ယေဟောဝါနဲ့ ယေရှုလို တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပါ
‘အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလို သူတို့အားလုံး တစ်စိတ် တစ်ဝမ်းတည်း ဖြစ်လာအောင် ဆုတောင်းပါတယ်။’—ယော. ၁၇:၂၀၊ ၂၁။
၁၊ ၂။ (က) တမန်တော်တွေနဲ့ နောက်ဆုံးအကြိမ် ဆုတောင်းချိန်မှာ ယေရှု ဘာပြောခဲ့သလဲ။ (ခ) စည်းလုံးမှုကိစ္စကို ယေရှု ဘာကြောင့် စိုးရိမ်ခဲ့တာ ဖြစ်နိုင်သလဲ။
တမန်တော်တွေနဲ့ နောက်ဆုံးညစာ စားချိန်မှာ စည်းလုံးမှုကိစ္စကို ယေရှု စိုးရိမ်နေတယ်။ သူနဲ့ ဖခင် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလို တပည့်အားလုံးကိုလည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေချင်ကြောင်း သူတို့နဲ့အတူ ဆုတောင်းချိန်မှာ ပြောခဲ့တယ်။ (ယောဟန် ၁၇:၂၀၊ ၂၁ ကိုဖတ်ပါ။) သူတို့ရဲ့ စည်းလုံးမှုက အလိုတော်ဆောင်ဖို့ ယေရှုကို ယေဟောဝါ စေလွှတ်လိုက်ကြောင်း သက်သေခံချက် ဖြစ်စေပါလိမ့်မယ်။ တပည့်စစ်တွေရဲ့ အမှတ်အသားဖြစ်တဲ့ မေတ္တာက စည်းလုံးမှု တိုးများစေပါလိမ့်မယ်။—ယော. ၁၃:၃၄၊ ၃၅။
၂ တမန်တော်တွေ စည်းလုံးမှု မရှိတာကို သတိထားမိတဲ့အတွက် စည်းလုံးခြင်းအကြောင်း ယေရှု အလေးပေးပြောခဲ့တယ်။ အရင်ကဖြစ်ခဲ့သလို နောက်ဆုံးညစာ စားချိန်မှာလည်း “ဘယ်သူ အကြီးမြတ်ဆုံးလဲ” ဆိုပြီး သူတို့ အငြင်းပွားကြတယ်။ (လု. ၂၂:၂၄-၂၇။ မာ. ၉:၃၃၊ ၃၄) တစ်ကြိမ်မှာလည်း နိုင်ငံတော်မှာ ထင်ပေါ်တဲ့နေရာ ပေးဖို့ ယာကုပ်နဲ့ ယောဟန် တောင်းဆိုခဲ့တယ်။—မာ. ၁၀:၃၅-၄၀။
၃။ ခရစ်တော်ရဲ့ တပည့်တွေ ဘာကြောင့် မစည်းလုံးကြသလဲ။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၃ ခရစ်တော်ရဲ့ တပည့်တွေ မစည်းလုံးတာက ထင်ပေါ်လိုစိတ်တစ်ခုတည်းကြောင့် မဟုတ်ဘူး။ အဲဒီခေတ်က လူတွေဟာ ရန်လိုစိတ်၊ ခွဲခြားစိတ်တွေကြောင့် ကွဲပြားနေကြတာ။ အဲဒီစိတ်တွေကို ယေရှုရဲ့ တပည့်တွေ ကျော်လွှားနိုင်ဖို့ လိုတယ်။ ဒီဆောင်းပါးမှာ အောက်ပါမေးခွန်းတွေကို သုံးသပ်ကြပါမယ်– ခွဲခြားစိတ်ကို ယေရှု ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ တခြားသူတွေကို မျက်နှာမလိုက်ဖို့၊ အမှန်တကယ် စည်းလုံးဖို့ တပည့်တွေကို ယေရှု ဘယ်လို ကူညီပေးခဲ့သလဲ။ ယေရှုရဲ့ သွန်သင်ချက်တွေက စည်းလုံးနေဖို့ ဘယ်လို ကူညီပေးမလဲ။
