံတွေ့​ပြီး​နောက် ယာကုပ် တပည့် ဖြစ်​လာတယ်။ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဂျေရုဆလင် အထက်ခန်း​မှာ တမန်တော်​တွေ စောင့်နေ​ချိန် ယာကုပ်​လည်း ရှိနေတယ်။ (တ. ၁:၁၃၊ ၁၄) နောက်ပိုင်း၊ ပထမ​ရာစု အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်ခွင့် ရတယ်။ (တ. ၁၅:၆၊ ၁၃-၂၂။ ဂလ. ၂:၉) အေဒီ ၆၂ မတိုင်ခင် ဘိသိက်ခံ ခရစ်ယာန်​တွေ​ဆီ စာ​တစ်စောင် ရေး​ဖို့ စွမ်းအားတော်​နဲ့ လမ်းညွှန်​ခံရတယ်။ အဲဒီ​စာ​ကနေ ဒီနေ့​ခေတ် ကောင်းကင်မျှော်လင့်ချက် ရှိသူ၊ မြေကြီးမျှော်လင့်ချက် ရှိသူ အားလုံး အကျိုး​ရနိုင်တယ်။ (ယာ. ၁:၁) ပထမ​ရာစု သမိုင်း​ပညာရှင် ဂျို​စီ​ဖတ် အဆို​အရ ယာကုပ်ဟာ ဂျူး​ပုရောဟိတ်​မင်း အန္နတ်​ရဲ့ သား အာနနိ အမိန့်နဲ့ အသတ်ခံခဲ့ရ​တယ်။ မြေကြီး​အသက်တာ ကုန်ဆုံး​ချိန်​အထိ ယေဟောဝါ​အပေါ် ယာကုပ် သစ္စာ​ရှိခဲ့တယ်။

၆။ ယာကုပ်နဲ့ ဘာသာရေး​ ခေါင်းဆောင်​တွေ ဘယ်လို ကွာ​သလဲ။

ယာကုပ် နှိမ့်ချတယ်။ ဘာကြောင့် အဲဒီလို ပြော​နိုင်​သလဲ။ ယေရှု​အပေါ် ယာကုပ် နောက်ပိုင်း သဘောထား​ပုံ​နဲ့ ဘာသာရေး ခေါင်းဆောင်​များစွာ​ရဲ့ သဘောထား​ပုံ ဘယ်လို ကွာခြား​ကြောင်း စဉ်းစား​ကြည့်​ပါ။ ယေရှုဟာ ဘုရား​သား ဖြစ်​ကြောင်း မငြင်း​နိုင်​တဲ့ အထောက်အထား​ကို ယာကုပ် မြင်ရတဲ့​အခါ နှိမ့်ချစွာ လက်ခံခဲ့တယ်။ ဂျေရုဆလင်​မြို့က ပုရောဟိတ်​ကြီး​တွေ​က​တော့ အဲဒီလို မဟုတ်ဘူး။ ဥပမာ၊ လာဇရု​ကို ယေရှု ထမြောက်​ပေး​တာ သူတို့ မငြင်း​နိုင်ဘူး။ ဒါတောင် ယေရှုကို ယေဟောဝါရဲ့ ကိုယ်စားလှယ်​အဖြစ် အသိအမှတ်ပြု​မယ့်​အစား ယေရှုကို​ရော လာဇရု​ကို​ပါ သတ်​ဖို့ ကြံစည်​ကြတယ်။ (ယော. ၁၁:၅၃။ ၁၂:၉-၁၁) နောက်ပိုင်း၊ ယေရှု​ကိုယ်တိုင် ထမြောက်ချိန်​မှာ အဖြစ်မှန်​ကို လူတွေ မသိအောင် ဖုံးကွယ်​ဖို့ ကြိုးစား​ကြတယ်။ (မ. ၂၈:၁၁-၁၅) အဲဒီ​ဘာသာရေး​ ခေါင်းဆောင်​တွေ​ဟာ မာန​ကြောင့် မေရှိယကို ငြင်းပယ်​ခဲ့​ကြတယ်။

