မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၅

“အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ”

“အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ”

‘ဉာဏ်ပညာ​ မဲ့​သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာ​ ရှိသူတွေလို ကျင့်ကြံ​ပြုမူ​နေရဲ့လား​ဆိုတာ အထူး​သတိပြု​ကြ​ပါ။ အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။’—ဧ. ၅:၁၅၊ ၁၆

သီချင်း ၈ တို့​ခိုလှုံရာ ယေဟောဝါ

အကြို​သုံးသပ်ချက် *

၁။ ဘုရား​အတွက် ဘယ်လို အချိန်ပေး​နိုင်​သလဲ။

ကျွန်တော်​တို့​ဟာ ကိုယ်​ချစ်တဲ့​သူတွေနဲ့ အတူ​ရှိနေတာကို နှစ်သက်​ကြတယ်။ ဇနီး​မောင်နှံ​တွေ​ဟာ ညနေခင်း​မှာ အေးအေးဆေးဆေး အတူ​ရှိနေ​ရတာ၊ လူငယ်တွေလည်း ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းသင်း​ရတာ ကြိုက်​ကြတယ်။ ကျွန်တော်​တို့အားလုံး ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်း​ရတာ နှစ်သက်​ကြတယ်။ အရေးကြီးဆုံး​က​တော့ ဘုရား​နဲ့ အချိန်ပေး ပေါင်းသင်း​ရတာကို နှစ်သက်​ကြတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာ​ဖတ်ခြင်း၊ ဘုရား​ရဲ့ ရည်ရွယ်ချက်၊ အရည်အသွေးတွေကို တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် အဲဒီလို လုပ်ဆောင်ကြတယ်။ ဘုရား​အတွက် အချိန်ပေး​ရတာ တန်ဖိုး​အရှိဆုံး​ပါ​ပဲ။—ဆာ. ၁၃၉:၁၇

၂။ ဘယ်လို အခက်အခဲ​တွေ ရင်ဆိုင်​နေရ​သလဲ။

ဘုရား​အတွက် အချိန်ပေး​ရတာကို နှစ်သက်ပေမဲ့ အခက်အခဲ​တွေ​တော့ ရှိတယ်။ အလုပ်များ​လို့ ဘုရားရေးရာ​အတွက် အချိန်​ပေးဖို့ အခက်တွေ့​နိုင်တယ်။ အလုပ်၊ မိသားစု​တာဝန်​နဲ့ တခြား​လုပ်​ရမယ့်​အရာ​တွေ​ကြောင့် ဆုတောင်း​ဖို့၊ ကျမ်းစာ​လေ့လာ​ဖို့၊ တွေးတော​ဆင်ခြင်​ဖို့ အချိန်​ မရှိဘူးလို့ ခံစား​မိ​နိုင်တယ်။

၃။ အချိန်နဲ့​ပတ်သက်ပြီး ကြုံ​ရတဲ့ ပြဿနာ​တစ်ခု​က ဘာလဲ။

ကျွန်တော်​တို့​ရဲ့ အချိန်ကို လုယူ​တဲ့ နောက်ထပ် အန္တရာယ်​ရှိသေးတယ်။ တချို့​လုပ်ဆောင်မှုတွေ​က မမှား​ပေမဲ့ သတိ​မထားဘူးဆို​ရင် အချိန်ကုန်​သွားပြီး ဘုရား​အတွက် အချိန်​မပေးနိုင်​တော့​တာ​မျိုး ဖြစ်သွား​တတ်တယ်။ ဥပမာ၊ ကျွန်တော်​တို့ အနားယူ အပန်းဖြေ​ဖို့ လိုအပ်​တယ်။ ဒါပေမဲ့ အကျိုး​ရှိတဲ့ အပန်းဖြေမှု ဖြစ်​ရင်တောင် ဘုရားရေးရာ​အတွက် ပေး​ရမယ့်​ အချိန်တွေ ကုန်​သွားနိုင်တယ်။ ဒါ​ကြောင့် အပန်းဖြေ​ခြင်း​ကို သူ့​နေရာ​နဲ့​သူ ထား​ရမယ်။—ပညာ. ၂၅:၂၇။ ၁ တိ. ၄:၈

၄။ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ဒီ​ဆောင်းပါး​မှာ ဘဝ​အတွက် ဦးစား​ထား​ရာတွေကို ဘာကြောင့် သတ်မှတ်​ရမလဲ၊ ယေဟောဝါ​အတွက် ဘယ်လို အကောင်းဆုံး အချိန်ပေး​နိုင်​မလဲ၊ အချိန်ကို ပညာရှိရှိ သုံးတာ ဘယ်လို အကျိုး​ရှိသလဲ ဆိုတာ​တွေ ဆွေးနွေးပါ​မယ်။