ယေရှုနဲ့ နောက်လိုက်တွေ ခွဲခြားဆက်ဆံခံရ
၄။ ယေရှု ဘယ်လို ခွဲခြားဆက်ဆံခံရသလဲ။
၄ ယေရှုကိုယ်တိုင် ခွဲခြားဆက်ဆံခံခဲ့ရတယ်။ မေရှိယကို တွေ့ပြီလို့ ဖိလိပ္ပု ပြောတဲ့အခါ နာသနေလက “နာဇရက်မြို့ကနေ ကောင်းတာတစ်ခုခု ထွက်နိုင်လို့လား” လို့ ပြောတယ်။ (ယော. ၁:၄၆) မိက္ခာ ၅:၂ မှာပါတဲ့ ပရောဖက်ပြုချက်ကို နာသနေလ သိတဲ့အတွက် နာဇရက်မြို့ဟာ မေရှိယရဲ့ ဇာတိမြို့ ဖြစ်ရလောက်အောင် အရေးမပါဘူးလို့ သူထင်တယ်။ ထင်ပေါ်တဲ့ ယုဒလူတွေလည်း ယေရှုကို ဂါလိလဲနယ်သားဖြစ်လို့ အထင်သေးကြတယ်။ (ယော. ၇:၅၂) ယုဒလူအများစုက ဂါလိလဲနယ်သားတွေကို နှိမ်ကြတယ်။ တချို့က ယေရှုကို ရှမာရိလူဆိုပြီး ချိုးနှိမ်ပြောဆိုကြတယ်။ (ယော. ၈:၄၈) ရှမာရိလူတွေက ဂျူးတွေနဲ့ လူမျိုးကော ဘာသာပါ မတူကြဘူး။ ယုဒလူတွေနဲ့ ဂါလိလဲနယ်သားတွေက ရှမာရိလူတွေကို အထင်သေးပြီး ရှောင်ကြတယ်။—ယော. ၄:၉။
၅။ ယေရှုရဲ့ နောက်လိုက်တွေ ဘယ်လို ခွဲခြားဆက်ဆံခံခဲ့ရသလဲ။
၅ ဂျူးခေါင်းဆောင်တွေလည်း ယေရှုရဲ့ နောက်လိုက်တွေကို လှောင်ပြောင်ကြတယ်။ “ကျိန်ခြင်းခံရသူတွေ” လို့ ဖာရိရှဲတွေ သတ်မှတ်ကြတယ်။ (ယော. ၇:၄၇-၄၉) ရဗ္ဗိကျောင်းမတက်ခဲ့သူတွေ၊ ဂျူးထုံးစံ မလိုက်သူတွေကို သာမန်လူတွေအဖြစ် အထင်သေးကြတယ်။ (တ. ၄:၁၃) ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေး ကွဲပြားမှုတွေကြောင့် ယေရှုနဲ့ တပည့်တွေ ခွဲခြားဆက်ဆံခံခဲ့ရတယ်။ တပည့်တွေလည်း အဲဒီလိုခွဲခြားစိတ် ရှိခဲ့ကြတယ်။ စည်းလုံးမှုရှိဖို့ သူတို့ အတွေးအခေါ် ပြောင်းလဲရမယ်။
၆။ ခွဲခြားဆက်ဆံမှုက ကျွန်တော်တို့အပေါ် သက်ရောက်မှုရှိနိုင်ပုံကို ဥပမာပေးပါ။
