“သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မ သိပါတယ်”
“ကျွန်တော်တို့ရဲ့ သူငယ်ချင်း လာဇရု အိပ်ပျော်သွားပြီ။ သူ့ကို နှိုးဖို့ သွားရမယ်။” —ယော. ၁၁:၁၁။
၁။ မောင်ဖြစ်သူနဲ့ပတ်သက်ပြီး မာသ ဘာကို ယုံကြည်စိတ်ချသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
ယေရှုရဲ့ မိတ်ဆွေရင်းလည်း ဖြစ်၊ တပည့်လည်းဖြစ်တဲ့ မာသ ဝမ်းနည်းပူဆွေးနေတယ်။ မောင်ဖြစ်သူ လာဇရု သေဆုံးသွားပြီ။ မာသကို ဖြေသိမ့်နိုင်တဲ့အရာများ ရှိမလား။ ရှိပါတယ်။ “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” လို့ ယေရှု အာမခံတယ်။ အဲဒါက မာသရဲ့ ဝမ်းနည်းမှုကို လုံးဝ မပျောက်စေပေမဲ့ ယေရှုရဲ့ စကားကို မာသ လက်ခံတယ်။ “နောက်ဆုံးသောနေ့၊ ရှင်ပြန်ထမြောက်ရာကာလမှာ သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မ သိပါတယ်” လို့ ပြောတယ်။ (ယော. ၁၁:၂၀-၂၄) အနာဂတ်မှာ အသက်ပြန်ရှင်လာမှာကို မာသ စိတ်ချတယ်။ အဲဒီနောက် အံ့ဖွယ်အမှုတစ်ခု ယေရှု လုပ်ခဲ့တယ်။ အဲဒီနေ့မှာပဲ လာဇရုကို အသက်ပြန်ရှင်စေခဲ့တယ်။
၂။ မာသလို ယုံကြည်စိတ်ချမှုမျိုး ဘာကြောင့် ရှိချင်သလဲ။
၂ ယေရှုဖြစ်ဖြစ်၊ အဖဘုရားဖြစ်ဖြစ် ကျွန်တော်တို့အတွက် အဲဒီလိုအံ့ဖွယ်အမှု အခုပဲ လုပ်ပေးမယ်လို့ မျှော်လင့်စရာ အကြောင်းရင်း မရှိပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ချစ်ရတဲ့သူ ရှင်ပြန်ထမြောက်လာမှာကို မာသ ယုံသလို သင်လည်း ယုံကြည်သလား။ သင့်မှာ သေဆုံးသွားတဲ့ အိမ်ထောင်ဖက်၊ မိဘ၊ အဖိုးအဖွား ရှိနိုင်တယ်။
သားသမီး သေဆုံးသွားလို့ ဝမ်းနည်းနေတာ ဖြစ်နိုင်တယ်။ အဲဒီချစ်ရသူကို ပွေ့ဖက်ဖို့၊ သူနဲ့အတူ စကားပြောဖို့၊ ရယ်မောဖို့ တမ်းတနေမှာပဲ။ ဝမ်းသာစရာကတော့ ‘ရှင်ပြန်ထမြောက်ရာကာလမှာ အသက်ပြန်ရှင်လာမယ်ဆိုတာ သိပါတယ်’ လို့ မာသလိုပဲ ပြောနိုင်ဖို့ အကြောင်းကောင်း ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချနိုင်တဲ့အကြောင်းရင်းကို ခရစ်ယာန်တိုင်း ပြန်သုံးသပ်သင့်တယ်။၃၊ ၄။ ယေရှု လောလောလတ်လတ် လုပ်ဆောင်မှုက မာသရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်လို ခိုင်ခံ့စေသလဲ။
