လေ့လာရန် ဆောင်းပါး ၁
‘ယေဟောဝါကို ရှာတဲ့သူတွေက ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး’
၂၀၂၂ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်– ‘ယေဟောဝါကို ရှာတဲ့သူတွေက ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး။’—ဆာ. ၃၄:၁၀။
သီချင်း ၄ “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”
အကြိုသုံးသပ်ချက် *
၁။ ဒါဝိဒ် ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရသလဲ။
ဒါဝိဒ်ဟာ အစ္စရေးဘုရင် ရှောလု လိုက်သတ်လို့ အသက်လုပြေးနေရတယ်။ နောဗမြို့ကို ရောက်တော့ အစားအစာ လိုနေလို့ ပုရောဟိတ်ဆီက မုန့်ငါးလုံး တောင်းခဲ့တယ်။ (၁ ရှ. ၂၁:၁၊ ၃) နောက်ပိုင်း၊ ဒါဝိဒ်နဲ့ လူတွေ လိုဏ်ဂူတစ်ခုမှာ ခိုလှုံကြတယ်။ (၁ ရှ. ၂၂:၁) ဒါဝိဒ် ဘယ်လိုလုပ်ပြီး ဒီလိုဘဝမျိုး ရောက်သွားရတာလဲ။
၂။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ရှိတဲ့ အခြေအနေ ရောက်အောင် ရှောလု ဘာလုပ်သလဲ။ (၁ ရှမွေလ ၂၃:၁၆၊ ၁၇)
၂ ဒါဝိဒ် နာမည်ကြီးလာတာ၊ အောင်ပွဲတွေ ရလာတာကို ရှောလု အကြီးအကျယ် မနာလို ဖြစ်တယ်။ ကိုယ်တိုင်ရဲ့ မနာခံမှုကြောင့် အစ္စရေး ဘုရင်အဖြစ်ကနေ ယေဟောဝါ ငြင်းပယ်ပြီး ဒါဝိဒ်ကို ထီးနန်းပေးဖို့ ရွေးချယ်ထားကြောင်းလည်း သိတယ်။ (၁ ရှမွေလ ၂၃:၁၆၊ ၁၇ ကို ဖတ်ပါ။) အစ္စရေးဘုရင် ဖြစ်လို့ ရှောလုမှာ စစ်တပ်နဲ့ ထောက်ခံသူများစွာ ရှိတယ်။ ဒါကြောင့် ဒါဝိဒ် အသက်လု ပြေးခဲ့ရတာ။ ဒါဝိဒ်ကို ထီးနန်းအပ်မယ်ဆိုတဲ့ ဘုရားရည်ရွယ်ချက်ကို ဖျက်နိုင်မယ်လို့ ရှောလု တကယ် ထင်နေသလား။ (ဟေရှာ. ၅၅:၁၁) ကျမ်းစာမှာ မပြောထားပေမဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ရှိတဲ့ အခြေအနေ ရောက်အောင် လုပ်နေတာတော့ သေချာတယ်။ ဘုရားကို ဆန့်ကျင်တိုက်ခိုက်သူတွေ အမြဲ ရှုံးမှာပဲ။
၃။ ဒုက္ခရောက်နေပေမဲ့ ဒါဝိဒ် ဘယ်လို သဘောထားရှိသလဲ။
၃ ဒါဝိဒ်ဟာ ရည်မှန်းချက် ကြီးသူ မဟုတ်ဘူး။ အစ္စရေးဘုရင် ဖြစ်ဖို့ ကိုယ်တိုင် ရွေးချယ်တာ မဟုတ်ဘဲ ယေဟောဝါ ရွေးချယ်တာ။ (၁ ရှ. ၁၆:၁၊ ၁၂၊ ၁၃) ဒါဝိဒ်ကို ရှောလု ရန်သူလို သဘောထားလာတယ်။ ဒါပေမဲ့ ဒီလို အန္တရာယ် ကြုံရလို့ ယေဟောဝါ ကို ဒါဝိဒ် အပြစ်မတင်ဘူး။ မဝရေစာ စားပြီး လိုဏ်ဂူထဲ ခိုအောင်းရလို့ မညည်းညူဘူး။ အဲဒီအစား လှပတဲ့ ချီးမွမ်းသီချင်းတောင် စပ်ဆိုခဲ့တာ ဒီလိုဏ်ဂူထဲ ပုန်းနေတုန်းမှာ ဖြစ်နိုင်တယ်။ အဲဒီသီချင်းထဲမှာ ဒီဆောင်းပါးရဲ့ အဓိက ကျမ်းချက် ဖြစ်တဲ့ ‘ယေဟောဝါကို ရှာတဲ့သူတွေက ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး’ ဆိုတဲ့ စာသားတွေ ပါဝင်တယ်။—ဆာ. ၃၄:၁၀။
၄။ ဘယ်မေးခွန်းတွေ ဆွေးနွေးကြမလဲ။ ဘာကြောင့် အရေးကြီးသလဲ။
၄ ဒီနေ့လည်း ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ အစားအစာ ရှားပါးတာ၊ တခြား အခြေခံ လိုအပ်ရာတွေ မရှိတာမျိုး ကြုံရနိုင်တယ်။ * အထူးသဖြင့် ကပ်ရောဂါကာလအတွင်းမှာ ဖြစ်တယ်။ “ကြီးစွာသောဒုက္ခ” နီးလေ ပိုခက်ခဲလေ ဖြစ်လိမ့်မယ်။ (မ. ၂၄:၂၁) ဒါကြောင့် မေးခွန်း လေးခုကို သုံးသပ်ကြည့်ရအောင်။ ဘယ်လိုသဘောနဲ့ ဒါဝိဒ်မှာ ‘ကောင်းမွန်ရာတစ်ခုမှ မချို့တဲ့’ သလဲ။ ရောင့်ရဲတတ်ဖို့ ဘာကြောင့် သင်ယူရမလဲ။ ယေဟောဝါ ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ အနာဂတ်အတွက် အခုကတည်းက ဘယ်လို အသင့်ပြင်နိုင်သလဲ။
“လိုလေသေးမရှိ ငါပြည့်စုံနေတာ”
၅-၆။ ယေဟောဝါရဲ့ ကျေးကျွန်တွေ “ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး” လို့ ဒါဝိဒ် ပြောတာကို နားလည်ဖို့ ဆာလံ ၂၃:၁-၆ က ဘယ်လို ကူညီပေးသလဲ။
၅ ယေဟောဝါရဲ့ ကျေးကျွန်တွေ “ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး” လို့ ဒါဝိဒ် ပြောတာ ဘာကို ဆိုလိုသလဲ။ နားလည်ဖို့ ဆာလံ ၂၃ မှာ ပါတဲ့ အလားတူ အသုံးအနှုန်းကို လေ့လာကြည့်ရအောင်။ (ဆာလံ ၂၃:၁-၆ ကို ဖတ်ပါ။) “ယေဟောဝါဟာ ငါ့သိုးထိန်းပါ။ လိုလေသေးမရှိ ငါပြည့်စုံနေတာ” ဆိုတဲ့ စကားတွေနဲ့ ဆာလံ ၂၃ ကို ဒါဝိဒ် အစပြုထားတယ်။ နောက်အခန်းငယ်တွေမှာ ယေဟောဝါကို သိုးထိန်းအဖြစ် လက်ခံလို့ ရလာတဲ့ ကောင်းချီးတွေအကြောင်း ပြောတယ်။ “ဖြောင့်မတ်ခြင်းလမ်းထဲ” ယေဟောဝါ ဦးဆောင်ခေါ်သွားတယ်။ အခြေအနေ ကောင်းနေချိန်မှာရော ဒုက္ခရောက်ချိန်တွေမှာပါ ဒါဝိဒ်ကို သစ္စာရှိရှိ ထောက်မပေးတယ်။ ယေဟောဝါရဲ့ “စိမ်းစိုတဲ့ စားကျက်တွေ” ထဲ နားနေချိန်မှာ ဘာဒုက္ခမှ မရှိကြောင်း ဒါဝိဒ် အသိအမှတ်ပြု တယ်။ “မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်ရ” သလို စိတ်ဓာတ်ကျချိန်တွေ၊ ရန်သူ ဝိုင်းနေချိန်တွေ ရှိပေမဲ့ သိုးထိန်းအဖြစ် ယေဟောဝါ အတူရှိနေလို့ ဒါဝိဒ် “ဘာအန္တရာယ်မှ မကြောက်ဘူး။”