၇။ မာနကြီး​တာ​ကို ဘာကြောင့် ရှောင်​ရမလဲ။

သင်ခန်းစာ– မာန မကြီး​ပါ​နဲ့။ သွန်သင်ပေး​လို့ ရသူ ဖြစ်ပါ။ လူတစ်ယောက်ရဲ့ နှလုံး​ကြွက်သားတွေ​ဟာ ရောဂါ​ကြောင့် ကောင်းကောင်း အလုပ်​မ​လုပ်​တော့​သလို ကျွန်တော်​တို့​ရဲ့ ပုံဆောင်​နှလုံး​လည်း မာန​ကြောင့် ယေဟောဝါရဲ့ ညွှန်ကြားချက်​တွေ​ကို မနာခံ​တော့​တာ​မျိုး ဖြစ်​နိုင်တယ်။ ဖာရိရှဲတွေ​ဟာ မာနကြီး​လို့ ယေရှုမှာ ဘုရား​စွမ်းအားတော် ရှိတယ်ဆိုတဲ့ ရှင်းလင်း​တဲ့ အထောက်အထား​ကို လက်မခံကြဘူး။ (ယော. ၁၂:၃၇-၄၀) ဒါကြောင့် ထာဝရ​အသက် ဆုံးရှုံး​ခဲ့​ရတယ်။ (မ. ၂၃:၁၃၊ ၃၃) ကျွန်တော်​တို့​လည်း ကိုယ့်​စရိုက်၊ အတွေးအခေါ်၊ ဆုံးဖြတ်ချက်​တွေ​အပေါ် ကျမ်းစာ​နဲ့ စွမ်းအားတော် ပုံသွင်းမှု၊ ဩဇာ​လွှမ်းမိုးမှုကို ဆက်ခံ​ယူ​နေဖို့ သိပ်​အရေးကြီးတယ်။ (ယာ. ၃:၁၇) ယာကုပ်ဟာ နှိမ့်ချ​သူ ဖြစ်လို့ ယေဟောဝါရဲ့ သွန်သင်မှု​ကို လိုလိုလားလား ခံယူ​ခဲ့တယ်။ နှိမ့်ချမှု​ကြောင့်​ပဲ ထိရောက်တဲ့ သွန်သင်သူ​ ဖြစ်​လာတယ်။ အဲဒီ​အကြောင်း ဆက်​ဆွေးနွေး​ကြ​စို့။

ယာကုပ်​လို ထိထိရောက်ရောက် သွန်သင်ပါ

၈။ ထိရောက်တဲ့ သွန်သင်သူ ဖြစ်ဖို့ ဘာက ကူညီ​ပေး​မလဲ။

ယာကုပ်ဟာ ပညာတတ်​ကြီး​တော့ မဟုတ်ဘူး။ တမန်တော် ပေတရု​နဲ့ ယောဟန်​ကို “ပညာ​မတတ်​သူတွေ၊ သာမန်​လူတွေ” လို့ ဘာသာရေး​ ခေါင်းဆောင်​တွေ မြင်​သလို ယာကုပ်​ကိုလည်း မြင်ခဲ့​မှာပဲ။ (တ. ၄:၁၃) ဒါပေမဲ့ ယာကုပ်ဟာ ထိရောက်တဲ့ သွန်သင်သူ ဖြစ်တယ်။ ယာကုပ်​ကျမ်း​ကို ဖတ်​တဲ့​အခါ အဲဒီ​အချက်​ကို သိနိုင်တယ်။ ယာကုပ်​လို​ပဲ ကျွန်တော်​တို့​လည်း ပညာ သိပ်​မတတ်​တာ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စွမ်းအားတော် အကူအညီ၊ အဖွဲ့အစည်း​ရဲ့ လက်တွေ့ကျ လေ့ကျင့်မှု​တွေ​ကြောင့် ထိရောက်တဲ့ သွန်သင်သူ ဖြစ်​နိုင်​ပါ​တယ်။ သွန်သင်သူ​အဖြစ် ယာကုပ် ချမှတ်​ခဲ့​တဲ့ ပုံသက်သေ​နဲ့ သင်ယူနိုင်တဲ့ သင်ခန်းစာ​တွေ​အကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။

