မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂

“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”

“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”

“ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်​ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်​ပြောင်းလဲကြပါ။”—ရော. ၁၂:၂

သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

အကြို​သုံးသပ်ချက် a

၁-၂။ နှစ်ခြင်းခံပြီးနောက် ဘာဆက်​လုပ်နေ​ရမလဲ။ ရှင်းပြပါ။

 အိမ်ကို ဘယ်လောက် တစ်ခါ သန့်ရှင်းရေး လုပ်သလဲ။ စ​ပြောင်း​မလာခင် သေသေချာချာ သန့်ရှင်းရေး လုပ်မှာ​ပဲ။ ဒါပေမဲ့ နောက်ပိုင်း ပစ်ထား​လိုက်ရင် ဘာဖြစ်မလဲ။ ဖုန်​တွေ၊ အမှိုက်တွေ ပြန်စုလာမယ်။ ဒါကြောင့် ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုအပ်တယ်။

အတွေးအခေါ်၊ စရိုက်​နဲ့​ပတ်သက်လာရင်​လည်း အဲဒီလိုပဲ။ နှစ်ခြင်း မခံခင်​တုန်းက “ကိုယ်​စိတ်​နှစ်ပါး​ကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်” အောင် ဘဝကို လိုအပ်သလို ပြုပြင်​ပြောင်းလဲခဲ့ကြတယ်။ (၂ ကော. ၇:၁) ဒါပေမဲ့ “အသစ်ဖြစ်အောင် အမြဲ ပြုပြင်​နေ​ရမယ်” ဆိုတဲ့ တမန်တော် ပေါလုရဲ့ အကြံဉာဏ်ကို ဆက်​လိုက်နာ​နေဖို့ လိုတယ်။ (ဧ. ၄:၂၃) အမြဲ ကြိုးစား​နေဖို့ ဘာကြောင့် လိုသလဲ။ ဒီ​လောကရဲ့ ဖုန်​တွေ၊ အမှိုက်တွေ ကျွန်တော်တို့​ဆီ​မှာ ချက်ချင်း ပြန်စုလာနိုင်လို့ပဲ။ အဲဒီလို မဖြစ်အောင်၊ ယေဟောဝါရှေ့မှာ သန့်ရှင်းနေအောင် အတွေးအခေါ်၊ စရိုက်၊ ဆန္ဒတွေကို ပုံမှန် ဆန်းစစ်​နေ​ရမယ်။

“စိတ်သဘောကို ပြုပြင်​ပြောင်းလဲ” နေပါ

၃။ “စိတ်သဘောကို ပြုပြင်​ပြောင်းလဲ” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (ရောမ ၁၂:၂)

“စိတ်သဘောကို ပြုပြင်​ပြောင်းလဲ” နေဖို့ ဘာလုပ်ရမလဲ။ (ရောမ ၁၂:၂ ကို ဖတ်ပါ။) ကောင်းတာ​လေး​တွေ နည်းနည်းပါးပါး ဗန်းပြလုပ်ရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ရဲ့ အတွင်းလူကို သေသေချာချာ ဆန်းစစ်​ရမယ်။ ယေဟောဝါရဲ့ စံနှုန်းနဲ့ အနီးစပ်ဆုံး ဖြစ်အောင် လိုအပ်သလို ပြုပြင်​ပြောင်းလဲရမယ်။ တစ်ကြိမ်​တစ်ခါတည်း မဟုတ်ဘဲ အမြဲ အဲဒီလို လုပ်နေဖို့ လိုတယ်။

ပညာရေး၊ အလုပ်အကိုင်​နဲ့​ပတ်သက်တဲ့ သင့်​ဆုံးဖြတ်ချက်တွေ​က နိုင်ငံတော်ကို ဦးစားထားကြောင်း ပြနေ​သ​လား (စာပိုဒ် ၄-၅ ကို ကြည့်ပါ) c