၃ ဂျေရုဆလင်မြို့နားမှာ နေထိုင်တဲ့ မာသဟာ ဂါလိလဲနယ်၊ နာအိနမြို့နားမှာ မုဆိုးမရဲ့ သားကို ယေရှု အသက်ပြန်ရှင်စေတာကို မြင်ခဲ့ပုံ မရဘူး။ ကြားခဲ့ပုံတော့ ရတယ်။ ယာအိရုသမီးကို ထမြောက်ပေးတဲ့အကြောင်းလိုမျိုးပေါ့။ အိမ်မှာ ရောက်နေတဲ့သူတွေက ‘မိန်းကလေး သေဆုံးသွားမှန်း သိထားကြ’ တယ်။ ဒါပေမဲ့ ယေရှုက အသက်မဲ့နေတဲ့ မိန်းကလေးရဲ့ လက်ကို ကိုင်ပြီး “သမီးလေး၊ ထပါ” လို့ပြောတဲ့အခါ ချက်ချင်း ထလာတယ်။ (လု. ၇:၁၁-၁၇။ ၈:၄၁၊ ၄၂၊ ၄၉-၅၅) လူနာတွေကို ယေရှု ပြန်ကျန်းမာစေနိုင်ကြောင်း မာသရော မာရိပါ သိထားကြတယ်။ ဒါကြောင့် ယေရှုသာ ရှိနေမယ်ဆိုရင် လာဇရု သေမှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။ အခုတော့ ယေရှုရဲ့ ချစ်မိတ်ဆွေ သေဆုံးသွားရှာပြီ။ သူ့အတွက် ဘာအနာဂတ် ရှိသလဲ။ အနာဂတ် “နောက်ဆုံးသောနေ့” မှာ လာဇရု အသက်ပြန်ရှင်လာမယ်လို့ မာသ ပြောခဲ့တာကို သတိပြုပါ။ မာသ ဘာကြောင့် အဲဒါကို ယုံကြည်စိတ်ချသလဲ။ အနာဂတ် ရှင်ပြန်ထမြောက်ခြင်းမှာ သင်ချစ်ရသူတွေလည်း ပါဝင်နိုင်တယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။
၄ ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းကောင်းတွေ ရှိပါတယ်။ အကြောင်းရင်းတချို့ကို ပြန်လေ့လာတဲ့အခါ ရှင်ပြန်ထမြောက်ခြင်းနဲ့ မဆက်စပ်မိတဲ့အချက်တွေကို ကျမ်းစာမှာ တွေ့ရပါလိမ့်မယ်။
မျှော်လင့်စရာ ဖြစ်ရပ်များ
၅။ လာဇရု အသက်ပြန်ရှင်လာမယ်လို့ မာသ ဘာကြောင့် ယုံကြည်စိတ်ချသလဲ။
၅ ‘သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မ မျှော်လင့်ပါတယ်’ လို့ မာသ မပြောခဲ့ကြောင်း သတိပြုပါ။ “သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မ သိပါတယ်” လို့ ပြောခဲ့တယ်။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း မစခင်ကတည်းက သိထားခဲ့ပုံရတဲ့ အံ့ဖွယ်အမှုတွေကြောင့် မာသ ယုံကြည်စိတ်ချတယ်။ ငယ်ရွယ်စဉ်ကတည်းက အိမ်မှာ၊ တရားဇရပ်မှာ အဲဒီအကြောင်းတွေ ကြားသိခဲ့တယ်။ ကျမ်းစာထဲက မှတ်တမ်းသုံးခု စိတ်ထဲ ပေါ်လာနိုင်တယ်။