၆ ဒါဆိုရင် ဘယ်လိုသဘောနဲ့ ဒါဝိဒ်မှာ ‘ကောင်းမွန်ရာတစ်ခုမှ မချို့တဲ့’ သလဲ။ အဖြေကတော့ ယေဟောဝါနဲ့ ရင်းနှီးနေဖို့ လိုအပ်တာ မှန်သမျှ ရရှိထားတယ် ဆိုတာပဲ။ ဒါဝိဒ်ရဲ့ ပျော်ရွှင်မှုဟာ ရုပ်ပစ္စည်းပေါ် မမူတည်ဘူး။ ယေဟောဝါ ပြင်ဆင်ပေးသမျှနဲ့ ကျေနပ်ရောင့်ရဲတယ်။ ဘုရားကောင်းချီးနဲ့ ကာကွယ်မှုကသာ ဒါဝိဒ်အတွက် အရေးကြီးဆုံး ဖြစ်တယ်။
၇။ လုကာ ၂၁:၂၀-၂၄ အရ ယုဒပြည်က ပထမရာစု ခရစ်ယာန်တွေ ဘယ်ခက်ခဲတဲ့ အခြေအနေ ကြုံရသလဲ။
၇ ရုပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သဘောထားမှန် ရှိဖို့ အလွန် အရေးကြီးကြောင်း ဒါဝိဒ်ရဲ့ စကားတွေကနေ သိနိုင်တယ်။ ကိုယ့်မှာ ရှိထားတာတွေကို ပျော်မွေ့ခံစားနိုင်ပေမဲ့ အဲဒါတွေကို အဓိက မထားသင့်ဘူး။ အဲဒီအမှန်တရားကို ယုဒပြည်မှာ နေတဲ့ ပထမရာစု ခရစ်ယာန်တွေ နားလည်လာတယ်။ (လုကာ ၂၁:၂၀-၂၄ ကို ဖတ်ပါ။) ဂျေရုဆလင်မြို့ကို “စစ်တပ်ဝိုင်းရံ” မယ့်အချိန် ရောက်လာမယ်လို့ ယေရှု သတိပေးတယ်။ အဲဒီအခါ “တောင်ပေါ်ကို ပြေး” ရမယ်။ ပြေးမှ ကယ်တင်ခံရမယ်။ ဒါပေမဲ့ တော်တော်တော့ စွန့်စားရမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကင်းမျှော်စင် * မှာ ဒီလိုရေးတယ်– “သူတို့သည် လယ်ယာအိုးအိမ်များကို စွန့်ခဲ့ကြပြီး သူတို့အိမ်ထဲရှိ ပစ္စည်းများကိုပင် မစုသိမ်းခဲ့ကြချေ။ ယေဟောဝါ၏ ကာကွယ်မှုနှင့် ထောက်မကူညီမှုကို ရမည်ဟု စိတ်ချကာ အရေးကြီးဟန်ရှိသည့် အရာမှန်သမျှထက် ကိုယ်တော့်ဝတ်ပြုရေးကို အဓိကထားခဲ့ကြသည်။”
၈။ ယုဒပြည်က ပထမရာစု ခရစ်ယာန်တွေဆီကနေ ဘယ်အရေးကြီး သင်ခန်းစာ သင်ယူနိုင်သလဲ။
၈ ယုဒပြည်က ပထမရာစု ခရစ်ယာန်တွေဆီကနေ ဘယ်အရေးကြီး သင်ခန်းစာ သင်ယူနိုင်သလဲ။ အထက်စာပိုဒ်မှာ ဖော်ပြတဲ့ ကင်းမျှော်စင် မှာ ဒီလိုဆက်ပြောတယ်– “အနာဂတ်တွင် ရုပ်ပစ္စည်းများကို ကျွန်ုပ်တို့ ရှုမြင်ပုံနှင့်ပတ်သက်၍ စမ်းသပ်မှု ရှိနိုင်ပေသည်။ ၎င်းတို့သည် သင့်အတွက် အရေးအပါဆုံးအရာ ဖြစ်သလော။ သို့မဟုတ် ဘုရားသခင့်ဘက် ရပ်တည်ကြသူအားလုံး ကယ်တင်ခြင်း ရဖို့ ပိုအရေးကြီးသလော။ မှန်ပါသည်၊ ကျွန်ုပ်တို့ ထွက်ပြေးနေကြစဉ် အခက်အခဲများနှင့် ဆင်းရဲမှုများ ကြုံတွေ့ကြရပေမည်။ ယုဒပြည်နယ်မှ ယော်ဒန်မြစ်ကို ဖြတ်၍ ပေရိယနယ်သို့ ထွက်ပြေးခဲ့ကြရသည့် ပထမရာစုရှိ ကျွန်ုပ်တို့နှင့် အခြေအနေတူသူများကဲ့သို့ လိုအပ်သမျှကို လုပ်ဆောင်ကြရန် အသင့်ရှိနေရပါလိမ့်မည်။”