၄။ ကိုယ့်​အတွေးအခေါ်ကို ဒီ​လောက​စနစ် ပုံ​မ​သွင်း​ရအောင် ဘယ်လို ရှောင်နိုင်သလဲ။

ကျွန်တော်တို့ စုံလင်​လာတဲ့အခါ လုပ်သမျှ ယေဟောဝါရှေ့မှာ အမြဲ နှစ်သက်စရာ ဖြစ်​နေမယ်။ ဒီအတောအတွင်းမှာတော့ အဲဒီလို ဖြစ်ဖို့ မပြတ် ကြိုးစား​နေ​ရမယ်။ ဘုရား​အလိုတော်ကို ကောင်းကောင်း သိဖို့​ဆိုရင် စိတ်သဘောကို ပြုပြင်​ပြောင်းလဲဖို့ လိုတယ်လို့ ရောမ ၁၂:၂ မှာ ပေါလု ပြောတာ သတိပြု​ပါ။ ကိုယ့်ရဲ့ ပန်းတိုင်​နဲ့ ဆုံးဖြတ်ချက်တွေ​အပေါ် ဒီ​လောက ပုံသွင်းမှု မဟုတ်ဘဲ ဘုရား​အတွေးအခေါ် ရဲ့ လွှမ်းမိုးမှု ဘယ်လောက် ခံနေသလဲဆိုတာ သိဖို့ အရင် ဆန်းစစ်​ရမယ်။

၅။ ယေဟောဝါရဲ့ နေ့ နီးတာနဲ့​ပတ်သက်တဲ့ ကိုယ့်​အတွေးအခေါ်ကို ဘယ်လို ဆန်းစစ်​နိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ “ယေဟောဝါရဲ့​နေ့ ရောက်လာမယ်​ဆိုတာကို စိတ်စွဲလမ်း” နေဖို့ ကျွန်တော်တို့ကို ယေဟောဝါ အားပေးတယ်။ (၂ ပေ. ၃:၁၂) ကိုယ့်ကိုယ်ကိုယ် ဒီလို မေးကြည့်ပါ– ‘ဒီ​လောကစနစ်ရဲ့ အဆုံး သိပ်နီးနေပြီဆိုတာ နားလည်ကြောင်း ငါ့ရဲ့ ဘဝ​ပုံစံ​က ဖော်ပြနေသလား။ ယေဟောဝါ​အတွက် အမှုဆောင်ခြင်းဟာ ငါ့​ဘဝမှာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတာ ပညာရေး၊ အလုပ်အကိုင်​နဲ့​ပတ်သက်တဲ့ ငါ့​ဆုံးဖြတ်ချက်တွေ​က ဖော်ပြနေသလား။ ငါ​နဲ့ ငါ့​မိသားစု​အတွက် ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတာ ယုံကြည်​သ​လား၊ ဒါမှမဟုတ် ပစ္စည်းဥစ္စာအတွက် အမြဲ စိုးရိမ်​ပူပန်​နေ​သ​လား။’ ဘုရား​အလိုတော်နဲ့​အညီ အသက်ရှင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာကို ဘုရား မြင်တဲ့အခါ ဘယ်လောက် ကျေနပ်​နှစ်သက်မယ်ဆိုတာ မြင်ယောင်​ကြည့်ပါ။—မ. ၆:၂၅-၂၇၊ ၃၃။ ဖိ. ၄:၁၂၊ ၁၃

၆။ ဘာဆက်​လုပ်နေဖို့ လိုသလဲ။

ကိုယ့်​အတွေးအခေါ်ကို ပုံမှန် ဆန်းစစ်ပြီးနောက် လိုအပ်သလို ပြုပြင်​ပြောင်းလဲဖို့ လိုတယ်။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေ​မနေ အမြဲ ဆန်းစစ်​ပါ။ ဘယ်လို​လူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲ စစ်ဆေးပါ” လို့ ကောရိန္သု​မြို့က ခရစ်ယာန်တွေကို ပေါလု ပြောတယ်။ (၂ ကော. ၁၃:၅) “ယုံကြည်ခြင်း ခိုင်မြဲ” နေခြင်း​မှာ အစည်းအဝေးတွေ တက်တာ၊ အမှုဆောင်မှာ မကြာမကြာ ပါဝင်​တာ​လောက်​ပဲ မဟုတ်ဘူး၊ ကိုယ့်​အတွေးအခေါ်၊ ဆန္ဒ၊ စိတ်ရင်း​တွေ​လည်း ပါဝင်တယ်။ ဒါကြောင့် ကျမ်းစာ ဖတ်ရှုခြင်း၊ ဘုရား​စဉ်းစားသလို စဉ်းစားခြင်း၊ ဘုရား​အလိုတော်နဲ့​အညီ ဖြစ်အောင် လိုအပ်သလို ပြုပြင်​ပြောင်းလဲခြင်းအားဖြင့် စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​နေဖို့ လိုတယ်။—၁ ကော. ၂:၁၄-၁၆

