မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး”

“ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး”

“ကျွန်တော် မွေးဖွားပြီး ဒီ​လောက​ကို ရောက်လာတာ အမှန်တရားကို သက်သေခံဖို့​ပဲ။”—ယော. ၁၈:၃၇

သီချင်း– ၁၅၊ ၇၄

၁၊ ၂။ (က) ဒီ​လောက ဘယ်လို ပို​ကွဲပြား​နေသလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို​ သုံးသပ်​ကြ​မလဲ။

“ငယ်ငယ်​က​တည်း​က မတရား​တာတွေကို​ပဲ မြင်ခဲ့​ရတယ်။ ဒါကြောင့် ပြုပြင်​ပြောင်းလဲရေး​ဝါဒ​ကို ထောက်ခံ​ပြီး လက်ရှိ​နိုင်ငံရေး​စနစ်ကို ဆန့်ကျင်​ခဲ့​တယ်။ အကြမ်းဖက်​သမား​တစ်ယောက်နဲ့ အကြာကြီး တွဲ​ခဲ့​တယ်” လို့ ဥရောပ​တောင်ပိုင်း​က ညီအစ်မ​တစ်ယောက် အတိတ်​အကြောင်း ပြောပြတယ်။ အကြမ်းဖက်မှုတွေ​မှာ ပါဝင်​ဖူး​တဲ့ အာဖရိက​တောင်ပိုင်း​က ညီအစ်ကို​တစ်ယောက်​လ​ည်း “ကျွန်တော့်​မျိုးနွယ်စု​ဟာ တခြား​မျိုးနွယ်စု​ထက် ပို​သာတယ်လို့ ယူဆ​ပြီး နိုင်ငံရေး​ပါတီ​တစ်ခုမှာ ဝင်​ခဲ့​တယ်။ ရန်ဘက်​တွေ၊ မျိုးနွယ်စု​တူ​ရင်တောင် တခြား​ပါတီ ထောက်ခံ​သူတွေကို လှံ​နဲ့​ထိုး​သတ်ဖို့ သင်ပေး​ခံခဲ့ရ​တယ်” လို့ ပြောတယ်။ ဥရောပ​အလယ်ပိုင်း​မှာ​နေတဲ့ ညီအစ်မ​တစ်ယောက်​လ​ည်း “ကျွန်မ​မှာ ခွဲခြား​စိတ် ရှိတယ်။ လူမျိုး​မတူ၊ ဘာသာမတူ​သူတွေကို သိပ်​မုန်း​ခဲ့​တာ​” လို့ ဝန်ခံ​တယ်။

အဲဒီ​သုံးယောက်မှာ ရှိခဲ့တဲ့ သဘောထားမျိုး ဒီနေ့​လောကမှာ ပျံ့နှံ့​နေတယ်။ အကြမ်းဖက် လွတ်လပ်ရေး လှုပ်ရှားမှု​တွေ တိုးများ​လာတယ်။ နိုင်ငံရေး​အယူအဆ ကွဲပြားမှုတွေ ပိုများ​လာတယ်။ နိုင်ငံများစွာ​မှာ တိုင်းတစ်ပါး​သားတွေ​ကို ပို​မုန်း​လာကြတယ်။ ကျမ်းစာ​ကြိုဟောတဲ့​အတိုင်း ဒီ​နောက်ဆုံး​ကာလမှာ လူတွေဟာ “ညှိနှိုင်းလို့ မ​ရ” ကြ​တော့​ဘူး။ (၂ တိ. ၃:၁၊ ၃) ဒီ​လောက ပို​ကွဲပြား​နေ​ချိန်မှာ ခရစ်ယာန်တွေ စည်းလုံးမှုကို ဘယ်လို ထိန်းသိမ်း​နိုင်မလဲ။ နိုင်ငံရေး​ရှုပ်ထွေး​နေတဲ့ ပထမရာစု​ရဲ့ အခြေအနေ​တစ်ခုကို ယေရှု ကိုင်တွယ်​ခဲ့​ပုံ​က​နေ များစွာ သင်ယူ​နိုင်ပါတယ်။ အဓိက​အချက်​သုံးချက်​ကို သုံးသပ်​သွားပါမယ်– ခွဲထွက်ရေး လှုပ်ရှားမှု​တွေ​မှာ ယေရှု ဘာကြောင့် မပါဝင်​ခဲ့သလဲ။ ဘုရားသခင့် ကျေး​ကျွန်တွေ နိုင်ငံရေးမှာ မပါ​သင့်​ကြောင်း ယေရှု ဘယ်လို ပုံသက်သေပြ​ခဲ့သလဲ။ အကြမ်းဖက်နည်းကို လုံးဝ မ​သုံးသင့်​ကြောင်း ယေရှု ဘယ်လို သင်ပေးခဲ့​သလဲ။