၆ ဒီနေ့လည်း ခွဲခြားဆက်ဆံမှုတွေကို မြင်တွေ့နေရတယ်။ ကိုယ်တိုင် ခွဲခြားဆက်ဆံခံရတာ၊ တခြားသူတွေကို ခွဲခြားဆက်ဆံတာ ဖြစ်နိုင်တယ်။ “အရင်ကရော အခုပါ အဘော်ရီဂျင်လူမျိုးတွေ ခံနေရတဲ့ မတရားမှုကြောင့် လူဖြူတွေကို ကျွန်မ ပိုမုန်းလာတယ်။ ကိုယ်တိုင် မတရားခံရတဲ့အခါ ပိုဆိုးသွားတယ်” လို့ ဩစတြေးလျနိုင်ငံက ရှေ့ဆောင်တစ်ယောက် ပြောတယ်။ ကနေဒါနိုင်ငံက ညီအစ်ကိုတစ်ယောက်လည်း ဘာသာစကားနဲ့ပတ်သက်ပြီး ခွဲခြားစိတ် ရှိခဲ့တယ်။ “ပြင်သစ်စကားပြောသူတွေ ပိုသာတယ်လို့ ထင်ပြီး အင်္ဂလိပ်စကားပြောသူတွေကို မလိုမုန်းထားဖြစ်မိတယ်” လို့ သူပြောတယ်။
၇။ ခွဲခြားဆက်ဆံမှုကို ယေရှု ဘယ်လို ကိုင်တွယ်ခဲ့သလဲ။
၇ ယေရှုခေတ်မှာလိုပဲ ကျွန်တော်တို့ခေတ်မှာလည်း ခွဲခြားဆက်ဆံမှု အမြစ်တွယ်နေနိုင်တယ်။ ယေရှု ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ ပထမ၊ ခွဲခြားဆက်ဆံတာ၊ မျက်နှာလိုက်တာကို ရှောင်တယ်။ ဆင်းရဲချမ်းသာမရွေး၊ ဖာရိရှဲ၊ ရှမာရိ၊ အခွန်ခံ၊ အပြစ်သားတွေကိုတောင် ဟောပြောခဲ့တယ်။ ဒုတိယ၊ သံသယစိတ်၊ ခွဲခြားစိတ်ကို ကျော်လွှားသင့်ကြောင်း တပည့်တွေကို အပြောနဲ့ရော အလုပ်နဲ့ပါ ပြခဲ့တယ်။
ခွဲခြားဆက်ဆံမှုကို မေတ္တာ၊ နှိမ့်ချမှုဖြင့် အနိုင်ယူ
၈။ ခရစ်ယာန်တွေ စည်းလုံးရတဲ့ အကြောင်းရင်းက ဘာလဲ။
၈ စည်းလုံးရတဲ့ အကြောင်းရင်းကို ယေရှု သင်ပေးတယ်။ “ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ” လို့ မဿဲ ၂၃:၈၊ ၉ ကိုဖတ်ပါ။) ကျွန်တော်တို့အားလုံးဟာ အာဒံကနေ ဆင်းသက်လာတဲ့အတွက် “ညီအစ်ကိုတွေ” ပါပဲ။ (တ. ၁၇:၂၆) အဲဒီအပြင် ယေဟောဝါကို ကောင်းကင်ဘုံစံ ဖခင်အဖြစ် အသိအမှတ်ပြုတဲ့အတွက် ညီအစ်ကိုမောင်နှမတွေပဲလို့ ယေရှု ရှင်းပြတယ်။ (မ. ၁၂:၅၀) မေတ္တာ၊ ယုံကြည်ခြင်းအားဖြင့်လည်း စည်းလုံးတဲ့ မိသားစုဝင်တွေ ဖြစ်လာကြတယ်။ ဒါကြောင့် တမန်တော်တွေက စာရေးတဲ့အခါ အချင်းချင်းကို ‘ညီအစ်ကို/မတွေ’ လို့ ခေါ်လေ့ရှိတယ်။—ရော. ၁:၁၃။ ၁ ပေ. ၂:၁၇။ ၁ ယော. ၃:၁၃။ *
