မိဘတို့၊ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာရှိစေ’ ဖို့ သားသမီးတွေကို ကူညီပေးပါ
“သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက မင်းသိရှိခဲ့တယ်။ အဲဒီကျမ်းစာဟာ ဉာဏ်ပညာ ရှိစေနိုင်တယ်။ . . . ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။”—၂ တိ. ၃:၁၅။
၁၊ ၂။ သားသမီးတွေ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံချင်တဲ့အခါ မိဘတချို့ ဘာကြောင့် စိုးရိမ်မိနိုင်သလဲ။
ကျမ်းစာသင်သား ထောင်ပေါင်းများစွာဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံကြတယ်။ အမှန်တရားထဲမှာ ကြီးပြင်းလာပြီး အကောင်းဆုံး ဘဝလမ်းစဉ်ကို ရွေးချယ်တဲ့လူငယ်တွေ များကြတယ်။ (ဆာ. ၁:၁-၃) သင်ဟာ ခရစ်ယာန်မိဘ ဖြစ်မယ်ဆိုရင် ကိုယ့်သားသမီး နှစ်ခြင်းခံမယ့်နေ့ကို စောင့်မျှော်နေမှာ သေချာတယ်။—၃ ယောဟန် ၄ နဲ့ နှိုင်းယှဉ်ပါ။
၂ ဒါပေမဲ့ ပူပန်စရာတွေ ရှိနိုင်တယ်။ နှစ်ခြင်းခံပြီးမှ ဘုရားသခင့် စံနှုန်းတွေအတိုင်း နေထိုင်တာက ပညာရှိရာရောက်ရဲ့လားလို့ မေးခွန်းထုတ်တဲ့ လူငယ်တချို့ကို တွေ့ဖူးတာ ဖြစ်နိုင်တယ်။ အတော်များများက အမှန်တရားလမ်းကိုတောင် စွန့်သွားကြတယ်။ ဒါကြောင့် ကိုယ့်သားသမီး ခရစ်ယာန်လမ်းစဉ်ကို စတင်လိုက်လျှောက်ပြီးမှ ပြောင်းလဲသွားမှာ၊ ရှိခဲ့ဖူးတဲ့ အမှန်တရား ချစ်မြတ်နိုးစိတ် ပျောက်သွားမှာကို စိုးရိမ်မိနိုင်တယ်။ ‘ကနဦးမေတ္တာ ပျက်ပြယ်သွားပြီ’ လို့ ယေရှု ပြောခဲ့တဲ့ ပထမရာစု ဧဖက်အသင်းတော်သားဗျာ. ၂:၄) အဲဒီလို မဖြစ်ဖို့၊ ကိုယ့်သားသမီး “ကြီးထွားလာပြီး ကယ်တင်ခြင်း ရ” ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ (၁ ပေ. ၂:၂) အဖြေရဖို့ တိမောသေရဲ့ ပုံနမူနာကို သုံးသပ်ကြည့်ကြစို့။
တွေလို ဖြစ်သွားနိုင်တယ်။ (‘သမ္မာကျမ်းစာကို မင်းသိရှိခဲ့တယ်’
၃။ (က) ဘယ်အခြေအနေတွေအောက်မှာ တိမောသေ ခရစ်ယာန် ဖြစ်လာသလဲ။ ခရစ်ယာန် သွန်သင်ချက်တွေကို ဘယ်လို တုံ့ပြန်ခဲ့သလဲ။ (ခ) ဘယ်ကဏ္ဍသုံးခုအကြောင်း တိမောသေကို ပေါလု ဖော်ပြခဲ့သလဲ။
၃ အေဒီ ၄၇ လောက်မှာ ဖြစ်ပုံရတယ်။ လုတ္တရမြို့ကို တမန်တော်ပေါလု ပထမအကြိမ် လည်ပတ်ချိန်မှာ ခရစ်ယာန်ဘာသာအကြောင်း တိမောသေ စသိလာတယ်။ အဲဒီအချိန်တုန်းက တိမောသေဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိဦးမယ်။ ဒါပေမဲ့ သိလာတာတွေကို လက်တွေ့ကျင့်သုံးခဲ့တယ်။ နှစ်နှစ်အကြာမှာ ပေါလုရဲ့ ခရီးသွားဖော် ဖြစ်လာတယ်။ အဲဒီနောက် ၁၆ နှစ်လောက်ကြာတော့ တိမောသေဆီ ပေါလု စာရေးတယ်– “မင်းကတော့ သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။ အဲဒါတွေကို ဘယ်သူတွေဆီက သင်ယူခဲ့မှန်း မင်းသိပါတယ်။ သမ္မာကျမ်းစာ [ဟီဘရူးကျမ်းစောင်တွေ] ကို နို့စို့အရွယ်ကတည်းက မင်းသိရှိခဲ့တယ်။ အဲဒီကျမ်းစာဟာ ဉာဏ်ပညာရှိစေနိုင်တယ်။ ခရစ်တော်ယေရှုကို မင်းယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။” (၂ တိ. ၃:၁၄၊ ၁၅) (၁) သမ္မာကျမ်းစာကို သိရှိခြင်း၊ (၂) သင်ယူသိရှိခဲ့ရာတွေကို လက်ခံယုံကြည်ထားခြင်း၊ (၃) ခရစ်တော်ယေရှုကို ယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိခြင်းအကြောင်း ပေါလု ရေးခဲ့တာ သတိပြုပါ။
၄။ သားသမီးတွေကို သွန်သင်တဲ့အခါ ဘယ်ကိရိယာတွေ ထိရောက်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၄ ခရစ်ယာန်မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို ဟီဘရူးကျမ်းစောင်တွေ၊ ခရစ်ယာန်ဂရိကျမ်းစောင်တွေ ပါဝင်တဲ့ သမ္မာကျမ်းစာအကြောင်း သိစေချင်မှာပဲ။ ကလေးငယ်တွေတောင် စွမ်းရည်ပေါ်မူတည်ပြီး ကျမ်းစာမှာပါတဲ့ ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေအကြောင်း အခြေခံသဘောလောက် သိရှိနိုင်တယ်။ သားသမီးတွေကို ကူညီပေးဖို့ မိဘတွေ အသုံးပြုနိုင်တဲ့ ကိရိယာများစွာကို ယေဟောဝါရဲ့ အဖွဲ့အစည်းက ပြင်ဆင်ပေးထားတယ်။ ကိုယ့်ဘာသာစကားနဲ့ ရနိုင်တဲ့ ကိရိယာတချို့ကို စဉ်းစားကြည့်နိုင်မလား။ ယေဟောဝါနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ကျမ်းစာအသိပညာက အခြေခံကျတယ်ဆိုတာ သတိရပါ။
“လက်ခံယုံကြည်ထား”
၅။ (က) “လက်ခံယုံကြည်ထား” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ခ) ယေရှုနဲ့ပတ်သက်တဲ့ သတင်းကောင်းကို တိမောသေ လက်ခံယုံကြည်ကြောင်း ဘယ်လို သိရသလဲ။
၅ ကျမ်းစာအသိပညာဟာ အရေးကြီးတယ်။ ဒါပေမဲ့ သားသမီးတွေကို ကျမ်းစာပညာရေး သင်ပေးတယ်ဆိုရာမှာ ကျမ်းစာထဲက ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေအကြောင်း သင်ပေးရုံထက်မက ပါဝင်တယ်။ တိမောသေ “လက်ခံယုံကြည်” လာတယ်။ မူရင်းစကားအရ အဲဒီစကားစုဟာ “စိတ်ချတယ်၊” “တစ်စုံတစ်ရာ မှန်ကန်ကြောင်း ယုံကြည်တယ်၊ သေချာတယ်” ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဟီဘရူးကျမ်းစောင်တွေကို တိမောသေ ငယ်ငယ်ကတည်းက သိခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ မေရှိယ ဖြစ်ကြောင်း အထောက်အထားနဲ့တကွ ယုံကြည်လာတယ်။ တစ်နည်းဆိုရရင် အသိပညာကို ခံယူချက်နဲ့ အားဖြည့်ခဲ့ရတယ်။ သတင်းကောင်းနဲ့ပတ်သက်ပြီး တိမောသေရဲ့ ခံယူချက် အလွန်ခိုင်မာလာတာမို့ နှစ်ခြင်းခံတဲ့ တပည့် ဖြစ်လာပြီး သာသနာပြုလုပ်ငန်းမှာ ပေါလုနဲ့ လက်တွဲပါဝင်ခဲ့တယ်။
