မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ယေရှု​ခေတ်​မှာ ဘယ်​အခွန်တွေ ပေးဆောင်​ရသလဲ

အစောပိုင်း​အချိန်​ကတည်းက အစ္စရေး​တွေ​ဟာ စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်ပံ့ဖို့ ငွေပေး​ရတာတွေ ရှိတယ်။ ဒါပေမဲ့ ယေရှု​ခေတ်​မှာ ဂျူး​တွေ ပေး​ရတဲ့ အခွန်​အခ များ​လာလို့ ဝန်ထုပ်ဝန်ပိုး ဖြစ်​လာတယ်။

အရွယ်ရောက်​ပြီး​သား ဂျူး​အမျိုးသား အားလုံး​ဟာ ဗိမာန်တော်ကို ထောက်ပံ့ဖို့ ဒရက်မာ နှစ်ပြား ပေးဆောင်​ရတယ်။ ပထမ​ရာစု​မှာ အဲဒီ​ငွေ​တွေ​ကို ပူဇော်သက္ကာ​တွေ​အတွက်၊ ဟေရုဒ်​ တည်ဆောက်​ခဲ့​တဲ့ ဗိမာန်တော်ကို ထိန်းသိမ်းဖို့​အတွက် သုံးတယ်။ ယေရှု ဗိမာန်တော်​အခွန် မပေးဘူး​လားလို့ ပေတရု​ကို ဂျူး​တချို့ မေးတယ်။ ဗိမာန်တော်​အခွန် ပေး​တာ မှားတယ်လို့ ယေရှု မပြောဘူး။ ငွေ​တစ်ပြား ပေးဖို့​တောင် ပေတရု​ကို မှာတယ်။—မ. ၁၇:၂၄-၂၇

ဘုရား​လူမျိုးဟာ ဆယ်ဖို့တစ်ဖို့​လည်း ပေး​ရတယ်။ လယ်ထွက်​သီးနှံ ဒါမှ​မဟုတ် ဝင်ငွေ ဆယ်ပုံ​တစ်ပုံ​ကို ဆိုလိုတယ်။ (ဝတ်. ၂၇:၃၀-၃၂။ တော. ၁၈:၂၆-၂၈) “ပင်​စိမ်း၊ စမုန်​စပါး၊ ဇီရာ” စတဲ့ ကောက်ပဲ​သီးနှံ​တိုင်း​အတွက် ဆယ်ဖို့​တစ်ဖို့ တိတိကျကျ ပေးဖို့ ဘာသာရေး ခေါင်းဆောင်​တွေ အတင်းအကျပ် တောင်းဆို​တယ်။ ဆယ်ဖို့​တစ်ဖို့ ပေး​တာ​ကို ယေရှု အပြစ်မတင်​ပေမဲ့ ကျမ်းတတ်​နဲ့ ဖာရိရှဲတွေ​ရဲ့ အယောင်ဆောင်​မှု​ကို​တော့ ဖော်​ထုတ်တယ်။—မ. ၂၃:၂၃

ဂျူး​တွေ​ဟာ အဲဒီခေတ်​မှာ အုပ်ချုပ်​နေတဲ့ ရောမတွေကို​လည်း အခွန် ပေး​ရတယ်။ အခွန်​တစ်ခု​က​တော့ မြေပိုင်ရှင်​တွေ​ဟာ ငွေသား​နဲ့​ဖြစ်စေ၊ ထွက်ကုန်​နဲ့​ဖြစ်စေ မြေ​ခွန် ပေး​ရတယ်။ ခန့်မှန်းခြေ​အားဖြင့် မြေ​ထွက်​သီးနှံ​ရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်း​အထိ ပေး​ရတယ်။ ဒါ့အပြင် ဂျူး​ယောက်​တိုင်း​ဟာ လူ​ခွန်​လည်း ပေး​ရတယ်။ ဖာရိရှဲတွေ ယေရှုကို မေးခွန်းထုတ်​တာ အဲဒီ​အခွန်​ကိစ္စ ဖြစ်တယ်။ “ဆီဇာ​နဲ့​ဆိုင်​တာ ဆီဇာ​ကို ပေး​ပါ။ ဘုရားသခင်​နဲ့​ဆိုင်​တာ ဘုရားသခင်​ကို ပေး​ပါ” ဆိုတဲ့ ယေရှုရဲ့ အဖြေ​က အခွန်​နဲ့​ပတ်သက်​တဲ့ အမြင်မှန်​ကို ဖော်ပြ​တယ်။—မ. ၂၂:၁၅-၂၂

ကုန်သည်​တွေ​ဟာ နယ်မြေ အဝင်အထွက်​အတွက်​လည်း အခွန် ပေး​ရတယ်။ အဲဒီ​ထဲမှာ ဆိပ်ကမ်း​ခွန်၊ တံတား​ကြေး၊ လမ်း​ကြေး၊ မြို့​ဝင်​ကြေး၊ ဈေး​ခွန်​တွေ ပါဝင်​တယ်။

ရောမ အုပ်ချုပ်မှု​အောက်မှာ လူတွေ ပေး​ရတဲ့ အခွန်​အခ သိပ်​များ​တယ်။ ရောမ သမိုင်း​ပညာရှင် တက်စီတပ်စ် အဆို​အရ ယေရှု အသက်ရှင်​ချိန်၊ ရောမ ဧကရာဇ် တိဗေရိ အုပ်ချုပ်ချိန်​အတွင်း “အခွန် များ​လွန်းလို့ လျှော့ပေါ့​ပေးဖို့ ဆီးရီးယား​နဲ့ ယုဒ​တွေ တောင်းဆို​ခဲ့​ကြတယ်။”

အခွန်ကောက်​တဲ့ ပုံစံ​က​လည်း လူတွေကို ပို​အခက်တွေ့​စေတယ်။ အခွန်ကောက်​တဲ့ အလုပ်ကို လေလံ​တင်​လေ့ ရှိတယ်။ ငွေ​အများဆုံး ပေး​နိုင်​သူက အလုပ်​ရပြီး တကယ် အခွန်ကောက်​မယ့်​သူတွေကို ပြန်​ငှား​တယ်။ သူတို့က ကိုယ့်​အတွက် အမြတ်​ကျန်​ဖို့ ပို​ကောက်ကြ​တယ်။ ဇက်ခဲ​ရဲ့ လက်အောက်​မှာ အဲဒီလို အခွန်ကောက်​သူတွေ ရှိ​ပုံ​ရတယ်။ (လု. ၁၉:၁၊ ၂) ဒါကြောင့် အခွန်ကောက်​သူတွေကို လူတွေ မကြိုက်​ကြ​တာ နားလည်​နိုင်​ပါ​တယ်။