၆။ ဘယ်ထူးခြားတဲ့ အံ့ဖွယ်အမှုကို ဧလိယ လုပ်ဆောင်ခဲ့သလဲ။ အဲဒါ မာသနဲ့ ဘယ်လို ပတ်သက်သလဲ။
၆ ပရောဖက် ဧလိယကို အံ့ဖွယ်အမှုတွေ လုပ်ဖို့ ဘုရားသခင် တန်ခိုးပေးချိန်မှာ ပထမဆုံး ရှင်ပြန်ထမြောက်ခြင်း ဖြစ်ခဲ့တယ်။ ဖိုနီးရှား ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဇရတ္တမှာ ဆင်းရဲတဲ့ မုဆိုးမတစ်ယောက်က ပရောဖက်ကို ဧည့်ဝတ်ပြုခဲ့တယ်။ ဒါကြောင့် မုဆိုးမနဲ့ သား အသက်ဆက်နိုင်ဖို့ ဂျုံမှုန့်နဲ့ ဆီကို အံ့ဖွယ်နည်းနဲ့ ဘုရားသခင် ထောက်ပံ့ပေးခဲ့တယ်။ (၁ ဘု. ၁၇:၈-၁၆) နောက်ပိုင်း မုဆိုးမရဲ့ သား နေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်။ ဧလိယ လာကူညီပေးခဲ့တယ်။ အလောင်းကို ထိရင်း “ဘုရား၊ ဒီကလေးကို အသက်ပြန်ရှင်စေပါ” လို့ ဧလိယ ဆုတောင်းတယ်။ ဆုတောင်းတဲ့အတိုင်း ဖြစ်ခဲ့တယ်။ ဧလိယရဲ့ ဆုတောင်းချက်ကို ဘုရားသခင် နားထောင်ပေးပြီး ကလေး အသက်ပြန်ရှင်လာတယ်။ အဲဒါ ကျမ်းစာထဲက ပထမဆုံး ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းပါပဲ။ (၁ ဘုရင်များ ၁၇:၁၇-၂၄ ကိုဖတ်ပါ။) အဲဒီအံ့ဖွယ်ဖြစ်ရပ်ကို မာသ သိခဲ့မှာ သေချာတယ်။
၇၊ ၈။ (က) အမျိုးသမီးရဲ့ ဝမ်းနည်းမှုကို ဖြေသိမ့်ပေးဖို့ ဧလိရှဲ ဘာလုပ်ခဲ့သလဲ။ (ခ) ဧလိရှဲရဲ့ အံ့ဖွယ်အမှုက ယေဟောဝါအကြောင်း ဘာသက်သေထူသလဲ။
၇ ကျမ်းစာမှာပါတဲ့ ဒုတိယ ရှင်ပြန်ထမြောက်ခြင်းကိုတော့ ဧလိယကို ဆက်ခံသူ ပရောဖက် ဧလိရှဲ လုပ်ဆောင်ခဲ့တယ်။ ရှုနင်မြို့က ထင်ပေါ်တဲ့ အစ္စရေး အမျိုးသမီးက ဧလိရှဲကို ထူးထူးခြားခြား ဧည့်ဝတ်ပြုခဲ့တယ်။ သားသမီး မရှိတဲ့ အဲဒီအမျိုးသမီးနဲ့ သက်ကြီးရွယ်အို ခင်ပွန်းကို ဧလိရှဲကတစ်ဆင့် ဘုရားသခင် သားဆု ပေးခဲ့တယ်။ နှစ်အနည်းငယ်ကြာတော့ ကလေး သေဆုံးသွားတယ်။ မိခင်ရဲ့ ကြေကွဲမှုကို မြင်ယောင်ကြည့်ပါ။ ခင်ပွန်းရဲ့ ခွင့်ပြုချက်၂ ဘု. ၄:၈-၃၁။
အရ ၁၉ မိုင် (ကီလိုမီတာ ၃၀) လောက် ခရီးနှင်လာပြီး ကရမေလတောင်မှာ ဧလိရှဲနဲ့ တွေ့ခဲ့တယ်။ သူတို့ထက်အရင် ရှုနင်မြို့ကို သွားနှင့်ဖို့ လက်ထောက် ဂေဟာဇိကို ဧလိရှဲ လွှတ်လိုက်တယ်။ ကလေး အသက်ပြန်ရှင်အောင် ဂေဟာဇိ မလုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကြေကွဲနေတဲ့မိခင်နဲ့ ဧလိရှဲတို့ ရောက်လာကြတယ်။—၈ ရှုနင်မြို့အိမ်မှာရှိတဲ့ အလောင်းဘေးမှာ ဧလိရှဲ ဆုတောင်းတယ်။ အံ့ဩစရာပါပဲ။ အသက်မဲ့နေတဲ့ကလေး အသက် ပြန်ရှင်လာလို့ မိခင် ဝမ်းသာပီတိ ဖြစ်ခဲ့တယ်။ (၂ ဘုရင်များ ၄:၃၂-၃၇ ကိုဖတ်ပါ။) တဲတော်မှာ အမှုဆောင်ဖို့ ရှမွေလကို ခေါ်လာချိန်မှာ “ယေဟောဝါဟာ . . . သင်္ချိုင်းရောက်အောင် ပို့နိုင်တယ်၊ သင်္ချိုင်းကနေ ခေါ်ထုတ်နိုင်တယ်” လို့ ဆုတောင်းခဲ့တဲ့ ဟန္နလို ခံစားခဲ့ရမှာပဲ။ (၁ ရှ. ၂:၆) ရှင်ပြန်ထမြောက်ပေးနိုင်စွမ်း ရှိကြောင်း သက်သေထူဖို့ ရှုနင်မြို့က ကလေးကို ဘုရားသခင် တကယ် အသက်ပြန်ရှင်စေခဲ့တယ်။
၉။ ကျမ်းစာထဲက တတိယ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းမှာ ဧလိရှဲ ပါဝင်ပတ်သက်ပုံကို ရှင်းပြပါ။
၉ ဒါက ဧလိရှဲရဲ့ နောက်ဆုံး အံ့ဖွယ်အမှု မဟုတ်ဘူး။ ဧလိရှဲဟာ ပရောဖက်အဖြစ် နှစ်ပေါင်း ၅၀ ကျော် အမှုဆောင်ခဲ့ပြီးတဲ့နောက် “နာမကျန်းဖြစ်ပြီး သေဆုံး” သွားတယ်။ နောက်ပိုင်း ဧလိရှဲရဲ့ အရိုးပဲ ကျန်တော့တဲ့အချိန်မှာ တိုင်းပြည်ထဲ ရန်သူတွေ ကျူးကျော်ဝင်ရောက်လာတယ်။ အစ္စရေးတွေက လူတစ်ယောက်ကို သင်္ဂြိုဟ်ဖို့ သွားနေတုန်း ရန်သူတွေကို တွေ့တာနဲ့ အလောင်းကို ဧလိရှဲရဲ့ သင်္ချိုင်းတွင်းထဲ ပစ်ချပြီး ထွက်ပြေးသွားကြတယ်။ “အဲဒီအလောင်းက ဧလိရှဲရဲ့အရိုးတွေနဲ့လည်း ထိရော အသက်ပြန်ရှင်ပြီး ထလာတယ်” လို့ ဖတ်ရတယ်။ (၂ ဘု. ၁၃:၁၄၊ ၂၀၊ ၂၁) အဲဒီ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေက မာသအတွက် ဘယ်လို အဓိပ္ပာယ်ရှိမယ်ဆိုတာ စဉ်းစားကြည့်ပါ။ သေခြင်းကို ဘုရားသခင် နိုင်တယ်။ အဲဒါတွေက သင့်အတွက် ဘယ်လို အဓိပ္ပာယ် ရှိကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင့်တန်ခိုးဟာ အတိုင်းအဆမဲ့ ကြီးမားလှကြောင်း ယုံကြည်စိတ်ချစေသင့်တယ်။
ပထမရာစု ဖြစ်ရပ်များ
၁၀။ သေဆုံးသွားတဲ့ ခရစ်ယာန် ညီအစ်မတစ်ယောက်ကို ပေတရု ဘယ်လို ကူညီပေးခဲ့သလဲ။
