မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅

“ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေး”

“ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေး”

‘ခရစ်တော်ရဲ့ ချစ်ခြင်း​မေတ္တာက ကျွန်တော်တို့ကို တွန်းအား​ပေးတယ်။ ဒါကြောင့် အသက်ရှင်နေ​သူ​တွေ​ဟာ ကိုယ့်​အတွက် အသက်မရှင်သင့်တော့ဘူး။’—၂ ကော. ၅:၁၄၊ ၁၅

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

အကြို​သုံးသပ်ချက် a

၁-၂။ (က) ယေရှုရဲ့ ဘဝနဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း စဉ်းစား​တဲ့အခါ ဘာ​ခံစားရနိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။

 ချစ်ရသူ​တစ်ယောက် သေဆုံးသွားတဲ့အခါ ကျွန်တော်တို့ သတိရ​လွမ်းဆွတ်​ကြတယ်။ ဝေဒနာ အကြီးအကျယ်​ခံစားပြီးမှ သေဆုံးသွားတယ်ဆိုရင် အဲဒီအချိန်​အကြောင်း ပြန်တွေးမိတိုင်း နာကျင်​ခံစားရနိုင်တယ်။ ဒါပေမဲ့ အချိန်​ကြာလာတာနဲ့အမျှ သူ သွန်သင်​ပေးခဲ့တာ၊ ကိုယ့်ကို အားပေးဖို့၊ ကိုယ်​ပျော်ဖို့ သူ လုပ်ခဲ့၊ ပြောခဲ့တာတွေကို စဉ်းစား​မိ​တိုင်း ပြန်​ပျော်ရွှင်​လာနိုင်တယ်။

အဲဒီလိုပဲ ယေရှု ဝေဒနာ​ခံပြီး သေဆုံး​တဲ့​အကြောင်း ဖတ်တဲ့အခါ ဝမ်းနည်း​ရတယ်။ အထူးသဖြင့် အောက်မေ့ရာပွဲ​ကာလမှာ ရွေးဖိုး​ပူဇော်သက္ကာ​ရဲ့ တန်ဖိုးအကြောင်း အချိန်ယူ စဉ်းစား​သုံးသပ်ကြတယ်။ (၁ ကော. ၁၁:၂၄၊ ၂၅) ဒါပေမဲ့ မြေကြီးပေါ် ယေရှု ပြောခဲ့၊ လုပ်ခဲ့တာ အားလုံးကို ပြန်​စဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့ ဝမ်းသာရတယ်။ အခု ယေရှု ဘာလုပ်နေသလဲ၊ အနာဂတ်မှာ ကျွန်တော်တို့အတွက် ဘာလုပ်ပေးမလဲ ဆိုတာ တွေးတောတာက​လည်း အားရှိစေတယ်။ အဲဒါတွေနဲ့ ယေရှုရဲ့ မေတ္တာကို တွေးတောတာက ကျေးဇူးတင်ကြောင်း လက်တွေ့ကျ​နည်းတွေနဲ့ ပြဖို့ လှုံ့ဆော်​ပေးနိုင်တယ်။ အဲဒီအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

