မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

စိုးရိမ်သောကများကြား နှစ်သိမ့်မှု ရခဲ့

စိုးရိမ်သောကများကြား နှစ်သိမ့်မှု ရခဲ့

အိန္ဒုမြစ် အနောက်ဘက်​ကမ်း၊ အခုခေတ် ပါကစ္စတန်​နိုင်ငံမှာ ရှေး​မြို့ဟောင်း ဆု​ခါ တည်​ရှိတယ်။ ၁၉၂၉၊ နိုဝင်ဘာ ၉ ရက်​တုန်း​က အဲဒီမြို့မှာ ကျွန်တော် မွေးလာတယ်။ အဲဒီ​အချိန်​လောက်​မှာ မိဘတွေက အင်္ဂလိပ်​လူမျိုး သာသနာပြု​တစ်ယောက်​ဆီက အရောင်​ရ​င့်​ရ​င့် စာအုပ်တွဲ​ကို ရခဲ့တယ်။ ကျွန်တော် ကြီးပြင်း​လာတဲ့​အခါ အဲဒီ​စာအုပ်တွေ​က အမှန်တရား သိဖို့ ကူညီပေးတယ်။

အဲဒီ​စာအုပ်တွေ​ကို သက်တံ​ရောင်စုံ​စာအုပ်တွဲ​လို့ ခေါ်တယ်။ စဉ်းစားတွေးတော​စေတဲ့ ပုံဥပမာ​တွေ ဝေ​ဝေဆာ​ဆာ ပါတယ်။​ ဒါကြောင့်​ ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျမ်းစာ​အကြောင်းအရာ​တွေ​ကို သိချင်စိတ် ဖြစ်လာတယ်။

ဒုတိယ​ကမ္ဘာစစ်​မီး အိန္ဒိယ​ပင်လယ်ကွေ့​အထိ ပျံ့​လာတော့ ကျွန်တော့်​ကမ္ဘာ​လေး ပြိုပျက်​သွားတယ်။ မိဘတွေ ခွဲနေ​ပြီးနောက် ကွာရှင်း​လိုက်ကြတယ်။ ချစ်​ရတဲ့​မိဘနှစ်ပါး ဘာကြောင့် အချင်းချင်း စွန့်ခွာ​ကြ​မှန်း နားမလည်​နိုင်​ခဲ့​ဘူး။ စိတ်ထိခိုက်​ပြီး အပယ်ခံ​လို့ ခံစားခဲ့​ရတယ်။ တစ်ဦးတည်းသော​သား​ဖြစ်နေ​တော့ သိပ်​လိုအပ်​နေတဲ့ နှစ်သိမ့်​ထောက်မမှု မ​ရခဲ့​ဘူး။

အဲဒီတုန်းက အမေနဲ့ ကျွန်တော် က​ရာ​ချိ​မြို့တော်​မှာ နေတယ်။ တစ်နေ့၊ အိမ်ကို ယေဟော​ဝါ​သက်သေ အသက်ကြီး ဆရာဝန် ဖရက် ဟာ​ဒါ​ကာ ရောက်လာတယ်။ ကျွန်တော်တို့ကို စာအုပ်တွဲ​တွေ ပေးခဲ့တဲ့ သာသနာပြု​နဲ့ ဘာသာ​အတူတူပဲ။ ကျမ်းစာ​လေ့လာ​ကြည့်ဖို့ အမေ့ကို ပြောတယ်။ အမေက လက်မခံ​ပေမဲ့​ ကျွန်တော် စိတ်ဝင်စား​လောက်​တယ်​လို့ ပြောလိုက်တယ်။​ နောက်အပတ်​မှာ​ပဲ ညီအစ်ကို ဟာ​ဒါ​ကာ​နဲ့ ကျမ်းစာ စလေ့လာ​တယ်။

အပတ်​အနည်းငယ်​ကြာပြီးနောက် ညီအစ်ကို ဟာ​ဒါ​ကာ​ရဲ့ ဆေးခန်း​မှာ အစည်းအဝေး​တွေ စ​တက်တယ်။ အသက်ကြီး သက်သေခံ​ ၁၂ ယောက်​လောက် လာ​တက်တယ်။ ကျွန်တော့်ကို သား​အရင်း​လို ဂရုစိုက်​ပေးကြတယ်။ ကျွန်တော့်​ဘေး​မှာ ထိုင်ပြီး မိတ်ဆွေရင်း​ချာ​လို စကား​ပြောခဲ့တာ မှတ်မိ​နေတုန်းပဲ။

