ဘဝအတ္ထုပ္ပတ္တိ
သခင့်နောက် လိုက်ဖို့ စွန့်လွှတ်ခြင်း
“မင်း တရားလိုက်ဟောရင် ပြန်မလာနဲ့။ ပြန်လာရင် မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။” အဖေ့ခြိမ်းခြောက်စကားကြောင့် အိမ်က ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါ သခင့်နောက် လိုက်ဖို့ ပထမဆုံး စွန့်လွှတ်ခြင်းပဲ။ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။
အဲဒီအခြေအနေ ဘယ်လို ဖြစ်လာသလဲ။ ရှင်းပြပါရစေ။ ၁၉၂၉၊ ဇူလိုင် ၂၉ မှာ ကျွန်တော် မွေးဖွားလာတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ ဘူလာကန်ပြည်နယ်၊ ရွာတစ်ရွာမှာ ကြီးပြင်းလာတယ်။ စီးပွားရေး ကပ်ဆိုက်ချိန်မို့ ဘဝက ရိုးရှင်းတယ်။ ကျွန်တော် ငယ်ရွယ်သေးချိန်မှာ စစ်ဖြစ်တယ်။ ဖိလစ်ပိုင်ကို ဂျပန်စစ်တပ် ကျူးကျော်ဝင်ရောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွာက အတော်လေး ခေါင်လို့ တိုက်ပွဲကြောင့် တိုက်ရိုက် မထိခိုက်ဘူး။ ရေဒီယို၊ တီဗီ၊ သတင်းစာ မရှိတော့ စစ်ဖြစ်တဲ့အကြောင်းကို နှုတ်သတင်းနဲ့ပဲ ကြားရတယ်။
သားသမီးရှစ်ယောက်ထဲမှာ ကျွန်တော်က ဒုတိယသား။ အသက်ရှစ်နှစ်မှာ အဖိုးအဖွားတွေက သူတို့နဲ့ နေဖို့ ခေါ်သွားတယ်။ ကျွန်တော်တို့ဟာ ကက်သလစ်ဘာသာဝင်တွေ ဖြစ်ပေမဲ့ အဖိုးက ဘာသာရေးနဲ့ပတ်သက်ပြီး အမြင်ကျယ်တယ်။ မိတ်ဆွေတွေ ပေးတဲ့ ဘာသာရေးစာပေတွေကို စုဆောင်းတယ်။ တဂါလော့ဘာသာစကားနဲ့ ထုတ်ထားတဲ့ ကာကွယ်မှု၊ ဘေးကင်းလုံခြုံမှု၊ လှစ်ဟထားရာ စာစောင်တွေအပြင် * ကျမ်းစာတစ်အုပ်လည်း ကျွန်တော့်ကို ထုတ်ပြတာ မှတ်မိသေးတယ်။ ကျမ်းစာ၊ အထူးသဖြင့် ခရစ်ဝင်ကျမ်းလေးစောင်ကို ဖတ်ရတာ ကြိုက်တယ်။ အဲဒါက ယေရှုရဲ့ ပုံနမူနာကို လိုက်ချင်စိတ် ဖြစ်ပေါ်စေတယ်။—ယော. ၁၀:၂၇။
သခင့်နောက် လိုက်ဖို့ သင်ယူခြင်း
၁၉၄၅ ခုနှစ်မှာ ဂျပန်တွေ ဆုတ်သွားတယ်။ အဲဒီအချိန်လောက်မှာ မိဘတွေက အိမ်ပြန်လာဖို့ ပြောတယ်။ အဖိုးကလည်း သွားခိုင်းလို့ သွားလိုက်တယ်။
သိပ်မကြာခင် ၁၉၄၅၊ ဒီဇင်ဘာလမှာ အန်ဂတ်မြို့က ယေဟောဝါသက်သေအုပ်စု ကျွန်တော်တို့ရွာမှာ လာဟောတယ်။ အသက်ကြီး သက်သေခံတစ်ယောက် ကျွန်တော်တို့အိမ်ကို ရောက်လာပြီး “နောက်ဆုံးကာလ” အကြောင်း ကျမ်းစာအဆိုကို ရှင်းပြတယ်။ (၂ တိ. ၃:၁-၅) အနီးအနားရွာမှာ ကျမ်းစာသင်တန်း လာတက်ဖို့ ဖိတ်ခေါ်တယ်။ မိဘတွေ မသွားပေမဲ့ ကျွန်တော် သွားလိုက်တယ်။ လူ ၂၀ လောက် လာတက်ကြတယ်။ တချို့က ကျမ်းစာမေးခွန်းတွေ မေးကြတယ်။
