မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်ကို အမှီပြုပြီး မျှော်လင့်ပါတယ်”

“ဘုရားသခင်ကို အမှီပြုပြီး မျှော်လင့်ပါတယ်”

“နောက်ဆုံး​အာဒံ​ဟာ အသက်​ရှင်​စေတဲ့ ဝိညာဉ်​ပုဂ္ဂိုလ် ဖြစ်လာတယ်။” —၁ ကော. ၁၅:၄၅

သီချင်း– ၁၅၁၊ ၁၄၇

၁-၃။ (က) အဓိက ယုံကြည်ချက်​တွေ​ထဲမှာ ဘယ်​အချက်ကို ထည့်သွင်း​သင့်သလဲ။ (ခ) ရှင်ပြန်ထမြောက်ခြင်း ဘာကြောင့် အလွန်​အရေးကြီး​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

‘ခင်ဗျား ယုံကြည်ချက်​ရဲ့ အဓိက သွန်သင်ချက်​တွေ​က ဘာလဲ’ လို့ အမေး​ခံရ​တဲ့အခါ ဘယ်လို ဖြေမလဲ။ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်​ပေး​ရှင်​ဖြစ်ကြောင်း အလေးပေး​ပြောပြ​မှာ သေချာ​တယ်။ ရွေးဖိုး​အဖြစ် အသေခံ​ခဲ့တဲ့ ယေရှု​ခရစ်ကို ယုံကြည်​ကြောင်း​လည်း ပြောပြ​မှာပဲ။ ဘုရားသခင့်​လူမျိုး​တွေ ထာဝစဉ် နေထိုင်​မယ့် မြေကြီး ပရဒိသု​အကြောင်း ဝမ်းသာအားရ ထည့်​ပြောမှာ​ပဲ။ ဒါပေမဲ့ အမြတ်နိုးဆုံး ယုံကြည်ချက်​အဖြစ် ရှင်ပြန်ထမြောက်ခြင်း​ကို ဖော်ပြ​မလား။

ကြီးစွာသောဒုက္ခ​ကို ကပ်ကျော်​လွတ်မြောက်ပြီး ကမ္ဘာ​ပေါ် ထာဝစဉ် အသက်​ရှင်ဖို့ မျှော်လင့်​ရင်တောင် ရှင်ပြန်ထမြောက်ခြင်း​ကို အဓိက​သွန်သင်ချက်​ထဲ ထည့်သွင်း​ဖော်ပြ​သင့်တဲ့ အကြောင်းရင်း​တွေ ရှိ​ပါတယ်။ ရှင်ပြန်ထမြောက်ခြင်း​ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်​အတွက် အဓိကကျ​ရတဲ့ အကြောင်းရင်းကို တမန်တော်​ပေါလု ပြောပြ​တယ်– “လူသေ​တွေ ရှင်ပြန်ထမြောက်​မှာ မဟုတ်ဘူး​ဆိုရင် ခရစ်တော်​လည်း အသက်ပြန်ရှင်​လာ​မှာ မဟုတ်ဘူး။” ခရစ်တော် အသက်​ပြန်​မ​ရှင်​ရင် ဘုရင် ဖြစ်လာ​မှာ မဟုတ်ဘူး။ ဒါဆိုရင် ခရစ်တော် အုပ်ချုပ်မှု​နဲ့ပတ်သက်တဲ့ သွန်သင်ချက်​လည်း အချည်းနှီး ဖြစ်သွား​မယ်။ (၁ ကောရိန္သု ၁၅:၁၂-၁၉ ကိုဖတ်ပါ။) ယေရှု အသက်ပြန်ရှင်​ခဲ့​မှန်း ကျွန်တော်တို့ သိ​ကြ​တယ်။ ရှင်ပြန်ထမြောက်ခြင်း​ကို အခိုင်အမာ ငြင်းပယ်​တဲ့ ဂျူး​ဇဒ္ဒုကဲ​တွေနဲ့ ကျွန်တော်တို့ မတူ​ကြဘူး။ လှောင်ပြောင်​ခံရ​ရင်တောင် ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်​ကို အခိုင်အမာ ကိုင်စွဲ​ထား​ကြ​တယ်။—မာ. ၁၂:၁၈။ တ. ၄:၂၊ ၃။ ၁၇:၃၂။ ၂၃:၆-၈

“ခရစ်တော်​နဲ့​ဆိုင်တဲ့ အခြေခံ​အယူဝါဒ​တွေ” အကြောင်း ပေါလု ရေးတဲ့​အချိန်​မှာ “သေလွန်သူတွေ ရှင်ပြန်ထမြောက်ခြင်း . . . သွန်သင်ချက်” အကြောင်း​လည်း ထည့်​ရေးခဲ့တယ်။ (ဟီ. ၆:၁၊ ၂) ရှင်ပြန်ထမြောက်ခြင်း​ကို ယုံကြည်​ကြောင်း ပေါလု အလေးပေးခဲ့တယ်။ (တ. ၂၄:၁၀၊ ၁၅၊ ၂၄၊ ၂၅) ရှင်ပြန်ထမြောက်ခြင်း​ဟာ အခြေခံ​အယူဝါဒ၊ “ဘုရားသခင်ရဲ့ ဗျာဒိတ်တော်​နဲ့​ဆိုင်တဲ့ အခြေခံ​အကြောင်း” တစ်ခု​ဖြစ်လို့ ရိုးရှင်းတဲ့ သွန်သင်ချက် ဖြစ်တယ်လို့ မဆိုလို​ပါဘူး။ (ဟီ. ၅:၁၂) ဘာကြောင့်လဲ။

