မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် မျက်နှာသာ ရနိုင်ခဲ့သူ

ဘုရားသခင့် မျက်နှာသာ ရနိုင်ခဲ့သူ

ယေဟော​ဝါကို ဝတ်ပြု​နေတဲ့​ ကျွန်တော်​တို့​ဟာ​ ကိုယ်တော့် မျက်နှာသာ​နဲ့ ကောင်းချီး ရချင်​ကြတယ်။ ဘယ်သူတွေ ရနိုင်မလဲ။ ကျမ်းစာ​ခေတ်မှာ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ခဲ့​သူ တချို့​တောင် ဘုရားသခင့် မျက်နှာသာ ရခဲ့​ကြတယ်။ အရည်အသွေးကောင်း​ရှိသူ တချို့​ကတော့ မရခဲ့ကြဘူး။ “ကျွန်တော်တို့ တစ်ယောက်စီ​မှာ ယေဟော​ဝါ အဓိက​ကြည့်​တာ ဘာလဲ” လို့ စဉ်းစားမိ​နိုင်တယ်။ ယုဒ​ဘုရင် ရောဗောင်​ရဲ့ ဖြစ်ရပ်​က​နေ အဖြေ​ရနိုင် ပါတယ်။

အစ​မကောင်း

ရောဗောင်​ရဲ့ ဖခင် ရှောလမုန်​ဟာ အစ္စရေး​နိုင်ငံ​ကို နှစ်ပေါင်း ၄၀ ကြာ အုပ်စိုး​ခဲ့​တယ်။ (၁ ဘု. ၁၁:၄၂) ဘီစီ ၉၉​၇ မှာ ရှောလမုန် သေဆုံးသွားတယ်။ ရောဗောင်​ဟာ ဂျေရုဆလင်​မြို့ကနေ မြောက်ဘက် ရှေခင်​မြို့ကို သွားပြီး ထီးနန်း​ရ​ယူတယ်။ (၂ ရာ. ၁၀:၁) ဉာဏ်ကြီးရှင်​ဖခင်ရဲ့ ခြေရာ​အတိုင်း လိုက်​ဖို့ စိုးရိမ်​နေ​သလား။ ရှုပ်ထွေး​တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ရှိမရှိ မကြာ​ခင် ရောဗောင် သက်သေပြ​နိုင်​ပါ့မလား။

အစ္စရေး​နိုင်ငံမှာ အခြေအနေ တင်းမာ​လာတာကို ရောဗောင် သိတယ်။ နောက်တော့ ကိုယ်စားလှယ်​တွေ ရောက်လာပြီး “မင်းကြီးရဲ့ ခမည်းတော်​က ကျွန်တော်တို့​အပေါ် လေးလံ​တဲ့​ထမ်းပိုး တင်ခဲ့​ပါတယ်။ ဒါပေမဲ့ မင်းကြီး​က ခမည်းတော်​ဆီမှာ ကျွန်တော်တို့ ပင်ပင်ပန်းပန်း အမှုထမ်း​ရတာကို သက်သာ​အောင် လုပ်ပေးမယ်၊ လေးလံ​တဲ့​ထမ်းပိုး​ကို ပေါ့​အောင် လုပ်ပေးမယ်​ဆိုရင် မင်းကြီး​ဆီမှာ ကျွန်တော်တို့ အမှုထမ်း​ပါ့​မယ်” လို့ လျှောက်တင်​ကြတယ်။—၂ ရာ. ၁၀:၃၊ ၄

ရောဗောင် အကျပ်ရိုက်​သွား​မှာ​ပဲ။ လူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျော​လိုက်ရင် ကိုယ်တိုင်၊ မိသားစုနဲ့ နန်းတွင်း​သားတွေရဲ့ ဇိမ်ကျကျ ဘဝပုံစံ​တချို့ကို လျှော့ချ​ရတော့မယ်။ ငြင်း​လိုက်ရင်​တော့ လူတွေ ပုန်ကန်​ကြ​တော့​မယ်။ ဘာဆက်​လုပ်မလဲ။ နန်းတက်စ​ဘုရင်​က ရှောလမုန်​ရဲ့ အတိုင်ပင်ခံ အသက်ကြီး​သူတွေနဲ့ အရင် တိုင်ပင်​တယ်။ အဲဒီနောက် ငယ်​ပေါင်း​ကြီး​ဖော် လူငယ်တွေ​နဲ့ တိုင်ပင်​ပြန်တယ်။ လူငယ်တွေရဲ့ အကြံဉာဏ်​ကို လိုက်​ပြီး လူတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ​ဖို့ ဆုံးဖြတ်​လိုက်တယ်။ “မင်းတို့​ရဲ့​ထမ်းပိုး​ကို လေး​အောင် ငါ​လုပ်​မယ်။ ပို​လေး​အောင်​ကို လုပ်​ဦး​မယ်။ ခမည်းတော်​က မင်းတို့ကို ကျာပွတ်နဲ့​ရိုက်​ပြီး ဒဏ်​ပေးခဲ့တယ်။ ငါ​က​တော့ ဆူး​ချွန်တွေ​ပါတဲ့ ကျာပွတ်နဲ့​ရိုက်​ပြီး ဒဏ်ပေး​ဦး​မယ်” လို့ ပြောတယ်။—၂ ရာ. ၁၀:၆-၁၄