ညီအစ်ကို ဟာ​ဒါ​ကာ​က အမှုဆောင်​လိုက်​ထွက်​ဖို့ ခေါ်တယ်။ အသံသွင်း​ထားတဲ့ ကျမ်းစာ​ဟောပြောချက် အ​တို​လေး​တွေ​ကို ခရီးဆောင်​ဓာတ်ပြားစက် သုံးပြီး ဖွင့်ပြ​တတ်အောင် သင်ပေးတယ်။ ဟောပြောချက်​တချို့က တဲ့တိုး​ကြီး ဖြစ်နေလို့ အိမ်ရှင်​တချို့ မကြိုက်ကြဘူး။ ကျွန်တော်က​တော့ ဟောပြော​ရတာ ကြိုက်​တယ်။ တခြား​သူတွေကို ကျမ်းစာ​အမှန်တရား ဝေမျှ​ဖို့ သိပ်​ထက်သန်​နေတယ်။

အိန္ဒိယ​ကို တိုက်​ဖို့ ဂျပန်​စစ်တပ်​တွေ ချီတက်​လာတဲ့အခါ ဗြိတိသျှ​အာဏာပိုင်​တွေ​က ယေဟော​ဝါ​သက်သေတွေကို ပို​နှိပ်ကွပ်​လာတယ်။ ဒါကို ၁၉၄​၃၊ ဇူလိုင်​မှာ ကိုယ်တွေ့ ကြုံရတယ်။ ကျောင်းအုပ်ကြီး​ဖြစ်တဲ့ အ​င်္ဂလီ​ကန် ဓမ္မဆရာ​က ကျွန်တော့်ကို “စာရိတ္တ​မကောင်း​သူ” ဆိုပြီး ကျောင်းထုတ်​လိုက်တယ်။ ကျွန်တော် ယေဟော​ဝါသက်သေတွေ​နဲ့ ပေါင်း​တာ​​ဟာ တခြား​ကျောင်းသားတွေ​အတွက် မကောင်း​ဘူးလို့ အမေ့ကို ပြောတယ်။ အမေ​လည်း​ လန့်​ပြီး သက်သေခံ​တွေ​နဲ့ မ​ပေါင်း​ခိုင်း​တော့​ဘူး။ နောက်ပိုင်း မိုင် ၈၅​၀ လောက်​ဝေး​တဲ့ အဖေ​ရှိရာ ပက်​ရှ်​ဝါ​မြို့ကို ပို့​လိုက်တယ်။ ကျမ်းစာ​အကြောင်းအရာတွေ မ​ရတော့​တဲ့​အပြင် သက်သေခံ​တွေ​နဲ့ မ​ပေါင်း​ရတော့​လို့ ယုံကြည်ခြင်း အားနည်း​လာတယ်။

ယုံကြည်ခြင်း ပြန်​ခိုင်ခံ့​လာ

၁၉၄၇ မှာ အလုပ်ရှာ​ဖို့ က​ရာ​ချိ​မြို့ကို ပြန်လာတယ်။ ဒေါက်တာ​ ဟာ​ဒါ​ကာ​ရဲ့ ဆေးခန်း​ကို သွားလည်​တဲ့အခါ လှိုက်လှိုက်​လှဲလှဲ ကြို​ဆိုတယ်။

ဆေးခန်း​ပြဖို့ လာတယ် ထင်​ပြီး ‘ဘာဖြစ်​နေလို့လဲ’ ဆိုပြီး မေးတယ်။

“ကျွန်တော် မ​ဖျား​ပါဘူး။ ကျမ်းစာ ပြန်​သင်​ချင်​လို့​ပါ” ဆိုပြီး ပြောလိုက်တယ်။

“ဘယ်တော့ စ​သင်​ချင်​သလဲ” လို့ မေးတော့

“ဖြစ်နိုင်ရင် အခုပဲ သင်​ချင်တယ်” လို့ ဖြေတယ်။

အဲဒီ​ညနေ​မှာ​ပဲ ကျမ်းစာ​ဆက်သင်​ဖြစ်တယ်။ ယုံကြည်ခြင်း ပြန်​ခိုင်ခံ့​လာတယ်လို့ ခံစားရတယ်။ သက်သေခံ​တွေ​နဲ့ အဆက်ဖြတ်​ဖို့ အမေ ဖိအား​ပေးပေမဲ့ ဒီ​တစ်ကြိမ်​မှာ​တော့ ယေဟော​ဝါကို ကိုးကွယ်​ဖို့ အခိုင်အမာ ဆုံးဖြတ်​လိုက်ပြီ။ ၁၉၄၇၊ သြဂုတ် ၃၁ ရက်မှာ ယေဟော​ဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံ​လိုက်တယ်။​ မကြာခင်၊ အသက် ၁၇ နှစ်မှာ မှန်မှန်ရှေ့ဆောင် စ​လုပ်တယ်။

