“လူအမျိုးမျိုးကို” သနားစာနာပါ
ယေရှုက တပည့်တွေကို သတင်းကောင်း ဟောပြောနည်း သင်ပေးချိန်မှာ လူတိုင်းတော့ လက်ခံမှာ မဟုတ်ကြောင်း ပြောခဲ့တယ်။ (လု. ၁၀:၃၊ ၅၊ ၆) ဒါကြောင့် အမှုဆောင်လုပ်ငန်းမှာ ရိုင်းစိုင်းကြမ်းတမ်းစွာ တုံ့ပြန်သူတွေကို ကြုံရနိုင်တယ်။ အဲဒီအခါ သူတို့အပေါ် သနားစာနာစိတ် ဆက်ရှိနေဖို့ ခက်နိုင်တယ်။
သနားစာနာသူဟာ တခြားသူတွေရဲ့ လိုအပ်ရာနဲ့ အခက်အခဲတွေကို သိမြင်ပြီး စာနာပေးတယ်၊ ကူညီပေးချင်တယ်။ ဒါပေမဲ့ သနားစာနာစိတ် မရှိရင် အမှုဆောင်လုပ်ငန်းမှာ ဇွဲလျော့နည်းလာပြီး ထိရောက်မှု ရှိတော့မှာ မဟုတ်ဘူး။ မီးဆက်တောက်နေဖို့ လောင်စာ လိုအပ်သလို အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေဖို့ သနားစာနာစိတ် လိုအပ်တယ်။—၁ သက်. ၅:၁၉။
ခက်ပေမဲ့ သနားစာနာစိတ် ဘယ်လို မွေးနိုင်သလဲ။ ယေဟောဝါ၊ ယေရှု၊ တမန်တော် ပေါလုတို့ရဲ့ တုပထိုက်တဲ့ ပုံနမူနာတွေကို လေ့လာကြည့်ကြစို့။
ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ
ယေဟောဝါဟာ နာမတော် ကဲ့ရဲ့ရှုတ်ချခံရတာကို နှစ်ပေါင်းများစွာ သည်းခံပြီး “ကျေးဇူးမသိတတ်သူတွေ၊ လူဆိုးတွေကို ကျေးဇူးပြု” နေတယ်။ (လု. ၆:၃၅) စိတ်ရှည်ခြင်းအားဖြင့် သနားစာနာမှု ပြတယ်။ “လူအမျိုးမျိုးကို” ကယ်တင်ခြင်း ရစေချင်တယ်။ (၁ တိ. ၂:၃၊ ၄) ဆိုးညစ်မှုကို မုန်းပေမဲ့ လူတွေကို တန်ဖိုးထားတယ်။ ဘယ်သူ့ကိုမှ မသေဆုံးစေချင်ဘူး။—၂ ပေ. ၃:၉။
မယုံကြည်သူတွေရဲ့ ဉာဏ်မျက်စိကို စာတန် ဘယ်လောက် ကွယ်ထားမှန်း ယေဟောဝါ သိတယ်။ (၂ ကော. ၄:၃၊ ၄) လူများစွာဟာ ငယ်စဉ်ကတည်းက မှားယွင်းတဲ့ သွန်သင်ချက်နဲ့ သဘောထားတွေ သင်ပေးခံရလို့ အမှန်တရားကို လက်ခံဖို့ ခက်နေကြတယ်။ သူတို့ကို ယေဟောဝါ ကူညီချင်မှန်း ဘယ်လိုသိရသလဲ။
ရှေးနိနဝေမြို့ကို ယေဟောဝါ ဘယ်လိုရှုမြင်ကြောင်း စဉ်းစားကြည့်ပါ။ မြို့သားတွေ ဆိုးသွမ်းပေမဲ့ “အမှားအမှန်ကိုတောင် ခွဲခြားမသိနိုင်တဲ့ လူ ၁၂၀,၀၀၀ ကျော်ရှိတဲ့ နိနဝေမြို့ကြီးကို ငါ ပိုမနှမြောသင့်ဘူးလား” လို့ ယောနကို ယေဟောဝါ ပြောတယ်။ (ယောန ၄:၁၁) အမှန်တရားမသိတဲ့ နိနဝေမြို့သားတွေကို သနားပြီး သတိပေးဖို့ ယောနကို စေလွှတ်ခဲ့တယ်။
ယေဟောဝါလိုပဲ ကျွန်တော်တို့လည်း လူတွေကို တန်ဖိုးထားရမယ်။ တုံ့ပြန်မယ့်ပုံ မရှိရင်တောင် အတတ်နိုင်ဆုံး ကူညီပေးခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်တယ်။
ယေရှုရဲ့ သနားစာနာမှုကို တုပပါ
ယေရှုလည်း ဖခင်လိုပဲ။ “လူတွေဟာ အရေခွံဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေလို့ သူတို့ကိုမြင်တဲ့အခါ ယေရှု သနားတယ်။” (မ. ၉:၃၆) သူတို့ရဲ့ အခြေအနေကို အတွင်းကျကျ နားလည်ပေးတယ်။ ဘာသာရေးခေါင်းဆောင်တွေ မတရားဆက်ဆံပြီး အမှားတွေ သွန်သင်ပေးလို့ ဝန်ပိနေမှန်း သိတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိမိနောက်လိုက် ဖြစ်လာမှာ မဟုတ်မှန်း သိပေမဲ့ ‘အကြောင်းအရာ အတော်များများကို သွန်သင်ပေးတယ်။’—မာ. ၄:၁-၉။