လွတ်လပ်ရေး လှုပ်ရှားမှု​အပေါ် ယေရှုရဲ့ သဘောထား

၃၊ ၄။ (က) ယေရှု​ခေတ်​က ဂျူးတွေ နိုင်ငံရေးနဲ့​ပတ်သက်ပြီး ဘာ​မျှော်လင့်​ခဲ့ကြသလဲ။ (ခ) အဲဒါက ယေရှုရဲ့ တပည့်တွေ​အပေါ်​ ဘယ်လို​ အကျိုး​သက်ရောက်​ခဲ့သလဲ။

ယေရှု​ဟောပြောတဲ့ ဂျူး​များစွာဟာ ရောမ​လက်အောက်​က​နေ လွတ်မြောက်​ချင်​နေကြတယ်။ ဂျူး​အစွန်းရောက်​သမားတွေက အဲဒီ​စိတ်ဓာတ်​ကို သွေးထိုး​ပေးတယ်။ အစွန်းရောက်​သမား​အများစုက ဂါလိလဲ​နယ်သား​ ဂျုဒပ်စ်​နောက်ကို လိုက်ကြတယ်။ သူဟာ လူများစွာကို လှည့်စား​ခဲ့​တဲ့ ပထမရာစု မေရှိယ​အတုအယောင်​ပဲ။ “ရောမ​တွေကို ပုန်ကန်​ဖို့ လှုံ့ဆော်​ပြီး အခွန်ဆက်​တဲ့​သူတွေကို​ သူရဲဘော​ကြောင်သူ​လို့ သတ်မှတ်​တယ်” ဆိုပြီး ဂျူး​သမိုင်း​ပညာရှင် ဂျိုစီဖတ်စ် ပြောတယ်။ ဂျုဒပ်စ်​ကို ရောမ​တွေ သတ်ပစ်​လိုက်တယ်။ (တ. ၅:၃၇) အစွန်းရောက်​သမား​တချို့က ရည်မှန်းချက်​ပြည့်ဖို့ အကြမ်းဖက်နည်းကို သုံး​လာကြတယ်။

ဂျူး​အများစုက​တော့ မေရှိယကို မျှော်လင့်​နေကြတယ်။ မေရှိယ ရောက်လာ​ရင် အစ္စရေးတွေကို ရောမ​လက်အောက်​က​နေ လွတ်မြောက်​စေပြီး ဂုဏ်တက်​စေမယ်လို့ ထင်နေ​ကြ​တာ​။ (လု. ၂:၃၈။ ၃:၁၅) မြေကြီးပေါ်မှာ အစ္စရေးတွေ​အတွက် နိုင်ငံ​ကို ပြန်​တည်ထောင်​ပေးမယ်လို့ ယူဆ​နေကြတာ။ အဲဒီအခါ တ​ကွဲ​တ​ပြား​ဖြစ်နေတဲ့ ဂျူး​သန်းပေါင်းများစွာ အမိ​မြေ​ကို ပြန်လာ​နိုင်ကြ​မယ်။ နှစ်ခြင်း​ဆရာ ယောဟန်​က​တောင် ယေရှုကို “ခင်ဗျား​ဟာ ကျွန်တော်တို့ စောင့်မျှော်​နေတဲ့​သူ​လား၊ နောက်​တစ်ယောက်ကို စောင့်မျှော်​ရမှာလား” လို့​မေးခဲ့တယ်။ (မ. ၁၁:၂၊ ၃) ဂျူးတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်း​ပေးမှာ နောက်​တစ်ယောက်​လား​ဆိုတာ သိချင်​လို့ ဖြစ်နိုင်တယ်။ ယေရှု ရှင်ပြန်ထမြောက်​ပြီးနောက် ဧမောက်​ရွာ​သွားတဲ့​လမ်းမှာ ဆုံ​တဲ့ တပည့်​နှစ်ယောက်​လ​ည်း အစ္စရေးတွေကို မေရှိယ လွတ်မြောက်​စေမယ်လို့ ထင်ခဲ့ကြတယ်။ (လုကာ ၂၄:၂၁ ကိုဖတ်ပါ။) မကြာခင်မှာ တမန်တော်​တွေ​လ​ည်း “သခင်၊ အစ္စရေး​လူမျိုး​အတွက် နိုင်ငံ​ကို အခု ပြန်​တည်ထောင်​ပေးမှာလား” လို့ ယေရှုကို မေးခဲ့​ကြတယ်။—တ. ၁:၆

