မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄

အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ

အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ

“ကျွန်တော့်​ကို အောက်မေ့​တဲ့​အနေ​နဲ့ ဒီလို အမြဲ​ လုပ်ကြပါ။”—လု. ၂၂:၁၉

သီချင်း ၂၀ အချစ်ဆုံး​သားကို ပေး​ခဲ့

အကြို​သုံးသပ်ချက် *

၁-၂။ (က) ဘယ်​အချိန်မှာ သေဆုံး​သွားတဲ့ ချစ်ရသူ​ကို အထူး​ သတိရ​တတ်​သလဲ။ (ခ) မသေဆုံးခင်​ည​မှာ ဘယ်​ပွဲ​ကို ယေရှု အစပြု​ကျင်းပ​ခဲ့​သလဲ။

ချစ်ရသူ​တစ်ယောက် သေဆုံး​သွားတဲ့အခါ ဘယ်လောက်​ပဲ​ ကြာကြာ ကျွန်တော်​တို့ သတိရ​နေတုန်းပဲ။ သေဆုံး​ခဲ့​တဲ့ နှစ်ပတ်လည်​အချိန်ကို ရောက်ရင် ပို​သတိရ​တတ်တယ်။

ကျွန်တော်​တို့ သိပ်​ချစ်​ရတဲ့ ယေရှုခရစ်ရဲ့ သေခြင်း နှစ်ပတ်လည်​ပွဲ​ကို ကမ္ဘာ​တစ်ဝန်း​က သန်းနဲ့ချီတဲ့​ လူတွေနဲ့​အတူ နှစ်​တိုင်း တက်​ကြတယ်။ (၁ ပေ. ၁:၈) ကျွန်တော်​တို့ကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်​စေဖို့ ရွေးဖိုး​အဖြစ် အသက်ပေး​ခဲ့​သူကို သတိရ​တဲ့​အနေ​နဲ့ တက်​ကြ​တာ။ (မ. ၂၀:၂၈) ယေရှု​က မိမိရဲ့ သေခြင်းကို တပည့်​တွေ သတိရ​စေချင်တယ်။ ဒါ​ကြောင့် မသေဆုံးခင် အထူး​ ညစာ​စားပွဲ​ကို အစပြု​ခဲ့​ပြီး “ကျွန်တော့်​ကို အောက်မေ့​တဲ့​အနေ​နဲ့ ဒီလို အမြဲ​ လုပ်ကြပါ” လို့ မှာတယ်။—လု. ၂၂:၁၉

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ခရစ်တော်​ရဲ့ သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်သူ​တွေ​ထဲမှာ အနည်းစု​ပဲ ကောင်းကင်​မျှော်လင့်ချက် ရှိကြတယ်။ အများစုက မြေကြီး​မျှော်လင့်ချက် ရှိသူတွေ​ ဖြစ်တယ်။ ဒီ​ဆောင်းပါး​မှာ အုပ်စု​နှစ်စု​လုံး ဒီ​ပွဲ​ကို နှစ်​တိုင်း ဘာကြောင့် တက်​ကြ​ကြောင်း၊ ဘယ်လို အကျိုး​ရ​ကြောင်း ဆွေးနွေး​ကြ​ပါ​မယ်။ ဦးဆုံး၊ ဒီ​ပွဲ​ကို ဘိသိက်ခံ​တွေ ဘာကြောင့် တက်​ကြသလဲ​ဆိုတာ ဆွေးနွေးပါ​မယ်။

ဘိသိက်ခံ​တွေ ဘာကြောင့် တက်​ကြသလဲ

၄။ အောက်မေ့ရာပွဲ​မှာ ဘိသိက်ခံ​တွေ မုန့်​နဲ့ စပျစ်​ဝိုင်ကို ဘာကြောင့် စားသုံး​ကြသလဲ။

