မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄

အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး

အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး

“ကျွန်တော့်ကို အောက်မေ့တဲ့​အ​နေနဲ့ ဒီလို အမြဲ လုပ်ကြပါ။”—လု. ၂၂:၁၉

သီချင်း ၁၉ သခင့်​ညစာ​စားပွဲ

အကြို​သုံးသပ်ချက် a

၁-၂။ နှစ်စဉ် အောက်မေ့ရာပွဲကို ဘာကြောင့် တက်ရောက်​ကြသလဲ။

 လွန်ခဲ့တဲ့ နှစ် ၂၀၀၀ လောက်​က ကျွန်တော်တို့အတွက် ယေရှု အသက်ပေးခဲ့တယ်။ ထာဝရ​အသက် ရဖို့ လမ်းဖွင့်ပေးတယ်။ မုန့်နဲ့ စပျစ်ဝိုင် ပါဝင်တဲ့ ရိုးရှင်းတဲ့ ပွဲလေး ကျင်းပပြီး မိမိရဲ့ မေတ္တာပါ​လုပ်ရပ်ကို သတိရ​နေဖို့ မသေဆုံးခင်ညမှာ နောက်လိုက်တွေကို မိန့်မှာတယ်။—၁ ကော. ၁၁:၂၃-၂၆

ယေရှုကို ကျွန်တော်တို့ သိပ်ချစ်လို့ အဲဒီ​မိန့်မှာချက်ကို လိုက်နာကြတယ်။ (ယော. ၁၄:၁၅) နှစ်စဉ် အောက်မေ့ရာပွဲ​ကာလအတွင်း ယေရှုရဲ့​သေခြင်း​အကြောင်း တွေးတော​ဆင်ခြင်​ဖို့၊ ဆုတောင်းဖို့ အချိန်ယူ​ခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ပြကြတယ်။ ဒီအထူးပွဲကို လူများနိုင်သမျှ​များများ တက်ရောက်​နိုင်အောင် ဖိတ်ခေါ်တဲ့ အမှုဆောင်လုပ်ငန်းမှာလည်း ပို​ပါဝင်ကြတယ်။ အောက်မေ့ရာပွဲ မ​တက်နိုင်အောင် ဘယ်​အတားအဆီး​ကို​မှ ခွင့်​မပြုဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

ယေရှုရဲ့​သေခြင်း အောက်မေ့ရာပွဲ ကျင်းပဖို့ ယေဟောဝါ​သက်သေတွေ အကောင်းဆုံး ကြိုးစားတဲ့ နည်း​သုံးနည်း​အကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ (၁) ယေရှု ချမှတ်ခဲ့တဲ့ ပုံစံ​အတိုင်း ကျင်းပခြင်း၊ (၂) အောက်မေ့ရာပွဲ တက်ဖို့ တခြားသူတွေကို ဖိတ်ခေါ်ခြင်း၊ (၃) အခက်အခဲတွေ​ကြား ကျင်းပခြင်း။

ယေရှု ချမှတ်ခဲ့တဲ့ ပုံစံ​အတိုင်း ကျင်းပခြင်း

၄။ နှစ်စဉ် သတိရအောက်မေ့ပွဲ​မှာ ဘယ်မေးခွန်းတွေရဲ့ အဖြေ ရ​ကြသလဲ။ အဲဒီ​အမှန်တရားတွေကို ဘာကြောင့် တန်ဖိုးထား​သင့်​သလဲ။ (လုကာ ၂၂:၁၉၊ ၂၀)