ဘာသင်ခန်းစာ ရသလဲ။ ရင့်ကျက်တဲ့ အသက်ကြီးသူတွေရဲ့ အကြံဉာဏ်​ကို နားထောင်တာ ပညာရှိ​ရာ​ရောက်တယ်။ သူတို့ရဲ့ အတွေ့အကြုံ​အရ ဆုံးဖြတ်ချက်​တစ်ခု​ရဲ့ အကျိုးဆက်ကို ကြိုသိ​နိုင်ပြီး အကြံဉာဏ်ကောင်း ပေးနိုင်​ကြတယ်။—ယောဘ ၁၂:၁၂

“ယေဟော​ဝါရဲ့ စကားကို နာခံ”

ပုန်ကန်မှုကို နှိမ်နင်း​ဖို့ စစ်တပ်​ကို ရောဗောင် စုရုံး​လိုက်တယ်။ ဒါပေမဲ့ “မင်းတို့​ရဲ့​ညီအစ်ကို အစ္စရေးတွေကို သွား​မတိုက်ခိုက်​ကြနဲ့။ ကိုယ့်​အိမ်​ကိုယ် ပြန်​ကြ။ ဒီလို​ဖြစ်လာ​အောင်​လုပ်တာ ငါ​ပဲ” လို့ ပရောဖက် ရှေမာ​ယ​က​တစ်ဆင့် ယေဟော​ဝါ ပြောတယ်။—၁ ဘု. ၁၂:၂၁-၂၄ *

လုံးဝ မတိုက်ခိုက်​ရတော့​ဘူး​လား။ ရောဗောင် ဘယ်လောက် စိတ်ဒုက္ခ​ရောက်​မလဲ​ဆိုတာ မြင်ယောင်​ကြည့်ပါ။ “ဆူး​ချွန်တွေ​ပါတဲ့ ကျာပွတ်နဲ့” ဒဏ်ပေး​မယ်​လို့ ပြောခဲ့တဲ့ ဘုရင်​က ပုန်ကန်မှုကို ငြိမ်ခံ​နေရင် လူတွေ ဘယ်လို ထင်​မလဲ။ (၂ ရာဇဝင်ချုပ် ၁၃:၇ နဲ့​နှိုင်းယှဉ်ပါ။) ဘာပဲ​ဖြစ်ဖြစ် ဘုရင်​နဲ့ စစ်တပ်​က “ယေဟော​ဝါရဲ့ စကားကို နာခံပြီး ယေဟော​ဝါ​ပြောတဲ့​အတိုင်း အိမ်ပြန်သွားကြတယ်။”

ဘာသင်ခန်းစာ ရသလဲ။ လှောင်ပြောင်​ခံရ​ရင်တောင် ဘုရားသခင်ကို နာခံ​တာ​ ပညာ​ရှိတယ်။ နာခံမှုက ဘုရားသခင့်​မျက်နှာသာ​နဲ့ ကောင်းချီး ရစေတယ်။—တရား. ၂၈:၂

ရောဗောင် ဘာအကျိုး ရခဲ့​သလဲ။ တည်ထောင်​ခါ​စ နိုင်ငံ​သစ်​ကို တိုက်​မ​ယ့် အစီအစဉ် ဖျက်​ပြီး မိမိ​ပိုင်နက် ယုဒနဲ့ ဗင်ယာမိန်​နယ်မြေ​ထဲမှာ မြို့​တွေ တည်ဆောက်​တယ်။ “မြို့​တွေ ပိုခိုင်ခံ့အောင် အကြီးအကျယ် လုပ်ဆောင်​တယ်။” (၂ ရာ. ၁၁:၅-၁၂) ယေဟော​ဝါရဲ့ ပညတ်​တွေ​ကို အတော်ကြာကြာ လိုက်နာ​ခဲ့​တယ်။ ယေရောဗောင်​လက်အောက်​က အစ္စရေး ဆယ်နွယ်​နိုင်ငံ​ဟာ ရုပ်တု​ကိုးကွယ်​ကြ​ပေ​မဲ့ လူများစွာက​တော့ စစ်မှန်တဲ့ ဝတ်ပြုရေး​ဘက် ရပ်တည်​ဖို့ ဂျေရုဆလင်​ကို လာ​ခြင်းအားဖြင့် “ရောဗောင်​မင်းကို ထောက်ခံ​အားပေးကြတယ်။” (၂ ရာ. ၁၁:၁၆၊ ၁၇) ရောဗောင်​ရဲ့ နာခံမှုကြောင့် နိုင်ငံ ခိုင်မာ​တောင့်တင်း​လာတယ်။

