မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃

ယေရှု မျက်ရည်ကျတာကနေ ဘာတွေ သင်ယူနိုင်သလဲ

ယေရှု မျက်ရည်ကျတာကနေ ဘာတွေ သင်ယူနိုင်သလဲ

‘ယေရှု မျက်ရည်ကျ​တယ်။’—ယော. ၁၁:၃၅

သီချင်း ၁၇ “ငါ​ဆန္ဒရှိ”

အကြို​သုံးသပ်ချက် *

၁-၃။ ယေဟောဝါရဲ့ ကျေးကျွန်​တွေ ဘာကြောင့် မျက်ရည်ကျ​ရသလဲ။

သင် နောက်ဆုံး ငို​ခဲ့​တာ ဘယ်​တုန်း​က​လဲ။ ကျွန်တော်​တို့ မကြာမကြာ ငို​ကြရတယ်။ ပျော်​လို့ ငို​ကြ​သလို အများအားဖြင့်​တော့ အလွန်​ ဝမ်းနည်း​လို့ ငို​ကြ​တာ။ ဥပမာ၊ ချစ်ရသူ သေဆုံး​လို့ ငိုရ​တာ ဖြစ်​နိုင်တယ်။ အမေရိကန်​က ညီအစ်မ လော်ရီလီ ဒီလို​ပြော​တယ်– “သေဆုံး​သွားတဲ့ သမီးလေး​အတွက် ဝမ်းနည်းလွန်းလို့ ဘယ်လိုမှ ဖြေမဆည်​နိုင်အောင် ဖြစ်​ရတဲ့​ အချိန်တွေ ရှိတယ်။ မခံမရပ်​နိုင်​လောက်​အောင်​ပါ​ပဲ။” *

တခြား​အကြောင်း​တွေ​ကြောင့်​လည်း ကျွန်တော်​တို့ မျက်ရည်ကျ​ကြတယ်။ ဂျပန်​နိုင်ငံ​က ရှေ့ဆောင် ညီအစ်မ ဟီ​ရိုမီ​က “အမှုဆောင်မှာ အငြင်း​ခံရ​လွန်းလို့ မကြာမကြာ စိတ်ဓာတ်ကျ​တယ်။ အမှန်တရား ရှာနေ​သူ တစ်ယောက်ယောက်​ကို ရှာတွေ့​နိုင်အောင် ကူညီ​ပေး​ပါ​လို့ ယေဟောဝါ​ဆီ တစ်ခါ​တ​လေ ငို​ရင်း ဆုတောင်း​တယ်” လို့ ပြော​တယ်။

တစ်ခါ​တ​လေ သင်လည်း အဲဒီလို ခံစားရ​သလား။ ကျွန်တော်​တို့ အများစု ခံစား​ရတယ်။ (၁ ပေ. ၅:၉) “ယေဟောဝါ​ကို ဝမ်းမြောက်​စွာ ဝတ်ပြု” ချင်​ပေမဲ့ ဝမ်းနည်း​ကြေကွဲမှု၊ စိတ်ဓာတ်ကျ​မှု၊ သစ္စာ​သမာဓိကို စမ်းသပ်​တဲ့ ခက်ခဲ​မှု​ကြောင့် မျက်ရည်​နဲ့ ဝတ်ပြု​နေရ​တာ ဖြစ်​နိုင်တယ်။ (ဆာ. ၆:၆။ ၁၀၀:၂) အဲဒီလို ခံစား​နေရ​ရင် ဘာလုပ်​နိုင်​သလဲ။

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ယေရှုရဲ့ ပုံသက်သေ​ကနေ သင်ယူ​နိုင်​ပါ​တယ်။ ယေရှု “မျက်ရည်ကျ” တဲ့​အထိ စိတ်​မကောင်း​ဖြစ်​တဲ့ အချိန်တွေ ရှိတယ်။ (ယော. ၁၁:၃၅။ လု. ၁၉:၄၁။ ၂၂:၄၄။ ဟီ. ၅:၇) အဲဒီ​ဖြစ်ရပ်​တွေ၊ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို သုံးသပ်ကြည့်​ကြ​စို့။ မျက်ရည်ကျ​စေ​တဲ့ အခက်အခဲတွေကို ကိုင်တွယ်​ဖြေရှင်း​နိုင်​တဲ့ လက်တွေ့ကျ​နည်းတွေကို​လည်း သုံးသပ်ကြ​ပါ​မယ်။

