မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှုတ်ဆက်ခြင်းရဲ့ အစွမ်း

နှုတ်ဆက်ခြင်းရဲ့ အစွမ်း

“မင်္ဂလာ​ပါ။ နေကောင်း​လား။”

သင် အဲဒီလို နှုတ်ဆက်​လေ့​ရှိ​မှာ သေချာ​တယ်။ လက်ဆွဲ​နှုတ်ဆက်​တာ​၊ ဖက်​တာ​တွေ​လ​ည်း ပါ​နိုင်တယ်။ နှုတ်ဆက်​တဲ့ ဓလေ့၊ အသုံးအနှုန်းတွေ​ဟာ ဒေသ​တစ်ခုနဲ့ တစ်ခု ကွဲပြား​နိုင်ပေမဲ့ အခြေခံ​က​တော့ အတူတူ​ပါ​ပဲ။ တကယ်တော့ နှုတ်​မ​ဆ​က်​ဘဲ နေတာ၊ ပြန်​နှုတ်​မ​ဆ​က်​တာ​​က မေတ္တာမဲ့​ရာ၊ ရိုင်းစိုင်း​ရာ​ရောက်တယ်။

လူတိုင်း နှုတ်ဆက်​ချင်​ကြ​တာ​​တော့ မဟုတ်ဘူး။ တချို့က ရှက်စိတ်၊ သိမ်ငယ်စိတ်​ကြောင့် နှုတ်​မ​ဆ​က်​ရဲ​ကြ​ဘူး။ လူမျိုး၊ ယဉ်ကျေး​မှု၊ နောက်ခံ မတူ​သူတွေကို နှုတ်ဆက်​ဖို့ ခက်​နေ​သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ခဏလေး နှုတ်ဆက်​တယ်​ဆိုရင်​တောင် ကောင်းကျိုးတွေ ရှိ​နိုင်ပါတယ်။

‘နှုတ်ဆက်​ရင် ဘာအကျိုး​တွေ ရမလဲ။ နှုတ်ဆက်ခြင်း​အကြောင်း​ ကျမ်းစာက​နေ ဘာသိ​နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

“လူအမျိုးမျိုးကို” နှုတ်ဆက်​ပါ

တမန်တော် ပေတရု​က ပထမဆုံး လူမျိုးခြား ကော်နေလိ​ကို ခရစ်ယာန်​အသင်းတော်​ထဲ ကြိုဆိုလက်ခံ​ချိန်မှာ “ဘုရားသခင်​ မျက်နှာ​မလိုက်” ဘူးလို့ ပြောခဲ့တယ်။ (တ. ၁၀:၃၄) နောက်ပိုင်း “လူအားလုံးကို [ဘုရားသခင်] နောင်တရ​စေ​ချင်” တယ်​လို့ ရေး​တယ်။ (၂ ပေ. ၃:၉) အဲဒီ​ကျမ်း​စကားတွေက ကျမ်းစာ​စလေ့လာ​နေ​သူတွေနဲ့​ပဲ သက်​ဆိုင်တယ်​လို့ ယူဆ​လေ့​ရှိတယ်။ ဒါပေမဲ့ “လူအမျိုးမျိုးကို လေးစား​ကြပါ။ ညီအစ်ကို​အသင်းအပင်း တစ်​ရပ်​လုံး​ကို ချစ်ကြပါ” လို့ ခရစ်ယာန်တွေ​ကို ပေတရု တိုက်တွန်း​တယ်။ (၁ ပေ. ၂:၁၇) ဒါကြောင့် လူမျိုး၊ ယဉ်ကျေးမှု၊ နောက်ခံ​မတူ​သူတွေကို နှုတ်ဆက်​သင့်တယ် မဟုတ်လား။ ဒါဟာ ချစ်ခင်လေးစား​ကြောင်း ဖော်ပြရာ​ရောက်တယ်။