ကျွန်တော်တို့လည်း သတင်းကောင်းကို လူတွေ လက်မခံတဲ့အခါ အခြေအနေကို အတွင်းကျကျ နားလည်ပေးရမယ်။ ခရစ်ယာန်အမည်ခံတွေရဲ့ မကောင်းတဲ့
ပုံသက်သေကြောင့် ကျမ်းစာနဲ့ ခရစ်ယာန်ဘာသာကို မကောင်းမြင်နေတာလား။ တချို့ကျတော့ ကျွန်တော်တို့အကြောင်း မဟုတ်မမှန် ကြားထားတာဖြစ်နိုင်တယ်။ ကျွန်တော်တို့ကို လက်ခံလိုက်ရင် အသိုင်းအဝိုင်းမှာ၊ မိသားစုမှာ အပယ်ခံရနိုင်တယ်။တချို့ကတော့ စိတ်ဒဏ်ရာတွေကြောင့် လက်မခံတာဖြစ်နိုင်တယ်။ သာသနာပြု ညီအစ်မ ကင်မ် က “ဒေသတချို့မှာ လူတွေဟာ စစ်ဒဏ်ကြောင့် ပိုင်ဆိုင်သမျှ ဆုံးရှုံးပြီး အနာဂတ်မျှော်လင့်ချက်မဲ့နေကြတယ်။ စိတ်ပျက်ပြီး အယုံအကြည်မဲ့နေကြတယ်။ ဒါကြောင့် သတင်းကောင်းကို လက်မခံကြဘူး။ တစ်ခါက ဟောနေတုန်း အဆဲတောင် ခံလိုက်ရတယ်” လို့ပြောတယ်။
သနားစာနာစိတ်ကို ကင်မ် ဘယ်လို ဆက်မွေးခဲ့သလဲ။ “ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံရတဲ့အခါ ‘ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်’ ဆိုတဲ့ ပညာအလိမ္မာ ၁၉:၁၁ ကို စဉ်းစားလိုက်တယ်။ လူတွေရဲ့ နောက်ခံကို တွေးလိုက်တဲ့အခါ သနားစာနာစိတ် ဝင်လာတယ်။ လူတိုင်း ရန်လိုတာတော့ မဟုတ်ပါဘူး။ ပြန်လည်ပတ်မှု တချို့တောင် ရခဲ့တယ်” လို့ သူပြောတယ်။
‘ငါသာ သူတို့နေရာမှာ ရှိခဲ့ရင် သတင်းကောင်းကို ဘယ်လိုတုံ့ပြန်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဥပမာ၊ ယေဟောဝါသက်သေတွေအကြောင်း မမှန်တာတွေပဲ ကြားနေတယ်ဆိုရင် ကိုယ်လည်း လက်ခံမှာမဟုတ်ဘူး။ ကိုယ့်ကိုစာနာပေးဖို့ လိုလာနိုင်တယ်။ ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါဆိုတဲ့ ယေရှုရဲ့ စကားကို သတိရမယ်ဆိုရင် ခက်ခဲချိန်မှာတောင် သနားစာနာနိုင်ပါလိမ့်မယ်။—မ. ၇:၁၂။
ပေါလုရဲ့ သနားစာနာမှုကို တုပပါ
တမန်တော် ပေါလုဟာ အပြင်းအထန် ဆန့်ကျင်သူတွေကို သနားစာနာမှု ပြခဲ့တယ်။ ဘာကြောင့်လဲ။ အတိတ်ကို မမေ့လို့ပဲ။ “ငါဟာ အရင်က ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူဖြစ်ခဲ့ . . . တယ်။ ယုံကြည်ခြင်းမရှိလို့၊ မသိနားမလည်ဘဲ လုပ်ခဲ့တာဖြစ်လို့ ငါ့ကို ကရုဏာပြခဲ့တယ်” လို့ ပြောတယ်။ (၁ တိ. ၁:၁၃) ယေဟောဝါနဲ့ ယေရှု မဟာကရုဏာပြခဲ့တာကို ပေါလုသိတယ်။ ဒါကြောင့် မိမိလို လူစားမျိုးနဲ့ ကြုံတဲ့အခါ စာနာပေးနိုင်ခဲ့တယ်။