ပျော်စရာ ရှေ့ဆောင်လုပ်ငန်း

ဗြိတိသျှ​အခြေ​စိုက် တပ်​စခန်း​ရှိရာ ကွ​င့်​တာ​​မြို့မှာ ဦးဆုံး တာဝန်​ကျ​တယ်။ ၁၉၄၇ မှာ ပါကစ္စတန်​ကို အိန္ဒိယ​နဲ့ ခွဲ​လိုက်တယ်။ * ဒါကြောင့် ဘာသာရေး အကြမ်းဖက်မှု ပေါ်ပေါက်​လာပြီး သမိုင်း​မှာ အကြီးမားဆုံး နေရပ်​စွန့်ခွာ​မှု ဖြစ်လာတယ်။ လူပေါင်း ၁၄ သန်း​လောက် ထွက်ပြေး​သွားကြတယ်။ အိန္ဒိယနိုင်ငံ​က​ မွတ်စလင်​တွေ ပါကစ္စတန်​ကို ရောက်လာပြီး ပါကစ္စတန်​မှာ နေတဲ့ ဟိန္ဒူ​နဲ့ ဆစ်​ခ်​လူမျိုး​တွေ​က​တော့ အိန္ဒိယ​ကို ပြောင်း​သွားကြတယ်။ ဒီ​ပဋိပက္ခ​တွေ​ကြား လူပြည့်​ကျပ်​နေတဲ့ ရထား​ကို တွယ်စီး​ပြီး​ ကရာချိ​မြို့ကနေ ကွ​င့်​တာ​​မြို့ကို သွားခဲ့တယ်။

ကွ​င့်​တာ​​မြို့မှာ အသက် ၂၅ နှစ်​ဝန်းကျင် အထူးရှေ့ဆောင် ဂျော့ခ်ျ​ဆင်း​နဲ့ ဆုံ​တယ်။ ကုန်းမြင့်​ဒေသတစ်လျှောက် စီး​ဖို့ စက်ဘီး​အဟောင်း​တစ်စီး သူ​ပေးတယ်။ ကျွန်တော် တစ်ယောက်တည်း ဟော​ရတာ များတယ်။ ခြောက်လ​အတွင်း ကျမ်းစာသင်အံမှု ၁၇ ခု​ ရလာတယ်။ သင်သား​တချို့ သက်သေခံ ဖြစ်လာတယ်။ သူတို့​ထဲ​က တစ်ယောက်က စစ်ဗိုလ် ဆာ​ဒစ် မာ​စီ။ ကျမ်းစာ​စာပေတွေကို ပါကစ္စတန်​နိုင်ငံရဲ့ ရုံး​သုံး​ဘာသာစကား အူ​ရ​ဒူ​လို ဘာသာပြန်​နိုင်ဖို့ ကျွန်တော်​နဲ့ ဂျော့ခ်ျ​ကို ကူညီပေးတယ်။ နောက်ပိုင်း ဆာဒစ်​ မာ​စီ​ဟာ ထက်သန်တဲ့ ကြေညာသူ ဖြစ်လာတယ်။