“ကျွန်တော်တို့ကို ကြိုဆိုလက်ခံ​ခဲ့​သလို အချင်းချင်း​ကို ကြိုဆိုလက်ခံ​ကြပါ” လို့ တမန်တော် ပေါလု တိုက်တွန်း​တယ်။ (ရော. ၁၅:၇) မိမိကို “အားပေး​ထောက်မ​ခဲ့” သူတွေအကြောင်း သတ်သတ်မှတ်မှတ် ပြောခဲ့တယ်။ ဘုရားလူမျိုးကို စာတန် မီးကုန်ယမ်းကုန် တိုက်ခိုက်​နေတဲ့ ဒီနေ့​အချိန်မှာ အချင်းချင်း​ကို ပို​အားပေးဖို့​လိုတယ်။—ကော. ၄:၁၁။ ဗျာ. ၁၂:၁၂၊ ၁၇

နှုတ်ဆက်ခြင်း​က ကြိုဆို​ရုံ​လောက်​သာ မဟုတ်​ကြောင်း​ ကျမ်းစာ​ပုံနမူနာ​တွေ​က ဖော်ပြတယ်။

စိတ်ချမှု၊ အားပေးမှု၊ မေတ္တာ

ဘုရားသခင်က မိမိ​သားရဲ့ အသက်ကို မာရိရဲ့​သား​အိမ်ထဲ ပြောင်းရွှေ့​ပေး​ခါနီး​မှာ ကောင်းကင်တမန်​တစ်ပါး စေလွှတ်​ခဲ့​တယ်။ သူက မာရိ​ကို “မင်္ဂလာ​ပါ၊ ဘုရားမျက်နှာသာ ရတဲ့​သူ။ ယေဟော​ဝါ​ဘုရား​ဟာ ခင်ဗျား​နဲ့အတူ ရှိတယ်” လို့ နှုတ်ဆက်​တယ်။ ဘာကြောင့် အဲဒီလို​နှုတ်ဆက်​မှန်း မသိ​လို့ မာရိ “စိတ်​ယောက်​ယ​က်​ခတ်” သွားတယ်။ ဒါကြောင့် ကောင်းကင်တမန်​က “မစိုးရိမ်​ပါ​နဲ့။ ခင်ဗျား​ဟာ ဘုရားသခင့်​မျက်နှာသာ ရသူ​ပါ” လို့ ပြောတယ်။ မေရှိယကို မွေးဖွား​ပေးဖို့ ဘုရား​ရည်ရွယ်​ထားကြောင်း ရှင်းပြတယ်။ မာရိ​ စိတ်တည်ငြိမ်​သွားပြီး “ကျွန်မဟာ ယေဟော​ဝါ​ဘုရားရဲ့ အစေခံပါ။ သခင်​ပြောတဲ့​အတိုင်း ဖြစ်​လာပါစေ” လို့ ပြန်​ဖြေတယ်။—လု. ၁:၂၆-၃၈

ဘုရားရဲ့ စေတမန်​ဖြစ်​ရတာ ကောင်းကင်တမန်​အတွက် အခွင့်ထူးပါ​ပဲ။ ဒါပေမဲ့ မစုံလင်တဲ့ လူတွေကို စကားပြော​ရမှာ အောက်ကျ​တယ်​လို့ မယူဆ​ခဲ့​ဘူး။ နှုတ်ဆက်​စကားနဲ့ စ​ပြောခဲ့တယ်။ ဘာသင်ယူနိုင်သလဲ။ တခြား​သူတွေကို နှုတ်ဆက်၊ အားပေးဖို့ အသင့်​ဖြစ်နေ​ရမယ်။ စကား​တစ်ခွန်း နှစ်​ခွန်း​နဲ့​တောင် တခြား​သူတွေကို ကူညီ​ပေးနိုင်တယ်။ ယေဟော​ဝါရဲ့ လူမျိုး​ဖြစ်ကြောင်း ပို​ယုံကြည်​စိတ်ချ​စေနိုင်တယ်။