၁၀ ဘုရားသခင့် ကိုယ်စားလှယ်တွေရှေ့မှာ ရှင်ပြန်ထမြောက်ခြင်း ဖြစ်ခဲ့ကြောင်း ခရစ်ယာန် ဂရိကျမ်းစာမှာလည်း ဖတ်ရတယ်။ နာအိနမြို့ပြင်နဲ့ ယာအိရုအိမ်မှာ ယေရှု လုပ်ဆောင်ခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်းတွေကနေ အဲဒီအကြောင်း သိနိုင်တယ်။ တမန်တော် ပေတရုလည်း ခရစ်ယာန်အမျိုးသမီး ဒေါ်ကာ (တဗိသ) ကို အသက်ပြန်ရှင်စေခဲ့တယ်။ အလောင်းကို သင်္ဂြိုဟ်ဖို့ စောင့်နေချိန်မှာ ပေတရု ရောက်လာတယ်။ အလောင်းဘေးနားမှာ ပေတရု ဆုတောင်းပြီး “တဗိသ၊ ထပါ” လို့ ပြောခဲ့တယ်။ အဲဒီနောက် ချက်ချင်း အသက်ပြန်ရှင်လာတယ်။ ခရစ်ယာန်ချင်းတွေကို ပေတရု ခေါ်ပြီး “အသက်ရှင်လာတဲ့ တဗိသကို ပြတယ်။” အဲဒီဖြစ်ရပ်ကြောင့် “လူအတော်များများ သခင်ကို ယုံကြည်လာ” ပြီး သခင်အကြောင်း၊ အထူးသဖြင့် လူသေတွေကို ယေဟောဝါ ရှင်ပြန်ထမြောက်ပေးနိုင်စွမ်းအကြောင်း သက်သေထူနိုင်ခဲ့ကြတယ်။—တ. ၉:၃၆-၄၂။
၁၁။ လူငယ်တစ်ယောက် ဘာဖြစ်သွားတယ်လို့ သမားတော် လုကာ တွေ့ရှိခဲ့သလဲ။ တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
၁၁ တခြားသူတွေလည်း နောက်ထပ် ရှင်ပြန်ထမြောက်ခြင်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြတယ်။ တမန်တော် ပေါလုဟာ အခု တူရကီ အနောက်မြောက်ပိုင်းမှာရှိတဲ့ တရောမြို့ အထက်ခန်းတစ်ခုမှာ အစည်းအဝေး လုပ်နေတယ်။ သန်းခေါင်အထိ ပေါလု ဟောပြောတယ်။ ဥတုခုလို့ခေါ်တဲ့ လူငယ်တစ်ယောက်ဟာ ပြတင်းပေါက်ဘောင်မှာ ထိုင်နားထောင်နေရင်း အိပ်ငိုက်ပြီး တတိယအထပ်ကနေ ပြုတ်ကျသွားတယ်။ ဥတုခုဆီ သမားတော်လုကာ အရင်ဆုံး ရောက်သွားပြီး စစ်ဆေးကြည့်တော့ သတိလစ်ရုံ မဟုတ်ဘဲ သေဆုံးနေပြီ။ ပေါလု အောက်ထပ် ဆင်းလာပြီး အလောင်းကို ပွေ့ဖက်လိုက်တယ်။ “သူ အသက်ပြန်ရှင်လာပြီ” လို့ ပြောလိုက်တော့ မြင်တွေ့သူတွေ အတော်အံ့ဩသွားကြတယ်။ ရှင်ပြန်ထမြောက်ခြင်းကို မြင်တွေ့ရလို့ “အတိုင်းထက်အလွန် စိတ်သက်သာရာ ရသွားကြတယ်။”—တ. ၂၀:၇-၁၂။
ခိုင်မာတဲ့ မျှော်လင့်ချက်
၁၂၊ ၁၃။ ဆွေးနွေးခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းတွေအရ ဘယ်မေးခွန်းတွေကို သုံးသပ်ဖို့ လိုသလဲ။