နှစ်တိုင်း သတိရအောက်မေ့ပွဲ​မှာ မေးခွန်း အတော်များများကို ရှင်းရှင်းလင်းလင်း ဖြေပေးတဲ့ ကျမ်းစာ​အခြေပြု ဟောပြောချက် ကြားရတယ်။ လူတွေ ဘာကြောင့် ရွေးဖိုး လိုကြောင်း၊ လူတစ်ယောက်ရဲ့ သေခြင်းက လူအများရဲ့ အပြစ်ကို ဘယ်လိုနည်းနဲ့ ချေဖျက်​ပေးနိုင်​ကြောင်း သိရတယ်။ မုန့်နဲ့ စပျစ်ဝိုင်​က ဘာကို ကိုယ်စားပြုကြောင်း၊ ဘယ်သူတွေ သုံးဆောင်​သင့်​ကြောင်း​လည်း အမှတ်ရစေတယ်။ (လုကာ ၂၂:၁၉၊ ၂၀ ကို ဖတ်ပါ။) မြေကြီး​မျှော်လင့်ချက် ရှိသူ​တွေ​အတွက် စောင့်ကြိုနေ​တဲ့ ကောင်းချီးတွေ​အကြောင်းလည်း တွေးတော​ကြတယ်။ (ဟေရှာ. ၃၅:၅၊ ၆။ ၆၅:၁၇၊ ၂၁-၂၃) ဒီ​အမှန်တရားတွေကို ကျွန်တော်တို့ သိပ်တန်ဖိုးထားတယ်။ လူ​သန်းပေါင်း​များစွာ​ကတော့ အဲဒီ​အမှန်တရားတွေကို​ရော ယေရှု ရွေးဖိုး​ရဲ့ တန်ဖိုးကို​ပါ နားမလည်​ကြ​ဘူး။ ယေရှု ချမှတ်ခဲ့တဲ့ ပုံစံ​အတိုင်း သတိရအောက်မေ့ပွဲကို မကျင်းပ​ကြ​ဘူး။ ဘာကြောင့်လဲ။

၅။ တမန်တော်တွေ သေဆုံးပြီးနောက်ပိုင်း ယေရှုရဲ့ သေခြင်းကို လူတွေ ဘယ်လို ကျင်းပ​ကြသလဲ။

ယေရှုရဲ့ တမန်တော်တွေ သေဆုံးပြီးနောက်ပိုင်း အသင်းတော်​ထဲ ခရစ်ယာန် အတုအယောင်​တွေ ဝင်ရောက်​လာတယ်။ (မ. ၁၃:၂၄-၂၇၊ ၃၇-၃၉) “တပည့်တွေကို သူတို့​နောက်လိုက် ဖြစ်အောင် သွေးဆောင်ဖို့ မှားယွင်းတဲ့ အကြောင်းအရာတွေ သွန်သင်​ပေး” ကြတယ်။ (တ. ၂၀:၂၉၊ ၃၀) “မှားယွင်းတဲ့ အကြောင်းအရာ” တစ်ခုကတော့ ကျမ်းစာမှာ ပြောသလို ယေရှု​က “လူအများရဲ့ အပြစ်ကို​ခံပြီး မိမိကိုယ်ကို တစ်ကြိမ်တည်း အပြီး” ဆက်သခဲ့တာ မဟုတ်ဘူး၊ ထပ်ခါတလဲ​လဲ ပူဇော်​ရမယ် ဆိုတဲ့ အချက်​ပဲ။ (ဟီ. ၉:၂၇၊ ၂၈) ဒီ​မှားယွင်းတဲ့ သွန်သင်ချက်ကို လူများစွာ ယုံကြတယ်။ “မစ္ဆားပွဲ” ကျင်းပဖို့ ချာ့ချ်​တွေ​မှာ ပုံမှန်၊ တစ်ခါတလေ နေ့တိုင်း စုဝေး​ကြတယ်။ b တချို့​ချာ့ချ်တွေကျတော့ အဲဒီလောက် ခပ်စိပ်စိပ် မကျင်းပ​ကြ​ဘူး။ ဒါပေမဲ့ အသင်းသား အများစုက ရွေးဖိုး​ရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားမလည်​ကြ​ဘူး။ ‘ယေရှုရဲ့ သေခြင်းက ငါ့​အပြစ်တွေကို တကယ်ပဲ ချေဖျက်​ပေးရဲ့လား’ ဆိုပြီး တချို့ စဉ်းစား​ကြတယ်။ ဘာကြောင့်လဲ။ ယေရှုရဲ့ သေခြင်းက အပြစ်တွေကို ခွင့်လွှတ်မပေးနိုင်ဘူးလို့ ပြော​ကြ​သူ​တွေ​ရဲ့ အယူဝါဒ လွှမ်းမိုး​ခံရ​လို့​ပါ။ ယေရှုရဲ့ နောက်လိုက်စစ်​တွေ​ကော ဒီကိစ္စကို ဘယ်လို သဘောထားကြသလဲ။

