မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်သိစိတ်ကို ဘုရားသခင့် ပညတ်နဲ့ မူတွေ လေ့ကျင့်ပေးပါစေ

သင့်သိစိတ်ကို ဘုရားသခင့် ပညတ်နဲ့ မူတွေ လေ့ကျင့်ပေးပါစေ

‘သတိပေးချက်​တွေ​ကို စဉ်းစားဆင်ခြင်ပါတယ်။’—ဆာ. ၁၁၉:၉၉

သီချင်း– ၁၂၇၊ ၈၈

၁။ လူတွေ တိရစ္ဆာန်​ထက် သာလွန်​ရတဲ့ အကြောင်းရင်း​တစ်ခု​က ဘာလဲ။

လူတွေ တိရစ္ဆာန်​ထက် သာလွန်​ရတဲ့ အကြောင်းရင်း​တစ်ခု​က​တော့ အမှားအမှန်​သိစိတ် ရှိလို့ပဲ။ အာဒံနဲ့ ဧဝ​မှာ သိစိတ်​ရှိကြောင်း ဘယ်လို သိရသလဲ။ ယေဟော​ဝါရဲ့ ပညတ်ကို ချိုးဖောက်​ပြီးနောက် သူတို့​ပုန်း​နေခဲ့​ကြတယ်။ သိစိတ် နှောင့်ယှက်​လို့​ပဲ။

၂။ သိစိတ်​ဟာ သံ​လိုက်​အိမ်မြှောင်​နဲ့ ဘယ်လို တူသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ကောင်းကောင်း မ​လေ့ကျင့်​ထားတဲ့ သိစိတ်​ရှိသူတွေကို ချို့ယွင်း​နေတဲ့ သံ​လိုက်​အိမ်မြှောင်​ပါတဲ့ သင်္ဘော​နဲ့ နှိုင်းယှဉ်​နိုင်တယ်။ တိကျတဲ့ သံ​လိုက်​အိမ်မြှောင် မပါဘဲ ခရီး​သွားတာ အန္တရာယ်​ရှိတယ်။ လေ​နဲ့ ပင်လယ်ရေ​စီး​ကြောင်း​က သင်္ဘော​ကို လမ်းကြောင်း​ပြောင်း​သွား​စေနိုင်တယ်။ စံ​ကိုက်​ချိန်ညှိ​ထားတဲ့ သံ​လိုက်​အိမ်မြှောင်​က​တော့ သင်္ဘော​ကို လမ်းမှန်​ပေါ် ရှိနေ​စေတယ်။ ကျွန်တော်တို့ရဲ့ သိစိတ်​လ​ည်း သံ​လိုက်​အိမ်မြှောင်​လို​ပဲ။ အမှားအမှန်​သိစိတ်​က လမ်းမှန်​ကို လမ်းညွှန်​ပေးနိုင်တယ်။ သိစိတ် ကောင်းစွာ လမ်းညွှန်​နိုင်ဖို့​ဆိုရင် မှန်မှန်ကန်ကန် ချိန်ညှိ​ထားရမယ်။