မိတ်ဆွေ​တွေ​အတွက် မျက်ရည်ကျ

ဝမ်းနည်း​နေသူတွေကို ယေရှု​လို​ပဲ ထောက်မပါ (စာပိုဒ် ၅-၉ ကို ကြည့်​ပါ) *

၅။ ယောဟန် ၁၁:၃၂-၃၆ မှာ ပါ​တဲ့ မှတ်တမ်းကနေ ယေရှု​အကြောင်း ဘာ​သိရသလဲ။

အေဒီ ၃၂၊ ဆောင်းတွင်း​မှာ ယေရှုရဲ့ မိတ်ဆွေ လာဇရု နေမကောင်း​ဖြစ်​ပြီး သေဆုံး​သွားတယ်။ (ယော. ၁၁:၃၊ ၁၄) လာဇရု​မှာ မာရိနဲ့ မာသ​ဆို​တဲ့ အစ်မ​နှစ်ယောက် ရှိတယ်။ အဲဒီ​မိသားစုကို ယေရှု သိပ်​ချစ်တယ်။ ချစ်​ရတဲ့ မောင်လေး သေဆုံး​သွား​လို့ အစ်မ​တွေ တော်​တော်​ ဝမ်းနည်း​နေကြတယ်။ လာဇရု သေဆုံး​ပြီး​နောက် မာရိနဲ့ မာသ​ နေတဲ့ ဗေသနိ​ရွာကို ယေရှု သွားတယ်။ ယေရှု လာနေတာကို ကြား​တဲ့​အခါ မာသ ပြေးကြို​တယ်။ “သခင်၊ သခင်​သာ ဒီမှာ​ ရှိခဲ့ရင် ကျွန်မ​ရဲ့​ မောင် သေ​မှာ​ မဟုတ်ဘူး” လို့ ပြော​ချိန်မှာ ဘယ်လောက် ဝမ်းနည်း​နေမယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ (ယော. ၁၁:၂၁) မာရိနဲ့ တခြား​သူတွေ ငို​နေတာကို တွေ့​တဲ့​အခါ ယေရှုလည်း ‘မျက်ရည်ကျ​တယ်။’ယောဟန် ၁၁:၃၂-၃၆ ကို ဖတ်ပါ။

၆။ ယေရှု ဘာကြောင့် ငို​တာလဲ။

ယေရှု ဘာကြောင့် ငို​တာလဲ။ “မိတ်ဆွေ လာဇရု သေဆုံး​ပြီး အစ်မ​တွေ ဝမ်းနည်း​ကြေကွဲ​နေတာ​ကြောင့် ယေရှု ‘ဝမ်းနည်းပြီး မျက်ရည်ကျ​တယ်’” လို့ ထိုးထွင်း​အမြင် စာအုပ်​မှာ ဖြေ​တယ်။ * ဖျားနာ​နေတုန်း မိတ်ဆွေ လာဇရု ဘယ်လောက် ဝေဒနာ ခံစား​ရမယ်၊ သေ​ရတော့မယ်​ဆို​တဲ့ အသိ​နဲ့ ဘယ်လို ခံစား​ခဲ့​ရမယ်ဆိုတာ ယေရှု တွေးမိ​ပုံ​ပဲ။ မောင်လေး သေဆုံး​လို့ မာရိနဲ့ မာသ ဝမ်းနည်း​နေတာ မြင်ရလို့​လည်း ယေရှု မျက်ရည်ကျ​တာ ဖြစ်တယ်။ မိတ်ဆွေ၊ မိသားစုဝင်​တွေ သေဆုံး​သွား​ရင် သင်လည်း အလားတူ ခံစား​ရမှာ သေချာတယ်။ ဒီ​ဖြစ်ရပ်​ကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ သုံးခု​ကို သုံးသပ်ကြည့်​ပါ။