၅။ (က) ဂါလိလဲ​နယ်​သားတွေ ယေရှုကို ဘာကြောင့် ဘုရင်​မြှောက်ချင်​ကြ​တာ​​လဲ။ (ခ) ယေရှု ဘယ်လို တည့်မတ်​ပေးခဲ့သလဲ။

အဲဒီ​မျှော်လင့်ချက်​တွေ​ကြောင့် ယေရှုကို ဂါလိလဲ​နယ်​သားတွေ ဘုရင်​မြှောက်ချင်​ကြ​တာ​ ဖြစ်နိုင်တယ်။ ယေရှုဟာ အဟောအပြော​ကောင်း​သူ၊ လူနာ​တွေ​ကို ကုသ​ပေးနိုင်​သူ၊ ဆာလောင်​သူတွေကို ကျွေးမွေး​နိုင်​သူ​ဆိုတော့​ အကောင်းဆုံး​ခေါင်းဆောင် ဖြစ်မယ်လို့ လူတွေ ထင်ခဲ့ကြတယ်။ ယောက်ျား ၅,၀​၀​၀ ကို ကျွေးမွေး​ပြီးနောက် “သူတို့​ရောက်လာပြီး အတင်းအကျပ် ဘုရင်​လုပ်​ခိုင်း​တော့​မယ်​ဆိုတာ သိနေတဲ့​အတွက် ယေရှု​က တောင်ပေါ်ကို တစ်ကိုယ်တည်း ရှောင်ထွက်​သွား​ပြန်တယ်။” (ယော. ၆:၁၀-၁၅) လူတွေ စိတ်​ပြန်​ငြိမ်​သွားတဲ့ နောက်​တစ်နေ့၊ ဂါလိလဲ​အိုင်​တစ်ဖက်​ကမ်း​မှာ ယေရှု​က မိမိရဲ့​လုပ်ငန်း​ဟာ ရုပ်ပစ္စည်း​ထောက်ပံ့ဖို့ မဟုတ်ဘဲ နိုင်ငံ​တော်​သတင်း ဟောပြော​ဖို့​ဖြစ်ကြောင်း ရှင်းပြတယ်။ “ပျက်စီး​တတ်တဲ့​အစာကို မဟုတ်ဘဲ ထာဝရ​အသက်​ရစေ​တဲ့ အစာကို ရဖို့ ကြိုးစား​ကြပါ” လို့ ပြောခဲ့တယ်။—ယော. ၆:၂၅-၂၇

၆။ နိုင်ငံရေး​အာဏာ​ရဖို့ မကြိုးစား​ခဲ့​ကြောင်း ယေရှု ဘယ်လို ရှင်းရှင်း​လင်းလင်း ဖော်ပြသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ဂျေရုဆလင်​မှာ နိုင်ငံ​ပြန်​တည်ထောင်​မယ်​လို့ နောက်လိုက်​တချို့ မျှော်လင့်​နေ​ကြောင်း ယေရှု မသေဆုံးခင်​မှာ သိလိုက်တယ်။ ဒါကြောင့် မိုင်​နာ​ပုံဥပမာ ပြောပြီး တည့်မတ်​ပေးတယ်။ အဲဒီ​ပုံဥပမာ​အရ “မင်းညီမင်းသား” ယေရှုဟာ အဝေး​ကို အချိန်​အတန်ကြာ ထွက်သွား​ရမယ်။ (လု. ၁၉:၁၁-၁၃၊ ၁၅) နိုင်ငံရေးမှာ ကြားနေ​ကြောင်း ရောမ​အာဏာပိုင်​တွေ​ကိုလည်း ယေရှု ပြောခဲ့တယ်။ နိုင်ငံရေး မငြိမ်မသက်​ဖြစ်အောင် ယေရှု လှုံ့ဆော်​မှာ​ကို ပိလတ်မင်း စိုးရိမ်​လို့ “မင်းဟာ ဂျူးတွေရဲ့​ဘုရင် ဟုတ်​သလား” လို့​မေးတယ်။ (ယော. ၁၈:၃၃) “ကျွန်တော့်​နိုင်ငံ​ဟာ ဒီ​လောက​နဲ့ မပတ်သက်​ဘူး” လို့ ယေရှု ဖြေတယ်။ (ယော. ၁၈:၃၆) ယေရှုရဲ့​နိုင်ငံ​ဟာ ကောင်းကင်မှာ ရှိ​မှာ​ဖြစ်လို့ လောက​နိုင်ငံရေးမှာ ယေရှု မပါဝင်​ဘူး။ မြေကြီးပေါ် လာတာ “အမှန်တရားကို သက်သေခံဖို့​ပဲ” လို့ ပိလတ်​ကို ပြောတယ်။ယောဟန် ၁၈:၃၇ ကိုဖတ်ပါ။