၉။ ဟီဘရူး ခရစ်ယာန်တွေကို ပေးတဲ့ တမန်တော် ပေါလုရဲ့ အကြံဉာဏ်ကနေ ဘယ်အားပေးမှု ရသလဲ။
၉ ရှိသမျှ အကုန် ထားခဲ့ပြီး နေရာသစ်မှာ ဘဝကို ပြန်စဖို့ ဘယ်လောက် ခက်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အခြေခံ လိုအပ်ရာတွေအတွက် ယေဟောဝါကို အားကိုးဖို့ ယုံကြည်ခြင်း လိုတယ်။ ဒါပေမဲ့ ကူကယ်ရာမဲ့တော့ မဟုတ်ပါဘူး။ ဂျေရုဆလင်ကို ရောမတွေ မဝိုင်းခင် ငါးနှစ်အလိုမှာ ဟီဘရူး ခရစ်ယာန်တွေကို တမန်တော် ပေါလု ဒီလိုအကြံပေးတယ်– “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။ ‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ဘုရားသခင် ပြောထားတာပဲ။ ဒါကြောင့် ‘ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။” (ဟီ. ၁၃:၅၊ ၆) ပေါလုရဲ့ အဲဒီအကြံဉာဏ်ကို နှလုံးသွင်းထားသူတွေဟာ နေရာသစ်မှာ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ဖို့၊ နေသားကျဖို့ ပိုလွယ်တယ်။ အခြေခံ လိုအပ်ရာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချကြတယ်။ အလားတူ စိတ်ချမှုမျိုး ရှိနိုင်ဖို့ ပေါလုရဲ့ စကားတွေက ကျွန်တော်တို့ကိုလည်း ကူညီပေးတယ်။
“ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်”
၁၀။ ဘယ် “လျှို့ဝှက်ချက်” အကြောင်း ပေါလု ပြောသလဲ။
၁၀ တိမောသေကိုလည်း ပေါလု အဲဒီလိုပဲ အကြံပေးတယ်– “ဒါကြောင့် စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။” အဲဒါ ကျွန်တော်တို့နဲ့လည်း သက်ဆိုင်တယ်။ (၁ တိ. ၆:၈) စားကောင်းသောက်ဖွယ်တွေ စားတာ၊ အိမ်ကြီးအိမ်ကောင်းနဲ့ နေတာ၊ အဝတ်အစားသစ်တွေ မကြာခဏ ဝယ်တာ မှားတယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ကိုယ့်မှာ ရှိထားတာနဲ့ ရောင့်ရဲသင့်တယ်လို့ ပေါလု ပြောနေတာပါ။ (ဖိ. ၄:၁၂) အဲဒါ ပေါလုရဲ့ “လျှို့ဝှက်ချက်” ပဲ။ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်ရာဟာ ကိုယ့်မှာ ရှိထားတဲ့ ရုပ်ပစ္စည်းတွေ မဟုတ်ဘူး။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းပဲ။—ဟဗ. ၃:၁၇၊ ၁၈။