၃။ သိစိတ်ကို မှန်မှန်ကန်ကန် မ​လေ့ကျင့်ပေး​ရင် ဘာဖြစ်​နိုင်သလဲ။

လူတစ်ယောက်ရဲ့ သိစိတ်ကို မှန်မှန်ကန်ကန် မ​လေ့ကျင့်​ထား​ရင် မကောင်းမှုတွေကို​ရှောင်​ဖို့ ထိန်း​ပေးမှာ မဟုတ်ဘူး။ (၁ တိ. ၄:၁၊ ၂) “အဆိုးကို အကောင်း” လို့​တောင် ထင်​စေနိုင်တယ်။ (ဟေရှာ. ၅:၂၀) “ခင်ဗျားတို့ကို သတ်ဖြတ်​တာ​​ဟာ ဘုရားအတွက် အမှုဆောင်​နေတာ​လို့ ထင်မှတ်​တဲ့အချိန် ရောက်လာ​လိမ့်​မယ်” ဆိုပြီး နောက်လိုက်​တွေ​ကို ယေရှု သတိ​ပေးတယ်။ (ယော. ၁၆:၂) တပည့်​သတေဖန်​ကို သတ်​တဲ့​သူတွေ အဲဒီလိုပဲ ထင်ခဲ့​ကြတယ်။ (တ. ၆:၈၊ ၁၂။ ၇:၅၄-၆၀) သမိုင်း​တစ်လျှောက် ဘာသာတရား ကိုင်းရှိုင်းသူ​များစွာဟာ လူသတ်မှု​လို ရာဇဝတ်မှု​တွေ ကျူးလွန်​ပြီး ဘုရားအတွက် လုပ်တာ​လို့ ယူမှတ်​ခဲ့ကြတယ်။ တကယ်တော့ ဘုရား​ပညတ်​တွေ​ကို ချိုးဖောက်​တာ​​ပဲ။ (ထွ. ၂၀:၁၃) သူတို့ရဲ့​သိစိတ် မှန်မှန်ကန်ကန် လမ်းညွှန်​မ​ပေးတာ ထင်ရှား​ပါတယ်။

၄။ သိစိတ် မ​ထုံထိုင်း​အောင် ဘယ်လို ကာကွယ်​နိုင်သလဲ။

သိစိတ် မ​ထုံထိုင်း​အောင် ဘယ်လို ကာကွယ်​နိုင်သလဲ။ ကျမ်းစာမှာ​ပါတဲ့ ပညတ်​တွေ၊ မူတွေ​က “သွန်သင်တဲ့​အခါ၊ အမှားတွေ ဖော်ထုတ်​တဲ့အခါ၊ ပဲ့ပြင်​တဲ့အခါ၊ ဖြောင့်မတ်​လာ​အောင် ဆုံးမ​တဲ့အခါ အကျိုးဖြစ်ထွန်း​စေတယ်။” (၂ တိ. ၃:၁၆) ဒါကြောင့် ကျမ်းစာကို ဝီရိယ​ရှိ​ရှိ လေ့လာခြင်း၊ တွေးတော​ဆင်ခြင်ခြင်း၊ လက်တွေ့​ကျင့်သုံးခြင်းအားဖြင့် ဘုရားသခင့် အတွေးအခေါ်နဲ့ ကိုက်ညီ​အောင် သိစိတ်ကို လေ့ကျင့်ပေး​နိုင်တယ်။ ဒါဆိုရင် စိတ်ချ​ရတဲ့ လမ်းညွှန်​ဖြစ်လာ​ပါလိမ့်မယ်။ သိစိတ်ကို လေ့ကျင့်​ရာ​မှာ ယေဟော​ဝါရဲ့ ပညတ်​နဲ့ မူတွေ ကူညီ​ပေးနိုင်​ကြောင်း လေ့လာ​ကြည့်ကြစို့။

ဘုရားသခင့် ပညတ်​တွေ လေ့ကျင့်​ပေးပါစေ

၅၊ ၆။ ဘုရားသခင့် ပညတ်​တွေ လိုက်နာခြင်းကနေ ဘာအကျိုး ခံစားရသလဲ။

ဘုရားသခင့် ပညတ်​တွေ​က​နေ အကျိုး​ရဖို့ ဖတ်​ရုံ၊ အကျွမ်းတဝင် ဖြစ်​ရုံ​ထက်မက လိုအပ်တယ်။ ပညတ်​တွေ​ကို မြတ်နိုး​စိတ်၊ လေးမြတ်စိတ် တိုးပွား​စေ​ရမယ်။ “မကောင်းမှု​ကို မုန်း​ပါ။ ကောင်းမှုကို ချစ်ပါ” လို့ ကျမ်းစာ​ ပြောတယ်။ (အာ. ၅:၁၅) ဘယ်လို လုပ်​နိုင်သလဲ။ အဓိက​က​တော့ ကိစ္စရပ်တွေကို ယေဟော​ဝါ ရှုမြင်​သလို ရှုမြင်​တတ်​ရမယ်။ ဥပမာ၊ အိပ်မပျော်​တဲ့​ရောဂါ​ရှိနေတယ်​ ဆိုပါစို့။​ ဆရာဝန်​က အစားအစာ၊ လေ့ကျင့်ခန်း၊ ဘဝ​ပုံစံ​ အပြောင်းအလဲ​တွေ​ပါဝင်တဲ့ ဆေး​ညွှန်း​ပေးတယ်။ ဆေး​ညွှန်း​အတိုင်း လိုက်လို့ ရောဂါ​သက်သာ​လာတယ်​ဆိုရင် ဆရာဝန်​ကို ကျေးဇူးတင်​မှာ​ပဲ။