၇။ မိတ်ဆွေ​တွေ​အတွက် ယေရှု မျက်ရည်ကျ​တာ​ကနေ ယေဟောဝါ​အကြောင်း ဘာ​သိရသလဲ။

သင့်​ခံစားချက်​ကို ယေဟောဝါ နားလည်တယ်။ ယေရှုဟာ ဖခင်​နဲ့ “တထေရာတည်း​ တူ​တဲ့​သူ” ဖြစ်တယ်။ (ဟီ. ၁:၃) ယေရှု ငို​တာ​ဟာ ဖခင်​ရဲ့ ခံစားချက်​ကို ထင်ဟပ်​လိုက်တာပဲ။ (ယော. ၁၄:၉) ချစ်ရသူ​တစ်ယောက် သေဆုံး​သွားတယ်​ဆိုရင် သင့်​ဝမ်းနည်း​ကြေကွဲမှု​ကို ယေဟောဝါ သိရုံ​သာမက ထပ်တူ​ ဝမ်းနည်း​တယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။ ကြေကွဲ​နေတဲ့ စိတ်​နှလုံးကို ဘုရား ကုသ​ပေး​ချင်​တယ်။—ဆာ. ၃၄:၁၈။ ၁၄၇:၃

၈။ ချစ်ရ​သူတွေကို ယေရှု ထမြောက်​ပေး​မယ်​ဆိုတာ ဘာကြောင့် စိတ်ချ​နိုင်​သလဲ။

သင်​ ချစ်ရ​သူတွေကို ယေရှု ထမြောက်​ပေး​ချင်​တယ်။ ယေရှု မ​ငို​ခင်​လေးမှာ မာသကို “ခင်ဗျား​ရဲ့​ မောင် အသက်ပြန်ရှင်​လာမယ်” လို့ ပြော​တယ်။ ယေရှုကို မာသ ယုံတယ်။ (ယော. ၁၁:၂၃-၂၇) ယေဟောဝါရဲ့ သစ္စာရှိ​ ကျေးကျွန် ဖြစ်လို့ ဟိုးအရင်က ပရောဖက် ဧလိယ​နဲ့ ဧလိရှဲ ထမြောက်​ပေး​တဲ့ မှတ်တမ်းတွေကို မာသ သိထား​မှာ သေချာတယ်။ (၁ ဘု. ၁၇:၁၇-၂၄။ ၂ ဘု. ၄:၃၂-၃၇) ယေရှု ထမြောက်​ပေး​ခဲ့​တာတွေကို​လည်း ကြား​မှာပဲ။ (လု. ၇:၁၁-၁၅။ ၈:၄၁၊ ၄၂၊ ၄၉-၅၆) သင်လည်း သေဆုံး​သွားတဲ့ ချစ်ရ​သူတွေနဲ့ ပြန်​ဆုံ​ရမယ်ဆိုတာ စိတ်ချ​နိုင်တယ်။ သေဆုံး​သွား​သူတွေကို ယေရှု ပြန်ထ​မြောက်​ပေး​ချင်စိတ် ပြင်းပြ​နေတယ်​ဆိုတာ သူ့ရဲ့ မျက်​ရည်​တွေ​က သက်သေပါပဲ။

၉။ ဝမ်းနည်း​ကြေကွဲ​နေသူတွေကို ယေရှု​လို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ဥပမာ​ ပေး​ပါ။

ဝမ်းနည်း​ကြေကွဲ​နေသူတွေကို သင် ကူညီ​ပေး​နိုင်တယ်။ ယေရှုဟာ မာသ၊ မာရိနဲ့​အတူ ငိုကြွေး​ရုံ​သာမက သူတို့​ ပြော​တာ နားထောင်ပေး​ပြီး နှစ်သိမ့်မှု ဖြစ်စေ​တဲ့ စကား ပြော​တယ်။ ကျွန်တော်​တို့​လည်း အလားတူ လုပ်ဆောင်​နိုင်တယ်။ ဩစတြေးလျ​မှာ နေတဲ့ အကြီးအကဲ ညီအစ်ကို ဒန် ဒီလို​ပြော​တယ်– “ဇနီး သေဆုံး​သွား​လို့ အကူအညီ လို​နေတာ။ ဇနီး​မောင်နှံ အတော်များများ​က ကျွန်တော်​ ပြော​တာ​ကို နားထောင်​ပေးဖို့ အမြဲ အသင့်ရှိနေ​ကြတယ်။ ကျွန်တော် ဝမ်းနည်း​တာ၊ မျက်ရည်ကျ​တာတွေကို ကသိကအောက် မဖြစ်​ကြဘူး။ ကား​ဆေး​တာ၊ ဈေးဝယ်​တာ၊ ချက်ပြုတ်​တာ စ​တာ​တွေ မ​လုပ်နိုင်တဲ့ အခါ​မျိုး​တွေ​မှာ သူတို့ လာ​လုပ်ပေး​ကြတယ်။ ဒီ​နည်းတွေနဲ့ လက်တွေ့ကျကျ ကူညီ​ပေး​ကြတယ်။ ကျွန်တော်​နဲ့​အတူ မကြာခဏ ဆုတောင်း​ပေးတယ်။ ‘ဒုက္ခ​ရောက်ချိန်​မှာ အားကိုး​ရတဲ့’ မိတ်ဆွေ​တွေ၊ ညီအစ်ကို​တွေ​ပါ​ပဲ။”—ပညာ. ၁၇:၁၇