၁၁။ အစ္စရေးတွေကို ပြောတဲ့ မောရှေရဲ့ စကားကနေ ဘာသင်ယူနိုင်သလဲ။
၁၁ ကိုယ့်မှာ လိုအပ်နေတယ်လို့ ကိုယ်ထင်တာနဲ့ ယေဟောဝါ ထင်တာ ကွာခြားမှု ရှိနိုင်တယ်။ တောကန္တာရမှာ နှစ်ပေါင်း ၄၀ လှည့်လည်ပြီးနောက် အစ္စရေးတွေကို မောရှေ ဘာပြောကြောင်း စဉ်းစားကြည့်ပါ– “မင်းတို့ရဲ့ ဘုရား ယေဟောဝါက မင်းတို့ လုပ်သမျှကို ကောင်းချီးပေးခဲ့ပြီပဲ။ ဒီတောကန္တာရကြီးထဲမှာ မင်းတို့ သွားလာနေတာကိုလည်း ဂရုတစိုက် ကြည့်နေတယ်။ မင်းတို့ရဲ့ ဘုရား ယေဟောဝါက ဒီအနှစ် ၄၀ လုံး အတူရှိနေတဲ့အတွက် မင်းတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့ပြီ။” (တရား. ၂:၇) အဲဒီနှစ် ၄၀ အတွင်း အစ္စရေးတွေ စားဖို့ ယေဟောဝါ မန္နမုန့် ချပေးတယ်။ အီဂျစ်ပြည်ကနေ ထွက်လာတုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေလည်း မဟောင်းနွမ်းဘူး။ (တရား. ၈:၃၊ ၄) ဒီလောက်လေး ပဲလားလို့ တချို့ တွေးမိနိုင်ပေမဲ့ လိုတာမှန်သမျှ အစ္စရေးတွေ ရခဲ့တယ်လို့ မောရှေ ပြန်သတိပေးတယ်။ ကျွန်တော်တို့ ရောင့်ရဲတတ်ဖို့ သင်ယူမယ်၊ ဘုရား ပြင်ဆင်ပေးတဲ့ အသေးအမွှားလေးတွေကိုတောင် ကျေးဇူးတင်မယ်၊ ကောင်းချီးအဖြစ် သဘောထားပြီး ကျေးဇူးတင်ချီးမွမ်းမယ်ဆိုရင် ယေဟောဝါ နှစ်သက်ပါလိမ့်မယ်။
ယေဟောဝါ ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချပါ
၁၂။ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို ဒါဝိဒ် ယုံကြည်ကိုးစားကြောင်း ဘာက ပြသလဲ။
၁၂ ယေဟောဝါ သစ္စာရှိကြောင်း၊ မိမိကို ချစ်မြတ်နိုးသူတွေကို အလွန် ဂရုစိုက်စောင့်ရှောက်ကြောင်း ဒါဝိဒ် သိတယ်။ ဆာလံ ၃၄ ကို စပ်ဆိုချိန်မှာ အသက်အန္တရာယ် ကြုံနေရပေမဲ့ “ပတ်လည်မှာ ကောင်းကင်တမန် ခြံရံနေ” မှန်း ယုံကြည်ခြင်း မျက်စိနဲ့ မြင်တယ်။ (ဆာ. ၃၄:၇) ရန်သူကို အမြဲ စောင့်ကြည့်ဖို့ တပ်ချထားတဲ့ စစ်သားနဲ့ ယေဟောဝါရဲ့ ကောင်းကင်တမန်ကို ဒါဝိဒ် ခိုင်းနှိုင်းနေတာ ဖြစ်နိုင်တယ်။ ကိုယ်တိုင် ခွန်အားကြီးတဲ့ စစ်သား ဖြစ်ပြီး ယေဟောဝါကလည်း ဘုရင်အဖြစ် ဘိသိက်ပေးထားတယ်။ ဒါတောင် ကိုယ့်ရဲ့ လောက်လွှဲပစ်နိုင်စွမ်းကိုဖြစ်စေ၊ ဓားရေး ကျွမ်းကျင်မှုကိုဖြစ်စေ ဒါဝိဒ် အားမကိုးဘူး။ (၁ ရှ. ၁၆:၁၃။ ၂၄:၁၂) ဘုရားကို