မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

အိမ်ထောင်သည် ခရစ်ယာန်တွေဟာ သားအိမ်တွင်းထည့် ကိရိယာ (IUD) ကို ကျမ်းစာနဲ့ ညီတဲ့ သန္ဓေတားနည်းအဖြစ် ရှုမြင်သင့်သလား။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခရစ်ယာန် အိမ်ထောင်သည်တိုင်း သက်ဆိုင်ရာ အချက်အလက်တွေ၊ ကျမ်းစာအခြေခံမူတွေကို ချင့်ချိန်သုံးသပ်နိုင်တယ်။ ပြီးနောက် ဘုရားသခင်ရှေ့ ကြည်လင်တဲ့သိစိတ် ရှိစေတဲ့နည်းနဲ့ ဆုံးဖြတ်သင့်တယ်။

လူသားနှစ်ယောက်တည်း (ရေလွှမ်းမိုးဘေး ပြီးတဲ့နောက် ရှစ်ယောက်) ရှိတဲ့အချိန်တုန်းက “သားသမီးတွေ အများကြီး မွေးကြ” လို့ ယေဟောဝါ မိန့်မှာခဲ့တယ်။ (က. ၁:၂၈။ ၉:၁) အဲဒီမိန့်မှာချက် ခရစ်ယာန်တွေနဲ့ သက်ဆိုင်တယ်လို့ ကျမ်းစာမှာ မပြောထားဘူး။ ဒါကြောင့် မိသားစု အရွယ်အစား ကန့်သတ်ဖို့၊ သားသမီး ယူမယ့်အချိန်ကို ဆုံးဖြတ်ဖို့ သန္ဓေတားနည်း တစ်မျိုးမျိုး သုံးမလားဆိုတာ ဇနီးမောင်နှံနဲ့ပဲ သက်ဆိုင်တယ်။ ဘယ်အချက်တွေကို ထည့်သွင်းသုံးသပ်သင့်သလဲ။

ခရစ်ယာန်တွေဟာ ဘယ်သန္ဓေတားနည်းကိုမဆို ကျမ်းစာအခြေခံမူတွေနဲ့ ချိန်ထိုးကြည့်ရမယ်။ ဒါကြောင့် ကိုယ်ဝန်ဖျက်ချခြင်းကို သန္ဓေတားနည်းအဖြစ် ခရစ်ယာန်တွေ လက်မခံကြဘူး။ တမင်တကာ ကိုယ်ဝန်ဖျက်ချခြင်းဟာ အသက်ကို လေးစားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုနဲ့ ဆန့်ကျင်တယ်။ အချိန်တန်တဲ့အခါ လူတစ်ယောက်အဖြစ် မွေးဖွားလာမယ့် အသက်တစ်ချောင်းကို ခရစ်ယာန်တွေ ဖျက်ဆီးမှာ မဟုတ်ဘူး။ (ထွ. ၂၀:၁၃။ ၂၁:၂၂၊ ၂၃။ ဆာ. ၁၃၉:၁၆။ ယေ. ၁:၅) ဒါဆို IUD အသုံးပြုတာကော။

ဒီကိစ္စကို ၁၉၇၉၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် (စာမျက်နှာ ၃၀-၃၁) မှာ ဖော်ပြခဲ့တယ်။ ကိုယ်ဝန်မရအောင် တားဆီးဖို့ သားအိမ်ထဲ ထည့်ရတဲ့ ပလတ်စတစ် IUD တွေ အဲဒီတုန်းက ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပြီ။ IUD လုပ်ဆောင်ပုံကိုတော့ အပြည့်အဝ နားမလည်သေးဘူးလို့ ဆောင်းပါးမှာ ဖော်ပြထားတယ်။ သားအိမ်ထဲက မမျိုးဥဆီ သုက်ပိုး မရောက်စေဖို့၊ မျိုးမအောင်စေဖို့ တားဆီးပေးတဲ့ ဓာတ်ပြုမှုကို IUD က ဖြစ်ပေါ်စေတယ်လို့ ကျွမ်းကျင်သူတွေ ပြောကြတယ်။ မျိုးမအောင်ရင် အသက် မစတင်နိုင်ဘူး။