ယေရှုနောက် ဆက်​လိုက်ဖို့ ကျေးဇူးတင်​စိတ်​က လှုံ့ဆော်​ပေး

၃။ ရွေးဖိုး​အတွက် ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။

ယေရှုရဲ့ ဘဝနဲ့ သေခြင်း​အကြောင်း စဉ်းစား​တဲ့အခါ ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ မြေကြီး အမှုဆောင်​လုပ်ငန်း​အတွင်း ဘုရားနိုင်ငံတော် ကောင်းချီးတွေ​အကြောင်း ယေရှု သင်ပေးတယ်။ အဲဒီ​နိုင်ငံတော် အမှန်တရားတွေကို ကျွန်တော်တို့ သိပ်လေးမြတ်တယ်။ ရွေးဖိုး​အတွက်​လည်း ကျေးဇူးတင်တယ်။ ယေဟောဝါနဲ့ရော ယေရှုနဲ့​ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရဖို့ လမ်းဖွင့်​ပေးလို့​ပဲ။ ယေရှုကို ယုံကြည်​သက်ဝင်​သူ​တွေ​ဟာ ထာဝရ​အသက်​အပြင် ချစ်ရတဲ့ သေဆုံး​သူ​တွေ​နဲ့ ပြန်တွေ့ခွင့် မျှော်လင့်ချက် ရကြတယ်။ (ယော. ၅:၂၈၊ ၂၉။ ရော. ၆:၂၃) ဒီ​ကောင်းချီးတွေ​နဲ့ ထိုက်တန်​တာ ဘာတစ်ခုမှ ကျွန်တော်တို့ မ​လုပ်ခဲ့ဘူး။ ယေဟောဝါနဲ့ ခရစ်တော် လုပ်ပေးထားတာ​တွေ​အတွက်​လည်း ဘယ်တော့မှ ကျေးဇူးဆပ်လို့ ကုန်​မှာ မဟုတ်ဘူး။ (ရော. ၅:၈၊ ၂၀၊ ၂၁) ဒါပေမဲ့ ဘယ်လောက် ကျေးဇူးတင်တယ် ဆိုတာတော့ ပြနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

မာဂဒလ မာရိ​အကြောင်း စဉ်းစားတာက ကျေးဇူးတင်ကြောင်း​ပြဖို့ သင့်ကို ဘယ်လို လှုံ့ဆော်ပေးသလဲ (စာပိုဒ် ၄-၅ ကို ကြည့်ပါ)

၄။ ယေရှု လုပ်ပေးတာ​တွေ​အတွက် ကျေးဇူးတင်ကြောင်း မာဂဒလ မာရိ ဘယ်လို ပြသလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

ဂျူး​အမျိုးသမီး မာဂဒလ မာရိ​အကြောင်း စဉ်းစားကြည့်ပါ။ နတ်ဆိုး ခုနစ်ကောင် ဝင်ပူးခံရလို့ တော်တော်​ဝေဒနာ ခံစားနေရတယ်။ လွတ်လမ်း မရှိတော့ဘူးလို့ ခံစားခဲ့ရမှာပဲ။ ဒါကြောင့် နတ်ဆိုး နှောင့်ယှက်​မှု ကင်းအောင် ယေရှု လုပ်ပေးတဲ့အခါ ဘယ်လောက် ကျေးဇူးတင်​မလဲ စဉ်းစားကြည့်ပါ။ ကျေးဇူးတင်​လွန်းလို့ ယေရှု နောက်လိုက် ဖြစ်လာတယ်။ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာ​တွေ သုံးပြီး အမှုဆောင်လုပ်ငန်းမှာ ယေရှုကို ထောက်မ​ပေးတယ်။ (လု. ၈:၁-၃) နတ်ဆိုး နှင်ထုတ်​ပေးလို့ မာရိ ကျေးဇူးတင်နေပေမဲ့ ဒီထက် ပိုကြီးမားတာကို ယေရှု လုပ်ပေး​ဦးမယ်​ဆိုတာ မသိသေးဘူး။ လူအားလုံး​အတွက် အသက်ပေး​ဦးမယ်။ “ယုံကြည်သက်ဝင်သူတိုင်း” ထာဝရ​အသက် ရနိုင်ဖို့​ပါ။ (ယော. ၃:၁၆) ဒါတောင် ယေရှုကို သစ္စာစောင့်သိ​ခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း မာရိ ပြတယ်။ သစ်တိုင်​မှာ ယေရှု ဝေဒနာ​ခံစား​နေတုန်း ယေရှု​ဘေးမှာ ရပ်ပေးတယ်။ ယေရှုနဲ့ တခြားသူတွေကို အားပေး​နှစ်သိမ့်​တယ်။ (ယော. ၁၉:၂၅) ယေရှု သေဆုံးပြီးနောက် သင်္ချိုင်းဂူ​ကို မာရိနဲ့ တခြား​အမျိုးသမီး​နှစ်ယောက် အမွှေးနံ့သာ​တွေ ယူလာတယ်။ (မာ. ၁၆:၁၊ ၂) မာရိရဲ့ သစ္စာစောင့်သိ​မှု ဆုချခံရတယ်။ ရှင်ပြန်​ထမြောက်လာတဲ့ ယေရှုနဲ့ တွေ့ခွင့်၊ စကားပြောခွင့် ရခဲ့တယ်။ တပည့်​အများစု​တောင် မရခဲ့တဲ့ အခွင့်ထူး​ပါပဲ။—ယော. ၂၀:၁၁-၁၈