ယုံကြည်ကိုးစားတယ်။ ဘုရားကို ကြောက်ရွံ့သူတွေကို ကောင်းကင်တမန် “ကယ်တင်” မယ်ဆိုတာ စိတ်ချတယ်။ ဒီနေ့ခေတ်မှာ အံ့ဖွယ်နည်းနဲ့ ကာကွယ်မှု ရဖို့ ကျွန်တော်တို့ မမျှော်လင့်ဘူး။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားသူတွေရဲ့ ထာဝရ အနာဂတ်ကို ဘာကမှ မဖျက်ဆီးနိုင်ကြောင်း ကျွန်တော်တို့ စိတ်ချတယ်။
၁၃။ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်တဲ့အခါ ကျွန်တော်တို့ ဘာကြောင့် အကာအကွယ်မဲ့ပုံ ပေါက်နေမလဲ။ ကျွန်တော်တို့ ဘာကြောင့် မကြောက်သင့်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၃ မကြာခင် အနာဂတ်မှာ ယေဟောဝါရဲ့ ကာကွယ်နိုင်စွမ်းအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှု စမ်းသပ်ခံရပါလိမ့်မယ်။ နိုင်ငံပေါင်းစုံ စုပေါင်းထားတဲ့ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်တဲ့အခါ အသက်အန္တရာယ် ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ ကယ်တင်နိုင်ကြောင်း၊ ကယ်တင်မှာ ဖြစ်ကြောင်း ယုံကြည်စိတ်ချဖို့ လိုတယ်။ တိုင်းနိုင်ငံတွေအတွက်တော့ ကျွန်တော်တို့ဟာ အကာအကွယ်မဲ့ပုံ ပေါက်နေနိုင်တယ်။ (ယေဇ. ၃၈:၁၀-၁၂) လက်နက် မရှိ၊ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိလို့ လွယ်လွယ်လေးနဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်ကြလိမ့်မယ်။ ကျွန်တော်တို့ ယုံကြည်ခြင်း မျက်စိနဲ့ မြင်တာကို သူတို့ မမြင်ဘူး။ ကာကွယ်ဖို့ အသင့်အနေအထားနဲ့ ဘုရားလူမျိုးပတ်လည်မှာ ခြံရံနေတဲ့ ကောင်းကင်တမန်အုပ်စုကြီးပဲ။ ဒါကို တိုင်းနိုင်ငံတွေ ဘယ်လို မြင်နိုင်မှာလဲ။ ဘုရားကိုမှ မယုံကြည်ကြတာ။ ကျွန်တော်တို့ကို ကောင်းကင်စစ်တပ် လာကူတဲ့အခါ သူတို့ အကြီးအကျယ် အံ့ဩသွားကြပါလိမ့်မယ်။—ဗျာ. ၁၉:၁၁၊ ၁၄၊ ၁၅။
အနာဂတ်အတွက် အခုကတည်းက အသင့်ပြင်ထားပါ
၁၄။ အနာဂတ်အတွက် အခုကတည်းက ဘယ်လို အသင့်ပြင်နိုင်သလဲ။
၁၄ အနာဂတ်အတွက် အခုကတည်းက ဘယ်လို အသင့်ပြင်နိုင်သလဲ။ ရုပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သဘောထားမှန် ရှိဖို့၊ ကိုယ့်မှာ ရှိထားတာတွေ တစ်နေ့ ထားရစ်ခဲ့ရမယ်ဆိုတာ နားလည်ထားဖို့၊ ရှိတာနဲ့ ရောင့်ရဲဖို့ လိုတယ်။ ကိုယ်ပျော်ရွှင်ရတဲ့ အဓိက အကြောင်းရင်းက ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိထားလို့ပဲ ဖြစ်သင့်တယ်။ ဘုရားအကြောင်း ပိုသိလေ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်ချိန်မှာ ဘုရား ကာကွယ်ပေးနိုင်တယ်ဆိုတာ ပိုယုံကြည်စိတ်ချလေ ဖြစ်ပါလိမ့်မယ်။