အာရှမိုင်းနား​နဲ့ ဥရောပ​တစ်ခွင်မှာ ညီအစ်ကို/မများ​စွာ​ကို ပေါလု သိလာတယ်။ သူ့​စာတွေ​မှာ သတ်သတ်မှတ်မှတ် နှုတ်ဆက်​စကားများ​စွာ ပါတယ်။ ဒါကို ခရစ်ယာန်ချင်း​တွေ​ဆီ နှုတ်ဆက်​ထားတဲ့ ရောမ​အခန်းကြီး ၁၆ မှာ တွေ့နိုင်တယ်။ ဖိဗေ​ကို “ညီအစ်မ” လို့ ခေါ်ပြီး “သန့်ရှင်း​သူတွေကို ကြိုဆို​သင့်တဲ့​အတိုင်း သခင်​ကို​ယုံကြည်သူ​အဖြစ် သူ့ကို ကြိုဆိုလက်ခံ​ပေးကြပါ။ သူ​လိုအပ်သမျှ​ကို ကူညီပေး​ကြပါ” လို့ ညီအစ်ကို​တွေ​ကို တိုက်တွန်း​တယ်။ ပြ​စ်​က​နဲ့ အာကုလ​ကို နှုတ်ဆက်​ပြီးနောက် “ကျွန်တော်​သာမက လူမျိုးခြား​အသင်းတော် အားလုံး​က သူတို့ကို ကျေးဇူးတင်​ကြတယ်” လို့ ရေး​တယ်။ “ချစ်​ရတဲ့ ဧ​ပဲနက်၊” “သခင့်​အလုပ်ကို ကြိုးကြိုးစားစား လုပ်​နေတဲ့ ညီအစ်မ တ​ရု​ဖဲ​န​နဲ့ တ​ရု​ဖော​သ” ဆိုပြီး ဒီနေ့ခေတ်မှာ လူ​သိ​နည်း​သူတချို့​ကိုလည်း နှုတ်ဆက်​ခဲ့​တယ်။ ညီအစ်ကို/မတွေကို နှုတ်ဆက်​ဖို့ ပေါလု အသင့်​ရှိခဲ့တယ်။—ရော. ၁၆:၁-၁၆

သူတို့ကို မမေ့​ထားမှန်း သိရ​တဲ့​အတွက် အလွန် ပျော်ရွှင်​ခဲ့​ကြ​မှာ​ပဲ။ ပေါလုနဲ့ အချင်းချင်း​ကို ပို​ချစ်​လာ​ကြ​မှာ​ပဲ။ အဲဒီလို နှုတ်ဆက်​စကား​တွေ ကြားရတဲ့အခါ တခြား​ခရစ်ယာန်တွေ​လ​ည်း အားရှိပြီး ယုံကြည်ခြင်း ခိုင်ခံ့​လာ​မှာ သေချာ​တယ်။ စစ်မှန်တဲ့ စိတ်ဝင်စားမှု​နဲ့ ချီးမွမ်းစကား ပါတဲ့ နှုတ်ဆက်ခြင်း​ဟာ ဘုရားသခင့် သစ္စာရှိ​ကျေး​ကျွန်တွေ​ကို ပို​ရင်းနှီး​စည်းလုံး​စေတယ်။

ပေါ​တယော​လိ​ဆိပ်ကမ်း​မှာ ခဏနား​ပြီး ရောမမြို့​ကို ပေါလု ခရီးဆက်​တဲ့အခါ ဒေသခံ​ခရစ်ယာန်တွေ​က တောင်ပိုင်း​ကို ဆင်းလာ​ပြီး ကြို​ကြတယ်။ ပေါလုက သူတို့ကို​မြင်​တော့ “ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်း​ပြီး အားတက်​လာတယ်။” (တ. ၂၈:၁၃-၁၅) ပြုံးပြ​ရုံ၊ လက်ပြ​ရုံ​လောက်​ပဲ လုပ်နိုင်တဲ့​အခါ​တွေ ရှိ​ကောင်း​ရှိမယ်။ ဒါက​တောင် စိတ်ဓာတ်ကျ​နေ​သူ၊ ဝမ်းနည်း​နေ​သူကို အားတက်စေ​နိုင်တယ်။

တူညီချက်

လောက​နဲ့ မိတ်ဖွဲ့​နေတဲ့ သစ္စာဖောက် ခရစ်ယာန်​တချို့ကို တပည့်တော် ယာကုပ် ပြင်းပြင်းထန်ထန် ဆုံးမ​ခဲ့​တယ်။ (ယာ. ၄:၄) ဒါပေမဲ့ စာ​ကို ဘယ်လို အစပြု​ထားကြောင်း သတိပြုပါ–