ဒါပေမဲ့ အထောက်အထားတချို့အရ မျိုးအောင်သွားတဲ့အခါလည်း ရှိတယ်။ အောင်ခါစမျိုးဥဟာ သားဥပြွန်ထဲမှာ ကြီးထွားလာနိုင်တယ်။ သားအိမ်ထဲ သွားနိုင်တယ်။ သားအိမ်ထဲ သွားတဲ့အခါ IUD က သားအိမ်နံရံကို မျိုးအောင်တဲ့ဥ မကျော်ဖြတ်အောင်၊ ပုံမှန်အတိုင်း ဆက်မကြီးထွားအောင် တားဆီးပေးနိုင်တယ်။ ကြီးထွားနေတဲ့အသက်ကို အဆုံးသတ်ခြင်းဟာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့တူတယ်။ “IUD သုံးတာ မှန်ရဲ့လားဆိုတာ စိုးရိမ်တဲ့၊ စိတ်ရင်းမှန်တဲ့ ခရစ်ယာန်ဟာ အချက်အလက်တွေကို အသက်ရဲ့ မြင့်မြတ်မှုကို လေးစားကြောင်း ဖော်ပြတဲ့ ကျမ်းစာအခြေခံမူတွေနဲ့အညီ လေးလေးနက်နက် စဉ်းစားသင့်တယ်” လို့ အဲဒီဆောင်းပါးမှာ နိဂုံးချုပ်ထားတယ်။—ဆာ. ၃၆:၉

အဲဒီဆောင်းပါး ထုတ်ဝေတဲ့ ၁၉၇၉ ခုနှစ်ကစပြီး သိပ္ပံပညာ၊ ဆေးပညာ သိသိသာသာ တိုးတက်လာခဲ့ပြီလား။

IUD နှစ်မျိုး ပေါ်လာတယ်။ ကြေးနီ IUD ကို ၁၉၈၈ ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာတယ်။ ဟော်မုန်း ထုတ်ပေးတဲ့ IUD ကတော့ ၂၀၀၁ ခုနှစ်ကစပြီး ဈေးကွက်ထဲ ဝင်ရောက်လာတယ်။ အဲဒီနှစ်မျိုး လုပ်ဆောင်ပုံအကြောင်း ဘာသိထားသလဲ။

ကြေးနီ– ဖော်ပြခဲ့တဲ့အတိုင်း IUD တွေက မမျိုးဥရှိရာ သားအိမ်ထဲ သုက်ပိုး မဝင်ရောက်နိုင်အောင် တားဆီးပေးတယ်။ ကြေးနီဓာတ် ထုတ်ပေးတဲ့ IUD မှာ ကြေးနီက သုက်ပိုးကို အဆိပ်သင့်စေပုံရလို့ သုက်သတ်ဆေးအဖြစ် လုပ်ဆောင်ပေးတယ်။ * အဲဒီ့အပြင် ကြေးနီ IUD က သားအိမ်နံရံကို ပြောင်းလဲစေတယ်။

ဟော်မုန်း– သန္ဓေတားဆေးတွေမှာ တွေ့ရလေ့ရှိတဲ့ ဟော်မုန်းမျိုး ပါဝင်တဲ့ IUD အမျိုးအစားတွေလည်း ရှိတယ်။ ဒီ IUD တွေဟာ သားအိမ်ထဲမှာ ဟော်မုန်း ထုတ်ပေးတယ်။ အမျိုးသမီးတချို့မှာ မျိုးဥမကြွေအောင် လုပ်ပေးတယ်။ မျိုးဥမကြွေရင် မျိုးမအောင်နိုင်ဘူး။ အဲဒီအပြင် IUD မှာပါတဲ့ ဟော်မုန်းက သားအိမ်နံရံကို ပါးစေတယ်။ * သားအိမ်ခေါင်း အကျိအချွဲကို ထူပျစ်စေတဲ့အတွက် သားအိမ်လမ်းကြောင်းကနေ သားအိမ်ထဲ သုက်ပိုး မဝင်နိုင်အောင် တားဆီးပေးတယ်။ ဒါတွေဟာ ပလတ်စတစ် IUD ထက် ပိုတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်။

