မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

“ပညတ်တရား​မှာ သေဆုံး​သွားပြီ” လို့ တမန်​တော် ပေါလု ပြော​တာ ဘာကို ဆိုလို​သလဲ။—ဂလ. ၂:၁၉

“ကျွန်တော်​ဟာ ပညတ်တရား​မှာ သေဆုံး​သွားပြီ။ အဲဒီလို သေဆုံး​သွား​လို့ ဘုရားသခင်​အတွက် အသက်ရှင်​လာပြီ” လို့ ပေါလု ပြော​တယ်။—ဂလ. ၂:၁၉

ပေါလု ပြော​တဲ့​အချက်​က ရောမ​နယ်၊ ဂလာတိ​မှာ ရှိတဲ့ အသင်းတော်​ဆီ ရေး​တဲ့ အဓိက​အချက်​နဲ့ ကိုက်ညီတယ်။ ခရစ်ယာန်​တချို့ဟာ အယူမှား ဆရာတွေရဲ့ လွှမ်းမိုးမှု ခံ​နေ​ရတယ်။ ကယ်တင်ခြင်း ရဖို့ မောရှေ​ပညတ်​ကို လိုက်ရမယ်၊ အထူးသဖြင့် အရေဖျား​ ဖြတ်ခြင်း ပညတ်​ကို လိုက်ရမယ်​လို့ သွန်သင်​နေကြ​တယ်။ ဒါပေမဲ့ ဘုရား​က အရေဖျား ဖြတ်​ဖို့ မတောင်းဆို​တော့​ဘူးဆို​တာ ပေါလု သိတယ်။ အဲဒီ​သွန်သင်ချက်​တွေ မှား​ကြောင်း အခိုင်အမာ ထောက်ပြ​ပြီး ယေရှုခရစ်ရဲ့ ရွေးဖိုး​အပေါ် ယုံကြည်ခြင်း ခိုင်မာ​လာအောင် ညီအစ်ကို​တွေ​ကို အားပေးခဲ့တယ်။—ဂလ. ၂:၄။ ၅:၂

လူတစ်ယောက် သေဆုံး​သွားပြီ​ဆိုရင် ဘာမှ မသိတော့ဘူး​လို့ ကျမ်းစာ​မှာ ရှင်းရှင်းလင်းလင်း ပြော​ထား​တယ်။ (ဒေ. ၉:၅) ဒါကြောင့် “ကျွန်တော်​ဟာ ပညတ်တရား​မှာ သေဆုံး​သွားပြီ” လို့ ပေါလု ပြော​တာ​က မောရှေ​ပညတ်​နဲ့ ဘာမှ မသက်ဆိုင်​တော့​ဘူးလို့ ဆိုလိုတယ်။ အဲဒီအစား ရွေးဖိုး​ပူဇော်သက္ကာ​ကို ယုံကြည်လို့ “ဘုရားသခင်​အတွက် အသက်ရှင်​လာပြီ” ဆိုတာ ပေါလု စိတ်ချ​တယ်။

“ပညတ်တရား” ကြောင့် ပေါလု အဲဒီလို ပြောင်းလဲ​သွားတာ။ “ပညတ်​စောင့်ထိန်း​လို့ မဟုတ်ဘဲ ယေရှု​ခရစ်​ကို ယုံကြည်လို့​သာ ဖြောင့်မတ်​သူ​အဖြစ် သတ်မှတ်​ခံရ​တယ်” ဆိုပြီး ပေါလု ရှင်းပြ​တယ်။ (ဂလ. ၂:၁၆) ပညတ်​တရားဟာ အရေးကြီး တာဝန်ကို ပြီးမြောက်​စေ​ခဲ့တယ်။ “ကတိထားရာ မျိုးနွယ် မပေါ်ထွန်း​ခင် လူတွေရဲ့ အပြစ်ကို ဖော်ပြ​ဖို့ ပညတ်တရား​ကို ထပ်​ပေး​ခဲ့​တာ​ပါ” လို့ ဂလာတိ အသင်းတော်ကို ပေါလု ပြော​တယ်။ (ဂလ. ၃:၁၉) မစုံလင်​တဲ့၊ အပြစ်​ရှိတဲ့ လူသားတွေဟာ ပညတ်တရား​ကို အပြည့်အဝ မလိုက်လျှောက်​နိုင်​ကြောင်း၊ တစ်ကြိမ်​တည်း​နဲ့ အပြီး​ ပူဇော်​ပေး​မယ့် ပြည့်ဝ​စုံလင်​တဲ့ ပူဇော်သက္ကာ လိုအပ်ကြောင်း ပညတ်တရား​က ပေါ်လွင်​စေတယ်။ ယေရှုဟာ “ကတိ​ထား​ရာ မျိုးနွယ်” ဖြစ်​ကြောင်း လူတွေ နားလည်အောင် ကူညီ​ပေးတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ယေရှု​ခရစ်​ကို ယုံကြည်ခြင်း​အားဖြင့် ဖြောင့်မတ်​တယ်လို့ သတ်မှတ်​ခံရ​နိုင်​မယ်။ (ဂလ. ၃:၂၄) ပေါလု​ဟာ ပညတ်တရား​ကြောင့်​သာ ယေရှုကို ယုံကြည်​လက်ခံ​လာတယ်။ ဒါ​ကြောင့် ဖြောင့်မတ်​တယ်လို့ သတ်မှတ်​ခံ​ခဲ့​ရတယ်။ “ပညတ်တရား​မှာ သေဆုံး” ပြီး “ဘုရားသခင်​အတွက် အသက်ရှင်​လာ” တယ်။ ပညတ်တရား​ရဲ့ ချုပ်ကိုင်​မှု​အောက် မရှိတော့ဘဲ ဘုရား​ရဲ့ ချုပ်ကိုင်​မှု​အောက် ရောက်သွား​တယ်။

ရောမ အသင်းတော်ကို ရေး​တဲ့​စာ​မှာလည်း အလားတူ​အချက်​ကို ပေါလု ရှင်းပြတယ်။ “ညီအစ်ကို​တို့၊ ခင်ဗျား​တို့​လည်း ပညတ်တရား​အောက်မှာ ရှိခဲ့တယ်။ အခုတော့ ခရစ်တော်​ရဲ့ ပူဇော်သက္ကာ​ကြောင့် ပညတ်တရား​အောက်​ကနေ ကင်းလွတ်​သွားပြီ။ . . . ကျွန်တော်​တို့ ပညတ်တရား​အောက်​ကနေ လွတ်မြောက်​လာပြီ ဖြစ်လို့ ပညတ်တရား​ရဲ့ အချုပ်အနှောင်​ကနေ လွတ်မြောက်​လာပြီ။” (ရော. ၇:၄၊ ၆) ဒါ​ကြောင့် ဂလာတိ ၂:၁၉ မှာ ပေါလု​က ပညတ်တရား​အောက်မှာ အပြစ်သား​အဖြစ် သေဆုံး​တာ​ကို ပြော​နေတာ မဟုတ်ဘူး။ ပညတ်တရား​အောက်​ကနေ လွတ်မြောက်​တာ​ကို ပြော​နေတာ ဖြစ်တယ်။ ပေါလု​နဲ့ တခြား​သူတွေဟာ ခရစ်တော်​ရဲ့ ရွေးဖိုး​ကို ယုံကြည်တဲ့​အတွက် ပညတ်တရား အောက်မှာ မရှိတော့ဘဲ လွတ်မြောက်​သွားပြီ။