ယုံကြည်ချက်အမှားကို ကိုင်စွဲထားသူတွေနဲ့လည်း ပေါလု ကြုံခဲ့တယ်။ ဘယ်လို တုံ့ပြန်သလဲ။ “ပေါလုက သိလနဲ့ တိမောသေကို စောင့်နေတုန်း အေသင်တစ်မြို့လုံးမှာ ရုပ်တုတွေပြည့်နေတာကို မြင်တော့ စိတ်အနှောင့်အယှက် ဖြစ်လာတယ်” လို့ တမန်တော် ၁၇:၁၆ မှာ ဖော်ပြတယ်။ ဒါပေမဲ့ အဲဒီရုပ်တုတွေကိုပဲ အကြောင်းပြုပြီး သက်သေခံခဲ့တယ်။ (တ. ၁၇:၂၂၊ ၂၃) “လူတချို့ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ဖို့” နောက်ခံကို ကြည့်ပြီး ဟောပြောနည်းကို အလိုက်သင့်ပြုပြင်ခဲ့တယ်။—၁ ကော. ၉:၂၀-၂၃။
ကျွန်တော်တို့လည်း ဆုံတွေ့ရသူတွေရဲ့ အပျက်သဘောတွေ၊ ယုံကြည်ချက်အမှားတွေကို အသိအမှတ်ပြုပြီး “ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်း” ကို ကျွမ်းကျွမ်းကျင်ကျင် ဟောပြောခြင်းအားဖြင့် ပေါလုကို တုပနိုင်ပါတယ်။ (ဟေရှာ. ၅၂:၇) “ကျွန်မတို့ဒေသမှာ ဘုရားဟာ ခက်ထန်ရက်စက်တယ်လို့ လူတွေ သွန်သင်ခံထားရတယ်။ ဘုရားအပေါ် သူတို့ရဲ့ ယုံကြည်ချက်ကို ချီးမွမ်းပြီး ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေ၊ အနာဂတ်နဲ့ဆိုင်တဲ့ ကျမ်းစာကတိတွေကို ဖတ်ပြလိုက်တယ်” လို့ ညီအစ်မ ဒေါ်ရသီ ပြောတယ်။
“အကောင်းနဲ့တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူလိုက်ပါ”
အဆုံးနီးလာလေ လူတချို့ရဲ့ သဘောထား “ဆိုးသည်ထက် ဆိုးလာ” မယ်လို့ မျှော်လင့်ထားရမယ်။ (၂ တိ. ၃:၁၊ ၁၃) ဒါပေမဲ့ သနားစာနာစိတ်၊ ဝမ်းမြောက်စိတ် မပျောက်ပါစေနဲ့။ “အကောင်းနဲ့တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူ” ဖို့ ယေဟောဝါ ခွန်အားပေးနိုင်တယ်။ (ရော. ၁၂:၂၁) “နှိမ့်ချစိတ် မရှိသူတွေ၊ ကျွန်မတို့နဲ့ သတင်းကောင်းကို အထင်သေးသူတွေနဲ့ ဆုံရတဲ့အခါ စိတ်ဆိုးမိပေမဲ့ ဘုရားလို အမြင်မျိုးရှိနိုင်အောင် ကူညီပေးဖို့ အသံတိတ် ဆုတောင်းတယ်။ ဒါကြောင့် ကိုယ့်ခံစားချက်ထက် ဘယ်လို ကူညီပေးရမလဲဆိုတာကိုပဲ အဓိကထားလာနိုင်တယ်” လို့ ရှေ့ဆောင်ညီအစ်မ ဂျက်စီကာ ပြောတယ်။
ညီအစ်ကို/မတွေကို ဘယ်လို အားပေးနိုင်မလဲ ဆိုတာလည်း စဉ်းစားသင့်တယ်။ “အမှုဆောင်မှာ တစ်ယောက်ယောက် ဆိုးဆိုးဝါးဝါး တုံ့ပြန်ခံလိုက်ရတဲ့အခါ အဲဒါကိုပဲ အာရုံစိုက်မနေဘူး။ လူတွေ လက်မခံရင်တောင် ဘာတွေပြီးမြောက်တယ်ဆိုတဲ့ အကောင်းဘက်ကို စကားလမ်းကြောင်း ပြောင်းလိုက်တယ်” လို့ ဂျက်စီကာပြောတယ်။
ယေဟောဝါက အမှုဆောင်လုပ်ငန်းမှာ ကြုံရတဲ့ အခက်အခဲတွေကို သိတယ်။ ဒါပေမဲ့ ဘုရားရဲ့ ကရုဏာကို ကျွန်တော်တို့ တုပတဲ့အခါ သိပ်ပျော်ရွှင်တယ်။ (လု. ၆:၃၆) ယေဟောဝါရဲ့ ကရုဏာဟာ အကန့်အသတ်မဲ့တော့ မဟုတ်ဘူး။ ဒီစနစ်ဆိုးကို အချိန်အတိအကျမှာ အဆုံးတိုင်စေမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒီအတောအတွင်း အရေးကြီးသဘောထားနဲ့ ဆက်ဟောနေကြပါစို့။ (၂ တိ. ၄:၂) “လူအမျိုးမျိုးကို” စာနာစိတ်နဲ့ ထက်သန်စွာ ဆက်ဟောနေကြပါစို့။