‘စရိုက်သစ်​ကို ဝတ်ဆင်’ ပါ

၇။ ဧဖက် ၄:၃၁၊ ၃၂ အရ ဘာလုပ်ဖို့လည်း လိုသလဲ။ အဲဒီလို လုပ်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။

ဧဖက် ၄:၃၁၊ ၃၂ ကို ဖတ်ပါ။ စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​တဲ့​အပြင် ‘စရိုက်သစ်​ကို ဝတ်ဆင်’ ဖို့လည်း လိုတယ်။ (ဧ. ၄:၂၄) လုပ်ရပ် ပါဝင်​ပတ်သက်​လာပြီ။ နာကြည်းခြင်း၊ စိတ်ဆိုး​ခြင်း၊ ဒေါသ​ထွက်​ခြင်း စတဲ့ စရိုက်ဆိုးတွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားရမယ်။ အဲဒီလို လုပ်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။ တချို့ စရိုက်ဆိုးတွေ အမြစ်စွဲနေနိုင်လို့ပါ။ ဥပမာ၊ “ဒေါသ​ကြီးသူ၊” “ဒေါသထွက်လွယ်သူ” တချို့​အကြောင်း ကျမ်းစာ ပြောတယ်။ (ပညာ. ၂၉:၂၂) အဲဒီလို လူတွေဟာ နှစ်ခြင်းခံပြီးနောက်မှာတောင် ဒေါသ ဆက်ထိန်းနေဖို့ လိုနိုင်တယ်။ တွေ့ကြုံမှု​တစ်ခု သုံးသပ်ကြည့်ပါ။

၈-၉။ စရိုက်ဟောင်း​ကို ချွတ်ပယ်​ဖို့ ဆက်ကြိုးစား​နေ​ရမယ်ဆိုတာ စတီဗင်​ရဲ့ အဖြစ်​က ဘယ်လို ဖော်ပြသလဲ။

ညီအစ်ကို စတီဗင်​ဟာ ဒေါသ ထိန်းချုပ်ဖို့ ခက်နေတယ်။ “နှစ်ခြင်းခံပြီးနောက်မှာတောင် ဒေါသ ထိန်းဖို့ ကြိုးစား​နေ​ရတုန်း​ပဲ။ ဥပမာ၊ တစ်ခါက အမှုဆောင်​သွားရင်း သူခိုး​တစ်ယောက် ကျွန်တော့်​ကား​ထဲက ရေဒီယို ခိုးသွားတယ်။ ကျွန်တော် အနောက်ကနေ ပြေး​လိုက်တယ်။ မိခါနီးမှာ သူခိုး​က ရေဒီယို​ကို ပစ်ချ​ပြီး ပြေး​သွားတယ်။ ရေဒီယို ဘယ်လို ပြန်ရခဲ့တယ်ဆိုတာ အုပ်စုမှာ ပြောပြတော့ အကြီးအကဲ​တစ်ယောက်က ‘အဲဒီသူခိုးကိုသာ မိ​သွား​ရင် ဘာလုပ်မလဲ’ လို့ မေးတယ်။ အဲဒီ​မေးခွန်း​က ကျွန်တော့်ကို စဉ်းစား​သွားစေတယ်။ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်” လို့ ပြောတယ်။ b