ပြောတယ်။ (၉၊ ၁၀။ (က) ဂျူးတွေ ဘာကြောင့် လူမျိုးဂုဏ် မမောက်သင့်သလဲ။ (ခ) လူမျိုးရေး ခွဲခြားမှုကို ကျော်လွှားဖို့ ယေရှု ဘယ်လို သင်ပေးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၉ အချင်းချင်းကို ညီအစ်ကိုမောင်နှမအဖြစ် ရှုမြင်သင့်ကြောင်း ပြောပြီးနောက် နှိမ့်ချမှုအကြောင်း ယေရှု ပြောတယ်။ (မဿဲ ၂၃:၁၁၊ ၁၂ ကိုဖတ်ပါ။) တမန်တော်တွေရဲ့ မာနစိတ်က စည်းလုံးမှုကို ပြိုကွဲစေကြောင်း သတိပြုပါ။ လူမျိုးဂုဏ်မောက်တာလည်း ပြဿနာတစ်ခု ဖြစ်နိုင်တယ်။ အာဗြဟံရဲ့ သားမြေးတွေဆိုပြီး ဂျူးတွေ ဂုဏ်မောက်ကြတယ်။ ဒါပေမဲ့ “ဘုရားသခင်က ဒီကျောက်ခဲတွေကိုတောင် အာဗြဟံရဲ့ သားမြေးတွေဖြစ်အောင် လုပ်နိုင်တယ်” လို့ နှစ်ခြင်းဆရာ ယောဟန် ပြောခဲ့တယ်။—လု. ၃:၈။
၁၀ လူမျိုးဂုဏ်မောက်တာကို ယေရှု အပြစ်တင်ခဲ့တယ်။ “ကျွန်တော်ချစ်ရမယ့် လူသားချင်းဟာ ဘယ်သူလဲ” လို့ ကျမ်းတတ်တစ်ယောက် မေးတဲ့အခါ အဲဒီအချက်ကို ပေါ်လွင်စေခဲ့တယ်။ ဓားပြတိုက်ခံရတဲ့ ဂျူးခရီးသည်ကို ဂရုစိုက်ကူညီပေးတဲ့ ရှမာရိလူ ပုံဥပမာကို ပြောခဲ့တယ်။ သူ့ကို ဂျူးတွေ မကူညီပေမဲ့ ရှမာရိလူက သနားပြီး ကူညီပေးတယ်။ အဲဒီရှမာရိလူလို လုပ်ဖို့ ကျမ်းတတ်ကို ပြောပြီး ပုံဥပမာကို ယေရှု အဆုံးသတ်လိုက်တယ်။ (လု. ၁၀:၂၅-၃၇) လူသားချင်းကို ချစ်တဲ့မေတ္တာဆိုတာ ဘာကိုဆိုလိုမှန်း ဂျူးတွေကို ရှမာရိလူတစ်ယောက် သင်ပေးနိုင်ကြောင်း ယေရှု ပြလိုက်တာပဲ။
၁၁။ ခရစ်တော်ရဲ့ တပည့်တွေ ဘာကြောင့် မျက်နှာမလိုက်သင့်သလဲ။ ယေရှု ဘယ်လို ကူညီပေးခဲ့သလဲ။
၁၁ ယေရှု ကောင်းကင် မတက်ခင် “ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ” သက်သေခံဖို့ တပည့်တွေကို တာဝန်ပေးခဲ့တယ်။ (တ. ၁:၈) အဲဒီတာဝန်ကို ကျေပွန်နိုင်ဖို့ မာနစိတ်နဲ့ ခွဲခြားစိတ်ကို ကျော်လွှားရမယ်။ တိုင်းတစ်ပါးသားတွေရဲ့ အရည်အသွေးကောင်းတွေကို ယေရှု အလေးပေးခြင်းအားဖြင့် ဟောပြောခြင်းတာဝန်အတွက် သူတို့ကို အသင့်ပြင်ပေးခဲ့တယ်။ တိုင်းတစ်ပါးသား တပ်မှူးတစ်ယောက်ကို ထူးခြားတဲ့ ယုံကြည်ခြင်းအတွက် ချီးမွမ်းတယ်။ (မ. ၈:၅-၁၀) ဇရတ္တမြို့က ဖိုနီးရှားမုဆိုးမနဲ့ ဆီးရီးယားလူမျိုး အနာကြီးရောဂါသည် နေမန်စတဲ့ တိုင်းတစ်ပါးသားတွေကို ယေဟောဝါ မျက်နှာသာပေးခဲ့ကြောင်း ဇာတိမြို့ နာဇရက်မှာ ယေရှု ပြောတယ်။ (လု. ၄:၂၅-၂၇) ရှမာရိအမျိုးသမီးတစ်ယောက်ကို ဟောပြောရုံသာမက သတင်းတရားကို မြို့သားတွေ စိတ်ဝင်စားတဲ့အတွက် ရှမာရိမြို့မှာ နှစ်ရက် နေခဲ့တယ်။—ယော. ၄:၂၁-၂၄၊ ၄၀။