ပညာရှိရှိ ရွေးချယ်​ပါ၊ ဦးစားထားရာ​တွေ ချမှတ်​ပါ

၅။ ဧဖက် ၅:၁၅-၁၇ မှာ ပါ​တဲ့ အကြံပေး​ချက်​ကို သုံးသပ်​တာ​က အကောင်းဆုံး​ ဘဝကို ရွေးချယ်​ဖို့ လူငယ်တွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

အကောင်းဆုံး ဘဝကို ရွေးချယ်​ပါ။ လူငယ်တွေဟာ ဘဝကို အကောင်းဆုံး ဖြစ်ချင်​ကြတယ်။ ကျောင်း​အကြံပေး​တွေ၊ မယုံကြည်သူ မိသားစု​တွေ​က ဝင်ငွေ​ကောင်း​တဲ့ အလုပ်​ရအောင် အဆင့်မြင့်​ ပညာရေး လိုက်စားဖို့ အားပေးကြတယ်။ အဲဒီ​လမ်းကို ရွေး​ရင် အချိန်​အများကြီး ကုန်​မယ်။ တစ်ဖက်​မှာ မိဘတွေ၊ အသင်းတော်မှာ​ ရှိတဲ့ မိတ်ဆွေ​တွေ​က ယေဟောဝါရဲ့ အမှုတော်မှာ အချိန်ကို အသုံးပြု​ဖို့ အားပေးကြတယ်။ ယေဟောဝါ​ကို ချစ်တဲ့ လူငယ်တွေ အကောင်းဆုံး ဆုံးဖြတ်ချက် ချ​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။ ဧဖက် ၅:၁၅-၁၇ ကို ဖတ်​ပြီး တွေးတော​ဆင်ခြင်​တာ​က အကျိုးရှိ​ပါ​လိမ့်မယ်။ (ဖတ်ပါ။) အဲဒီ​ကျမ်းချက်​ကို ဖတ်​ပြီး ‘“ယေဟောဝါရဲ့ အလိုတော်” က ဘာလဲ။ ဘယ်​ဆုံးဖြတ်ချက်​ကို ဘုရား နှစ်သက်​မလဲ။ ဘယ်​ဆုံးဖြတ်ချက်​က အ​ချိန်​ကို အကောင်းဆုံး အသုံးပြု​ရာ ရောက်​မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေး​နိုင်တယ်။ စာတန်​ အုပ်ချုပ်​နေတဲ့ ဒီ​လောကဟာ “ဆိုးယုတ်” ပြီး မကြာခင် အဆုံး​ရောက်တော့​မယ်​ဆိုတာ သတိရပါ။ ဒါ​ကြောင့် အသက်တာကို ယေဟောဝါ နှစ်သက်တဲ့​ နည်းနဲ့ အသုံးပြု​တာ ပညာရှိရာ ရောက်​ပါ​လိမ့်မယ်။

၆။ မာရိ ဘာကို ရွေးချယ်​ခဲ့​သလဲ။ အဲဒါ ဘာကြောင့် ပညာရှိ​သလဲ။

ဦးစားထားရာ​တွေ ချမှတ်​ပါ။ အချိန်ကို အကောင်းဆုံး အသုံးပြုခြင်း​ထဲမှာ မမှား​တဲ့ လုပ်ဆောင်မှု နှစ်ခု​ထဲ​က ပို​အရေးကြီး​တာ တစ်ခု​ကို ရွေးချယ်​တတ်​ခြင်း ပါဝင်တယ်။ အဲဒီ​အချက်​ကို မာရိနဲ့ မာသ​တို့​အိမ် ယေရှု သွားလည်​တဲ့ အဖြစ်အပျက်​မှာ တွေ့​နိုင်တယ်။ ယေရှု လာလည်တဲ့​အတွက် မာသ သိပ်​ဝမ်းသာ​ပြီး အကောင်းဆုံး အစားအစာ​တွေ ပြင်ဆင်​ပေးတယ်။ ဒါပေမဲ့ ညီမ​ မာရိက​တော့ ယေရှု​အနားမှာ ထိုင်ပြီး သွန်သင်ပေး​သမျှ​ကို နားထောင်တယ်။ မာသရဲ့ လုပ်ရပ် မမှား​ပေမဲ့ မာရိက​တော့ “အကောင်းဆုံး​ကို ရွေး​လိုက်ပြီ” လို့ ယေရှု ပြော​တယ်။ (လု. ၁၀:၃၈-၄၂) အဲဒီအချိန်မှာ ဘာတွေ ကျွေးမွေး​ခဲ့တယ်​ဆိုတာ နောက်ပိုင်း မာရိ မေ့သွား​မှာပဲ။ ဒါပေမဲ့ ယေရှု​ဆီက ကြား​ခဲ့​တာတွေကို​တော့ ဘယ်တော့မှ မေ့​မှာ မဟုတ်ဘူး။ မာရိဟာ ယေရှု​အတွက် အချိန်ပေး​ခဲ့​တာ​ကို တန်ဖိုးထား​သလို ကျွန်တော်​တို့​လည်း ယေဟောဝါ​အတွက် အချိန်ပေး​ရတာကို တန်ဖိုးထား​ကြတယ်။ အဲဒီ​အချိန်ကို ဘယ်လို အကောင်းဆုံး အသုံးပြုနိုင်​သလဲ။