တခြား​သူတွေ​အတွက် ယေရှု မျက်ရည်ကျ

၁၀။ လုကာ ၁၉:၃၆-၄၀ မှာ ဘယ်​ဖြစ်ရပ်​အကြောင်း ပြော​ထား​သလဲ။

၁၀ အေဒီ ၃၃၊ နိသန်လ ၉ ရက်မှာ ဂျေရုဆလင်​မြို့ကို ယေရှု ရောက်​လာတယ်။ မြို့ထဲ​ ဝင်ခါနီးမှာ လူအုပ် စုရုံး​လာပြီး ယေရှုကို ဘုရင်​အဖြစ် ကြိုဆို​ဖို့ လမ်းပေါ် ဝတ်ရုံ​တွေ ဖြန့်​ခင်း​ကြတယ်။ တကယ့်ကို ပျော်ရွှင်စရာ အချိန်​ပါ​ပဲ။ (လုကာ ၁၉:၃၆-၄၀ ကို ဖတ်ပါ။) ဒါ​ကြောင့် ဆက်​ဖြစ်လာတဲ့​အရာ​ကို တပည့်​တွေ မျှော်လင့်​ထား​မှာ မဟုတ်ဘူး။ “ဂျေရုဆလင်​မြို့ ရောက်​ခါနီး​မှာ ယေရှု​က မြို့ကို​ ကြည့်​ပြီး ငိုတယ်။” ဂျေရုဆလင်​မြို့သားတွေ ကြုံ​ရတော့မယ့် ဘေးဆိုးတွေ​အကြောင်း ယေရှု မျက်ရည်ကျ​ရင်း ကြိုပြော​တယ်။—လု. ၁၉:၄၁-၄၄

၁၁။ ဂျေရုဆလင်​မြို့သားတွေ​အတွက် ယေရှု ဘာကြောင့် ငိုကြွေး​သလဲ။

၁၁ လူတွေ မိမိကို လှိုက်လှိုက်လှဲလှဲ ကြိုဆို​ပေမဲ့ အများစု​က နိုင်ငံတော်​သတင်းကို ငြင်းပယ်​မယ်​ဆိုတာ ယေရှု သိလို့ နာကျင်​ခံစား​ရတယ်။ အဲဒီလို ငြင်းပယ်​တဲ့ ရလဒ်အနေနဲ့ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရ​ပြီး အသက်ရှင်​ကျန်ရစ်​တဲ့ ဂျူးတွေ​လည်း သုံ့ပန်း​အဖြစ် ဖမ်း​ခေါ်သွား​ခံရ​မယ်။ (လု. ၂၁:၂၀-၂၄) ယေရှု မျှော်လင့်​ထား​တဲ့​အတိုင်း ဂျူး​အများစု ယေရှုကို ငြင်းပယ်​ကြတယ်။ သင်​ နေထိုင်တဲ့ ဒေသမှာ​ကော သတင်းတရားကို လူတွေ ဘယ်လို တုံ့ပြန်​နေကြ​သလဲ။ လက်ခံသူ နည်းနည်း​ပဲ ရှိတယ်ဆိုရင် ယေရှု​ ကျ​တဲ့ မျက်ရည်​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ နောက်ထပ် သင်ခန်းစာ သုံးခု​ကို လေ့လာ​ကြည့်​ပါ။