ပထမရာစုမှာ ခွဲခြားစိတ်ကို တိုက်လှန်ခဲ့ရ
၁၂၊ ၁၃။ (က) ရှမာရိအမျိုးသမီးကို ယေရှု ဟောတဲ့အခါ တမန်တော်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ယာကုပ်နဲ့ ယောဟန်တို့ သင်ခန်းစာကို နားမလည်ကြောင်း ဘာက ဖော်ပြသလဲ။
၁၂ တမန်တော်တွေအနေနဲ့ ခွဲခြားဆက်ဆံစိတ်ကို ဖယ်ရှားဖို့ မလွယ်ကူဘူး။ ရှမာရိအမျိုးသမီးကို ယေရှု ဟောလို့ သူတို့ အံ့ဩခဲ့ကြတယ်။ (ယော. ၄:၉၊ ၂၇) ဂျူးဘာသာရေးခေါင်းဆောင်တွေက နာမည်ဆိုးရှိတဲ့ ရှမာရိအမျိုးသမီးကို မဆိုထားနဲ့၊ သာမန်အမျိုးသမီးကို တောင် လူရှေ့မှာ စကားမပြောကြဘူး။ တမန်တော်တွေက အစာစားဖို့ ပြောပေမဲ့ ရှမာရိအမျိုးသမီးကို ဟောရာမှာ စိတ်ထက်သန်လွန်းလို့ ဆာလောင်မှုကို ယေရှု ဘေးချိတ်ထားနိုင်ခဲ့တယ်။ ဖခင်ရဲ့ အလိုတော်ဆောင်ခြင်းဖြစ်တဲ့ ဟောပြောခြင်း၊ ရှမာရိအမျိုးသမီးကို ဟောပြောခြင်းကတောင် သူ့အတွက် စားစရာ ဖြစ်ခဲ့တယ်။—ယော. ၄:၃၁-၃၄။
၁၃ ဒီသင်ခန်းစာကို ယာကုပ်နဲ့ ယောဟန် နားမလည်ခဲ့ဘူး။ ယေရှုနဲ့အတူ ရှမာရိပြည်ကို ဖြတ်ပြီး ခရီးသွားတဲ့အခါ ရွာတစ်ရွာမှာ ညအိပ်တည်းခိုဖို့ နေရာရှာကြတယ်။ ရှမာရိရွာသားတွေ လက်မခံတဲ့အခါ ယာကုပ်နဲ့ ယောဟန်က ကောင်းကင်ကနေ မီးကျစေပြီး တစ်ရွာလုံးကို ဖျက်ဆီးဖို့ ပြောတယ်။ အဲဒီအခါ သူတို့ကို ယေရှု ကောင်းကောင်း ဆုံးမခဲ့တယ်။ (လု. ၉:၅၁-၅၆) ဇာတိမြေက ဂါလိလဲနယ်သားတွေသာ အဲဒီလိုလုပ်ခဲ့ရင် ယာကုပ်နဲ့ ယောဟန် ဒီလောက် စိတ်ဆိုးပါ့မလား။ ခွဲခြားစိတ်က အမုန်းပွားစေခဲ့ပုံရတယ်။ နောက်ပိုင်း ရှမာရိဒေသမှာ တမန်တော် ယောဟန် သွားဟောပြီး အောင်မြင်တဲ့အခါ သူ့ရဲ့ အလျင်စလို တုံ့ပြန်ခဲ့မှုအတွက် စိတ်ကသိကအောက် ဖြစ်မိမှာပဲ။—တ. ၈:၁၄၊ ၂၅။
၁၄။ ဘာသာစကားမတူလို့ ဖြစ်နိုင်တဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။