၉။ ယာကုပ် ဘယ်လို သွန်သင်​သလဲ။

ယာကုပ် စကား​ကြီး​စကား​ကျယ်​တွေ၊ ရှုပ်ထွေး​တဲ့ ရှင်းပြချက်​တွေ မ​သုံး​ဘူး။ ဒါ​ကြောင့် ဘာလုပ်​ရမယ်၊ ဘယ်လို လုပ်ရမယ်​ဆိုတာ စာဖတ်​သူတွေ ရှင်းရှင်းလင်းလင်း နားလည်တယ်။ ဥပမာ၊ မတရားမှု ကြုံ​ရတဲ့အခါ မနာကြည်း​သင့်ဘူး​လို့ ယာကုပ် သွန်သင်​တယ်။ “ခံနိုင်ရည်​ ရှိသူတွေကို ပျော်ရွှင်​ချမ်းမြေ့​သူတွေ​လို့ ကျွန်တော်​တို့ ယူမှတ်တယ်။ ခင်ဗျား​တို့​က ယောဘရဲ့ ခံနိုင်ရည်​အကြောင်း ကြားဖူး​သလို သူ့ကို ယေဟောဝါ ကောင်းချီး​ပေး​ခဲ့​တာ​ကိုလည်း သိထားကြတာပဲ။ ယေဟောဝါ​ဟာ အလွန်​ ချစ်ခင်​စာနာ​ပြီး ကရုဏာ​ကြီး​တယ်” လို့ ရေးတယ်။ (ယာ. ၅:၁၁) ကျမ်းစာ​ကို အဓိက အခြေခံ​ပြီး သွန်သင်​တာ သတိပြုပါ။ ယောဘ​လို သစ္စာ​ရှိသူတွေကို ယေဟောဝါ အမြဲ ဆုချ​တယ်​ဆိုတာ နားလည်အောင် ကျမ်းစာ​သုံးပြီး သွန်သင်​ပေးတယ်။ ရိုးရှင်းတဲ့ စကားလုံး၊ ရိုးရှင်းတဲ့ အတွေးအခေါ်​တွေ​ကို သုံးတယ်။ ဒီ​နည်း​အားဖြင့် ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါ​ကိုပဲ အာရုံစိုက်​စေတယ်။

၁၀။ သွန်သင်​တဲ့​အခါ ယာကုပ်​ကို တုပ​နိုင်​တဲ့ တစ်နည်း​က ဘာလဲ။

၁၀ သင်ခန်းစာ– ကျမ်းစာ​ကို အခြေခံ​ပြီး ရိုးရိုးရှင်းရှင်း သွန်သင်ပါ။ ကျွန်တော်​တို့​ရဲ့ ပန်းတိုင်​က ကိုယ်​ဘယ်လောက် သိတယ်ဆိုတာ တခြား​သူတွေကို ကြွား​ဖို့ မဟုတ်ဘဲ ယေဟောဝါ ဘယ်လောက် သိတယ်၊ သူတို့ကို ဘယ်လောက် ဂရုစိုက်​တယ်​ဆိုတာ သိစေဖို့ ဖြစ်​သင့်တယ်။ (ရော. ၁၁:၃၃) ကျမ်းစာ​ကို အခြေခံ​မှ အဲဒီ​ပန်းတိုင် ရောက်​နိုင်​မယ်။ ဥပမာ၊ ကျမ်းစာ​သင်သားတွေကို သူတို့​နေရာမှာ ကိုယ်​သာ​ဆိုရင် ဘာ​လုပ်မယ်​လို့ ပြော​မယ့်​အစား ကျမ်းစာ ပုံ​နမူနာ​တွေ​ကို ဆင်ခြင်​နိုင်အောင်၊ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ခံစားချက်​တွေ​ကို နားလည်အောင် ကူညီ​ပေး​သင့်တယ်။ ဒါဆိုရင် ကျမ်းစာ​သင်ပေး​သူ စိတ်​ကျေနပ်​အောင် မဟုတ်ဘဲ ယေဟောဝါ စိတ်​ကျေနပ်​အောင် လုပ်ဖို့ သူတို့ လှုံ့ဆော်​ခံရ​ပါ​လိမ့်မယ်။