လောက​ပြဿနာတွေကို အာရုံစိုက်​နေ​သလား၊ ဘုရား​နိုင်ငံတော်ကို အာရုံစိုက်​နေ​သလား (အပိုဒ် ၇ ကို​ကြည့်ပါ)

၇။ လွတ်လပ်ရေး လှုပ်ရှားမှု​တွေ​ကို စိတ်ထဲ​က​နေ​တောင် မထောက်ခံ​ဖို့ ဘာကြောင့် ခက်​နိုင်သလဲ။

ယေရှု​လို​ပဲ ကျွန်တော်တို့လည်း ကိုယ့်​တာဝန်ကို ရှင်းရှင်း​လင်းလင်း နားလည်​ထားမယ်​ဆိုရင် နိုင်ငံရေး​လှုပ်ရှားမှု​တွေ​ကို ဘယ်နည်းနဲ့​မှ၊ စိတ်ထဲ​က​နေ​တောင် ထောက်ခံ​မှာ မဟုတ်ဘူး။ လွယ်​တော့ မလွယ်​ဘူး။ တိုက်နယ်​ကြီးကြပ်​မှူး​တစ်ယောက် ပြောတယ်– “ကျွန်တော်တို့​​ဒေသ​မှာ လူတွေ ပိုပြီး အစွန်းရောက်​လာကြတယ်။ လူမျိုးရေး​စိတ် ပြင်းထန်​လာတယ်။ နိုင်ငံရေး​လှုပ်ရှားမှု​တွေ​မှာ ပါဝင်လာ​ကြတယ်။ နိုင်ငံရေး​လွတ်လပ်မှု​ရှိ​မှ ဘဝ​တိုးတက်​မယ်​လို့ ထင်ကြ​တယ်။ ညီအစ်ကို​တွေ​က​တော့ နိုင်ငံတော်​သတင်း ဟောပြောခြင်းကို အာရုံစိုက်​တဲ့​အတွက် စည်းလုံး​နေကြတယ်။ မတရားမှုနဲ့ တခြား​ပြဿနာတွေကို ဖြေရှင်း​ပေးဖို့ ဘုရားကိုပဲ မျှော်လင့်​နေကြတယ်။”

ကွဲပြား​စေတဲ့ နိုင်ငံရေး​ပြဿနာတွေကို ယေရှု ကိုင်တွယ်​ခဲ့​ပုံ

၈။ ပထမရာစု​ဂျူးတွေ ရင်ဆိုင်​ရတဲ့ အခက်အခဲ​တစ်ခုကို ဖော်ပြပါ။

မတရားမှုတွေကြောင့် နိုင်ငံရေး​စိတ် ထကြွ​လာ​လေ့​ရှိတယ်။ ယေရှု​ခေတ်မှာ အခွန်​ကိစ္စ​ဟာ နိုင်ငံရေး​ပြဿနာ​ကြီး ဖြစ်တယ်။ အခွန်​ပေး မပေး သေချာ​စေဖို့ ရောမတွေ သန်းခေါင်စာရင်း ကော​က်​တဲ့​အတွက် အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂါလိလဲ​နယ်သား ဂျုဒပ်စ် ပုန်ကန်​တာ​ ဖြစ်တယ်။ ယေရှုရဲ့​စကားကို နားထောင်​နေ​သူတွေ အပါအဝင် ရောမ​လက်အောက်ခံ​တွေဟာ ကုန်ပစ္စည်း၊ မြေ၊ အိမ်​စ​တာ​တွေ​အတွက် အခွန်​ပေးနေ​ရတယ်။ အခွန်ခံ​တွေ​ရဲ့ အကျင့်ပျက်​ခြစားမှု​က ဘဝကို ပို​ခက်ခဲ​စေတယ်။ အခွန်ခံ​ရာထူး​အတွက် ငွေပေး​ဝယ်​ပြီး ရာထူး​ရတဲ့အခါ အခွန်ငွေ​က​နေ ချမ်းသာ​လာကြတယ်။ ယေရိခေါ​မြို့​က အခွန်ခံ​မှူး​ ဇက်ခဲ​ဟာ လူတွေဆီက ငွေညှစ်​ပြီး ချမ်းသာ​လာ​သူ ဖြစ်တယ်။ (လု. ၁၉:၂၊ ၈) အခွန်ခံ​အများစု​လ​ည်း သူ့လို​ပဲ ဖြစ်နိုင်တယ်။