၅။ ယေဟောဝါနဲ့ ယေရှု လုပ်ပေးတာ​တွေ​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

ကျွန်တော်တို့လည်း ကိုယ့်​အချိန်၊ ခွန်အား၊ ပစ္စည်း​ဥစ္စာတွေကို နိုင်ငံတော် အကျိုးစီးပွားအတွက် အသုံးပြုခြင်းအားဖြင့် ယေဟောဝါနဲ့ ယေရှု လုပ်ပေးတာ​တွေ​အတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ ဥပမာ၊ ဝတ်ပြုရေး​အတွက် သုံးတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ရေး၊ ပြုပြင်​ထိန်းသိမ်းရေး​မှာ ကူညီပေးနိုင်တယ်။

ယေဟောဝါနဲ့ ယေရှုကို ချစ်တဲ့​မေတ္တာက တခြားသူတွေကို ချစ်ဖို့ လှုံ့ဆော်​ပေး

၆။ ရွေးဖိုး​က ကျွန်တော်တို့ တစ်ယောက်စီ​အတွက် သတ်သတ်မှတ်မှတ်​ပေးတဲ့ လက်ဆောင်​ဖြစ်တယ်လို့ ဘာကြောင့် ပြော​နိုင်သလဲ။

ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု ဘယ်လောက် ချစ်တယ်ဆိုတာ စဉ်းစားလိုက်တဲ့အခါ သူတို့ကို ပြန်​ချစ်ဖို့ လှုံ့ဆော်​ခံရတယ်။ (၁ ယော. ၄:၁၀၊ ၁၉) ကိုယ့်​အတွက် ယေရှု အသေခံသွားတယ်ဆိုတာ သိရတဲ့အခါ ပို​တောင် ချစ်​လာတယ်။ ဒါကို တမန်တော် ပေါလု အသိအမှတ်ပြုပြီး ကျေးဇူးတင်ကြောင်း ပြောတယ်။ “ကျွန်တော့်​ကို​ချစ်ပြီး ကျွန်တော့်​အတွက် အသက်​စွန့်ခဲ့တဲ့ ဘုရားသခင့်​သားတော်” လို့ ဂလာတိ​မြို့က ခရစ်ယာန်တွေ​ဆီ ရေးခဲ့တယ်။ (ဂလ. ၂:၂၀) မိမိနဲ့ မိတ်ဆွေ ဖြစ်ဖို့ သင့်ကို ယေဟောဝါ ဆွဲဆောင်​နိုင်​တာ​ဟာ ရွေးဖိုး​ကြောင့်​ပါ။ (ယော. ၆:၄၄) သင့်​စိတ်ထဲက ကောင်းတာ​တစ်ခုခုကို ယေဟောဝါ တွေ့မှန်း၊ မိတ်ဆွေ ဖြစ်နိုင်ဖို့ အကြီးမားဆုံး တန်ဖိုး ပေးဆက်ခဲ့မှန်း သိရလို့ အားရှိတယ် မဟုတ်လား။ ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတယ် မဟုတ်လား။ ‘အဲဒီ​မေတ္တာက ဘာလုပ်ဖို့ ငါ့ကို တွန်းအား​ပေးသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

ဘုရားနဲ့ ခရစ်တော်​ကို ချစ်တဲ့​မေတ္တာက လူအမျိုးမျိုးကို နိုင်ငံတော်သတင်း ဝေမျှဖို့ လှုံ့ဆော်​ပေး (စာပိုဒ် ၇ ကို ကြည့်ပါ)

၇။ ရုပ်ပုံ​မှာ တွေ့ရတဲ့​အတိုင်း ယေဟောဝါနဲ့ ယေရှုကို ချစ်ကြောင်း ကျွန်တော်တို့ ယောက်တိုင်း ဘယ်လို ပြနိုင်သလဲ။ (၂ ကောရိန္သု ၅:၁၄၊ ၁၅။ ၆:၁၊ ၂)