၄။ ရှင်ပြန်ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး ဘယ်​မေးခွန်း​တွေ ပေါ်လာ​နိုင်သလဲ။

လူတွေ ကျမ်းစာ စ​လေ့လာတဲ့အခါ လာဇရု အသက်ပြန်ရှင်​ခြင်း​စတဲ့ အတိတ်​က ရှင်ပြန်ထမြောက်ခြင်း​မှတ်တမ်း​တွေကို ဖတ်​ကြရတယ်။ သေလွန်သူတွေ အနာဂတ်မှာ အသက်ပြန်ရှင်​လာမယ်​လို့ အာဗြဟံ၊ ယောဘ၊ ဒံယေလ​တို့ ယုံကြည်​ကြောင်း သိလာ​ကြ​တယ်။ ဒါပေမဲ့ ရှင်ပြန်ထမြောက်ခြင်း​ကတိ​တွေဟာ နှစ်ပေါင်း​များစွာ၊ ရာစုနှစ်​နဲ့​ချီ ကြာနေ​ရင်တောင် အ​တ​ည်​ဖြစ်နေ​တုန်းပဲ​ဆိုတဲ့ အထောက်အထား​ကို မေး​လာ​ရင် သင် ဘယ်လို ဖြေမလဲ။ ဘယ်​အချိန်​မှာ ရှင်ပြန်ထမြောက်ခြင်း ဖြစ်မယ်​လို့ ကျမ်းစာမှာ ဖော်ပြထား​သလား။ အဲဒီ​အချက်​တွေ​က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း​အပေါ် သက်ရောက်မှု ရှိတယ်။ ဒါကြောင့် ကျမ်းစာမှာ တွေ့ရတဲ့​အချက်တွေကို သုံးသပ်ကြည့်​ရ​အောင်။

ရာစုနှစ်​နဲ့​ချီ ကြာပြီး​မှ ရှင်ပြန်ထမြောက်ခြင်း

၅။ ရှင်ပြန်ထမြောက်ခြင်း​ရဲ့ ဘယ်​ကဏ္ဍ​ကို အရင်ဆုံး ဆွေးနွေးကြမလဲ။

လောလောလတ်လတ် သေဆုံး​သွား​သူ​တစ်​ယောက်ကို အသက်ပြန်ရှင်​စေတဲ့​အကြောင်း စဉ်းစား​ရတာက တစ်မျိုး။ (ယော. ၁၁:၁၁။ တ. ၂၀:၉၊ ၁၀) ဒါပေမဲ့ နှစ်တွေ၊ ရာစုနှစ်​တွေ​ကြာပြီး​မှ အနာဂတ်မှာ ဖြစ်​မယ့် ရှင်ပြန်ထမြောက်ခြင်း​ကတိ​ကော ဘယ်လို​လဲ။ လောလောလတ်လတ် သေဆုံး​သူ​အတွက်​ဖြစ်စေ၊ သေဆုံး​သွားတာ အချိန်​တော်တော်​ကြာနေ​သူ​အတွက်​ဖြစ်စေ အဲဒီ​ရေရှည်​ကတိ​ကို စိတ်ချ​နိုင်​သလား။ တကယ်တော့ ရာစုနှစ်ချီ ကြိုတင်​ကတိပေး​ထားတဲ့ ရှင်ပြန်ထမြောက်ခြင်း ဖြစ်ခဲ့​ပါတယ်။ အဲဒါကို သင် ယုံကြည်​တယ်။ ဘယ်​နည်းနဲ့​လဲ။ အဲဒါက အနာဂတ် ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး မျှော်လင့်​နိုင်တာ​တွေနဲ့ ဘယ်လို သက်ဆိုင်​သလဲ။

၆။ ဆာလံ ၁၁၈ ပြည့်စုံမှု​မှာ ယေရှု ဘယ်လို ပါဝင်ပတ်သက်​သလဲ။

ကြာမြင့်စွာ ကတည်းက ကြိုဟော​ထားတဲ့ ရှင်ပြန်ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး ဆာလံ ၁၁၈ ကို သုံးသပ်ကြည့်ပါ။ အဲဒီ​ကျမ်းပိုဒ်​ကို ဒါဝိဒ် ရေး​ခဲ့တယ်​လို့ တချို့ ယူဆကြတယ်။ အဲဒီမှာ “အို ယေဟောဝါ၊ ကယ်တင်​ပေး​လှည့်​ပါ၊ တောင်းပန်​ပါတယ်။ . . . ယေဟောဝါရဲ့ နာမည်နဲ့ ရောက်လာ​သူ ကောင်းချီး​ခံစားရ​ပါစေ” ဆိုတဲ့ အသနားခံချက် ပါဝင်တယ်။ ယေရှု မ​သေဆုံး​ခင် နိသန်​လ ၉ ရက်မှာ ဂျေရုဆလင်​မြို့ထဲ မြည်း​စီးဝင်​လာ​ချိန်မှာ မေရှိယ​နဲ့ပတ်သက်တဲ့ အဲဒီ​ကျမ်းပိုဒ်​ကို လူတွေ ကိုးကား​ခဲ့တာ သင်​အမှတ်ရ​မှာပဲ။ (ဆာ. ၁၁၈:၂၅၊ ၂၆။ မ. ၂၁:၇-၉) ဒါပေမဲ့ ဆာလံ ၁၁၈ က နှစ်ပေါင်း​များစွာ ကြာ​ပြီးနောက် အနာဂတ်မှာ ဖြစ်​မယ့် ရှင်ပြန်ထမြောက်ခြင်း​ကို ဘယ်လို ဖော်ပြသလဲ။ “တိုက်​ကို တည်ဆောက်​သူတွေ ပယ်​ထားတဲ့ ကျောက်​ဟာ ထိပ်ဆုံး​က ထောင့်​ချုပ်​ကျောက် ဖြစ်လာပြီ” လို့ အဲဒီ​ဆာလံ​ပရောဖက်ပြုချက်​မှာ ဆက်​ဖော်ပြ​တာ သတိပြု​ပါ။—ဆာ. ၁၁၈:၂၂

မေရှိယ​ကို “တည်ဆောက်​သူတွေ ပယ်​ထား” (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ ယေရှု​ကို ဂျူးတွေ ဘယ်လောက်​အထိ ငြင်းပယ်​ခဲ့ကြသလဲ။

“တည်ဆောက်​သူတွေ” ဖြစ်တဲ့ ဂျူးခေါင်းဆောင်​တွေ မေရှိယ​ကို ငြင်းပယ်​ခဲ့ကြတယ်။ သူတို့ရဲ့ ငြင်းပယ်မှု​က ယေရှု​ကို ငြင်းပယ်​ရုံ၊ ခရစ်တော်​အဖြစ် လက်မခံ​ရုံ​လောက်​သာ မဟုတ်ဘဲ ယေရှု​ကို သတ်ဖို့ တောင်းဆို​တဲ့​အထိ ဖြစ်ခဲ့တယ်။ (လု. ၂၃:၁၈-၂၃) ယေရှု အသတ်ခံ​ရတာ သူတို့​ကြောင့်​လည်း ပါတယ်။

“ထောင့်​ချုပ်​ကျောက်” ဖြစ်ဖို့ ယေရှု ထမြောက်​ခဲ့ (အပိုဒ် ၈၊ ၉ ကိုကြည့်ပါ)

၈။ ယေရှုဟာ “ထောင့်​ချုပ်​ကျောက်” ဘယ်လို ဖြစ်နိုင်​ခဲ့​သလဲ။

ယေရှု ငြင်းပယ်​ခံရ၊ အသတ်ခံ​ရတယ်​ဆိုရင် “ထောင့်​ချုပ်​ကျောက်” ဘယ်လို ဖြစ်လာ​နိုင်မလဲ။ အသက်ပြန်ရှင်​မှသာ ဖြစ်နိုင်မယ်။ ယေရှု​ကိုယ်တိုင် အဲဒီအချက်ကို ဆက်စပ်​ဖော်ပြခဲ့တယ်။ ပုံဥပမာ​တစ်ခုမှာ ခြံပိုင်ရှင် စေလွှတ်​လိုက်​သူတွေ​ကို ခြံ​လုပ်သားတွေ နှိပ်စက်​ကြ​တယ်။ အစ္စရေးတွေ​လည်း ဘုရား​စေလွှတ်​တဲ့ ပရောဖက်​တွေကို နှိပ်စက်​ခဲ့ကြတယ်။ နောက်ဆုံး ခြံပိုင်ရှင်​က အမွေဆက်ခံမယ့် ချစ်သား​ကို စေလွှတ်​လိုက်တယ်။ သား​ကို လက်ခံ​ကြ​သလား။ လက်​မခံ​ကြဘူး။ ခြံ​လုပ်သားတွေ​က သား​ကို သတ်​လိုက်​ကြ​တယ်။ ပုံဥပမာ​ပြော​ပြီးနောက် ဆာလံ ၁၁၈:၂၂ မှာပါ​တဲ့ ပရောဖက်ပြုချက်​ကို ယေရှု ရည်ညွှန်း​ဖော်ပြခဲ့တယ်။ (လု. ၂၀:၉-၁၇) တမန်တော် ပေတရု​လည်း ဂျေရုဆလင်​မြို့မှာ စုဝေး​တဲ့ ဂျူး “ခေါင်းဆောင်​တွေ၊ အကြီးအကဲ​တွေ၊ ကျမ်းတတ်​တွေ” နဲ့ စကား​ပြောတဲ့​အချိန်​မှာ အလားတူ ဆက်စပ်​ဖော်ပြခဲ့တယ်။ “နာဇရက်မြို့သား ယေရှု​ခရစ် . . . ကို ခင်ဗျား​တို့ သစ်တိုင်တင်​ပြီး ကွပ်မျက်​လိုက်​ပေ​မဲ့ ဘုရား​သခင်​က သေ​ရာ​က​နေ အသက်ပြန်ရှင်​လာအောင် လုပ်ပေး​လိုက်​ပြီ” လို့ပြောတယ်။ ပြီးတော့ “‘တိုက်​ကို တည်ဆောက်​တဲ့ ခင်ဗျား​တို့ အရေး​မ​လုပ်​ပေ​မဲ့ ထိပ်ဆုံး​က ထောင့်​ချုပ်​ကျောက်’ ဖြစ်လာ​တာ သူ​ပဲ” လို့ ပေတရု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။—တ. ၃:၁၅။ ၄:၅-၁၁။ ၁ ပေ. ၂:၅-၇