၁၁။ ယာကုပ်​ခေတ်​မှာ ခရစ်ယာန်​တချို့ ဘယ်​ပြဿနာ​တွေ ကြုံနေ​ရသလဲ။ ယာကုပ် ဘယ်လို အကြံပေး​သလဲ။ (ယာကုပ် ၅:၁၃-၁၅)

၁၁ ယာကုပ် လက်တွေ့ကျတယ်။ ယုံကြည်သူချင်းတွေ ကြုံနေ​ရတဲ့ အခက်အခဲတွေကို ယာကုပ် သိကြောင်း၊ ဖြေရှင်း​နိုင်​ဖို့ ရှင်းလင်း​တဲ့ လမ်းညွှန်ချက်တွေ ပေး​ခဲ့​ကြောင်း သူ့​စာ​ကနေ သိနိုင်တယ်။ ဥပမာ၊ ခရစ်ယာန်​တချို့ ကျမ်းစာ​ကို လက်တွေ့​မကျင့်​ကြဘူး။ (ယာ. ၁:၂၂) တချို့​ကျတော့ ချမ်းသာသူ​တွေ​ကို မျက်နှာ​လိုက်ကြတယ်။ (ယာ. ၂:၁-၃) တချို့က လျှာ​ကို မထိန်းနိုင်​ကြဘူး။ (ယာ. ၃:၈-၁၀) သူတို့ကို ယာကုပ် လက်မလျှော့​ဘူး။ ကြင်ကြင်နာနာ၊ တဲ့တိုး အကြံဉာဏ် ပေးတယ်။ ပြုပြင်​ပြောင်းလဲ​နိုင်အောင် အကြီးအကဲ​တွေ​ဆီ အကူအညီ​ တောင်း​ဖို့ အားပေးတယ်။ယာကုပ် ၅:၁၃-၁၅ ကို ဖတ်ပါ။

၁၂။ ကျမ်းစာ​သင်သားတွေကို ကူညီ​ပေး​ရာ​မှာ အကောင်းမြင်​စိတ် ဘယ်လို ဆက်​ရှိ​နိုင်​သလဲ။

၁၂ သင်ခန်းစာ– လက်တွေ့ကျပါ။ တခြား​သူတွေ​အပေါ် အကောင်းမြင်​စိတ် ဆက်​ရှိ​နေပါ။ ကျမ်းစာ လေ့လာ​နေ​သူများစွာ​ဟာ သိလာတာကို လက်တွေ့​ကျင့်​ဖို့ ခက်​နေ​နိုင်တယ်။ (ယာ. ၄:၁-၄) အကျင့်ဆိုး​တွေ ဖြတ်ဖို့၊ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူဖို့ အချိန် လို​နိုင်တယ်။ ယာကုပ်​ကို တုပ​ပြီး သင်သားတွေ တိုးတက်​ဖို့ လို​နေတဲ့​ အပိုင်း​ကို သတ္တိရှိရှိ ပြောပြ​ရမယ်။ နှိမ့်ချ​သူတွေကို ယေဟောဝါ ဆွဲဆောင်​ကြောင်း၊ ဘဝမှာ ပြုပြင်​ပြောင်းလဲ​နိုင်အောင် ခွန်အား​ပေး​မှာ ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ပြီး အကောင်းမြင်​စိတ် ဆက်​ရှိနေဖို့ လိုတယ်။—ယာ. ၄:၁၀