၆။ ၁၈၇၂ မှာ ကျမ်းစာ​ကျောင်းသား​အုပ်စု ဘာကို နားလည်​လာကြသလဲ။

၁၈၇၀ မှာ ချားလ်စ် တေ့ဇ် ရပ်စယ်လ် ဦးဆောင်တဲ့ ကျမ်းစာ​ကျောင်းသား​အုပ်စု​ဟာ ကျမ်းစာကို နှံ့နှံ့စပ်စပ် စလေ့လာကြတယ်။ ယေရှု ရွေးဖိုး​ရဲ့ တန်ဖိုးအကြောင်း၊ ဒီပွဲကို ဘယ်လို ကျင်းပ​သင့်​ကြောင်း သိချင်​ကြတယ်။ လူအားလုံး​အတွက် ယေရှု ရွေးဖိုး​ပေးခဲ့တယ်ဆိုတာ ၁၈၇၂ မှာ နားလည်​လာကြတယ်။ သိလာတာတွေကို ထိမ်ချန်​မထား​ကြ​ဘူး။ အဲဒီအစား စာအုပ်၊ သတင်းစာ၊ မဂ္ဂဇင်း​တွေ​ကတစ်ဆင့် တခြား​သူတွေ သိအောင် ဖြန့်ဝေ​ကြတယ်။ အဲဒီနောက် ပထမ​ရာစု ခရစ်ယာန်တွေ​လို​ပဲ အောက်မေ့ရာပွဲကို တစ်နှစ်​တစ်ခါ စ​ကျင်းပကြတယ်။

၇။ အစောပိုင်း ကျမ်းစာ​ကျောင်းသားတွေရဲ့ ရှာဖွေ​လေ့လာမှု​ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနေသလဲ။

အဲဒီ​စိတ်ရိုးဖြောင့်သူတွေ​ရဲ့ ရှာဖွေ​လေ့လာမှု​ကနေ ဒီနေ့ခေတ် ကျွန်တော်တို့ အကျိုးရနေကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေရှုရဲ့ ရွေးဖိုး​က ဘာကို ဆိုလိုသလဲ၊ လူတွေ​အတွက် ဘာလုပ်ပေးမလဲ​ဆိုတာ ယေဟောဝါရဲ့ အကူအညီကြောင့် သိလာကြတယ်။ (၁ ယော. ၂:၁၊ ၂) ဘုရား​နှစ်သက်တဲ့ လူသားတွေ​အတွက် ကျမ်းစာမှာ မျှော်လင့်ချက် နှစ်မျိုး ဖော်ပြထား​ကြောင်း​လည်း သိလာကြတယ်။ တချို့က ကောင်းကင်မှာ မသေနိုင်တဲ့ အသက်တာ ရပြီး ကျန်တဲ့ သန်းပေါင်း​များစွာ​ကတော့ မြေကြီးပေါ်မှာ ထာဝစဉ် အသက်ရှင်​ခွင့် ရကြမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း၊ ယေရှုရဲ့ ရွေးဖိုး​ကနေ တစ်ယောက်စီ ဘယ်လောက် အကျိုးရနေ​မှန်း စဉ်းစား​တိုင်း ယေဟောဝါနဲ့ ပိုရင်းနှီး​လာတယ်။ (၁ ပေ. ၃:၁၈။ ၁ ယော. ၄:၉) ဒါကြောင့် အရင်က သစ္စာရှိ ညီအစ်ကိုတွေ​လို​ပဲ ယေရှု ချမှတ်ခဲ့တဲ့ ပုံစံ​အတိုင်း ကျွန်တော်တို့နဲ့​အတူ အောက်မေ့ရာပွဲ ကျင်းပဖို့ တခြားသူတွေကို ဖိတ်ခေါ်​ကြတယ်။