အောက်မေ့ရာပွဲကို တက်ရောက်​တဲ့ ဘိသိက်ခံ​တွေ​ဟာ မုန့်​နဲ့ စပျစ်​ဝိုင်ကို စားသုံး​ကြတယ်။ ဘာကြောင့်လဲ။ အဖြေ​ရဖို့ ယေရှုရဲ့ မြေကြီး​အသက်တာ နောက်ဆုံး​ည​မှာ ဘာဖြစ်​ခဲ့​သလဲ​ဆိုတာ သုံးသပ်ကြည့်​ရအောင်။ ပသခါ ညစာ​စား​ပြီး​နောက် သခင့်​ညစာ​စားပွဲ​လို့ သိ​ကြ​တဲ့ အစီအစဉ်ကို ယေရှု အစပြု​ခဲ့တယ်။ သစ္စာရှိ တမန်တော် ၁၁ ယောက်​ကို မုန့်​နဲ့ စပျစ်​ဝိုင် ကမ်းပေး​ပြီး စားသောက်​ဖို့ ပြော​တယ်။ ပြီး​နောက် ပဋိညာဉ်​သစ်၊ နိုင်ငံတော် ပဋိညာဉ် ဖွဲ့တယ်။ * (လု. ၂၂:၁၉၊ ၂၀၊ ၂၈-၃၀) အဲဒီ​ပဋိညာဉ် နှစ်ခု​အားဖြင့် တမန်တော်​တွေ​နဲ့ ရွေးချယ်​ထား​သူတချို့​ကို ကောင်းကင်​မှာ ဘုရင်​နဲ့ ပုရောဟိတ် ဖြစ်ခွင့် ရစေတယ်။ (ဗျာ. ၅:၁၀။ ၁၄:၁) ပဋိညာဉ်​ နှစ်ခု​မှာ ပါဝင်​တဲ့ ဘိသိက်ခံ အကြွင်းအကျန်​တွေ​ပဲ * အောက်မေ့ရာပွဲ​မှာ မုန့်​နဲ့ စပျစ်​ဝိုင်ကို စားသုံး​ကြတယ်။

၅။ ဘိသိက်ခံ​တွေ​ဟာ မိမိတို့​ ရရှိ​ထား​တဲ့ အခွင့်ထူးနဲ့​ပတ်သက်ပြီး ဘာကို သိထားကြ​သလဲ။

အောက်မေ့ရာပွဲကို ဘိသိက်ခံ​တွေ တက်​ချင်​တဲ့ နောက်ထပ် အကြောင်းရင်း ရှိသေးတယ်။ မိမိတို့ရဲ့ မျှော်လင့်ချက်​အကြောင်း စဉ်းစား​ဆင်ခြင်​ခွင့်​ ရလို့ပဲ။ ကောင်းကင်​မှာ မသေနိုင်၊ မပျက်စီး​နိုင်​တဲ့ အသက်တာ​ ရမယ်။ ယေရှု​ခရစ်၊ ရှင်ပြန်ထမြောက်​ပြီး ​ဖြစ်​တဲ့ ၁၄၄,၀​၀​၀ နဲ့​အတူ အမှုဆောင်ခွင့်​ ရမယ်။ အကောင်းဆုံး​က​တော့ ယေဟောဝါရှေ့ ရှိနေ​ခွင့်​ ရမယ်။ ယေဟောဝါ ပေး​ထား​တဲ့ အံ့ဖွယ်​ မျှော်လင့်ချက်ပါ​ပဲ။ (၁ ကော. ၁၅:၅၁-၅၃။ ၁ ယော. ၃:၂) အဲဒီ​အခွင့်ထူး ကမ်း​လှမ်း​ခံရ​မှန်း၊ အဲဒီအခွင့်ထူး​ ရဖို့ သေ​တဲ့​အထိ သစ္စာ​ရှိဖို့ လို​မှန်း ဘိသိက်ခံ​တွေ သိထားကြတယ်။ (၂ တိ. ၄:၇၊ ၈) ကောင်းကင်မျှော်လင့်ချက်​က သူတို့ကို သိပ်​ပျော်ရွှင်​စေတယ်။ (တိ. ၂:၁၃) “တခြား​သိုး” တွေ​ကော အောက်မေ့ရာပွဲကို ဘာကြောင့် တက်​ကြသလဲ။—ယော. ၁၀:၁၆