လေ့လာခဲ့အတိုင်း IUD နှစ်မျိုးစလုံးဟာ သားအိမ်နံရံကို ပြောင်းလဲပေးပုံ ရတယ်။ ဒါပေမဲ့ မျိုးဥကြွေပြီး မျိုးအောင်သွားရင်ကော။ သားအိမ်ထဲ ရောက်သွားနိုင်ပေမဲ့ သားအိမ်နံရံမှာ မတွယ်ကပ်နိုင်ဘူး။ ဒါကြောင့် အစပိုင်းအဆင့်မှာကတည်းက သန္ဓေတည်တာကို အဆုံးသတ်သွားစေတယ်။ ဒါပေမဲ့ ဒီအဆင့်အထိ ရောက်တာ ရှားပါတယ်။ သန္ဓေတားစားဆေးတွေမှာတောင်မှ အဲဒီလိုဖြစ်သွားတာတွေ ရှိပုံရတယ်။

ဒါကြောင့် ကြေးနီပါတဲ့ IUD ဖြစ်စေ၊ ဟော်မုန်းပါတဲ့ IUD ဖြစ်စေ ဘယ်တော့မှ မျိုးမအောင်စေဘူးလို့ အသေအချာ မပြောနိုင်ဘူး။ ဒါပေမဲ့ ဖော်ပြခဲ့ပြီးတဲ့အချက်တွေအရ IUD သုံးရင် ကိုယ်ဝန် ရနိုင်ချေနည်းတယ်။

IUD သုံးဖို့ စဉ်းစားနေတဲ့ ခရစ်ယာန် ဇနီးမောင်နှံဟာ ဒေသမှာ ရနိုင်တဲ့ IUD နဲ့ ဇနီးသည် ရနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ပေးဖို့ ဆရာဝန်အပါအဝင် ဘယ်သူ့ဆီကမှ မမျှော်လင့်သင့်ဘူး။ ဘယ်သူ့ကိုမှ ခွင့်မပြုသင့်ဘူး။ (ရော. ၁၄:၁၂။ ဂလ. ၆:၄၊ ၅) ဒါဟာ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက် ဖြစ်တယ်။ ဘုရားသခင့် နှစ်သက်မှု ရချင်တဲ့၊ ဘုရားသခင်ရှေ့ ကြည်လင်တဲ့သိစိတ် ထိန်းသိမ်းချင်တဲ့ ဇနီးမောင်နှံအနေနဲ့ ဆုံးဖြတ်ချက်ချသင့်တယ်။—၁ တိမောသေ ၁:၁၈၊ ၁၉။ ၂ တိမောသေ ၁:၃ တို့နဲ့ နှိုင်းယှဉ်ပါ။

^ စာပိုဒ်၊ 4 အင်္ဂလန် အမျိုးသား ကျန်းမာရေးဝန်ဆောင်မှု လမ်းညွှန်က “ကြေးနီဓာတ် များတဲ့ IUD ဟာ ၉၉% ကျော် ထိရောက်တယ်။ ဒါကြောင့် တစ်နှစ်အတွင်း IUD သုံးတဲ့ အမျိုးသမီး ၁၀၀ မှာ ကိုယ်ဝန်ရသူ တစ်ယောက်ထက် နည်းတယ်။ ကြေးနီဓာတ် နည်းတဲ့ IUD ကတော့ ထိရောက်မှု နည်းတယ်။”

^ စာပိုဒ်၊ 5 ဟော်မုန်းဓာတ် ပါတဲ့ IUD တွေဟာ သားအိမ်နံရံကို ပါးစေတဲ့အတွက် ရာသီသွေး အလွန်များတဲ့ အိမ်ထောင်သည်တွေ၊ တစ်ကိုယ်ရေ အမျိုးသမီးတွေ သုံးဖို့ ညွှန်းလေ့ရှိတယ်။