ဖန်ဆင်းရှင်​လ​ည်း ကျွန်တော်တို့ကို အပြစ်​ရဲ့ ဆိုးကျိုး​က​နေ ကာကွယ်ဖို့၊ ဘဝ​တိုးတက်စေ​ဖို့ ပညတ်​တွေ ပေးထားတယ်။ လိမ်​ပြောတာ၊ မကောင်း​ကြံစည်​တာ​၊ ခိုး​တာ၊​ လိင်​အကျင့်ပျက်​တာ​၊ အကြမ်းဖက်​တာ​၊ နတ်ဆိုး​ပညာ​လိုက်​စားတာ​နဲ့ပတ်သက်တဲ့ ကျမ်းစာ​ပညတ်​တွေ လိုက်နာခြင်း​ရဲ့ အကျိုးကို စဉ်းစားကြည့်ပါ။ (ပညာအလိမ္မာ ၆:၁၆-၁၉ ကိုဖတ်ပါ။ ဗျာ. ၂၁:၈) ယေဟော​ဝါရဲ့ နည်းလမ်း​အတိုင်း လိုက်တဲ့​အတွက် အကျိုး​ခံစား​ရတဲ့အခါ ယေဟော​ဝါနဲ့ ပညတ်​တွေ​ကို မြတ်နိုး​စိတ်၊ လေးမြတ်စိတ် တိုးပွား​လာတယ်။

၇။ ကျမ်းစာပါ ဖြစ်ရပ်မှန်ဇာတ်လမ်း​တွေ​ကို ဖတ်ရှု၊ ဆင်ခြင်ခြင်း​က ဘာလုပ်ဖို့ ကူညီ​ပေးနိုင်သလဲ။

ဘုရားသခင့် ပညတ်​တွေ ချိုးဖောက်​ပြီး ဆိုးကျိုး​ခံရ​မှ သင်ခန်းစာယူ​ဖို့ မလိုပါဘူး။ ကျမ်းစာမှာ​ပါတဲ့ တခြား​သူတွေရဲ့ အမှား​က​နေ သင်ယူ​နိုင်ပါတယ်။ “ဉာဏ်ပညာ​ရှိသူဟာ နားထောင်တဲ့​အတွက် ပိုပြီး တတ်သိ​နားလည်​လာတယ်” လို့ ပညာအလိမ္မာ ၁:၅ မှာ ပြောတယ်။ ကျမ်းစာပါ ဖြစ်ရပ်မှန်ဇာတ်လမ်း​တွေ​ကို ဖတ်ရှု၊ ဆင်ခြင်ခြင်း​က​နေ ဘုရားသခင်​ဆီက အကောင်းဆုံး သွန်သင်ချက်​တွေ ရနိုင်ပါတယ်။ ဥပမာ၊ ယေဟော​ဝါရဲ့ ပညတ်ကို မနာခံ​ဘဲ ဗာသရှေဘ​နဲ့ ဖောက်ပြန်​ပြီးနောက် ဘုရင်​ဒါဝိဒ် ခံစားခဲ့​ရတဲ့ နာကျင်မှုကို စဉ်းစားကြည့်ပါ။ (၂ ရှ. ၁၂:၇-၁၄) အဲဒီ​မှတ်တမ်း​ကို ဖတ်ရှု၊ ဆင်ခြင်တဲ့အခါ ‘ဗာသရှေဘ​နဲ့ ဖောက်ပြန်​ပြီး စိတ်ဒုက္ခ မ​ရောက်​ရအောင် ဒါဝိဒ် ဘယ်လို ရှောင်နိုင်သလဲ။ ငါ​သာ အဲဒီလို သွေးဆောင်​ခံရ​ရင် လှည့်ထွက်​သွား​နိုင်မလား။ ယောသပ်​လို ထွက်ပြေး​မလား၊ ဒါဝိဒ်​လို အလျှော့ပေး​မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေး​နိုင်တယ်။ (က. ၃၉:၁၁-၁၅) အပြစ်​ရဲ့ ဆိုးကျိုး​တွေ​ကို စဉ်းစားခြင်း​အားဖြင့် “မကောင်းမှု​ကို မုန်း” လာပါလိမ့်မယ်။