အချိန်ကို ယေဟောဝါ​အတွက် အကောင်းဆုံး အသုံးပြုပါ

၇။ ဆုတောင်းခြင်း၊ ကျမ်းစာ​လေ့လာခြင်း၊ တွေးတော​ဆင်ခြင်ခြင်း​က ဘာကြောင့် အရေးကြီး​သလဲ။

ဆုတောင်းခြင်း၊ ကျမ်းစာ​လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်း​ဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း​ ဖြစ်​ကြောင်း အသိအမှတ်ပြု​ပါ။ ဆုတောင်း​တာ​ဟာ ကျွန်တော်​တို့ကို ချစ်တဲ့ ကောင်းကင်​ဖခင်​နဲ့ ဆက်သွယ်​နေတာ ဖြစ်တယ်။ (ဆာ. ၅:၇) ကျမ်းစာ​လေ့လာ​တာ​ဟာ ဉာဏ်ပညာ​အားလုံး​ရဲ့ ရင်းမြစ်​ ဖြစ်​တဲ့ “ဘုရား​နဲ့​ပတ်သက်​တဲ့ အသိပညာ” ကို ရယူ​နေတာ ဖြစ်တယ်။ (ပညာ. ၂:၁-၅) တွေးတော​ဆင်ခြင်​တာ​ဟာ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေ၊ ကျွန်တော်​တို့ အပါအဝင် ဖန်ဆင်း​ရာ​အားလုံး​အတွက် အံ့ဩ​ဖွယ် ရည်ရွယ်ချက်​တွေ​အကြောင်း လေးလေးနက်နက် စဉ်းစား​တာ ဖြစ်တယ်။ သင့်ရဲ့​ အချိန်ကို အကောင်းဆုံး အသုံးပြုနိုင်​တဲ့​ နည်းပါပဲ။ အဲဒီလို လုပ်နိုင်ဖို့ ဘာက ကူညီ​ပေး​မလဲ။

ကိုယ်ပိုင်​လေ့လာမှု လုပ်ဖို့ တိတ်ဆိတ်​တဲ့​ နေရာ ရှာ​နိုင်​မလား (စာပိုဒ် ၈-၉ ကို ကြည့်​ပါ)

၈။ အချိန် အသုံးပြု​တာ​နဲ့​ပတ်သက်ပြီး ယေရှု​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

တိတ်ဆိတ်​တဲ့ နေရာကို ရွေးပါ။ ယေရှုရဲ့ ပုံသက်သေ​ကို စဉ်းစား​ကြည့်​ပါ။ အမှုဆောင်​လုပ်ငန်း မစ​ခင် တောထဲမှာ ရက်ပေါင်း ၄၀ နေခဲ့တယ်။ (လု. ၄:၁၊ ၂) အဲဒီလို တိတ်ဆိတ်​တဲ့​ နေရာမှာ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး မိမိ​နဲ့​ပတ်သက်​တဲ့ ဖခင်​ရဲ့ အလိုတော်ကို တွေးတော​ဆင်ခြင်​ခဲ့​မှာပဲ။ အဲဒါက မကြာခင် ရင်ဆိုင်​ရမယ့် စမ်းသပ်မှု​တွေ​အတွက် ပြင်ဆင်​ရာ​ ရောက်တယ်။ ယေရှုရဲ့ ပုံသက်သေ​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ။ သင့်​အိမ်မှာ မိသားစုဝင် များ​တယ်​ဆိုရင် တိတ်ဆိတ်​တဲ့​ နေရာ ရဖို့ လွယ်​မှာ မဟုတ်ဘူး။ အဲဒီအခါ အိမ်အပြင်ဘက်​မှာ ရှာ​နိုင်တယ်။ ပြင်သစ်​နိုင်ငံ​က ညီအစ်မ ဂျူလီ အဲဒီလိုပဲ လုပ်ခဲ့တယ်။ သူနဲ့ ခင်ပွန်း​ဟာ တိုက်ခန်း​ကျဉ်း​လေးမှာ နေကြတယ်။ အနှောင့်အယှက်​ မရှိဘဲ တစ်ယောက်တည်း​ နေဖို့ ခက်တယ်။ “ဒါကြောင့် နေ့တိုင်း ပန်းခြံ​မှာ လမ်းလျှောက်​တယ်။ အဲဒီမှာ​ဆိုရင် တစ်ယောက်တည်း အာရုံ​မ​ပျံ့လွင့်​ဘဲ ယေဟောဝါ​နဲ့ စကားပြော​နိုင်တယ်” လို့ ပြော​တယ်။