ယေဟောဝါနဲ့ ယေရှုကို ချစ်တဲ့​မေတ္တာက တခြားသူတွေကို ချစ်ဖို့ လှုံ့ဆော်ပေးတယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅။ ၆:၁၊ ၂ ကို ဖတ်ပါ။) ချစ်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ ဟောပြောခြင်း​လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ခြင်း​ပါပဲ။ ဆုံတွေ့​ရသူ​တိုင်း​ကို ကျွန်တော်တို့ သတင်းကောင်း ဟော​ကြတယ်။ လူမျိုး၊ နောက်ခံ၊ ငွေကြေး အခြေအနေ ဘယ်လိုပဲ​ရှိရှိ ခွဲခြား​မဆက်ဆံ​ဘူး။ ဒီနည်းအားဖြင့် “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရား​အကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ဆိုတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့​အညီ လုပ်ဆောင်နေကြတယ်။—၁ တိ. ၂:၄

၈။ ညီအစ်ကို/မတွေကို ဘယ်လို မေတ္တာ​ပြနိုင်သလဲ။

ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြခြင်းအားဖြင့်​လည်း ယေဟောဝါနဲ့ ယေရှုကို ချစ်တယ်ဆိုတာ ပြကြတယ်။ (၁ ယော. ၄:၂၁) ညီအစ်ကို/မတွေကို ကျွန်တော်တို့ စိတ်ဝင်စားတယ်။ ဒုက္ခရောက်ချိန်မှာ ကူညီပေးတယ်။ ချစ်ရသူ သေဆုံး​တဲ့အခါ နှစ်သိမ့်​ပေးတယ်။ နေမကောင်း​ဖြစ်တဲ့အခါ သွားလည်​ကြတယ်။ စိတ်ဓာတ်ကျတဲ့အခါ အတတ်နိုင်ဆုံး အားပေးကြတယ်။ (၂ ကော. ၁:၃-၇။ ၁ သက်. ၅:၁၁၊ ၁၄) “ဖြောင့်မတ်သူရဲ့ တိုးလျှိုး​အသနားခံချက်​ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိ” မှန်း သိလို့ သူတို့အတွက် ဆုတောင်းပေးကြတယ်။—ယာ. ၅:၁၆

၉။ ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြနိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။

ညီအစ်ကို/မတွေနဲ့ သင့်သင့်မြတ်မြတ်​ရှိအောင် ကြိုးစားခြင်းအားဖြင့်​လည်း မေတ္တာ​ပြကြတယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ပုံသက်သေကို ကျွန်တော်တို့ ကြိုးစား​တုပ​ကြတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ​အတွက် အသေခံဖို့ သားတော်ကို ယေဟောဝါ လိုလို​လားလား စေလွှတ်တယ်​ဆိုရင် ကိုယ့်ကို ပြစ်မှားမိ​တဲ့ ညီအစ်ကို/မတွေကို ပိုလို့တောင် ခွင့်လွှတ်​သင့်​တယ် မဟုတ်လား။ ယေရှုရဲ့ ပုံဥပမာ​ထဲက ကျွန်ဆိုး​လို ကျွန်တော်တို့ မဖြစ်ချင်​ကြ​ဘူး။ သူ့​အကြွေး အများကြီးကို ဘုရင် လျှော်ပေးလိုက်တာတောင် အချင်းချင်းရဲ့ မဖြစ်​စ​လောက် အကြွေး​ကိုတော့ မလျှော်ပေးဘူး။ (မ. ၁၈:၂၃-၃၅) အသင်းတော်ထဲက တစ်ယောက်ယောက်​နဲ့ နားလည်မှု လွဲနေတယ်ဆိုရင် သတိရအောက်မေ့ပွဲ မတိုင်ခင် သူနဲ့ သင့်မြတ်အောင် ကိုယ့်ဘက်က အစပြု ကြိုးစား​နိုင်မလား။ (မ. ၅:၂၃၊ ၂၄) ဒါက ယေဟောဝါနဲ့ ယေရှုကို နှစ်နှစ်ကာကာ ချစ်ကြောင်း ပြရာ ရောက်တယ်။