၈၊ ၉။ (က) ကျွန်တော်တို့ရဲ့ သိစိတ်​က ဘာလုပ်ဖို့ ကူညီပေး​သလဲ။ (ခ) ကျမ်းစာ​မူတွေ​က သိစိတ်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

ဘုရားသခင် မုန်းတဲ့ အကျင့်​တွေ​ကို ကျွန်တော်တို့ ဝေးဝေးရှောင်​ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ တိတိကျကျ မမိန့်​မှာ​ထားတဲ့ ဘဝကဏ္ဍ​တွေ၊ လုပ်ဆောင်မှု​တွေ​လ​ည်း ရှိတယ်။ အဲဒီလို ကဏ္ဍတွေမှာ ဘုရားသခင် နှစ်သက်​လက်ခံ​ရာ​ကို ဘယ်လို သိနိုင်​မလဲ။ ကျမ်းစာနဲ့​လေ့ကျင့်​ထားတဲ့ သိစိတ် ရှိမယ်ဆိုရင် သိ​နိုင်ပါတယ်။

သိစိတ်ကို လမ်းညွှန်​ပေးနိုင်တဲ့ အခြေခံ​မူတွေကို ယေဟော​ဝါ မေတ္တာပါ​စွာ ပေးထားတယ်။ ဘုရားသခင်က “ငါ​ယေဟော​ဝါဟာ မင်းတို့​ရဲ့ ဘုရားသခင်ပဲ။ မင်းတို့​ကောင်းကျိုး​အတွက် သွန်သင်ပေး​တဲ့​အရှင်၊ မင်းတို့​လျှောက်​သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်​ပေးတဲ့​အရှင်​ပဲ” လို့ ပြောတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ကျမ်းစာ​မူတွေကို လေးလေးနက်နက် တွေးတောဆင်ခြင်ခြင်းအားဖြင့် သိစိတ်​ကို တည့်မတ်၊ လမ်းညွှန်၊ ပုံသွင်း​နိုင်ပါတယ်။ ဒါက ပညာရှိ​ဆုံးဖြတ်ချက်​တွေ ချ​စေနိုင်တယ်။

ဘုရားသခင့် မူတွေ လမ်းညွှန်​ပေးပါစေ

၁၀။ မူ​ဆိုတာ ဘာလဲ။ ယေရှု ဘယ်လို ထိရောက်​စွာ အသုံးပြုခဲ့​သလဲ။

၁၀ မူ​ဆိုတာ အတွေးအခေါ်၊ အပြုအမူတွေ​ကို လမ်းညွှန်​ပေးတဲ့ အခြေခံ အမှန်တရား ဖြစ်တယ်။ မူကို နားလည်ခြင်းက ပညတ်ပေးရှင် ယေဟော​ဝါ​လို စဉ်းစားတတ်​ဖို့၊ ပညတ်​ပေး​ရတဲ့ အကြောင်းရင်း​တွေ​ကို နားလည်ဖို့ ကူညီပေးတယ်။ သဘောထား​နဲ့ လုပ်ရပ်​တချို့မှာ အကျိုးဆက်​ရှိကြောင်း တပည့်တွေ နားလည်အောင် မူတွေ​သုံးပြီး ယေရှု​ သင်ပေးခဲ့တယ်။ ဥပမာ၊ နာကြည်းစိတ်​က အကြမ်းဖက်မှုကို ဖြစ်စေ​နိုင်​ကြောင်း၊ တပ်မက်စိတ်​က အိမ်ထောင်ရေး ဖောက်ပြန်မှု​ကို ဖြစ်စေ​နိုင်​ကြောင်း သင်ပေးခဲ့တယ်။ (မ. ၅:၂၁၊ ၂၂၊ ၂၇၊ ၂၈) ကောင်းစွာ​လေ့ကျင့်​ထားတဲ့ သိစိတ်​ရှိနိုင်ဖို့ ဘုရားသခင့် မူတွေ​ရဲ့ လမ်းညွှန်မှု​ ခံယူ​ရမယ်။ ဒီနည်းနဲ့ ဘုရားကို ဘုန်းထင်ရှား​စေနိုင်တယ်။—၁ ကော. ၁၀:၃၁