၉။ အလုပ်များ​တဲ့​ကြား ယေဟောဝါ​နဲ့ ရင်းနှီးတဲ့​ ဆက်ဆံ​ရေး​ကို တန်ဖိုးထား​ကြောင်း ယေရှု ဘယ်လို ဖော်ပြ​သလဲ။

ယေရှုဟာ အလုပ် သိပ်​များ​တယ်။ မြေကြီးပေါ် အမှုဆောင်​နေချိန် ယေရှု သွားတဲ့​ နေရာတိုင်း လူအုပ်စုကြီး အမြဲ လိုက်တယ်။ တစ်ကြိမ်​မှာ ယေရှုကို တွေ့​ဖို့ “မြို့သား​အားလုံး အိမ်တံခါး​နား​မှာ စုဝေး​ကြတယ်။” ဒါတောင် မိုး​မလင်း​ခင် “လူ​သူ​ကင်းဝေး​တဲ့ နေရာ” ကို သွားပြီး ယေဟောဝါ​ဆီ ဆုတောင်း​ဖို့ ယေရှု အချိန်​ယူတယ်။—မာ. ၁:၃၂-၃၅

၁၀-၁၁။ မဿဲ ၂၆:၄၀၊ ၄၁ အရ ဂေသရှေမန် ဥယျာဉ်​မှာ တပည့်​တွေ​ကို ဘာလုပ်ဖို့ ယေရှု တိုက်တွန်း​သလဲ။ ဘာဖြစ်​ခဲ့​သလဲ။

၁၀ အမှုဆောင်​လုပ်ငန်း ပြီးဆုံး​ခါနီး မြေကြီး​အသက်တာ နောက်ဆုံး​ည​မှာ တွေးတော​ဆင်ခြင်​ဖို့၊ ဆုတောင်း​ဖို့ ဂေသရှေမန် ဥယျာဉ်​ထဲ​က တိတ်ဆိတ်​တဲ့​ နေရာကို ယေရှု သွားတယ်။ (မ. ၂၆:၃၆) အဲဒီအချိန်မှာ​ပဲ တပည့်​တွေ​ကို ဆုတောင်းခြင်း​နဲ့​ပတ်သက်​တဲ့ အရေးကြီး သင်ခန်းစာ သွန်သင်​ပေးတယ်။

၁၁ ဘာဖြစ်​ခဲ့​သလဲ​ဆိုတာ သုံးသပ်ကြည့်​ပါ။ ယေရှုနဲ့ တမန်တော်​တွေ ဂေသရှေမန် ဥယျာဉ်​ကို ရောက်တဲ့​အချိန်​ဟာ ညနက်​နေပြီ။ ယေရှု​က “သတိနဲ့ စောင့်နေ​ကြ​ပါ” လို့ ပြော​ပြီး ဆုတောင်း​ဖို့ ထွက်သွား​တယ်။ (မ. ၂၆:၃၇-၃၉) ဆုတောင်း​ဖို့ ထွက်သွား​ချိန်မှာ တပည့်​တွေ အိပ်ပျော်​သွားတယ်။ သူတို့ အိပ်ပျော်​နေတာကို တွေ့​လို့ “သတိနဲ့ စောင့်​ပြီး အမြဲ ဆုတောင်း​နေကြပါ” လို့ ယေရှု ထပ်​တိုက်တွန်း​တယ်။ (မဿဲ ၂၆:၄၀၊ ၄၁ ကို ဖတ်ပါ။) တပည့်​တွေ စိတ်ဖိစီး​ပြီး ပင်ပန်း​နေမှန်း ယေရှု သိတယ်။ “ကိုယ်ခန္ဓာ​က အားနည်းတယ်” ဆိုတာ အသိအမှတ်ပြု​တယ်။ ဒါပေမဲ့ ဆုတောင်း​ဖို့ နောက်ထပ် နှစ်ကြိမ် ပြန်​သွားတယ်။ ပြန်လာတဲ့​အခါတိုင်း တပည့်​တွေ အိပ်ပျော်နေတယ်။—မ. ၂၆:၄၂-၄၅

သိပ်​မ​ပင်ပန်း​တဲ့​ အချိန်မှာ ဆုတောင်း​ဖို့ အချိန် ဖယ်​ထား​နိုင်​မလား (စာပိုဒ် ၁၂ ကို ကြည့်​ပါ)