စတီဗင်​ရဲ့ အဖြစ်​က ဖော်ပြတဲ့​အတိုင်း စရိုက်ဆိုး​တစ်ခုကို ကိုယ်​ကောင်းကောင်း ထိန်းချုပ်​နိုင်ပြီ​လို့ ထင်ထား​ရင်တောင် ရုတ်တရက် ပြန်​ပေါ်လာနိုင်တယ်။ သင် အဲဒီလို ဖြစ်နေရင် စိတ်ဓာတ်​မကျပါနဲ့။ အရှုံး​သမားလို့ မယူဆ​လိုက်ပါ​နဲ့။ “မှန်တာကို လုပ်ချင်​တဲ့အခါ မကောင်းတာ​လုပ်ချင်စိတ်​က ကျွန်တော့်​ဆီ​မှာ ရှိနှင့်နေတယ်” လို့ တမန်တော် ပေါလု​တောင် ဝန်ခံတယ်။ (ရော. ၇:၂၁-၂၃) ကိုယ့်​အိမ်မှာ စုပုံ​လာတဲ့ ဖုန်​တွေ၊ အမှိုက်တွေလို ပြန်ပြန်ပေါ်လာတဲ့ စရိုက်ဆိုးတွေကို မစုံလင်တဲ့ ခရစ်ယာန်​အားလုံး တိုက်ထုတ်​နေကြရတယ်။ ဆက်​သန့်ရှင်းနေဖို့ အမြဲ ကြိုးစား​နေ​ရမယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၀။ စရိုက်ဆိုးတွေကို ဘယ်လို တိုက်လှန်​နိုင်သလဲ။ (၁ ယောဟန် ၅:၁၄၊ ၁၅)

၁၀ ကိုယ်​တိုက်လှန်​နေ​ရတဲ့ စရိုက်ဆိုး​အကြောင်း ယေဟောဝါဆီ ဆုတောင်း​ပြောပြပါ။ ဘုရား နားထောင်၊ ကူညီပေးမယ်​ဆိုတာ စိတ်ချပါ။ (၁ ယောဟန် ၅:၁၄၊ ၁၅ ကို ဖတ်ပါ။) စရိုက်ဆိုး ပျောက်သွားအောင် အံ့ဖွယ်​နည်းနဲ့ ယေဟောဝါ ကူညီပေးမှာ မဟုတ်ပေမဲ့ အဲဒီအတိုင်း လိုက်​မလုပ်မိအောင် ခွန်အားပေးနိုင်တယ်။ (၁ ပေ. ၅:၁၀) တစ်ချိန်တည်းမှာ စရိုက်ဆိုး ပြန်​ပေါ်လာ​စေ​မယ့်​အရာတွေ မ​လုပ်ခြင်းအားဖြင့် ဆုတောင်းချက်နဲ့​အညီ နေထိုင်ဖို့တော့ လိုတယ်။ ဥပမာ၊ ကိုယ်​တိုက်ထုတ်​နေတဲ့ စရိုက်ဆိုးကို အားပေးအားမြှောက် လုပ်ထားတဲ့ ရုပ်ရှင်၊ တီဗီ အစီအစဉ်၊ စာအုပ်​တွေ​ကို သတိထားဖို့ လိုတယ်။ မ​သင့်တော်တဲ့ ဆန္ဒ​တွေ​အကြောင်း တနုံ့နုံ့ စဉ်းစား​မနေပါနဲ့။—ဖိ. ၄:၈။ ကော. ၃:၂

၁၁။ စရိုက်သစ် ဝတ်ဆင်​ဖို့ ဘယ်​အဆင့်​တွေ လုပ်နိုင်သလဲ။

၁၁ စရိုက်ဟောင်း ချွတ်ပယ်ရုံနဲ့ မလုံလောက်ဘူး။ စရိုက်သစ် ဝတ်ဆင်​ဖို့ အရေးကြီးတယ်။ ဘယ်လို ဝတ်ဆင်နိုင်သလဲ။ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သိလာတဲ့အခါ တုပ​ဖို့ ပန်းတိုင်​ထားပါ။ (ဧ. ၅:၁၊ ၂) ဥပမာ၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုအကြောင်း အလေးပေး ဖော်ပြတဲ့ ကျမ်းမှတ်တမ်း​တစ်ခု ဖတ်ရတဲ့အခါ ‘တခြားသူတွေကို ငါ​ခွင့်လွှတ်​သ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဆင်းရဲ​ချို့တဲ့သူတွေ​အပေါ် ယေဟောဝါ ထောက်ထား​စာနာကြောင်း ဖတ်ရတဲ့အခါ ‘ဆင်းရဲ​ချို့တဲ့​တဲ့ ညီအစ်ကို/မတွေကို ငါ သနား​စာနာ​သ​လား။ အဲဒါကို လုပ်ရပ်နဲ့ ပြနေ​သ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ စရိုက်သစ် ဝတ်ဆင်ခြင်းအားဖြင့် စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​နေပါ။ အဲဒီ​အတောအတွင်း ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပါ။