တခြား​သိုး​တွေ ဘာကြောင့် တက်​ကြသလဲ

၆။ တခြား​သိုး​တွေ အောက်မေ့ရာပွဲကို ဘာကြောင့် တက်​ကြသလဲ။

တခြား​သိုး​တွေ​ဟာ အောက်မေ့ရာပွဲကို စားသုံးသူ​အနေ​နဲ့ မဟုတ်ဘဲ ကြည့်ရှု​သူ​အဖြစ် တက်ရောက်​ကြတယ်။ မြေကြီး​မျှော်လင့်ချက် ရှိသူတွေ အောက်မေ့ရာပွဲ​ တက်​ဖို့ ၁၉၃​၈ မှာ ဦးဆုံး​အနေ​နဲ့ အထူး​ ဖိတ်ခေါ်​ခံရတယ်။ ၁၉၃​၈၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) မှာ “[တခြားသိုး]တွေ အောက်မေ့ရာပွဲကို ကြည့်ရှု​သူ​အဖြစ် တက်ရောက်​တာ​ဟာ မှန်ကန်​သင့်တော်တယ်။ . . . အဲဒီ​အချိန်​ဟာ သူတို့​အတွက်​လည်း ရွှင်လန်းစရာ​အချိန်​ ဖြစ်တယ်” လို့ ဖော်ပြ​ထား​တယ်။ မင်္ဂလာဆောင်​ပွဲ​ တက်​ဖို့ ဖိတ်ခေါ်​ခံရ​တဲ့ ဧည့်သည်​လို​ပဲ တခြား​သိုး​တွေ​ဟာ အောက်မေ့ရာပွဲ တက်ခွင့်​ ရလို့ ပျော်ရွှင်​ကြတယ်။

၇။ အောက်မေ့ရာပွဲ ဟောပြောချက်ကို တခြား​သိုး​တွေ ဘာကြောင့် စောင့်မျှော်​ကြသလဲ။

တခြား​သိုး​တွေ​လည်း ကိုယ့်​မျှော်လင့်ချက်​အကြောင်း စဉ်းစား​ဆင်ခြင်​တယ်။ အောက်မေ့ရာပွဲ ဟောပြောချက်ကို စောင့်မျှော်​ကြတယ်။ ဟောပြောချက်မှာ အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း သစ္စာ​ရှိသူတွေ​အတွက် ခရစ်တော်​နဲ့ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀​၀​၀ ဘာ​လုပ်​ပေး​မလဲ​ဆို​တဲ့​အကြောင်း အဓိက တင်ဆက်​ပေး​လို့​ပဲ။ ဘုရင် ယေရှုခရစ်ရဲ့ ဦးဆောင်မှုအောက် တွဲဖက်​အုပ်ချုပ်သူတွေ​ဟာ ကမ္ဘာ​မြေ​ကို ပရဒိသု​ ဖြစ်စေ​ပြီး နာခံမှု​ ရှိတဲ့ လူသားတွေ စုံလင်​လာအောင် ကူညီ​ပေး​ကြ​မယ်။ ဟေရှာယ ၃၅:၅၊ ၆။ ၆၅:၂၁-၂၃ နဲ့ ဗျာဒိတ် ၂၁:၃၊ ၄ လို အနာဂတ်​မှာ ပြည့်စုံ​လာမယ့် ကျမ်းစာ​ပရောဖက်ပြုချက်​တွေ​ကို မြင်ယောင်​ရတာ အောက်မေ့ရာပွဲ တက်ရောက်သူ​တွေ​အတွက် စိတ်​လှုပ်ရှား​စ​ရာ​ပဲ။ ကမ္ဘာသစ်​မှာ ချစ်ရ​သူတွေနဲ့​အတူ ရှိ​နေတယ်လို့ မြင်ယောင်​တဲ့​အခါ မျှော်လင့်ချက် ပို​ခိုင်မာ​လာမယ်။ ယေဟောဝါရဲ့ အမှုတော်မှာ အမြဲ ​ပါဝင်​မယ်​ဆို​တဲ့ စိတ်ပိုင်း​ဖြတ်​ချက် ပို​ခိုင်မာ​လာပါလိမ့်မယ်။—မ. ၂၄:၁၃။ ဂလ. ၆:၉

၈။ တခြား​သိုး​တွေ အောက်မေ့ရာပွဲ တက်​ရတဲ့ နောက်ထပ် အကြောင်းရင်း​က​ ဘာလဲ။

တခြား​သိုး​တွေ အောက်မေ့ရာပွဲ တက်​ရတဲ့ နောက်ထပ် အကြောင်းရင်းကို သုံးသပ်ကြည့်​ပါ။ ဘိသိက်ခံ​တွေ​ကို ချစ်​ကြောင်း၊ ထောက်ခံကြောင်း ပြ​ချင်​လို့ဖြစ်တယ်။ ဘိသိက်ခံ​တွေ​နဲ့ မြေကြီး​မျှော်လင့်ချက် ရှိသူတွေ ရင်းနှီးတဲ့​ ဆက်ဆံ​ရေး ရှိမယ်လို့ ကျမ်းစာ​မှာ ကြိုပြော​ထား​တယ်။ နမူနာ​တချို့​ကို ဆွေးနွေး​ကြရအောင်။