၁၅။ ယေဟောဝါ အမြဲ ကူညီပေးမယ်ဆိုတာ ဘယ်အတွေ့အကြုံတွေကြောင့် ဒါဝိဒ် သိလာသလဲ။
၁၅ ဒါဝိဒ်ကို ကူညီပေးတဲ့အရာ ရှိသေးတယ်။ အဲဒါက ကျွန်တော်တို့ကိုလည်း စမ်းသပ်မှုတွေအတွက် အသင့်ပြင်နိုင်အောင် ကူညီပေးလိမ့်မယ်။ “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ဆာ. ၃၄:၈) ယေဟောဝါကို အားကိုးနိုင်တယ်ဆိုတာ ဒါဝိဒ် သိကြောင်း အဲဒီစကားတွေက ဖော်ပြတယ်။ ယေဟောဝါကို ဒါဝိဒ် အကြိမ်ကြိမ် အားကိုးတယ်။ ဘုရားလည်း အမြဲ ကူညီပေးတယ်။ လူငယ်ဘဝတုန်းက ဖိလိတိ လူထွားကြီး ဂေါလျတ်ကို ထွက်တိုက်ချိန်မှာ “ဒီနေ့ပဲ ယေဟောဝါဘုရားက ခင်ဗျားကို ကျွန်တော့်လက်ထဲ အပ်မယ်” လို့ ပြောတယ်။ (၁ ရှ. ၁၇:၄၆) နောက်ပိုင်း၊ ဘုရင် ရှောလုဆီ အမှုထမ်းချိန် ဒါဝိဒ်ကို သတ်ဖို့ ရှောလု အကြိမ်ကြိမ် ကြိုးစားတယ်။ ဒါပေမဲ့ ‘ဒါဝိဒ်နဲ့အတူ ယေဟောဝါ ရှိတယ်။’ (၁ ရှ. ၁၈:၁၂) အဲဒီလို ယေဟောဝါရဲ့ အကူအညီကို အရင်က ရရှိဖူးလို့ အခုလည်း ကူညီပေးမယ်ဆိုတာ ဒါဝိဒ် စိတ်ချတယ်။
ပါ” လို့ ဒါဝိဒ် ပြောတယ်။ (၁၆။ ယေဟောဝါ ကောင်းမြတ်ကြောင်း ဘယ်လို လက်တွေ့ကျနည်းတွေနဲ့ “မြည်းစမ်း” နိုင်သလဲ။
၁၆ အခုကတည်းက ယေဟောဝါကို ကျွန်တော်တို့ အားကိုးလေ အနာဂတ်မှာ ကူညီပေးမယ်ဆိုတာ ပိုစိတ်ချလေ ဖြစ်ပါလိမ့်မယ်။ အစည်းအဝေးကြီးအတွက် အလုပ်ရှင်ဆီ ခွင့်တောင်းဖို့၊ အစည်းအဝေး အားလုံး တက်နိုင်အောင်၊ အမှုဆောင်မှာ ပိုပါဝင်နိုင်အောင် အလုပ် အချိန်ဇယား ပြောင်းပေးပါလို့ တောင်းဆိုဖို့ ယေဟောဝါကို အားကိုးစိတ်နဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတယ်။ ကိုယ်တောင်းဆိုတာကို အလုပ်ရှင် ငြင်းလိုက်လို့ အလုပ်ပြုတ်သွားတယ် ဆိုရင်ကော။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ကြောင်း၊ အခြေခံ လိုအပ်ရာတွေကို အမြဲ ထောက်မပေးမှာ ဖြစ်ကြောင်း ယုံကြည်သလား။ (ဟီ. ၁၃:၅) အလိုအပ်ဆုံး အချိန်မှာ ယေဟောဝါ ကူညီပေးကြောင်း အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူများစွာ ကိုယ်တွေ့ ကြုံခဲ့ကြပြီ။ ယေဟောဝါဘုရား သစ္စာရှိတယ်။