၁၉၄၈၊ အိန္ဒိယ​မှာ တိုက်နယ်​အစည်းအဝေး တက်ခဲ့

ဂိလဒ်​ကျောင်းတက်ဖို့ (Queen Elizabeth) သင်္ဘော​နဲ့ သွား​နေ

နောက်တော့ က​ရာ​ချိ​မြို့ကို ကျွန်တော် ပြန်လာပြီး ဂိလဒ်​ကျောင်းဆင်း သာသနာပြု​အသစ်​တွေ​ဖြစ်တဲ့ ဟန်​န​ရီ ဖင့်ခ်ျ၊ ဟာလီ​ ဖောရက်​စ်​တို့နဲ့ တွဲ​အမှုဆောင်​တယ်။ သူတို့ဆီကနေ တန်ဖိုး​မဖြတ်​နိုင်တဲ့ လေ့ကျင့်မှု ရခဲ့တယ်။ တစ်ခေါက်​တုန်း​က ညီအစ်ကို ဖင့်ခ်ျ​နဲ့အတူ ပါကစ္စတန်​မြောက်ပိုင်း​မှာ သွား​ဟော​တယ်။ ကျမ်းစာ​အမှန်တရား ဆာငတ်​နေတဲ့၊ နှိမ့်ချတဲ့ အူ​ရ​ဒူ​စကားပြော ရွာ​သားတွေ​ကို တောင်​ခြေ​တစ်လျှောက် တွေ့ခဲ့တယ်။ နှစ်နှစ်​အကြာမှာ ကျွန်တော် ဂိလဒ်​ကျောင်း တက်ခွင့်​ရတယ်။ အရန်​တိုက်နယ်ကြီးကြပ်မှူး​အဖြစ် ပါကစ္စတန်​မှာ​ပဲ ပြန်​တာဝန်ကျ​တယ်။ လာ​ဟိုး​မြို့ သာသနာပြု​အိမ်မှာ သာသနာပြု​ညီအစ်ကို သုံးယောက်​နဲ့​အတူ​ နေတယ်။

စိတ်ဒဏ်ရာ ပြန်သက်သာ

၁၉၅၄ မှာ လာ​ဟိုး​မြို့​က သာသနာပြု​တွေ မသင့်​မြတ်​ကြ​လို့ ဌာနခွဲရုံး​က တာဝန်​ပြောင်းရွှေ့​ပေးလိုက်တယ်။ ကျွန်တော် ဘက်လိုက်​မိ​လို့ ပြင်းပြင်းထန်ထန် ဆုံးမခံ​ခဲ့​ရတယ်။ ဘုရား​ရေးရာ​စိတ်ဓာတ် မရှိတဲ့​သူ​လို့ ကိုယ့်ကိုယ်ကိုယ် ယူဆ​ပြီး တော်​တော်​ခံစားခဲ့​ရတယ်။ ဒါနဲ့ က​ရာ​ချိ​ကို ပြန်ပြောင်း​လိုက်တယ်။ အဲဒီနောက် အသစ်​က​နေ ပြန်​စ​နိုင်ဖို့ အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့ကို ပြောင်း​သွားတယ်။

လန်ဒန်​က ကျွန်တော်တို့​အသင်းတော်မှာ ဗေသလအိမ်သား အတော်များများ ရှိတယ်။ ဌာနခွဲ​အမှုထမ်း ပ​ရိုက်​စ် ဟု​ဇ်​က ကျွန်တော့်​ကို မေတ္တာနဲ့ လေ့ကျင့်​ပေးတယ်။ ကမ္ဘာ​တစ်ဝန်း ဟောပြောခြင်း​လုပ်ငန်းကို ကြီးကြပ်​နေတဲ့ ဂျိုး​ဇ​က် ရပ်သဖော့ဒ်​ဆီက ပြင်းထန်တဲ့ ဆုံးမမှု ရခဲ့ကြောင်း တစ်​နေ့မှာ သူ ပြောပြတယ်။ သူ ဆင်ခြေပေး​တဲ့အခါ ညီအစ်ကို ရပ်သဖော့ဒ်​က ပြင်းပြင်းထန်ထန် ထပ်​ဆုံးမတယ်။ ဒီ​အကြောင်း ပြုံးပြုံးလေး ပြောနိုင်​လို့ အံ့ဩ​မိတယ်။ အစပိုင်းမှာ စိတ်​ဆိုးပေ​မဲ့ ပြင်းထန်တဲ့ ဆုံးမမှု လိုအပ်​ကြောင်း၊ ဆုံးမမှု​ဟာ ယေဟော​ဝါရဲ့ မေတ္တာ ဖော်ပြနည်း ဖြစ်ကြောင်း နောက်ပိုင်း သူ သဘောပေါက်​သွားတယ်။ (ဟီ. ၁၂:၆) သူ့​စကား​ကြောင့် ကျွန်တော် စိတ်ထိမိ​သွားပြီး အမှုတော်မှာ​ ပြန်ပျော်ရွှင်​လာတယ်။