သူတို့ပြောတာအားလုံးကို နားမလည်လို့ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ ဘုရားနိုင်ငံတော်သီချင်း စဆိုကြတယ်။
သီချင်းကို ကြိုက်လို့ ဆက်နေလိုက်တယ်။ သီချင်းဆို၊ ဆုတောင်းပြီးတော့ နောက်တနင်္ဂနွေ၊ အန်ဂတ်မြို့မှာ ကျင်းပမယ့် အစည်းအဝေးကို လာတက်ဖို့ အားလုံးကို ဖိတ်ခေါ်တယ်။ခရုဇ်မိသားစုအိမ်မှာ အစည်းအဝေး တက်ဖို့ ငါးမိုင် (၈ ကီလိုမီတာ) လောက် လမ်းလျှောက်ရတယ်။ တက်ရောက်သူ ၅၀ မှာ ကလေးတွေတောင် နက်နဲတဲ့ ကျမ်းစာအကြောင်းအရာတွေကို မှတ်ချက်ပေးကြလို့ အံ့ဩမိတယ်။ အစည်းအဝေး တော်တော်များများ တက်ပြီးတဲ့နောက် မြို့တော်ဝန်ဟောင်း၊ အသက်ကြီးရှေ့ဆောင် ညီအစ်ကို ဒါမီယန် ဆန်တော့စ်က ညအိပ်ဖို့ ဖိတ်ခေါ်တယ်။ တစ်ညလုံးနီးပါး ကျမ်းစာအကြောင်း ဆွေးနွေးကြတယ်။
အဲဒီတုန်းက သိလာတဲ့ အခြေခံ ကျမ်းစာ အမှန်တရားတွေကို ကျွန်တော်တို့အများစု ချက်ချင်း လက်ခံတုံ့ပြန်ကြတယ်။ အစည်းအဝေး အကြိမ်အနည်းငယ် တက်ပြီးတဲ့နောက် ညီအစ်ကိုတွေက ကျွန်တော်နဲ့ တခြားသူတွေကို “နှစ်ခြင်းခံချင်သလား” လို့ မေးကြတယ်။ “ခံချင်တယ်” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။ “သခင်ခရစ်တော်အတွက် အစေခံ” ချင်တယ်။ (ကော. ၃:၂၄) အနီးအနားက မြစ်ကို သွားပြီး ၁၉၄၆၊ ဖေဖော်ဝါရီ ၁၅ မှာ ကျွန်တော်တို့နှစ်ယောက် နှစ်ခြင်းခံလိုက်ကြတယ်။
နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေအနေနဲ့ ယေရှုကို တုပပြီး ပုံမှန် ဟောပြောရမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ အဖေ မကြိုက်ဘူး။ “တရားလိုက်ဟောဖို့ ငယ်လွန်းသေးတယ်။ အဲဒီအပြင် မင်းကို မြစ်ထဲ နှစ်လိုက်တာနဲ့ တရားဟောဆရာ မဖြစ်လာဘူး” လို့ အဖေ ပြောတယ်။ ဘုရားသခင့် နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ ဘုရားအလိုရှိတယ်လို့ ကျွန်တော် ရှင်းပြတယ်။ (မ. ၂၄:၁၄) “ဘုရားကို ပေးထားတဲ့ ကတိ တည်ရမယ်” လို့လည်း ကျွန်တော် ပြောလိုက်တယ်။ အဲဒီအခါ အစပိုင်းမှာ ကျွန်တော် ပြောသလို အဖေ ခြိမ်းခြောက်တော့တယ်။ ဟောပြောတာကို တားဆီးချင်လို့ပါ။ ဒီလိုနဲ့ ဘုရားရေးရာ ပန်းတိုင်တွေ လိုက်စားဖို့ ပထမဆုံးအကြိမ် စွန့်လွှတ်ဖို့ ဖြစ်လာတယ်။