ရင့်ကျက်တဲ့ ခရစ်ယာန်​ဟာ တခြား​သူတွေရဲ့ သိစိတ်ကို ထည့်​စဉ်းစား (အပိုဒ် ၁၁၊ ၁၂ ကို​ကြည့်ပါ)

၁၁။ တစ်ယောက်နဲ့ တစ်ယောက် သိစိတ် ဘယ်လို ကွဲပြား​နိုင်သလဲ။

၁၁ ကျမ်းစာနဲ့ လေ့ကျင့်​ထားတဲ့ သိစိတ် ရှိတဲ့ ခရစ်ယာန်​နှစ်ယောက်​ဟာ ကိစ္စ​တချို့မှာ သဘောထား တိုက်ဆိုင်​ချင်​မှ တိုက်ဆိုင်​မယ်။ အရက်ယမကာ သောက်သုံး​တဲ့​ကိစ္စ​ကို သုံးသပ်ကြည့်ပါ။ အတော်အသင့် သောက်​သုံးတာ​ကို ကျမ်းစာ မတားမြစ်​ဘူး။ သောက်ကြူး​တာ​၊ မူးယစ်​တာ​​ကို​တော့ တားမြစ်​ထားတယ်။ (ပညာ. ၂၀:၁။ ၁ တိ. ၃:၈) ဒါဟာ အတော်အသင့် သောက်သုံး​နေသရွေ့ တခြား​အချက်တွေကို ထည့်​စဉ်းစားစရာ မလိုဘူးလို့ ဆိုလို​သလား။ မဆိုလို​ဘူး။ ကိုယ့်​သိစိတ် အနှောင့်အယှက် မဖြစ်​ပေမဲ့ တခြား​သူတွေရဲ့ သိစိတ်​ကိုလည်း ထည့်​စဉ်းစားရမယ်။

၁၂။ ရောမ ၁၄:၂၁ မှာပါတဲ့ စကားတွေက တခြား​သူတွေရဲ့ သိစိတ်ကို လေးစားဖို့ ဘယ်လို လှုံ့ဆော်​ပေးနိုင်သလဲ။

၁၂ တခြား​သူတွေရဲ့ သိစိတ်ကို ထည့်​စဉ်းစားဖို့ လို​ကြောင်း ပေါလု ဒီလို​ရေး​တယ်– “ညီအစ်ကို​အတွက် တိုက်မိ​လဲစရာ ဖြစ်စေမယ်​ဆိုရင် အသား​စားတာ​ဖြစ်စေ၊ ဝိုင်​သောက်​တာ​​ဖြစ်စေ ဘာကိုမှ မလုပ်​တာ အကောင်းဆုံး​ပါ​ပဲ။” (ရော. ၁၄:၂၁) ကိုယ်​နဲ့ သိစိတ်​ချင်း မတူ​တဲ့ ညီအစ်ကို,ကို တိုက်မိ​လဲ​စေမယ်​ဆိုရင် ကိုယ့်​လုပ်ပိုင်ခွင့်​ကို လိုလိုလားလား စွန့်လွှတ်​မလား။ စွန့်လွှတ်​မှာ သေချာ​ပါတယ်။ ညီအစ်ကို​တချို့ဟာ အမှန်တရား မ​ရ​ခင်​တုန်း​က အရက် အလွန်အကျွံ သောက်ခဲ့​သူတွေ ဖြစ်တယ်။ အခုတော့ လုံးဝ ရှောင်​ဖို့ ဆုံးဖြတ်​ထားတယ်။ အကျင့်​ဟောင်း ပြန်​ကျင့်​မိအောင် ကျွန်တော်တို့ တွန်းအားပေး​ချင်​မှာ မဟုတ်ပါဘူး။ (၁ ကော. ၆:၉၊ ၁၀) ဒါကြောင့် အိမ်ရှင်​အနေနဲ့ အရက်​မ​သောက်​ချင်တဲ့ ညီအစ်ကို,ကို သောက်ဖို့ ဖိအား​ပေးတာ မေတ္တာမဲ့​ရာ​ကျ​ပါတယ်။