၆။ ဘုရားသခင့် နှုတ်မြွက်တော်ကနေ သိရှိလာတာတွေကို ယုံကြည်လက်ခံအောင် ကိုယ့်သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၆ သားသမီးတွေ တိမောသေလို လက်ခံယုံကြည်လာအောင် ခံယူချက် ဘယ်လို တည်ဆောက်ပေးနိုင်သလဲ။ ဦးဆုံး စိတ်ရှည်ပါ။ ခံယူချက်ဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်လက်ခံယုံကြည်လို့ သားသမီးတွေလည်း အလိုလို လက်ခံယုံကြည်လာမှာ မဟုတ်ဘူး။ ကျမ်းစာအမှန်တရားအကြောင်း ခံယူချက် ခိုင်မာလာစေဖို့ သားသမီးတိုင်း “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးရမယ်။ (ရောမ ၁၂:၁ ကို ဖတ်ပါ။) အထူးသဖြင့် ကလေးတွေ မေးခွန်းမေးတဲ့အခါ မိဘရဲ့ကဏ္ဍက အရေးကြီးတယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။
၇၊ ၈။ (က) ခရစ်ယာန် ဖခင်တစ်ယောက် သမီးကို သွန်သင်တဲ့အခါ စိတ်ရှည်မှု ဘယ်လို ပြခဲ့သလဲ။ (ခ) သင်ကော အလားတူ စိတ်ရှည်မှုမျိုး ပြဖို့ လိုသလား။
၇ အသက် ၁၁ နှစ်အရွယ် မိန်းကလေးရဲ့ ဖခင် သောမတ် ဒီလိုပြောတယ်– “‘ကမ္ဘာပေါ်မှာ သက်ရှိတွေ စတင်ဖို့ ဆင့်ကဲနည်းကို ယေဟောဝါ အသုံးပြုခဲ့သလား။’ ‘အခြေအနေတွေ တိုးတက်ကောင်းမွန်စေဖို့ လူမှုအသိုင်းအဝိုင်းမှာ၊ ဥပမာ၊ ရွေးကောက်ပွဲတွေမှာ ဘာကြောင့် မပါကြသလဲ’ လို့ ကျွန်တော့်သမီးက မေးတတ်တယ်။ တစ်ခါတလေ တရားသေအဖြေမျိုး မပေးမိဖို့ ကိုယ့်နှုတ်ကို ထိန်းထားရတယ်။ အရေးကြီးဆုံးကတော့ ခံယူချက်ဆိုတာ ကြီးမားတဲ့ အမှန်တရားတစ်ခုကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ သေးငယ်တဲ့ အထောက်အထားများစွာနဲ့ ဖြစ်လာတာ။”
၈ သောမတ် သိထားသလိုပဲ သွန်သင်ပေးတဲ့အခါ စိတ်ရှည်ရတယ်။ တကယ်တော့ စိတ်ရှည်ခြင်းဟာ ခရစ်ယာန်အားလုံးအတွက် အရေးကြီးတယ်။ (ကော. ၃:၁၂) အချိန်ကာလအတော်ကြာ အကြိမ်ကြိမ် ဆွေးနွေးဖို့ လိုအပ်ကြောင်း သောမတ် သဘောပေါက်တယ်။ သမီးဖြစ်သူ သိလာတာတွေကို ခံယူချက် ခိုင်မာလာဖို့ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ လိုတယ်။ “အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စတွေမှာ သမီးဟာ သိလာတာကို တကယ် ယုံကြည်ရဲ့လား၊ တကယ်နားလည်ရဲ့လားဆိုတာ ကျွန်တော်တို့ဇနီးမောင်နှံ သိချင်ကြတယ်။ သမီးက မေးခွန်း ထုတ်ရင် ကောင်းတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် သမီး ဘာမှ မမေးဘဲ လက်ခံလိုက်မှာကို စိုးရိမ်မိတယ်။”