၁၂ အထက်ပါမှတ်တမ်းတွေက သင့်ကိုလည်း မာသလို ယုံကြည်စိတ်ချမှုမျိုး ရှိစေသင့်တယ်။ အသက်ပေးရှင် ဘုရားသခင်မှာ လူသေတွေကို အသက်ပြန်ရှင်စေနိုင်စွမ်း ရှိတယ်။ အံ့ဖွယ်အမှုတွေကို ယေဟောဝါ လုပ်ဆောင်ချိန်မှာ ဧလိယ၊ ယေရှု၊ ပေတရုစတဲ့ ဘုရားသခင့် သစ္စာရှိ ကျေးကျွန်တစ်ယောက် ရှိနေတာ စိတ်ဝင်စားစရာပါပဲ။ သမိုင်းတစ်လျှောက် သေဆုံးသွားသူတွေနဲ့ပတ်သက်ပြီးကော ဘာပြောနိုင်သလဲ။ အနာဂတ်မှာ လူသေတွေကို ဘုရားသခင် ပြန်ရှင်စေမယ်လို့ သစ္စာရှိ အမျိုးသား/သမီးတွေ မျှော်လင့်နိုင်သလား။ “နောက်ဆုံးသောနေ့၊ ရှင်ပြန်ထမြောက်ရာကာလမှာ [ကျွန်မမောင်] အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မ သိပါတယ်” လို့ ပြောခဲ့တဲ့ မာသလို ခံစားနိုင်ကြမလား။ မာသ ဘာကြောင့် ယုံကြည်နိုင်ခဲ့သလဲ။ သင်လည်း ဘာကြောင့် ယုံကြည်နိုင်သလဲ။
၁၃ အနာဂတ် ရှင်ပြန်ထမြောက်ခြင်း ရှိတာကို ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေ သိခဲ့ကြောင်း ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်းများစွာ ရှိတယ်။ တချို့ကို သုံးသပ်ကြည့်ပါ။
၁၄။ အာဗြဟံအကြောင်း မှတ်တမ်းကနေ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဘာသိနိုင်သလဲ။
၁၄ အတော်ကြာကြာ စောင့်ခဲ့ရတဲ့ အမွေဆက်ခံသူ အိဇက်နဲ့ပတ်သက်ပြီး အာဗြဟံကို ဘုရားသခင် ဘာပြောတယ်ဆိုတာ စဉ်းစားကြည့်ပါ။ “မင်းသိပ်ချစ်တဲ့ တစ်ဦးတည်းသောသား အိဇက်ကို . . . ပူဇော်ပါ” လို့ ယေဟောဝါ မိန့်မှာတယ်။ (က. ၂၂:၂) အာဗြဟံ ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ အာဗြဟံရဲ့ မျိုးနွယ်အားဖြင့် လူမျိုးအားလုံး ကောင်းချီးရမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (က. ၁၃:၁၄-၁၆။ ၁၈:၁၈။ ရော. ၄:၁၇၊ ၁၈) “အိဇက်ကနေ” ကောင်းချီးခံစားရမယ်လို့လည်း ယေဟောဝါ ပြောတယ်။ (က. ၂၁:၁၂) အိဇက်ကို အာဗြဟံ သတ်ပြီး ပူဇော်လိုက်ရင် အဲဒီလို ဘယ်ဖြစ်နိုင်တော့မလဲ။ ဒါပေမဲ့ အိဇက်ကို သေခြင်းကနေ ဘုရားသခင် အသက်ပြန်ရှင်စေနိုင်တာကို အာဗြဟံ ယုံကြည်တယ်လို့ ပေါလု ရှင်းပြတယ်။ (ဟီဘရူး ၁၁:၁၇-၁၉ ကိုဖတ်ပါ။) နာခံလိုက်ရင် နာရီပိုင်း၊ တစ်ရက်၊ တစ်ပတ်အတွင်း အိဇက် အသက်ပြန်ရှင်လာမယ်လို့ အာဗြဟံ ထင်နေသလားဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ အိဇက် ဘယ်အချိန် အသက်ပြန်ရှင်လာမယ်ဆိုတာ အာဗြဟံ မသိနိုင်ဘူး။ ဒါပေမဲ့ အိဇက်ကို ယေဟောဝါ အသက်ပြန်ရှင်စေမယ်ဆိုတာ ယုံကြည်ခဲ့တယ်။