အောက်မေ့ရာပွဲ တက်ရောက်ဖို့ တခြားသူတွေကို ဖိတ်ခေါ်ခြင်း

အောက်မေ့ရာပွဲ ဖိတ်ခေါ်တဲ့ ကင်ပိန်း​မှာ အပြည့်အဝ ပါဝင်ဖို့ ဘာလုပ်နိုင်သလဲ (စာပိုဒ် ၈-၁၀ ကို ကြည့်ပါ) e

၈။ အောက်မေ့ရာပွဲ တက်ဖို့ တခြားသူတွေကို ဖိတ်ခေါ်​ရာ​မှာ ယေဟောဝါရဲ့​လူမျိုး ဘာတွေ လုပ်ဆောင်ခဲ့ပြီ​လဲ။ (ရုပ်ပုံကို ကြည့်ပါ။)

နှစ်တွေ​တစ်လျှောက် အောက်မေ့ရာပွဲ တက်ရောက်ဖို့ လူများစွာ​ကို ကျွန်တော်တို့ ဖိတ်ခေါ်​ကြတယ်။ ၁၈၈၁ မှာ ပင်စီဗေးနီးယား​ပြည်နယ်၊ အလက်ဂနီ​မြို့က အိမ်​တစ်အိမ်မှာ ဒီပွဲ ကျင်းပဖို့ အမေရိကန်​နိုင်ငံက ညီအစ်ကို/မတွေ ဖိတ်ခေါ်​ခံရတယ်။ နောက်ပိုင်း၊ ကိုယ့်​အသင်းတော်နဲ့​ကိုယ် ကျင်းပကြတယ်။ ၁၉၄၀၊ မတ်လမှာ စိတ်ဝင်စားသူ​တွေ​ကို ဖိတ်ခေါ်နိုင်တယ်ဆိုတာ ကြေညာသူတွေ သိလာကြတယ်။ ၁၉၆၀ မှာ ဦးဆုံး​အကြိမ်​အဖြစ် ပုံနှိပ်​ဖိတ်စာ​တွေ​ကို ဗေသလ​က အသင်းတော်တွေဆီ ပို့ပေးတယ်။ အဲဒီအချိန်​က​စပြီး အောက်မေ့ရာပွဲ ဖိတ်စာ သန်းထောင်ပေါင်း​များစွာ​ကို ဖြန့်ဝေခဲ့ကြပြီ။ တခြားသူတွေကို ဖိတ်ခေါ်​ဖို့ ဘာကြောင့် ဒီလောက်တောင် အချိန်နဲ့ ခွန်အား စိုက်ထုတ်​ရတာလဲ။

၉-၁၀။ အောက်မေ့ရာပွဲ တက်ဖို့ ဖိတ်ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှုကနေ ဘယ်သူတွေ အကျိုးရကြသလဲ။ (ယောဟန် ၃:၁၆)

အောက်မေ့ရာပွဲ တက်ဖို့ တခြားသူတွေကို ဖိတ်ခေါ်​ရတဲ့ အကြောင်းရင်း​တစ်ခုကတော့ ကျွန်တော်တို့​အားလုံး​အတွက် ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တဲ့ အမှန်တရား​အကြောင်း သိစေချင်လို့ပါ။ (ယောဟန် ၃:၁၆ ကို ဖတ်ပါ။) အောက်မေ့ရာပွဲ​မှာ မြင်ရ၊ ကြားရတာတွေကြောင့် ပို​လေ့လာ​သင်ယူဖို့၊ ယေဟောဝါရဲ့​ကျေးကျွန် ဖြစ်လာဖို့ သူတို့ လှုံ့ဆော်ခံရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တခြား​သူတွေ​လည်း အကျိုးရကြတယ်။