၉။ သားသမီးတွေကို ဘုရားသခင့် နှုတ်မြွက်တော်အကြောင်း ဘယ်လို စိတ်စွဲမှတ်စေနိုင်သလဲ။
၉ မိဘတွေ စိတ်ရှည်စွာ သွန်သင်ပေးရင် သားသမီးတွေဟာ ယုံကြည်ခြင်းရဲ့ “အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို” တဖြည်းဖြည်း သဘောပေါက်လာနိုင်မယ်။ (ဧ. ၃:၁၈) သူတို့ရဲ့ အသက်အရွယ်၊ စွမ်းရည်နဲ့အညီ မျှော်လင့်နိုင်တယ်။ သိထားတာတွေကို လက်ခံယုံကြည်လာပြီဆိုရင် ကျောင်းနေဖက်တွေ အပါအဝင် တခြားသူတွေရှေ့မှာ ယုံကြည်ချက်ကို ခုခံကာကွယ်နိုင်စွမ်း တိုးများလာမယ်။ (၁ ပေ. ၃:၁၅) ဥပမာ၊ သေဆုံးတဲ့အခါ ဘာဖြစ်သွားတယ်ဆိုတာ သားသမီးတွေ ကျမ်းစာကနေ ရှင်းပြနိုင်သလား။ ကျမ်းစာရှင်းပြချက်ကို သူတို့ နားလည်ရဲ့လား။ * ဘုရားသခင့် နှုတ်မြွက်တော်ကို စိတ်စွဲမှတ်စေတဲ့အခါ စိတ်ရှည်ဖို့ လိုတယ်။ ဒါပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။—တရား. ၆:၆၊ ၇။
၁၀။ သားသမီးတွေကို သွန်သင်ပေးတဲ့အခါ ဘာအရေးကြီးသလဲ။
၁၀ ခံယူချက် တည်ဆောက်ပေးရာမှာ မိဘတွေရဲ့ ပုံသက်သေကလည်း အရေးကြီးတယ်။ သမီးသုံးယောက်ရဲ့ မိခင် စတက်ဖနီ ဒီလိုပြောတယ်– “ကလေးတွေ ငယ်ငယ်ကတည်းက ‘ယေဟောဝါ တည်ရှိကြောင်း၊ ဘုရားရဲ့ မေတ္တာ၊ ဘုရားရဲ့ နည်းလမ်းတွေ မှန်ကန်ကြောင်း ငါယုံကြည်ရတဲ့ အကြောင်းရင်းကို သားသမီးတွေကို ပြောပြသလား။ ယေဟောဝါကို ငါတကယ်ချစ်ကြောင်း သားသမီးတွေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ကိုယ်တိုင် မယုံကြည်ဘဲနဲ့ ကလေးတွေ ယုံကြည်မယ်လို့ မမျှော်လင့်နိုင်ဘူးလေ။”
‘ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိ’
၁၁၊ ၁၂။ ဉာဏ်ပညာဆိုတာ ဘာလဲ။ အသက်အရွယ်တစ်ခုတည်းနဲ့ပဲ ဘာကြောင့် မဆုံးဖြတ်နိုင်သလဲ။
၁၁ လေ့လာခဲ့ပြီးတဲ့အတိုင်း တိမောသေမှာ (၁) သမ္မာကျမ်းစာ အသိပညာ၊ (၂) ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ခံယူချက် ရှိတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက တိမောသေကို ‘ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိ’ စေနိုင်တယ်လို့ ပေါလု ဘာသဘောနဲ့ ပြောတာလဲ။