၁၂။ ကျမ်းစာမှာ ပြုပြင်​ပြောင်းလဲ​နိုင်စွမ်း ရှိကြောင်း စတီဗင်​ရဲ့ အဖြစ်​က ဘယ်လို ဖော်ပြသလဲ။

၁၂ အစောပိုင်းမှာ ဖော်ပြတဲ့ စတီဗင်​ဟာ တဖြည်းဖြည်း စရိုက်သစ် ဝတ်ဆင်​နိုင်ခဲ့တယ်။ “နှစ်ခြင်းခံ​ချိန်​က​စပြီး ဒေါသ ပေါက်ကွဲ​စ​ရာ အခြေအနေ အတော်များများ ကြုံခဲ့ရ​တယ်။ ဒေါသဆွတဲ့သူတွေဆီကနေ ရှောင်ထွက်သွားဖို့၊ အခြေအနေကို တခြား​နည်းတွေနဲ့ ထိန်းဖို့ ကျွန်တော် သင်ယူခဲ့တယ်။ ကျွန်တော့်​တိုးတက်မှုကို ဇနီး အပါအဝင် အတော်များများက ချီးမွမ်းကြတယ်။ ကိုယ့်ကိုယ်ကိုယ်​တောင် အံ့ဩယူရတဲ့အထိပဲ။ ဒီလို စရိုက်​ပြောင်းလဲ​လာတာဟာ ကိုယ့်​ကြိုးစားမှုကြောင့်တော့ မဟုတ်ပါဘူး။ ကျမ်းစာရဲ့ ပြုပြင်​ပြောင်းလဲပေးနိုင်စွမ်း​ကြောင့်​ဆိုတာ ကျွန်တော် ယုံတယ်” လို့ စတီဗင် ပြောတယ်။

မ​သင့်တော်တဲ့ ဆန္ဒတွေကို ဆက်​တိုက်လှန်​ပါ

၁၃။ ကောင်းတဲ့ ဆန္ဒ​တွေ မွေးမြူနိုင်အောင် ဘာက ကူညီပေးမလဲ။ (ဂလာတိ ၅:၁၆)

၁၃ ဂလာတိ ၅:၁၆ ကို ဖတ်ပါ။ မှန်တာ​လုပ်ဖို့ ဆက်​တိုက်လှန်​နေ​ရမယ်။ ယေဟောဝါ သန့်ရှင်းသော စွမ်းအားတော် ရက်ရက်ရောရော သွန်းလောင်း​ပြီး ကူညီပေးမယ်။ ကျမ်းစာ လေ့လာတာက စွမ်းအားတော် လမ်းညွှန်မှု ခံယူ​နေတာပဲ။ အစည်းအဝေးတွေ တက်​တဲ့အခါ စွမ်းအားတော် ရတယ်။ အဲဒီအစည်းအဝေးတွေမှာ ညီအစ်ကို/မတွေနဲ့ အချိန်ပေး ပေါင်းသင်း​တဲ့အခါ သူတို့လည်း ကိုယ့်လိုပဲ မှန်တာ လုပ်ဖို့ ကြိုးစား​တိုက်လှန်​နေကြောင်း သိလာလို့ အားရှိ​ရတယ်။ (ဟီ. ၁၀:၂၄၊ ၂၅။ ၁၃:၇) အားနည်းချက်​တချို့ကို တိုက်လှန်​နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်း​အသနားခံ​တဲ့အခါ သန့်ရှင်းသော စွမ်းအားတော်​ကတစ်ဆင့် ခွန်အားပေးမယ်။ အဲဒီ​လုပ်ဆောင်မှုတွေ​က မကောင်းတဲ့ ဆန္ဒ​တွေ ပျောက်သွားအောင် မ​လုပ်ပေး​နိုင်ပေမဲ့ အဲဒီအတိုင်း လိုက်​မလုပ်မိအောင် ကူညီပေးပါလိမ့်မယ်။ ဂလာတိ ၅:၁၆ မှာ ပြောသလို စွမ်းအားတော်ရဲ့ လမ်းပြမှု​အတိုင်း လျှောက်လှမ်း​သူ​တွေ​ဟာ “အပြစ်ရှိတဲ့ အလိုဆန္ဒ​နောက် လိုက်ကြတော့မှာ မဟုတ်ဘူး။”