အပြစ်ကျူးလွန်၊ နောင်တ​ယူ

ရောဗောင် အာဏာ​တည်မြဲ​လာတဲ့အခါ မျှော်လင့်​မ​ထားတာ​တစ်ခု လုပ်ခဲ့တယ်။ ယေဟော​ဝါရဲ့ ပညတ်ကို ပစ်ပယ်​ပြီး အယူမှား​ဘုရားကို ကိုးကွယ်​ခဲ့​တယ်။ ဘာကြောင့်လဲ။ အမ္မုန်​လူမျိုး မယ်တော်​ရဲ့ လွှမ်းမိုးမှု​ကြောင့်လား။ (၁ ဘု. ၁၄:၂၁) ဘာကြောင့်​ပဲ​ဖြစ်ဖြစ် တစ်နိုင်ငံလုံး သူ့​လမ်းစဉ် လိုက်ခဲ့​တယ်။ ဒါကြောင့် ရောဗောင် ဆောက်​ထားတဲ့ ခိုင်ခံ့တဲ့ ယုဒ​မြို့များ​စွာ​ကို တိုက်ခိုက်​သိမ်းပိုက်​ဖို့ အီဂျစ်​ဘုရင် ရှိ​ရှက်​ကို ယေဟော​ဝါ ခွင့်ပြု​လိုက်တယ်။—၁ ဘု.​ ၁၄:၂၂-၂၄။ ၂ ရာ. ၁၂:၁-၄

ရောဗောင်​ရဲ့ နန်း​စိုက်​မြို့ ဂျေရုဆလင်​ကို ရှိ​ရှက် ရောက်လာ​ချိန်မှာ အခြေအနေ ပိုဆိုး​လာတယ်။ ဘုရားသခင်က ပရောဖက် ရှေမာ​ယ​က​တစ်ဆင့် “မင်းတို့ ငါ့ကို စွန့်​တဲ့​အတွက် ငါလည်း မင်းတို့ကို​စွန့်ပြီး ရှိ​ရှက်​မင်း​လက်ထဲ အပ်​လိုက်ပြီ” ဆိုပြီး ရောဗောင်​နဲ့ မင်းညီမင်းသား​တွေ​ကို ပြောတယ်။ ရောဗောင် ဘယ်လို တုံ့ပြန်​သလဲ။ “မင်းကြီး​နဲ့ အစ္စရေး​မှူးမတ်​တွေ​က စိတ်​ကို နှိမ့်ချ​ပြီး ‘ယေဟော​ဝါ​ဘုရား​ဟာ ဖြောင့်မတ်တဲ့​အရှင်​ပါ’ လို့​ပြောကြတယ်။” ဒါကြောင့် ရောဗောင်​နဲ့ ဂျေရုဆလင်​မြို့ ဖျက်ဆီး​မခံရ​အောင် ယေဟော​ဝါ ကယ်တင်​ခဲ့​တယ်။—၂ ရာ. ၁၂:၅-၇၊ ၁၂

တောင်ပိုင်း​နိုင်ငံ​ကို ရောဗောင် ဆ​က်​အုပ်စိုး​တယ်။ သူ မသေဆုံးခင် သားတော်​တွေ​ကို လို​လေး​သေး​မရှိ ထောက်ပံ့​ပေးတယ်။ ထီးနန်း​ဆက်ခံ​မ​ယ့် သားတော်​အ​ဘိ​ယ​ကို မ​ပုန်ကန်​စေဖို့ ဖြစ်နိုင်တယ်။ (၂ ရာ. ၁၁:၂၁-၂၃) ရောဗောင်​ဟာ လူငယ်​ဘဝက​ထက် ထိုးထွင်းဉာဏ် ပို​ရှိ​လာတယ်။

အကောင်း​လား၊ အဆိုး​လား

ရောဗောင်​မှာ အရည်အသွေးကောင်း​တွေ ရှိပေမဲ့ ဘုရားသခင့် မျက်နှာသာ ဆုံးၡုံး​ခဲ့​တယ်။ “ရောဗောင်​က ယေဟော​ဝါကို ရှာ​ဖို့ စိတ်​မ​ပိုင်းဖြတ်​ထားတဲ့​အတွက် မကောင်းမှုတွေ လုပ်ခဲ့တယ်” လို့ ကျမ်းစာ​ဖော်ပြတယ်။—၂ ရာ. ၁၂:၁၄