၁၂ ကျမ်းစာအရ ဉာဏ်ပညာမှာ “ပြဿနာတွေကို ဖြေရှင်းဖို့၊ အန္တရာယ်တွေကို ရှောင်ဖို့၊ ပန်းတိုင်ရောက်ဖို့၊ တခြားသူတွေကို အကြံပေးဖို့ အသိပညာနဲ့ သိနားလည်မှုကို အသုံးပြုနိုင်စွမ်း ပါဝင်တယ်။ မိုက်မဲမှုနဲ့တော့ ဆန့်ကျင်ဘက်ပဲ” လို့ ထိုးထွင်းအမြင်၊ အတွဲ ၂ မှာ ရှင်းပြထားတယ်။ “ကလေးရဲ့ စိတ်ထဲမှာ မိုက်မဲမှုဟာ အမြစ်တွယ်နေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၂၂:၁၅) မိုက်မဲမှုရဲ့ ဆန့်ကျင်ဘက် ဉာဏ်ပညာဟာ ရင့်ကျက်မှု အထောက်အထားတစ်ခု ဖြစ်တယ်။ ရင့်ကျက်မှုကို အသက်အရွယ်နဲ့ပဲ မဆုံးဖြတ်ဘူး။ ယေဟောဝါကို တော်မှန်စွာ ကြောက်ရွံ့ရိုသေခြင်း၊ အမိန့်တော်တွေကို လိုက်နာခြင်းနဲ့ပဲ ဆုံးဖြတ်တယ်။—ဆာလံ ၁၁၁:၁၀ ကိုဖတ်ပါ။
၁၃။ လူငယ်တစ်ယောက် ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိကြောင်း ဘယ်လို တင်ပြနိုင်သလဲ။
၁၃ ရင့်ကျက်တဲ့ လူငယ်တွေဟာ အလိုဆန္ဒတွေ၊ ရွယ်တူချင်း ဖိအားတွေကြောင့် “လေတိုက်ရာ၊ လှိုင်းပုတ်ရာ လွင့်ပါသွား” မှာ မဟုတ်ဘူး။ (ဧ. ၄:၁၄) “ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထား” ခြင်းအားဖြင့် တိုးတက်နေကြတယ်။ (ဟီ. ၅:၁၄) မိဘတွေ၊ တခြားလူကြီးတွေ ကြည့်မနေတဲ့အခါမျိုးမှာတောင် ပညာရှိ ဆုံးဖြတ်ချက်တွေ ချခြင်းအားဖြင့် ရင့်ကျက်မှုဘက် တိုးတက်နေကြတယ်။ (ဖိ. ၂:၁၂) အဲဒီဉာဏ်ပညာမျိုးဟာ ကယ်တင်ခြင်းအတွက် လိုအပ်တယ်။ (ပညာအလိမ္မာ ၂၄:၁၄ ကိုဖတ်ပါ။) ဉာဏ်ပညာရှိအောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ အရင်ဆုံး ကျမ်းစာ အခြေခံ စံနှုန်းတွေအကြောင်း သားသမီးတွေကို ရှင်းရှင်းလင်းလင်း ပြောပြပါ။ အပြောနဲ့ ပုံသက်သေအားဖြင့် ဘုရားသခင့် နှုတ်မြွက်တော်မှာပါတဲ့ စံနှုန်းတွေဟာ သင့်စံနှုန်းတွေ ဖြစ်ကြောင်း သိစေပါ။—ရော. ၂:၂၁-၂၃။
၁၄၊ ၁၅။ (က) နှစ်ခြင်းခံချင်တဲ့ လူငယ်တစ်ယောက် ကြီးလေးတဲ့ ဘယ်ကိစ္စတွေကို စဉ်းစားသင့်သလဲ။ (ခ) ဘုရားသခင့် ပညတ်တွေကို နာခံခြင်းရဲ့ ကောင်းချီးတွေအကြောင်း ဆင်ခြင်တတ်အောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄ ဒါပေမဲ့ သားသမီးတွေကို အမှား၊ အမှန် ပြောပြရုံထက်မက လိုအပ်တယ်။ ‘သွေးသားအတွက် နှစ်သက်စရာ ဖြစ်နိုင်တဲ့အရာတွေကို ကျမ်းစာမှာ ဘာကြောင့် တားမြစ်ထားသလဲ။ ကျမ်းစာစံနှုန်းတွေဟာ အမြဲ ကောင်းကျိုးပြုကြောင်း ဘာက ယုံကြည်စိတ်ချစေသလဲ’ စတဲ့ မေးခွန်းတွေကို ဆင်ခြင်တတ်အောင်လည်း ကူညီပေးရမယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။