၉၊ ၁၀။ (က) နိုင်ငံရေး​ကိစ္စ​မှာ ယေရှု ပါဝင်​စေဖို့ ရန်သူတွေ ဘယ်လို အကွက်​ဆင်​ကြသလဲ။ (ခ) ယေရှုရဲ့ တုံ့ပြန်ပုံ​က​နေ ဘာ​သင်ယူ​ရသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ယေရှုရဲ့ ရန်သူ၊ “ဟေရုဒ်​ရဲ့ နောက်လိုက်​တွေ” က အခွန်​ကိစ္စ​မှာ ယေရှု ဘက်လိုက်​မိအောင် အကွက်​ဆင်​ကြတယ်။ ရောမ​လက်အောက်ခံ​တွေ ပေး​ရတဲ့ “အခွန်” ဒေနာရိ​တစ်ပြား​အကြောင်း မေးကြတယ်။ (မဿဲ ၂၂:၁၆-၁၈ကိုဖတ်ပါ။) ဒီ​အခွန်​က ရောမ​လက်အောက်ခံ​ဖြစ်ကြောင်း အမှတ်ရ​စေတဲ့အတွက် ဂျူးတွေ မပေး​ချင်​ကြ​ဘူး။ အခွန်​မပေး​ဖို့ ယေရှု ပြောခဲ့​ရင် နိုင်ငံ​ပုန်ကန်မှု​နဲ့ စွဲချက်​တင်​နိုင်မယ်​လို့ ရန်သူတွေ မျှော်လင့်​နေကြတာ။ အခွန်​ပေးဖို့ ပြော​ပြန်​ရင်​လ​ည်း လူတွေရဲ့ ထောက်ခံမှု ဆုံးၡုံးသွား​မယ်။

၁၀ အခွန်​ကိစ္စ​မှာ ယေရှု ဘက်မလိုက်​ခဲ့​ဘူး။ “ဆီဇာနဲ့​ဆိုင်တာ ဆီဇာ​ကို ပေးပါ။ ဘုရားသခင်နဲ့​ဆိုင်တာ ဘုရားသခင်ကို ပေးပါ” လို့​ပြောတယ်။ (မ. ၂၂:၂၁)​ အခွန်ခံ​တွေ အကျင့်ပျက်​ခြစား​မှန်း ယေရှု သိ​ပေ​မဲ့ အရေးကြီး​ကိစ္စက​နေ အာရုံမလွဲ​စေချင်ဘူး။ လူ့ပြဿနာတွေရဲ့ ဖြေရှင်းနည်း​ဖြစ်တဲ့ ဘုရား​နိုင်ငံတော်ကို​ပဲ အာရုံစိုက်​ခဲ့​တယ်။ ဒီနည်းနဲ့ နောက်လိုက်​အားလုံး​အတွက် ပုံသက်သေ ချမှတ်​ခဲ့​တယ်။ ဘယ်လောက် မှန်မှန်၊ မှား​မှား နိုင်ငံရေးမှာ မပါဝင်​သင့်​ဘူး။ ခရစ်ယာန်တွေဟာ မတရားမှုနဲ့​ပတ်သက်ပြီး ပြင်းထန်တဲ့ အယူအဆ​တွေ မရှိဘူး။ မကောင်းကြောင်း​တွေ မပြောဘူး။ ဘုရား​နိုင်ငံတော်​နဲ့ ဖြောင့်မတ်ခြင်းကို​ပဲ ဦးစားထား​ကြတယ်။—မ. ၆:၃၃