၁၀-၁၁။ ယေဟောဝါနဲ့ ယေရှုကို ချစ်ကြောင်း အကြီးအကဲတွေ ဘယ်လို ပြနိုင်သလဲ။ (၁ ပေတရု ၅:၁၊ ၂)

၁၀ ယေဟောဝါနဲ့ ယေရှုကို ချစ်ကြောင်း အကြီးအကဲတွေ ဘယ်လို ပြနိုင်သလဲ။ အရေးကြီးတဲ့ တစ်နည်းကတော့ ယေရှု​သိုးတွေ​ရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးခြင်း​ပါပဲ။ (၁ ပေတရု ၅:၁၊ ၂ ကို ဖတ်ပါ။) အဲဒီအကြောင်း တမန်တော် ပေတရု​ကို ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ ​ယေရှုကို ပေတရု သုံးကြိမ် ငြင်းပြီးနောက် ချစ်ကြောင်း ပြ​ချင်စိတ် ပြင်းပြ​နေ​မှာ​ပဲ။ ယေရှု ထမြောက်ပြီးနောက် “ယောဟန်ရဲ့​သား ရှိမုန်၊ ကျွန်တော့်ကို ချစ်​သ​လား” လို့ ပေတရု​ကို မေးတယ်။ သခင့်​ကို ချစ်ကြောင်း ပြဖို့ ပေတရု ဘာမဆို လုပ်​ပေးချင်​နေ​မှာ​ပဲ။ “ကျွန်တော့် သိုးကလေးတွေကို ထိန်းပါ” လို့ ယေရှု ပြောတယ်။ (ယော. ၂၁:၁၅-၁၇) ကျန်​ဘဝ​တစ်လျှောက်​လုံး ယေရှုရဲ့ သိုးတွေကို ပေတရု ဂရုစိုက်​စောင့်ရှောက်ပေးတယ်။ ဒီနည်းအားဖြင့် ယေရှုကို ချစ်ကြောင်း ပြခဲ့တယ်။

၁၁ အကြီးအကဲ​တို့၊ ပေတရု​ကို ပြောတဲ့ ယေရှုရဲ့ စကားတွေ သင့်အတွက်​လည်း အရေးပါ​ကြောင်း အောက်မေ့ရာပွဲ​ကာလမှာ ဘယ်လို ပြနိုင်သလဲ။ သိုးထိန်းလည်ပတ်မှု ပုံမှန် လုပ်ခြင်း၊ မလှုပ်မရှား ဖြစ်​နေ​သူ​တွေ ယေဟောဝါဆီ ပြန်လာ​နိုင်အောင် အထူး ကြိုးစား​ကူညီပေးခြင်းအားဖြင့် ယေဟောဝါနဲ့ ယေရှုကို ဘယ်လောက် ချစ်ကြောင်း ပြနိုင်တယ်။ (ယေဇ. ၃၄:၁၁၊ ၁၂) အောက်မေ့ရာပွဲ လာတက်တဲ့ ကျမ်းစာ​သင်သားတွေ၊ လူသစ်တွေကိုလည်း စိတ်ဝင်စားမှု ပြနိုင်တယ်။ တပည့်​ဖြစ်လာမယ့် အဲဒီလူတွေ ကြိုဆိုခံရတယ်လို့ ခံစားရအောင် အတတ်နိုင်ဆုံး ကူညီပေးပါ။

ခရစ်တော်​ကို ချစ်တဲ့ မေတ္တာက သတ္တိ​ရှိဖို့ လှုံ့ဆော်​ပေး

၁၂။ မသေဆုံးခင်ညမှာ ယေရှု​ပြောတဲ့ စကားတွေကို စဉ်းစားတာက ဘာကြောင့် သတ္တိ​ရှိစေသလဲ။ (ယောဟန် ၁၆:၃၂၊ ၃၃)