၉။ ဆာလံ ၁၁၈:၂၂ က ထူးခြားတဲ့​ဘယ်အရာကို ဖော်ပြသလဲ။

ဆာလံ ၁၁၈:၂၂ မှာပါ​တဲ့ ပရောဖက်ပြုချက်​က ရှင်ပြန်ထမြောက်ခြင်း ဖြစ်မယ်​ဆိုတာ နှစ်​ရာနဲ့ချီ ကြိုတင်​ဖော်ပြတယ်။ မေရှိယ ငြင်းပယ်​ခံရပြီး သေဆုံးမယ်။ ဒါပေမဲ့ ထောင့်​ချုပ်​ကျောက် ဖြစ်ဖို့ အသက်ပြန်ရှင်​ရမယ်။ ဒီနည်းအားဖြင့် ရှင်ပြန်ထမြောက်​လာတဲ့​သားရဲ့ နာမည်ဟာ “ကျွန်တော်တို့ကို ကယ်တင်​ဖို့ ကမ္ဘာပေါ်မှာ ဘုရား​သခင် ရွေးချယ်​ထား” တဲ့ တစ်ခုတည်း​သော​နာမည် ဖြစ်လာတယ်။—တ. ၄:၁၂။ ဧ. ၁:၂၀

၁၀။ (က) ဆာလံ ၁၆:၁၀ မှာ ဘာ​ကြိုဟော​ထား​သလဲ။ (ခ) ဆာလံ ၁၆:၁၀ က ဒါဝိဒ်​မှာ မပြည့်စုံ​ဘူးလို့ ဘာကြောင့် ပြော​နိုင်သလဲ။

၁၀ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ဖော်ပြ​တဲ့ နောက်​ကျမ်းပိုဒ်​ကို သုံးသပ်ကြည့်ပါ။ အဲဒီ​ကျမ်းပိုဒ်​ကို အနှစ်တစ်ထောင်​ကျော် ကြိုတင်​ရေးသားခဲ့တယ်​ဆိုတဲ့အချက်​က ကြိုဟော​ပြီး၊ ကတိပြု​ပြီး အချိန်​ကြာမြင့်​မှ ရှင်ပြန်ထမြောက်ခြင်း ဖြစ်မယ်​ဆိုတဲ့ ယုံကြည်​စိတ်ချမှု​ကို ခိုင်မာ​စေ​သင့်တယ်။ ဒါဝိဒ် ရေးခဲ့တဲ့ ဆာလံ ၁၆ မှာ “ကိုယ်တော်​က ကျွန်တော့်ကို သင်္ချိုင်း​မှာ ပစ်ထား​မှာ မဟုတ်ဘူး။ သစ္စာစောင့်သိ​သူ​ကို သင်္ချိုင်းတွင်း​ထဲ ပုပ်ပျက်​သွားတဲ့​အဖြစ်မျိုး တွေ့ကြုံ​ခွင့်ပြု​မှာ မဟုတ်ဘူး” လို့ ဖတ်​ရတယ်။ (ဆာ. ၁၆:၁၀) ဒါဝိဒ် ဘယ်တော့မှ မသေ​ဘူး၊ သင်္ချိုင်း​ထဲ ရောက်​မှာ မဟုတ်ဘူးလို့ ဆိုလို​နေတာ မဟုတ်ပါဘူး။ ဒါဝိဒ် အသက်ကြီး​သွားကြောင်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါဝိဒ် “ကွယ်လွန်​သွားတဲ့​အတွက် ဒါဝိဒ်​မြို့မှာ သင်္ဂြိုဟ်​ကြ​တယ်။” (၁ ဘု. ၂:၁၊ ၁၀) ဒါဆိုရင် ဆာလံ ၁၆:၁၀ က ဘာကို ဆိုလို​သလဲ။