၁၁။ မတရားမှုကို တိုက်လှန်​နိုင်တဲ့ အကောင်းဆုံးနည်း​က ဘာလဲ။

၁၁ ယေဟော​ဝါ​သက်သေများ​စွာ​ဟာ တစ်ချိန်က​ရှိခဲ့တဲ့ ပြင်းထန်တဲ့ နိုင်ငံရေး​အယူအဆ​တွေ​ကို ဖယ်ရှား​နိုင်ခဲ့ကြတယ်။ ဗြိတိန်​နိုင်ငံ​က ညီအစ်မ​တစ်ယောက် ဒီလို​ပြောတယ်– “တက္ကသိုလ်​မှာ လူမှုရေး​ဘာသာရပ်​တွေ သင်​ပြီးနောက် နိုင်ငံရေး​စိတ် ဝင်​လာတယ်။ မတရား​ခံရ​ပါ​များ​တော့ လူမည်း​အခွင့်အရေး​ကို ကာကွယ်ပေး​ချင်တယ်။ အငြင်းအခုံ​ဖြစ်​တိုင်း အနိုင်​ရပေမဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေ​တုန်း​ပဲ။ လူမျိုးရေး​စိတ်​ကို လူတွေရဲ့ နှလုံး​ထဲ​က​နေ နုတ်​ပစ်​ဖို့​လို​ကြောင်း နားမလည်​ခဲ့​ဘူး။ ကျမ်းစာ စလေ့လာ​တော့​မှ ကိုယ်က​စပြီး နုတ်​ပစ်ရ​မယ်​ဆိုတာ သိလာတယ်။ ပြောင်းလဲ​နိုင်ဖို့ လူဖြူ​ညီအစ်မ​တစ်ယောက် စိတ်ရှည်ရှည် ကူညီ​ပေးခဲ့တယ်။ အခု ကျွန်မ လက်သင်္ကေတပြ အသင်းတော်မှာ မှန်မှန်ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေ​ပြီ။ လူအမျိုးမျိုးကို ဟောပြော​ဖို့ ကြိုးစား​နေ​ပြီ။”

“ဓား​ကို ဓား​အိမ်ထဲ ပြန်​ထည့်​လိုက်ပါ”

၁၂။ တပည့်တွေ​ကို ယေရှု ရှောင်​ခိုင်း​တာ​ ဘယ် “တဆေး” လဲ။

၁၂ ယေရှု​ခေတ်မှာ ဘာသာရေး​က နိုင်ငံရေးနဲ့ ရောယှက်​လေ့​ရှိတယ်။ “နိုင်ငံရေး​ပါတီ​တွေ​လို​ပဲ ဂျူး​ဘာသာရေး​လည်း​ ဂိုဏ်းကွဲ​နေတယ်” လို့ စာအုပ်​တစ်အုပ် (Daily Life in Palestine at the Time of Christ) မှာ ဖော်ပြတယ်။ ဒါကြောင့် ယေရှု​က တပည့်တွေ​ကို​ “မျက်စိ​ရှင်ရှင်​ထားပြီး ဖာရိရှဲနဲ့ ဟေရုဒ်​တို့ရဲ့ တဆေး​ကို သတိထား​ကြ” လို့ ပြောတယ်။ (မာ. ၈:၁၅) အဲဒီ​ကျမ်းချက်မှာ​ပါတဲ့ ဟေရုဒ်​ဆိုတာ ဟေရုဒ်​ရဲ့​နောက်လိုက်​တွေ​ကို ဆိုလိုတယ်။ ဖာရိရှဲတွေက ဂျူး​လွတ်မြောက်ရေး​ကို ထောက်ခံ​ကြတယ်။ မဿဲကျမ်း​အရ ဇဒ္ဒုကဲ​တွေ​ကို​ပါ ယေရှု ထည့်ပြော​ခဲ့တယ်။ ဇဒ္ဒုကဲ​တွေ​က ရောမ​လက်အောက်မှာ အာဏာ​ရထားတဲ့​အတွက် မပြောင်းလဲ​ချင်​ကြ​ဘူး။ ဒါကြောင့် အဲဒီ​အုပ်စု​သုံး​စု​ရဲ့ သွန်သင်ချက်၊ တဆေး​ကို ရှောင်​ဖို့ တပည့်တွေ​ကို ယေရှု သတိပေးခဲ့တယ်။ (မ. ၁၆:၆၊ ၁၂) ယေရှုကို ဘုရင်​မြှောက်​ဖို့ ကြိုးစားပြီး​တဲ့​နောက် ဒါကို​ပြောခဲ့တာ စိတ်ဝင်စားစရာပါပဲ။

၁၃၊ ၁၄။ (က) နိုင်ငံရေးနဲ့ ဘာသာရေး​က အကြမ်းဖက်မှု၊ မတရား​မှုတွေကို ဘယ်လို ဖြစ်ပေါ်စေ​သလဲ။ (ခ) မတရား​ခံရချိန်မှာ​တောင် ဘာကြောင့် အကြမ်းမဖက်​သင့်သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