၁၂ ယေရှု မသေဆုံးခင်ညမှာ တပည့်တွေကို “ဒီ​လောက​မှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခ​ခံရ​လိမ့်မယ်။ ဒါပေမဲ့ သတ္တိ​ရှိကြပါ။ ဒီ​လောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ ပြောတယ်။ (ယောဟန် ၁၆:၃၂၊ ၃၃ ကို ဖတ်ပါ။) ရန်သူတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖို့၊ သေတဲ့အထိ သစ္စာရှိဖို့ ယေရှုကို ဘာက ကူညီပေးသလဲ။ ယေဟောဝါကို ယေရှု အားကိုး​တယ်။ နောက်လိုက်တွေ​လည်း ဒီလို​အခက်အခဲတွေ ကြုံရ​မယ်​ဆိုတာ သိလို့ ကာကွယ်​စောင့်ရှောက်​ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးတယ်။ (ယော. ၁၇:၁၁) ဒီအချက်က ကျွန်တော်တို့ကို ဘာကြောင့် သတ္တိ​ရှိစေသလဲ။ ရန်သူတွေ​အားလုံး​ထက် ယေဟောဝါ ပို​တန်ခိုး​ရှိလို့ပါ။ (၁ ယော. ၄:၄) ယေဟောဝါ မမြင်တာ ဘာမှမရှိဘူး။ ဒါကြောင့် ယေဟောဝါကို အားကိုးမယ်​ဆိုရင် ကြောက်ရွံ့​မှု​တွေ​ကို သတ္တိရှိရှိ ကျော်ဖြတ်နိုင်အောင် ကူညီပေးမယ်​ဆိုတာ စိတ်ချနိုင်တယ်။

၁၃။ အရိမသဲ​မြို့သား ယောသပ် သတ္တိ​ရှိကြောင်း ဘယ်လို ပြခဲ့သလဲ။

၁၃ အရိမသဲ​မြို့သား ယောသပ်​အကြောင်း စဉ်းစားကြည့်ပါ။ ဂျူး​အသိုင်းအဝိုင်းမှာ အထင်ကရ ပုဂ္ဂိုလ် ဖြစ်တယ်။ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင် ဖြစ်တယ်။ ဒါပေမဲ့ ယေရှုရဲ့ မြေကြီး အမှုဆောင်​လုပ်ငန်း​အတွင်း သတ္တိ မရှိဘူး။ “ဂျူးတွေကို​ကြောက်လို့ ယေရှုရဲ့​တပည့်​ဖြစ်မှန်း လူသိမခံရဲတဲ့​သူ” ဖြစ်တယ်လို့ ယောဟန် ပြောတယ်။ (ယော. ၁၉:၃၈) နိုင်ငံတော်သတင်းကို စိတ်ဝင်စားပေမဲ့ ယေရှုကို ယုံကြည်တယ်ဆိုတာ လူသိ​မခံ​ရဲ​ဘူး။ ကိုယ့်​အသိုင်းအဝိုင်းမှာ ဂုဏ်အသရေ​ရှိ အနေအထား ဆုံးရှုံး​သွားမှာ ကြောက်​နေ​ပုံ​ရတယ်။ ဘာပဲ​ဖြစ်ပါစေ ယေရှု သေဆုံးပြီးနောက်​မှာတော့ “ပိလတ်​မင်းကို အရဲစွန့် ဝင်တွေ့ပြီး ယေရှု​အလောင်းကို တောင်းတယ်။” (မာ. ၁၅:၄၂၊ ၄၃) ယေရှုရဲ့ တိတ်တိတ်ပုန်း​တပည့် မဟုတ်တော့ဘူး။

၁၄။ လူ​ကြောက်စိတ်ကို တိုက်လှန်​နေ​ရတယ်​ဆိုရင် ဘာလုပ်သင့်သလဲ။

၁၄ ယောသပ်လိုပဲ သင်လည်း လူ​ကြောက်​တတ်​သူလား။ ကျောင်းမှာ၊ အလုပ်မှာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​သက်သေလို့ ပြောဖို့ ကြောက်​နေ​သ​လား။ တခြား​သူတွေ ဘယ်လို ထင်မလဲ​ဆိုတာ စိုးရိမ်ပြီး ကြေညာသူ လုပ်ဖို့၊ နှစ်ခြင်းခံဖို့ ရွှေ့ဆိုင်းနေသလား။ အဲဒီလို ခံစားချက်တွေ​ကြောင့် မှန်ရာ မလုပ်ဘဲ မနေပါနဲ့။ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ဘုရား​အလိုတော်အတိုင်း လုပ်ဆောင်နိုင်တဲ့ သတ္တိ ပေးဖို့ ဆုတောင်းပါ။ သင့်​ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးတယ်ဆိုတာ မြင်လာတဲ့အခါ ပို​ခိုင်ခံ့​ပြီး သတ္တိရှိလာပါလိမ့်မယ်။—ဟေရှာ. ၄၁:၁၀၊ ၁၃