၉။ ဇာခရိ ၈:၂၃ မှာ ပါတဲ့ ပရောဖက်ပြုချက်​က ဘိသိက်ခံ​ ညီအစ်ကို/မ​တွေ​အပေါ်​ ထား​တဲ့ တခြား​သိုး​တွေ​ရဲ့ ခံစားချက်​ကို ဘယ်လို ဖော်​ပြသလဲ။

ဇာခရိ ၈:၂၃ ကို ဖတ်ပါ။ ဒီ​ပရောဖက်ပြုချက်​က ဘိသိက်ခံ​တွေ​အပေါ် ​ထား​တဲ့ တခြား​သိုး​တွေ​ရဲ့ ခံစားချက်​ကို လှလှပပ ပုံဖော်​ပြ​တာ​ပဲ။ “ဂျူး​လူမျိုး​တစ်ယောက်” နဲ့ “ခင်ဗျား​တို့” ဆိုတာ ဘိသိက်ခံ အကြွင်းအကျန်​ကို ရည်ညွှန်းတယ်။ (ရော. ၂:၂၈၊ ၂၉) “ဘာသာ​စကား အမျိုးမျိုး​ ပြော​တဲ့ လူမျိုး​တွေ​ထဲ​က လူ​ဆယ်ယောက်” ဆိုတာ တခြား​သိုး​ကို ကိုယ်စား​ပြု​တယ်။ ဘိသိက်ခံ​တွေ​နဲ့​အတူ စင်ကြယ်​တဲ့ ဝတ်ပြုရေးမှာ ပါဝင်ခြင်း​အားဖြင့် သူတို့​ဝတ်ရုံ​ကို “မြဲမြဲ ကိုင်” ထား​ကြတယ်။ တစ်နည်း​အားဖြင့် သူတို့ကို သစ္စာရှိ​ရှိ ထောက်မ​ပေး​ကြတယ်။ အောက်မေ့ရာပွဲ တက်ရောက်ခြင်း​အားဖြင့် အဲဒီလို ထောက်မ​ကြောင်း ဖော်ပြ​ကြတယ်။

၁၀။ ယေဇကျေလ ၃၇:၁၅-၁၉၊ ၂၄၊ ၂၅ ပါ ကြို​ဟောချက်​ကို ယေဟောဝါ ဘယ်လို ပြည့်စုံ​စေ​သလဲ။

၁၀ ယေဇကျေလ ၃၇:၁၅-၁၉၊ ၂၄၊ ၂၅ ကို ဖတ်ပါ။ ဘိသိက်ခံ​တွေ​နဲ့ တခြား​သိုး​တွေ စည်းစည်းလုံးလုံး လုပ်ဆောင်​နိုင်အောင် ယေဟောဝါ ကူညီ​ပေးခြင်း​အားဖြင့် ဒီ​ကြို​ဟောချက်​ကို ပြည့်စုံ​စေတယ်။ ကြို​ဟောချက်​မှာ တုတ်​နှစ်ချောင်း​အကြောင်း ဖော်ပြ​တယ်။ ကောင်းကင်​မျှော်လင့်ချက် ရှိ​သူတွေက “ယုဒရဲ့ တုတ်​ချောင်း” နဲ့ တူတယ်။ ယုဒဟာ အစ္စရေး​ဘုရင်​တွေ ဆင်းသက်​လာတဲ့ အနွယ် ဖြစ်တယ်။ မြေကြီး​မျှော်လင့်ချက် ရှိ​သူတွေက “ဧဖရိမ်​ရဲ့ တုတ်​ချောင်း” နဲ့ တူတယ်။ * ယေဟောဝါ​က ဒီ​အုပ်စု​ နှစ်စု​ကို စည်းလုံးစေ​တဲ့​အတွက် “တုတ်​တစ်ချောင်း​တည်း” ဖြစ်​လာတယ်။ ဘုရင် ယေရှုခရစ်ရဲ့ လက်အောက်​မှာ စည်းလုံးစွာ အမှုဆောင်​ကြ​တာ​ကို ဆိုလိုတယ်။ ဘိသိက်ခံ​တွေ​နဲ့ တခြား​သိုး​တွေ​ဟာ အုပ်စု​ နှစ်စု​အနေ​နဲ့ မဟုတ်ဘဲ “သိုးထိန်း​တစ်ယောက်” အောက်မှာ “သိုး​တစ်အုပ်” အဖြစ် နှစ်တိုင်း အောက်မေ့ရာပွဲကို တက်ရောက်​ကြတယ်။—ယော. ၁၀:၁၆