ခရုဇ်မိသားစုက အန်ဂတ်မြို့မှာ သူတို့နဲ့အတူ လာနေဖို့ ဖိတ်ခေါ်တယ်။ ကျွန်တော်နဲ့ သူတို့ရဲ့ သမီးအငယ်ဆုံး နိုရာကို ရှေ့ဆောင်လုပ်ဖို့ အားပေးတယ်။ နှစ်ယောက်စလုံး ၁၉၄၇၊ နိုဝင်ဘာ ၁ ရက်မှာ ရှေ့ဆောင် စလုပ်ကြတယ်။ နိုရာက တခြားမြို့မှာ ရှေ့ဆောင်လုပ်တယ်။ ကျွန်တော်ကတော့ အန်ဂတ်မြို့မှာ ဟောပြောခြင်းလုပ်ငန်းကို ဆက်ကူညီတယ်။
စွန့်လွှတ်ဖို့ နောက်ထပ်အခွင့်အရေး
ရှေ့ဆောင်သက်တမ်း သုံးနှစ်မှာ ဌာနခွဲရုံးက ညီအစ်ကို အားလ်စတူးဝပ်က လူ ၅၀၀ ကျော်ကို အန်ဂတ်မြို့ ဈေးရုံတစ်ခုမှာ ဟောပြောချက် ပေးတယ်။ သူ အင်္ဂလိပ်လို ဟောတယ်။ ကျွန်တော်က တဂါလော့လို အကျဉ်းချုပ် ပြောရတယ်။ ကျွန်တော် ကျောင်းပညာ ခုနစ်နှစ်ပဲ သင်ရပေမဲ့ ဆရာတွေက အင်္ဂလိပ်စကား အမြဲသုံးကြတယ်။ အင်္ဂလိပ်စကား တိုးတက်လာအောင် ကူညီပေးတဲ့ နောက်တစ်ချက်ကတော့ တဂါလော့စကားနဲ့ ကျမ်းစာစာပေတွေ သိပ်မရှိတာပဲ။ အများစုကို အင်္ဂလိပ်လိုပဲ လေ့လာရတယ်။ ဒါကြောင့် သူ့ဟောပြောချက်နဲ့ နောက်ပိုင်း တခြားသူတွေရဲ့ ဟောပြောချက်တွေကို ဘာသာပြန်ပေးဖို့ အင်္ဂလိပ်စကား တတ်လာတယ်။
ညီအစ်ကို စတူးဝပ်အတွက် ဘာသာပြန်ပေးတဲ့နေ့မှာ ဗေသလမှာ အမှုဆောင်ဖို့ ရှေ့ဆောင်ညီအစ်ကို တစ်ယောက်၊ နှစ်ယောက်ကို ဌာနခွဲရုံးက ဖိတ်ခေါ်ချင်တယ်လို့ ဒေသခံအသင်းတော်ကို စတူးဝပ်က ပြောတယ်။ အမေရိကန် နယူးယောက်မြို့မှာ ၁၉၅၀ သီအိုကရေစီ တိုးပွား အစည်းအဝေးကြီးကို သာသနာပြုတွေ သွားတက်နေတုန်း ကူညီပေးဖို့ပါပဲ။ ဖိတ်ခေါ်ခံရတဲ့ ညီအစ်ကိုတွေထဲမှာ ကျွန်တော်လည်း ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဗေသလလုပ်ငန်းကို ကူညီပေးဖို့ ရင်းနှီးပြီးသားဝန်းကျင်ကို စွန့်ခဲ့ရတယ်။
ဗေသလကို ၁၉၅၀၊ ဇွန် ၁၉ ရက်မှာ ရောက်ပြီး တာဝန်သစ်ကို စတင်ထမ်းဆောင်တယ်။ ဗေသလဟာ နှစ်ဧကခွဲ မြေကွက်ပေါ် သစ်ပင်ကြီးတွေ ခြံရံထားတဲ့ တိုက်ဟောင်းကြီးတစ်လုံး ဖြစ်တယ်။ တစ်ကိုယ်ရေ ညီအစ်ကို ၁၂ ယောက်လောက် အမှုဆောင်နေကြတယ်။ ကျွန်တော်က မနက်စောစော မီးဖိုဆောင်မှာ ကူညီပေးရတယ်။ ကိုးနာရီလောက်ကနေ အဝတ်လျှော်ဌာနမှာ မီးပူတိုက်ရတယ်။ နေ့လယ်ပိုင်းမှာလည်း အဲဒီလိုပဲ လုပ်ရတယ်။ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးကနေ သာသနာပြုတွေ ပြန်လာပြီးတဲ့နောက်မှာတောင် ဗေသလမှာ ဆက်အမှုဆောင်ရတယ်။ စာတိုက်ပို့မယ့် မဂ္ဂဇင်းတွေ ခေါက်၊ နှစ်စဉ်ကြေး ပို့ဖို့ လုပ်ရတယ်။ ဧည့်ကြိုလည်း လုပ်ရတယ်။ ဘာတာဝန်ပဲရရ လုပ်ခဲ့တယ်။