၁၀ ယေဟောဝါကို ဝတ်မပြုတော့သူတွေကိုလည်း ကျွန်တော်တို့ ဖိတ်ခေါ်​ကြတယ်။ ဒီနည်းအားဖြင့် သူတို့ကို ယေဟောဝါ ချစ်နေဆဲပဲဆိုတာ သိစေ​ကြတယ်။ တော်တော်​များများ​က ဖိတ်ခေါ်ချက်ကို လက်ခံပြီး လာ​တက်​လို့ ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ အရင်က ယေဟောဝါကို ဝတ်ပြုရင်း ဘယ်လောက် ပျော်ခဲ့ရမှန်း အောက်မေ့ရာပွဲ တက်​တဲ့အခါ သူတို့ ပြန်အမှတ်ရလာတယ်။ မော်နီကာ​အကြောင်း စဉ်းစားကြည့်ပါ။ c ကိုဗစ်-၁၉ ကပ်ရောဂါ​ကာလအတွင်း ကြေညာသူအဖြစ် တက်တက်ကြွကြွ ပြန်ပါ​ဝင်လာ​တယ်။ ၂၀၂၁၊ အောက်မေ့ရာပွဲ တက်ပြီးနောက်ပိုင်း “ဒီပွဲ​က ကျွန်မ​အတွက် သိပ်ထူးခြားတယ်။ အနှစ် ၂၀ အတွင်း ဦးဆုံး​အကြိမ်​အဖြစ် တခြားသူတွေကို အောက်မေ့ရာပွဲ တက်ဖို့ ဖိတ်နိုင်​ခဲ့တယ်။ ကျွန်မ​အတွက် ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တာ​တွေ​ကို ကျေးဇူးတင်​လွန်းလို့ တခြားသူတွေကို အတတ်နိုင်ဆုံး ဖိတ်ခေါ်တယ်” လို့ ပြောတယ်။ (ဆာ. ၁၀၃:၁-၄) လူတွေ ဘယ်လိုပဲ တုံ့ပြန်ပါစေ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ နှစ်သက်တယ်ဆိုတာ သိထားလို့ အတတ်နိုင်ဆုံး ဖိတ်ခေါ်​ကြတယ်။

၁၁။ အောက်မေ့ရာပွဲ တက်ဖို့ ဖိတ်ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးသလဲ။ (ဟဂ္ဂဲ ၂:၇)

၁၁ အောက်မေ့ရာပွဲ တက်ဖို့ ဖိတ်ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီး​ပေးတယ်။ ၂၀၂၁၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်တွေ​ကြား ၂၁,၃၆၇,၆၀၃ ယောက် တက်ကြတယ်။ ကမ္ဘာတစ်ဝန်းက ယေဟောဝါ​သက်သေ အရေအတွက်​ရဲ့ နှစ်ဆ​ခွဲ​နီးပါး​ပါပဲ။ ဒါပေမဲ့ ယေဟောဝါက အရေအတွက်​လောက်ကို​ပဲ မဟုတ်ဘူး၊ တစ်ယောက်ချင်းစီ​ကို စိတ်ဝင်စားတယ်။ (လု. ၁၅:၇။ ၁ တိ. ၂:၃၊ ၄) ဒီ​ဖိတ်ခေါ်ခြင်း​လုပ်ငန်းကို သုံးပြီး စိတ်ရိုးဖြောင့်သူတွေကို ရှာတွေ့ဖို့ ကူညီပေးနေတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်​စိတ်ချကြတယ်။—ဟဂ္ဂဲ ၂:၇ ကို ဖတ်ပါ။