၁၁။ မဿဲ ၂၅:၃၁-၃၆၊ ၄၀ မှာ ဖော်ပြ​ထား​တဲ့ “သိုး” တွေ​ဟာ ခရစ်တော်​ရဲ့​ ညီ​တွေ​ကို ဘယ်လို ထောက်မ​နေကြ​သလဲ။

၁၁ မဿဲ ၂၅:၃၁-၃၆၊ ၄၀ ကို ဖတ်ပါ။ ယေရှု​ ပြော​တဲ့ ပုံ​ဥပမာ​ထဲ​က “သိုး” ဆိုတာ နောက်ဆုံး​ကာလ​အတွင်း ဖြောင့်မတ်​သူ၊ မြေကြီး​မျှော်လင့်ချက်​ ရှိသူ တခြား​သိုး​တွေ ဖြစ်တယ်။ သူတို့ဟာ ကမ္ဘာချီ ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေခြင်း​လုပ်ငန်း ပြီးမြောက်​အောင် ကူညီ​ပေးခြင်း​အားဖြင့် ခရစ်တော်​ရဲ့ ဘိသိက်ခံ​ညီ အကြွင်းအကျန်​ကို သစ္စာရှိ​ရှိ ထောက်မ​ပေး​နေကြတယ်။—မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀

၁၂-၁၃။ တခြား​သိုး​တွေ​ဟာ ခရစ်တော်​ရဲ့ ညီ​တွေ​ကို ထောက်မ​နေကြောင်း နောက်ထပ် ဘယ်​နည်းတွေနဲ့ ပြ​နေကြ​သလဲ။

၁၂ တခြား​သိုး​တွေ​ဟာ နှစ်​တိုင်း အောက်မေ့ရာပွဲ ဖိတ်ခေါ်​တဲ့ ကမ္ဘာချီ​ ကင်ပိန်း​မှာ ပါဝင်ခြင်း​အားဖြင့် ခရစ်တော်​ရဲ့ ညီတွေ​ကို ထက်ထက်သန်သန် ထောက်မ​ကြတယ်။ (“ အောက်မေ့ရာပွဲ​အတွက် ကြိုတင်​ ပြင်ဆင်​ထားပြီ​လား” လေးထောင့်ကွက်​ကို ကြည့်​ပါ။) အသင်းတော်မှာ စားသုံး​တဲ့​သူ မရှိရင်တောင် အောက်မေ့ရာပွဲ ကျင်းပ​နိုင်​ဖို့ လိုအပ်​သလို ကူညီ​ပေး​ကြတယ်။ ဘိသိက်ခံ​တွေ​ကို အဲဒီလို ကူညီ​ပေး​တာ​ဟာ ယေရှုကို တိုက်ရိုက်​ ကူညီ​ပေး​ရာ​ ရောက်​မှန်း သိကြတယ်။—မ. ၂၅:၃၇-၄၀

၁၃ ကျွန်တော်​တို့အားလုံး ဘယ်လို မျှော်လင့်ချက်​ပဲ​ ရှိပါစေ နောက်ထပ် ဘယ်​အကြောင်းရင်း​တွေ​ကြောင့် အောက်မေ့ရာပွဲ တက်ရောက်​ကြသလဲ။

ဘာကြောင့် အားလုံး တက်ရောက်​ကြ

၁၄။ ကျွန်တော်​တို့အတွက် ကြီးမား​တဲ့ မေတ္တာကို ယေဟောဝါ​နဲ့ ယေရှု ဘယ်လို ပြ​ခဲ့​သလဲ။