၁၂။ လူတွေ​အတွက် ယေရှု ကျ​တဲ့ မျက်ရည်​ကနေ ယေဟောဝါ​အကြောင်း ဘာသိ​နိုင်​သလဲ။

၁၂ လူတွေကို ယေဟောဝါ ဂရုစိုက်​တယ်။ လူတွေကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်​ကြောင်း ယေရှုရဲ့ မျက်ရည်​က သတိ​ရစေတယ်။ ‘ဘုရားသခင်​က ဘယ်သူ့ကိုမှ မပျက်စီး​စေ​ချင်ဘူး။ လူအားလုံးကို နောင်တ​ရစေ​ချင်​တယ်။’ (၂ ပေ. ၃:၉) ဒီနေ့လည်း သတင်းကောင်း သိလာအောင် လူတွေကို ကျွန်တော်​တို့ ကိုယ်ကျိုး​စွန့် ကူညီ​ပေးခြင်း​အားဖြင့် ချစ်​ကြောင်း ပြ​နိုင်တယ်။—မ. ၂၂:၃၉

ယေရှု​လို​ပဲ သင့်ရဲ့ ဟောပြောခြင်း​ဇယား​ကို ပြုပြင်​ပြောင်းလဲ​ပါ (စာပိုဒ် ၁၃-၁၄ ကို ကြည့်​ပါ) *

၁၃-၁၄။ လူတွေကို ယေရှု ထောက်ထား​စာနာမှု ဘယ်လို ပြသ​လဲ။ အဲဒီ​အရည်အသွေးကို ဘယ်လို မွေးမြူ​နိုင်​သလဲ။

၁၃ အမှုဆောင်​လုပ်ငန်းမှာ ယေရှု ကြိုးစား​လုပ်ဆောင်တယ်။ အခွင့်အရေး မှန်သမျှ သုံးပြီး လူတွေကို သွန်သင်​ပေးခြင်း​အားဖြင့် ယေရှု မေတ္တာ ပြ​တယ်။ (လု. ၁၉:၄၇၊ ၄၈) ဘာက လှုံ့ဆော်ပေး​သလဲ။ လူတွေကို သနား​လို့​ပဲ။ ယေရှုရဲ့ စကား​ကို နားထောင်ချင်​သူတွေ များ​လွန်းလို့ ယေရှုနဲ့ တပည့်​တွေ “အစာ​စားချိန်​တောင် မရှိ” တဲ့​အထိ ဖြစ်​တဲ့​အချိန်တွေ ရှိတယ်။ (မာ. ၃:၂၀) နားထောင်​သူတွေ​အတွက် ပို​အဆင်ပြေ​ဖို့​ဆိုရင် ညဘက်​မှာ​တောင် ယေရှု လိုလိုလားလား အချိန်​ပေးတယ်။ (ယော. ၃:၁၊ ၂) အများစုက ယေရှု​စကား​ကို အစပိုင်း​မှာ နားထောင်​ပေမဲ့ တပည့် ဖြစ်​မလာကြဘူး။ သူတို့​အားလုံး ယေရှု​ ပြော​တာ​ကို​တော့ ကောင်းကောင်း ကြား​ခဲ့​ကြတယ်။ ဒီနေ့လည်း သတင်းကောင်း​ ကြား​ဖို့ လူတိုင်းကို ကျွန်တော်​တို့ အခွင့်အရေး ပေး​ကြတယ်။ (တ. ၁၀:၄၂) အဲဒီလို ဖြစ်​နိုင်​ဖို့ ဟောပြော​နည်း ပြောင်း​ဖို့ လို​တဲ့​အခါ​တွေ ရှိ​နိုင်တယ်။

၁၄ လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​ဖို့ လိုလိုလားလား ရှိပါ။ အမှုဆောင်​လုပ်ငန်းမှာ အချိန် မ​ပြောင်း​ဘူးဆို​ရင် သတင်းကောင်း လက်ခံမယ့်​သူတွေကို မ​တွေ့​နိုင်​ဘဲ ဖြစ်​သွားမယ်။ ရှေ့ဆောင် ညီအစ်မ မာ​တီး​ဒါ ဒီလို​ပြော​တယ်– “ကျွန်မတို့ ဇနီး​မောင်နှံ လူတွေကို တွေ့​ဖို့ အချိန်​ပြောင်း​ပြီး သွား​ကြည့်​တယ်။ မနက်စောစော​ပိုင်း​တွေ​ဆိုရင် စီးပွားရေး​ ရပ်ကွက်မှာ သက်သေခံ​တယ်။ နေ့လယ်​ပိုင်း​တွေ​ဆိုရင် လမ်းပေါ် လူ​အသွားအလာ များ​လို့ အများရှေ့ သက်သေခံ​တယ်။ ညနေပိုင်း​တွေ​ဆိုရင် လူတွေကို အိမ်မှာ ပို​တွေ့ရ​တယ်။” ကိုယ်​အဆင်ပြေမယ့်​အ​ချိန်​မှာပဲ ဟောမယ့်​အစား လူတွေကို ပို​တွေ့​နိုင်​မယ့်​အချိန်မှာ ဟော​ဖို့ ကိုယ့်​ဇယား​ကို ပြုပြင်​ပြောင်းလဲ​ချင်စိတ် ရှိရမယ်။ ဒါဆိုရင် ယေဟောဝါ ကျေနပ်​နှစ်သက်မှာ သေချာတယ်။