ဘုရင်ဒါဝိဒ်လို ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိအောင် ရောဗောင် မလုပ်ခဲ့

ရောဗောင်​ဆီကနေ ဘာသင်ယူနိုင်သလဲ။ သူဟာ ဘုရားသခင်ကို တစ်ခါတလေမှ​ပဲ နာခံတယ်။ ဘုရား​လူမျိုး​အတွက် ကောင်းတာတွေ လုပ်ခဲ့​ပေ​မဲ့ ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ဆက်ရှိ​နေဖို့၊ ဘုရားရဲ့ နှစ်သက်မှု ဆ​က်​ရ​နေဖို့ မကြိုးစား​ဘူး။ မကောင်းမှုတွေ လုပ်ပြီး မှားယွင်းတဲ့ ဝတ်ပြုရေး​ဘက် ပါသွား​တယ်။ ‘ဘုရားသခင်ကို ရောဗောင် နာခံ​တာ​​က သူ့​လုပ်ရပ်​အတွက် နောင်တ​ရပြီး ဘုရား​​နှစ်သက်​မှု ရ​ချင်​လို့​လား။ တခြား​သူတွေ တိုက်တွန်း​လို့​လား’ လို့ တွေးမိ​နိုင်တယ်။ (၂ ရာ. ၁၁:၃၊ ၄။ ၁၂:၆) နောက်ပိုင်း ရောဗောင်​ဟာ မကောင်းမှုတွေ လုပ်​ပြန်တယ်။ အဘိုး ဒါဝိဒ်​နဲ့ ကွာ​လိုက်တာ။​ ဒါဝိဒ်ဟာ အမှားတွေ လုပ်ခဲ့​ပေ​မဲ့ ယေဟော​ဝါကို ချစ်တယ်၊ စစ်မှန်​တဲ့ ဝတ်ပြုရေး​အတွက် စိတ်ထက်သန်​တယ်၊ အမှားတွေ​အတွက် စစ်မှန်တဲ့ နောင်တ​ယူ​ခဲ့​တယ်။—၁ ဘု. ၁၄:၈။ ဆာ. ၅၁:၁၊ ၁၇။ ၆၃:၁

ရောဗောင်​ဆီကနေ သင်ခန်းစာယူ​နိုင်ပါတယ်။ မိသားစုကို ထောက်ပံ့​ပြီး အကျိုးရှိ​တာ​တွေ​လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဘုရားသခင့် မျက်နှာသာ​ရဖို့​ဆိုရင် စစ်မှန်တဲ့ ဝတ်ပြုရေး​ကို ဦးစားထား​ပြီး အမြဲ​ထောက်မ​နေ​ရမယ်။

ယေဟော​ဝါကို နှစ်နှစ်ကာကာ ချစ်​မှ အဲဒီလိုလုပ်​နိုင်မယ်။ မီးဆက်​တော​က်​အောင် လောင်စာ ထည့်ပေး​ရ​သလို ဘုရားကို​ချစ်တဲ့ မေတ္တာ တိုးများ​အောင် ပုံမှန် ကျမ်းစာ​ဖတ်၊ တွေးတောဆင်ခြင်ပြီး စွဲစွဲမြဲမြဲ ဆုတောင်း​ရမယ်။ (ဆာ. ၁:၂။ ရော. ၁၂:၁၂) ယေဟော​ဝါကို​ချစ်တဲ့ မေတ္တာ​က လုပ်ဆောင်​သမျှ​မှာ ဘုရား​​နှစ်သက်မှု ရ​ချင်တဲ့​ဆန္ဒ​ကို ဖြစ်စေတယ်။ အဲဒီ​ဆန္ဒ​က လိုအပ်တဲ့​အခါ စစ်မှန်တဲ့​နောင်တ​ယူဖို့ လှုံ့ဆော်​ပေးတယ်။ ရောဗောင်​နဲ့ မတူဘဲ စစ်မှန်တဲ့ ဝတ်ပြုရေး​မှာ ကျွန်တော်တို့ တည်ကြည်​စွဲမြဲ​နေကြပါ​စို့။—ယု. ၂၀၊ ၂၁

^ စာပိုဒ်၊ 9 ရှောလမုန်​ရဲ့ သစ္စာမဲ့မှု​ကြောင့် နိုင်ငံ နှစ်ခြမ်း​ကွဲ​သွားမယ်လို့ ဘုရားသခင်​ ကြိုပြော​ပြီးသား​ပဲ။—၁ ဘု. ၁၁:၃၁