၁၄။ ကောင်းတဲ့ ဆန္ဒ​ကို ဆက်​မွေးမြူဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၄ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေ ရှိလာရုံနဲ့ မပြီးဘူး။ အဲဒီ​အကျင့်တွေကို ဆက်​ထိန်းထား​ဖို့၊ ကောင်းတဲ့ ဆန္ဒ​ကို ဆက်​မွေးမြူ​နေဖို့ လိုတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ရဲ့ ရန်သူ​တစ်ပါး ဘယ်တော့မှ မ​အိပ်လို့​ပဲ။ အဲဒီ​ရန်သူကတော့ မကောင်းတာ လုပ်မိ​စေ​မယ့် သွေးဆောင်မှု​ပါ။ နှစ်ခြင်းခံပြီးနောက်မှာတောင် လောင်းကစား၊ အရက်၊ ညစ်ညမ်း​ရုပ်ပုံ စတဲ့ ကိုယ်​ရှောင်သင့်တာ တချို့ကို ကြိုက်နေဆဲပဲဆိုတာ သတိထား​မိ​နိုင်တယ်။ (ဧ. ၅:၃၊ ၄) လူငယ်​ညီအစ်ကို​တစ်ယောက် ဒီလို​ဝန်ခံတယ်– “ကျွန်တော့်အတွက် အခက်ဆုံး​ကတော့ လိင်တူ ကြိုက်တဲ့ စိတ်​ပဲ။ ဒီ​စိတ်​တွေ တဖြည်းဖြည်း ပျောက်သွားမှာပါလို့ ထင်ထားတာ။ ဒါပေမဲ့ အခုထိ တိုက်လှန်​နေ​ရတုန်း​ပဲ။” မ​သင့်တော်တဲ့ ဆန္ဒ​တစ်ခု အထူး ပြင်းထန်​လာတဲ့အခါ ဘာလုပ်နိုင်သလဲ။

မ​သင့်တော်တဲ့ ဆန္ဒ ပေါ်လာတာက အဖတ်ဆယ်​လို့ မရအောင် အခြေအနေ ဆိုးနေပြီလို့ မဆိုလို။ တခြား​သူတွေ​လည်း ဒီလိုပဲ တိုက်လှန်​ပြီး အောင်မြင်နိုင်ခဲ့ကြ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)