၁၄ ယေဟောဝါ​နဲ့ ယေရှု ပြ​ခဲ့​တဲ့ မေတ္တာကို ကျေးဇူး​တင်​လို့​ ဖြစ်တယ်။ ကျွန်တော်​တို့ကို ချစ်​ကြောင်း ယေဟောဝါ နည်းလမ်း​မျိုးစုံ​နဲ့ ပြ​တယ်။ အထူးခြားဆုံး​ နည်း​က​တော့ အချစ်ဆုံး​သားကို ကျွန်တော်​တို့အတွက် အသေခံ​စေခြင်း​ပါ​ပဲ။ (ယော. ၃:၁၆) ယေရှုလည်း ကျွန်တော်​တို့အတွက် သူ့​အသက်ကို လိုလိုလားလား ပေးဆက်​ပြီး ကြီးမား​တဲ့​ မေတ္တာ ပြ​ခဲ့တယ်။ (ယော. ၁၅:၁၃) ယေဟောဝါ​နဲ့ ယေရှု ပြ​တဲ့​ မေတ္တာကို ကျွန်တော်​တို့ ဘယ်တော့မှ ပြန်ဆပ်​နိုင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်​တို့​ရဲ့ အသက်ရှင်​နေထိုင်ပုံ​အားဖြင့် ကျေးဇူး​တင်​ကြောင်း ပြ​နိုင်တယ်။ (ကော. ၃:၁၅) အောက်မေ့ရာပွဲ တက်​ခြင်း​အားဖြင့် သူတို့ရဲ့ မေတ္တာကို ပြန်​အမှတ်ရ​နိုင်​သလို သူတို့ကို ချစ်​ကြောင်း​လည်း ပြ​နိုင်တယ်။

၁၅။ ရွေးဖိုး​လက်ဆောင်​ကို ဘိသိက်ခံ​ရော တခြား​သိုး​တွေ​ပါ ဘာကြောင့် တန်ဖိုးထား​ကြသလဲ။

၁၅ ရွေးဖိုး​လက်ဆောင်​ကို သိပ်​တန်ဖိုးထား​လေးမြတ်​လို့ ဖြစ်တယ်။ (မ. ၂၀:၂၈) ဘိသိက်ခံ​တွေ​ဟာ ရွေးဖိုး​ကြောင့် အံ့ဖွယ်​ မျှော်လင့်ချက် ရရှိ​ကြတယ်။ ယေရှုရဲ့ ပူဇော်သက္ကာ​ကို ယုံကြည်တဲ့​အတွက် သူတို့ကို ဖြောင့်မတ်​သူ​လို့ ယေဟောဝါ သတ်မှတ်ပြီး သားတွေ​အဖြစ် မွေးစား​တယ်။ (ရော. ၅:၁။ ၈:၁၅-၁၇၊ ၂၃) တခြား​သိုး​တွေ​လည်း ခရစ်တော်​ရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​ကို သိပ်​ကျေးဇူး​တင်​ကြတယ်။ အဲဒါကို ယုံကြည်တဲ့​အတွက် ဘုရားသခင်​ရှေ့ သန့်ရှင်းတဲ့​ အနေအထား ရတယ်။ အမှုတော်မြတ်​မှာ ပါဝင်ခွင့်​ ရတယ်။ “ကြီးစွာ​သော​ဒုက္ခ” ကနေ လွတ်မြောက်​ဖို့ မျှော်လင့်ချက် ရ​ကြတယ်။ (ဗျာ. ၇:၁၃-၁၅) ဘိသိက်ခံ​ရော တခြား​သိုး​တွေ​ပါ ရွေးဖိုး​ကို ကျေးဇူး​တင်​ကြောင်း ပြ​တဲ့ တစ်နည်း​က​တော့ အောက်မေ့ရာပွဲကို နှစ်​တိုင်း တက်ရောက်ခြင်း​ပါ​ပဲ။

၁၆။ အောက်မေ့​ရာ​ပွဲ တက်​ရတဲ့ နောက်​အကြောင်းရင်း​က ဘာလဲ။

၁၆ အောက်မေ့​ရာ​ပွဲ တက်​ရတဲ့ နောက်​အကြောင်းရင်း​က ယေရှု​စကား​ကို နာခံ​ချင်​လို့ ဖြစ်တယ်။ အောက်မေ့ရာပွဲ အစပြု​တဲ့​ည​မှာ “ကျွန်တော့်​ကို အောက်မေ့​တဲ့​အနေ​နဲ့ ဒီလို အမြဲ​ လုပ်ပါ” လို့ ယေရှု မိန့်မှာတယ်။ ကျွန်တော်​တို့ ဘယ်လို မျှော်လင့်ချက်​ပဲ ရှိပါစေ အဲဒီမိန့်မှာချက်ကို နာခံ​ကြတယ်။—၁ ကော. ၁၁:၂၃၊ ၂၄