၁၃။ တခြား​သူတွေ သတင်းကောင်း လက်ခံ​လာ​အောင် တိမောသေ ဘယ်လို ပုံသက်သေ​ကောင်း ပြခဲ့​သလဲ။

၁၃ အသက် ၂၀ ဝန်းကျင် လူငယ် တိမောသေ​ဟာ နာကျင်​ပေ​မဲ့ အရေဖျားဖြတ်​ခဲ့​တယ်။ ဒါဟာ သူ​သွား​ဟောပြော​မ​ယ့် ဂျူးတွေ​အတွက် အရေးကြီး​မှန်း သိလို့​ပဲ။ တမန်တော်​ပေါလု​လို​ပဲ တခြား​သူတွေကို တိမောသေ တိုက်မိ​မလဲ​စေချင်ဘူး။ (တ. ၁၆:၃။ ၁ ကော. ၉:၁၉-၂၃) တိမော​သေလို​ပဲ သင်လည်း တခြား​သူတွေရဲ့ အကျိုး​အတွက် လိုလို​လားလား ကိုယ်ကျိုးစွန့်​မလား။

“ရင့်ကျက်တဲ့​အဖြစ်​ကို တက်လှမ်း​ကြ”

၁၄၊ ၁၅။ (က) ရင့်ကျက်မှု​မှာ ဘာ​ပါဝင်​သလဲ။ (ခ) တခြား​သူတွေကို မေတ္တာပြ​ခြင်းက ရင့်ကျက်မှု​နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

၁၄ ခရစ်ယာန်​အားလုံး “ခရစ်တော်​နဲ့​ဆိုင်တဲ့ အခြေခံ​အယူဝါဒ​တွေ​ကို ချန်​ထားပြီး ရင့်ကျက်တဲ့​အဖြစ်​ကို တက်လှမ်း” သင့်တယ်။ (ဟီ. ၆:၁) ဒါဟာ အလိုလို ဖြစ်လာတာ​တော့ မဟုတ်ဘူး။ “တက်လှမ်း” နေဖို့၊ ဆက်ကြိုးစား​နေဖို့ လိုတယ်။ ရင့်ကျက်ခြင်း​မှာ အသိပညာနဲ့ ထိုးထွင်းဉာဏ် တိုးများ​အောင် လုပ်ဆောင်ခြင်း ပါဝင်တယ်။ ဒါကြောင့် နေ့တိုင်း ကျမ်းစာ​ဖတ်ဖို့ လိုတယ်။ (ဆာ. ၁:၁-၃) အဲဒီလို​ဖတ်ဖို့ ပန်းတိုင်​ထား​သလား။ ကျမ်းစာ​ဖတ်​ခြင်းက ယေဟော​ဝါရဲ့ ပညတ်​နဲ့ မူတွေကို ပို​နားလည်စေတယ်။