၁၃ ဘာသာရေး​နဲ့ နိုင်ငံရေး ရောယှက်​တဲ့အခါ အကြမ်းဖက်မှုတွေ ပေါ်လာနိုင်တယ်။ အဲဒီလို အခြေအနေတွေ​မှာ ကြားနေဖို့ တပည့်တွေ​ကို ယေရှု သင်ပေးတယ်။ ဒါဟာ ပုရောဟိတ်ကြီးတွေ​နဲ့ ဖာရိရှဲတွေ ယေရှုကို သတ်ချင်​ရတဲ့ အကြောင်းရင်း​တစ်ခု ဖြစ်တယ်။ ယေရှုကို နိုင်ငံရေးနဲ့ ဘာသာရေး ပြိုင်ဘက်​အဖြစ် သူတို့ သဘောထား​ကြတယ်။ “ဒီအတိုင်း​သာ လွှတ်ထား​ရင် လူအားလုံး သူ့ကို ယုံကြည်​ကြ​လိမ့်​မယ်။ အဲဒီအခါ ရောမတွေ ရောက်လာပြီး ဗိမာန်တော်ကို​ရော ကျုပ်တို့​လူမျိုး​ကို​ပါ သိမ်းပိုက်​သွား​လိမ့်​မယ်” လို့ ပြောကြတယ်။ (ယော. ၁၁:၄၈) ဒါကြောင့် ပုရောဟိတ်မင်း ကယာဖ ဦးဆောင်​ပြီး ယေရှုကို လုပ်ကြံ​သတ်ဖြတ်​ခဲ့​တယ်။—ယော. ၁၁:၄၉-၅၃။ ၁၈:၁၄

၁၄ ကယာဖက ည​အချိန် စစ်သားတွေ လွှတ်​ပြီး ယေရှုကို ဖမ်း​ခိုင်း​တယ်။ ဒီ​အကြံအစည်​ကို ယေရှု သိလို့ တမန်တော်​တွေ​ကို ဓား​ဆောင်ထား​ဖို့ နောက်ဆုံး​ညစာ စား​ချိန်မှာ ပြောခဲ့တယ်။ အရေးကြီး​သင်ခန်းစာ သင်ပေးဖို့ ဓား​နှစ်​လက်​ဆို လုံလောက်​ပါပြီ။ (လု. ၂၂:၃၆-၃၈) အဲဒီ​ညမှာ လူအုပ်​ထဲ​က တစ်ယောက်ကို ပေတရု ဓားနဲ့ ခုတ်​လိုက်တယ်။ ညမှာ မတရား ဖမ်း​ရ​ကောင်းလား​ဆိုပြီး စိတ်ဆိုး​လို့​ပဲ။ (ယော. ၁၈:၁၀) ဒါပေမဲ့ ယေရှု​က “ဓား​ကို ဓား​အိမ်ထဲ ပြန်​ထည့်​လိုက်ပါ။ ဓား​ကို​ကိုင်​တဲ့​သူက ဓားနဲ့​ပဲ သေဆုံး​ရလိမ့်မယ်” လို့ ပေတရု​ကို ပြောတယ်။ (မ. ၂၆:၅၂၊ ၅၃) လောက​နဲ့ မပတ်သက်​ရ​ဘူးဆိုတဲ့ အရေးကြီး သင်ခန်းစာ​ပါ​ပဲ။ ဒါဟာ အဲဒီ​ည​အစောပိုင်းက ယေရှုရဲ့ ဆုတောင်းချက်​နဲ့ ကိုက်ညီ​တယ်။ (ယောဟန် ၁၇:၁၆ ကိုဖတ်ပါ။) မတရားမှုတွေကို ဖြေရှင်း​ပေးဖို့ ဘုရားကိုပဲ အားကိုး​သင့်တယ်။

၁၅၊ ၁၆။ (က) ပဋိပက္ခ​တွေ​ကို ရှောင်​ဖို့ ခရစ်ယာန်တွေ​ကို ကျမ်းစာ​ ဘယ်လို ကူညီပေး​သလဲ။ (ခ) ဒီနေ့​လောကမှာ ဘယ်​ကွာခြားမှု​ကို ယေဟော​ဝါ မြင်တွေ့​သလဲ။