၁၁။ ဆာလံ ၁၆:၁၀ အကြောင်း ဘယ်​အချိန်​မှာ ပေတရု ပြောခဲ့​သလဲ။

၁၁ ကျွန်တော်တို့ကို အသိ​မပေး​ထား​ဘဲ မနေ​ပါဘူး။ ဒီဆာလံ​ကို ရေးသား​ပြီး အနှစ်တစ်ထောင်​ကျော်၊ ယေရှု သေဆုံး​ပြီး ရှင်ပြန်ထမြောက်​တာ သီတင်းပတ်​တွေ​အကြာ​မှာ ဆာလံ ၁၆:၁၀ အကြောင်း ဂျူးတွေ​နဲ့ ဘာသာပြောင်းဝင်​လာ​သူ ထောင်ပေါင်း​များစွာ​ကို တမန်တော် ပေတရု ပြောခဲ့တယ်။ (တမန်တော် ၂:၂၉-၃၂ ကိုဖတ်ပါ။) ဒါဝိဒ် တကယ် သေဆုံး​ပြီး သင်္ဂြိုဟ်​ခံရ​တယ်လို့ ပေတရု ပြောတယ်။ အဲဒီအချက်ကို ပေတရု​ရဲ့​စကား နားထောင်​နေ​သူတွေ သိ​ကြ​တယ်။ မေရှိယ “ထမြောက်​မယ့်​အကြောင်းကို [ဒါဝိဒ်] ကြိုသိ​နေလို့ . . . ပြောခဲ့တယ်” ဆိုတဲ့ ပေတရု​ရဲ့​စကားကို သူတို့​ငြင်း​ခဲ့တယ်​လို့ ကျမ်းစာမှာ ဖော်ပြ​မထား​ဘူး။

၁၂။ ဆာလံ ၁၆:၁၀ ဘယ်​နည်းနဲ့ ပြည့်စုံခဲ့​သလဲ။ ရှင်ပြန်ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး ဘယ်​အချက်ကို စိတ်ချ​စေ​သလဲ။

၁၂ ဆာလံ ၁၁၀:၁ မှာပါ​တဲ့ ဒါဝိဒ်​ရဲ့ စကားကို ကိုးကား​ပြီး ပြော​ချင်တဲ့​အချက်ကို ပေတရု အားဖြည့်​ပေး​ခဲ့တယ်။ (တမန်တော် ၂:၃၃-၃၆ ကိုဖတ်ပါ။) ပေတရု​ရဲ့ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်​မှုက ယေရှု​ကို ‘သခင်၊ ခရစ်တော်’ အဖြစ် ယုံကြည်​စိတ်ချ​လာဖို့ လူအုပ်​ကို ကူညီ​ပေး​ခဲ့တယ်။ အဲဒီအပြင် ယေရှု အသက်ပြန်ရှင်​တဲ့အခါ ဆာလံ ၁၆:၁၀ ပြည့်စုံခဲ့​မှန်း လူတွေ အသိအမှတ်ပြုကြတယ်။ နောက်ပိုင်း ပိသိဒိပြည်၊ အန္တိအုတ်​မြို့​က ဂျူးတွေကို စကား​ပြောတဲ့အခါ တမန်တော်​ပေါလု အလားတူ ကျိုးကြောင်းဆင်ခြင်​ခဲ့တယ်။ ပေါလု​ရဲ့ အကြောင်းပြချက်ကို သူတို့ သဘောကျ​ပြီး ထပ်​နားထောင်​ချင်​ကြ​တယ်။ (တမန်တော် ၁၃:၃၂-၃၇၊ ၄၂ ကိုဖတ်ပါ။) ကြိုဟော​ပြီး ရာစုနှစ်​နဲ့​ချီ ကြာနေ​ရင်တောင် ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ကျမ်းစာ​ပရောဖက်ပြုချက်​တွေဟာ ယုံကြည်​စိတ်ချ​ထိုက်​တယ်​ဆိုတဲ့အချက်​ကို ကျွန်တော်တို့​လည်း သဘောကျ​သင့်တယ်။

ဘယ်​အချိန်​မှာ ရှင်ပြန်ထမြောက်​မ​လဲ

၁၃။ ရှင်ပြန်ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး ဘယ်​မေးခွန်း ပေါ်လာ​နိုင်သလဲ။

၁၃ ကတိပြု​ပြီး ရာစုနှစ်​ပေါင်း​များစွာ ကြာပြီး​မှ ရှင်ပြန်ထမြောက်ခြင်း ဖြစ်နိုင်တယ်​ဆိုတဲ့အချက်​ကြောင့် ကျွန်တော်တို့ အားရှိ​သင့်တယ်။ ဒါပေမဲ့ ‘ချစ်ရသူ​တွေကို ပြန်တွေ့​ရဖို့ အကြာကြီး စောင့်​ရမယ်လို့ ဆိုလို​တာလား။ မျှော်လင့်​နေတဲ့ ထမြောက်ခြင်း ဘယ်​အချိန်​မှာ ဖြစ်​မ​လဲ’ လို့ တချို့ တွေးမိ​မယ်။ တမန်တော်​တွေ မသိ​တဲ့၊ မသိနိုင်​တဲ့​အရာတွေ ရှိတယ်လို့ ယေရှု ပြောခဲ့တယ်။ “ကောင်းကင်​အဖ သတ်မှတ်​တဲ့ အချိန်ကာလ​တွေအကြောင်း” အသေးစိတ် အချက်အလက်​တွေ ရှိတယ်။ (တ. ၁:၆၊ ၇။ ယော. ၁၆:၁၂) ဒါပေမဲ့ ရှင်ပြန်ထမြောက်​ချိန်​အကြောင်း ဘာမှ မသိ​တာ​တော့ မဟုတ်ဘူး။