၁၂။ ဆုတောင်း​ဖို့ စိတ်ဖိစီး​လွန်းနေ​တယ်၊ သိပ်​ပင်ပန်း​နေတယ်​ဆိုရင် ဘာ​လုပ်သင့်သလဲ။

၁၂ သင့်တော်​တဲ့​ အချိန်ကို ရွေးပါ။ တစ်ခါ​တ​လေ ဆုတောင်း​ဖို့ စိတ်ဖိစီး​လွန်းနေ​တာ၊ သိပ်​ပင်ပန်း​နေတာ​တွေ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ သင် တစ်ယောက်တည်း အဲဒီလို ဖြစ်တာ မဟုတ်ဘူး။ ဘာလုပ်​နိုင်​သလဲ။ ည​ပိုင်းမှာ ပုံမှန် ဆုတောင်းလေ့ ရှိသူတွေဟာ သိပ်​မ​ပင်ပန်း​တဲ့ ညနေစောင်း​ပိုင်း​ကို အချိန်​ပြောင်း​လိုက်တာ ပို​ကောင်း​မှန်း တွေ့ခဲ့​ကြတယ်။ ဆုတောင်း​တဲ့ ကိုယ်ဟန်​အနေအထား​လည်း အရေးပါ​မှန်း တချို့ တွေ့​ကြတယ်။ ဒါပေမဲ့ စိုးရိမ်​စိတ်​တွေ​ များ​လို့၊ စိတ်ဓာတ်ကျ​လို့ ဆုတောင်း​ဖို့ ခက်​နေရင်​ကော။ ကိုယ့်​ခံစားချက်​တွေ​ကို ယေဟောဝါ​ဆီ ပြောပြ​ပါ။ ကရုဏာ ​ကြီးမား​တဲ့ ဘုရား နားလည်​ပေး​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။—ဆာ. ၁၃၉:၄

အစည်းအဝေး​အချိန်အတွင်း စာပြန်​တာ၊ အီးမေးလ် ပြန်ပို့​တာတွေကို ရှောင်နိုင်​မလား (စာပိုဒ် ၁၃-၁၄ ကို ကြည့်​ပါ)

၁၃။ ဆုတောင်း၊ လေ့လာ၊ အစည်းအဝေး တက်​တဲ့​အခါ အီလက်ထရောနစ်​ ပစ္စည်း​တွေ​က ဘယ်လို အနှောင့်အယှက် ပေး​နိုင်​သလဲ။

၁၃ ကျမ်းစာ​ဖတ်​ချိန်မှာ အနှောင့်အယှက် ကင်း​စေပါ။ ဆုတောင်း​တာ တစ်ခု​ပဲ ယေဟောဝါ​ဘုရား​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရစေတာ မဟုတ်ဘူး။ ကျမ်းစာ​ဖတ်​တာ၊ အသင်းတော် အစည်းအဝေးတွေ တက်တာ​က​လည်း ဘုရား​နဲ့ ရင်းနှီး​စေတယ်။ ကျမ်းစာ​ဖတ်​တဲ့​ အချိန်၊ အသင်းတော် အစည်းအဝေး တက်​တဲ့​ အချိန်တွေကို အကောင်းဆုံး ​ဖြစ်အောင် ဘယ်လို လုပ်နိုင်မလဲ။ အဲဒီ​အချိန်တွေမှာ ‘ဘယ်အရာ​တွေ​က အနှောင့်အယှက် ဖြစ်စေ​သလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဖုန်း​လာတာ​တွေ၊ အီးမေးလ်၊ မက်ဆေ့ချ် ဝင်​တာ​တွေ​လား။ ဒီနေ့​ခေတ် လူများစွာ​မှာ အဲဒီ အီလက်ထရောနစ်​ ပစ္စည်း​တွေ ရှိကြတယ်။ တစ်ခုခု​ကို အာရုံစိုက်​ဖို့ ကြိုးစား​နေချိန် ကိုယ့်​ဘေးမှာ ဖုန်း​ရှိတာ​က အနှောင့်အယှက် ဖြစ်စေ​နိုင်တယ်လို့ လေ့လာသူ​တချို့ သုံးသပ်​ကြတယ်။ “ကိုယ်​လုပ်​နေတာကို အာရုံမစိုက်​နိုင်ဘူး။ စိတ်​က တခြား​ကို ရောက်သွား​တယ်” လို့ စိတ်​ပညာရှင် တစ်ယောက် ပြော​တယ်။ တိုက်နယ်၊ ခရိုင် အစည်းအဝေးတွေ မစ​ခင် တခြား​သူတွေ​အတွက် အနှောင့်အယှက် မဖြစ်အောင် ကိုယ့်​အီလက်ထရောနစ်​ ပစ္စည်း​တွေ​ရဲ့ အသံ​ဆက်​တင်​ကို ချိန်ညှိ​ထား​ဖို့ ပြော​လေ့​ရှိတယ်။ ယေဟောဝါ​နဲ့ ကျွန်တော်​တို့ ရှိ​နေချိန်မှာ​လည်း ကျွန်တော်​တို့အတွက် အနှောင့်အယှက် မဖြစ်အောင် အဲဒီလို လုပ်သင့်တယ်။