အဲဒီ​အချိန်​လောက်​မှာ အမေ လန်ဒန်​ကို ပြောင်း​လာတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတဲ့ ဂျွန် အီး ဘား​နဲ့ ကျမ်းစာ​ လေ့လာ​ခဲ့​တယ်။ တဖြည်းဖြည်း တိုးတက်လာ​ပြီး ၁၉၅၇ မှာ နှစ်ခြင်းခံ​တယ်။ အဖေ​လ​ည်း မဆုံး​ခင် ယေဟော​ဝါသက်သေတွေ​နဲ့ ကျမ်းစာ​လေ့လာ​သွား​မှန်း နောက်ပိုင်း သိခဲ့ရတယ်။

လန်ဒန်​မှာ အခြေချ​နေတဲ့ ဒန်း​နစ်​ညီအစ်မ လီ​နီ​နဲ့ ၁၉၅၈ မှာ ကျွန်တော် လက်ထပ်​လိုက်တယ်။ နောက်​တစ်နှစ်မှာ သမီးလေး​ ဂျဲန်​ မွေး​ပြီး နောက်ထပ် ကလေး လေးယောက် ရလာတယ်။ ဖူလမ်​အသင်းတော်မှာ လုပ်ငန်းတော် အခွင့်ထူးတွေ ရလာတယ်။ အဲဒီ​အချိန်မှာ လီ​နီ ကျန်းမာရေး ချို့ယွင်း​လာလို့ ပူနွေး​တဲ့ သြစတြေးလျ​နိုင်ငံ၊ အယ်ဒလိတ်မြို့​ကို ၁၉၆​၇ မှာ ပြောင်းရွှေ့​လာတယ်။

ကြေကွဲ​စ​ရာ အဖြစ်ဆိုး

အယ်ဒလိတ်မြို့​က ကျွန်တော်တို့ရဲ့ အသင်းတော်မှာ အသက်ကြီး ဘိသိက်ခံ ၁၂ ယောက် ရှိတယ်။ ဟောပြောခြင်း​လုပ်ငန်းကို ထက်ထက်သန်သန် ဦးဆောင်​ပေးကြတယ်။ ချက်ချင်းပဲ ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်​တွေ ပုံမှန် ပြန်ဖြစ်​လာတယ်။

၁၉၇၉ မှာ ငါးယောက်​မြောက်​သား ဒန်​နီ​ယယ် မွေးလာတယ်။ ဒေါင်း​ရောဂါ * ပါ​လာတဲ့​အတွက် အသက်ရှည်​မယ် မထင်​ဘူး။ မပြောပြ​နိုင်​လောက်​အောင် စိတ်သောက ရောက်​ခဲ့​ရတယ်။ သူ့ကို အတတ်နိုင်ဆုံး ပြုစု​ရင်း ကျန်​လေးယောက်​ကိုလည်း ဂရုစိုက်​ခဲ့​ရတယ်။ ဒန်​နီ​ယယ်​ရဲ့ နှလုံး​မှာ အပေါက်​နှစ်​ပေါက် ရှိ​တော့ အောက်ဆီဂျင်​ ပြတ်​ပြီး ပြာ​နှမ်း​သွား​တတ်​လို့ ဆေးရုံ​ကို ပြေး​ရတဲ့အခါ​တွေ ရှိတယ်။ သူဟာ ချူချာ​ပေ​မဲ့ ဉာဏ်​ကောင်း၊ သဘော​ကောင်းတယ်။ ယေဟော​ဝါ​ကိုလည်း သိပ်​ချစ်တယ်။ အစာ​မစား​ခင် မိသားစု​လိုက် ဆုတောင်း​ချိန်မှာ လက်​သေးသေးလေး​ နှစ်ဖက်​ကို ဆု​ပ်၊ ခေါင်းညိတ်​ပြီး “အာမင်” လို့ အားရပါးရ ပြောလေ့ရှိ​တယ်။