၁၄။ ယေရှုရဲ့ ထမြောက်ခြင်း​နဲ့ တခြား​သူတွေ​ရဲ့ ထမြောက်ခြင်း ဘယ်လို ကွာခြား​သလဲ။

၁၄ ကျမ်းစာမှာ ကြိုဟော​ထားတဲ့ ရှင်ပြန်ထမြောက်ခြင်း​တွေအကြောင်း သုံးသပ်ကြည့်ပါ။ အရေးကြီးဆုံး​က​တော့ ယေရှုရဲ့ ထမြောက်ခြင်း​ပဲ။ ယေရှု​သာ မထမြောက်​ခဲ့ရင် ကျွန်တော်တို့ တစ်ယောက်​မှ ချစ်ရသူ​တွေကို ပြန်တွေ့​ရဖို့ အလားအလာ မရှိ​နိုင်​ဘူး။ ယေရှု မတိုင်ခင် ဧလိယ၊ ဧလိရှဲ​တို့ အသက်ပြန်ရှင်​စေခဲ့​သူတွေဟာ ထာဝစဉ် အသက်မရှင်​ကြဘူး။ ပြန်​သေဆုံး​ပြီး သင်္ချိုင်း​မှာ ပုပ်ပျက်​ကြရတယ်။ ယေရှု​က​တော့ ‘သေ​ရာ​က​နေ အသက်ပြန်ရှင်​လာ[ပြီး] ဘယ်တော့မှ မသေ​ရတော့​ဘူး။ သေခြင်းက သူ့ကို သခင်​တစ်ယောက်​လို မကြီးစိုး​တော့ဘူး။’ ကောင်းကင်မှာ “အစဉ်​ထာဝရ” အသက်ရှင်နေ​တယ်။ ဘယ်တော့မှ မ​ပုပ်ပျက်​နိုင်ဘူး။—ရော. ၆:၉။ ဗျာ. ၁:၅၊ ၁၈။ ကော. ၁:၁၈။ ၁ ပေ. ၃:၁၈

၁၅။ ယေရှု “ဦးဆုံး” ထမြောက်​တာ ဘာကြောင့် ထူးခြား​သလဲ။

၁၅ ယေရှုရဲ့ ထမြောက်ခြင်း အမျိုးအစား​ဟာ ဦးဆုံး​နဲ့ အရေးကြီးဆုံး ဖြစ်တယ်။ (တ. ၂၆:၂၃) ဒါပေမဲ့ ကောင်းကင်​ကို ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ယေရှု တစ်ယောက်တည်း ရှင်ပြန်ထမြောက်​မယ်လို့ ကတိပြု​ထားတာ မဟုတ်ဘူး။ သစ္စာရှိ​တမန်တော်​တွေ ကောင်းကင်မှာ မိမိ​နဲ့အတူ အုပ်စိုး​မယ်လို့ ယေရှု ကတိပေး​ခဲ့တယ်။ (လု. ၂၂:၂၈-၃၀) ဒါကြောင့် သူတို့ ဆု​ရဖို့ အရင်ဆုံး သေဆုံး​ကြ​ရမယ်။ ဒါမှ ခရစ်တော်​လိုပဲ ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ထမြောက်​နိုင်မယ်။ “ခရစ်တော်ဟာ သေ​ရာ​က​နေ အသက်ပြန်ရှင်​ခဲ့​ပြီ။ သေခြင်း​မှာ အိပ်ပျော်​သွား​သူတွေ​ထဲမှာ သူ​ဟာ ဦးဆုံး​ပဲ” လို့ ပေါလု ရေးခဲ့တယ်။ ကောင်းကင်​အသက်တာ​ကို ထမြောက်​မယ့် တခြား​သူတွေ ရှိသေး​ကြောင်း ပေါလု ဆက်​ပြောတယ်– “သူတို့ အစဉ်လိုက် ထမြောက်​လိမ့်မယ်။ ခရစ်တော်ဟာ ဦးဆုံး ထမြောက်​ခဲ့တယ်၊ အဲဒီနောက် ခရစ်တော် ပိုင်ဆိုင်​သူတွေဟာ ခရစ်တော် ရောက်ရှိနေချိန်​အတွင်း ရှင်ပြန်ထမြောက်​လိမ့်မယ်။”—၁ ကော. ၁၅:၂၀၊ ၂၃

၁၆။ ကောင်းကင် ရှင်ပြန်ထမြောက်ခြင်း ဖြစ်​မယ့်​အချိန်​အကြောင်း ဘာ​သိရ​သလဲ။

၁၆ အဲဒီ​အချက်​က ကောင်းကင် ရှင်ပြန်ထမြောက်ခြင်း ဖြစ်​မယ့်​အချိန်ကို ဖော်ပြတယ်။ “ခရစ်တော် ရောက်ရှိနေချိန်​အတွင်း” ဖြစ်​လိမ့်မယ်။ ၁၉၁၄ ခုနှစ်​ကစပြီး ခရစ်တော် “ရောက်ရှိ” နေချိန်​အတွင်း ကျွန်တော်တို့ အသက်ရှင်နေ​ကြောင်း ယေဟောဝါ​သက်သေ​တွေ ကျမ်းစာ​အထောက်အထား​နဲ့တကွ ဖော်ပြ​ခဲ့တာ ကြာ​ပြီ။ အခု​လည်း ရောက်ရှိ​နေဆဲ​ပါ။ စနစ်ဆိုး​ရဲ့ အဆုံး အလွန်​နီးကပ်​နေ​ပါ​ပြီ။