၁၅ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဥရောပ​တောင်ပိုင်း​က ညီအစ်မ​လ​ည်း အလားတူ​သင်ခန်းစာ ရခဲ့တယ်။ “အကြမ်းဖက်မှုတွေ​က တရား​မျှတ​အောင် မလုပ်ပေး​နိုင်ဘူး။ အကြမ်းဖက်​သူ​အများစု သေကုန်ကြတယ်။ တချို့ကတော့ စိတ်ပျက်​နာကြည်း​ကြရတယ်။ ဘုရားသခင်ပဲ စစ်မှန်တဲ့ တရား​မျှတမှု​ရှိအောင် လုပ်ပေး​နိုင်​ကြောင်း ကျမ်းစာက​နေ သိလာ​လို့ သိပ်​ဝမ်းသာ​တယ်။ ဒီ​သတင်း ဟောပြော​နေတာ ၂၅ နှစ် ရှိပြီ” လို့ သူပြောတယ်။ အာဖရိက​တောင်ပိုင်း​က ညီအစ်ကို​လည်း​ လှံအစား​ “စွမ်းအားတော်​ဓား” ဖြစ်တဲ့ ကျမ်းစာ​သုံးပြီး လူမျိုး​အားလုံးကို ငြိမ်သက်ခြင်း​သတင်း ကြေညာ​နေတယ်။ (ဧ. ၆:၁၇) ဥရောပ​အလယ်ပိုင်း​က ညီအစ်မ​လည်း​ ယေဟော​ဝါ​သက်သေ​ဖြစ်ပြီး​နောက် အရင်က မုန်း​ခဲ့​တဲ့ လူမျိုးစု​ထဲ​က ညီအစ်ကို​တစ်ယောက်နဲ့​ လက်ထပ်​လိုက်တယ်။ ခရစ်တော်ကို တုပ​ချင်​လို့ သူတို့​သုံးယောက်​စ​လုံး ပြောင်းလဲ​ခဲ့ကြတယ်။

၁၆ ဒီလို​ပြောင်းလဲဖို့ သိပ်​အရေးကြီးတယ်။ ကျမ်းစာမှာ လူသားတွေကို မငြိမ်သက်​နိုင်​ဘဲ ဟု​န်း​ဟု​န်းထ​နေတဲ့ ပင်လယ်​နဲ့ ခိုင်းနှိုင်း​ထားတယ်။ (ဟေရှာ. ၁၇:၁၂။ ၅၇:၂၀၊ ၂၁။ ဗျာ. ၁၃:၁) နိုင်ငံရေး​က လူတွေကို စိတ်ဝမ်းကွဲ​စေပြီး အကြမ်းဖက်​အောင် လှုံ့ဆော်​ပေ​မဲ့ ကျွန်တော်​တို့​က​တော့ စည်းလုံး​ငြိမ်သက်မှုကို ထိန်းသိမ်း​ထား​ကြတယ်။ ကွဲပြား​နေတဲ့ လောကမှာ မိမိလူ​မျိုး​ရဲ့ စည်းလုံးမှုကို ယေဟော​ဝါ တွေ့​တဲ့အခါ သိပ်​ဝမ်းသာ​မှာ​ပဲ။ဇေဖနိ ၃:၁၇ ကိုဖတ်ပါ။

၁၇။ (က) စည်းလုံးမှု တိုးများ​စေနိုင်တဲ့ နည်း​သုံးနည်း​က ဘာလဲ။ (ခ) နောက်​ဆောင်းပါး​မှာ ဘာအကြောင်း လေ့လာ​ကြ​မလဲ။

၁၇ ခရစ်ယာန်​စည်းလုံးမှုကို နည်း​သုံးနည်း​နဲ့ တိုးများ​စေနိုင်​ကြောင်း လေ့လာ​ခဲ့ကြတယ်– (၁) မတရားမှုကို တည့်မတ်​ပေးဖို့ ဘုရားသခင့် ကောင်းကင်​နိုင်ငံတော်ကို ယုံကြည်​ကိုးစား​ကြတယ်။ (၂) နိုင်ငံရေးမှာ ဘက်​မလိုက်ဘူး။ (၃) အကြမ်းဖက်မှုကို ရှောင်ကြတယ်။ ဒါပေမဲ့ ခွဲခြား​စိတ်​က ခရစ်ယာန်​စည်းလုံးမှုကို ပျက်စီး​စေနိုင်တယ်။ ဒီ​စိန်ခေါ်ချက်​ကို ပထမရာစု ခရစ်ယာန်တွေ​လို အောင်မြင်​စွာ ရင်ဆိုင်​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ လေ့လာ​ကြပါ​မယ်။