အခက်အခဲတွေ​ကြား အောက်မေ့ရာပွဲ ကျင်းပခြင်း

အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး (စာပိုဒ် ၁၂ ကို ကြည့်ပါ) f

၁၂။ ဘယ်​အခြေအနေတွေကြောင့် အောက်မေ့ရာပွဲ ကျင်းပဖို့ ခက်နိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၂ နောက်ဆုံး​ကာလအတွင်း မိသားစု ဆန့်ကျင်မှု၊ နှိပ်စက်​ညှဉ်းပန်းမှု၊ စစ်ပွဲ၊ အစာခေါင်းပါးမှု​နဲ့ ပိုဆိုးတာတွေ ကြုံရ​မယ်​လို့ ယေရှု ကြိုပြော​တယ်။ (မ. ၁၀:၃၆။ မာ. ၁၃:၉။ လု. ၂၁:၁၀၊ ၁၁) ဒီ​အခြေအနေတွေကြောင့် အောက်မေ့ရာပွဲ ကျင်းပဖို့ တစ်ခါတလေ ခက်နိုင်တယ်။ ဒီအခက်အခဲတွေကို ညီအစ်ကို/မတွေ ဘယ်လို ကျော်လွှား​ကြသလဲ။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၃။ ထောင်ထဲမှာ​တောင် အောက်မေ့ရာပွဲ ကျင်းပဖို့ အာသမ်​ရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ပိုင်းဖြတ်ချက်ကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးသလဲ။

၁၃ ထောင်ချ​ခံရခြင်း။ ယုံကြည်ချက်ကြောင့် ထောင်ချခံရတဲ့ ညီအစ်ကိုတွေဟာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို ကျင်းပဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ညီအစ်ကို အာသမ်​အကြောင်း စဉ်းစားကြည့်ပါ။ ၂၀၂၀၊ အောက်မေ့ရာပွဲ​ကာလအတွင်း ၁၇ စတုရန်း​မီတာ (၁၈၃ စတုရန်း​ပေ) အခန်းမှာ တိုက်ပိတ်​ခံရတယ်။ အဲဒီမှာ ထောင်သား ငါးယောက်အထိ ထားလေ့ရှိတယ်။ ထောင်ကျ​နေပေမဲ့ အောက်မေ့ရာပွဲ အထိမ်းအမှတ်အဖြစ် သုံးလို့​ရမယ့် ပစ္စည်းတွေ စုထားတယ်။ ကိုယ်တိုင် ဟောပြောချက် ပေးဖို့ စီစဉ်​တယ်။ ဒါပေမဲ့ ထောင်​အခန်းဖော်​တွေ​က ဆေးလိပ် သောက်ကြ၊ ဆဲဆို​ကြတယ်။ အာသမ် ဘာလုပ်သလဲ။ တစ်​နာရီ​လောက် မဆဲဖို့၊ ဆေးလိပ် မသောက်ဖို့ တောင်းဆိုတယ်။ သူတို့ သဘောတူ​လို့ အာသမ် အံ့ဩ​သွားတယ်။ အောက်မေ့ရာပွဲ​အကြောင်း ပြောပြဖို့ ကမ်းလှမ်းကြည့်တော့ မပြော​နဲ့​လို့ သူတို့ ပြောပေမဲ့ အာသမ် အောက်မေ့ရာပွဲ ကျင်းပတာကို မြင်ရ၊ ကြားရပြီးနောက် အဲဒီအကြောင်း သူ့ကို မေးကြတယ်။