၁၇၊ ၁၈။ ခရစ်တော် ရောက်ရှိနေချိန်​အတွင်း ဘိသိက်ခံ​တချို့ ဘာဖြစ်​ကြ​မ​လဲ။

၁၇ ကောင်းကင် ရှင်ပြန်ထမြောက်ခြင်း​အကြောင်း အသေးစိတ်​ကို ကျမ်းစာမှာ ဖော်ပြထားတယ်။ “သေခြင်း​မှာ အိပ်ပျော်နေသူ​တွေရဲ့ အနာဂတ်​အကြောင်း ခင်ဗျား​တို့​ကို သိစေချင်​တယ်။ ယေရှု သေဆုံး​ပြီးနောက် ရှင်ပြန်ထမြောက်​လာတယ်​ဆိုတာ​ကို ယုံ​တဲ့​သူ​ဟာ . . . သေခြင်း​မှာ အိပ်ပျော်​သွား​သူတွေ​ကို ယေရှု​နဲ့အတူ​ရှိစေ​ဖို့ ဘုရား​သခင် အသက်ပြန်ရှင်​စေမယ်​ဆိုတာကိုလည်း ယုံ​တယ်။ . . . သခင်​ရောက်ရှိနေချိန်​အထိ အသက်​ရှင်​ကျန်ရစ်တဲ့ ကျွန်တော်တို့ဟာ သေခြင်း​မှာ အိပ်ပျော်​ပြီး​သူတွေ​ထက် စော​ပြီး ကောင်းကင်​ကို ထမြောက်​မှာ မဟုတ်ဘူး။ ဘာ​လို့လဲ​ဆိုတော့ သခင်​ကိုယ်တိုင် ကောင်းကင်ဘုံ​က​နေ ဆင်း​လာ . . . ပြီး . . . ခေါ်​လိုက်တဲ့​အခါ ခရစ်တော်ရဲ့ နောက်လိုက်​အဖြစ် သေဆုံး​သွား​သူတွေ အရင်​ထမြောက်​လိမ့်မယ်။ အဲဒီနောက် အသက်​ရှင်​ကျန်ရစ်​တဲ့ ကျွန်တော်တို့​က သူတို့နဲ့အတူ ရှိ​နိုင်​ဖို့၊ အာကာသ​မှာ သခင်​နဲ့ တွေ့ဆုံ​ဖို့ မိုးတိမ်​ခြံရံ​ပြီး တက်​သွား​ရ​လိမ့်မယ်။ အဲဒီအခါ​ကျ​ရင် ကျွန်တော်တို့​အားလုံး သခင်​နဲ့အတူ အမြဲ​ရှိနေ​ကြ​လိမ့်မယ်။”—၁ သက်. ၄:၁၃-၁၇

၁၈ ခရစ်တော် စတင် “ရောက်ရှိ” ပြီး တစ်ချိန်ချိန်​မှာ ပထမ​ထမြောက်ခြင်း ဖြစ်မယ်။ ကြီးစွာသောဒုက္ခ​အတွင်း အသက်ရှင်နေ​သေး​တဲ့ ဘိသိက်ခံ​တွေဟာ “မိုးတိမ်​ခြံရံ​ပြီး တက်​သွား​ရ​လိမ့်မယ်။” “တက်​သွား” သူတွေဟာ အချိန်အကြာကြီး ‘သေခြင်း​မှာ အိပ်ပျော်’ ရမှာ မဟုတ်ဘူး။ သူတို့ “အားလုံး ပြောင်းလဲ​သွား​ကြ​မှာ။ နောက်ဆုံး​ခရာ မှုတ်​ချိန်​အတောအတွင်း​မှာ တစ်ခဏချင်း မျက်စိ​တစ်မှိတ်​အတွင်း ပြောင်းလဲ​သွား​မှာ။”—၁ ကော. ၁၅:၅၁၊ ၅၂။ မ. ၂၄:၃၁