၁၅။ ဘယ်မျှော်လင့်ချက်အကြောင်း ဘိုးဘေးယောဘ ဖော်ပြခဲ့သလဲ။
၁၅ ဘိုးဘေးယောဘလည်း အနာဂတ် ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်ခဲ့တယ်။ အပင်တစ်ပင်ကို ခုတ်လှဲလိုက်ရင် အတက်တွေ ပြန်ပေါက်ပြီး အပင်သစ်လို ဖြစ်လာမှန်း ယောဘ သိတယ်။ လူကတော့ အဲဒီလို မဟုတ်ဘူး။ (ယောဘ ၁၄:၇-၁၂။ ၁၉:၂၅-၂၇) လူတစ်ယောက် သေဆုံးသွားရင် ကိုယ့်ကိုယ်ကိုယ် ပြန်ရှင်အောင် မလုပ်နိုင်ဘူး။ (၂ ရှ. ၁၂:၂၃။ ဆာ. ၈၉:၄၈) ဒါက လူတစ်ယောက်ကို ဘုရားသခင် အသက်ပြန်မရှင်စေနိုင်ဘူးလို့ မဆိုလိုဘူး။ ယောဘကို အောက်မေ့သတိရမယ့်အချိန် ယေဟောဝါ သတ်မှတ်ထားတယ်လို့ ယောဘ ယုံကြည်တယ်။ (ယောဘ ၁၄:၁၃-၁၅ ကိုဖတ်ပါ။) အဲဒီအချိန်ကို ယောဘ မသိနိုင်ဘူး။ ဒါပေမဲ့ လူ့အသက်ကို ဖန်ဆင်းတဲ့အရှင်က သူ့ကို သတိရပြီး အသက်ပြန်ရှင်စေနိုင်တယ်၊ ပြန်ရှင်စေမယ်ဆိုတာ ယောဘ ယုံကြည်တယ်။
၁၆။ ပရောဖက် ဒံယေလကို ကောင်းကင်တမန် ဘယ်လိုအားပေးခဲ့သလဲ။
၁၆ ဟီဘရူးကျမ်းစောင်ထဲက သစ္စာရှိသူ နောက်တစ်ယောက်ကတော့ ဒံယေလပါပဲ။ ဆယ်စုနှစ်များစွာ ဘုရားအမှုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့တယ်။ သူ့ကို ယေဟောဝါ ထောက်မကူညီပေးတယ်။ တစ်ချိန်မှာ ကောင်းကင်တမန်က “သိပ်တန်ဖိုးထားရတဲ့သူ” ဒံယေလကို “ကောင်းသွားမှာပါ။ အားမာန်တင်းပါဦး” လို့ အားပေးခဲ့တယ်။—ဒံ. ၉:၂၂၊ ၂၃။ ၁၀:၁၁၊ ၁၈၊ ၁၉။
၁၇၊ ၁၈။ အနာဂတ်နဲ့ပတ်သက်ပြီး ဒံယေလ ဘာကတိ ရခဲ့သလဲ။
၁၇ ဒံယေလဟာ အသက် ၁၀၀ နီးပါး ရှိနေပြီး ဘဝနေဝင်ချိန် ရောက်ခါနီးနေပြီ။ အနာဂတ်အကြောင်း စဉ်းစားမိမှာပဲ။ ဒံယေလ အသက်ပြန်ရှင်လာမလား။ ပြန်ရှင်လာမှာ သေချာပါတယ်။ ဒံယေလကျမ်း အဆုံးပိုင်းမှာ “ခင်ဗျားကတော့ အဆုံးတိုင်အောင် ရပ်တည်ပါ။ ခင်ဗျား အနားယူရလိမ့်မယ်” ဆိုတဲ့ ဘုရားရဲ့ အာမခံချက်ကို ဖတ်ရတယ်။ (ဒံ. ၁၂:၁၃) “သင်္ချိုင်းမှာ . . . အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့” သေဆုံးသူတွေ အနားယူနေကြမှန်း အသက်ကြီးသူ ဒံယေလ သိထားတယ်။ ဒံယေလလည်း မကြာခင် အဲဒီကို သွားရတော့မယ်။ (ဒေ. ၉:၁၀) ဒါပေမဲ့ အဲဒါက အဆုံး မဟုတ်ပါဘူး။ အနာဂတ်မှာ ပြန်ရှင်လာမယ်လို့ ဒံယေလ ကတိရထားတယ်။