၁၄။ ဖိလိပ္ပိ ၄:၆၊ ၇ အရ အာရုံစိုက်​နိုင်​ဖို့ ယေဟောဝါ ဘယ်လို ကူညီ​ပေး​မလဲ။

၁၄ အာရုံစိုက်​နိုင်​ဖို့ ယေဟောဝါ​ဆီ အကူအညီ​တောင်း​ပါ။ ကျမ်းစာ​လေ့လာ​တဲ့​အချိန်၊ အသင်းတော် အစည်းအဝေးတွေ တက်ချိန်​မှာ စိတ်​ပျံ့လွင့်​နေတတ်​ရင် ယေဟောဝါ​ဆီ အကူအညီ​ တောင်း​ပါ။ စိုးရိမ်​သောက​တွေ ရှိနေရင် ဖတ်​တဲ့​အရာ၊ ကြား​တဲ့​အရာ​တွေ​ကို အာရုံစိုက်​ဖို့ မလွယ်​ဘူး။ ဒါပေမဲ့ အာရုံစိုက်​ဖို့ အရေးကြီးတယ်။ ဒါ​ကြောင့် စိတ်​နှလုံးကို​သာမက “ဉာဏ်ရည်​ဉာဏ်စွမ်း” ကို ကာကွယ်​ပေး​တဲ့ ငြိမ်သက်ခြင်း ရှိအောင် ဆုတောင်း​ရမယ်။ဖိလိပ္ပိ ၄:၆၊ ၇ ကို ဖတ်ပါ။

ယေဟောဝါ​အတွက် အချိန်ပေး​တာ အကျိုးရှိ

၁၅။ ယေဟောဝါ​နဲ့ အချိန်ပေး ပေါင်းသင်း​ရင် ဘာ​အကျိုး​ရမလဲ။

၁၅ ယေဟောဝါ​နဲ့ စကားပြော​ဖို့၊ ဘုရား​ ပြော​တာ နားထောင်ဖို့၊ ဘုရား​အကြောင်း တွေးတော​ဆင်ခြင်​ဖို့ အချိန်ပေး​ရင် အကျိုး​ခံစား​ရပါလိမ့်မယ်။ ဘယ်လို​နည်းနဲ့လဲ။ ဦးဆုံး၊ ဆုံးဖြတ်ချက်​ကောင်း​တွေ ချ​နိုင်​မယ်။ ကျမ်းစာ​မှာ “ဉာဏ်ပညာ​ ရှိသူနဲ့ ပေါင်းဖော်​ရင် ဉာဏ်ပညာ​ ရှိလာမယ်” လို့ ပြော​ထား​တယ်။ (ပညာ. ၁၃:၂၀) ဒါ​ကြောင့် ဉာဏ်ပညာ​ရဲ့ ရင်းမြစ်​ ဖြစ်​တဲ့ ယေဟောဝါ​နဲ့ အချိန်ပေး ပေါင်းသင်း​ရင် သင်လည်း ဉာဏ်ပညာ ရှိလာမယ်။ ဘုရား စိတ်​ရွှင်လန်း​အောင် ဘာလုပ်​ရမယ်၊ ဘယ်အရာ​တွေ​က ဘုရား​ကို စိတ်ထိခိုက်​စေတယ်​ဆိုတာ နားလည်​လာမယ်။

၁၆။ ယေဟောဝါ​နဲ့ အချိန်ပေး ပေါင်းသင်း​တာ​က သွန်သင်ခြင်း​ စွမ်းရည်​ကို ဘယ်လို တိုးတက်စေ​သလဲ။