ဂိလဒ်သင်တန်း တက်ဖို့ ဖိလစ်ပိုင်ကို စွန့်ခွာခြင်း
၁၉၅၂ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက တခြားခြောက်ယောက်နဲ့အတူ အကြိမ် ၂၀ မြောက် ဂိလဒ်သင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ အမေရိကန်မှာ တွေ့ကြုံရသမျှ ကျွန်တော်တို့အတွက် အထူးအဆန်းတွေချည်းပဲ။ ကျွန်တော့်ရွာလေးနဲ့တော့ အတော်ကွာတယ်။
ဥပမာ၊ တစ်ခါမှ မသုံးဖူးတဲ့ အသုံးအဆောင်တွေ သုံးတတ်အောင် သင်ယူရတယ်။ ရာသီဥတုကလည်း ကွာမှကွာပဲ။ တစ်မနက် အိမ်အပြင် ထွက်တော့ တစ်လောကလုံး အဖြူရောင် လွှမ်းနေသလိုပဲ။ နှင်းကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်တာပဲ။ အေးတယ်၊ ခိုက်ခိုက်တုန်အောင် အေးတယ်။
ဒါပေမဲ့ ဂိလဒ်သင်တန်းမှာရတဲ့ လေ့ကျင့်မှုက ကောင်းတော့ အပြောင်းအလဲတွေက ဘာမှ မဟုတ်တော့ပါဘူး။ သင်တန်းမှူးတွေက ထိရောက်တဲ့ သွန်သင်နည်းတွေ သုံးကြတယ်။ အဓိပ္ပာယ်ရှိရှိ ရှာဖွေလေ့လာတတ်လာတယ်။ ဂိလဒ်မှာရတဲ့ လေ့ကျင့်မှုက ဘုရားရေးရာမှာ တိုးတက်ဖို့ တကယ်ကူညီပေးတယ်။
သင်တန်းပြီးတဲ့နောက် နယူးယောက်မြို့တော်၊ ဘရွန့်ဇ်မှာ အထူးရှေ့ဆောင်အဖြစ် ယာယီ ခန့်အပ်ခံရတယ်။ အဲဒီမြို့မှာပဲ ၁၉၅၃၊ ဇူလိုင်မှာ ကမ္ဘာသစ်အဖွဲ့အစည်း အစည်းအဝေးကြီး တက်နိုင်ခဲ့တယ်။ အစည်းအဝေးကြီး ပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံမှာ တာဝန်ပြန်ကျတယ်။
သက်သောင့်သက်သာရှိတဲ့မြို့ကို စွန့်လွှတ်ခြင်း
ဌာနခွဲရုံးက ညီအစ်ကိုတွေက “အခု ခင်ဗျား တိုက်နယ်လုပ်ငန်းကို သွားရတော့မယ်” လို့ပြောတယ်။ ဒါကြောင့် ယေဟောဝါရဲ့ သိုးတွေကို ကူညီဖို့ မြို့ရွာအနှံ့ သွားလာခဲ့တဲ့ သခင့်ခြေရာကို တကယ်လိုက်ဖို့ အခွင့်အရေးသစ် ရလာတယ်။ (၁ ပေ. ၂:၂၁) ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးကျွန်း လူဇုန်အလယ်ပိုင်းမှာ တိုက်နယ်ပတ်ဖို့ တာဝန်ရတယ်။ အဲဒီထဲမှာ ဘူလကန်၊ နူအယ်ဗာ အယ်စီဂျာ၊ တာလက်၊ ဇမ်ဘားလက်စ်နယ်တွေ ပါတယ်။ တချို့မြို့တွေကို လည်ပတ်ဖို့ ကြမ်းတမ်းတဲ့ ဆီအဲရာ မာဒရယ်တောင်တန်းတွေကို ဖြတ်ရတယ်။ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် မရှိတဲ့အတွက် သစ်တင်ကားတွေအပေါ် ထိုင်လိုက်ဖို့ ကားသမားတွေဆီ ခွင့်တောင်းရတယ်။ အများအားဖြင့် လိုက်ခွင့်ပေးကြတယ်။ သက်သက်သာသာ သွားရတာတော့ မဟုတ်ဘူး။