ဖခင်​ရဲ့ နာမည်​အတွက် ယေရှု မျက်ရည်ကျ

စိတ်ပျက်​အားငယ်​တဲ့​အခါ ယေရှု​လို​ပဲ အသနားခံ​ဆုတောင်း​ပါ (စာပိုဒ် ၁၅-၁၇ ကို ကြည့်​ပါ) *

၁၅။ လုကာ ၂၂:၃၉-၄၄ အရ ယေရှုရဲ့ မြေကြီး​အသက်တာ နောက်ဆုံး​ည​မှာ ဘာဖြစ်​သလဲ။

၁၅ အေဒီ ၃၃၊ နိသန်လ ၁၄ ရက် ည​မှာ ဂေသရှေမန်​ ဥယျာဉ်​ကို ယေရှု သွားတယ်။ ယေဟောဝါ​ဆီ ရင်ဖွင့်​ဆုတောင်း​တယ်။ (လုကာ ၂၂:၃၉-၄၄ ကို ဖတ်ပါ။) အဲဒီအချိန်မှာ​ပဲ “မျက်ရည်ကျ​ပြီး အသနားခံ ဆုတောင်း​ခဲ့” တာ ဖြစ်တယ်။ (ဟီ. ၅:၇) မသေဆုံးခင် နောက်ဆုံး​ည​မှာ ယေရှု ဘာ​အတွက် ဆုတောင်း​သလဲ။ ယေဟောဝါ​အပေါ် သစ္စာ​စောင့်သိ​နိုင်​ဖို့၊ အလိုတော် ထမ်းဆောင်​နိုင်​ဖို့ ခွန်အား​ပေး​ပါ​ဆိုပြီး ဆုတောင်း​တယ်။ သားတော်ရဲ့ ပြင်းပြ​တဲ့ ဆုတောင်းချက်​ကို ယေဟောဝါ ကြား​ပြီး အားပေးဖို့ ကောင်းကင်တမန်​တစ်ပါး စေလွှတ်​ပေးတယ်။

၁၆။ ဂေသရှေမန်​ ဥယျာဉ်​မှာ ဆုတောင်း​ရင်း ယေရှု ဘာကြောင့် စိတ်သောက​ရောက်နေ​သလဲ။

၁၆ ဘုရား​ကို စော်ကား​ပြောဆိုသူ​အဖြစ် ယူဆ​ခံရ​မှာ​ကို စိတ်​သောကရောက်​ပြီး ဂေသရှေမန်​ ဥယျာဉ်​မှာ ယေရှု ဆုတောင်း​ရင်း ငိုကြွေး​တယ်။ ဖခင်​နာမည် သံသယ​ ကင်းရှင်း​စေ​ရမယ်ဆို​တဲ့ တာဝန်​ကြီး ရထားတာ​ကိုလည်း သိတယ်။ ယေဟောဝါ​အပေါ် သစ္စာစောင့်သိမှု စမ်းသပ်​ခံရ​တဲ့ အခြေအနေ​မျိုး ရင်ဆိုင်​ရတဲ့အခါ ယေရှု​ ကျ​တဲ့ မျက်ရည်​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ နောက်ထပ် သင်ခန်းစာ သုံးခု​ကို ဆွေးနွေး​ကြည့်​ကြ​စို့။