၁၅။ မကောင်းတဲ့ ဆန္ဒ​တွေ​ဟာ “လူတွေ ကြုံရတတ်တဲ့” အရာ ဖြစ်ကြောင်း သိရတာ ဘာကြောင့် အားရှိစရာ ကောင်း​သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၅ သိပ်ပြင်းထန်လာတဲ့ မကောင်းတဲ့ ဆန္ဒ​ကို ကြိုးစား​ထိန်းချုပ်​နေ​ရရင် ကိုယ်​တစ်ယောက်​တည်း မဟုတ်ကြောင်း သတိရပါ။ “လူတွေ ကြုံရတတ်တဲ့ သွေးဆောင်ခြင်း​ကို​ပဲ ခင်ဗျားတို့ ခံရတာ” လို့ ကျမ်းစာ ပြောတယ်။ (၁ ကော. ၁၀:၁၃) ကောရိန္သု​မြို့က အမျိုးသား/သမီးတွေ​ဆီ အဲဒီ​စာကို ရေးထားတာ။ သူတို့ထဲက တချို့ဟာ အရင်က အိမ်ထောင်ရေး​ဖောက်ပြန်သူ၊ လိင်တူ​ဆက်ဆံ​သူ၊ သောက်ကြူး​သူ​တွေ ဖြစ်ခဲ့ကြတယ်။ (၁ ကော. ၆:၉-၁၁) သူတို့ နှစ်ခြင်းခံပြီးနောက် မကောင်းတဲ့​ဆန္ဒ​တွေ လုံးဝ ပေါ်​မ​လာတော့​ဘူး​လို့ သင် ထင်သလား။ အဲဒီလို မဖြစ်နိုင်ဘူး။ ဘိသိက်ခံ ခရစ်ယာန်တွေ ဆိုပေမဲ့ မစုံလင်သူတွေ ဖြစ်​နေဆဲပဲ။ မကောင်းတဲ့ ဆန္ဒတွေကို မကြာမကြာ တိုက်လှန်ခဲ့ကြရမှာ သေချာတယ်။ ဒါ အားရှိစရာ​ပဲ။ ဘာကြောင့်လဲ။ ကိုယ်​တိုက်လှန်​နေ​ရတာ ဘယ်လို မကောင်းတဲ့ ဆန္ဒ​ပဲ​ဖြစ်ဖြစ် အဲဒါကို တခြား​တစ်ယောက် အောင်မြင်စွာ တိုက်လှန်နိုင်ခဲ့လို့ပါပဲ။ ဒါကြောင့် “ညီအစ်ကို​အသင်းအပင်း တစ်ရပ်လုံး​လည်း ဆင်းရဲဒုက္ခ​ကို ထပ်တူ ခံစား​နေ​ရ​မှန်း သိထားပြီး ခိုင်မာတဲ့ ယုံကြည်ခြင်း” ဆက်​ရှိနိုင်ပါတယ်။—၁ ပေ. ၅:၉

၁၆။ ဘယ်လို တွေးတာ​ကို ရှောင်ရမလဲ။ ဘာကြောင့်လဲ။

၁၆ ကိုယ်​ကြုံနေရတဲ့ အခက်အခဲ​ကို တခြား ဘယ်သူမှ နားမလည်​နိုင်​ပါ​ဘူး​လို့ မထင်ပါနဲ့။ အဲဒီလို ထင်​နေမယ်​ဆိုရင် ကိုယ့်​အခြေအနေ အဖတ်ဆယ်​လို့ မရတော့ဘူး၊ မ​သင့်တော်တဲ့ ဆန္ဒတွေကို တွန်းလှန်​ဖို့ ခွန်အား မရှိတော့ဘူးလို့ ယူဆမိနိုင်တယ်။ ကျမ်းစာ​မှာတော့ “ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်​လောက်​တဲ့ သွေးဆောင်ခြင်း​ကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်​ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်း​ကို ပြင်ဆင်​ပေးလိမ့်မယ်” လို့ ပြောတယ်။ (၁ ကော. ၁၀:၁၃) ဒါကြောင့် မ​သင့်တော်တဲ့ ဆန္ဒ သိပ်ပြင်းထန်လာရင်တောင် ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ပါတယ်။ အဲဒီ​ဆန္ဒ​အတိုင်း လိုက်​မ​လုပ်ဖို့ ယေဟောဝါရဲ့ အကူအညီနဲ့ တွန်းလှန်​နိုင်​ပါတယ်။

၁၇။ မ​သင့်တော်တဲ့ ဆန္ဒ​တွေ ပေါ်​မ​လာအောင် မထိန်းချုပ်​နိုင်ပေမဲ့ ဘာ​ကိုတော့ ထိန်းချုပ်​နိုင်သလဲ။