ဒန်​နီ​ယယ် လေးနှစ်​သား​အရွယ်မှာ သွေးကင်ဆာ ဖြစ်လာတယ်။ လီ​နီ​နဲ့ ကျွန်တော် ကိုယ်​ရော စိတ်ရော ချုံးချုံးကျ​သွားတယ်။ ဗုန်းဗုန်းလဲ​မတတ်​ပဲ။ တအား စိတ်ဓာတ်​ကျနေ​ချိန်မှာ တိုက်နယ်ကြီးကြပ်မှူး နီ​ဗေး ဘ​ရမ်​မ​စ် အိမ်ကို ရောက်လာတယ်။ သူ​လ​ည်း မျက်ရည်ကျ​ပြီး ကျွန်တော်တို့ကို ဖက်​ထားတယ်။ အားလုံး ငို​ကြတယ်။ မေတ္တာပါ​တဲ့ သူ့ရဲ့ အားပေးစကား​တွေ​က နှစ်သိမ့်မှု​ဖြစ်စေတယ်။ မနက်​တစ်​နာရီ​လောက်​မှ သူ ပြန်သွားတယ်။ မကြာ​ပါဘူး။ ဒန်​နီ​ယယ် ဆုံးသွား​ရှာ​တယ်။ ဘဝမှာ အကြီးမားဆုံး ဆုံးၡုံးမှု​ပါ​ပဲ။ ဒါပေမဲ့ ယေဟော​ဝါရဲ့​မေတ္တာ မခံစားရ​အောင် ဒန်​နီ​ယယ်​ကို ဘာက​မှ၊ သေခြင်းက​တောင် မတားဆီး​နိုင်မှန်း ယုံကြည်​ရင်း ဖြေသိမ့်​ခဲ့​ရတယ်။ (ရော. ၈:၃၈၊ ၃၉) ကမ္ဘာသစ်မှာ သူ​ထမြောက်​လာမယ့်​အချိန်ကို မျှော်လင့်​နေပါတယ်။—ယော. ၅:၂၈၊ ၂၉

တခြား​သူတွေကို ကူညီရာ​မှာ ပျော်ရွှင်

ကျွန်တော် နှစ်ကြိမ် အကြီးအကျယ် လေဖြတ်​ခဲ့​ပေ​မဲ့ အကြီးအကဲ​အဖြစ် အမှုဆောင်​နေတုန်းပဲ။ ကိုယ့်​အတွေ့အကြုံ​ကြောင့် တခြား​သူတွေ၊ အထူးသဖြင့် အခက်အခဲ​ကြား ရုန်းကန်​နေရ​သူတွေကို စာနာ​သနားတတ်​လာတယ်။ သူတို့ကို မဝေဖန်​မိ​ဖို့ ကြိုးစားတယ်။ ‘ဘဝနောက်ခံ​ကြောင့် အဲဒီလို​ဖြစ်နေတာ​လား။ သူတို့ကို ဂရုစိုက်​ကြောင်း ငါ ဘယ်လို ပြ​မလဲ။ ယေဟော​ဝါရဲ့​လမ်းစဉ် လိုက်​ဖို့ ဘယ်လို အားပေး​မလဲ’ လို့ စဉ်း​စားတယ်။ အသင်းတော်မှာ သိုးထိန်း​လည်ပတ်​ရတာကို သိပ်ကြိုက်​တယ်။ တခြား​သူတွေကို နှစ်သိမ့်၊​ လန်းဆန်း​စေတဲ့​အခါ ကိုယ်တိုင်လည်း နှစ်သိမ့်မှု၊​ လန်းဆန်း​မှု ခံစားရလို့​ပဲ။

သိုးထိန်း​လည်ပတ်မှု​တွေ​ က​နေ ပျော်ရွှင်​ကျေနပ်မှု ခံစား​နေရ​ဆဲ

“စိုးရိမ်စိတ်တွေ သိပ်​များနေ​တဲ့အခါ [ယေဟော​ဝါ] နှစ်သိမ့်​ပေး​ပြီး စိတ်သက်သာရာ ရစေတယ်” လို့ ပြောခဲ့တဲ့ ဆာလံဆရာ​လို ခံစားရတယ်။ (ဆာ. ၉၄:၁၉) မိသားစု​ပြဿနာ၊ ဘာသာရေး အတိုက်အခံ၊ စိတ်ပျက်​စ​ရာ၊ စိတ်ဓာတ်ကျ​စရာတွေ ကြုံရချိန်​တစ်လျှောက် ဘုရား ထောက်မ​ပေးခဲ့တယ်။ ယေဟော​ဝါဟာ​ ကျွန်တော့်​အတွက် တကယ့်​ဖခင်​ပါ​ပဲ။

^ စာပိုဒ်၊ 19 အရင်တုန်းက ပါကစ္စတန်​နိုင်ငံမှာ အနောက်​ပါကစ္စတန် (ယခု ပါကစ္စတန်) နဲ့ အရှေ့​ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) တို့ ပါဝင်တယ်။