၁၇။ ယေရှုရဲ့ ပြင်းပြင်းပြပြ ဆုတောင်းချက်​ကနေ ယေဟောဝါ​အကြောင်း ဘာ​သိရသလဲ။

၁၇ သင့်​အသနားခံ​ ဆုတောင်းချက်​ကို ယေဟောဝါ နားထောင်​ပေးတယ်။ ယေရှုရဲ့ ပြင်းပြင်းပြပြ ဆုတောင်းချက်​ကို ယေဟောဝါ နားထောင်​ပေးတယ်။ ဘာကြောင့်လဲ။ ယေရှု​အတွက် အရေးကြီးဆုံး​က ဖခင်​အပေါ် သစ္စာ​စောင့်သိ​ဖို့၊ ဖခင်​နာမည် သံသယ​ ကင်းရှင်း​ဖို့ ဖြစ်လို့​ပဲ။ ကျွန်တော်​တို့အတွက်​လည်း အဲဒါ အရေးကြီးဆုံး ဖြစ်​မယ်​ဆိုရင် အကူအညီ​ ရဖို့ ဆုတောင်း​တဲ့​အခါ ယေဟောဝါ ဖြေပေး​ပါ​လိမ့်မယ်။—ဆာ. ၁၄၅:၁၈၊ ၁၉

၁၈။ ယေရှုဟာ စာနာ​နားလည်​တတ်​တဲ့ မိတ်ဆွေ​နဲ့ ဘယ်လို တူ​သလဲ။

၁၈ သင့်​ခံစားချက်​ကို ယေရှု နားလည်တယ်။ စိတ်ပျက်​အားငယ်​ချိန်မှာ ကိုယ့်​လို အခက်အခဲ ရင်ဆိုင်​ဖူး​တဲ့ မိတ်ဆွေ​ဆီက အားပေး​နှစ်သိမ့်မှု ရတဲ့အခါ စိတ်သက်သာရာ​ ရ​ကြတယ်။ ယေရှုဟာ အဲဒီလို မိတ်ဆွေမျိုး ဖြစ်တယ်။ အားနည်းတဲ့၊ အကူအညီ လို​နေတဲ့ ခံစားချက်​ကို ယေရှု သိတယ်။ ကျွန်တော်​တို့​ရဲ့ အားနည်းချက်တွေကို ကောင်းကောင်း​ သိတယ်။ ဒါ​ကြောင့် “အကူအညီ လိုအပ်ချိန်” အတိအကျ​မှာ ကူညီ​ထောက်မ​ပေး​ပါ​လိမ့်မယ်။ (ဟီ. ၄:၁၅၊ ၁၆) ဂေသရှေမန်​ ဥယျာဉ်​မှာ ကောင်းကင်တမန်​ရဲ့ အကူအညီကို ယေရှု လက်ခံခဲ့​သလို ကျွန်တော်​တို့​လည်း ယေဟောဝါရဲ့ အကူအညီကို လက်ခံဖို့ လိုလိုလားလား ရှိ​သင့်တယ်။ အဲဒီ​အကူအညီ​တွေ​က စာအုပ်​စာပေ၊ ဗီဒီယို၊ ဟောပြောချက်၊ အကြီးအကဲ ဒါမှ​မဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေရဲ့ လည်ပတ်​အားပေးမှု စတဲ့ ပုံစံ​အမျိုးမျိုးနဲ့ လာနိုင်တယ်။

၁၉။ ဘုရား​အပေါ် သစ္စာစောင့်သိမှု စမ်းသပ်ခံ​နေ​ရတယ်​ဆိုရင် ဘယ်လို ခွန်အား​ရနိုင်မလဲ။ ဥပမာ​ ပေး​ပါ။

၁၉ သင့်ကို ယေဟောဝါ “ငြိမ်သက်ခြင်း” ပေး​မယ်။ ဘယ်​နည်းနဲ့လဲ။ ကျွန်တော်​တို့ ဆုတောင်း​တဲ့​အခါ “လူ့​ဉာဏ်​နဲ့​ မမီ​နိုင်​တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ရမယ်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါ​ ပေး​တဲ့ ငြိမ်သက်ခြင်း​က စိတ်နှလုံး​နဲ့ အတွေးအခေါ်ကို တည်ငြိမ်​စေတယ်။ ညီအစ်မ လု​ဇ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ “အထီးကျန်​စိတ်​ကို တိုက်လှန်​နေ​ရတယ်။ အဲဒီလို ခံစားချက်​ကြောင့် တစ်ခါ​တ​လေ ကျွန်မ​ကို ယေဟောဝါ မချစ်​ဘူးလို့ ထင်​မိတယ်။ အဲဒီအခါမျိုးမှာ ယေဟောဝါ​ကို ချက်ချင်း ပြောပြ​တယ်။ ဆုတောင်း​တာ​က ခံစားချက်​တွေ​ကို ထိန်းချုပ်​နိုင်​ဖို့ ကူညီ​ပေးတယ်” လို့ ပြော​တယ်။ ဒီ​ညီအစ်မရဲ့ အဖြစ်​က ဖော်ပြ​တဲ့​အတိုင်း ဆုတောင်းခြင်း​အားဖြင့် စိတ်​ငြိမ်သက်မှု ရနိုင်တယ်။