၁၉။ ဘယ် “ပို​မြတ်​တဲ့ ရှင်ပြန်ထမြောက်ခြင်း” ရှေ့မှာ ရှိ​သလဲ။

၁၉ ဒီနေ့ သစ္စာရှိ​ခရစ်ယာန် အများစုဟာ ဘိသိက်ခံ​တွေ မဟုတ်​ကြဘူး။ ကောင်းကင်မှာ ခရစ်တော်​နဲ့အတူ အမှုဆောင်ဖို့ ဖိတ်ခေါ်​မခံရကြဘူး။ “ယေဟောဝါရဲ့ နေ့” အတွင်း ဒီ​စနစ်ဆိုး အဆုံးတိုင်​မှာ​ကို စောင့်မျှော်​နေကြတယ်။ အဲဒီ​အချိန်​အတိအကျ​ကို ဘယ်သူမှ မသိနိုင်​ဘူး။ အထောက်အထားတွေ​က​တော့ နီး​နေ​ပြီ​ဆိုတာ ဖော်ပြတယ်။ (၁ သက်. ၅:၁-၃) အဲဒီနောက် ရှင်ပြန်ထမြောက်ခြင်း နောက်​တစ်မျိုး၊ မြေကြီး​ပရဒိသု​ပေါ် ရှင်ပြန်ထမြောက်ခြင်း ဖြစ်​လိမ့်မယ်။ ထမြောက်​လာ​သူတွေဟာ ပြည့်ဝစုံလင်​လာပြီး ဘယ်တော့မှ မ​သေဆုံး​ရတော့​မယ့် အလားအလာ ရရှိ​ကြ​မယ်။ အဲဒါ “ပို​မြတ်​တဲ့ ရှင်ပြန်ထမြောက်ခြင်း” ပါပဲ။ အရင်တုန်းက ‘အမျိုးသမီး​တွေဟာ ရှင်ပြန်ထမြောက်​လာ​သူတို့ကို ပြန်​ရခဲ့’ ပေ​မဲ့ နောက်ပိုင်းမှာ ပြန်​သေဆုံး​သွား​ကြ​လို့ပဲ။—ဟီ. ၁၁:၃၅

၂၀။ ရှင်ပြန်ထမြောက်ခြင်း စနစ်တကျ ဖြစ်မယ်​လို့ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။

၂၀ ကောင်းကင် ရှင်ပြန်ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး “အစဉ်လိုက် ထမြောက်” ကြ​မယ်လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ကော. ၁၅:၂၃) ဒါကြောင့် မြေကြီး ရှင်ပြန်ထမြောက်ခြင်း​လည်း စနစ်တကျ ဖြစ်မယ်​ဆိုတာ ယုံကြည်​စိတ်ချ​နိုင်တယ်။ စိတ်လှုပ်ရှားစရာ​ပါပဲ။ မကြာသေးခင်က သေဆုံး​သွား​သူတွေဟာ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု စတင်​ခါနီး​မှာ ထမြောက်​လာပြီး သိကျွမ်း ချစ်ခင်​သူတွေ​ရဲ့ ကြိုဆိုခြင်း​ကို ခံကြ​မလား။ ကမ္ဘာသစ်မှာ ဘုရားသခင့် လူမျိုး​ကို ကူညီ​ဖွဲ့စည်း​ပေးဖို့ ခေါင်းဆောင်​နိုင်စွမ်း​ရှိတဲ့ ရှေး​သစ္စာရှိ အမျိုးသား​တွေ အရင် ထ​လာ​ကြ​မလား။ ယေဟောဝါ​ကို လုံးဝ မကိုးကွယ်​ခဲ့​သူတွေ​ကော။ ဘယ်​အချိန်၊ ဘယ်​နေရာမှာ ထမြောက်​လာ​ကြ​မ​လဲ။ မေးခွန်း​များစွာ ရှိ​နိုင်ပါတယ်။ ဒါပေမဲ့ အခု​ချိန်မှာ အဲဒီ​အကြောင်း​တွေ စဉ်းစား​ဖို့ တကယ် လိုအပ်​သလား။ စောင့်ကြည့်​တာ အကောင်းဆုံးပဲ မဟုတ်လား။ အဲဒီ​ကိစ္စ​တွေကို ယေဟောဝါ ဘယ်လို ကိုင်တွယ်​မယ်​ဆိုတာ ကိုယ်တိုင် မြင်တွေ့ရ​ခြင်းက စိတ်လှုပ်ရှားစရာ ကောင်း​မယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။

၂၁။ ရှင်ပြန်ထမြောက်ခြင်း​နဲ့ပတ်သက်ပြီး ဘာကို မျှော်လင့်​သလဲ။

၂၁ အခု​ချိန်မှာတော့ ဘုရားသခင့် မှတ်ဉာဏ်​မှာရှိတဲ့ သေလွန်သူတွေ ထမြောက်​လာမယ်​လို့ ယေရှု​ကတစ်ဆင့် အာမခံ​ထားတဲ့ ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မာ​စေ​သင့်တယ်။ (ယော. ၅:၂၈၊ ၂၉။ ၁၁:၂၃) သေလွန်သူတွေကို ယေဟောဝါ ထမြောက်​ပေးနိုင်​ကြောင်း သက်သေပြ​ရင်း အာဗြဟံ၊ အိဇက်၊ ယာကုပ်​တို့​အားလုံး ‘ဘုရားသခင်ရဲ့​အမြင်မှာ အသက်ရှင်နေ​တယ်’ လို့ ယေရှု ပြောခဲ့တယ်။ (လု. ၂၀:၃၇၊ ၃၈) ဒီ​အတောအတွင်း​မှာတော့ “ရှင်ပြန်ထမြောက်​လာမယ့်​အကြောင်း . . . ကျွန်တော်​လည်း ဘုရား​သခင်​ကို အမှီပြု​ပြီး မျှော်လင့်​ပါတယ်” လို့ ပေါလု​လို ပြော​ဖို့ အကြောင်းရင်း​များစွာ ရှိ​ပါတယ်။—တ. ၂၄:၁၅