၁၅ ခရစ်ယာန်တစ်ယောက်ရဲ့ တာဝန်တွေကို နှစ်ခြင်းခံချင်တဲ့ ကလေးတစ်ယောက် ဘယ်လို ယူဆကြောင်း ဆင်ခြင်တတ်အောင် ကူညီပေးသင့်တယ်။ ဘာအကျိုးကျေးဇူးတွေ ရမလဲ။ ဘာတွေ ပေးဆပ်ရမလဲ။ အကျိုးကျေးဇူးတွေဟာ ပေးဆပ်ရတာတွေထက် ဘယ်လို သာလွန်သလဲ။ (မာ. ၁၀:၂၉၊ ၃၀) အဲဒါတွေဟာ နှစ်ခြင်းခံပြီးတဲ့နောက် ကြုံရနိုင်တဲ့အရေးကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့် ဒီအရေးကြီးတဲ့ခြေလှမ်း မလှမ်းခင် အဲဒီအချက်တွေကို စဉ်းစားဖို့ အရေးကြီးတယ်။ နာခံမှုရဲ့ ကောင်းချီးတွေ၊ မနာခံမှုရဲ့ ဆိုးကျိုးတွေကို လေးလေးနက်နက် စဉ်းစားတတ်အောင် သားသမီးတွေကို ကူညီပေးတဲ့အခါ ကိုယ်ပိုင်ခံယူချက် ပိုခိုင်မာလာနိုင်တယ်။ ဘာခံယူချက်လဲ။ ကျမ်းစာစံနှုန်းတွေဟာ အမြဲတမ်း သူတို့အတွက် အကောင်းဆုံးဆိုတဲ့အချက်ပါပဲ။—တရား. ၃၀:၁၉၊ ၂၀။
နှစ်ခြင်းခံပြီးသား လူငယ် အခက်တွေ့တဲ့အခါ
၁၆။ နှစ်ခြင်းခံပြီးသား သားသမီး ယုံကြည်ခြင်း ယိမ်းယိုင်လာတဲ့အခါ မိဘတွေ ဘာလုပ်သင့်သလဲ။
၁၆ သားသမီး နှစ်ခြင်းခံပြီးတဲ့နောက် သံသယတွေ ဝင်လာရင် ဘယ်လို လုပ်မလဲ။ ဥပမာ၊ နှစ်ခြင်းခံပြီးသား ဆယ်ကျော်သက်ဟာ လောကမှာရှိတဲ့အရာတွေကို နှစ်သက်လာနိုင်တယ်။ ကျမ်းစာ စံနှုန်းတွေအတိုင်း နေထိုင်ခြင်းရဲ့ ပညာရှိမှုကို မေးခွန်း ထုတ်လာနိုင်တယ်။ (ဆာ. ၇၃:၁-၃၊ ၁၂၊ ၁၃) မိဘတစ်ယောက်အနေနဲ့ အဲဒီလိုကိစ္စတွေကို ကိုင်တွယ်ပုံက ကိုယ့်သားသမီးတွေကို ကိုယ့်ယုံကြည်ခြင်းနဲ့ ပိုနီးကပ်လာစေနိုင်တယ်၊ ပိုဝေးကွာသွားစေနိုင်တယ်ဆိုတာ သဘောပေါက်ထားပါ။ ကိုယ့်သားသမီး ငယ်ရွယ်သေးသည်ဖြစ်စေ၊ ဆယ်ကျော်သက်အရွယ် ရောက်ပြီဖြစ်စေ ဒီကိစ္စတွေကြောင့် အငြင်းမပွားဖို့ စိတ်ပိုင်းဖြတ်ထားပါ။ သင့်ပန်းတိုင်ဟာ နှစ်လို့ဖွယ်နည်းနဲ့ မေတ္တာပါစွာ ကူညီထောက်မပေးဖို့ ဖြစ်သင့်တယ်။
၁၇၊ ၁၈။ လူငယ်တစ်ယောက် သံသယဝင်တဲ့အခါ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၇ နှစ်ခြင်းခံပြီးသား လူငယ်ဟာ ယေဟောဝါဆီ အလေးအနက် ဆက်ကပ်အပ်နှံပြီးသား ဖြစ်တယ်။ အဲဒါက ဘုရားကို ချစ်ဖို့၊ ဘုရားအလိုတော်ကို အရာရာထက် ဦးစားပေးဖို့ ကတိပြုတာ ဖြစ်တယ်။ (မာကု ၁၂:၃၀ ကိုဖတ်ပါ။) အဲဒီကတိကို ယေဟောဝါ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ ကတိပြုတဲ့သူလည်း ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ (ဒေ. ၅:၄၊ ၅) သင့်တော်တဲ့အချိန်မှာ ဒီအကြောင်း သားသမီးကို ကြင်ကြင်နာနာ သတိပေးပါ။ ဒါပေမဲ့ သတိမပေးခင် မိဘတွေအတွက် ယေဟောဝါရဲ့ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ အကြောင်းအရာတွေကို ကောင်းစွာ အသုံးပြုပါ။ အဲဒါက ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းခံပြီးသား ခရစ်ယာန် ဖြစ်ခြင်းရဲ့ အရေးကြီးမှုနဲ့ ကောင်းချီးတွေကို အလေးပေးဖော်ပြဖို့ အုတ်မြစ်ချစေနိုင်မယ်။