၂၀။ ယေရှု​ ကျ​ခဲ့​တဲ့ မျက်ရည်တွေ​ကနေ ဘာ​သင်ခန်းစာ​တွေ ရသလဲ။

၂၀ ယေရှု​ ကျ​ခဲ့​တဲ့ မျက်ရည်တွေ​ကနေ သင်ယူ​ရတဲ့ လက်တွေ့ကျ သင်ခန်းစာ​တွေ​ပါ​ပဲ။ ဝမ်းနည်း​နေတဲ့ မိတ်ဆွေတွေကို ထောက်မ​ဖို့၊ ချစ်ရသူ​တစ်ယောက် သေဆုံး​သွားတဲ့အခါ ယေဟောဝါ​နဲ့ ယေရှု ကူညီ​ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​နေဖို့ ကျွန်တော်​တို့ သတိပေး​ခံ​ကြရတယ်။ ယေဟောဝါ​ဘုရား​နဲ့ ယေရှုရဲ့ ထောက်ထား​စာနာမှု​က ဟောပြော​သွန်သင်ရာ​မှာ ထောက်ထား​စာနာမှု ရှိဖို့ လှုံ့ဆော်​ပေးတယ်။ ကျွန်တော်​တို့​ရဲ့ ခံစားချက်​တွေ​ကို ယေဟောဝါ​နဲ့ သားတော် နားလည်​ပေး​ကြောင်း၊ အားနည်းချက်တွေကို စာနာ​ပေး​ကြောင်း၊ ခံရပ်​နိုင်အောင် ကူညီ​ပေး​ချင်​ကြောင်း သိရလို့ နှစ်သိမ့်မှု ရ​ကြတယ်။ “မျက်ရည်​ရှိသမျှကို” ယေဟောဝါ “သုတ်​ပေး” မယ့်​နေ့ ရောက်တဲ့​အထိ သိလာတာတွေကို ဆက်​ကျင့်သုံး​ကြပါစို့။—ဗျာ. ၂၁:၄

သီချင်း ၁၂၀ ခရစ်တော်​ရဲ့ နူးညံ့မှု​ကို တုပ​ကြ

^ အပိုဒ်၊ 5 မျက်ရည်ကျ​တဲ့​အထိ စိတ်​မကောင်း​ဖြစ်​တဲ့ အချိန်တွေ ယေရှု ကြုံဖူး​တယ်။ အဲဒီလို အချိန်​အခါ သုံးခု​အကြောင်း၊ ယေရှု မျက်ရည်ကျ​တာ​ကနေ ဘာ​သင်ခန်းစာ​တွေ သင်ယူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 1 အမည်​လွှဲ​များ။

^ အပိုဒ်၊ 57 ပုံ​အညွှန်း– မာရိနဲ့ မာသကို ယေရှု နှစ်သိမ့်​ပေး​နေ။ ချစ်ရသူ သေဆုံး​သွား​လို့ ဝမ်းနည်း​နေသူတွေကို ကျွန်တော်​တို့​လည်း နှစ်သိမ့်​ပေး​နိုင်။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– နိကောဒင်​ကို ယေရှု ညဘက်​မှာ လိုလိုလားလား သွန်သင်ပေး​နေ။ ကျွန်တော်​တို့​လည်း လူတွေ အဆင်ပြေမယ့်​အချိန်မှာ ကျမ်းစာ​သင်ပေး​သင့်။

^ အပိုဒ်၊ 61 ပုံ​အညွှန်း– ယေဟောဝါ​အပေါ် ဆက်​သစ္စာ​စောင့်သိ​နိုင်အောင် ခွန်အား​ပေးဖို့ ယေရှု ဆုတောင်း။ စမ်းသပ်​ခံရ​ချိန်မှာ ကျွန်တော်​တို့​လည်း အဲဒီလို ဆုတောင်း​ရမယ်။