၁၈ “နေ့ရက်တွေရဲ့ အဆုံးမှာ ဝေစုကို ရယူဖို့ ခင်ဗျား မတ်တတ်ရပ်ရလိမ့်မယ်” လို့ ပရောဖက် ဒံယေလကို ဆက်ပြောတယ်။ နေ့ရက်အချိန်ကိုတော့ မဖော်ပြဘူး။ ဒံယေလ သေဆုံးပြီး အနားယူရလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်မှာ ‘ဝေစုကို ရယူဖို့ မတ်တတ်ရပ် ရမယ်’ လို့ပြောထားတာက သေဆုံးပြီး နောင်တစ်ချိန်မှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ ရှင်းလင်းတဲ့ကတိပါပဲ။ အဲဒါ “နေ့ရက်တွေရဲ့ အဆုံး” မှာ ဖြစ်လိမ့်မယ်။ ခေတ်သုံးမြန်မာ သမ္မာကျမ်းမှာ “ကပ်ကာလ ကုန်ဆုံးချိန်၌ ဆုတော်လာဘ်တော်ကို ခံယူရန် ရှင်ပြန်ထမြောက်လိမ့်မည်” လို့ဖော်ပြထားတယ်။
၁၉၊ ၂၀။ (က) ယေရှုကို ပြောခဲ့တဲ့ မာသရဲ့ စကားတွေနဲ့ပတ်သက်တဲ့ ဘယ်အကြောင်းအရာတွေကို လေ့လာခဲ့ကြသလဲ။ (ခ) ဘာအကြောင်း ဆက်ဆွေးနွေးကြမလဲ။
၁၉ “နောက်ဆုံးသောနေ့၊ ရှင်ပြန်ထမြောက်ရာကာလမှာ” သစ္စာရှိတဲ့မောင် လာဇရု “အသက်ပြန်ရှင်လာမယ်” ဆိုတာ မာသ ယုံကြည်စိတ်ချရတဲ့ အကြောင်းရင်း ရှိတာ သေချာတယ်။ ဒံယေလကို ပေးခဲ့ကတိ၊ ယေရှုကို မာသ ပြန်ပြောတဲ့စကားမှာ ပေါ်လွင်နေတဲ့ သေချာမှုတို့က ဒီနေ့ခေတ် ခရစ်ယာန်တွေကိုလည်း ယုံကြည်စိတ်ချစေသင့်တယ်။ ရှင်ပြန်ထမြောက်ခြင်း ရှိပါမယ်။
၂၀ ရှင်ပြန်ထမြောက်ခြင်း ဖြစ်နိုင်တယ်၊ လူသေတွေ အသက်ပြန်ရှင်နိုင်တယ်ဆိုတာ သက်သေထူတဲ့ အတိတ်က တကယ့်ဖြစ်ရပ်တွေကို သိခဲ့ရပြီ။ ဘုရားသခင်ကို ကိုးကွယ်ခဲ့တဲ့ အမျိုးသား/သမီးတွေဟာ အနာဂတ်တစ်ချိန်ချိန်မှာ ရှင်ပြန်ထမြောက်ခြင်း ဖြစ်မယ်ဆိုတာ မျှော်လင့်ခဲ့ကြတယ်။ ကတိပြုပြီး အချိန်ကြာမြင့်မှ ရှင်ပြန်ထမြောက်ခြင်း ဖြစ်နိုင်မယ်ဆိုတဲ့ ဖော်ပြချက် တစ်စုံတစ်ရာ ရှိသလား။ ရှိတယ်ဆိုရင် မာသလိုပဲ ရှင်ပြန်ထမြောက်ချိန်ကို စောင့်မျှော်ဖို့ ထပ်ဆင့်အကြောင်းရင်း ရှိစေပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ရှင်ပြန်ထမြောက်မှာလဲ။ နောက်ဆောင်းပါးမှာ ဒီအကြောင်းတွေကို ဆွေးနွေးကြစို့။