၁၇။ ၂၀၂၂ အတွက် နှစ်ချုပ်ကျမ်းချက်က ဘာလဲ။ အဲဒီကျမ်းချက်ကို ရွေးတာ ဘာကြောင့် သင့်တော်သလဲ။
၁၇ ကျွန်တော်တို့ဘက်မှာ ယေဟောဝါသာ ရှိနေရင် ရှေ့မှာ ဘာတွေပဲ ကြုံရပါစေ ကြောက်စရာအကြောင်း မရှိဘူး။ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားနေသရွေ့ ဘုရား ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရှေ့မှာ ကြုံရမယ့် အခက်အခဲတွေအတွက် အခုကတည်းက အသင့်ပြင်ဆင်ဖို့၊ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ကြောင်း ယုံကြည်ကိုးစားဖို့ လိုတယ်။ အဲဒီအချက်ကို သတိပေးဖို့ ‘ယေဟောဝါကို ရှာတဲ့သူတွေက ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး’ ဆိုတဲ့ ဆာလံ ၃၄:၁၀ ကို ၂၀၂၂ အတွက် နှစ်ချုပ်ကျမ်းချက်အဖြစ် အုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်ထားတယ်။
သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား ရှိစေမယ်
^ အပိုဒ်၊ 5 ၂၀၂၂ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကို ‘ယေဟောဝါကို ရှာတဲ့သူတွေက ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး’ ဆိုတဲ့ ဆာလံ ၃၄:၁၀ ကနေ ကောက်နုတ်ထားတယ်။ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်များစွာဟာ ရုပ်ပစ္စည်း မချမ်းသာကြပါဘူး။ ဒါပေမဲ့ သူတို့မှာ ‘ကောင်းမွန်ရာတစ်ခုမှ မချို့တဲ့ဘူး’ လို့ ဘယ်လို ပြောနိုင်သလဲ။ ဒီအခန်းငယ်ရဲ့ အဓိပ္ပာယ်ကို နားလည်ခြင်းက အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင် ဘယ်လို အသင့်ပြင်ပေးနိုင်သလဲ။
^ အပိုဒ်၊ 4 ၂၀၁၄၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။
^ အပိုဒ်၊ 7 ၁၉၉၉၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင် စာ. ၁၉ ကို ကြည့်ပါ။
^ အပိုဒ်၊ 54 ပုံအညွှန်း– ဘုရင် ရှောလု ရန်ကနေ လွတ်အောင် လိုဏ်ဂူထဲ ပုန်းနေတုန်း ယေဟောဝါ ပြင်ဆင်ပေးတာတွေအတွက် ဒါဝိဒ် ကျေးဇူးတင်။
^ အပိုဒ်၊ 56 ပုံအညွှန်း– အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် သူတို့ စားဖို့ ယေဟောဝါ မန္နမုန့် ချပေး။ အဝတ်အစားတွေ မဟောင်းနွမ်းအောင်လည်း လုပ်ပေး။