၁၆ ဒုတိယ၊ သွန်သင်သူ​ကောင်း ဖြစ်လာ​မယ်။ တစ်ယောက်ယောက်​ကို ကျမ်းစာ​သင်ပေးတဲ့​အခါ ကျွန်တော်​တို့​ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ယေဟောဝါ​နဲ့ ရင်းနှီး​လာအောင် သင်သားကို ကူညီ​ပေးဖို့​ ဖြစ်တယ်။ ကျွန်တော်​တို့ ကိုယ်တိုင် ကောင်းကင်​ဖခင်​နဲ့ များများ​ ဆက်သွယ်​လေ ဘုရား​ကို ချစ်တဲ့​ မေတ္တာ တိုးများ​လာ​လေ၊ ဘုရား​ကို ချစ်​လာအောင် ကျမ်းစာ​သင်သားကို ထိထိရောက်ရောက် သွန်သင်ပေး​နိုင်​လေ ဖြစ်ပါ​လိမ့်မယ်။ ယေရှုရဲ့ ပုံသက်သေ​ကို စဉ်းစား​ကြည့်​ပါ။ ယေရှုဟာ ယေဟောဝါ​အကြောင်း လှိုက်လှဲ​နွေးထွေး​ပြီး မေတ္တာပါ​တဲ့​ နည်းနဲ့ ပြောပြ​လို့ တပည့်​တွေ​လည်း ယေဟောဝါ​ကို ချစ်​လာတယ်။—ယော. ၁၇:၂၅၊ ၂၆

၁၇။ ဆုတောင်းခြင်း​နဲ့ လေ့လာမှု​က ယုံကြည်ခြင်း ခိုင်မာ​အောင် ဘယ်လို ကူညီ​ပေး​သလဲ။

၁၇ တတိယ၊ ယုံကြည်ခြင်း ခိုင်မာ​လာမယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှု၊ နှစ်သိမ့်မှု၊ ထောက်မမှုကို တောင်းခံ​တဲ့​အခါ ဘာဖြစ်​ကြောင်း စဉ်းစား​ကြည့်​ပါ။ ယေဟောဝါ အဖြေပေး​တာ​ကို တွေ့​တဲ့​အခါတိုင်း ယုံကြည်ခြင်း ခိုင်မာ​လာတယ်။ (၁ ယော. ၅:၁၅) ယုံကြည်ခြင်း ခိုင်မာ​လာအောင် ဘာက ကူညီ​ပေး​နိုင်​သေး​သလဲ။ ကိုယ်ပိုင်​လေ့လာမှု​ပါ​ပဲ။ “ကြားနာ​ပြီး​မှ ယုံကြည်​လာတာ” ဖြစ်​ကြောင်း သတိရပါ။ (ရော. ၁၀:၁၇) ဒါပေမဲ့ ယုံကြည်ခြင်း ခိုင်မာ​စေဖို့ အသိပညာ ရှိ​ရုံ​နဲ့ မလုံလောက်​ဘူး။ ဘာလုပ်ဖို့ လို​သေး​သလဲ။

၁၈။ တွေးတော​ဆင်ခြင်​ဖို့ ဘာကြောင့် လိုသလဲ​ဆိုတာ ရှင်းပြပါ။

၁၈ သိလာတာတွေကို တွေးတော​ဆင်ခြင်​ဖို့ လိုတယ်။ ဆာလံ ၇၇ ကို ရေးသားသူ​အကြောင်း စဉ်းစား​ကြည့်​ပါ။ မိမိ​ကိုယ်တိုင်​နဲ့ အစ္စရေး​လူမျိုး ယေဟောဝါရဲ့ မျက်နှာသာ မရတော့ဘူး​လို့ ခံစား​ရတဲ့​အတွက် စိတ်ဓာတ်​ကျနေ​တယ်။ အဲဒီ​စိတ်​ကြောင့် ည​မှာလည်း အိပ်မပျော် ဖြစ်​နေတယ်။ (အခန်းငယ် ၂-၈) ဘာ​လုပ်သလဲ။ “ကိုယ်တော်​ရဲ့ လုပ်ဆောင်မှုတွေ​အကြောင်း တွေးတော​ဆင်ခြင်​ပါ့​မယ်။ ကိုယ်တော်​ရဲ့ လုပ်ရပ်တွေ​အကြောင်း စဉ်းစား​ဆင်ခြင်​ပါ့​မယ်” ဆိုပြီး ယေဟောဝါ​ကို ပြော​တယ်။ (အခန်းငယ် ၁၂) တစ်ချိန်က မိမိ​လူမျိုး​အတွက် ယေဟောဝါ လုပ်ဆောင်ပေး​ခဲ့​တာတွေကို ဆာလံဆရာ သိတယ်။ ဒါပေမဲ့ “ဘုရားသခင်​က မျက်နှာသာ​ ပေးဖို့ မေ့​နေပြီလား။ အမျက်ထွက်​ပြီး ကရုဏာ​ကို ရုပ်သိမ်း​လိုက်ပြီ​လား” လို့ တွေး​မိတယ်။ (အခန်းငယ် ၉) ဒါ​ကြောင့် အတိတ်​က ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ ဘုရား​ ပြ​ခဲ့​တဲ့ ကရုဏာ​နဲ့ သနား​ကြင်နာ​မှု​တွေ​ကို တွေးတော​ဆင်ခြင်​တယ်။ (အခန်းငယ် ၁၁) ရလဒ်အနေနဲ့ မိမိ​လူမျိုးကို ယေဟောဝါ စွန့်ပစ်​မှာ မဟုတ်ဘူးဆိုတာ စိတ်ချ​လာတယ်။ (အခန်းငယ် ၁၅) အဲဒီလိုပဲ မိမိလူမျိုး​အတွက် ယေဟောဝါ လုပ်ဆောင်ပေး​ခဲ့​တာ​တွေ၊ သင့်အတွက် သတ်သတ်မှတ်မှတ် လုပ်ဆောင်ပေး​ခဲ့​တာတွေကို တွေးတော​ဆင်ခြင်​တဲ့​အခါ ယုံကြည်ခြင်း ပို​ခိုင်မာ​လာပါလိမ့်မယ်။