၁၄။ ကိုဗစ်-၁၉ ကပ်ရောဂါ​ကြား အောက်မေ့ရာပွဲကို ဘယ်လို ကျင်းပ​ကြသလဲ။

၁၄ ကိုဗစ်-၁၉ ကပ်ရောဂါ။ ဒီ​ကပ်ရောဂါ​ကြောင့် ယေဟောဝါရဲ့ လူမျိုးဟာ အောက်မေ့ရာပွဲကို လူ​ကိုယ်တိုင် မတက်ရောက်​နိုင်​ဘူး။ ဒါပေမဲ့ မကျင်းပဘဲတော့ မနေကြဘူး။ d အင်တာနက် သုံးနိုင်​တဲ့ အသင်းတော်တွေက ဗီဒီယို ချိတ်ဆက်မှု​ကတစ်ဆင့် ကျင်းပကြတယ်။ ဒါပေမဲ့ အင်တာနက် မသုံးနိုင်သူတွေကော။ နိုင်ငံ​တချို့​မှာ အောက်မေ့ရာပွဲ ဟောပြောချက်ကို တီဗီ၊ ရေဒီယို​ကနေ လွှင့်ပေးဖို့ စီစဉ်​ကြတယ်။ အဲဒီအပြင် ဌာနခွဲ​တွေ​က ဝေးလံတဲ့​ဒေသမှာ ရှိသူ​တွေ​အတွက် ဟောပြောချက်ကို ဘာသာစကား ၅၀၀ ကျော်​နဲ့ အသံသွင်း​ပေးတယ်။ အဲဒါတွေကို လိုအပ်တဲ့သူတွေဆီ ညီအစ်ကိုတွေ ပို့ပေး​ကြတယ်။

၁၅။ စူး​လို့​ခေါ်တဲ့ ကျမ်းစာ​သင်သား​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၅ မိသားစု ဆန့်ကျင်မှု။ တချို့အတွက်တော့ အောက်မေ့ရာပွဲ ကျင်းပဖို့ အကြီးမားဆုံး အခက်အခဲ​က မိသားစု ဆန့်ကျင်မှုပါ။ စူး​လို့ ခေါ်တဲ့ ကျမ်းစာ​သင်သား​အကြောင်း စဉ်းစားကြည့်ပါ။ ၂၀၂၁၊ အောက်မေ့ရာပွဲ မကျင်းပခင် တစ်ရက်​အလိုမှာ စူး​က မိသားစု ဆန့်ကျင်မှု​ကြောင့် အောက်မေ့ရာပွဲ မ​လာနိုင်​ကြောင်း ကျမ်းစာ​သင်ပေး​သူကို ပြောတယ်။ ကျမ်းစာ​သင်ပေး​သူက လုကာ ၂၂:၄၄ ကို ဖတ်ပြတယ်။ ပြီးနောက် အခက်အခဲတွေ ကြုံတဲ့အခါ ယေဟောဝါဆီ ဆုတောင်းခြင်း၊ အပြည့်အဝ ယုံကြည်​ကိုးစားခြင်းအားဖြင့် ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်​သင့်​တယ်လို့ ရှင်းပြတယ်။ နောက်တစ်နေ့မှာ အောက်မေ့ရာပွဲ အထိမ်းအမှတ်​တွေ စူး ပြင်ဆင်တယ်။ jw.org မှာ တင်ထားတဲ့ အထူး နံနက်​ဝတ်ပြုမှု အစီအစဉ်​ကို ကြည့်တယ်။ အဲဒီ​ညနေ အခန်းထဲ တစ်ယောက်​တည်း ရှိနေချိန် ဖုန်းနဲ့​ချိတ်ပြီး အောက်မေ့ရာပွဲ တက်တယ်။ “မ​နေ့​က ကျွန်မကို အများကြီး အားပေးလို့ အောက်မေ့ရာပွဲ တက်ဖို့ အတတ်နိုင်ဆုံး ကြိုးစား​ခဲ့တယ်။ ယေဟောဝါ​လည်း ကူညီပေးတယ်။ ကျွန်မ ဘယ်လောက် ပျော်တယ်၊ ကျေးဇူးတင်တယ်ဆိုတာ ပြောမပြတတ်အောင်​ပါပဲ” လို့ ကျမ်းစာ​သင်ပေး​သူ​ဆီ စူး စာရေးတယ်။ သင်လည်း အဲဒီလို အခြေအနေ ကြုံရရင် ယေဟောဝါ ကူညီပေးနိုင်မယ်​လို့ ထင်သလား။