“ဘုရားသခင်နဲ့ သခင်ယေရှု​ခရစ်​ရဲ့​ကျွန် ကျွန်တော်​ယာကုပ်​က အရပ်ရပ်​ကွဲလွင့်​နေတဲ့ ၁၂ နွယ်​ကို နှုတ်ခွန်းဆက်​သ​လိုက်​ပါတယ်။” (ယာ. ၁:၁) ဘုရားသခင်​ရှေ့မှာ တန်းတူ​ဖြစ်ကြောင်း ပေါ်လွင်​စေတဲ့ နှုတ်ဆက်​စကားက ဆုံးမမှုကို လက်ခံဖို့ လွယ်ကူ​စေခဲ့​မှာ သေချာ​တယ်။ နှိမ့်ချတဲ့ နှုတ်ဆက်​စကားက အရေးကြီး​ကိစ္စတွေ ဆွေးနွေး​ဖို့​တောင် လမ်းဖွင့်​ပေးနိုင်တယ်။

စိတ်ရင်းမှန်​ပြီး မေတ္တာပါ​တဲ့ နှုတ်ဆက်​စကားဟာ တိုတုတ်​ရင်တောင်၊ တခြား​သူတွေ သတိ​မထား​မိရင်တောင် ထိရောက်​နိုင်ပါတယ်။ (မ. ၂၂:၃၉) အိုင်ယာလန်​နိုင်ငံ​က ညီအစ်မ​တစ်ယောက် အစည်းအဝေး စ​ခါနီး​မှ နိုင်ငံတော်​ခန်းမ​ကို ရောက်လာတယ်။ သုတ်​သီး​သုတ်​ပျာ ဝင်​လာ​ချိန်မှာ ညီအစ်ကို​တစ်ယောက် လှည့်ကြည့်​ပြုံးပြ​ရင်း “မင်္ဂလာ​ပါ။ တွေ့ရတာ ဝမ်းသာ​လိုက်တာ” လို့ နှုတ်ဆက်​တယ်။ ညီအစ်မ​က​တော့ ဘာမှ မတုံ့ပြန်​ဘဲ ထိုင်ခုံ​မှာ ထိုင်​လိုက်တယ်။

အပတ်​အနည်းငယ်​ကြာ​တော့ အဲဒီ​ညီအစ်ကို​ဆီ သွားပြီး အိမ်မှာ စိတ်ညစ်​စ​ရာ​တစ်ခု ကြုံနေ​ရ​ကြောင်း ပြောပြတယ်။ “အဲဒီ​ညနေ​မှာ ကျွန်မ အတော် စိတ်ညစ်​နေတာ။ အစည်းအဝေး မတ​က်​ဘဲ နေ​မ​လို့။ အစည်းအဝေး​မှာ ဘာတွေ​ပြော​သွား​မှန်း သိပ်​မမှတ်မိ​ပေ​မဲ့​ ညီအစ်​ကို့ နှုတ်ဆက်​စကားကို​တော့ ကောင်းကောင်း မှတ်မိ​နေတယ်။ ကြိုဆို​ခံရ​သလိုပဲ။ ကျေးဇူး​ပဲ​နော်။”

နှုတ်ဆက်​စကား တို​တို​လေး​က ဒီလောက် အစွမ်းထက်​မှန်း အဲဒီ​ညီအစ်ကို မသိခဲ့ဘူး။ “နှုတ်ဆက်​စကား တစ်ခွန်း​က အကျိုးရှိ​မှန်း​ သိလိုက်​ရလို့ ကျွန်တော် သိပ်ပျော်​တယ်။ နှုတ်ဆက်​ရ​ကျိုး နပ်​ပါတယ်” လို့ ပြောတယ်။

“အစာကို ရေ​ပေါ် ပစ်ချ​ပါ။ ရက်​အတော်ကြာ​ရင် ပြန်တွေ့​ရလိမ့်မယ်” လို့ ရှောလမုန် ရေးခဲ့တယ်။ (ဒေ. ၁၁:၁) နှုတ်ဆက်ခြင်း​ရဲ့ အကျိုးကျေးဇူး​ကို သိမှတ်​ပြီး အထူးသဖြင့် ခရစ်ယာန်ချင်း​တွေ​ကို နှုတ်ဆက်ခြင်း​အားဖြင့် တခြား​သူတွေ​ရော ကိုယ်တိုင်​ပါ အကျိုး​ခံစားရတယ်။ ဒါကြောင့် နှုတ်ဆက်ခြင်း​ရဲ့ အစွမ်း​ကို ဘယ်တော့မှ လျှော့​မ​တွက်​လိုက်ပါ​နဲ့။