၁၉။ ယေဟောဝါ​နဲ့ အချိန်ပေး ပေါင်းသင်း​ရင် နောက်ထပ် ဘာ​အကျိုး​ရမလဲ။

၁၉ စတုတ္ထ၊ အရေးကြီးဆုံး​က​တော့ ယေဟောဝါ​ကို ချစ်တဲ့​ မေတ္တာ တိုးများ​လာမယ်။ ယေဟောဝါ​ကို နာခံ​ဖို့၊ ကိုယ်ကျိုး​စွန့်​ဖို့၊ အခက်အခဲတွေကို ခံရပ်​ဖို့ တခြား​အရည်အသွေးတွေ​ထက် မေတ္တာက လှုံ့ဆော်ပေး​ပါ​လိမ့်မယ်။ (မ. ၂၂:၃၇-၃၉။ ၁ ကော. ၁၃:၄၊ ၇။ ၁ ယော. ၅:၃) ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ​ ဖြစ်ခွင့်​ရတာထက် ပို​အဖိုးထိုက်တဲ့​အရာ ဘာမှ မရှိပါဘူး။—ဆာ. ၆၃:၁-၈

၂၀။ ယေဟောဝါ​အတွက် သင့်​အချိန်ကို ဘယ်လို အသုံးပြု​ဖို့ စီစဉ်​ထား​သလဲ။

၂၀ ဆုတောင်း​တာ၊ ကျမ်းစာ​လေ့လာ​တာ၊ တွေးတော​ဆင်ခြင်​တာ​တွေ​က ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း​တွေ ဖြစ်​ကြောင်း သတိရပါ။ ယေရှု​လို​ပဲ တိတ်ဆိတ်​တဲ့ နေရာကို ရှာပါ။ အနှောင့်​အယှက် ဖြစ်စေ​တဲ့​အရာ​တွေ​ကို ဖယ်ရှား​ပါ။ ဝတ်ပြုရေး​နဲ့​ပတ်သက်​တာ​တွေ လုပ်ဆောင်တဲ့​အခါ အာရုံစိုက်​နိုင်အောင် ယေဟောဝါ​ဆီ အကူအညီ​ တောင်း​ပါ။ အခု​အချိန်မှာ အချိန်ကို အကောင်းဆုံး အသုံးပြု​နေတယ်​ဆိုရင် ကမ္ဘာသစ်​မှာ ယေဟောဝါ​က ကျွန်တော်​တို့ကို ထာဝရ​အသက်နဲ့ ဆုချ​ပါ​လိမ့်မယ်။—မာ. ၄:၂၄

သီချင်း ၂၈ ယေဟောဝါ​နဲ့ မိတ်ဆွေ ဖြစ်​ခြင်း

^ အပိုဒ်၊ 5 ယေဟောဝါ​ဟာ ကျွန်တော်​တို့​ရဲ့ အကောင်းဆုံး မိတ်ဆွေ​ ဖြစ်တယ်။ ဘုရား​နဲ့ မိတ်ဆွေ​ ဖြစ်​ရတာကို ကျွန်တော်​တို့ တန်ဖိုးထား​တယ်။ ဘုရား​နဲ့ ပို​ရင်းနှီး​ချင်​တယ်။ တစ်ယောက်ယောက်​နဲ့ ရင်းနှီး​ဖို့ အချိန်​ယူရ​သလို ယေဟောဝါ​ဘုရား​နဲ့ ရင်းနှီး​ဖို့​လည်း အဲဒီလိုပဲ။ ကျွန်တော်​တို့အားလုံး အလွန်​ အလုပ်များ​ကြ​တဲ့​အတွက် ကောင်းကင်​ဖခင်​နဲ့ ရင်းနှီးအောင် လုပ်ဖို့ ဘယ်လို အချိန်​ယူရ​မလဲ။ အဲဒီလိုလုပ်ရင် ဘာ​အကျိုး​ရမလဲ။