၁၈ ဥပမာ၊ လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁ စာအုပ် နောက်ဆက်တွဲရဲ့ “မိဘများအမေး” မှာ အကူအညီဖြစ်စေတဲ့ အကြံပြုချက်တွေ တွေ့နိုင်တယ်။ ဒီလိုပြောထားတယ်– “ဆယ်ကျော်သက်ကလေးက သင့်ယုံကြည်ချက်ကို လက်မခံချင်တော့ဘူးလို့ ချက်ချင်း မဆုံးဖြတ်လိုက်ပါနဲ့။ အဲဒီလိုဖြစ်ရတာ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်တယ်။” ရွယ်တူချင်းဖိအားကြောင့် ဖြစ်နိုင်တယ်။ အထီးကျန်မှု၊ တခြားခရစ်ယာန်လူငယ်တွေက ဘုရားရေးရာဘက် ပိုတိုးတက်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့်လည်း ဖြစ်နိုင်တယ်။ “တကယ်တော့ အဲဒီအကြောင်းတွေက ယုံကြည်ချက်ရဲ့ အခြေခံသဘောတရားတွေနဲ့ ဘာမှမဆိုင်ဘူး။ အခုလောလောဆယ် ဖြစ်နေတာက ယုံကြည်ထားတဲ့အတိုင်း လိုက်လုပ်ဖို့ နည်းနည်းခက်နေရုံပဲ” လို့ နောက်ဆက်တွဲမှာ ဆက်ဖော်ပြထားတယ်။ ခံယူချက် ယိမ်းယိုင်နေတဲ့လူငယ်ကို ခရစ်ယာန်မိဘတွေ ကူညီပေးနိုင်တဲ့ အကြံပြုချက် အတော်များများကိုလည်း ဖော်ပြထားတယ်။
၁၉။ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာရှိ’ စေဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၉ မိဘတစ်ယောက်အနေနဲ့ သားသမီးတွေကို ‘ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်’ ဖို့ ကြီးလေးတဲ့တာဝန်နဲ့ အခွင့်ထူး ရရှိထားတယ်။ (ဧ. ၆:၄) လေ့လာခဲ့ပြီးတဲ့အတိုင်း ကျမ်းစာမှာ ပါတဲ့အရာတွေကို သွန်သင်ရုံလောက်သာမက သိရှိလာတာတွေအပေါ် ခံယူချက် ခိုင်မာလာအောင်လည်း ကူညီပေးဖို့ လိုတယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့၊ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုဖို့ လှုံ့ဆော်ပေးနိုင်လောက်အောင် ခံယူချက် ခိုင်မာဖို့ လိုအပ်တယ်။ ယေဟောဝါရဲ့ နှုတ်မြွက်တော်၊ စွမ်းအားတော်၊ မိဘအနေနဲ့ သင့်ကြိုးစားအားထုတ်မှုတို့က ‘ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိ’ ဖို့ သားသမီးတွေကို ကူညီပေးနိုင်ပါစေ။
^ စာပိုဒ်၊ 9 “သမ္မာကျမ်းစာ သွန်သင်ရာက ဘာလဲ” လေ့လာမှု လမ်းညွှန်တွေဟာ ကျမ်းစာအမှန်တရားအကြောင်း နားလည်ဖို့၊ ရှင်းပြဖို့ လူကြီးရော လူငယ်တွေအတွက်ပါ အလွန်ကောင်းတဲ့ ကိရိယာ ဖြစ်တယ်။ jw.org မှာ ဘာသာစကားများစွာနဲ့ ရနိုင်တယ်။ သမ္မာကျမ်းစာ သွန်သင်ချက်များ > ကျမ်းစာလေ့လာမှု ကိရိယာများ အောက်မှာ ကြည့်ပါ။