၁၃။ ယာကုပ် ၃:၂ မှာ ဖော်ပြ​ထား​တဲ့​အတိုင်း ယာကုပ် ဘာကို အသိအမှတ်ပြု​သလဲ။

၁၃ ယာကုပ် ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ရှုမြင်တယ်။ မိသားစု နောက်ခံ ဒါမှ​မဟုတ် ရထားတဲ့ အခွင့်ထူးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် တခြား​ညီအစ်ကို/မ​တွေ​ထက် ပို​အရေးပါတယ်လို့ မယူဆ​ဘူး။ ခရစ်ယာန်​ချင်း​တွေ​ကို “ချစ်​ရတဲ့ ညီအစ်ကို​တို့” လို့ ခေါ်​တယ်။ (ယာ. ၁:၁၆၊ ၁၉။ ၂:၅) ကိုယ့်ကိုယ်ကိုယ် ပြည့်ဝ​စုံလင်​တဲ့ပုံ မဖမ်း​ဘူး။ “ကျွန်တော်​တို့အားလုံး ခဏ​ခဏ မှား​တတ်ကြ​တယ်” ဆိုတဲ့​ စကား​မှာ ကိုယ့်ကိုယ်ကိုယ်​ပါ ထည့်​ပြော​တယ်။ယာကုပ် ၃:၂ ကို ဖတ်ပါ။

၁၄။ ကိုယ့်​အမှားတွေကို ဝန်ခံ​ချင်စိတ် ဘာကြောင့် ရှိ​ရမလဲ။

၁၄ သင်ခန်းစာ– ကျွန်တော်​တို့အားလုံး အပြစ်သားတွေ ဖြစ်​ကြောင်း သတိရပါ။ ကိုယ်​သွန်သင်ပေး​နေ​သူတွေ​ထက် တစ်နည်းနည်းနဲ့ ပို​သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ပါနဲ့။ ဘာကြောင့်လဲ။ ကိုယ်​က ခြောက်ပစ်ကင်း သဲ​လဲ​စင် ပုံဖမ်း​နေရင် သင်သားက ဘုရားတောင်းဆိုချက်​တွေ​ကို ဘယ်တော့မှ အပြည့်အဝ လိုက်​နိုင်​မှာ မဟုတ်ဘူးလို့ ခံစား​ရလိမ့်မယ်။ ကျမ်းစာ​မူတွေကို လိုက်နာ​ဖို့ မလွယ်​ကြောင်း ရိုးရိုးသားသား ဝန်ခံ​ပြီး အဲဒီ​အခက်အခဲတွေကို ကျော်လွှား​ဖို့ ယေဟောဝါ ဘယ်လို ကူညီ​ပေး​ခဲ့​ကြောင်း ပြောပြ​မယ်​ဆိုရင် သင်သား​မှာ ကြိုးစားချင်​စိတ် ပေါ်လာ​မယ်။

ယာကုပ်ရဲ့ ပုံ​ဥပမာ​တွေ​ဟာ ရိုးရှင်း၊ ထိရောက် (စာပိုဒ် ၁၅-၁၆ ကို ကြည့်​ပါ) *

၁၅။ ဘယ်လို ပုံ​ဥပမာ​တွေ​ကို ယာကုပ် သုံး​သလဲ။ (ယာကုပ် ၃:၂-၆၊ ၁၀-၁၂)

၁၅ စိတ်ထိမိ​စေ​တဲ့ ပုံ​ဥပမာ​တွေ ယာကုပ် သုံးတယ်။ သန့်ရှင်းသော စွမ်းအားတော်​ရဲ့ အကူအညီ ရတာ မှန်ပေမဲ့ အစ်ကို ယေရှု​လို ပုံ​ဥပမာ​တွေ သုံးပြီး ဘယ်လို သွန်သင်​ရမလဲ​ဆိုတာ သိဖို့ ယာကုပ် အတော်​ ကြိုးစား​ခဲ့​ရမှာပဲ။ ယာကုပ်​ သုံးတဲ့ ပုံ​ဥပမာ​တွေ​ဟာ ရိုးရှင်း​ပြီး ဆိုလိုရင်း​ကို တန်း​သိစေတယ်။ယာကုပ် ၃:၂-၆၊ ၁၀-၁၂ ကို ဖတ်ပါ။