၁၆။ အောက်မေ့ရာပွဲ တက်ရောက်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ (ရောမ ၈:၃၁၊ ၃၂)

၁၆ ယေရှုရဲ့ သေခြင်း သတိရအောက်မေ့ပွဲ ကျင်းပဖို့ ကျွန်တော်တို့ ကြိုးစား​အားထုတ်တာကို ယေဟောဝါ တကယ်ပဲ တန်ဖိုးထားပါတယ်။ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးတာ​တွေ​ကို ကျေးဇူးတင်လေးမြတ်ကြောင်း ပြတဲ့အခါ ဘုရား ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်​စိတ်ချနိုင်တယ်။ (ရောမ ၈:၃၁၊ ၃၂ ကို ဖတ်ပါ။) ဒါကြောင့် ဒီ​နှစ် အောက်မေ့ရာပွဲ တက်ဖို့၊ အောက်မေ့ရာပွဲ​ကာလ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အတတ်နိုင်ဆုံး ပို​ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။

သီချင်း ၁၈ ရွေးဖိုးအတွက် ကျေးဇူးတင်ပါ

a ၂၀၂၃၊ ဧပြီ ၄၊ အင်္ဂါနေ့မှာ ယေရှုခရစ်ရဲ့ သေခြင်း သတိရအောက်မေ့ပွဲကို ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေ တက်ရောက်​ကြ​ပါမယ်။ တော်တော်​များများ​က ဦးဆုံး​အကြိမ်​အဖြစ် တက်ရောက်​ကြ​မယ်။ ယေဟောဝါကို ဝတ်မပြုတော့သူတွေလည်း တက်ရောက်​ကြ​မယ်။ တချို့က အခက်အခဲတွေ​ကြား တက်ရောက်​ကြ​မယ်။ သင့်​အခြေအနေ ဘယ်လိုပဲ ဖြစ်​နေပါစေ အောက်မေ့ရာပွဲ တက်ဖို့ သင့်​ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကျေနပ်​နှစ်သက်မှာ သေချာပါတယ်။

b ဒီပွဲ​ကျင်းပနေစဉ်အတွင်း မုန့်နဲ့ စပျစ်ဝိုင်​ဟာ ယေရှုရဲ့ တကယ့် ခန္ဓာ​နဲ့ သွေး​အဖြစ် ပြောင်းသွားတယ်လို့ ဝတ်ပြုသူတချို့ ယုံကြည်​ကြတယ်။ ဒီပွဲကို ကျင်းပတဲ့ အကြိမ်တိုင်း ယေရှုရဲ့ ခန္ဓာ​နဲ့ သွေး​ကို ပူဇော်ရာ​ရောက်တယ်လို့ ယူဆကြတယ်။

c အမည်လွှဲများ။

d jw.org မှာ​တင်ထားတဲ့ “၂၀၂၁ အောက်မေ့ရာပွဲ” ဆောင်းပါးတွေကိုလည်း ကြည့်ပါ။

e ပုံအညွှန်း– ၁၉၆၀ ပြည့်လွန်နှစ်တွေကစပြီး အောက်မေ့ရာပွဲ ဖိတ်စာတွေကို အဆင့်မြှင့်လာ။ အခုဆို ပုံနှိပ်ပုံစံနဲ့ရော အီလက်ထရောနစ်ပုံစံနဲ့ပါ ရရှိနိုင်။

f ပုံအညွှန်း– ပြန်သရုပ်ဖော်ချက်—နိုင်ငံရေး မတည်ငြိမ်မှုကြား ညီအစ်ကို/မတွေ အောက်မေ့ရာပွဲ ကျင်းပနေ။