အသင်းတော်အများစုဟာ သေးငယ်တဲ့ အသင်းတော်သစ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် အစည်းအဝေးတွေ၊ အမှုဆောင်လုပ်ငန်းတွေကို ပိုထိထိရောက်ရောက် စီစဉ်ပေးတဲ့အခါ ညီအစ်ကိုတွေ ကျေးဇူးတင်လေးမြတ်ကြတယ်။
နောက်ပိုင်း ဘီကိုးလ်ဒေသမှာ တိုက်နယ်ပတ်ဖို့ ပြောင်းရွှေ့ရတယ်။ အများစုက သီးခြားအုပ်စုတွေပေါ့။ တစ်ခါမှ မဟောဖူးသေးတဲ့ ရပ်ကွက်တွေမှာ အထူးရှေ့ဆောင်တွေ စဟောနေတာ။ အိမ်တစ်အိမ်မှာ တစ်ခုတည်းသော အိမ်သာကတော့ တွင်းပေါ် သစ်သားနှစ်ချောင်း တင်ထားတဲ့အိမ်သာပဲ။ သစ်သားပေါ် တက်နင်းလိုက်တော့ သစ်သားတွေနဲ့အတူ ကျွန်တော် တွင်းထဲ ပြုတ်ကျသွားတယ်။ မနက်စာ မစားခင် အတော်လေး အချိန်ယူ ဆေးကြောလိုက်ရတယ်။
ဒီအတောအတွင်း ဘူလကန်မှာ ရှေ့ဆောင်စလုပ်ခဲ့တဲ့ နိုရာအကြောင်း စစဉ်းစားလာတယ်။ အဲဒီတုန်းက ဒူမာဂဲတဲမြို့မှာ အထူးရှေ့ဆောင် လုပ်နေတယ်။ သူ့ဆီ ကျွန်တော် သွားလည်တယ်။ စာတွေ အပြန်အလှန် ဆက်သွယ်ကြပြီးတဲ့နောက် ၁၉၅၆ ခုနှစ်မှာ လက်ထပ်ကြတယ်။ လက်ထပ်ပြီး ပထမအပတ်မှာ ရာပူရာပူကျွန်းပေါ်က အသင်းတော်ကို လည်ပတ်ရတယ်။ တောင်တွေ တက်ရပြီး
တော်တော် လမ်းလျှောက်ရတယ်။ ဇနီးမောင်နှံအနေနဲ့ ဝေးလံတဲ့ဒေသက ညီအစ်ကိုတွေဆီ လည်ပတ်ရတာ ပျော်စရာပါပဲ။ဗေသလမှာ ပြန်အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရ
နယ်လှည့်လုပ်ငန်းမှာ လေးနှစ်နီးပါး အမှုဆောင်ပြီးတဲ့နောက် ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ၁၉၆၀၊ ဇန်နဝါရီလကနေစပြီး ဗေသလမှာ တာဝန်ထမ်းဆောင်ရတယ်။ နှစ်တွေတစ်လျှောက် တာဝန်ကြီးတွေ ထမ်းဆောင်တဲ့ ညီအစ်ကိုတွေဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ နိုရာလည်း ဗေသလမှာ တာဝန်အမျိုးမျိုး ရတယ်။
ဗေသလမှာ အမှုဆောင်ရလို့ ဖိလစ်ပိုင်နိုင်ငံမှာ ထူးခြားတဲ့တိုးတက်မှုကို မြင်တွေ့ခွင့် ရခဲ့တယ်။ တစ်ကိုယ်ရေ လူငယ် ညီအစ်ကိုအဖြစ် ဗေသလကို စရောက်တုန်းက တစ်နိုင်ငံလုံးမှာ ကြေညာသူ ၁၀,၀၀၀ လောက်ပဲ ရှိတယ်။ အခု ဖိလစ်ပိုင်မှာ ကြေညာသူ ၂၀၀,၀၀၀ ကျော် ရှိနေပြီ။ အရေးပါတဲ့ ဟောပြောခြင်းလုပ်ငန်းကို ထောက်မဖို့ ဗေသလအိမ်သား ရာနဲ့ချီ အမှုဆောင်နေကြတယ်။