၁၄ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ပြီးနောက် မကြာခင်မှာ ခွဲခြားဆက်ဆံမှု ပြဿနာတစ်ခု ပေါ်လာပြန်တယ်။ နွမ်းပါးတဲ့ မုဆိုးမတွေကို အစားအစာ ဝေပေးတဲ့အခါ ဂရိစကားပြော မုဆိုးမတွေ ခွဲတမ်းမရကြဘူး။ (တ. ၆:၁) ဘာသာစကားခွဲခြားစိတ်ကြောင့် ဖြစ်နိုင်တယ်။ အစာဝေငှဖို့ အရည်အချင်းရှိတဲ့ အမျိုးသားတွေကို ခန့်အပ်ခြင်းအားဖြင့် ဒီပြဿနာကို တမန်တော်တွေ ချက်ချင်း ဖြေရှင်းခဲ့တယ်။ အဲဒီအမျိုးသားအားလုံးမှာ ဂရိနာမည်တွေ ရှိကြတယ်။ ဒါက မကျေမနပ်ဖြစ်နေတဲ့ မုဆိုးမတွေအတွက် ပိုလက်ခံနိုင်စရာ ဖြစ်စေမယ်။
၁၅။ လူတိုင်းကို မျက်နှာမလိုက်ဖို့ ပေတရု ဘယ်လို သင်ယူခဲ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၁၅ အေဒီ ၃၆ မှာ တပည့်ဖြစ်စေခြင်းလုပ်ငန်း ပိုကျယ်ပြန့်လာတယ်။ တမန်တော် ပေတရုက ဂျူးတွေနဲ့ပဲ ပေါင်းသင်းလေ့ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေ မျက်နှာမလိုက်သင့်ကြောင်း ဘုရားသခင် ရှင်းပြပြီးတဲ့နောက် ရောမတပ်မှူး ကော်နေလိကို ဟောပြောခဲ့တယ်။ (တမန်တော် ၁၀:၂၈၊ ၃၄၊ ၃၅ ကိုဖတ်ပါ။) နောက်ပိုင်း လူမျိုးခြား ယုံကြည်သူတွေနဲ့အတူ စားသောက်ပေါင်းသင်းလာတယ်။ နှစ်တွေကြာပြီးနောက်မှာတော့ အန္တိအုတ်မြို့မှာ လူမျိုးခြား ခရစ်ယာန်တွေနဲ့ မပေါင်းသင်းတော့ဘူး။ (ဂလ. ၂:၁၁-၁၄) ဒါကြောင့် ပေတရုကို ပေါလု ပြင်းပြင်းထန်ထန် ဆုံးမတယ်။ ဆုံးမမှုကို ပေတရု လက်ခံတယ်။ အာရှမိုင်းနားမှာရှိတဲ့ ဂျူးနဲ့ လူမျိုးခြား ခရစ်ယာန်တွေဆီရေးတဲ့ ပထမစာမှာ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်ကြပါလို့ ပြောခဲ့တယ်။—၁ ပေ. ၁:၁။ ၂:၁၇။
၁၆။ အစောပိုင်းခရစ်ယာန်တွေမှာ ဘာနာမည်ကောင်း ရှိသလဲ။
၁၆ “လူအမျိုးမျိုးကို” ချစ်တတ်လာအောင် ယေရှုရဲ့ ပုံသက်သေကနေ တမန်တော်တွေ သင်ယူခဲ့တယ်။ (ယော. ၁၂:၃၂။ ၁ တိ. ၄:၁၀) အချိန်ယူရပေမဲ့ သူတို့ရဲ့တွေးခေါ်ပုံကို ပြုပြင်ခဲ့ကြတယ်။ အစောပိုင်းခရစ်ယာန်တွေဟာ အချင်းချင်း ချစ်တယ်ဆိုတဲ့ နာမည်ကောင်း ရှိကြတယ်။ ဒုတိယရာစု စာရေးဆရာ တာတူလျန်က ခရစ်ယာန်တွေနဲ့ပတ်သက်ပြီး “သူတို့ အချင်းချင်း ချစ်ကြတယ်။ အချင်းချင်းအတွက် အသေခံဖို့ အသင့်ပဲ” လို့ ပြောခဲ့တယ်။ အစောပိုင်းခရစ်ယာန်တွေဟာ “စရိုက်သစ်” ကို ဝတ်ဆင်တဲ့အတွက် လူအားလုံးကို ဘုရားရှုမြင်သလို တန်းတူ ရှုမြင်ခဲ့ကြတယ်။—ကော. ၃:၁၀၊ ၁၁။
၁၇။ ခွဲခြားစိတ်ကို နှလုံးထဲကနေ နုတ်ပစ်နိုင်သလား။ ဥပမာပေးပါ။
၁၇ ဒီနေ့ခေတ်မှာလည်း ခွဲခြားစိတ်မှန်သမျှကို နှလုံးထဲကနေ နုတ်ပစ်ဖို့ အချိန်လိုအပ်နိုင်တယ်။ ပြင်သစ်နိုင်ငံက ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “မေတ္တာ၊ ပေးကမ်းခြင်း၊ လူအမျိုးမျိုးကို ချစ်ခြင်းဆိုတာ ဘာကို
ဆိုလိုမှန်း ယေဟောဝါ သင်ပေးတယ်။ ဒါတောင် ခွဲခြားစိတ်ကို ကျော်လွှားနိုင်ဖို့ သင်ယူနေရတုန်းပဲ။ အမြဲတော့ မလွယ်ဘူး။ ဆက်ဆုတောင်းနေရတယ်။” စပိန်နိုင်ငံက ညီအစ်မတစ်ယောက်လည်း ဒီလိုပြောတယ်– “မျိုးနွယ်စုတချို့အပေါ် မုန်းတီးစိတ်ကို တိုက်လှန်နေရတုန်းပဲ။ အများအားဖြင့် အောင်မြင်ပါတယ်။ ဆက်တိုက်လှန်နေဖို့တော့ လိုတယ်။ စည်းလုံးတဲ့မိသားစုဝင် ဖြစ်ရလို့ ယေဟောဝါကို ကျေးဇူးတင်တယ်။” ကျွန်တော်တို့လည်း အဲဒီညီအစ်မနှစ်ယောက်လို ခွဲခြားစိတ်ကို တိုက်လှန်ဖို့ လိုနေသလား ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်နိုင်တယ်။မေတ္တာတိုးများလေ ခွဲခြားစိတ် လျော့ပါးလေ
၁၈၊ ၁၉။ (က) လူတိုင်းကို ကြိုဆိုလက်ခံဖို့ ဘာအကြောင်းရင်းတွေ ရှိသလဲ။ (ခ) ဘယ်လို လက်တွေ့ကျကျ လုပ်ဆောင်နိုင်သလဲ။
၁၈ ကျွန်တော်တို့ဟာ တစ်ချိန်က “ဘုရားသခင်ကို မသိတဲ့၊” ဘုရားနဲ့ စိမ်းကားနေတဲ့ သူစိမ်းတွေဖြစ်ကြောင်း အမှတ်ရသင့်တယ်။ (ဧ. ၂:၁၂) ဒါပေမဲ့ ဘုရားက ကျွန်တော်တို့ကို “မေတ္တာကြိုး” နဲ့ ဆွဲငင်တယ်။ (ဟော. ၁၁:၄။ ယော. ၆:၄၄) ခရစ်တော်က ကြိုဆိုလက်ခံပြီး ဘုရားသခင့် မိသားစုဝင်ဖြစ်ဖို့ တံခါးဖွင့်ပေးခဲ့တယ်။ (ရောမ ၁၅:၇ ကိုဖတ်ပါ။) ကျွန်တော်တို့ရဲ့ မစုံလင်မှုကို ယေရှု လက်ခံပေးထားတဲ့အတွက် ကျွန်တော်တို့လည်း တခြားသူတွေကို လက်ခံသင့်တယ်။
ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အထက်က ဉာဏ်ပညာကို ရှာဖွေပြီး မေတ္တာနဲ့ စည်းလုံးနေကြ (အပိုဒ် ၁၉ ကိုကြည့်ပါ)
၁၉ ဒီစနစ်ဆိုးရဲ့အဆုံး နီးလာတာနဲ့အမျှ စိတ်ဝမ်းကွဲမှု၊ ခွဲခြားမှု၊ မုန်းတီးမှု တိုးများလာမှာ သေချာတယ်။ (ဂလ. ၅:၁၉-၂၁။ ၂ တိ. ၃:၁၃) ယေဟောဝါရဲ့ ကျေးကျွန်တွေအနေနဲ့ မျက်နှာမလိုက်တဲ့၊ သင့်သင့်မြတ်မြတ် နေတတ်တဲ့ အထက်က ဉာဏ်ပညာကို ရှာဖွေရမယ်။ (ယာ. ၃:၁၇၊ ၁၈) ယဉ်ကျေးမှု ကွဲပြားတာကို လက်ခံပြီး ဘာသာခြားစကား သင်ယူခြင်းအားဖြင့် လူမျိုးခြားတွေနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲစေနိုင်ပါတယ်။ ဒီနည်းအားဖြင့် ငြိမ်သက်ခြင်းဟာ မြစ်လို၊ တရားမျှတခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာပါလိမ့်မယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။
၂၀။ မေတ္တာဟာ စိတ်နှလုံးကို ပြောင်းလဲပေးနိုင်ကြောင်း ဘာက ဖော်ပြသလဲ။
၂၀ ကျမ်းစာအသိပညာ တိုးများလာတဲ့ အကျိုးရလဒ်ကို အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဩစတြေးလျက ညီအစ်မ ဒီလိုပြောတယ်– “လူသစ်စိတ်သစ် ဖြစ်လာတယ်။ အမြစ်တွယ်နေတဲ့ ခွဲခြားစိတ်၊ မုန်းတီးစိတ်တွေ အရည်ပျော်သွားတယ်။” ကနေဒါနိုင်ငံက ညီအစ်ကိုလည်း “လူမျိုးရေးစိတ်ရဲ့ အရင်းခံက အသိဉာဏ်မဲ့မှုပဲ။ လူတွေရဲ့ အရည်အချင်းက မွေးရပ်အပေါ် မမူတည်ဘူး” လို့ပြောတယ်။ အင်္ဂလိပ်စကားပြော ညီအစ်မတစ်ယောက်နဲ့ သူ လက်ထပ်လိုက်တယ်။ မေတ္တာဟာ ခွဲခြားစိတ်ကို အနိုင်ယူနိုင်ကြောင်း၊ စည်းလုံးစေတဲ့ နှောင်ကြိုးဖြစ်ကြောင်း အဲဒီပြောင်းလဲမှုတွေက ဖော်ပြပါတယ်။—ကော. ၃:၁၄။
^ စာပိုဒ်၊ 8 “ညီအစ်ကိုတို့” ဆိုတဲ့ အသုံးအနှုန်းမှာ အသင်းတော်ထဲက ညီအစ်မတွေလည်း ပါဝင်တယ်။ ရောမမြို့ကို စာရေးတဲ့အခါ “ညီအစ်ကိုတို့” လို့ ပေါလု လိပ်မူပေမဲ့ ညီအစ်မတွေလည်း ပါတယ်။ တချို့ကို နာမည်နဲ့တကွ ဖော်ပြထားတယ်။ (ရော. ၁၆:၃၊ ၆၊ ၁၂) ယုံကြည်သူချင်းတွေကို ‘ညီအစ်ကို/မတွေ’ လို့ ကင်းမျှော်စင် မှာ သုံးနှုန်းခဲ့တာ ကြာပြီ။