အောက်မေ့ရာပွဲ တက်​ခြင်း​ကနေ အားလုံး အကျိုး​ရ

၁၇။ အောက်မေ့ရာပွဲ​က ယေဟောဝါ​နဲ့ ဘယ်လို ပို​ရင်းနှီး​စေ​သလဲ။

၁၇ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​စေတယ်။ (ယာ. ၄:၈) အောက်မေ့ရာပွဲ တက်တာ​က ယေဟောဝါ​ ပေး​တဲ့ မျှော်လင့်ချက်​အကြောင်း၊ ဘုရား​ ပြ​ခဲ့​တဲ့ ကြီးမား​တဲ့​ မေတ္တာ​အကြောင်း ပြန်​စဉ်းစားဖို့ အခွင့်အရေး ရစေတယ်။ (ယေ. ၂၉:၁၁။ ၁ ယော. ၄:၈-၁၀) အနာဂတ် မျှော်လင့်ချက်​အကြောင်း၊ ယေဟောဝါ​ဘုရား​ရဲ့ အစဉ်​တည်​တဲ့ မေတ္တာ​အကြောင်း စဉ်းစား​တဲ့​အခါ ဘုရား​ကို ပို​ချစ်​လာပြီး ပို​ရင်းနှီး​လာမယ်။—ရော. ၈:၃၈၊ ၃၉

၁၈။ ယေရှုရဲ့ ပုံသက်သေ​ကို တွေးတော​ဆင်ခြင်​တာ​က ဘာလုပ်ဖို့ လှုံ့ဆော်ပေး​သလဲ။

၁၈ ယေရှုရဲ့ ပုံသက်သေ​ကို တုပ​ဖို့ လှုံ့ဆော်​ခံရတယ်။ (၁ ပေ. ၂:၂၁) အောက်မေ့ရာပွဲ မတိုင်ခင် ရက်​တွေ​မှာ ယေရှုရဲ့ မြေကြီး​အသက်တာ နောက်ဆုံး​နေ့​တွေ​အကြောင်း၊ ယေရှုရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ကျမ်းစာ​မှတ်တမ်းတွေကို ကျွန်တော်​တို့ တွေးတော​ဆင်ခြင်​ကြတယ်။ အောက်မေ့ရာပွဲ ဟောပြောချက်​က ယေရှု​ ပြ​ခဲ့​တဲ့ မေတ္တာကို အမှတ်​ရစေတယ်။ (ဧ. ၅:၂။ ၁ ယော. ၃:၁၆) ယေရှုရဲ့ ကိုယ်ကျိုး​စွန့်​မေတ္တာ​အကြောင်း ဖတ်​ပြီး တွေးတော​တဲ့​အခါ ယေရှု “လျှောက်လှမ်း​ခဲ့​တဲ့ လမ်းစဉ်​အတိုင်း အမြဲ​ လျှောက်လှမ်း” ဖို့ လှုံ့ဆော်​ခံရ​ကြတယ်။—၁ ယော. ၂:၆

၁၉။ ဘုရား​မေတ္တာ အမြဲ ခံစား​ရအောင် ဘာလုပ်​နိုင်​သလဲ။

၁၉ ဘုရား​မေတ္တာ ခံစားရ​စေမယ့်​အရာ​တွေ​ကို အမြဲ လုပ်ဆောင်မယ်​ဆို​တဲ့ စိတ်ပိုင်း​ဖြတ်​ချက် ပို​ခိုင်မာ​လာတယ်။ (ယု. ၂၀၊ ၂၁) အတတ်နိုင်ဆုံး ဘုရား​ကို နာခံခြင်း၊ နာမတော် သန့်ရှင်း​မြင့်မြတ်​စေခြင်း၊ စိတ်တော် ပျော်ရွှင်​စေခြင်း​အားဖြင့် ဘုရား​မေတ္တာ ဆက်ခံစား​နိုင်တယ်။ (ပညာ. ၂၇:၁၁။ မ. ၆:၉။ ၁ ယော. ၅:၃) ‘ဘုရား​မေတ္တာ အမြဲ ခံစားချင်​ပါ​တယ်’ လို့ ပြော​ရာ​ရောက်​မယ့်​ နည်းနဲ့ နေ့တိုင်း အသက်ရှင်ဖို့ အောက်မေ့ရာပွဲ​က လှုံ့ဆော်​ပေးတယ်။