၁၆။ ထိရောက်တဲ့ ပုံ​ဥပမာ​တွေ ဘာကြောင့် သုံးသင့်​သလဲ။

၁၆ သင်ခန်းစာ– ထိရောက်တဲ့ ပုံ​ဥပမာ​တွေ သုံးပါ။ သင့်တော်​တဲ့ ပုံ​ဥပမာ​တွေ သုံးတာ​က ပြော​နေတဲ့​အကြောင်းကို ကြား​ရုံ​သာမက မြင်ယောင်​နိုင်အောင် ကူညီ​ပေးတယ်။ လူတွေရဲ့ စိတ်ထဲ ပုံ​ပေါ်လာ​စေတယ်။ အဲဒါက အဓိက ကျမ်းစာ​အမှန်တရားတွေကို အမှတ်ရနေ​အောင် ကူညီ​ပေးတယ်။ ထိရောက်တဲ့ ပုံ​ဥပမာ​တွေ သုံး​ရာ​မှာ ယေရှုဟာ ဆရာ​တစ်ဆူ​ပဲ။ ညီ​ယာကုပ်​လည်း အဲဒီ​ပုံသက်သေ​ကို လိုက်တယ်။ ယာကုပ်ရဲ့ ပုံ​ဥပမာတစ်ခု​ကို သုံးသပ်​ပြီး ဘာကြောင့် အလွန်​ ထိရောက်​ကြောင်း ကြည့်​ကြ​စို့။

၁၇။ ယာကုပ် ၁:၂၂-၂၅ မှာ ပါတဲ့ ပုံ​ဥပမာ ဘာကြောင့် ထိရောက်​သလဲ။

၁၇ ယာကုပ် ၁:၂၂-၂၅ ကို ဖတ်ပါ။ ယာကုပ်ရဲ့ မှန်​ပုံ​ဥပမာ ထိရောက်​ရတဲ့ အကြောင်းရင်း များစွာ​ရှိတယ်။ ကျမ်းစာ​ကနေ အကျိုး​ရဖို့​ဆိုရင် ဖတ်​ရုံ​သာ မဟုတ်ဘဲ လက်တွေ့​ကျင့်သုံး​ရမယ်ဆို​တဲ့ အဓိက​ သင်ခန်းစာ​ကို သွန်သင်ပေး​ချင်​တာ။ မှန်ကြည့်​တဲ့​သူ ပုံ​ဥပမာ​ကို ပရိသတ် အလွယ်တကူ နားလည်​နိုင်တယ်။ မှန်ကြည့်​ပြီး ပြင်​ရမယ့် အနာအဆာ တွေ့​ပေမဲ့ မ​ပြင်​တာ မိုက်မဲ​ရာ​ ရောက်တယ်။ ကျမ်းစာ​ဖတ်​ပြီး ပြုပြင်​ရမယ့် စရိုက်​ကို တွေ့​ပေမဲ့ မ​ပြင်​ဘူးဆို​ရင်​လည်း အဲဒီလိုပဲ။