၁၇ ဒီအချက်ကို အမြဲ သတိရပါ– မစုံလင်တဲ့ လူသား​တစ်ယောက်အနေနဲ့ မ​သင့်တော်တဲ့ ဆန္ဒ​တွေ ပေါ်​မ​လာအောင် မထိန်းချုပ်​နိုင်​ဘူး။ ဒါပေမဲ့ အဲဒီ​ဆန္ဒ​တွေ ပေါ်လာတဲ့အခါ ပေါတိဖာ​ရဲ့ မိန်းမ​ဆီကနေ ချက်ချင်း ထွက်ပြေးခဲ့တဲ့ ယောသပ်​လို ပြတ်ပြတ်သားသား ငြင်းပယ်​နိုင်တယ်။ (က. ၃၉:၁၂) မ​သင့်တော်တဲ့ ဆန္ဒ​တွေ​အတိုင်း လိုက်​မလုပ်ပါနဲ့။

မပြတ် ကြိုးစား​အားထုတ်​နေပါ

၁၈-၁၉။ စိတ်သဘောကို ပြုပြင်​ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေး​နိုင်သလဲ။

၁၈ စိတ်သဘောကို ပြုပြင်​ပြောင်းလဲခြင်းဆိုတာ ကိုယ့်​အတွေးအခေါ်၊ လုပ်ရပ်တွေ​ကို ယေဟောဝါရဲ့ အလိုတော်နဲ့​အညီ ဖြစ်အောင် အမြဲ ကြိုးစား​နေခြင်း​ကို ဆိုလိုတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပုံမှန် ဆန်းစစ်​ပါ– ‘အသက်ရှင်နေတဲ့ အချိန်ကာလရဲ့ အရေးကြီးမှုကို သဘောပေါက်တယ်ဆိုတာ ငါ့​အပြုအမူတွေက ဖော်ပြနေသလား။ စရိုက်သစ် ဝတ်ဆင်​ရာ​မှာ တိုးတက်​နေ​သ​လား။ မကောင်းတဲ့ ဆန္ဒ​တွေ​အတိုင်း မလုပ်မိအောင် တွန်းလှန်​ဖို့ ငါ့​အသက်တာကို ယေဟောဝါ စွမ်းအားတော်ရဲ့ လမ်းညွှန်မှု ခံယူ​နေ​သ​လား။’

၁၉ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​တဲ့အခါ ပြည့်ဝ​စုံလင်​ဖို့ မ​မျှော်လင့်ပါ​နဲ့။ တိုးတက်​ရမယ့် အပိုင်းကို ရှာပါ။ တိုးတက်စရာ တွေ့တဲ့အခါ စိတ်ဓာတ်​မကျပါနဲ့။ အဲဒီအစား “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီ ဖြစ်လို့ ဒီ​လမ်းစဉ်​အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” ဆိုတဲ့ ဖိလိပ္ပိ ၃:၁၆ ပါ အကြံဉာဏ်ကို လိုက်နာပါ။ စိတ်သဘောကို ပြုပြင်​ပြောင်းလဲ​နေဖို့ သင့်​ကြိုးစားအားထုတ်မှုတွေကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။

သီချင်း ၃၆ နှလုံးကို စောင့်ကြပ်စို့

a ဒီ​လောကစနစ်ရဲ့ ပုံသွင်းမှု မခံဖို့ ယုံကြည်သူချင်းတွေ​ကို တမန်တော် ပေါလု အားပေးတယ်။ ဒီနေ့ခေတ်​အတွက် အကြံဉာဏ်ကောင်း​ပါပဲ။ တစ်နည်းနည်းနဲ့ လောက ပုံသွင်းမှု မခံဖို့ ဂရုစိုက်​ရမယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ကိုယ့်​အတွေးအခေါ် ဘုရား​အလိုတော်နဲ့ မညီဘူး​ဆိုတာ သိလာရင် သိ​သိ​ချင်း ပြုပြင်​ပြောင်းလဲရမယ်။ ဘယ်လို ပြောင်းလဲ​နိုင်သလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

b ၂၀၁၅၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် မှာ​ပါတဲ့ “ကမ်းကုန်​အောင် ဆိုးမိုက်ခဲ့” ဆောင်းပါးကို ကြည့်ပါ။

c ပုံအညွှန်း– အဆင့်မြင့်ပညာ ဆက်သင်မလား၊ အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ပါဝင်မလားဆိုတာ လူငယ်ညီအစ်ကိုတစ်ယောက် စဉ်းစားနေ။