နှစ်တွေတစ်လျှောက် လုပ်ငန်း တိုးတက်လာတဲ့အခါ ဗေသလအဆောက်အအုံတွေလည်း သေးသွားတယ်။ အုပ်ချုပ်ရေးအဖွဲ့က ပိုကြီးတဲ့အဆောက်အဦသစ် ဆောက်ဖို့ မြေရှာခိုင်းတယ်။ ပုံနှိပ်တိုက် ကြီးကြပ်မှူးနဲ့ ကျွန်တော် တရုတ်လူမျိုး အများစုနေထိုင်တဲ့ ဌာနခွဲအနီးတစ်ဝိုက်မှာ တစ်အိမ်တက်ဆင်း သွားပြီး မြေရောင်းချင်တဲ့သူ ရှိမရှိ လိုက်မေးကြတယ်။ တစ်ယောက်မှ မရောင်းချင်ကြဘူး။ ပိုင်ရှင်တစ်ယောက်က “တရုတ်လူမျိုးတွေက မရောင်းဘူး။ ဝယ်ပဲ ဝယ်တယ်” လို့တောင် ပြောခဲ့တယ်။
ဒါပေမဲ့ တစ်နေ့ ပိုင်ရှင်တစ်ယောက်က အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ရတော့မှာမို့ သူ့မြေကွက်ကို ဝယ်ချင်သလားလို့ မေးလာတယ်။ မယုံနိုင်စရာအဖြစ်တွေ ဆက်တိုက် ဖြစ်လာတယ်။ နောက်ပိုင်ရှင်တစ်ယောက်ကလည်း ရောင်းချင်တဲ့အတွက် အနီးအနားက တခြားသူတွေကို ရောင်းဖို့ လိုက်တိုက်တွန်းတယ်။ “တရုတ်လူမျိုးတွေက မရောင်းဘူး” ဆိုတဲ့သူရဲ့ မြေကိုတောင် ဝယ်နိုင်ခဲ့တယ်။ အချိန်တိုအတွင်းမှာပဲ ဌာနခွဲခြံဟာ သုံးဆ ကျယ်လာတယ်။ ယေဟောဝါဘုရား အလိုရှိတာ သေချာတယ်။
၁၉၅၀ ပြည့်နှစ်တုန်းက ဗေသလမိသားစုမှာ ကျွန်တော် အငယ်ဆုံး။ အခုတော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက အသက်အကြီးဆုံး။ သခင် လမ်းညွှန်တဲ့ ဘယ်နေရာကိုမဆို လိုက်ခဲ့လို့ နောင်တ မရပါဘူး။ မိဘတွေ အိမ်ကနေ မောင်းချလိုက်ပေမဲ့ ယေဟောဝါက ယုံကြည်သူမိသားစုကြီး ပေးခဲ့တယ်။ ဘာတာဝန်ပဲရရ လိုအပ်တာမှန်သမျှ ယေဟောဝါ ဖြည့်ဆည်းပေးတယ်ဆိုတာ နည်းနည်းလေးမှ သံသယမရှိဘူး။ ယေဟောဝါရဲ့ မေတ္တာပါပါ ပြင်ဆင်ပေးမှုတွေကို နိုရာနဲ့ ကျွန်တော် သိပ်ကျေးဇူးတင်တယ်။ ယေဟောဝါကို စမ်းသပ်ကြည့်ဖို့ တခြားသူတွေကို ကျွန်တော်တို့ အားပေးပါတယ်။—မာလ. ၃:၁၀။
ယေရှုက အခွန်ခံ မဿဲလေဝိကို “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ ဖိတ်ခေါ်ခဲ့ဖူးတယ်။ သူ ဘယ်လို တုံ့ပြန်သလဲ။ “အားလုံးကို ထားခဲ့ပြီး [ယေရှုနောက်] ထလိုက်လာတယ်။” (လု. ၅:၂၇၊ ၂၈) ကျွန်တော်လည်း အဲဒီလိုအခွင့်အရေး ရခဲ့တယ်။ တခြားသူတွေလည်း အဲဒီလို လုပ်ပြီး ကောင်းချီးများစွာ ခံစားဖို့ တိုက်တွန်းပါတယ်။
^ စာပိုဒ်၊ 6 ယေဟောဝါသက်သေများ ထုတ်ဝေခဲ့။ အခု ပုံမနှိပ်တော့။