၁၈။ ပုံ​ဥပမာ​ သုံးတဲ့​အခါ ဘယ်​အချက်​ သုံးချက်​ကို လုပ်ဆောင်​ရမလဲ။

၁၈ ပုံ​ဥပမာ သုံးတဲ့​အခါ အချက်​ သုံးချက်​ကို လုပ်ဆောင်ခြင်း​အားဖြင့် ယာကုပ်​ကို တုပ​နိုင်တယ်– (၁) ကိုယ်​သုံး​နေတဲ့ ဥပမာ​ဟာ ဆွေးနွေး​နေတဲ့ အဓိက​အချက်​နဲ့ သက်ဆိုင်မှု ရှိရမယ်။ (၂) ဥပမာ​ကို ပရိသတ်​တွေ အလွယ်တကူ နားလည်​ရမယ်။ (၃) ဆိုလိုရင်း​ကို တန်း​သိရမယ်။ ဘယ်​ဥပမာ သုံး​ရမလဲ စဉ်းစား​ရ​ခက်​နေရင် ကင်းမျှော်စင် စာပေ​အညွှန်း (အင်္ဂလိပ်) မှာ ကြည့်​ပါ။ “ပုံ​ဥပမာ​များ” ခေါင်းစဉ်​အောက်မှာ သုံးနိုင်​တဲ့ ပုံ​ဥပမာ အများကြီး တွေ့​နိုင်တယ်။ ဥပမာ​တွေ​ဟာ မိုက်ခရို​ဖုန်း​နဲ့ တူတယ်။ မိုက်ခရို​ဖုန်း​က အသံကို ချဲ့​ပေး​သလို ဥပမာ​တွေ​က ကိုယ်​ပြော​ချင်​တဲ့​ အကြောင်းကို ကွင်းကွင်းကွက်ကွက် မြင်​စေတယ်။ ဒါကြောင့် သွန်သင်​ချင်​တဲ့ အဓိက​ အချက်​တွေ​အတွက်ပဲ ဥပမာ​သုံးပါ။ သွန်သင်ခြင်း စွမ်းရည် တိုးတက်​ချင်​တဲ့ အဓိက အကြောင်းရင်း​က ကိုယ်​အထင်ကြီး​ခံရ​ဖို့ မဟုတ်ဘဲ လူများ​နိုင်​သမျှ​ များများ​ကို ယေဟောဝါရဲ့ ပျော်ရွှင်​တဲ့ မိသားစုဝင် ဖြစ်​လာအောင် ကူညီ​ပေးဖို့​ပဲ။

၁၉။ ညီအစ်ကို/မ​တွေ​ကို ချစ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၉ ယာကုပ်ဟာ ပြည့်ဝ​စုံလင်​တဲ့ အစ်ကို​နဲ့ အတူ​ကြီးပြင်း​လာ​ခွင့် ရခဲ့တယ်။ အဲဒီ​အခွင့်အရေး ကျွန်တော်​တို့ မရ​ကြ​ပေမဲ့ ခရစ်ယာန် ညီအစ်ကို/မ မိသားစုကြီး​နဲ့​အတူ ယေဟောဝါ​ကို ဝတ်ပြုခွင့် ရထား​ကြတယ်။ သူတို့နဲ့ ပေါင်းသင်း​ခြင်း၊ သူတို့ဆီကနေ သင်ယူခြင်း၊ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​မှာ သစ္စာရှိ​ရှိ လက်တွဲ​လုပ်ဆောင်ခြင်း​အားဖြင့် သူတို့ကို ချစ်​ကြောင်း ပြ​နိုင်တယ်။ ကိုယ့်​သဘောထား၊ လုပ်ရပ်၊ သွန်သင်ခြင်း နည်းလမ်း​တွေ​မှာ ယာကုပ်​ကို တုပခြင်း​အားဖြင့် ယေဟောဝါ​ကို ဂုဏ်တင်​နိုင်​သလို စိတ်​ရိုး​ဖြောင့်​သူတွေကို မေတ္တာရှင် ကောင်းကင်​ဖခင်​ဆီ ကူညီ​ဆွဲဆောင်​နိုင်​ပါ​လိမ့်မယ်။

သီချင်း ၁၁၄ “စိတ်ရှည်​ကြ​ပါ”

^ အပိုဒ်၊ 5 ယေရှုနဲ့ တစ်အိမ်​တည်း​မှာ ယာကုပ် ကြီးပြင်း​လာတဲ့​အတွက် ဘုရား​သားတော်​အကြောင်း အဲဒီ​အချိန်​က လူအများစု​ထက် ပို​သိတယ်။ ပထမ​ရာစု ခရစ်ယာန်​ အသင်းတော်ရဲ့ အမာခံ ဖြစ်လာတဲ့ ယာကုပ်ရဲ့ ဘဝနဲ့ သွန်သင်ချက်တွေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 2 နေသန် နောရ်​ဟာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်တယ်။ ၁၉၇၇ မှာ မြေကြီး​အသက်တာ ကုန်ဆုံး​သွားတယ်။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– ယာကုပ်ဟာ လျှာ​တလွဲသုံး​ခြင်း​ရဲ့ အန္တရာယ်ကို လူတွေ အလွယ်တကူ နားလည်​နိုင်​တဲ့ မီး​နဲ့ ဥပမာ​ပေး​ခဲ့။