ယေဟောဝါကို မပြတ် ဝတ်ပြုဖို့ ဝမ်းမြောက်မှု​က လှုံ့ဆော်​ပေး

၁၅။ တပည့်တွေ​ရှေ့ ယေရှု ကိုယ်ထင်ပြ​ပြီးနောက် သူတို့ရဲ့ ဝမ်းသာမှု​က ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။ (လုကာ ၂၄:၅၂၊ ၅၃)

၁၅ ယေရှု သေဆုံးတော့ တပည့်တွေ သိပ်ဝမ်းနည်း​ကြတယ်။ သူတို့​နေရာမှာ ဝင်ခံစားကြည့်ပါ။ သိပ်ချစ်ရတဲ့ မိတ်ဆွေ ဆုံးရှုံး​ရ​ရုံသာမက မျှော်လင့်ချက်မဲ့ပြီလို့လည်း သူတို့ ခံစားနေရတယ်။ (လု. ၂၄:၁၇-၂၁) ဒါပေမဲ့ သူတို့ကို ယေရှု ကိုယ်ထင်ပြ​ပြီး ကျမ်းစာ​ပရောဖက်ပြုချက် ပြည့်စုံရေးမှာ မိမိရဲ့ အခန်းကဏ္ဍကို နားလည်အောင် အချိန်ယူ ကူညီပေးတယ်။ အရေးကြီးတဲ့ အလုပ်လည်း ပေးတယ်။ (လု. ၂၄:၂၆၊ ၂၇၊ ၄၅-၄၈) ရက် ၄၀ ကြာပြီးနောက် ယေရှု ကောင်းကင်​တက်​တဲ့အခါ တပည့်တွေ​ရဲ့ ဝမ်းနည်းမှုက ဝမ်းသာမှု​အဖြစ် ပြောင်းသွားတယ်။ သူတို့​သခင် အသက်ရှင်​နေပြီ၊ တာဝန်သစ်​ကို အောင်မြင်အောင် ကူညီ​ပေးတော့မယ်​ဆိုတဲ့ အသိကြောင့် ဝမ်းသာနေကြတယ်။ သူတို့ရဲ့ ဝမ်းသာမှု​က ယေဟောဝါကို မပြတ် ချီးမွမ်း​ဖို့ လှုံ့ဆော်ပေးတယ်။—လုကာ ၂၄:၅၂၊ ၅၃ ကို ဖတ်ပါ။ တ. ၅:၄၂

၁၆။ ယေရှုရဲ့ တပည့်တွေကို ဘယ်လို တုပနိုင်သလဲ။

၁၆ ယေရှုရဲ့ တပည့်တွေကို ဘယ်လို တုပနိုင်သလဲ။ အောက်မေ့ရာပွဲ​ကာလမှာ​သာမက တစ်နှစ်​ပတ်လုံး ယေဟောဝါကို ဝတ်ပြုရင်း ပျော်ရွှင်နိုင်တယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားရမယ်။ ဥပမာ၊ အမှုဆောင်မှာ ပါဝင်နိုင်ဖို့၊ အစည်းအဝေး တက်နိုင်ဖို့၊ မိသားစု​ဝတ်ပြုမှု ပုံမှန် လုပ်နိုင်ဖို့ လူများစွာ အလုပ်ချိန်​ဇယား ပြောင်းလဲခဲ့ကြတယ်။ တချို့က အသင်းတော်မှာ ပိုအသုံးတော်ခံနိုင်အောင်၊ သတင်းကောင်း ကြေညာသူ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်​နိုင်အောင် ပစ္စည်းဥစ္စာ​တွေ​နောက် မလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ တချို့အတွက်တော့ အဲဒီ​ပစ္စည်းဥစ္စာ​တွေ မရှိမဖြစ်​ပဲ။ ယေဟောဝါကို မပြတ် ဝတ်ပြုဖို့ ခံနိုင်ရည် လိုအပ်ပေမဲ့ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားရင် ကြွယ်ဝစွာ ကောင်းချီးပေးမယ်​လို့ ယေဟောဝါ ကတိပေးထားတယ်။—ပညာ. ၁၀:၂၂။ မ. ၆:၃၂၊ ၃၃