၂၀။ အောက်မေ့ရာပွဲ တက်​ဖို့ ဘာ​အကြောင်းကောင်း​တွေ ရှိသလဲ။

၂၀ ကျွန်တော်​တို့​မှာ ကောင်းကင်မျှော်လင့်ချက်​ပဲ ရှိ​ရှိ၊ မြေကြီးမျှော်လင့်ချက်​ပဲ ရှိ​ရှိ အောက်မေ့ရာပွဲ တက်​ဖို့ အကြောင်းကောင်း​တွေ ရှိပါတယ်။ နှစ်​တိုင်း ကျွန်တော်​တို့ ချစ်​ရတဲ့ ယေရှုခရစ်ရဲ့ သေခြင်းကို အောက်မေ့​ဖို့ အဲဒီ​နေ့မှာ အတူ​စုဝေး​ကြတယ်။ အရေးကြီးဆုံး​က​တော့ သားတော်ကို ရွေးဖိုး​အဖြစ် ပေး​ခဲ့​တဲ့ ယေဟောဝါရဲ့ အကြီးမားဆုံး မေတ္တာကို အောက်မေ့​ဖို့​ပါ။ ဒီ​နှစ် အောက်မေ့ရာပွဲကို ၂၀၂၂၊ ဧပြီ ၁၅၊ သောကြာ​နေ့မှာ ကျင်းပ​ပါ​မယ်။ ယေဟောဝါ​နဲ့ သားတော်ကို ကျွန်တော်​တို့ သိပ်​ချစ်တယ်။ အောက်မေ့ရာပွဲ တက်တာ​ထက် အရေးကြီး​တာ ဘာမှ မရှိဘူး။ ဒါ​ကြောင့် မဖြစ်​မနေ တက်ရောက်​ကြပါစို့။

သီချင်း ၁၆ ဘိသိက်ခံ သားတော်​အတွက် ယေဟောဝါ​ကို ချီးမွမ်း​ကြ

^ အပိုဒ်၊ 5 ကျွန်တော်​တို့​မှာ ကောင်းကင်မျှော်လင့်ချက်​ပဲ ရှိ​ရှိ၊ မြေကြီးမျှော်လင့်ချက်​ပဲ ရှိ​ရှိ နှစ်​တိုင်း အောက်မေ့ရာပွဲကို တက်ကြတယ်။ အောက်မေ့ရာပွဲကို ဘာကြောင့် တက်​သင့်​ကြောင်း၊ ဘယ်လို အကျိုး​ရနိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ ကြ​ပါ​မယ်။

^ အပိုဒ်၊ 4 ပဋိညာဉ်​သစ်​နဲ့ နိုင်ငံတော် ပဋိညာဉ်​အကြောင်း ထပ်​သိချင်ရင် ၂၀၁၄၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၀-၁၃ “မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်​နိုင်ငံ’ ဖြစ်လာ​လိမ့်မယ်” ဆောင်းပါး​ကို ကြည့်​ပါ။

^ အပိုဒ်၊ 4 စကားလုံး ရှင်းလင်းချက်– ဘိသိက်ခံ အကြွင်းအကျန် ဆိုတာ မြေကြီးပေါ် သက်ရှိ​ထင်ရှား ရှိနေသေး​တဲ့ ဘိသိက်ခံ​တွေ​ကို ဆိုလိုတယ်။

^ အပိုဒ်၊ 10 ယေဇကျေလ အခန်းကြီး ၃၇ မှာပါတဲ့ တုတ်​နှစ်ချောင်း​နဲ့​ပတ်သက်​တဲ့ ကြိုဟောချက်​အကြောင်း ထပ်​သိချင်ရင် ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်​မှု ပြန်လည်​တည်ထောင်​ပြီ စာအုပ်၊ စာ. ၁၃၀-၁၃၅၊ စာပိုဒ် ၃-၁၇ ကို ကြည့်​ပါ။