၁၅ ခရစ်ယာန်တွေ​အတွက် အရေးကြီးဆုံး​ပညတ်​ဟာ မေတ္တာ​ပညတ်ပဲ။ “အချင်းချင်း ချစ်​မယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​တပည့်တွေ​ပဲ​ဆိုတာ လူတွေ​သိ​လိမ့်​မယ်” လို့ တပည့်တွေ​ကို ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) မေတ္တာကို “တော်ဝင်​ပညတ်” လို့ တပည့်တော်​ယာကုပ် ခေါ်ခဲ့​တယ်။ (ယာ. ၂:၈) “မေတ္တာ​ထားတာဟာ ပညတ်​အားလုံးကို လိုက်နာ​နေတာ​ပဲ” လို့ ပေါလု ပြောတယ်။ (ရော. ၁၃:၁၀) “ဘုရားသခင်​ဟာ ချစ်ခြင်းမေတ္တာ​ဖြစ်” တယ်​လို့ ကျမ်းစာမှာ ပြောတဲ့​အတွက် မေတ္တာကို အလေးပေး​ထားတာ မဆန်းပါဘူး။ (၁ ယော. ၄:၈) ဘုရားသခင့်​မေတ္တာ​ဟာ ခံစားချက်​သက်​သက် မဟုတ်ဘူး။ “ဘုရားသခင်က တစ်ဦးတည်းသော​သားကို ဒီ​လောက​ဆီ စေလွှတ်​ပြီး သူ့​အားဖြင့် အသက်​လမ်း ဖွင့်​ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်​မှန်း ပေါ်လွင်​ထင်ရှားတယ်” လို့ ယောဟန် ရေးခဲ့တယ်။ (၁ ယော. ၄:၉) ဘုရားသခင့်​မေတ္တာ​က လုပ်ဆောင်ဖို့ လှုံ့ဆော်​ပေးတယ်။ ယေဟော​ဝါ၊ သားတော်၊ ညီအစ်ကို/မတွေ​အပြင် လူသားချင်း​ကို ချစ်ကြောင်း ပြတာ​ဟာ ခရစ်ယာန် ရင့်ကျက်မှု ရှိကြောင်း အထောက်အထား​ပါ​ပဲ။—မ. ၂၂:၃၇-၃၉

ကျမ်းစာ​မူတွေကို ဆင်ခြင်မယ်​ဆိုရင် သိစိတ်​ဟာ ပို​စိတ်ချ​ရတဲ့ လမ်းညွှန်​ဖြစ်လာ (အပိုဒ် ၁၆ ကို​ကြည့်ပါ)

၁၆။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာ​လေ မူတွေကို ဘာကြောင့် ပို​တန်ဖိုးထား​လေ ဖြစ်သလဲ။

၁၆ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာ​လေ မူတွေကို ပို​တန်ဖိုးထား​လေ​ပဲ။ ပညတ်​တွေဟာ သတ်သတ်မှတ်မှတ် အခြေအနေတွေ​နဲ့​ပဲ သက်​ဆိုင်တယ်။ မူတွေ​က​တော့ ပို​ကျယ်ပြန့်​တယ်။ ဥပမာ၊ မကောင်းတဲ့ အပေါင်းအသင်း​ရဲ့ အန္တရာယ်​အကြောင်း ကလေးငယ်​တစ်ယောက် နားမလည်​သေး​တဲ့​အတွက် မိဘတွေက စည်းကမ်းတွေ ထုတ်ပြီး ကာကွယ်ပေး​ရတယ်။ (၁ ကော. ၁၅:၃၃) ဒါပေမဲ့ ကလေး ကြီးပြင်းလာတာ​နဲ့အမျှ စဉ်းစားတတ်​လာပြီး ကျမ်းစာ အခြေခံ​မူတွေကို ဆင်ခြင်လာနိုင်တယ်။ ဒီလိုနဲ့ အပေါင်းအသင်း​ကို ပညာရှိရှိ ရွေးချယ်​တတ်​လာတယ်။ (၁ ကောရိန္သု ၁၃:၁၁။ ၁၄:၂၀ ကိုဖတ်ပါ။) ကျမ်းစာ​မူတွေကို ဆင်ခြင်တဲ့အခါ သိစိတ်​ဟာ ဘုရားသခင့် အတွေးအခေါ်နဲ့ ပို​ကိုက်ညီ​ပြီး ပို​စိတ်ချ​ရတဲ့ လမ်းညွှန် ဖြစ်လာတယ်။