အောက်မေ့ရာပွဲ​ကာလအတွင်း သင့်အတွက် ယေဟောဝါနဲ့ ယေရှု သတ်သတ်မှတ်မှတ် လုပ်ပေးတာ​တွေ​အကြောင်း တွေးတော​ဆင်ခြင်​ဖို့ အချိန်ယူပါ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၇။ အောက်မေ့ရာပွဲ​ကာလမှာ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၇ ဧပြီ ၄၊ အင်္ဂါနေ့မှာ သတိရအောက်မေ့ပွဲ ကျင်းပဖို့ ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ ဒါပေမဲ့ ယေရှုရဲ့​ဘဝနဲ့ သေခြင်း​အကြောင်း၊ ယေဟောဝါနဲ့ ယေရှု ပြခဲ့တဲ့ မေတ္တာ​အကြောင်း စဉ်းစား​ဖို့ အဲဒီအချိန်အထိ မစောင့်ပါနဲ့။ အောက်မေ့ရာပွဲ​ကာလမှာ ရသမျှ အခွင့်အရေး​ကို သုံးပြီး အဲဒီအကြောင်း စဉ်းစား​သုံးသပ်ပါ။ ဥပမာ၊ ကမ္ဘာသစ် ဘာသာပြန်​ကျမ်း နောက်ဆက်တွဲ ခ၊ “ယေရှုရဲ့ မြေကြီး​အသက်တာ နောက်ဆုံး သီတင်းပတ်” ဇယား​မှာ ဖော်ပြထားတဲ့ အဖြစ်အပျက်တွေကို ဖတ်ရှုပြီး တွေးတော​ဆင်ခြင်​ဖို့ အချိန်ဖယ်ထားပါ။ ကျေးဇူးတင်​စိတ်၊ မေတ္တာ၊ သတ္တိ၊ ဝမ်းမြောက်မှု တိုးများ​စေ​မယ့် ကျမ်းချက်တွေ ရှာ​ဖတ်ပါ။ ပြီးနောက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်​မယ့် သတ်သတ်မှတ်မှတ် နည်းတွေကို စဉ်းစားပါ။ အောက်မေ့ရာပွဲ​ကာလအတွင်း မိမိကို သတိရအောက်မေ့​ဖို့ သင် လုပ်သမျှကို ယေရှု တန်ဖိုးထား​မယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။—ဗျာ. ၂:၁၉

သီချင်း ၁၇ “ငါ​ဆန္ဒရှိ”

a အောက်မေ့ရာပွဲ​ကာလအတွင်း ယေရှုရဲ့ ဘဝနဲ့ သေခြင်း​အကြောင်း၊ ယေရှုနဲ့ ယေဟောဝါ​ဘုရားရဲ့ မေတ္တာ​အကြောင်း တွေးတော​ဆင်ခြင်​ဖို့ အားပေးခံရတယ်။ ဒီလို တွေးတောတာက တစ်ခုခု​လုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်​ပေးနိုင်တယ်။ ရွေးဖိုး​အတွက်၊ ယေဟောဝါနဲ့ ယေရှု​ပြခဲ့တဲ့ မေတ္တာ​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ​ဆိုတဲ့ လက်တွေ့ကျ​နည်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ညီအစ်ကို/မတွေကို ချစ်ဖို့၊ သတ္တိ​ရှိဖို့၊ အမှုတော်မှာ ဝမ်းမြောက်​ဖို့ ဘယ်လို လှုံ့ဆော်ခံရမယ်ဆိုတာလည်း သိလာပါမယ်။