၁၇။ ပညာရှိ​ဆုံးဖြတ်ချက်​တွေ ချဖို့ လိုအပ်​တာတွေကို ရထားတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၇ ယေဟော​ဝါ နှစ်သက်တဲ့ ပညာရှိ​ဆုံးဖြတ်ချက်​တွေ ချဖို့ လိုအပ်တာ​မှန်သမျှ ရထား​သလား။ ရထား​ပါတယ်။ ကျမ်းစာမှာ​ပါတဲ့ ပညတ်​တွေ၊ မူတွေကို​ ကျွမ်းကျွမ်း​ကျင်ကျင် သုံး​ခြင်းအားဖြင့် “မွန်မြတ်တဲ့​အလုပ်​ အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်း​ပြည့်ဝ​လာပြီး လုံးလုံး​လျားလျား အသင့်​ဖြစ်နေ​လိမ့်​မယ်။” (၂ တိ. ၃:၁၆၊ ၁၇) ဒါကြောင့် “ယေဟော​ဝါရဲ့ အလိုတော်ကို သိနားလည်” ဖို့ ကျမ်းစာ​မူတွေကို ရှာဖွေ​ပါ။ (ဧ. ၅:၁၇) ယေဟော​ဝါသက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန်၊ ကင်းမျှော်စင် စာကြည့်တိုက်၊ အွန်လိုင်း ကင်းမျှော်စင် စာကြည့်တိုက်JW Library app စတဲ့ လေ့လာမှု အထောက်အကူ​တွေ​ကို ကောင်းကောင်း အသုံးပြုပါ။ အဲဒါတွေ​က ကိုယ်ပိုင်​နဲ့ မိသားစု လေ့လာမှုက​နေ အကျိုး​အများဆုံး ရရှိစေ​နိုင်တယ်။

ကျမ်းစာနဲ့​လေ့ကျင့်​ထားတဲ့ သိစိတ်​က ကောင်းချီးတွေ ရစေ

၁၈။ ယေဟော​ဝါရဲ့ ပညတ်​တွေ၊ မူတွေ​နဲ့အညီ လုပ်ဆောင်​ရင် ဘာ​ကောင်းချီးတွေ ရမလဲ။

၁၈ ယေဟော​ဝါရဲ့ ပညတ်​နဲ့ မူတွေကို လိုက်နာခြင်း​ရဲ့ ကောင်းချီးတွေ​အကြောင်း ဆာလံ ၁၁၉:၉၇-၁၀၀ မှာ ဒီလို​ဖတ်​ရတယ်– “ပညတ်တော်ကို အလွန်​နှစ်သက်​ပါတယ်။ တစ်နေ့​လုံး စဉ်းစားဆင်ခြင်ပါတယ်။ ပညတ်ချက်​တွေ ကိုယ်​နဲ့​မ​ကွာ အမြဲ​ရှိနေ​လို့ ကျွန်တော်ဟာ​ ရန်သူ​တွေ​ထက် ဉာဏ်ပညာ ရှိ​လာတယ်။ သတိပေးချက်​တွေ​ကို စဉ်းစားဆင်ခြင်လို့​ ဆရာ​အပေါင်း​တို့ထက် ထိုးထွင်းဉာဏ် ပို​ရှိ​လာတယ်။ အမိန့်တော်​တွေ​ကို စောင့်ထိန်း​လို့​ အသက်ကြီး​သူတွေ​ထက် သိနားလည်နိုင်စွမ်း​နဲ့ လုပ်ဆောင်​နိုင်တာ​ပါ။” ဘုရားသခင့် ပညတ်​တွေ၊ မူတွေကို အချိန်​ယူ “စဉ်းစားဆင်ခြင်” မယ်​ဆိုရင် ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ သိနားလည်မှု​နဲ့အညီ လုပ်ဆောင်လာ​နိုင်မယ်။ ပညတ်​တွေ၊ မူတွေ​အားဖြင့်​ သိစိတ်​ကို လေ့ကျင့်ပေး​ဖို့ ဝီရိယ​ရှိ​ရှိ ကြိုးစား​မယ်​ဆိုရင် “ခရစ်တော်​လို လုံးလုံးလျားလျား ရင့်ကျက်တဲ့​အဖြစ်​ကို ရောက်ရှိ” နိုင်ပါတယ်။—ဧ. ၄:၁၃